Saturday, January 26, 2008

သမိုင်းအမှန်ကို သိရန်လို…

၁၉၈၈ သြဂုတ်လအရေးအခင်းဖြစ်တော့ ကျနော့်က အသက် ၂၄ နှစ်၊ သပိတ်စခန်းမှာ ဦးဆောင်သူ တဦးအဖြစ် မဆလ တပါတီကို ဆန့်ကျင်တိုက်ပွဲဝင်နေချိန်လည်း ဖြစ်သည်။ သပိတ်စခန်းမှာ လုပ်သည့် အစည်းအဝေး တခုတွင် ကျနော်တို့ စက်ရုံမှ အင်ဂျင်နီယာတဦးက တိုင်းပြည်ဆင်းရဲသွားတာ ဦးနေ၀င်းမှာတာဝန်ရှိတယ် ဘာညာထပြောမှ ဦးနေ၀င်း အကြောင်းမကောင်းပြောတာ စကြားဘူးသည်။ ထိုစဉ်က စစ်တပ်ကိုလည်း `နေ၀င်း ကြေးစားတပ်´ ဘာညာ စွပ်စွဲတာတွေ ကြားဘူးသော်လည်း မလိုသူတွေက ပြောတဲ့စကားဟုသာ ထင်ခဲ့သည်။ ဦးနေ၀င်း အာဏာသိမ်းပြီး ၂ နှစ်အကြာမှာ လူဖြစ်လာတာမို့ မွေးကတဲက `မဆလ´မှ တပါး အခြား နိုင်ငံရေးပါတီဆိုတာ လည်း မကြားဘူးပါ။ ရှစ်ဆယ့်ရှစ် အရေးအခင်းစတော့ ကျောင်းသားလေးတွေက `လမ်းစဉ်ပါတီ တော်ပါပြီ´ ဆိုတော့ သူတို့၏ ပြောရဲသည့် သတ္တိကို ရင်သပ်ရှုမော အံ့သြခဲ့ရသည်။
သပိတ်တွေ အရှိန်တက်နေတုံးကာလ ဦးနုက အစိုးရဖွဲ့ကြောင်း ကြေညာသည်။ ကျနော်တို့ သပိတ် စခန်းကို ကျနော့်မိတ်ဆွေ မြို့ခံတဦးလည်းဖြစ်၊ ၇၄ ကျောင်းသားဟောင်းတဦးလည်း ဖြစ်သည့် ကိုကျော်မြင့် ရောက်လာပြီး ဦးနုကို ထောက်ခံလိုက်ဖို့အကြောင်း ပြောတော့ ကျနော်တို့ ဘာလုပ်ရမှန်းမသိ တွေဝေနေခဲ့ သည်။ ပြည်သူက ဒီမိုကရေစီနည်းဖြင့် ရွေးကောက်တင်မြှောက်ခဲ့သော ဦးနု၏ အရပ်သားအစိုးရကို ဗိုလ်ချုပ်ကြီး နေ၀င်းက အာဏာသိမ်းခဲ့တာဟာ တိုင်းပြည်ချောက်ထဲကျဖို့ ဇတ်လမ်းစခဲ့တယ်ဆိုတာ အဲဒီတုံးက သေချာ မတွေးတတ်မိခဲ့ပါ။ ကျောင်းမှာ သမိုင်းသင်တုံးကလည်း အမှန်ကို သင်ခဲ့ရတာမဟုတ်။ ကမ္ဘာ့သမိုင်း ဖတ်စာအုပ်က ပုံနှိပ်စာအုပ်အဖြစ်ထုတ်ဝေထားသော်လည်း မြန်မာ့သမိုင်းစာအုပ်က ပုံနှိပ်စာအုပ် ဖြစ်မနေတာ သတိထားခဲ့မိသည်။
တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်ရာတွင် စာပေစီစစ်ရေး ထားရှိ၍ လွတ်လပ်စွာရေးသားခွင့်ကို ပိတ်ပင်လိုက် သည့်အတွက် သမိုင်းအမှန်ဆိုသည်မှာလည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့သည်။ ကျနော် ပြည်ပရောက်တော့ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း၏ `ဘီလူးတို့ရွာ´၊ ဦးနု၏ `တာတေစနေသား´၊ ဦးတင်မောင်ဝင်း၏ `နိုင်ငံရေးသမားနှင့် နိုင်ငံရေး´ စသည့်စာအုပ်များ ဖတ်ရှုခွင့်ရသည့်အတွက် ဒီမိုကရေစီပျောက်ဆုံးခဲ့ရသည့် သမိုင်းအမှန်ကို သိခဲ့ရသည်။ ထို့ကြောင့်လည်း မိမိလို အများဖတ်ရှုနိုင်ရန် ထိုစာအုပ်များကို မိတ္တူပွား၍ နီးစပ် ရာကို ထပ်မံဖြန့်ချီခဲ့ပါသည်။ စင်္ကာပူမှ လမ်းပြကြယ် စာကြည့်တိုက်ကိုလည်း ထိုစာအုပ်များ ရှာဖွေစုဆောင်း ရန် အကြံပြုခဲ့ဘူးပါသည်။
လူငယ်တွေ သမိုင်းအမှန်ကို သိထားဖို့လိုသည့်အတွက် စာကြည့်တိုက်များ၊ စာဖတ်သင်းများ ပိုမို လိုအပ်နေသည်ဟု ကျနော် ထင်မြင်မိပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: