တင်မောင်၏ တာဝန်တရပ်မှာ သတင်းများကို ပိတ်ပင်ပေးရသည့် လုပ်ငန်းဖြစ်ပါသည်။ ရန်ကုန်တွင် အမြဲနေသော နိုင်ငံခြားသတင်းထောက်များကို နှင်ထားသော်လည်း အထူးပြည်ဝင်ခွင့် ဗီဇာ (သို့မဟုတ်) ခရီးသည်ဗီဇာနှင့် ၀င်လာကြသည့် သတင်းထောက်များကို အစိုးရမကြိုက်သည့် သတင်းများ မရေးကြစေရန် ထိန်းရပါသည်။
ခက်သည်မှာ စစ်ဗိုလ်ဝန်ကြီးမှန်သမျှတို့က နိုင်ငံခြားသတင်းထောက်များက တွေ့ဆုံခွင့်တောင်းသည့်အခါများတွင် “ကြည့်ပြောလိုက်ပါဗျာ။ ကျုပ်မအားဘူးလို့ ပြောလိုက်ပါ” ဟု ရှောင်ကြလေ့ရှိသည်။ ငြင်းကြလေ့ရှိပါသည်။ သူတို့က အင်္ဂလိပ်ဘာသာနှင့် မပြောတတ် မပြောလိုကြသဖြင့် မပြောဘဲ ငြင်းဆိုကြပါသည်။ ထိုပြင် နိုင်ငံခြား သတင်းစာ တစောင်စောင်က ၀န်ကြီးတဦးဦး၏ အမည်ကို ဖော်ညွှန်းပြီး ရေးသားပါက ဦးနေ၀င်းက သဘောမကျဘဲ ဆဲလေ့ရှိသောကြောင့် ရှောင်ကြပါသည်။ ဦးနေ၀င်းက သတင်းထောက်များနှင့် သူကိုယ်တိုင် တွေ့ရန်မှာ ဂုဏ်သိက္ခာကျဆင်းသည်။ ဂုဏ်ငယ်သည်ဟု ယူဆပြီး မတွေ့ပါ။ သတင်းထောက်များနှင့် တွေ့ရာမှ သူ၏ တပည့်စစ်ဗိုလ် ၀န်ကြီးများ နာမည်ကြီးလေမည်ကိုလည်း မလိုလားသဖြင့် နိုင်ငံခြားသတင်းထောက်များ သတင်းရေးနိုင်ရန် ခက်ခဲနေကြလေသည်။
တော်ပါသေးသည်။ အရပ်သားဖြစ်သူ ၀န်ကြီးဦးဘညိမ်းကမူ နိုင်ငံခြားသတင်းထောက်များ လာလေသမျှကို တွေ့ရဲသဖြင့် သတင်းထောက်များကို သူ့ထံသို့ ပို့ပေးရပါသည်။ စစ်ဗိုလ်ဝန်ကြီးများကဲ့သို့ သတ္တိမနည်းဘဲ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ‘တို့လုပ်နေတဲ့ ဆိုရှယ်လစ်လမ်းစဉ် မှန်တယ်’ ဟု ရဲရဲဝံ့ဝံ့ ပြောလေ့ရှိပါသည်။
အရပ်သားဝန်ကြီးကို ကက်ဘိနက်ဝန်ကြီးအဖွဲ့တွင် ဒုတိယအဆင့်တွင်သာ ထားရှိသည်။ အလုပ်သမားကောင်စီ၊ လယ်သမားကောင်စီ … စသည့် အဖွဲ့များအားလုံးတွင်လည်း စစ်ဗိုလ်များက ထိပ်ဆုံးနေရာတွေ ယူထားပြီး လက်နက်ချသော ကွန်မြူနစ်များက ဒုတိယနေရာ၌ ရယူကာ အရပ်သားများကို အဆင့်နိမ့်သော နေရာများမှာ ထားသည်။ သို့ရာတွင် အလုပ်တွင်မူ အရပ်သားတွေကပဲ လုပ်ကြရပါသည်။
