ဖြစ်ချင်တာတွေလဲ မဖြစ်ရတာ - မဖြစ်ချင်တာတွေလဲ ဖြစ်ရတာ - ဟူသော ဆရာသုခ၏ ဘ၀သံသရာ တေးသဘောတရားကို အာဏာရှင်ကြီး၊ ပင်စင်စားကြီး ဦးနေ၀င်း ရင်ဆိုင်ရရှာသည်ကို သူ၏ ပုဂ္ဂလိကပိုင် ပြည်သူ့ လွှတ်တော်ခန်းမရင်ပြင်တွင် တွေ့မြင်ရသဖြင့် တရားကျမိသည်။ နောက်တီးနောက်တောက် လှောင်ပြောင်လေ့ရှိသော လာကော လောကကြီး၏ ပြက်လုံးကို `အုန်းကနဲ` ရယ်မိသည်။
၁၉၇၄ ခု အခြေခံဥပဒေကြီးကို လူထုကြီးက တခဲနက်ထောက်ခံမဲပေးကြပြီးနောက် ပြည်သူ့လွှတ်တော်အတွက် ပြည်သူ့ကိုယ်စားလှယ်အမတ်မင်းများ ရွေးကောက်ပွဲကို ကျင်းပပါသည်။ ရွေးကောက်ပွဲမတိုင်မီတွင် ဗိုလ်ချုပ်ကြီး နေ၀င်းက တပ်မတော်မှ အနားယူရာတွင် နောက်တော်ပါ ဗိုလ်မှူးကြီး (၂၀) တို့ကပါ အနားယူကာ အရပ်သား ပင်စင်စားကြီးများ ဖြစ်လာကြပါသည်။
ခေတ်ဟောင်းကကဲ့သို့ ဖောက်ပြန်သူအမတ်မဖြစ်နိုင်စေရန် စီစဉ်ထားပါသည်။ လူထုအဖို့လည်း ပင်ပင်ပန်းပန်း လူရွေးရန်မလိုရအောင် မည်သူမည်ဝါသည် ပြည်သူ့ကိုယ်စားလှယ် ဖြစ်သင့်သည်ဟု အမတ်လောင်းများကို မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီက ရွေးချယ်ပေးပါသည်။ လူထုကြီးတာဝန်မှာ (၉၉) ရာခိုင်နှုန်း ထောက်ခံမဲပေးကြရန် ဖြစ်ပါသည်။
စစ်တပ်မှ အနားယူခဲ့သော ဦးနေ၀င်းနှင့် ဗိုလ်လူထွက် (၂၀) အပါအ၀င် သင့်လျော်သူများကို ပါတီက ရွေးပြီး အရွေးခံစေပါသည်။ ယင်းသို့ လူထုက မဲပေးတင်မြှောက်သော အမတ်မင်း (၄၅၁) ဦးတို့သည် ပြည်သူ့လွှတ်တော် ခန်းမဆောင်တွင် တနှစ်သုံးကြိမ် ညီလာခံကြပြီး ဥပဒေပြုကြပါသည်။ ၁၅ ရာခိုင်နှုန်းက အရပ်သားကျောင်းဆရာများ၊ ဆရာဝန်များနှင့် လူမျိုးစုကိုယ်စားလှယ်များ ဖြစ်ကြပါသည်။ (၈၅) ရာခိုင်နှုန်းသော အမတ်မင်းများက စစ်ဝတ်စုံကို ချွတ်ပြီးတောင်ရှည်ပုဆိုးဝတ်ထားသည့် ဗိုလ်လူထွက်များ ဖြစ်ပါသည်။ ထိုကြောင့် အစည်းအဝေးများသည် အသက်မပါသော အခမ်းအနားများ ဖြစ်နေသည်။ ၀န်ကြီးများ တင်ပြသော အဆိုမှန်သမျှ တို့ကို ထောက်ခံကြသဖြင့် စိတ်ဝင်စားစရာတကွက်မှ မရှိပါ။ သတင်းစာဦးစီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ပြီး လေ့လာကြရပါသည်။
အမတ်များက ထောက်ခံကြမည့် မိန့်ခွန်းမှန်သမျှကို လွှတ်တော်ရုံးကို (၇) ရက် တင်ကြိုပေးရပါသည်။ ပြောခွင့်ပြုသည်တို့ကို တည်းဖြတ်ပြီး စာမူကို သတင်းစာများက (၂) ရက် တင်ကြိုရရှိလေရာ အိမ်၌ အိပ်နေရင်း သတင်းရေးနိုင်ပါသည်။ ဝေဖန်ချက်ရေးနိုင်ပါသည်။
ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ပါလီမန်အစည်းအဝေးကို တက်ရောက်သတင်းယူကြရသည့် နားထောင်ကြရသည့် ပရိသတ်များအဖို့ လွန်စွာ သနားစရာကောင်းပါသည်။ တော်ပါသေးသည်။ ဧည့်သည်တော်များကို ခန်းမကြီး၏ နောက်ပိုင်းတွင် နေရာပေးထားသဖြင့် တင်မောင်တို့ လူတစုမှာ ဇိမ်ကျကျနှင့် ၀တ္ထုဖတ်နိုင်ကြပါသည်။
ထိုထက်ကောင်းသည်များ ရှိပါသေးသည်။ လွှတ်တော်အမတ်မင်းများအတွက် အထူးဖွင့်ပေးထားသော ကုန်သွယ်ရေးကော်ပိုရေးရှင်း စားသောက်ဆိုင်နှင့် အထူးကုန်စုံဆိုင်တွင် စာရေးသူတို့ ၀ယ်ယူစားသောက်ခွင့် ရရှိကြသည်မှာ မဟာအခွင့်အရေးဖြစ်ပါ၏။
နံနက်စာ တရုတ်၊ကုလား၊ မြန်မာဟင်းထမင်းမှာ ဆီစိုစို၊ နံနွင်းစိုစို၊ ဆန်ကောင်းကောင်းနှင့် ချက်ထားပါသည်။ သမ္မတကြီး ဦးနေ၀င်းနှင့် ၀န်ကြီးများပါ ၀ယ်ယူစားသောက်ကြသဖြင့် ဈေးနှုန်းကလည်း အပြင်ကနှုန်းထက် အဆများစွာ သက်သာပါသည်။ နေ့လည်စာ ကော်ဖီလက်ဖက်ရည်ကလည်း ကောင်းလှပါသည်။ ထိုအချိန်က ပြင်ပလောကတွင် သကြားပြတ်နေသောကြောင့် လက်ဖက်ရည်ဆိုင်များက ချိုချဉ်များကို မှောင်ခိုဝယ်ပြီး ဖျော်ကြရလေသဖြင့် ကော်ဖီ၊ လက်ဖက်ရည် နီပြာဝါစိမ်းများကို သောက်နေကြရပါသည်။ ကမ္ဘာမှာ အံမခန်း ဖြစ်စေသည့် အစိမ်းရောင်ကော်ဖီ၊ အပြာရောင်လက်ဖက်ရည် စသည်တို့ကို မြန်မာနိုင်ငံ၌ တီထွင်နေသည့် အချိန် ဖြစ်ပါသည်။ သမ္မတကြီးနှင့်တကွ ၀န်ကြီးများ၊ အမတ်မင်းများ၊ သတင်းစာဆရာများတို့တတွေမှာ သကြားဖြူဖြူနှင့် ဖျော်ထားသော ကော်ဖီလက်ဖက်ရည် မုန့်ကောင်းပဲကောင်းများကို တမူးတမတ်နှင့် ၀ယ်ယူစားကြရသည့် စည်းစိမ်ကမူ ကြီးမားပါ၏။
ထိုထက်ကောင်းသည်မှာ အထူးကုန်စုံဆိုင်၌ အမတ်မင်းများအတွက် သွားပွတ်တံ၊ သွားတိုက်ဆေး၊ မိလ္လာစက္ကူ စသော အပြင်တွင် ၀ယ်လို့မရနိုင်သည့် ပစ္စည်းများ ရောင်းချသည်ကို တင်မောင်တို့ပါ ၀ယ်ခွင့်ရပါသည်။
မုတ်ဆိတ်ရိတ်ဓား ပြတ်တောက်သွားသောကြောင့် မြန်မာယောက်ျားမှန်သမျှ ဗိုလ်မုတ်ဆိတ်များ ဖြစ်နေရသည့် အချိန်တွင် မုတ်ဆိတ်ရိတ်ဓား သုံးချောင်းစီ ရောင်းသဖြင့် ပွဲတော်ကြီး ဖြစ်နေသည်။
အမှန်ကို ၀န်ခံရလျှင် တင်မောင်၏ အလုပ်ဝတ္တရားအရ သံရုံးများသို့ ၀င်ထွက်သွားလာနေသဖြင့် အမေရိကန်သံရုံးနှင့် ရုရှသံရုံးမှ မိတ်ဆွေများက လိုသမျှပစ္စည်းကို သံတမန်ဆိုင်က ၀ယ်ပေးလေ့ရှိကြပါသည်။ နိုင်ငံခြားသို့ မကြာခဏသွားရသဖြင့် ထိုပစ္စည်းများ မလိုပါ။ လွှတ်တော်နှင့် ညီလာခံကြီးများတွင် ရောင်းသော ပစ္စည်းမှန်သမျှကို ၀ယ်ယူပြီး ရုံးမှုထမ်းတွေကို တဆင့်ခွဲဝေပေးလေ့ရှိသောကြောင့် ရုံးအုပ်ကြီးမှ လက်နှိပ်စက် စာရေးမများ၊ ရုံးစေများအထိ တင်မောင်၏ အမှုကိစ္စမှန်သမျှကို ပြုံးရွှင်သွက်လက်စွာ လုပ်ကိုင်ပေးလေ့ ရှိကြပါသည်။
တနေ့တွင် `စောင်တွေရမယ်တဲ့၊ ဆရာသမားတို့` ဟု သတင်းထောက်ကြီးတဦးက သတင်းပေးပါသည်။ အိန္ဒိယမှ တင်သွင်းသော စောင်အကောင်းစားများကို ပါလီမန်တွင် ရောင်းမည်ဟု ပြောသံကြားရသောအခါ `ရွာရှိမိဘများကို ကန်တော့ရန်အတွက် တစုံဝယ်ခွင့်ရအောင် ကြိုးစားကွာ` ဟု ပြောမိပါသည်။ အယ်ဒီတာချုပ်ကြီးများကလည်း နှစ်ထည်စီ လိုချင်ကြရှာပါသည်။ အားလုံးစုပြီး လွှတ်တော်တွင်းတွင် ဖွင့်ထားသော အထူးဆိုင်သို့ သွားကြပါသည်။
`မလွယ်ဘူးဆရာတို့` ဟု ဆိုင်မန်နေဂျာက ရှင်းပြပါသည်။ ရုံးချုပ်က အမတ် (၄၅၁) ဦးအတွက် စောင် (၄၅၁) စောင်သာ ကွက်တိပို့ပေးတယ်။ စောင်မလိုသဖြင့် မ၀ယ်လိုသော အမတ်မင်းများ ရှိမှသာ သတင်းစာဆရာများကို ရောင်းပါမည်ဟု ဆိုရှာပါသည်။ တင်မောင်သည် စိတ်ပျက်မိပါသည်။ မြန်မာတနိုင်ငံလုံးတွင် စောင်ပျောက်နေသည် မှာ ကြာပြီ ဖြစ်သည်။ အညာဒေသတွင် စောင်မခြုံနိုင်သဖြင့် ဂုန်နီအိတ်ကို ခြုံကြရရှာသဖြင့် ဂုန်နီအိတ်များကို `နေ၀င်းစောင်` ဟု ခေါ်ဝေါ်နေကြပါသည်။ အမတ်မင်းများလည်း စောင်များ လိုချင်ကြမည် ဖြစ်ပါသည်။ ၀န်ကြီးများကမူ အထူးထက်ထူးသော စပါယ်ရှယ်အထူးဆိုင်မှာ စောင်ဝယ်နိုင်ကြသဖြင့် ၀ယ်ကောင်းမှ ၀ယ်ပါမည်။ သူတို့ မ၀ယ်ကြစေကာမူ သတင်းစာဆရာများ အားလုံးကို ရောင်းချနိုင်မည်မဟုတ်ပါ။ ထိုကြောင့် ၀န်ကြီးများ၊ အမတ်များ မ၀ယ်သော စောင်များရှိပါက ကျန်ကောက်ဝယ်ယူခွင့်ပေးရန် သတင်းစာဆရာများ အဆင့်ဆင့်ဦးစားပေး မဟာဒုတ်မဲပင် နှိုက်ကြပါသေးသည်။ တင်မောင်၏ မဲအဆင့်မှာ အမှတ်ငါးဖြစ်သဖြင့် အမတ် ငါးပါးက စောင်မ၀ယ်ပါက စောင်တထည်ဝယ်ခွင့်ရရန် သေချာနေပါသည်။
ထူထဲသော သက္ကလပ်စောင်ကို နှစ်ထည်တွဲ ပလတ်စတစ်အိတ်နှင့် ထည့်ထားပြီး အလွယ်တကူ သယ်နိုင်ရန် လက်ကိုင်ကွင်းနှင့် လှပစွာ တံဆိပ်ရိုက်ထားသော တပေခန့်မြင့်သည့် စောင်ထုပ်များကို မျှော်တလင့်လင့် ကြည့်မိပါသည်။
