Friday, June 11, 2010

(၄၆) လွှတ်တော်မှ ဘ၀သံသရာပြက်လုံး (ကြေးမုံဦးသောင်း)

ဖြစ်ချင်တာတွေလဲ မဖြစ်ရတာ - မဖြစ်ချင်တာတွေလဲ ဖြစ်ရတာ - ဟူသော ဆရာသုခ၏ ဘ၀သံသရာ တေးသဘောတရားကို အာဏာရှင်ကြီး၊ ပင်စင်စားကြီး ဦးနေ၀င်း ရင်ဆိုင်ရရှာသည်ကို သူ၏ ပုဂ္ဂလိကပိုင် ပြည်သူ့ လွှတ်တော်ခန်းမရင်ပြင်တွင် တွေ့မြင်ရသဖြင့် တရားကျမိသည်။ နောက်တီးနောက်တောက် လှောင်ပြောင်လေ့ရှိသော လာကော လောကကြီး၏ ပြက်လုံးကို `အုန်းကနဲ` ရယ်မိသည်။
၁၉၇၄ ခု အခြေခံဥပဒေကြီးကို လူထုကြီးက တခဲနက်ထောက်ခံမဲပေးကြပြီးနောက် ပြည်သူ့လွှတ်တော်အတွက် ပြည်သူ့ကိုယ်စားလှယ်အမတ်မင်းများ ရွေးကောက်ပွဲကို ကျင်းပပါသည်။ ရွေးကောက်ပွဲမတိုင်မီတွင် ဗိုလ်ချုပ်ကြီး နေ၀င်းက တပ်မတော်မှ အနားယူရာတွင် နောက်တော်ပါ ဗိုလ်မှူးကြီး (၂၀) တို့ကပါ အနားယူကာ အရပ်သား ပင်စင်စားကြီးများ ဖြစ်လာကြပါသည်။
ခေတ်ဟောင်းကကဲ့သို့ ဖောက်ပြန်သူအမတ်မဖြစ်နိုင်စေရန် စီစဉ်ထားပါသည်။ လူထုအဖို့လည်း ပင်ပင်ပန်းပန်း လူရွေးရန်မလိုရအောင် မည်သူမည်ဝါသည် ပြည်သူ့ကိုယ်စားလှယ် ဖြစ်သင့်သည်ဟု အမတ်လောင်းများကို မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီက ရွေးချယ်ပေးပါသည်။ လူထုကြီးတာဝန်မှာ (၉၉) ရာခိုင်နှုန်း ထောက်ခံမဲပေးကြရန် ဖြစ်ပါသည်။
စစ်တပ်မှ အနားယူခဲ့သော ဦးနေ၀င်းနှင့် ဗိုလ်လူထွက် (၂၀) အပါအ၀င် သင့်လျော်သူများကို ပါတီက ရွေးပြီး အရွေးခံစေပါသည်။ ယင်းသို့ လူထုက မဲပေးတင်မြှောက်သော အမတ်မင်း (၄၅၁) ဦးတို့သည် ပြည်သူ့လွှတ်တော် ခန်းမဆောင်တွင် တနှစ်သုံးကြိမ် ညီလာခံကြပြီး ဥပဒေပြုကြပါသည်။ ၁၅ ရာခိုင်နှုန်းက အရပ်သားကျောင်းဆရာများ၊ ဆရာဝန်များနှင့် လူမျိုးစုကိုယ်စားလှယ်များ ဖြစ်ကြပါသည်။ (၈၅) ရာခိုင်နှုန်းသော အမတ်မင်းများက စစ်ဝတ်စုံကို ချွတ်ပြီးတောင်ရှည်ပုဆိုးဝတ်ထားသည့် ဗိုလ်လူထွက်များ ဖြစ်ပါသည်။ ထိုကြောင့် အစည်းအဝေးများသည် အသက်မပါသော အခမ်းအနားများ ဖြစ်နေသည်။ ၀န်ကြီးများ တင်ပြသော အဆိုမှန်သမျှ တို့ကို ထောက်ခံကြသဖြင့် စိတ်ဝင်စားစရာတကွက်မှ မရှိပါ။ သတင်းစာဦးစီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ပြီး လေ့လာကြရပါသည်။