အစိုးရရုံးမှန်သမျှနှင့် ပြည်သူပိုင်သိမ်းထားသည့် စီးပွားရေးလုပ်ငန်း ကုန်ထုတ်လုပ်ငန်းများတွင် စစ်ဗိုလ်များက ထိပ်ဆုံးမှ အုပ်ချုပ်ပါသည်။ မဆီမဆိုင် စာရေးဆရာ၊ သတင်းစာဆရာ အသင်းများကိုလည်း စစ်တပ်က အပိုင်စီးပြန်ပါသည်။ ၁၉၄၀ ခုနှစ်၊ ဇန်န၀ါရီလ (၆) ရက်နေ့က ကွယ်လွန်သွားရှာသူ ဆရာကြီးပီမိုးနင်း၏ ဈာပန အပြီးမှာ စာရေးဆရာအသင်း တည်ထောင်ခဲ့ပါသည်။ သတင်းစာဆရာအသင်း၊ သတင်းထောက်အသင်းများက စစ်ပြီးခေတ် ဖဆပလအဖွဲ့ကြီး လှုပ်ရှားနေချိန်မှာ တည်ထောင်ခဲ့ပါသည်။
ဂျပန်ခေတ်က စာရေးဆရာအသင်းက စာဆိုတော်နေ့များတွင် ဖက်ဆစ်ဆန့်ကျင်ရေး ပြဇာတ်များ ကပြရာမှ သြဇာကြီးမားလာပါသည်။ ဖဆပလ အစိုးရခေတ်တွင် စာရေးဆရာများ အသင်းတိုက် တည်ဆောက်ရန် အစိုးရပိုင် မြေကွက်တခုကို ပေးပါသည်။ ရန်ကုန်မြို့တည်ဦးစ ကာလက ပန်းဆိုးတန်းလမ်းတခွင် မြို့သူမြို့သားများ ရေသောက်ကြရသော Rebecca Well ဟူသည့် အဓိက ရေချိုတွင်းနေရာကို ပေးပါသည်။ သမိုင်းဝင်ဒေသ ဖြစ်သဖြင့် အဆောက်အအုံတွင် ရေတွင်းတနေရာကို အထိမ်းအမှတ်တခု ပြုလုပ်ထားရမည်ဟူသော စည်းကမ်းချက်နှင့် ပေးပါသည်။ သတင်းစာဆရာအသင်းနှင့် ပူးပေါင်းပြီး အဆောက်အအုံ ဆောက်ခဲ့ရာမှာ စစ်အစိုးရ တက်လာသဖြင့် အပြီးမသတ်နိုင်ဘဲ တန်းလန်းကျန်ရစ်သည်ကို ပြည်သူပိုင် ကြေးမုံသတင်းစာခေတ်တွင် စက္ကူသိုလှောင်ရုံအဖြစ် ထားပါသည်။ ယခုမူ မည်သူက အချောင်ပိုင်စီးထားသည်ဟု မသိရပါ။
စစ်အစိုးရ တက်လာသောအခါတွင် စာနယ်ဇင်းလောက အသက်ဆက်ရေးအတွက် သတင်းစာကောင်စီ အမည်နှင့် အဖွဲ့သစ်ဖွြဲ့ပီး အားထုတ်ကြပါသေးသည်။ စာပေလောကတခုလုံး စာနယ်ဇင်းကျင့်ဝတ်ကို စည်းကမ်းနှင့် ထိန်းသိမ်း ကြပါမည်ဟု ခေါင်းလျှိုးပေးပသည်။ သို့စေကာမူလည်း စစ်တပ်က စာရေးဆရာ၊ သတင်းစာဆရာမှန်သမျှကို မကြည်လေသောကြောင့် မအောင်မြင်ပါ။ ၁၉၆၄ ခုနှစ် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေ အမည်နှင့် တပါတီ အာဏာရှင်ဥပဒေကို မတ်လ (၂၈) ရက်နေ့တွင် ထုတ်ပြန်သောအခါ၌ အသင်းများအားလုံး ဖျက်ကြရပါသည်။