အမတ်မင်းများထံမှ စာရင်းရောက်လာသောအခါ စောင်မ၀ယ်လိုသူ တဦးတယောက်မှ မရှိပါ။ အစည်းအဝေး နားချိန်တွင် လာရောက်ကြကာ အားလုံးဝယ်ကြပါသည်။ ပြဿနာမှာ စောင်ဝယ်ပြီးနောက် စောင်ထုပ်ကြီးများကို ထားစရာမရှိဖြစ်နေရှာပါသည်။ လုံခြုံရေးအရ အိမ်တော်၊ လွှတ်တော်ဝင်းအတွင်းသို့ ကားနှင့် မ၀င်ကြရဘဲ ၀င်းဝမှ ခြေလျင်ဝင်ကြရပါသည်။ ထိုကြောင့် စောင်ထုပ်ကြီးများကို ခေါင်းပေါင်းများ တလူလူနှင့် အစည်းအဝေးခန်းမတွင်း သို့ သယ်ကြကာ မိမိတို့ ကုလားထိုင်များတွင် ချကာ ထိုင်ကြပါသည်။ သတင်းစာဆရာများက မနာလိုစွာ မျက်စောင်းထိုးမိကြပါသည်။
လွှတ်တော်အစည်းဝေးခန်းမဆောင်တွင် ကုလားထိုင် (၆၀၀) ရှိပါသည်။ အားလုံးညီတူ ဖြစ်ပါသည်။ သို့သော် ရှေ့တန်းမှ ကုလားထိုင်တလုံးမှာ (၉) လက်မ ပိုမို မြင့်ပါသည်။ အမတ်မင်း ဦးနေ၀င်း ထိုင်ရန် ထားရှိပါသည်။
၁၉၆၂ ခုနှစ်၊ အာဏာသိမ်းပြီး ရက်အနည်းငယ်အတွင်းတွင် လက်သမားကျော်များကို ဆင့်ခေါ်ကာ သာမန်ကုလားထိုင်များထက် ခြေထောက် (၉) လက်မမြင့်သော အထူးကုလားထိုင်ကြီးတလုံးကို ဆောက်လုပ်စေ ပါသည်။ ဗိုလ်ချုပ်ကြီးနေ၀င်းက အရာရှိများ၊ စစ်ဗိုလ်များနှင့် တွေ့ဆုံတိုင်း ကုလားထိုင်အမြင့်ကြီးနှင့် ထိုင်ကာ အားလုံးထက် (၉) လက်မ မြင့်အောင်နေပြီး ခေါင်းငုံ့ကြည့်လေ့ရှိပါသည်။ နယ်သို့ ခရီးထွက်တိုင်း ကုလားထိုင်မြင့် ကြီးကို သယ်သွားပါသည်။ တခါတရံကားနှင့် ခရီးထွက်သွားရာမှ လိုရာဒေသသို့ရောက်သောအခါ ကုလားထိုင်သယ်သည့် ကားနောက်ကျနေပါက ဗိုလ်ချုပ်ကြီးက မထိုင်သေးဘဲ မတ်တပ်စောင့်နေကာ ကုလားထိုင် ရောက်လာမှ အပေါ်စီးမှ ထိုင်လေ့ရှိပါသည်။ ထိုကုလားထိုင်မြင့်ကြီးကို မည်သူမှ ထိုင်ခွင့်မရှိအောင် တလုံးသာ လုပ်ထားပါသည်။ လွှတ်တော်ဆောက်သောအခါတွင် ခန်းမ၌ ဦးနေ၀င်းထိုင်ရန် (၉) လက်မအမြင့် ကုလားထိုင်တလုံး လုပ်ရပြန်ပါသည်။ ဦးနေ၀င်း အစည်းအဝေးမတက်သော နေ့များတွင် ထိုအထူး (၉) လက်မမြင့် ကုလားထိုင်ကြီးကို အ၀တ်အုပ်ထားပါသည်။
ယင်းကဲ့သို့ ဦးနေ၀င်းက သူတကာထက် အမြဲတစေ (၉) လက်မမြင့်အောင် စီစဉ်ထားသော်ငြားလည်း အမတ်မင်းများ စောင်ဝယ်ကြသောနေ့က အမတ်မင်းများအားလုံးတို့က စောင်ထုပ်ကြီးများကို ဖင်ခုထိုင်ကြသောကြောင့် ဦးနေ၀င်းတယောက်မှ လူပုလေးတဦး ဖြစ်သွားရှာသည်ကို စာနယ်ဇင်းဆရာကြီးများ ကျိတ်ကျိတ် တိုးတိုး ဟက်ဟက်ပက်ပက် ရယ်မိကြပါသည်။
ငါကိုယ်တော်သည် လူအများထက် အမြင့်မှာ ရှိစေရမည်ဟု ဖြစ်ချင်သလို ဖြစ်ရအောင် တိတိကျကျ စီစဉ်ထားစေကာမူ ဘ၀ဟူသည်မှာ ဖြစ်ချင်တိုင်း မဖြစ်ရသည်များလည်း ရှိတတ်ပါပေ၏။ ။
Friday, June 11, 2010
Friday, June 4, 2010
သားဖွားငှက်
ကျနော်လည်း ဘလော့ဂ်မှာ ဟုတ်တိပတ်တိ ပို့စ်မရေးဖြစ်ပဲ ဘီလူးတို့ရွာကိုပဲ ရိုက်တင်နေမိတယ်။ လုံးဝမရေးချင်လို့ မရေးပဲနေတာတော့ မဟုတ်ပါဘူး။ ရေးဖြစ်တာလေးတွေတော့ ရှိပါတယ်။ သိပ်မကြိုက်တာနဲ့ မတင်ဖြစ်တာပါ။ သူများတွေ ရေးထားတာကို “နတ်ကရာ ကြည့်မောရင်း” ကိုယ့်ဟာကိုယ်တော့ မရေးဖြစ်ဘူး ဖြစ်နေပါတယ်။ ပြီးတော့ ဘလော့ဂ်လောကမှာလည်း အရင်က ရေးအားကောင်းသူတွေတောင် စာရေးကျဲလာတာကို တွေ့ရတယ်။ သူတို့ကို ကြည့်ရင်း ကိုယ်ပါအချောင်ခိုသလို ဖြစ်နေတာလည်း တကယ်တော့ သိပ်မဟုတ်သေးပါဘူး။ ဒါနဲ့ ရေးအုံးမှပါ ဆိုပြီး အကြောင်းအရာ ရှာလိုက်တော့ “သားဖွားငှက်” ကို သွားတွေ့ပါတယ်။
“သားဖွားငှက်” ဆိုတာက ကျနော့်ဖာသာ နာမည်ပေးထားတာပါ။ တကယ်တော့ “ငှက်ကျား” ပါ။ ဒိန်းမတ်မှာ တခါတရံ အိမ်ရှေ့မှာ ငှက်ရုပ်တခုကို တွေ့ရတတ်ပါတယ်။

ငှက်နှုတ်သီးမှာ ပုခက်အသေးလေးတခုရယ်၊ ပုခက်ထဲမှာ ခလေးအရုပ်တခုရယ် ရှိပါတယ်။ ခလေးအရုပ်ကို ချိတ်တာဆိုတော့ ကျနော်က သားဆုပန်တယ်လို့ ထင်နေတာ၊ နောက်မေးကြည့်တော့မှ ခလေးမွေးဖွားကြောင်း အထိမ်းအမှတ်နဲ့ ချိတ်ဆွဲထားတာလို့ သိရပါတယ်။ “ငှက်ကျား” ရဲ့ သင်္ကေတကိုက လူဦးရေပွားစီးကြောင်းကို ပြတာပါတဲ့။ ငှက်လည်ပင်းမှာ စီးထားတဲ့ ဖဲကြိုးက အပြာရောင်ဆိုရင် ယောက်ျားလေး၊ ပန်းရောင်ဆိုရင် မိန်းခလေး မွေးဖွားကြောင်းပါတဲ့။
တကယ်တော့ ဒိန်းမတ်နိုင်ငံမှာ ၂၀၀၉ ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၅ သန်းခွဲ ရှိပြီး ဧရိယာအားဖြင့် မြန်မာနိုင်ငံရဲ့ ပြည်နယ်တခုစာလောက်သာ ကျယ်ဝန်းပါတယ်။ မိသားစု တစုချင်းစီအလိုက် သားသမီးယူတဲ့နှုန်းက ၁.၇ ရာနှုန်းသာ ရှိတော့တာမို့ တအိမ်ထောင်မှာ ခလေးက ၂ ယောက်တောင်မပြည့်ချင်တော့ပါဘူး။ ခလေးမွေးဖွားနှုန်းရယ် သက်ကြီးရွယ်အို သေဆုံးမှုနှုန်းရယ်က မတိမ်းမယိမ်းဖြစ်လာတဲ့အခါ ရေရှည် ဒီနိုင်ငံမှာ လူဦးရေက နည်းသထက်နည်းလာဖို့သာ ရှိပါတော့တယ်။ အဲဒါကြောင့်လည်း ဒိန်းမတ်နိုင်ငံအနေနဲ့ ကုလသမဂ္ဂရဲ့ ဒုက္ခသည် ပြန်လည်နေရာချထားရေး အစီအစဉ်အရ တနှစ်ကို လူငါးရာ လက်ခံနေရဆဲပါ။ ဒါကလည်း လူကို မွေးစားယူတဲ့ သဘောပါပဲ။
အခုနောက်ပိုင်း တခြားနိုင်ငံကနေ ၀င်လာသူတွေကတော့ ယခင်အရှေ့ဥရောပနိုင်ငံဟောင်းများမှ ဖြစ်ပါတယ်။ ပိုလန်နဲ့ ရိုမေးနီးယားအစရှိတဲ့နိုင်ငံများဟာ အီးယူအဖွဲ့ဝင် နိုင်ငံတွေ ဖြစ်လာတာမို့ အနောက်ဥရောပကို လာတဲ့အခါ ဗီဇာတွေဘာတွေ ယူစရာမလိုတော့ပါဘူး။ ဒိန်းမတ်မှာ ပိုလန်တွေနဲ့ ရိုမေးနီးယားတွေ အလုပ်လာလုပ် ကြတာတွေ့ရပါတယ်။ ဒါပေမယ့်လည်း အလုပ်ရှာရခက်တာရယ်၊ လူနေမှုစားရိတ်ကြီးမြင့်တာတွေရယ်ကြောင့် ကိုပင်ဟေဂင်မြို့တော်နားတ၀ိုက်က သစ်ပင်တွေရှိတဲ့ တောအုပ်တွေကြားထဲမှာ ရိုမေးနီးယားတွေ တဲထိုးပြီး အိပ်နေတာကို ရဲတွေက မောင်းထုတ်ကြောင်း သတင်းစာမှာ တွေ့ရပါတယ်။ တောထဲကနေပဲ မောင်းထုတ်လို့ရပါတယ်။ အီးယူအဖွဲ့ဝင်ထဲကဖြစ်တာကြောင့် နိုင်ငံကနေတော့ မောင်းထုတ်လို့ မရပါဘူး။
အခြားနိုင်ငံများမှ အလည်ဗီဇာနဲ့ဝင်လာပြီး နေထိုင်ခွင့်လျှောက်ထားသူကတော့ ကမ့်မှာသွားနေရပါတယ်။ မြန်မာတယောက် ကမ့်ဝင်တဲ့အကြောင်းကိုတော့ “အဝေးဆုံးနေရာ (သို့) Sandholm ကမ့်” ဆိုတဲ့ ပို့စ်မှာ ကျနော် ရေးခဲ့ဘူးပါသေးတယ်။
ကျနော်လည်း ဒိန်းမတ်တွေ သားသမီးရတနာရတဲ့အခါ အိမ်ရှေ့မှာ ငှက်ရုပ်ချိတ်ဆွဲတဲ့ ဓလေ့ကို ရေးရင်းနဲ့ လူဦးရေနဲ့ လူဝင်မှုအကြောင်းရောက်သွားတယ်။ တကယ်တော့ ဒိန်းမတ်တွေရဲ့ ယဉ်ကျေးမှုတွေကို လေ့လာတင်ပြသင့်ပေမယ့် ကျနော့်မှာ သူတို့ဆက်ဆံတဲ့အခါ ဘာသာစကားတံတိုင်းက ခံနေသေးတာမို့ အခက်အခဲတွေ ရှိနေသေးပါကြောင်း ပြောရင်းနဲ့ ဒီတပတ်တော့ ဒီမျှသာ ဟု …. ။ ။

Saturday, May 29, 2010
(၄၅) အာဏာကို လူထုလက်သို့ အကြိမ်ကြိမ်ပြန်အပ်ခြင်း (ကြေးမုံဦးသောင်း)
ခေါင်းဆောင်ကြီး ဗိုလ်ချုပ်နေ၀င်းသည် အာဏာရူးသူ၊ အာဏာကို ယစ်မူးသူမဟုတ်၊ အာဏာကို ရွံ့မုန်းသူ ဖြစ်သည်ဟု တပည့်များက ၀ါဒဖြန့်ကြသည်။ လူထုကြီးက ရွေးကောက်တင်မြှောက်ထားသော ဒီမိုကရေစီ အစိုးရလက်မှ နိုင်ငံရေးအာဏာကို အခြေအနေအရ၊ သမိုင်းပေးတာဝန်အရ တပ်မတော်က လုယူခဲ့ရရှာ စေကာမူ သူတို့အဖို့ မိမိရွံ့ရှာသော အာဏာကို ဆုပ်ကိုင်ထားရရှာသည့်အတွက် နာရီစက္ကန့်တိုင်း စိတ်မချမ်းမသာ ဖြစ်နေဟန် တူပါသည်။ အာဏာလုပြီး (၄) နှစ်မျှ ကြာသောအခါ ၁၉၆၆ ခုတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နှီးနှောဖလှယ်ပွဲ ကျင်းပစဉ်က `အာဏာကို မူလပိုင်ဆိုင်သူမှာ ပြည်သူလူထု ဖြစ်ပါတယ်။ ပြည်သူလူထုထံသို့ ပြန်အပ်ပါမည်` ဟု စတင်ပြောကြားပါသည်။