အမတ်များက ထောက်ခံကြမည့် မိန့်ခွန်းမှန်သမျှကို လွှတ်တော်ရုံးကို (၇) ရက် တင်ကြိုပေးရပါသည်။ ပြောခွင့်ပြုသည်တို့ကို တည်းဖြတ်ပြီး စာမူကို သတင်းစာများက (၂) ရက် တင်ကြိုရရှိလေရာ အိမ်၌ အိပ်နေရင်း သတင်းရေးနိုင်ပါသည်။ ဝေဖန်ချက်ရေးနိုင်ပါသည်။
ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ပါလီမန်အစည်းအဝေးကို တက်ရောက်သတင်းယူကြရသည့် နားထောင်ကြရသည့် ပရိသတ်များအဖို့ လွန်စွာ သနားစရာကောင်းပါသည်။ တော်ပါသေးသည်။ ဧည့်သည်တော်များကို ခန်းမကြီး၏ နောက်ပိုင်းတွင် နေရာပေးထားသဖြင့် တင်မောင်တို့ လူတစုမှာ ဇိမ်ကျကျနှင့် ၀တ္ထုဖတ်နိုင်ကြပါသည်။
ထိုထက်ကောင်းသည်များ ရှိပါသေးသည်။ လွှတ်တော်အမတ်မင်းများအတွက် အထူးဖွင့်ပေးထားသော ကုန်သွယ်ရေးကော်ပိုရေးရှင်း စားသောက်ဆိုင်နှင့် အထူးကုန်စုံဆိုင်တွင် စာရေးသူတို့ ၀ယ်ယူစားသောက်ခွင့် ရရှိကြသည်မှာ မဟာအခွင့်အရေးဖြစ်ပါ၏။
နံနက်စာ တရုတ်၊ကုလား၊ မြန်မာဟင်းထမင်းမှာ ဆီစိုစို၊ နံနွင်းစိုစို၊ ဆန်ကောင်းကောင်းနှင့် ချက်ထားပါသည်။ သမ္မတကြီး ဦးနေ၀င်းနှင့် ၀န်ကြီးများပါ ၀ယ်ယူစားသောက်ကြသဖြင့် ဈေးနှုန်းကလည်း အပြင်ကနှုန်းထက် အဆများစွာ သက်သာပါသည်။ နေ့လည်စာ ကော်ဖီလက်ဖက်ရည်ကလည်း ကောင်းလှပါသည်။ ထိုအချိန်က ပြင်ပလောကတွင် သကြားပြတ်နေသောကြောင့် လက်ဖက်ရည်ဆိုင်များက ချိုချဉ်များကို မှောင်ခိုဝယ်ပြီး ဖျော်ကြရလေသဖြင့် ကော်ဖီ၊ လက်ဖက်ရည် နီပြာဝါစိမ်းများကို သောက်နေကြရပါသည်။ ကမ္ဘာမှာ အံမခန်း ဖြစ်စေသည့် အစိမ်းရောင်ကော်ဖီ၊ အပြာရောင်လက်ဖက်ရည် စသည်တို့ကို မြန်မာနိုင်ငံ၌ တီထွင်နေသည့် အချိန် ဖြစ်ပါသည်။ သမ္မတကြီးနှင့်တကွ ၀န်ကြီးများ၊ အမတ်မင်းများ၊ သတင်းစာဆရာများတို့တတွေမှာ သကြားဖြူဖြူနှင့် ဖျော်ထားသော ကော်ဖီလက်ဖက်ရည် မုန့်ကောင်းပဲကောင်းများကို တမူးတမတ်နှင့် ၀ယ်ယူစားကြရသည့် စည်းစိမ်ကမူ ကြီးမားပါ၏။
