Sunday, March 15, 2009

တတိယနိုင်ငံရောက် တတိယကမ္ဘာကလူ

ဒိန်းမတ်ရောက်နေသူ မြန်မာနိုင်ငံသားများထဲတွင် ကျနော်တို့အရင်ရောက်သူများ၊ ကျနော်တို့နှင့် အတူ ရောက်သူများနှင့် ကျနော့်တို့နောက်မှ ရောက်သူအချို့ ကိုယ်ပိုင်ကားနှင့် ဖြစ်နေကြပြီ။ တချို့လည်း အိမ်ပိုင်ပါ ၀ယ်ထားကြသည်။
ဒိန်းမတ်နိုင်ငံသည် သွားရေးလာရေးအတွက် ကားရှိမှ အဆင်ပြေသည့် နိုင်ငံမျိုးဖြစ်သည်။ ကားဝယ်နိုင်ဖို့အတွက် ယာဉ်မောင်းလိုင်စင်ရရန် အရင်ကြိုးစားကြရသည်။ ဒိန်းမတ်ဥပဒေအရ ကားမောင်းမည့်သူသည် လက်မှတ်ရ ယာဉ်မောင်းသင်ပေးသည့်ဆရာနှင့် သင်ထားသူကိုသာ လိုင်စင်ဝင်ဖြေခွင့်ရှိသည်ဟု အတိအလင်း ပြဌာန်းထား သည်။ ယခင်ကတည်းက ကားမောင်းတတ်ခဲ့ပြီးသူများပင်လျှင် စာတွေ့ဖြေဖို့ ကျောင်းအပ်ရသည်။ မောင်းတတ်ပြီးသားမို့ လက်တွေ့မောင်းချိန်တွေ ယူစရာမလိုသည့်အတွက် သင်တန်းကြေးတ၀က် သက်သာသည်။ ကျနော်ကတော့ တတိယကမ္ဘာမှ လာသူပီပီ ကားမမောင်းတတ်ခဲ့ပါ။
သို့နှင့် ယခု ကျနော်လိုင်စင်ယူရန် ကျောင်းအပ်တော့ စာတွေ့ရော လက်တွေ့ပါ သင်ရန်အတွက် သင်တန်းကြေး ပတမအရစ် ခရိုနာ ငါးထောင် အရင် သွင်းရသည်။ သီအိုရီဖြေပြီးချိန်လောက်မှာ ဒုတိယအရစ် နောက်ထပ် ခရိုနာ ငါးထောင်ငါးရာ ထပ်သွင်းရပါဦးမည်။ သင်တန်းကြေးစုစုပေါင်းက ဒိန်းမတ်ခရိုနာ တသောင်းငါးထောင်မို့ ယူအက်စ် ဒေါ်လာ (၁၈၀၀) ခန့်နှင့် ညီမျှပါသည်။
သင်တန်းမှာ ယာဉ်မောင်းလာသင်သူ ကျနော်အပါအ၀င် (၁၂) ဦးရှိပြီး ကျနော်တယောက်သာ နိုင်ငံခြားသားဖြစ်ပြီး လူလတ်ပိုင်းအရွယ်ဖြစ်နေပြီး ကျန်သူများကတော့ ဆယ်ကျော်သက်ရွယ် ဒိန်းမတ်လူငယ်လေးများ ဖြစ်ကြ၏။ သူတို့တွေ (၁၈) နှစ်မပြည့်ခင် (၃) လအလိုမှာကတည်းက ကားမောင်းသင်နေကြပြီဖြစ်၏။ ကျနော်တို့ငယ်ငယ်က (၁၈) နှစ်ပြည့်တော့ မှတ်ပုံတင် လုပ်သလို သူတို့တွေလည်း (၁၈) နှစ်ပြည့်သည်နှင့် ယာဉ်မောင်းလိုင်စင် လုပ်ကြသည်။ ကျောင်းပြီး၍အလုပ်ရသည်နှင့် ကားဆိုတာကလည်း အလိုအလျောက်ဖြစ်လာလိမ့်မည်။ သူတို့အတွက်ကတော့ အရာရာသည် အဆင်ပြေဖို့အတွက် ခူးပြီးခပ်ပြီးသား ဖြစ်နေသည်သာ။
အတန်းထဲမှာ ဆရာမက ဒိန်းမတ်လိုသင်သည်။ ကျနော့် ဒိန်းမတ်စာက တီးမိခေါက်မိအဆင့်သာ ရှိသည်မို့ နားလည်အောင် အတော် ကြိုးစားရသည်။ (ဒိန်းမတ်စာနှင့် စကား မကျွမ်းကျင်သူများအဖို့ စကားပြန်ဖြင့် ယာဉ်မောင်း လိုင်စင်ယူကြသည်များလည်း ရှိသည်)
စာတွေ့ (၂) ရက်သင်ပြီးတော့ ကွင်းထဲမှာ လက်တွေ့မောင်းတာ သင်ပေးသည်။ ယခုတော့ လမ်းပေါ်မှာ ဆရာမနှင့် အတူ မောင်းနေတာ (၂) ကြိမ်ရှိသွားပြီ။ လမ်းပေါ်မှာ မောင်းသည့်အခါ မောင်းနေသည့်ကားသည် အမောင်းသင်သူ မောင်းသည့်ကားဖြစ်ကြောင်း ကားခေါင်မိုးပေါ်မှာ စာတမ်းပါသည်။ ကိုယ့်ဘေးမှာလည်း ဆရာမ ရှိနေသည်မို့ ရဲရဲသာ မောင်းကွာ ဟု ကိုယ့်ကိုယ်ကိုယ် အားပေးကာ ဆရာမညွှန်ကြားသည့်အတိုင်း မောင်းပါသည်။ စာတွေ့သင် သည့်အခါမှာ ကိုယ်က ဒိန်းမတ်မဟုတ်လေတော့ သင်တာကို အကုန်နားမလည်။ သို့သော် အွန်လိုင်းမှာ လေ့ကျင့်ရန် စီစဉ်ပေးထားသည်မို့ ကိုယ့်အိမ်မှာ သင်ခန်းစာတွေကို ထပ်ခါထပ်ခါ လေ့ကျင့်နေရသည်။
အကယ်၍ ယာဉ်မောင်းလိုင်စင်ရပြီး ကားလေးတစီးလောက်လည်း ၀ယ်နိုင်ပြီဆိုရင်တော့ အလုပ်သွားအလုပ်ပြန် အချိန်တွေ ပိုလာနိုင်သည့်အတွက် စာရေးစာဖတ် ပိုလုပ်နိုင်လာမလား၊ ဒါမှမဟုတ် ကားတ၀ီဝီ လိုက်မောင်းနေရမှာမို့ အင်တာနက်တို့ ဘလော့တို့ကို အချိန်သိပ်မပေးနိုင်ပဲဖြစ်လာမလား ဆိုတာကိုတော့ဖြင့် စောင့်ကြည့်ရဦးမည် ဖြစ်ပါကြောင်း …. ။ ။


ကားမောင်းသင်ပေးသည့်ကွင်း


ကွင်းထဲမှာ မောင်းခဲ့ရသည့်ကား


လမ်းမပေါ်မှာ အမောင်းသင်ပေးသည့်ကား

1 comment:

ngapiy said...

ရို့ .. ရို့ .. ရို့

good ထ