ဗိုလ်ချုပ်ကြီးနေ၀င်းက ကတိတည်ရှာပါသည်။ အာဏာလုယူပြီး (၉) နှစ်ကာလ ကြာသောအခါ ၁၉၇၁ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့ ပထမအကြိမ် မဆလပါတီညီလာခံတွင် `တကယ့် တိုင်းပြည်အာဏာ မူပိုင်ရှင်ဖြစ်တဲ့ လူထုထဲသို့ ရောက်အောင် ပြန်အပ်မှာပါပဲ။ တပြည်လုံးက လူထု ကိုယ်စားလှယ်များလက်သို့ ပြန်မအပ်နိုင်သေးသဖြင့် ပြည်သူ လူထု၏ တစိတ်တဒေသ ဖြစ်တဲ့ ကျနော်တို့ပါတီကိုတော့ ပြန်အပ်ပါပြီ` ဟု မိန့်ခွန်းပေးကာ အာဏာထုပ်ကြီးကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသို့ လွှဲအပ်ပေးခဲ့ပါသည်။
ခက်နေသည်မှာ ပါတီက ယခုမှ ပထမညီလာခံကျင်းပသည်ဖြစ်နေရာ အာဏာထုပ်ကြီးကို လက်မှ ပိုက်ထားနိုင်လောက်အောင် အင်အားမရှိဖြစ်နေသည်။ အာဏာဆိုသည့် အာဏာကလည်း သင်္ကြန်စာထဲမှ ဗြဟ္မာ ကြီး၏ ဦးခေါင်းလို မြေမှာချ၍မရ၊ ရေထဲသို့လည်း မျှော၍မရသည့် အထုပ်ကြီးဖြစ်နေသောကြောင့် ပါတီခေါင်းဆောင်များက မလုပ်တတ်၊ မကိုင်တတ်၊ မယူနိုင်၊ မယူရဲ ဖြစ်သွားကြပါသည်။ အာဏာထုပ်ကြီးကို မည်သူ့ထံတွင် ထားကြမည်နည်းဟု ပါတီဗဟိုကော်မတီဝင်များ ကြာမြင့်စွာ ညှိနှိုင်းဆွေးနွေးကြရပါသည်။
အာဏာထုပ်ကြီ်းကို သိမ်းစရာနေရာမရှိသောကြောင့် ပါတီခေါင်းဆောင်များက တော်လှန်ရေးကောင်စီကိုပင် ပြန်အပ်ကြရပြန်ပါသည်။ လူထုက ရွေးကောက်တင်မြှောက်သော ပြည်သူတို့ ကိုယ်စားလှယ်များ လွှတ်တော် ပေါ်မလာသေးမီ ကာလတွင် အာဏာကို ခေတ္တခဏ ထိန်းထားပါဦးဟုလည်း ပြန်လည်အပ်နှင်းပြန်ပါသည်။
တော်လှန်ရေးပါတီဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်းက မဆလပါတီဥက္ကဋ္ဌကြီး ဗိုလ်ချုပ်နေ၀င်းထံ အပ်နှင်းလိုက်သည့် အာဏာထုပ်ကြီးသည် ညီလာခံပြီးသောအခါတွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်း၏ စစ်လွယ်အိတ်တွင်းသို့ပဲ ပြန်ရောက်သွားပါသည်။ သူ့ခမျာ စိတ်မချမ်းမသာနှင့် ပြန်ယူရရှာပြန်ပါသည်။
ဗိုလ်ချုပ်ကြီးနေ၀င်းသည် အာဏာကို မလိုချင်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ အာဏာစွန့်နိုင်ရေးကို အစွမ်းကုန် ကြိုးစားသောကြောင့် ၁၉၇၄ ခု၊ မတ်လ (၂) ရက်နေ့တွင် လူထုကြီးက ရွေးကောက်တင်မြှောက်သော ပြည်သူ့လွှတ်တော် ပေါ်လာသောအခါတွင် အာဏာကို ပြည်သူလူထု၏ လက်သို့ လွှဲပြောင်းပေးနိုင်ခဲ့ပါသည်။
(၁၂) နှစ် ကာလပတ်လုံး စိတ်မချမ်းမသာဘဲနှင့် ထိန်းသိမ်းထားရသည့် အာဏာထုပ်ကြီးကို စစ်ဝတ်စုံ ၀တ်ဆင်ထားခဲ့သူ ဗိုလ်ချုပ်ကြီးနေ၀င်း၏ တောင်ရှည်ပုဆိုး ၀တ်ဆင်ထားသော အရပ်သားကြီး၊ ပင်စင်စားကြီး ဦးနေ၀င်း၏ လက်သို့ လွှဲပြောင်းပေးလိုက်ပါသည်။ ချက်ချင်းပဲ အစိုးရ၏ အသွင်သဏ္ဍာန်မှာ လူထုကိုယ်စားလှယ် အစိုးရ ဖြစ်သွားပါသည်။
ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရန် လုပ်ဆောင်ရသည်ကလည်း မလွယ်ပါ။ ပထမ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ကို ရေးရပါသည်။ အဖွဲ့ဝင် (၉၇) ဦးပါဝင်သော ကော်မီတီက လူထုကြီးက လိုလားသည့် အချက်များကို လူထုဆန္ဒနှင့်အညီ ရေးသားရပါသည်။ ရေးသားပြီးစီးသော ပထမမူကြမ်း၊ ဒုတိယမူကြမ်း၊ တတိယမူကြမ်းတို့ကို လူထုကြီးထံ ပြန်လည်တင်ပြပါသည်။ ပြီးတော့မှ ဆန္ဒခံယူပွဲ ကျင်းပပါသည်။
၁၉၇၃ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အတည်ပြုရေး တပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေကို တော်လှန်ရေးကောင်စီက ၁၉၇၃ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့က ထုတ်ပြန်ပြီး ဒီဇင်ဘာလထဲ၌ ဆန္ဒခံယူပွဲများကို အမြို့မြို့အရွာရွာတို့တွင် ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ပါသည်။
လူထုဆန္ဒခံယူပွဲတော်ကြီးတွင် တင်မောင်တို့ သတင်းစာဆရာများ၊ စာရေးဆရာများနှင့် ဇာတ်သဘင် အနုပညာရှင်များ၊ ရုပ်ရှင်မင်းသားမင်းသမီးများတို့ပါ တတပ်တအား ပါဝင်ကြရပါသည်။ စာရေးသူတို့အားလုံး စင်မြင့်ပေါ်တက်ပြီး လူထုကို ပညာပေးရပါသည်။ အဖွဲ့ငယ်များဖွဲ့ပြီး မြို့နယ်ကျေးရွာ ရပ်ကွက်များတို့မှာ ဟောပြော ပွဲများ ကျင်းပကြရာတွင် အနုပညာရှင်များက သီဆိုကခုန် ဖျော်ဖြေပြီး စာပေပညာရှင်တို့က ဟောပြောကြရပါသည်။
လူထုကြီးနှင့် ညှိပြီးရေးသားသော အခြေခံဥပဒေမူကြမ်းကြီးကို ဖတ်ကြည့်သောအခါတွင် တင်မောင်မှာ ကျောချမ်း မိသည်။ ဥပဒေနှင့်မတူဘဲ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရဟု ရေးထားသဖြင့် စည်းကမ်းကြီးသည့် ကျောင်းတကျောင်း၏ ကျောင်းစည်းကမ်းနှင့် တူနေသည်ကို တွေ့ရပါသည်။ မလုပ်ရဟု တားမြစ်ထားသည်သာမက ပြုလုပ်ပါက အပြစ်ပေးမည်ဟူသော အချက်များက များပြားလှသည်။
အခွင့်အရေးများလည်း မြောက်မြားစွာ ပေးထားပါသည်။ ပုဒ်မ (၁၅၇) တွင် နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ ဟောပြောရေးသားထုတ်ဖော်ခွင့် ရှိသည်ဟု ခိုင်မာစွာ ပါရှိပါသည်။ အလွန်ကောင်းပါ၏။ သို့သော် အောက်မှ စာပိုဒ်တွင် ယင်းအခွင့်အရေးများကို လုပ်သားပြည်သူများနှင့် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ဆန့်ကျင်သမှု မပြုလေမှသာ ရရှိမည်ဟု ချုပ်ချယ်မှု ပါနေပါသည်။ ပုဒ်မ (၁၅၆) တွင် နိုင်ငံသားတိုင်း လွတ်လပ်စွာ တွေးတော ရေးသားခွင့်၊ အနုပညာဖန်တီးခွင့် ရှိသည်ဟု ဖော်ပြထားစေကာမူ အထက်ပုဒ်မပါ အခွင့်အရေးများသည် ဆိုရှယ်လစ်စီးပွားရေးစနစ်နှင့် နိုင်ငံတော်၏ ညီညွတ်မှုကို ဆန့်ကျင်သမှု မပြုရဟု ကန့်သတ်ထားပြန်ပါသည်။ အပြစ်ကျူးလွန်ပါက ပြစ်ဒဏ်ပေးမည်ဟုလည်း ခြိမ်းခြောက်ထားပါသည်။
ကြီးမားသော နှောင်ကြိုးကြီးများ တုပ်နှောင်ထားသည့် ဥပဒေမူကြီးကို လူထုက ထောက်ခံကြရန် ဟောပြောရေးကို တာဝန်ယူပါဟု တင်မောင်တို့ရုံးမှ အထက်အရာရှိ၏ အမိန့်အရ စင်မြင့်ပေါ်တက်ပြီး ပြောရပါသည်။ တင်မောင်က `အခြေခံဥပဒေဆိုတာ အုပ်ချုပ်သူ လူတန်းစားနဲ့ အုပ်ချုပ်ခံ လူတန်းစားတို့ရဲ့ စာချုပ်သာဖြစ်တာကြောင့် သေသေ ချာချာ လေ့လာဖတ်ရှုကြပါ` ဟု ပြောမိပါသည်။
တင်မောင်တို့အဖွဲ့က ဟောပြောပွဲ (၂၀) ဟောကြရန် တာဝန်ပေးထားပါသည်။ ပွဲ (၆) ပွဲသာ ပြောပြီးသောအခါ၌ အဖွဲ့ခေါင်းဆောင်က တင်မောင်အား တိုးတိုးတိတ်တိတ် ပြောပါသည်။ `ကိုယ့်လူ ဆက်မဟောပါနဲ့၊ အဖွဲ့ခရီးထွက်ရာမှာလဲ မလိုက်ပါနဲ့တော့` တဲ့။
`ဘာဖြစ်လို့လဲဗျာ` ဟု မေးသောအခါ `ခင်ဗျားဟောတာတွေကို အထက်က မကြိုက်ဖူး၊ ခင်ဗျားမို့ သည်းခံတာ။ တခြားလူ ဒီလိုဟောလျှင် အင်းစိန်ထောင်ရောက်သွားမှာပေါ့` သူက ပြောပါသည်။ တင်မောင် ဆက်လက်ဟောပြောခြင်း မပြုစေကာမူ လူထုက ထောက်ခံကြပါသည်။
