Saturday, February 28, 2009

(၂၆) ထောင်နန်းစံသတင်းစာဆရာများ (ကြေးမုံဦးသောင်း)

ဇူလိုင်လကုန်က စတင်ကာ ဆက်တိုက် စွေနေခဲ့သော ရန်ကုန်မိုးသည် ယနေ့ ၁၉၆၄ ခု၊ သြဂုတ်လ (၂၀) ရက်နေ့တွင်မှ ရပ်စဲသွားခဲ့လေသည်။ မမြင်မတွေ့ရသည်မှာ ကြာပြီဖြစ်သည့် နေခြည်ပြောက်ကလေးတခုက ပြူတင်းပေါက်မှ ၀င်လာပြီး တင်မောင်၏ ပါးကို တိတ်တခိုး နမ်းရှုံ့သောကြောင့် အိပ်ရာမှ နိုးရသည်။ နေခြည် ပြောက်ကလေးအား ပါးနှစ်ဘက်စလုံးအပ်ပြီး နွေးထွေးသည့် အတွေးကို ခံစားရသော အရသာက ထူးကဲလှသည်။
စာရေးဆရာ ရွှေတောင်သီဟသူ၏ ရတနာကြေးမုံဝတ္ထုထဲမှ နုနယ်သည့် ဝေဠုမြတ်စွာ မင်းသမီးကလေးအဖို့ စံနန်းတွင် အပ်နဖားခန့် ပေါက်နေသော ကန့်လန့်ကာမှတဆင့် ဇီးရွက်ခန့် နေပြောက်ထိုးသဖြင့် မူးမေ့သွားရှာ သည်။ ရင့်ရော်ကြမ်းတမ်းသော မိမိမှာ နေပြောက်ဒဏ်ကို မမှုပေ။ ကြာမြင့်စွာ စိတ်ကူးမယဉ်လိုက်ရပါ။ နေပွင့် နေပန်းကလေးကို စိတ်ကူးယဉ်နေခိုက်တွင် အိပ်ခန်းတံခါးကို အိမ်စေတဦးက ခေါက်လာသည်။ “အောက်ထပ်မှာ ဧည့်သည်နှစ်ယောက် ရောက်နေတယ်။ တွေ့ချင်လို့တဲ့” ဟု ပြောသည်နှင့် တမဟုတ်ချင်း သိလိုက်သည်။ အဖမ်းခံ ထိလေပြီဟု စက္ကန့်မဆိုင်း သိလိုက်မိ၏။ ဤအချိန်သည် ဧည့်သည်လာချိန်မဟုတ်၊ ညကတညလုံး အိမ်ကို ၀ိုင်းကာ အစောင့်ချထားပြီး အိပ်ပျော်နေသူ သားကောင်ကို နှောင်ကြိုးတည်းမည့် သူတစုတို့၏ အချိန်အခါ ဖြစ်ချေသည်။ မြန်မာတနိုင်ငံလုံးတွင် ယခုကဲ့သို့ မမျှော်လင့်သော ဧည့်သည်များ ရောက်လာပြီး ဗိုလ်ကြီးက ဆွေးနွေးစရာ ရှိသည်ဟု ပြောကာ ခေါ်သွားရာမှ ပြန်မလာနိုင်သူများ ပေါများလှသည်။ မိသားစုတိုင်း လိုလို ကြုံတွေ့ရသည်။
အိပ်ရာဘေးရှိ စားပွဲပေါ်မှ သတင်းစာပုံကြီးကို ပြန်ကြည့်မိသည်။ ထူးခြားသည့် သတင်းများ မပါပေ။ ထက်ထက် မြက်မြက် ရေးရန်မရှိ၊ ညံ့ဖျင်းသော သတင်းစာများသာ ဖြစ်သည်။ မည်သည့်သတင်းကို ဗိုလ်ချုပ်ကြီးက မကျေနပ်သဖြင့် ဧည့်သည်လာလေသလောဟု အဖြေကို ရှာ၏။ မတွေ့ပါပေ။ ထင်သည့်အတိုင်းပင် အောက်ထပ် ဆင်းသွားသောအခါ အထူးစုံထောက်ဌာနမှ ထိပ်သီးအရာရှိကြီး ဦးပြူးနှင့် အခြားရဲကြီးတဦးကို တွေ့ရသည်။