နောက်ပိုင်းတွင် မဆလအစိုးရက စာပေလုပ်သားဖွဲ့ရန် ကြိုးစားသော်လည်း စာပေလောကသားများက စစ်ဗိုလ်များ၏ အောက်သို့ ခေါင်းမထိုးကြသောကြောင့် ဖွဲ့မရဖြစ်နေခဲ့သည်။ ၁၉၆၇ ခုနှစ်မှာ စာပေလုပ်သားအဖွဲ့ကြီး ဖွဲ့တော့မည်ဟု အစိုးရက ကြေညာသောအခါတွင် စာရေးဆရာ၊ သတင်းစာဆရာအများကို ဖမ်းဆီးထားသော ကြောင့် မကျေနပ်ကြတာပါဟု စာရေးဆရာများက စာတင်ကြသဖြင့် ထောင်များထဲတွင် ချုပ်နှောင်ထားသည့် စာပေလောကသားများကို လွှတ်ပေးရလေသည်။ ထိုအခါတွင် တင်မောင်လည်း လွတ်လာရသည်။ အောင်လင်း၊ ဒဂုန်တာရာ၊ ဂျာနယ်ကျော်မမလေး၊ နေးရှင်းကိုလှထွေး၊ အထောက်တော်လှအောင်တို့ တပြုံကြီး လွတ်လာကြပါ သည်။
စာပေအဖွဲ့ ဖွဲ့ရန် ၁၉၆၇ ခုနှစ်မှ စတင်ပြီး စည်းရုံးစေကာမူ ထောင်ထွက်စာရေးဆရာများကစပြီး စာပေလောကသား တို့က စစ်အစိုးရကို ပလူးပလဲမလုပ်ရဲကြသဖြင့် စာပေလုပ်သားအသင်းကို အစိုးရက မဖွဲ့ဝံ့ဘဲ ဆိုင်းငံ့နေရပါသည်။ နောက်ဆုံး ၁၉၈၀ ခုနှစ်တွင်မှ စာပေညီလာခံခေါ်ပြီး ဖွဲ့စည်းရာ၌ စာရေးဆရာများကိုမူ လမ်းစဉ်နှင့် စည်းရုံး၍ မရသောကြောင့် စာပေညီလာခံတွင် အရက်တိုက်ပြီး စည်းရုံးသည်ဟု သတင်းကြားရပါသည်။
စာပေလုပ်သားအဖွဲ့ကြီးကို ဖွဲ့သောအခါတွင် စာတလုံးမှ မရေးဘူးသူ ရေတပ်က ဗိုလ်မှူးက အတွင်းရေးမှူး၊ စာတိုပေစ ရေးဖူးသည့် ကြည်းတပ်စစ်ဗိုလ်က ဥက္ကဋ္ဌနေရာများကို ရယူခဲ့ကြပါသည်။ စစ်အစိုးရခေတ်တွင် အဖွဲ့အစည်းမှန်သမျှကို စစ်တပ်က ဦးဆောင်မည်ဟု လမ်းစဉ်ချထားသည်။
စာပေစီးပွားရေးလုပ်ငန်းကိုလည်း စစ်တပ်က အပိုင်စီးပါသေးသည်။ သတင်းစာဖြန့်ချီရေးလုပ်ငန်းကြီးကို စစ်တပ်က ၀င်၍ လုယူပုံမှာ ရှက်ရွံဖွယ်ကောင်းသည်။
သတင်းစာဖြန့်ချီရေး ကိုယ်စားလှယ်လုပ်ငန်းသည် များစွာဝင်ငွေမှန်ပြီး ၀င်ငွေကောင်းပါသည်။ ဒီမိုကရေစီခေတ် ကမူ သတင်းစာများကို လူထုကြိုက်သည့်အချိန်၊ မကြိုက်တော့သည့် အချိန်များ ရှိသဖြင့် ရှုံးသည့်အခါလည်း ရှိခဲ့သည်။
စစ်အစိုးရတက်လာသောအခါ နိုင်ငံခြားသုံးငွေရှားပါးသဖြင့် ကုန်ထုတ်စက္ကူများကို နိုင်ငံခြားမှ ၀ယ်ယူတင်သွင်းမှု မပြုနိုင်သောကြောင့် သတင်းစာကို ပိဿာချိန်နှင့် ပြန်ရောင်းနိုင်သောကြောင့် ၀ယ်အားကောင်းပါသည်။ သတင်းစာတစောင်ကို လကြည့်ဈေးနှုန်း တလ (၆) ကျပ်နှင့် ၀ယ်ကြည့်လျှင် လကုန်သောအခါ၌ စက္ကူရောင်းစားပါက (၇)ကျပ် ရနိုင်သဖြင့် ၀ယ်သူပေါပါသည်။
တနေ့မှာ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်သောင်းဒန်က တင်မောင်နှင့် ဆရာတက်တိုးတို့အပြင် အယ်ဒီတာချုပ်များကို ပါ ဆင့်ခေါ်ပြီး အစိုးရက အမြတ်ကြီးစားစနစ်ကို ပပျောက်အောင် အားထုတ်နေချိန်တွင် သတင်းစာကိုယ်စားလှယ် များက အမြတ်ကြီးစားနေသည်ကို လက်ပိုက်ပြီး ကြည့်မနေနိုင်ကြောင်းနှင့် ကြီးကျယ်သော နိုင်ငံရေးစကားလုံးများ သုံးပြီး ပြောပါသည်။
ထိုကြောင့် လက်ရှိ ကိုယ်စားလှယ်အားလုံးကို ဖြုတ်ပြီး တိုင်းပြည်အတွက် အသက်ပေးကာ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့ကြသော စစ်ဗိုလ်စစ်သားဟောင်းများကို ခန့်ရမည်ဟု အမိန့်ထုတ်ပါသည်။ ဆရာတက်တိုးနှင့် အယ်ဒီတာချုပ်များ အားလုံးတို့က လက်ရှိကိုယ်စားလှယ်များကို ဖြုတ်ပါလျှင် စားဝတ်နေရေး ဒုက္ခရောက်ကြပါမည် ဟု တောင်းပန်ကြမှ အားလုံးကို မဖြုတ်ဘဲ စောင်ရေလျော့ပေးကာ ပိုထွက်လာသမျှ စောင်ရေကို တပ်မတော် လူထွက်များနှင့် တပ်မတော် မုဆိုးမများကို ပေးရမည်ဟု အမိန့်ချပါသည်။
ကိုယ်စားလှယ်အသစ် ခန့်ထားရေးကို စီစဉ်ရန် တင်မောင်အား တာဝန်ပေးပါသည်။ နောက်တနေ့ နံနက်တွင် ၀န်ကြီး ဗိုလ်ချုပ်သောင်းဒန်က ကိုယ်စားလှယ်ခန့်ရမည့် စစ်မှုထမ်းဟောင်း စာရင်းရှည်ကြီးကို ပေးပါသည်။ `သူ့တပ်က ရဲဘော်တွေကွ။ သူက သူ့ရဲ့ ရဲဘော်တွေကို သံယောဇဉ်ကြီးရှာတယ်။ သူ့ရဲဘော်တွေကလည်း သူ့ကို ချစ်ကြတယ်တဲ့` ဟု ဆရာ တက်တိုးက မခံချင်သော လေသံနှင့် ပြောရှာပါသည်။