တပြည်လုံးမှာရှိသော မဲပေးနိုင်ခွင့်ရှိသူတို့၏ (၉၅) ရာခိုင်နှုန်းက မဲပေးကြပါသည်။ ထောက်ခံမဲ (၁၄.၇၆၀.၀၃၆) တို့က ထောက်ခံကြပါသည်။ အစုစု (၉၀.၁၉) ရာခိုင်နှုန်းသော လူထုကြီးက ထောက်ခံကြပါသည်။
စစ်အစိုးရခေတ်မှာ ပထမဆုံးကျင်းပသော မဲဆန္ဒပေးပွဲ အစီအစဉ်မှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။ မဲဆန္ဒရှင် (၂၀၀) ခန့်တွင် မဲရုံတရုံထားပါသည်။ လွယ်ကူစွာ မဲပေးနိုင်ရန် မဲရုံအများ ထားရှိသည်ဟု ဆိုပါ၏။ ကွပ်ကဲသူ တပ်ကြပ်ကြီးဟောင်း၊ စစ်သားဟောင်းများက မည်သည့်မိသားစု၊ မည်သည့်မဲပုံးထဲ၌ မဲထည့်သည့်ကို တွက်ချက်သိ နိုင်ရန် စီစဉ်ထားသဖြင့် မည်သူမှ ဆန့်ကျင်မဲ မပေးဝံ့ကြပါ။ အချို့ကမူ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ဟေ့ဆိုကာ ဆန့်ကျင်မဲအနက်ပုံးထဲသို့ မဲထည့်ကြပါသည်။
တင်မောင်တို့ မိသားစုတွင် မဲပေးနိုင်သူ (၄) ဦးရှိပါ၏။ တဖက်ခန်းမှ စိတ်တူကိုယ်တူ မိသားစုက (၆) မဲရှိပါသည်။ တဘက်ခန်းမှ အိမ်ထောင်ဦးစီးဖြစ်သူ ကိုဘတုတ်က သူ၏ဈေးဆိုင်ကို ပြည်သူပိုင် အသိမ်းခံထားရသဖြင့် စိတ်နာနေသူ ဖြစ်ပါသည်။ အခြေခံဥပဒေကြီးကို အသေးစိတ်ဖတ်ရှုပြီး ပုဒ်ထီးပုဒ်မမှန်သမျှ မကောင်းပုံ၊ ဖိနှိပ်ပုံများကို ပြင်းပြင်းထန်ထန် ဝေဖန်ပါသည်။ သူက အခြားသူများထံ မပြောဝံ့ဘဲ စိတ်ချသည့် တင်မောင်ကိုသာ ပြောသဖြင့် နားပူခဲ့ရပါသည်။ `ပိတ်ထားတဲ့ မဲပေးခန်းထဲမှာမှ မှန်တယ်ထင်တာကို မဲမပေးဝံ့လျှင် သူရဲဘော ကြောင်တာပေါ့` ဟု သူပြောတာကို နားထဲမှ ထုတ်မရပါ။ တင်မောင်တို့ မိသားစုလည်း နိုင်ငံသားတို့၏ အခွင့်အရေးကို သုံးပြီး အနက်မဲပုံးထဲသို့ မဲထည့်ခဲ့ပါ၏။ မဲ (၂၀၀) အနက် မဲ (၄၀) ခန့် ဆန့်ကျင်မဲ ထွက်လာမည်ဟု မျှော်လင့်ခဲ့မိသည်။
သို့သော် မဲပုံးများဖွင့်ပြီး မဲရေကြသောအခါ ရပ်ကွက်ကောင်စီလူကြီး၊ ဗိုလ်ကြီးဟောင်း၊ ဗိုလ်ကတော်နှင့် တပ်ကြပ်ကြီးတို့က ထခုန်ပြီး ကွေးနေအောင် ကကြပါတော့သည်။ `တို့မဲပုံးက အားလုံးဖြူတယ်ဟေ့` ဟု အော်ဟစ်ကြပါသည်။
တင်မောင်က မိမိအနားတွင်ရှိသူ ကိုဘတုတ်၏ မျက်နှာကို ကြည့်မိပါသည်။ တင်မောင်တို့ ထည့်ထားသော အနက်မဲများကို ပဉ္စလက်နည်းနှင့် ပျောက်အောင် ဖျောက်နိုင်ကြသည်ကို အံ့သြဟန်နှင့် ငိုင်သွားရှာပါသည်။ ဆက်လက်၍ အဖြူမဲအောင်ပွဲကို အရပ်သားများကပါဝင်ပြီး ကကြသောအခါ ကိုဘတုတ်တယောက်လည်း ပါဝင်ကာ ကရရှာတော့သည်။
`ဟဲဟဲ … အင်းစိန်ထောင်ပြန် သူရဲကောင်းကြီးဖြစ်တဲ့ တင်မောင်လည်း သိကြားသားမဟုတ်လေတော့ ၀င်ပြီး မကခဲ့ပေမယ့် စတိအားဖြင့် လက်ခုပ်တီးခဲ့ရပါတယ်။ အများမိုးခါးရေ သောက်နေကြတဲ့အချိန်မှာ ကိုယ်က အိုင်စကလင်စားနေလို့ မတော်ဘူး၊ မဟုတ်လား` ။ ။

Saturday, May 15, 2010
(၄၄) ငိုရ၊ ရယ်ရသော သတင်းပိတ်ဆို့မှုများ (ကြေးမုံဦးသောင်း)
သတင်းများကို ပိတ်ဆို့ရသော အတွေ့အကြုံများသည် ရံဖန်ရံခါတို့တွင် ငိုရ၊ ရယ်ရနှင့် များစွာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။
တခါက ရန်ကုန်မြို့တွင် ကျောင်းသားများ၏ ဆန္ဒပြပွဲတခု ဖြစ်ပွားပါသည်။ ကျောင်းသားတို့က ဆူပူအော်ဟစ်နေကြ သည်ကို ရဲတို့က ပစ်ခတ်နှိမ်နင်းသောကြောင့် အသေအပျောက် ရှိပါသည်။ နိုင်ငံခြားသားသတင်းထောက်တဦးက ဦးဦးဖျားဖျား သတင်းရေးပြီး ကြေးနန်းပို့ပါသည်။ ကျောင်းသားများ ဆန္ဒပြပွဲကို ရဲတို့က ပစ်ခတ်နှိမ်နင်းရာမှ ကျောင်းသား (၄) ဦး သေဆုံးရခြင်း စသည်ဖြင့် သတင်းရေးပါသည်။
နိုင်ငံခြားသို့ ထွက်သော ကြေးနန်းသတင်းများကို စီစစ်ရန် စစ်စုံထောက်တဦးကို ကြေးနန်းရုံးတွင် တာဝန်ချထား ပါသည်။ တာဝန်ကျသည့် စစ်ဗိုလ်က သတင်းထောက်ကို ခေါ်ယူတွေ့ဆုံပြီး ဆန္ဒပြပွဲမှာ လူမသေဘဲနှင့် ပုံကြီးချဲ့ရေးထားသောကြောင့် ခွင့်မပြုနိုင်ဟု ငြင်းသည်။ သတင်းထောက်ရေးထားသည့် ကျောင်းသား (၄) ဦး သေဆုံးခြင်းဟူသည့် စာပိုဒ်ကို ဖြုတ်ပေးရမည်။ ဆန္ဒပြပွဲ ဖြစ်ပွားသည်ဟူသော စာပိုဒ်များကိုသာ ကြေးနန်းရိုက်ခွင့် ပြုမည်ဟု ပြောပါသည်။
သတင်းထောက်က `ကျုပ်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ သတင်းဖြစ်ပါတယ်။ ကျောင်းသား (၄) ဦး သေနတ်မှန်ပြီး ကျဆုံးတာ မြင်ရပါတယ်` ဟု ဘုရားစူး မိုးကြိုးပစ် ကျိန်တွယ်ပြီး အယူခံဝင်လေသည်။
သတင်းပိတ်စစ်ဗိုလ်နှင့် သတင်းထောက်တို့ အချိန်အတော်ကြာ ငြင်းခုံကြသည်။ နိုင်ငံခြားသွား ကြေးနန်းသတင်း များကို အလျင်အမြန် ထွက်ခွင့်ပြုရမည်ဟူသည့်မူက ရှိနေသဖြင့် စစ်ဗိုလ်က လျော့ပေးပါသည်။ သတင်းထောက် ကလည်း လျောပေးရပါသည်။ နှစ်ဦးနှစ်ဝ ဆွေးနွေးဈေးဆစ်ကြပြီးနောက် ကျောင်းသားဆန္ဒပြပွဲတွင် ရဲတို့က ပစ်ခတ်သဖြင့် ကျောင်းသားနှစ်ဦး သေဆုံးခြင်း သတင်းကို ပို့ခွင့်ရပါသည်။
သတင်းမှန်မှာ ကျောင်းသားတယောက်သာ သေဆုံးပါသည်။ ထိုကဲ့သို့ ခိုးလိုးခုလု အူကလိအူကလာ ဖြစ်ရပ်များ သတင်းထောက်လောက၌ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။ ရန်ကုန်တွင် တာဝန်ယူရသည့် နိုင်ငံခြားသား သတင်းထောက်များမှာ အခက်အခဲများ ရှိသည်ကို နိုင်ငံခြားမှ သတင်းကိုယ်စားလှယ်တိုက်များတွင် အယ်ဒီတာမင်းများက မသိရှာကြပါ။ ဗမာပြည်၌ ဖြစ်ပွားသည့်သတင်း၊ ဗမာပြည်မှ လာသည့် သတင်းများကိုလည်း နားမလည်နိုင်ကြသည်ကို ကြုံတွေ့ရလေ့ရှိသည်။ တခါတွင် ရှမ်းပြည်၌ မီးရထားတစင်း မီးလောင်သောကြောင့် ခရီးသည် (၃၉) ဦး သေဆုံးပါသည်။ သတင်းထောက်က အဖြစ်အပျက်အမှန်အတိုင်း သတင်းရေးပို့ခဲ့ပါသည်။ လူစီးတွဲတွင်းတွင် ဖယောင်းတိုင် ထွန်းညှိထားကြောင်း၊ တနေရာတွင် ရေနံဆီပုံးမှ ရေနံဆီယိုရာက ဖယောင်းတိုင်မီးနှင့် ရေနံဆီ တွေ့ကြရာက မီးလောင်ကျွမ်းရကြောင်း စသည်ဖြင့် ရေးပြီး ကြေးနန်းရိုက်လိုက်ပါ သည်။
အပြည့်အစုံရေးသားပေးပို့သော ထိုသတင်းကို သတင်းဌာနမှ တိုက်ထိုင် အယ်ဒီတာမင်းများက နားမလည်သော ကြောင့် မကျေနပ်နိုင်သဖြင့် ချက်ချင်းကြေးနန်းရိုက်ပြီး မေးခွန်းထုတ်ပါသည်။ `မီးရထားအတွဲထဲမှာ ဘာကြောင့် ဖယောင်းတိုင်ထွန်းရတာလဲ` ဟု မေးရှာပါသည်။
ထိုအခါ သတင်းထောက်က မြန်မာပြည်တွင် လျှပ်စစ်မီးသီးများ ရှားပါးနေကြောင်း၊ ရထားတွဲများက မီးလုံးများကို မသမာသူတို့က ဖြုတ်ခိုးကြသဖြင့် လူစီးတွဲများမှာ မှောင်မည်းနေလေ့ရှိကြောင်း။ ထို့ကြောင့် ခရီးသည်များက ဖယောင်းတိုင်ယူလာကြပြီး ထွန်းညှိကြရကြောင်းနှင့် အကျယ်တ၀င့် ကြေးနန်းပြန်ရပြန်ပါသည်။
တိုက်ထိုင်အယ်ဒီတာက နားမလည်နိုင်ပြန်သောကြောင့် ကြေးနန်းတစောင် ထပ်မံရိုက်ကြားပြီး မေးပြန်ပါသည်။ `ဘာကြောင့် လူစီးတွဲမှာ ရေနံဆီပုံးက ရောက်နေရတာလဲ`ဟု မေးပြန်ပါ၏။
မီးသီးရှားလျှင် ရေနံဆီလည်း ရှာလေမည်ဟု အယ်ဒီတာက မသိရှာလေသောကြောင့် သတင်းထောက်ခမျာ `ရေနံဆီလည်း ရှားပါးသောကြောင့် ခရီးသည်များက မှောင်ခိုရေနံဆီပုံးများကို လူစီးတွဲတွင် သယ်ယူလာလေ့ ရှိပါတယ်` ဟု အကြောင်းပြန်လိုက်ရလေသည်။
ထိုအချိန်က ရေနံဆီ များစွာရှားပါးလှပါသည်။ အထက်ဗမာပြည်တွင် ရေနံဆီမီးခွက်များ ပျောက်ကွယ်သွား ပါသည်။ ရွှေဘိုနယ်မှ ရေလျှံသောအခါ၌ သစ်ပင်ချုံပုတ်များတွင် ခိုအောင်းနေသည့် မြွေများက ကျေးရွာအများမှ တဲအိမ်များပေါ်သို့ တက်ရောက်ခိုလှုံသောကြောင့် မြွေကိုက်မှုအမြောက်အမြား ဖြစ်ပေါ်ခဲ့ဖူးပါသည်။ ထိုသတင်းကို ဖော်ပြခြင်းမပြုရန် ပိတ်ရစဉ်က ရင်နင့်ခဲ့ရပါသည်။