“ဆွေးနွေးဖို့ လိုက်ခဲ့ရမယ် မဟုတ်လား၊ ခင်ဗျားတို့က သူတို့ကို ဘယ်လို မဟုတ်သတင်းတွေ ရေးပေးထားသလဲ ဗျာ” ဟု ဦးပြူးကို မေးမိသည်။ သတင်းထောက်နှင့် ရဲတို့မှာ ဆက်ဆံမှု ကြာမြင့်ပြီမို့ ရင်းနှီးသည်။ အချင်းချင်း စကားပြောကြလျှင် စစ်ဗိုလ်များကို “သူတို့” ဟု နာမ်စားဝေါဟာရကို သုံးလေ့ရှိကြသည်။ “ဘာသတင်းမှ မပေးရ ပါဗျာ။ ကျနော်တို့ ဘာမှ မသိရပါဘူး” ဟု ဦးပြူးက လျင်မြန်စွာ ဖြေပြီး လက်တဘက်ကို နှာခေါင်းဘေးသို့ ကပ်ကာ လိမ်ပြသည်။ နှုတ်ခမ်းမွှေးပုတ်ပြသည်။ နာမည်ကျော် နှုတ်ခမ်းမွှေး စစ်စုံထောက် ဗိုလ်မှူးကြီးလွင်က ဖမ်းရန် စေလွှတ်ပါသည်ဟု အသံတိတ် ရှင်းပြသည်။
“စောင့်ပါဦးဗျာ၊ ရေချိုးပါရစေဦး” ဟု ပြောကာ အိမ်ပေါ်ပြန်တက်ခဲ့ပြီး အဖမ်းခံတဦးကို တွေ့သည်နှင့် မျက်စိ အောက်က အပျောက်မခံစေနှင့်ဟု အမိန့်စည်းမျဉ်းရှိစေကာမူ ဦးပြူးက အားနာဟန်တူသည်။ အိမ်ပေါ်သို့ လိုက်မလာဘဲ အောက်ထပ်မှာပင် စောင့်နေရှာ၏။
“ကျနော့်ကို လာဖမ်းကြပြန်ပြီ။ ကူပါဦး၊ ကယ်ပါဦး” ဟု ဗိုလ်ချုပ်နေ၀င်းထံ စာတစောင်ရေးပြီး အိမ်ရှင်မကို အပ်ထားခဲ့ပြီးမှ ဖတ်လိုသော စာအုပ်များနှင့် ဆေးဝါးအ၀တ်များကို အိတ်တလုံးတွင် ထည့်ကာ ဦးပြူးနောက်သို့ လိုက်ခဲ့သည်။
ရဲနှင့် စစ်တပ်တို့သည်* ဖိယက်ကားငယ် နောက်ခန်းတွင် (၃) ယောက်ထိုင်ရသည်။ သူတို့က ညှပ်ထိုင်ကြပြီး ”စည်းကမ်းအတိုင်းပဲဗျို့” ဟု ဦးပြူးက ရယ်သွမ်းသွေးသည်။ မျက်နှာသိကို ဖမ်းရသဖြင့် အားနာဟန်တူ၏။ စကား မပြောဘဲ ရေငုံနေရာမှ “ထောင်ထဲမှာ သုံးဖို့ ငွေပါရဲ့လား” ဟု မေးသဖြင့် မပါခဲ့ကြောင်း ဖြေသောအခါ ငွေ (၅၀) ကျပ် ချေးရှာသေးသည်။
ရဲကြီးတို့က ဘောင်ဒရီလမ်း၊ စစ်စုံထောက်ရုံးကို ခေါ်သွားပြီး တာဝန်ကျ စစ်ဗိုလ်ထံ အပ်နှံကာ ပြန်သွားကြသည်။ ထိုအချိန်တွင်မှ ၀မ်းဟာလာသဖြင့် ”နံနက်စာ လက်ဖက်ရည် တိုက်ပါလားဗျာ၊ မုန့်ကလေး ပဲကလေးကော မရဘူးလား” ဟု တောင်းရာ စစ်ဗိုလ်က အံ့သြဟန် ပြုံးကြည့်ပြီး လက်ဖက်ရည်နှင့် မုန့်ကျွေးလေသည်။ စစ်အချုပ် ထောင်မှ လက်ဖက်ရည်သည် ရန်ကုန်ထိပ်သီးဆိုင်များထက် သာပါ၏။