တင်မောင်က မနေနိုင်သဖြင့် ပြန်ပြောမိသည်။ `ဗိုလ်မှူးချုပ်သောင်းဒန်ဟာ အလွန်အထက်စီးနင်းနိုင်တယ်။ သူဂေါက်သီးရိုက်သွားတဲ့အခါ ရဲဘော်တွေက ဖိနပ်စီးပေးရတယ်လို့ ကြားသိရပါတယ်ဗျာ` ဟု။
သတင်းစာကိုယ်စားလှယ် အသစ်ခန့်ရန် တာဝန်ကျလေတော့မှ တင်မောင်တို့ တိုင်းပြည်တွင် ကျေးဇူးဆပ်ရမည့် တပ်မတော်သားဟောင်းများ၊ စစ်ဗိုလ်ဟောင်းများ၊ မုဆိုးမများ မည်ရွေ့မည်မျှ များပြားသည်ကို သိရပါတော့သည်။
ဝန်ကြီးအများက တဆင့်ပို့သော ရဲဘော်ဟောင်းနှင့် မုဆိုးမစာရင်းများက အလွန်များပြားလွန်းသည်။ သူတို့က လူကိုယ်တိုင် တင်မောင်၏ ရုံးခန်းသို့ လာကြရမည်ဖြစ်သဖြင့် လာကြရာ၌ ရုံးခန်းအပြည့် ဖြစ်နေပါသည်။ အားလုံးက အထက်ကစီးပြီး နိုင်ငံတော်၏ ကျေးဇူးရှင်တွေဖြစ်သောကြောင့် နိုင်ငံက ထောက်ပံ့ရမယ်ဟု ပြောကြပါ သည်။
သူတို့တတွေ အားလုံးလိုလိုသည် ပြည်သူပိုင်စက်ရုံ၊ လုပ်ရုံများမှ ထွက်သည့် ကုန်စည်များ ကိုယ်စားလှယ် ရထားသူများ ဖြစ်ကြပါသည်။ သိမ်ကြီးဈေး ဈေးသစ်ကြီးနှင့် ဈေးအများတွင် ဆိုင်နေရာ ရထားကြပြီး ဈေးမရောင်း ဘဲ တဆင့်လစာယူကာ ခေါင်းပုံဖြတ်စားနေသူများ ဖြစ်ကြပါသည်။ လက်ကြောတင်းအောင် လုပ်ကိုင်လိုသူများ မဟုတ်သည်ကို မြင်ရုံနှင့် သိပါသည်။ သတင်းစာကိုယ်စားလှယ်လုပ်ငန်းကိုလည်း လုပ်ပိုင်ခွင့်ကို ရယူပြီး တဆင့် ရောင်းစားကြမည့် ခေါင်းပုံဖြတ်များ ဖြစ်ကြသည်။ ကိုယ်စားလှယ်သစ်ခန့်ရေးကို (၁၅) ရက်နှင့် အပြီး လုပ်ရမည်ဟု အမိန့်ရှိသဖြင့် နေ့မီးညမီးနှင့် လုပ်ရပါသည်။
ညောင်ဦး၊ ရွှေစည်းခုံ စေတီတော်တွင် နဂါးရုပ်ကြီးတခု ရှိပါသည်။ ထိုအရုပ်ကြီးကို ဖက်ကာ လက်ချင်းထိနိုင်လျှင် အမေ့နို့ဖိုးကျေသည်ဟု ဆိုပါသည်။ တင်မောင်အဖို့ အမေ့နို့ဖိုးကျေအောင် ကျေးဇူးမဆပ်နိုင်စေကာမူ တပ်မတော် ၏ ကျေးဇူးကို ကျေအောင် ဆပ်နိုင်ခဲ့ပါသည်။ ဤတချီတည်းနှင့် ကျေးဇူးရှင် တပ်မတော်သားဟောင်းများကို အပြေ အလည် ကျေးဇူးဆပ်နိုင်ခဲ့ပါ၏။ ။
No comments:
Post a Comment