တနေ့တွင် ဒု-၀န်ကြီးက တင်မောင်အား ခေါ်ပြီး `တိရစ္ဆာန်ဥယျာဉ်မှာ ဖြစ်ပွားတဲ့ ဆင်ဖြူတော်ကလေး သေဆုံးတဲ့ သတင်းကို သတင်းစာတွေမှာ မပါစေနဲ့` ဟု အမိန့်ပေးပါသည်။ တင်မောင်အဖို့ သတင်းပိတ်စေရန် အမိန့်ရသည့် အကြောင်းအရင်းကို စဉ်းစားမရနိုင်ဘဲ ခေါင်းရှုပ်သွားပါသည်။ ခါတိုင်းပိတ်သည့် သတင်းများက တပ်မတော်၏ သိက္ခာကို ထိန်းရန်ကိစ္စ၊ ဦးနေ၀င်း၏ ဆွေမျိုးများ ဂုဏ်ပျက်စေမည့် မကောင်းသတင်းများ ကိစ္စများ ဖြစ်ပါသည်။ ဆင်ဖြူတော်ကလေးသည် ဦးနေ၀င်းမိသားစုနှင့် ဆွေမျိုးတော်သည်ဟု မဖြစ်နိုင်ပါ။ `ဘာပြုလို့ သတင်းပိတ်ရတာ လည်း ၀န်ကြီးရဲ့` ဟု မျက်နှာချိုသွေးပြီး မေးမိပါသေးသည်။ `လျှာမရှည်နဲ့ဗျာ၊ ၀န်ကြီးအမိန့်ဗျ။ ဒီသတင်း သတင်းစာတွေမှာ မပါစေနဲ့တဲ့။ အထက်ကလာတယ်` ဟု ငေါက်သောကြောင့် ကိုယ်ရှိန်သတ်ပြီး ပြန်ခဲ့ရပါသည်။ တာဝန်ဝတ္တရားအတိုင်း သတင်းစာ အယ်ဒီတာချုပ်ကြီးများထံ ထပ်ဆင့်အမိန့်ထုတ်ခဲ့သဖြင့် ထိုသတင်းသည် မည်သည့်သတင်းစာမှ မပါခဲ့ပါ။ နိုင်ငံခြားသတင်းထောက်များ မသိလိုက်ကြသဖြင့် ကမ္ဘာကလည်း မသိလိုက်ပါ။
ဆင်ဖြူတော်ကလေး သေသည်ကို အရေးတကြီး သတင်းပိတ်သည်ကို တင်မောင်က ဘ၀င်မကျပါ။ ဆင်ဖြူတော် ကလေး၏ နာရေးသတင်းကို ဝေဿန္တရာဇတ်တော်နှင့် ဆက်စပ်ပြီး ဆောင်းပါးရေးရန် စဉ်းစားနေသဖြင့် အကြံပျက် ရသောကြောင့် မကျေနပ်နိုင်ပါ။ ဇာတ်ကြီးဆယ်ဘွဲ့ထဲတွင် ဆင်ဖြူတော်တို့၏ ဂုဏ်တန်ဖိုးကို အကျယ်တ၀င့် ရေးထားပါသည်။ ကလင်္ဂရာဇ်ပြည်တွင် မိုးခေါင်သောကြောင့် ငတ်မွတ်ခေါင်းပါးပြီး ခိုးသားဓားပြတို့ ထကြွသဖြင့် စေတုတ္တရာပြည်တွင်ရှိသည့် ဆင်ဖြူတော်ကို အလှူခံကြသည့်အကြောင်း၊ ဝေဿန္တရာမင်းသားက ဆင်ဖြူတော် သာမက ဆင်ဖြူတော်တွင် ဆင်ထားသော တန်ဆာများကိုပါ လှူလိုက်သဖြင့် ပြည်သူတို့က ဒေါသူပုန်ထသော ကြောင့် တောသို့နှင်ခဲ့သည့် ဇတ်လမ်းသည် ရေးရန် အကွက်ကောင်းပါသည်။ ထို့ကြောင့် အကြောင်းရင်းကို သလိုသဖြင့် တိရစ္ဆာန်ဥယျာဉ်သို့ ကိုယ်တိုင်သွားပြီး စနည်းနာမိပါသည်။ ဘုရား-ဘုရား ဘုရားတမိပါသည်။ ဆင်ဖြူတော်ကလေး သေရသည်မှာ အစာငတ်သဖြင့် သေရသည်တဲ့။
ဥယျာဉ်မှ တိရစ္ဆာန်များကို အစာကျွေးရန်အတွက် အစိုးရက ဘတ်ဂျတ်ငွေ လုံလောက်စွာ ပေးထားပါသည်။ သို့ပါလျက် အစာငတ်သဖြင့် အစာအိမ်တွင် အူကိုအူချင်း ကြိတ်သောကြောင့် သေရပါသည်။
ဆင်ဖြူတော်ကလေးသည် ဦးနု၏ ဖဆပလ ဒီမိုကရေစီအစိုးရခေတ်က ပေါ်ခဲ့ပါသည်။ ဗိုလ်ချုပ်ကြီးနေ၀င်းက သူ၏ခေတ်တွင် ဆင်ဖြူရတနာ ရှိနေသည်ကို မင်္ဂလာယူနေသဖြင့် ဆင်ဖြူတော်ကလေး သေရသည်ကို မကျေနပ် နိုင်သောကြောင့် ဆရာဝန်များနှင့် စစ်ဆေးစေပါ၏။ ဆင်ကလေးကို X-ray ဓာတ်မှန်ရိုက်ကြည့်သောအခါ အစာငတ်သောကြောင့် အစာအိမ်အူကွဲပြီး သေရသည်ဟု သိကြရပါသည်။
ဆက်လက်ပြီး စုံစမ်းရာ တိရစ္ဆာန်ဥယျာဉ်ကို စစ်တပ်က အပိုင်သိမ်းထားသဖြင့် ဖြစ်ရသည်ဟု သိရပါသည်။ တော်လှန်ရေးအစိုးရ တက်လာစကာလက အစိုးရဌာနမှန်သမျှကို ဦးစီးရန် စစ်ဗိုလ်ကြီးများကို တာဝန်ပေးသောအခါ၌ တိရစ္ဆာန်ဥယျာဉ်ကို အုပ်ချုပ်ရန် ဗိုလ်မှူးကြီးလှအောင်အား တာဝန်ပေးခဲ့ပါသည်။ စစ်ဗိုလ်ကြီးက သူရောက်လာသည်နှင့် မူလက ရှိနေသူ အရပ်သားအမှုထမ်းများ ဖြုတ်ပါသည်။ ဥယျာဉ်ထိန်းသိမ်းမှု အထူးပညာရှင် ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းကို အပြစ်ရှာသည်။ အပြစ်ရှာမရသောကြောင့် အင်းစိန်ထောင် သိုပ ပို့လိုက်သည်။ (၆) နှစ်မျှ ခံလိုက်ရရှာပါသည်။
မူလက အုပ်ချုပ်ရေးမှူးနှင့် ကျွမ်းကျင်သူ အရပ်သားဝန်ထမ်းများကို အလုပ်မှ ဖြုတ်ပြီး သူ၏တပ်မှ စစ်သားများ၊ စစ်သားဟောင်းများကို အစားထိုးခန့်ထားခဲ့ပါသည်။
ထိုအချိန်က အစိုးရက ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တည်ဆောက်လိုက်သောကြောင့် တပြည်လုံး စားနပ်ရိက္ခာ ရှားပါးသွားလေသဖြင့် စစ်သားဟောင်း ဥယျာဉ်မှူးဝန်ထမ်းများက တိရစ္ဆာန်များကို ကျွေးရမည့် အစာများကို မကျွေး တော့ဘဲ ခိုးယူကာ မိသားစုပါ စားသောက်ကြသည်ဆိုပါသည်။ ဆင်ကလေးသာမက အကောင်ပလောင် အငယ်စားကလေးများတို့လည်း သေကျေကုန်ကြပါသည်။ ကျားကြီးများနှင့် ခြင်္သေ့တို့ပင် သေလုလု ပိန်လှီနေပြီကို တွေ့ကြရသည်။ အမှုကို ဦးနေ၀င်းကိုယ်တိုင် သိရှိပြီး ဆူပူဆဲရေးမှ ဥယျာဉ်က တိရစ္ဆာန်များ၏ အစာကို ခိုးယူသုံးစွဲမှု ရပ်ဆိုင်းသွားခဲ့သည်။
ဤသို့သော ဖြစ်ရပ်မျိုးများမှာ စာရေးဆရာများက စိတ်ကူနှင့် တီထွင်ရေးသားရန် မဖြစ်နိုင်ပါ။ မြန်မာနိုင်ငံတွင်သာ စစ်အစိုးရခေတ်မှာသာ ဖြစ်နိုင်ပါသည်။ အခြားခေတ်၊ တခြားနိုင်ငံများမှာလည်း မဖြစ်နိုင်လောက်အောင် ဆန်းကြယ်လှပါသည်။ ။

Sunday, May 9, 2010
(၄၃) ပိတ်စေအမိန့်မှ သတင်းအစများ (ကြေးမုံဦးသောင်း)
တင်မောင်အဖို့ သက်တောင့်သက်သာနှင့် လွယ်ကူသော အလုပ်များလည်း ရှိပါသည်။ သတင်းများကို မှောင်ချရသည်။ ပိတ်ရသည်မှာ လွန်စွာ လွယ်ကူပါသည်။ `ဟောဒီ - ဟောဒီ သတင်းကို မထည့်နှင့်လို့ အထက်က ညွှန်ကြားပါတယ်` ဟု အယ်ဒီတာချုပ် (၇) ဦးကို ထပ်ဆင့် ပြောပြရုံသာ ဖြစ်ပါ၏။
တခုကောင်းသည်မှာ ၀န်ကြီးများက သတင်းပိတ်ရန် အမိန့်ပေးသောအခါတွင် ပိတ်စေဟု ညွှန်သော သတင်းကို ၀န်ကြီးများက ဖွင့်ပြောကြရသောကြောင့် သတင်းမှန်ကို သိခွင့်ရလိုက်သည်။ ၁၉၇၆ ခုနှစ်က နေ့တနေ့တွင် ဒု-၀န်ကြီးက တင်မောင်အား ခေါ်ပြီး မေးပါသည်။ `ခင်ဗျားတို့ ကြားကြပြီလား` ဟု သူက မေးသည်ကို `ဘာမှ မသိရပါဘူးခင်ဗျား` ဟု တင်မောင်က မဆိုင်းမတွ ဖြေလိုက်သည်။ အမှန်အားဖြင့် တစွန်းတစသိပြီးဖြစ်သည်။ တိတိကျကျသာ မသိသေးစေကာမူ စစ်တပ်တွင်းတွင် ကျိတ်ပြီး စစ်ဗိုလ်တွေကို အဖမ်းအဆီးရှိနေသည်ကို ခပ်သဲ့သဲ့ သတင်းထွက်နေပါသည်။ သတင်းအနံ့ရရှိသော်လည်း သတင်းကို ရေးရန်မဆိုထားဘိ၊ သတင်းအဆက်ကို စုံစမ်းရန်ပင် ပြည်သူပိုင် သတင်းစာဆရာကြီးများက သတ္တိမရှိကြပါ။
`ဗိုလ်ကြီးအုန်းကျော်မြင့်ကို ခင်ဗျားသိလား၊ ဒီကောင်လေးက တော်တော်မိုက်တယ်ဗျာ` ဟု အစချီပြီး ဗိုလ်ချုပ်ကြီး နေ၀င်း၊ စစ်စုံထောက်ချုပ်ကြီး၊ ဗိုလ်တင်ဦး၊ သမ္မတကြီး ဦးစန်းယု … စသည့် ထိပ်သီးကြီးများကို ဖယ်ရှားရန် ကြံစည်သော လုပ်ကြံမှုကြီးအကြောင်းကို သူက အသေးစိတ်ပြောပြပါသည်။
စစ်တပ်တွင် ဗိုလ်သင်တန်းမှ ဆင်းလာသည့် စစ်ဗိုလ်အသစ်ကလေးများကို ငှက်တော၊ ခွေးတော၊ ကျည်ဆံတော ဖြစ်သော နယ်စပ်ဒေသသို့ ပို့လေ့ရှိပါသည်။ စာတော်သူ၊ အရည်အချင်းထက်သူများကိုမူ စစ်ရုံးချုပ်မှ ဗိုလ်မှူးကြီးများက ခေါ်ယူပြီး ကိုယ်ရေးအရာရှိ ခန့်လေ့ရှိသည်။ ဗိုလ်ကြီးအုန်းကျော်မြင့်ကို ဗိုလ်သင်တန်းဆင်း အနေနှင့် ဒု-ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီးအေးကိုက ကောက်ယူပြီး ကိုယ်ရေးအရာရှိ ခန့်လိုက်သည်။ ပညာခံ ကောင်းပြီး ရိုးသားသူ ဗိုလ်ကြီးအုန်းကျော်မြင့်က အမျိုးနှင့် တိုင်းပြည်အတွက် ဆောင်ရွက်မည်ဟူသော မျိုးချစ်စိတ် နှင့် တပ်တွင်းသို့ ၀င်လာသူဖြစ်လေရာ ရန်ကုန်မြို့တော်တွင် ရုံးထိုင်နေကြသော လူ့မလိုင်လူတန်းစား စစ်ဗိုလ်ကြီး များ၏ လောကကို မြင်ရသောအခါ လွန်စွာ တုန်လှုပ်ချောက်ချားမိသည်ဟု ဆိုပါသည်။
ဦးနေ၀င်း ကိုယ်တိုင်က စတင်ပြီး အပြောတမျိုး၊ အလုပ်တမျိုး၊ တိုင်းပြည်နှင့် စစ်တပ်ကို ညာလိမ်ပြီး ကိုယ်ကျိုးရှာ နေကြသည့် စားဖားကြီးများသာ ဖြစ်နေသည်ကို မျက်မြင်ကိုယ်တွေ့ သိရှိလာသည်ဟု ဆိုပါသည်။ လူထုကြီးအဖို့ ခက်ခဲကျပ်တည်းနေသည့် အချိန်တွင် ၀န်ကြီးများ၊ ပါတီခေါင်းဆောင်များ ဖြစ်နေသော စစ်ဗိုလ်ကြီးများက ဇိမ်ခံ ပစ္စည်းအမျိုးမျိုးနှင့် စည်းစိမ်ယစ်နေကြသည်ကို တွေ့ရသဖြင့် စိတ်မချမ်းမသာ ဖြစ်ရသည်ဟု သိရပါသည်။ မတရားမှုများ စာရင်းရှင်းရန်က မလွယ်ကူဘဲ ဦးနေ၀င်းနှင့်တကွ လာဘ်စားသူ စစ်ဦးစီးကြီးများ အသက်ရှည် လေလေ တိုင်းပြည်နစ်နာလေလေပဲဟု အဖြေကို သိလာသောကြောင့် လုပ်ကြံဖယ်ရှားရန် ရဲဘော်ရဲဘက် ဗိုလ်ကြီး (၄) ဦးနှင့် တိုင်ပင်ပြီး လျှို့ဝှက်ကြံစည်ပါသည်။
သူတို့၏ အကြံအစည်မှာ အောင်မြင်မှု မရကြရှာပါ။ သူတို့ (၄) ဦးနှင့် အခြားစစ်ဗိုလ် (၁၀) ဦးကို ဖမ်းခဲ့ပါသည်။ မူလက ကြားသိရသော သတင်းထက် ၀န်ကြီးက ပြောပြမှ သိရသည့်သတင်းက ပိုပြည့်စုံပါသည်။ ယင်းသတင်းစုံကို အယ်ဒီတာချုပ်ကြီးများကို တဆင့်တင်ပြပြီး ပုံနှိပ်ခြင်းမပြုရဟု တားမြစ်ရပါသည်။ နောက်ပိုင်းတွင် အမှုကို ခုံရုံးတင်မှပဲ ရေးကြရပါ၏။
ဝန်ကြီးက မပြောဘဲနှင့် မိမိတို့အသိနှင့် ပိတ်ရသည့် သတင်းများလည်း ရှိသည်။ ဥပမာ ဦးနေ၀င်းကတော် ဒေါ်ခင်မေသန်းသည် မှောင်ခိုကုန်ကူးသော မှောင်ခိုကုန်သည်ကြီး ဖြစ်ပါသည်။ နိုင်ငံခြားမှ ပြန်လာသောအခါတွင် ၀ယ်လာခဲ့သော စီးကရက်ကစပြီး ကက်ဆက်၊ အသံဖမ်းစက်အထိ မှောင်ခိုဈေးတွင် အမြတ်ကြီးစားကာ ရောင်းသူ ဖြစ်ပါသည်။ နိုင်ငံခြားသို့လည်း ကျောက်မျက်ရတနာများ မှောင်ခိုထုတ်လေ့ရှိပါသည်။ တချီတွင် ပြင်သစ်ပြည်၊ ပဲရစ်မြို့ လေဆိပ်တွင် မှောင်ခိုကျောက်များ ဖမ်းဆီးမိသဖြင့် အဖမ်းခံရသည့်သတင်းကို စာရေးသူတို့ မရေးဝံ့ခဲ့ပါ။
ဦးနေ၀င်း၏ညီ ဦးသိန်းညွှန့်အား လန်ဒန်သံရုံးတွင် ကုန်သွယ်ရေးအရှာရှိခန့်ထားစဉ်က ဆွစ်ဇာလန်မှ နာရီများကို အင်္ဂလန်ပြည်တွင်းသို့ မှောင်ခိုသွင်းသောကြောင့် အင်္ဂလိပ်အစိုးရက နှင်ထုတ်သည့်သတင်းကို နိုင်ငံခြားက ရရှိသဖြင့် စာရေးသူတို့ကပင် ၀န်ကြီးကို ပြန်ပြီး သတင်းပေးနိုင်ခဲ့ပါသည်။ ဦးနေ၀င်း၏ ဇနီးဟောင်း ဒေါ်တင်တင်၏ ဖဲဝိုင်းနှင့် ဦးနေ၀င်း၏ အကိုတော် သခင်လှကွန်း၏ ဖဲဒိုင်ကို စစ်စုံထောက်များက ဖမ်းသောသတင်းကိုမူ ၀န်ကြီးက မရေးကြနှင့်ဟု ပိတ်လေမှသာ သိရလေသည်။
ဖဲဝိုင်းများ မပိတ်ခင်က ဦးနေ၀င်းကတော်ဟောင်း ဒေါ်တင်တင်က ရန်ကုန်-မော်လမြိုင် မီးရထားကို ခေါက်တုန့် ခေါက်ပြန်စီးပြီး အခကြေးငွေ လက်ခံကာ ကျောက်များ၊ ရွှေများနှင့် နိုင်လွန်စသော နိုင်ငံခြားကုန်များ မှောင်ခို ကုန်သယ်နေသည်ကို သိကြပါလျက် မရေးရဲကြပါ။ ဦးနေ၀င်းဇနီးသစ် ဒေါ်နီနီမြင့်၏ ညီမ၊ ခယ်မတော်က အထည်အလိပ်များ မှောင်ခိုထုတ်သဖြင့် အဖမ်းခံရသော သတင်းကိုတော့ မရေးလေနှင့်ဟု ၀န်ကြီးက တားမှသာ တင်မောင်တို့ သိကြရပါ၏။
ပြည်သူပိုင်သတင်းစာများသည် တပ်မတော်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်နေ၀င်း၏ ဆွေတော်ရှစ်သောင်း မျိုးတော်ကောင်းတို့၏ မကောင်းမှုမှန်သမျှကို ဖုံးဖိနေကြရသူများ ဖြစ်ပါသည်။ `သူတို့အမှုတွေကိုသာ ဒီမိုကရေစီခေတ် သတင်းစာများလို ရေးနိုင်လျှင် အဆီတထပ်၊ အသားတထပ် သတင်းတွေ တောင်လိုပုံနေမှာပေါ့ ကွာ` ဟု သတင်းထောက်ကြီးများက ညည်းကြရှာပါသည်။
အစိုးရက ထုတ်ပြန်ရန် တာဝန်ရှိသည့် သတင်းမှန်ကိုလည်း လိမ်လည်ပြီး ရေးသားခဲ့ရပါသည်။ ၁၉၉၅ ခုနှစ်က ဘဏ္ဍာရေးဌာန ဒု-၀န်ကြီး ဦးချစ်မောင်က စာရေးသူအား ဆင့်ခေါ်သည်။ သတင်းကြေညာချက်တခုကို ပေးပါသည်။ `မြန်မာကျပ်ငွေတန်ဖိုးကို ပြုပြင်သတ်မှတ်ခြင်း` ဟု ရေးထားပါသည်။ မြန်မာကျပ်ငွေတန်ဖိုးကို အမေရိကန်တဒေါ်လာတွင် (၆) ကျပ် (၆၂) ပြားနှုန်း သတ်မှတ်သည်ဟု ဖော်ပြထားပါသည်။ မြန်မာကျပ်ငွေ လဲလှယ်နှုန်းသည် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရချိန်မှ စတင်ကာ ဒီမိုကရေစီတခေတ်လုံးတွင် အမေရိကန် တဒေါ်လာကို (၄) ကျပ် (၇၆) ပြားနှုန်း တည်ငြိမ်စွာ ရှိခဲ့ပါသည်။ ပြည်တွင်းစစ်ကြောင့် စစ်စရိတ်တက်မြင့်ပေးရပါ လျက် နိုင်ငံခြားသုံးငွေကို ရှိသင့်ရှိထိုက်သည့် နှုန်းထားအတိုင်း ရှာဖွေနိုင်ပါသည်။ စုဆောင်းထားနိုင်ပါသည်။ ထိုကြောင့် မြန်မာကျပ်ငွေစက္ကူတန်ဖိုးကို တည်ငြိမ်စွာ ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။ စစ်အစိုးရတက်လာပြီး (၉) နှစ်ကြာသောအခါ ကျပ်ငွေတန်ဖိုးလျော့သွားပါသည်။ ၁၉၇၁ ခုနှစ်က (၅) ကျပ် (၃၅) ပြားနှုန်းသို့ လျော့ခဲ့သည်။ တဖန် ၁၉၇၃ ခုနှစ်တွင် (၄) ကျပ် (၈၁) ပြားနှုန်းဖြင့် ပြန်မြှင့်ခဲ့ပါသည်။ ဤသို့သော ငွေတန်ဖိုးများကို တင်မောင်က မှတ်မိသောကြောင့် `မြန်မာကျပ်တန်ဖိုး လျှော့ပြန်ပြီပေါ့` ဟု ပြောမိပါသည်။
ဦးချစ်မောင်က `ဘုရား၊ ဘုရား` ဟု ဘုရားတပြီး `အဲဒီလိုများ မရေးလိုက်ပါနဲ့ ကိုယ့်လူ။ ငွေတန်ဖိုးချတယ်လို့ ရေးလိုက်ရင် ကိုယ့်လူပါမကဘူး၊ ကိုယ်ပါ ရာထူးအဖြုတ်ခံရပါလိမ့်မယ်` ဟု မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် တောင်းပန်ပါသည်။
`အမှန်က တန်ဖိုးချတာပဲ။ မူလက တန်ဖိုးနဲ့ တန်ဖိုးသစ်နဲ့ နှိုင်းယှဉ်ကြည့်လျှင် ရှင်းနေတာပဲ။ လူတိုင်းသိနိုင်တာပဲ` ဟု တင်မောင်က ပြန်ပြောသည်။ သူက `ဒါကြောင့် ကြေညာချက်ကို ရုံးကတဆင့် ပို့မပေးဘဲ ကိုယ့်လူကို ခေါ်ရတာပါ။ လူကိုယ်တိုင်ခေါ်ပြီး၊ ရှင်းပြောပြီး အမိန့်ပေးလိုက်လို့ ၀န်ကြီးက မှာပါတယ်။ အရေးကြီးတာကတော့ ဗမာသတင်းစာတွေနဲ့ ဗမာ့အသံက မြန်မာငွေနှုန်း ကြေညာခြင်းလို့ တိုတိုရေး၊ တိုတိုပြောဖို့ပဲ။ ခင်ဗျားတို့က လျှာရှည်ပြီး မူလတန်ဖိုးကို မရေးပါလေနဲ့` ရှင်းပြပါလေသည်။
ထုံးစံအတိုင်း ဘဏ္ဍာရေးဝန်ကြီးများ အမိန့်ကို လိုက်နာပြီး ငွေတန်ဖိုးချသောသတင်းကို `ငွေတန်ဖိုး ပြင်ဆင် သတ်မှတ်ခြင်း` ဟု ရေးခဲ့ရပါသည်။ အသံလွှင့်ခဲ့ရပါသည်။
မိမိအဖို့ အမြတ်ရသည်မှာ ဦးချစ်မောင်က အတွင်းမှ လျှို့ဝှက်သတင်းတခုကို ပြောလိုက်သဖြင့် သိခဲ့ရပါသည်။ ၀န်ကြီးများ အစည်းအဝေးတွင် အခြေအနေအရ မြန်မာကျပ်တန်ဖိုးကို ငါးပုံတပုံခန့်၊ အမေရိကန်တဒေါ်လာတွင် ကျပ်ငွေ တကျပ်နှင့် ကိုးပြားတိုးပေးကာ မြန်မာကျပ်တန်ဖိုးကို ချပေးရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက တင်ပြ သောအခါ ဦးနေ၀င်းက ထခုန်သည် ဆိုပါသည်။ ဒေါသူပုန်ထကာ ဘဏ္ဍာရေးဝန်ကြီးကို ဆူပူအော်ဟစ်သည် ဆိုပါ၏။
ဦးနုအစိုးရခေတ် တခေတ်လုံး ကျပ်ငွေတန်ဖိုးကို ထိန်းသိမ်းထားနိုင်ပြီး သူ၏ အစိုးရခေတ်တွင် ကျပ်ငွေတန်ဖိုး ကျရသည်ကို `ရာဇ၀င်အတင်မခံနိုင်ဘူး` ဟု အော်ဟစ်ပြောကြောင်း သိရပါသည်။ `မင်းတို့တတွေ မရှက်ဘူးလား၊ ဦးနုခေတ်က ကျပ်ငွေဈေးတည်အောင် ထိန်းနိုင်ပြီး တို့ခေတ်ကျမှ ငွေတန်ဖိုးလျှော့ရလျှင် ရာဇ၀င် ရိုင်းတာပေါ့` ဟု ဆူသည်ဆိုပါသည်။