နံနက် (၉) နာရီခန့်တွင်မှ ဘက်ဖို့ဒ် ကုန်တင်ကား၏ နောက်ခန်းထဲတွင် တယောက်တည်းထည့်ကာ သော့ခတ် လိုက်သည်။ အရှေ့ခန်းမှာ တပ်ကြပ်ကြီးက ကားမောင်းပြီး ဗိုလ်ကြီးတဦးက ဘေးမှ လိုက်ပါလာကာ ပြည်လမ်း၊ အင်းစိန်လမ်းဘက်သို့ မောင်းရာ တနာရီခန့် ကြာသည်။ အင်းစိန်အ၀င် မီးရထားလမ်းဆုံတွင် နာရီဝက်ခန့် စောင့်ရ သေးသဖြင့် ပိုမိုကြာသည်။ ကားက တချုတ်ချုတ် ခုန်သည်။ ထိုင်စရာ ထိုင်ခုံမပါသဖြင့် စကောထဲမှ ကွမ်းသီးကဲ့သို့ လိမ့်နေ၏။ “ပန်းသာမောင်မောင်က မစာဥကို လှည်းယာဉ်နှင့် ဒုန်းရိုက်ကာ ခေါ်စဉ်က ကောက်ရိုးပေါ်တွင် ဖျာကြမ်း၊ ဖျာကြမ်းပေါ်တွင် သင်ဖြူး။ သင်ဖြူးပေါ်တွင်မှာ ကော်ဇောခင်းထားသဖြင့် လိမ့်လူးနေသည့် ဥခမျာ မောင်မောင်၏ ခါးကို ဖက်ရရှာ၏” ဟု ပန်းသာ မစာဥ၀တ္ထုတွင် ဆရာသခင်ဘသောင်းက စာဖွဲ့သည်ကို သတိရ မိကာ ပြုံးမိသေးသည်။
ကားနံရံ၊ သံချွန်ပေါက်များမှ ပြင်ပလောကကြီးကို ချောင်းကြည့်လိုက်မိမှ အတွေးမြင် ရပ်တန့်သွားသည်။ ကျောင်းသွားကြသည့် ကျောင်းသူကျောင်းသားများ၊ အလုပ်ခွင်သွားကြသူများ၊ ဈေးဝယ်ထွက်သူများတို့ နိစ္စဓူဝ ပြုလုပ်သွားလာနေကြသည်ကို တွေ့ရသည်။ ဤတွင်မှ မိမိ၏ လွတ်လပ်ရေးဆုံးရှုံးသွားပြီဟူသည့် အသိကြောင့် တုန်လှုပ်မိသည်။ စောစောက ဦးပြူးနှင့် ရယ်သွမ်းသွေးခဲ့တာ၊ ဗိုလ်ကြီးထံက လက်ဖက်ရည်သောက်ခဲ့စဉ်က ချိုခါး အရသာကို ခံစားခဲ့ရသည်မှာ မြွေပေါက်ခံရသူ၊ သေနတ်မှန်သူများအဖို့ သွေးပူနေသဖြင့် အနာဒဏ်ချက်ကို မသိရသေးသကဲ့သို့ မိမိတွေ့ရသည့်ဘ၀ကို သတိမပြုမိခဲ့ပေ။ တဖြည်းဖြည်း အနာပေါ် လာသကဲ့သို့ ခံစားမှု အရသာများ ပျက်သွားကာ စိတ်နာပြီး ဒေါသလွှမ်းလာတော့သည်။
လုယက်မှု၊ ခိုးမှုမှ လူသတ်မှုအထိ ရာဇ၀တ်မှု ကျူးလွန်ခဲ့သူဖြစ်ပါက မိမိကျူးလွန်ခဲ့သော ရာဇ၀တ်မှုအတွက် ဖမ်းဆီးခြင်း ခံရသည်ဖြစ်သဖြင့် ၀မ်းနည်းကောင်း ၀မ်းနည်းပေးလိမ့်မည်။ နောင်တလည်း ရနိုင်သည်။ စာရေးသူ အဖို့ ကောင်းသော အသက်မွေးမှုကို ရိုးသားစွာ ကျင့်ဆောင်လုပ်ကိုင် စားသောက်နေသူဖြစ်ပါလျက် ယခုကဲ့သို့ အလုံပိတ်ကားနှင့် တင်ကာ ထောင်သို့ပို့သည်မှာ မတရားသော အမှုဖြစ်သည်။ စာရေးသူသည် ၀မ်းမနည်းပါ။ စိတ်အား မငယ်ပါ။ ဒေါသအမျက်သာ တခြောင်းခြောင်းထွက်မိသည်။ သို့သော် ဗုဒ္ဓဘာသာ စစ်စ်ဖြစ်သော စာရေးသူသည် ကလဲ့စားချေခြင်းကိုလည်း ရှောင်ကြဉ်သူ ဖြစ်လေရာ ယခုကဲ့သို့ ပေါက်ကွဲသော ဒေါသကို ထိန်းသိမ်းနိုင်ခဲ့လေသည်။
တော်လှန်ရေးအစိုးရတက်လာချိန်မှ စတင်ကာ အမှန်တရားကို ရေးသားခွင့် ဆုံးရှုံးသဖြင့် နာကြည်းနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ “ငါတို့အဖို့ တသက်လုံး ဒီလိုခံနေကြရမှာလား” ဟု အံကြိတ်နေသည်မှာ ကြာလေပြီ။ သင်္ခါရတရား လာရမည်မှာ မုချ ဖြစ်သည်။ ယခုကဲ့သို့ မတရားခံရသူတို့၏ အကြောင်းကို တကမ္ဘာလုံးသိအောင် ရေးသားနိုင်သည့် ခေတ်ကို ရောက်ရမည်မှာ မုချဖြစ်သည်။ “ထမင်း၀၀စားထားကြဟေ့” ဟု အသံထွက် ကြိမ်းဝါး မိသည်။
အင်းစိန်ထောင်သို့ ရောက်သောအခါ “ဆိုရှယ်လစ်လောက တည်ဆောက်ကြစို့” ဟု ရေးထားသည့် ဆိုင်းဘုတ် ပြာကြီးတခုကို စတင်မြင်ရသည်။ အင်္ဂလိပ်စာရေးဆရာကြီး ဂျော့ဘားနဒ်က ထောင်တခုကို ရောက်သွားစဉ်က ထောင်ဗူးဝ၌ “မကောင်းမှုကို ရပ်တန့်လော့။ ကောင်းမှုကို သင်ကြလော့” ဟု ရေးထားသည်ကို မြင်ရသောအခါ “ထောင်အပြင်ဘက်မှာ ရေးသားထားတာမို့ ထောင်ထဲက အကျဉ်းသားတွေ ဖတ်ရှုခွင့်မရှိပေ” ဟု ရေးသားသည်ကို သတိရမိသည်။
အင်းစိန်ထောင်ကြီးကို အင်္ဂလိပ်နယ်ချဲ့သမားများက ၁၈၈၇ ခုနှစ်က စတင်တည်ဆောက်သည်။ အင်္ဂလိပ်စစ်တပ် များကို အန်တုခြားနားသူ မြန်မာမျိုးချစ်သူပုန်များကို ညှဉ်းဆဲချုပ်နှောင်ရန် ဆောက်လုပ်ခဲ့ရာတွင် သူပုန်မျိုးဆက်က အဆက်မပြတ် ကြီးထွားလာခဲ့သဖြင့် အကြိမ်ကြိမ်ချဲ့ခဲ့ရသည်။ ၁၉၁၂ ခုနှစ်တွင်မူ အာရှ၌ အကြီးဆုံးထောင်ကြီး ဖြစ်လာတော့သည်။ ကြီးမားရှည်လျားသော အဆောင်ကြီး (၁၂) ခုကို လှည်းဘီးပုံဆောက်ထားသည်။ အလယ်တွင် ထောင်မီးဖိုဆောင် အ၀ိုင်းကြီးကို ဗဟိုပြုထားလေသည်။ တိုက်ထောင်ကလေးများ၊ အလုံထောင် ကလေးများ၊ စစ်ဗိုလ်များကို ချုပ်ရန် သီးခြားအိမ်ကလေးများ၊ အဆောက်အအုံများ ရှိသည်။ အကျဉ်းသား (၆၀၀၀) ဆန့်သည်။ သို့သော် စာရေးသူ ရောက်သွားချိန်တွင် အကျဉ်းသား (၁၀၀၀၀) ကျော် ရှိနေလေပြီ။
မီးဖိုကြီးအနီးတွင်ရှိသည့် ရုံးငယ်တခုကို ခေါ်သွားသည်။ ဗူးဝမှ ထိုဒေသသို့ သံတိုင်ကာသော ၀င်းလေးခုနှင့် အဆောင်သံတံခါးလေးခုကို ဖြတ်ရသည်။ အားလုံးကို ဧရာမသော့ကြီးများ ခတ်ထားသဖြင့် ၀င်းဝမှ ထောင်ကြပ် တဦးလိုက်လာပြီး ရှစ်ကြိမ်ရှစ်ခါ သော့ဖွင့်ပေးရလေသည်။ စစ်ဗိုလ်က စာရွက်စာတမ်းနှင့် အတူ ထောင်မှူးတဦးထံ အပ်ပြီး ပြန်သွားသည်။ တင်မောင်က ထောင်မှူး၏ စားပွဲရှေ့တွင် ရှိသည့် ကုလားထိုင်တလုံးပေါ်မှာ ၀င်ထိုင်သော အခါ ထောင်မှူးက မကြည်မသာ လှည့်ကြည့်သည်။ သူက ထိုင်စေဟု အမိန့်မပေးခင် ထိုင်သည်ကို မကျေနပ်ဟန် ပြလေသည်။ တင်မောင်က သူ၏ ဟန်ပန်ကို နားမလည်ဟန်ဆောင်ပြီး မီးဖိုဘက်သို့ လှည့်ကြည့်နေလိုက်သည်။ ဆန်တတင်းချက် ကြေးအိုးကြီးများနှင့် ထမင်းချက်နေကြသည်။ မိုးဗြဲဒယ်ကြီးများနှင့် ဟင်းချက်နေကြသည် တို့ကို ငေးကြည့်နေမိပါသည်။
မလှမ်းမကမ်း အဆောင်တခုမှ အကျဉ်းသားများက သံတိုင်နားတွင် ရစ်ဝဲနေသည်ကို လှည့်ကြည့်လိုက်သော အခါ ဆရာဒဂုန်တာရာကို မြင်ရသည်။ ပြင်ပလောကတွင် ဆရာတာရာတို့နှင့် တင်မောင်တို့၏ အစုများသည် မဟာမိတ် များ မဟုတ်ကြပေ။ စာရေးဆရာအသင်း ညီလာခံတွင် ဥက္ကဌဒဂုန်တာရာကို အလိုမရှိဟု ကုလားထိုင်ပေါ်တက်ပြီး အော်ဟစ်ဖူးခဲ့ကြသည်။ အယုံအကြည်မရှိအဆိုကို တင်ခဲ့ဖူးသည်။ သူကလည်း လင်းယုန်ဂျာနယ်မှ စာရေးသူကို ပြစ်တင်ဝေဖန်ရေးသားခဲ့ပေသည်။ ရန်သူဟု ခေါ်ရမည်ဆိုလျှင် ခေါ်နိုင်ကြသည်။ ယခုမူ သူက တင်မောင်အား မြင်သောအခါ ပထမမိတ်ဆွေတဦးကို တွေ့ရသကဲ့သို့ ၀မ်းသာအယ်လဲ နှုတ်ဆက်ရှာသည်။ နောက်မှ စာပေ ရဲဘော်တဦး ထောင်ထဲ ရောက်လာရပြန်လေခြင်းဟု ၀မ်းနည်းကြေကွဲဟန်ပြသည်။ သူက စကားပြောခွင့် မရှိသဖြင့် သိသာထင်ရှားသည့် အမူအရာနှင့် နှုတ်ဆက်ရှာသည်။ နှစ်ယောက်သား မချိပြုံး ပြုံးမိကြသည်။