ဘဏ္ဍာရေးဝန်ကြီးခမျာမှာ ကြောက်ဒူးများ တုန်နေရှာပြီး နိုင်ငံခြားအကြွေးရှင်နိုင်ငံများနှင့် ကမ္ဘာ့ဘဏ်က တိုက်တွန်းသည်ကို လိုက်နာရမည်ဖြစ်ကြောင်း၊ ဂျပန်အစိုးရကလည်း တိုက်တွန်းကြောင်း၊ ငွေစာရင်းအခက်အခဲ ကြောင့် ဖြစ်ရကြောင်း အသေးစိတ်ရှင်းပြပြီး အသနားခံရသည် ဆိုပါသည်။
နောက်ဆုံးတွင်မှ ခေါင်းဆောင်ကြီးက `ဒီတခါ ငါသည်းခံမယ်။ ငါ့ခေတ်တခေတ်လုံး ကျပ်ငွေဈေးကို မချကြနဲ့။ ငါမသေမချင်း မင်းတို့တတွေ ကျပ်ငွေဈေးကို မချရဘူး` ဟု တိကျပြတ်သားစွာ အမိန့်ပေးခဲ့သည်ဟု ဦးချစ်မောင် ထံမှ သိရပါသည်။
`ရွှေတိုက်တော်ထဲက နိုင်ငံခြားသုံးငွေတွေကို ဗိုလ်ချုပ်ကြီးက မကြာခဏ တပွေ့တပိုက် ထုတ်ယူပြီး နိုင်ငံခြားမှာ ဖြုန်းသုံးနေတာကြောင့် ကျပ်ငွေစက္ကူတန်ဖိုး ကျပါတယ်လို့ ခင်ဗျားက ၀င်မပြောဘူးလား` ဟု တင်မောင်က မေးသောအခါ `ကြမ်းကြားလေကြား ဘေးရန်များတဲ့ စကားတွေ မပြောပါနဲ့ ကိုယ့်လူ။ အခု အခန်းထဲက ထွက်သွားပါ` ဟု ပြောကာ ဦးချစ်မောင်က တင်မောင်အား နှင်ထုတ်ပါသည်။
ထို့ကြောင့် တော်လှန်ရေးအစိုးရ၊ မဆလအစိုးရ၊ န၀တအစိုးရ၊ နအဖအစိုးရ … စသဖြင့် စစ်အစိုးရများ အမည်အမျိုးမျိုး ပြောင်းလဲကြစေကာမူ ဦးနေ၀င်းမသေမချင်း မြန်မာကျပ်ငွေလဲလှယ်နှုန်းသည် စာရွက်ပေါ်တွင် မပြောင်းတော့ပြီဟု စိတ်ချနိုင်ကြပါ၏။ ။

Monday, May 3, 2010
(၄၂) သတင်းမှောင်ချရသော တာဝန်ကြီး (ကြေးမုံဦးသောင်း)
တင်မောင်၏ တာဝန်တရပ်မှာ သတင်းများကို ပိတ်ပင်ပေးရသည့် လုပ်ငန်းဖြစ်ပါသည်။ ရန်ကုန်တွင် အမြဲနေသော နိုင်ငံခြားသတင်းထောက်များကို နှင်ထားသော်လည်း အထူးပြည်ဝင်ခွင့် ဗီဇာ (သို့မဟုတ်) ခရီးသည်ဗီဇာနှင့် ၀င်လာကြသည့် သတင်းထောက်များကို အစိုးရမကြိုက်သည့် သတင်းများ မရေးကြစေရန် ထိန်းရပါသည်။
ခက်သည်မှာ စစ်ဗိုလ်ဝန်ကြီးမှန်သမျှတို့က နိုင်ငံခြားသတင်းထောက်များက တွေ့ဆုံခွင့်တောင်းသည့်အခါများတွင် “ကြည့်ပြောလိုက်ပါဗျာ။ ကျုပ်မအားဘူးလို့ ပြောလိုက်ပါ” ဟု ရှောင်ကြလေ့ရှိသည်။ ငြင်းကြလေ့ရှိပါသည်။ သူတို့က အင်္ဂလိပ်ဘာသာနှင့် မပြောတတ် မပြောလိုကြသဖြင့် မပြောဘဲ ငြင်းဆိုကြပါသည်။ ထိုပြင် နိုင်ငံခြား သတင်းစာ တစောင်စောင်က ၀န်ကြီးတဦးဦး၏ အမည်ကို ဖော်ညွှန်းပြီး ရေးသားပါက ဦးနေ၀င်းက သဘောမကျဘဲ ဆဲလေ့ရှိသောကြောင့် ရှောင်ကြပါသည်။ ဦးနေ၀င်းက သတင်းထောက်များနှင့် သူကိုယ်တိုင် တွေ့ရန်မှာ ဂုဏ်သိက္ခာကျဆင်းသည်။ ဂုဏ်ငယ်သည်ဟု ယူဆပြီး မတွေ့ပါ။ သတင်းထောက်များနှင့် တွေ့ရာမှ သူ၏ တပည့်စစ်ဗိုလ် ၀န်ကြီးများ နာမည်ကြီးလေမည်ကိုလည်း မလိုလားသဖြင့် နိုင်ငံခြားသတင်းထောက်များ သတင်းရေးနိုင်ရန် ခက်ခဲနေကြလေသည်။
တော်ပါသေးသည်။ အရပ်သားဖြစ်သူ ၀န်ကြီးဦးဘညိမ်းကမူ နိုင်ငံခြားသတင်းထောက်များ လာလေသမျှကို တွေ့ရဲသဖြင့် သတင်းထောက်များကို သူ့ထံသို့ ပို့ပေးရပါသည်။ စစ်ဗိုလ်ဝန်ကြီးများကဲ့သို့ သတ္တိမနည်းဘဲ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ‘တို့လုပ်နေတဲ့ ဆိုရှယ်လစ်လမ်းစဉ် မှန်တယ်’ ဟု ရဲရဲဝံ့ဝံ့ ပြောလေ့ရှိပါသည်။
အရပ်သားဝန်ကြီးကို ကက်ဘိနက်ဝန်ကြီးအဖွဲ့တွင် ဒုတိယအဆင့်တွင်သာ ထားရှိသည်။ အလုပ်သမားကောင်စီ၊ လယ်သမားကောင်စီ … စသည့် အဖွဲ့များအားလုံးတွင်လည်း စစ်ဗိုလ်များက ထိပ်ဆုံးနေရာတွေ ယူထားပြီး လက်နက်ချသော ကွန်မြူနစ်များက ဒုတိယနေရာ၌ ရယူကာ အရပ်သားများကို အဆင့်နိမ့်သော နေရာများမှာ ထားသည်။ သို့ရာတွင် အလုပ်တွင်မူ အရပ်သားတွေကပဲ လုပ်ကြရပါသည်။
အစိုးရရုံးမှန်သမျှနှင့် ပြည်သူပိုင်သိမ်းထားသည့် စီးပွားရေးလုပ်ငန်း ကုန်ထုတ်လုပ်ငန်းများတွင် စစ်ဗိုလ်များက ထိပ်ဆုံးမှ အုပ်ချုပ်ပါသည်။ မဆီမဆိုင် စာရေးဆရာ၊ သတင်းစာဆရာ အသင်းများကိုလည်း စစ်တပ်က အပိုင်စီးပြန်ပါသည်။ ၁၉၄၀ ခုနှစ်၊ ဇန်န၀ါရီလ (၆) ရက်နေ့က ကွယ်လွန်သွားရှာသူ ဆရာကြီးပီမိုးနင်း၏ ဈာပန အပြီးမှာ စာရေးဆရာအသင်း တည်ထောင်ခဲ့ပါသည်။ သတင်းစာဆရာအသင်း၊ သတင်းထောက်အသင်းများက စစ်ပြီးခေတ် ဖဆပလအဖွဲ့ကြီး လှုပ်ရှားနေချိန်မှာ တည်ထောင်ခဲ့ပါသည်။
ဂျပန်ခေတ်က စာရေးဆရာအသင်းက စာဆိုတော်နေ့များတွင် ဖက်ဆစ်ဆန့်ကျင်ရေး ပြဇာတ်များ ကပြရာမှ သြဇာကြီးမားလာပါသည်။ ဖဆပလ အစိုးရခေတ်တွင် စာရေးဆရာများ အသင်းတိုက် တည်ဆောက်ရန် အစိုးရပိုင် မြေကွက်တခုကို ပေးပါသည်။ ရန်ကုန်မြို့တည်ဦးစ ကာလက ပန်းဆိုးတန်းလမ်းတခွင် မြို့သူမြို့သားများ ရေသောက်ကြရသော Rebecca Well ဟူသည့် အဓိက ရေချိုတွင်းနေရာကို ပေးပါသည်။ သမိုင်းဝင်ဒေသ ဖြစ်သဖြင့် အဆောက်အအုံတွင် ရေတွင်းတနေရာကို အထိမ်းအမှတ်တခု ပြုလုပ်ထားရမည်ဟူသော စည်းကမ်းချက်နှင့် ပေးပါသည်။ သတင်းစာဆရာအသင်းနှင့် ပူးပေါင်းပြီး အဆောက်အအုံ ဆောက်ခဲ့ရာမှာ စစ်အစိုးရ တက်လာသဖြင့် အပြီးမသတ်နိုင်ဘဲ တန်းလန်းကျန်ရစ်သည်ကို ပြည်သူပိုင် ကြေးမုံသတင်းစာခေတ်တွင် စက္ကူသိုလှောင်ရုံအဖြစ် ထားပါသည်။ ယခုမူ မည်သူက အချောင်ပိုင်စီးထားသည်ဟု မသိရပါ။
စစ်အစိုးရ တက်လာသောအခါတွင် စာနယ်ဇင်းလောက အသက်ဆက်ရေးအတွက် သတင်းစာကောင်စီ အမည်နှင့် အဖွဲ့သစ်ဖွြဲ့ပီး အားထုတ်ကြပါသေးသည်။ စာပေလောကတခုလုံး စာနယ်ဇင်းကျင့်ဝတ်ကို စည်းကမ်းနှင့် ထိန်းသိမ်း ကြပါမည်ဟု ခေါင်းလျှိုးပေးပသည်။ သို့စေကာမူလည်း စစ်တပ်က စာရေးဆရာ၊ သတင်းစာဆရာမှန်သမျှကို မကြည်လေသောကြောင့် မအောင်မြင်ပါ။ ၁၉၆၄ ခုနှစ် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေ အမည်နှင့် တပါတီ အာဏာရှင်ဥပဒေကို မတ်လ (၂၈) ရက်နေ့တွင် ထုတ်ပြန်သောအခါ၌ အသင်းများအားလုံး ဖျက်ကြရပါသည်။
နောက်ပိုင်းတွင် မဆလအစိုးရက စာပေလုပ်သားဖွဲ့ရန် ကြိုးစားသော်လည်း စာပေလောကသားများက စစ်ဗိုလ်များ၏ အောက်သို့ ခေါင်းမထိုးကြသောကြောင့် ဖွဲ့မရဖြစ်နေခဲ့သည်။ ၁၉၆၇ ခုနှစ်မှာ စာပေလုပ်သားအဖွဲ့ကြီး ဖွဲ့တော့မည်ဟု အစိုးရက ကြေညာသောအခါတွင် စာရေးဆရာ၊ သတင်းစာဆရာအများကို ဖမ်းဆီးထားသော ကြောင့် မကျေနပ်ကြတာပါဟု စာရေးဆရာများက စာတင်ကြသဖြင့် ထောင်များထဲတွင် ချုပ်နှောင်ထားသည့် စာပေလောကသားများကို လွှတ်ပေးရလေသည်။ ထိုအခါတွင် တင်မောင်လည်း လွတ်လာရသည်။ အောင်လင်း၊ ဒဂုန်တာရာ၊ ဂျာနယ်ကျော်မမလေး၊ နေးရှင်းကိုလှထွေး၊ အထောက်တော်လှအောင်တို့ တပြုံကြီး လွတ်လာကြပါ သည်။
စာပေအဖွဲ့ ဖွဲ့ရန် ၁၉၆၇ ခုနှစ်မှ စတင်ပြီး စည်းရုံးစေကာမူ ထောင်ထွက်စာရေးဆရာများကစပြီး စာပေလောကသား တို့က စစ်အစိုးရကို ပလူးပလဲမလုပ်ရဲကြသဖြင့် စာပေလုပ်သားအသင်းကို အစိုးရက မဖွဲ့ဝံ့ဘဲ ဆိုင်းငံ့နေရပါသည်။ နောက်ဆုံး ၁၉၈၀ ခုနှစ်တွင်မှ စာပေညီလာခံခေါ်ပြီး ဖွဲ့စည်းရာ၌ စာရေးဆရာများကိုမူ လမ်းစဉ်နှင့် စည်းရုံး၍ မရသောကြောင့် စာပေညီလာခံတွင် အရက်တိုက်ပြီး စည်းရုံးသည်ဟု သတင်းကြားရပါသည်။
စာပေလုပ်သားအဖွဲ့ကြီးကို ဖွဲ့သောအခါတွင် စာတလုံးမှ မရေးဘူးသူ ရေတပ်က ဗိုလ်မှူးက အတွင်းရေးမှူး၊ စာတိုပေစ ရေးဖူးသည့် ကြည်းတပ်စစ်ဗိုလ်က ဥက္ကဋ္ဌနေရာများကို ရယူခဲ့ကြပါသည်။ စစ်အစိုးရခေတ်တွင် အဖွဲ့အစည်းမှန်သမျှကို စစ်တပ်က ဦးဆောင်မည်ဟု လမ်းစဉ်ချထားသည်။
စာပေစီးပွားရေးလုပ်ငန်းကိုလည်း စစ်တပ်က အပိုင်စီးပါသေးသည်။ သတင်းစာဖြန့်ချီရေးလုပ်ငန်းကြီးကို စစ်တပ်က ၀င်၍ လုယူပုံမှာ ရှက်ရွံဖွယ်ကောင်းသည်။
သတင်းစာဖြန့်ချီရေး ကိုယ်စားလှယ်လုပ်ငန်းသည် များစွာဝင်ငွေမှန်ပြီး ၀င်ငွေကောင်းပါသည်။ ဒီမိုကရေစီခေတ် ကမူ သတင်းစာများကို လူထုကြိုက်သည့်အချိန်၊ မကြိုက်တော့သည့် အချိန်များ ရှိသဖြင့် ရှုံးသည့်အခါလည်း ရှိခဲ့သည်။
စစ်အစိုးရတက်လာသောအခါ နိုင်ငံခြားသုံးငွေရှားပါးသဖြင့် ကုန်ထုတ်စက္ကူများကို နိုင်ငံခြားမှ ၀ယ်ယူတင်သွင်းမှု မပြုနိုင်သောကြောင့် သတင်းစာကို ပိဿာချိန်နှင့် ပြန်ရောင်းနိုင်သောကြောင့် ၀ယ်အားကောင်းပါသည်။ သတင်းစာတစောင်ကို လကြည့်ဈေးနှုန်း တလ (၆) ကျပ်နှင့် ၀ယ်ကြည့်လျှင် လကုန်သောအခါ၌ စက္ကူရောင်းစားပါက (၇)ကျပ် ရနိုင်သဖြင့် ၀ယ်သူပေါပါသည်။
တနေ့မှာ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်သောင်းဒန်က တင်မောင်နှင့် ဆရာတက်တိုးတို့အပြင် အယ်ဒီတာချုပ်များကို ပါ ဆင့်ခေါ်ပြီး အစိုးရက အမြတ်ကြီးစားစနစ်ကို ပပျောက်အောင် အားထုတ်နေချိန်တွင် သတင်းစာကိုယ်စားလှယ် များက အမြတ်ကြီးစားနေသည်ကို လက်ပိုက်ပြီး ကြည့်မနေနိုင်ကြောင်းနှင့် ကြီးကျယ်သော နိုင်ငံရေးစကားလုံးများ သုံးပြီး ပြောပါသည်။
ထိုကြောင့် လက်ရှိ ကိုယ်စားလှယ်အားလုံးကို ဖြုတ်ပြီး တိုင်းပြည်အတွက် အသက်ပေးကာ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့ကြသော စစ်ဗိုလ်စစ်သားဟောင်းများကို ခန့်ရမည်ဟု အမိန့်ထုတ်ပါသည်။ ဆရာတက်တိုးနှင့် အယ်ဒီတာချုပ်များ အားလုံးတို့က လက်ရှိကိုယ်စားလှယ်များကို ဖြုတ်ပါလျှင် စားဝတ်နေရေး ဒုက္ခရောက်ကြပါမည် ဟု တောင်းပန်ကြမှ အားလုံးကို မဖြုတ်ဘဲ စောင်ရေလျော့ပေးကာ ပိုထွက်လာသမျှ စောင်ရေကို တပ်မတော် လူထွက်များနှင့် တပ်မတော် မုဆိုးမများကို ပေးရမည်ဟု အမိန့်ချပါသည်။
ကိုယ်စားလှယ်အသစ် ခန့်ထားရေးကို စီစဉ်ရန် တင်မောင်အား တာဝန်ပေးပါသည်။ နောက်တနေ့ နံနက်တွင် ၀န်ကြီး ဗိုလ်ချုပ်သောင်းဒန်က ကိုယ်စားလှယ်ခန့်ရမည့် စစ်မှုထမ်းဟောင်း စာရင်းရှည်ကြီးကို ပေးပါသည်။ `သူ့တပ်က ရဲဘော်တွေကွ။ သူက သူ့ရဲ့ ရဲဘော်တွေကို သံယောဇဉ်ကြီးရှာတယ်။ သူ့ရဲဘော်တွေကလည်း သူ့ကို ချစ်ကြတယ်တဲ့` ဟု ဆရာ တက်တိုးက မခံချင်သော လေသံနှင့် ပြောရှာပါသည်။
တင်မောင်က မနေနိုင်သဖြင့် ပြန်ပြောမိသည်။ `ဗိုလ်မှူးချုပ်သောင်းဒန်ဟာ အလွန်အထက်စီးနင်းနိုင်တယ်။ သူဂေါက်သီးရိုက်သွားတဲ့အခါ ရဲဘော်တွေက ဖိနပ်စီးပေးရတယ်လို့ ကြားသိရပါတယ်ဗျာ` ဟု။
သတင်းစာကိုယ်စားလှယ် အသစ်ခန့်ရန် တာဝန်ကျလေတော့မှ တင်မောင်တို့ တိုင်းပြည်တွင် ကျေးဇူးဆပ်ရမည့် တပ်မတော်သားဟောင်းများ၊ စစ်ဗိုလ်ဟောင်းများ၊ မုဆိုးမများ မည်ရွေ့မည်မျှ များပြားသည်ကို သိရပါတော့သည်။
ဝန်ကြီးအများက တဆင့်ပို့သော ရဲဘော်ဟောင်းနှင့် မုဆိုးမစာရင်းများက အလွန်များပြားလွန်းသည်။ သူတို့က လူကိုယ်တိုင် တင်မောင်၏ ရုံးခန်းသို့ လာကြရမည်ဖြစ်သဖြင့် လာကြရာ၌ ရုံးခန်းအပြည့် ဖြစ်နေပါသည်။ အားလုံးက အထက်ကစီးပြီး နိုင်ငံတော်၏ ကျေးဇူးရှင်တွေဖြစ်သောကြောင့် နိုင်ငံက ထောက်ပံ့ရမယ်ဟု ပြောကြပါ သည်။
သူတို့တတွေ အားလုံးလိုလိုသည် ပြည်သူပိုင်စက်ရုံ၊ လုပ်ရုံများမှ ထွက်သည့် ကုန်စည်များ ကိုယ်စားလှယ် ရထားသူများ ဖြစ်ကြပါသည်။ သိမ်ကြီးဈေး ဈေးသစ်ကြီးနှင့် ဈေးအများတွင် ဆိုင်နေရာ ရထားကြပြီး ဈေးမရောင်း ဘဲ တဆင့်လစာယူကာ ခေါင်းပုံဖြတ်စားနေသူများ ဖြစ်ကြပါသည်။ လက်ကြောတင်းအောင် လုပ်ကိုင်လိုသူများ မဟုတ်သည်ကို မြင်ရုံနှင့် သိပါသည်။ သတင်းစာကိုယ်စားလှယ်လုပ်ငန်းကိုလည်း လုပ်ပိုင်ခွင့်ကို ရယူပြီး တဆင့် ရောင်းစားကြမည့် ခေါင်းပုံဖြတ်များ ဖြစ်ကြသည်။ ကိုယ်စားလှယ်သစ်ခန့်ရေးကို (၁၅) ရက်နှင့် အပြီး လုပ်ရမည်ဟု အမိန့်ရှိသဖြင့် နေ့မီးညမီးနှင့် လုပ်ရပါသည်။
ညောင်ဦး၊ ရွှေစည်းခုံ စေတီတော်တွင် နဂါးရုပ်ကြီးတခု ရှိပါသည်။ ထိုအရုပ်ကြီးကို ဖက်ကာ လက်ချင်းထိနိုင်လျှင် အမေ့နို့ဖိုးကျေသည်ဟု ဆိုပါသည်။ တင်မောင်အဖို့ အမေ့နို့ဖိုးကျေအောင် ကျေးဇူးမဆပ်နိုင်စေကာမူ တပ်မတော် ၏ ကျေးဇူးကို ကျေအောင် ဆပ်နိုင်ခဲ့ပါသည်။ ဤတချီတည်းနှင့် ကျေးဇူးရှင် တပ်မတော်သားဟောင်းများကို အပြေ အလည် ကျေးဇူးဆပ်နိုင်ခဲ့ပါ၏။ ။

Saturday, April 24, 2010
AMU Vest
ဒိန်းမတ်နိုင်ငံအလုပ်သမားသမဂ္ဂများ၏ ဥပဒေအရ အလုပ်ပြုတ်နေသော အဖွဲ့ဝင်တဦးသည် အလုပ်ပြုတ်သည့်ရက်မှ ကိုးလအတွင်း မိမိနှစ်သက်ရာ သင်တန်းများကို ရက်သတ္တပတ်ခြောက်ပတ် တက်ခွင့်ရှိပါသည်။ သင်တန်းတက်စဉ်ကုန်ကျမည့် သင်တန်းစားရိတ်၊ ခရီးစားရိတ်များကို သမဂ္ဂမှ ကျခံပေးမည် ဖြစ်သည်။
သို့နှင့် မိမိလည်း လုပ်ငန်းခွင်သုံးဝန်ချီစက်မောင်း သင်တန်းတခုကို တက်ရောက်ခဲ့ပါသည်။ သင်တန်းကျောင်း၏ အမည်မှာ AMU Vest ဖြစ်၍ ယင်း၏ ၀က်ဘ်ဆိုဒ်မှာ http://www.amu-vest.dk ဖြစ်ပါသည်။ (၇) ရက် တက်ရသည့် ထိုသင်တန်းတွင် သင်တန်းသား (၂၀) ပါဝင်ပြီး ၀န်ချီစက်အမျိုးမျိုးမောင်းနှင်ခြင်းကို စာတွေ့ လက်တွေ့ သင်ပေးပါသည်။ သင်တန်းတက်ရောက်သူအများစုမှာ ဒိန်းမတ်လူမျိုးများဖြစ်ကြပြီး နိုင်ငံခြားသားဖြစ်သူ (၂) ဦး (မိမိနှင့် ဘော့စနီးယားမှ ခိုလှုံလာသူတဦး) ပါဝင်ပြီး အမျိုးသမီး သင်တန်းသူတဦးလည်း ပါသည်။ အများစုမှာ လူငယ်များ ဖြစ်ကြပြီး အာဖဂန်စစ်ပြန် စစ်သားသုံးဦးလည်း လာရောက်သင်ကြားသည်ကို တွေ့ရပြီး သူတို့ကို `မင်းတို့ကို လေးစားပါတယ်` ဟု သင်တန်းအစနေ့ အချင်းချင်းမိတ်ဆက်ကြစဉ်အတွင်း သင်တန်းဆရာက ပြောပါသည်။
သင်တန်းကာလအတွင်း စာတွေ့လက်တွေ့ သင်ကြားပေးရာ လက်တွေ့သင်ခန်းစာများတွင် အခက်အခဲ မရှိသော်လည်း စာတွေ့သင်ရာတွင် မိမိနှင့် ဘော့စနီးယားမှ လာသူတဦးမှာ ဆရာရှင်းပြသည်များကို အကုန်အစင် နားမလည်ကြပါ။ ဆရာမှာ အသင်အပြကောင်းသော်လည်း ဘာသာစကားကြောင့် မိမိတို့မှာ အခက်အခဲ ဖြစ်ကြရပါသည်။
သင်တန်းနောက်ဆုံးနေ့ မနက်ပိုင်း စာတွေ့မေးခွန်းများ ဖြေရပြီး၊ လက်တွေ့ မောင်းပြရပါသည်။ လက်တွေ့မောင်းရာတွင် သင်တန်းသားအားလုံး အောင်မြင်သော်လည်း စာတွေ့တွင် အခြားနိုင်ငံမှာလာသူ မိမိတို့ (၂) ဦးနှင့် ဒိန်းမတ် (၂) ဦး မအောင်ပါ။ မိမိနှင့် ဒိန်းမတ် (၂) ဦးသည် နောက်တနေ့တွင် စာတွေ့ ဒုတိယအကြိမ် ပြန်ဖြေရမည်ဖြစ်သော်လည်း ဘော့စနီးယားမှ လာသူ (ဒိန်းမတ်ရောက်တာ ၁၂ နှစ်ရှိသော်လည်း ဒိန်းမတ်စာ အတော်ညံ့ပုံရပါသည်) ကိုတော့ စာတွေ့ အစမှ ပြန်တက်ရမည်ဟု ဆရာက ပြောပါသည်။ သူကလည်း မတက်တော့ပါဟု ချက်ခြင်းအဖြေပေး ပါသည်။
စာရေးသူနှင့် ဒိန်းမတ် (၂)ဦး နောက်တနေ့ပြန်ဖြေရာတွင် သုံးယောက်လုံး အောင်မြင်ပြီး သင်တန်းဆင်းလက်မှတ်များ ရရှိခဲ့ပါတော့သည်။

Subscribe to:
Posts (Atom)