ကိုဌေးမြိုင် (ဒဂုန်တာရာ) တို့ လူသိုက် အဆောင်ထဲ ပြန်ဝင်လာသောအခါ တင်မောင်အဖို့ ယောင်နနနှင့် စားပွဲပေါ်မှာ ရှိသည့် သတင်းစာတစောင်ကို ဆွဲဖတ်မိသည်။ “ဟေ့လူ ရပ်လိုက်၊ သတင်းစာကို ပြန်ချလိုက်” ဟု ကျယ်လောင်တဲ့ အသံကြီးကြောင့် သတင်းစာကို ပြန်ချလိုက်ရသည်။ တသက်တာတွင် ယခုကဲ့သို့ ငေါက်ငမ်းသည်ကို မခံရဖူးပေ။ ကျယ်လောင်စွာ အော်ဟစ်ဆူပူနေသူမှာ မျက်နှာချင်းဆိုင်ထိုင်နေသော ထောင်မှူးဖြစ်သည်။
“ခင်ဗျားမှာ သတင်းစာ ဖတ်ခွင့်ရှိတယ်၊ မရှိဘူးဆိုတာကို ဗိုလ်ကြီးက ဆုံးဖြတ်တယ်။ ဗိုလ်ကြီးက ဆုံးဖြတ်ချက် မပေးမီမှာ သတင်းစာမဖတ်ပါနဲ့။ သတင်းစာဖတ်ဖို့သာမကဘူး၊ ဘာမဆို ထောင်ကြပ်တွေ၊ အရာရှိတွေက ခွင့်ပြုမှ လုပ်ပါ။ ပေးမှ ယူပါ။ ခိုင်းတာကို လုပ်ပါ။ ထောင်အပြင် တန်းမရှိဘူးဆိုတဲ့ စကားဟာ မှားတယ်။ ထောင်ထဲမှာ ထောင်ကလေးတွေ အများရှိတယ်။ ခွေးလိုထားတဲ့ ထောင်လည်း ရှိတယ်။ ခင်ဗျားတို့ အပြင်ဘက်မှာ ဆင်ကြီးဖြစ် နေပစေ၊ ထောင်ထဲမှာ ကြွက်ပဲ။ ကျုပ်တို့ ထောင်မှူးတွေက ကြောင်တွေဗျ။ လက်သည်းထက်တယ်” စောစောက အမိန့်မရဘဲ ထိုင်မိသည်ကိုပါ စောင်းချိတ်ပြီး ထောင်မှူးက အာဏာပြလေတော့သည်။
တင်မောင်အဖို့ အသက် (၁၆) နှစ်သားက စတင်ပြီး ကျောင်းသတင်းထောက်အဖြစ် သတင်းစာလောကတွင် လုပ်ကိုင်ခဲ့သဖြင့် ထိုအချိန်က လုပ်သက် (၂၄) နှစ် ရှိလေပြီ။ တသက်လုံး လုပ်လာခဲ့သည့် သတင်းစာတွင် ရေးသားရန် မဆိုထားနှင့် ဖတ်ရှုခွင့်ပင် မရှိတော့သည်ကို သိရသောကြောင့် ကျင်စက်ထိသကဲ့သို့ တုန်လှုပ်ကာ ဒေါသ အမျက်တခြောင်းခြောင်း ထွက်ရပြန်သည်။ ထောင်မှူးသည် ရန်သူမဟုတ်၊ ဖက်ဆစ်ဝါဒသာ ရန်သူဖြစ်သည် ဟု သတိနှင့် ချုပ်တည်းရပြန်သည်။ ထမင်း၀၀ စားထားကြဟေ့ဟု ရင်ညွန့်တွင်း၌သာ ကျယ်လောင်စွာ အော်ဟစ် မိပြန်သည်။ ။

2 comments:

thantzinoo_architect said...

ကိုသက်ဦး ခင်ဗျား ကျွန်တော် အစ်ကိုရဲ့ blog ကို အမြဲတမ်းဖတ်ပါတယ်။ ဘီလူးတို့ရွာကိုလည်း နှစ်သက်သလို။ အစ်ကို ဘ၀ အတွေ့အကြုံတွေကို ရေးပြတဲ့ post တွေကို လည်း နှစ်သက်ပါတယ်။

သန့်စင်ဦး

Thet Oo said...

ကြိုဆိုပါတယ်... ကိုသန့်စင်ဦး