ထိုထက်ကောင်းသည်မှာ အထူးကုန်စုံဆိုင်၌ အမတ်မင်းများအတွက် သွားပွတ်တံ၊ သွားတိုက်ဆေး၊ မိလ္လာစက္ကူ စသော အပြင်တွင် ၀ယ်လို့မရနိုင်သည့် ပစ္စည်းများ ရောင်းချသည်ကို တင်မောင်တို့ပါ ၀ယ်ခွင့်ရပါသည်။
မုတ်ဆိတ်ရိတ်ဓား ပြတ်တောက်သွားသောကြောင့် မြန်မာယောက်ျားမှန်သမျှ ဗိုလ်မုတ်ဆိတ်များ ဖြစ်နေရသည့် အချိန်တွင် မုတ်ဆိတ်ရိတ်ဓား သုံးချောင်းစီ ရောင်းသဖြင့် ပွဲတော်ကြီး ဖြစ်နေသည်။
အမှန်ကို ၀န်ခံရလျှင် တင်မောင်၏ အလုပ်ဝတ္တရားအရ သံရုံးများသို့ ၀င်ထွက်သွားလာနေသဖြင့် အမေရိကန်သံရုံးနှင့် ရုရှသံရုံးမှ မိတ်ဆွေများက လိုသမျှပစ္စည်းကို သံတမန်ဆိုင်က ၀ယ်ပေးလေ့ရှိကြပါသည်။ နိုင်ငံခြားသို့ မကြာခဏသွားရသဖြင့် ထိုပစ္စည်းများ မလိုပါ။ လွှတ်တော်နှင့် ညီလာခံကြီးများတွင် ရောင်းသော ပစ္စည်းမှန်သမျှကို ၀ယ်ယူပြီး ရုံးမှုထမ်းတွေကို တဆင့်ခွဲဝေပေးလေ့ရှိသောကြောင့် ရုံးအုပ်ကြီးမှ လက်နှိပ်စက် စာရေးမများ၊ ရုံးစေများအထိ တင်မောင်၏ အမှုကိစ္စမှန်သမျှကို ပြုံးရွှင်သွက်လက်စွာ လုပ်ကိုင်ပေးလေ့ ရှိကြပါသည်။
တနေ့တွင် `စောင်တွေရမယ်တဲ့၊ ဆရာသမားတို့` ဟု သတင်းထောက်ကြီးတဦးက သတင်းပေးပါသည်။ အိန္ဒိယမှ တင်သွင်းသော စောင်အကောင်းစားများကို ပါလီမန်တွင် ရောင်းမည်ဟု ပြောသံကြားရသောအခါ `ရွာရှိမိဘများကို ကန်တော့ရန်အတွက် တစုံဝယ်ခွင့်ရအောင် ကြိုးစားကွာ` ဟု ပြောမိပါသည်။ အယ်ဒီတာချုပ်ကြီးများကလည်း နှစ်ထည်စီ လိုချင်ကြရှာပါသည်။ အားလုံးစုပြီး လွှတ်တော်တွင်းတွင် ဖွင့်ထားသော အထူးဆိုင်သို့ သွားကြပါသည်။
`မလွယ်ဘူးဆရာတို့` ဟု ဆိုင်မန်နေဂျာက ရှင်းပြပါသည်။ ရုံးချုပ်က အမတ် (၄၅၁) ဦးအတွက် စောင် (၄၅၁) စောင်သာ ကွက်တိပို့ပေးတယ်။ စောင်မလိုသဖြင့် မ၀ယ်လိုသော အမတ်မင်းများ ရှိမှသာ သတင်းစာဆရာများကို ရောင်းပါမည်ဟု ဆိုရှာပါသည်။ တင်မောင်သည် စိတ်ပျက်မိပါသည်။ မြန်မာတနိုင်ငံလုံးတွင် စောင်ပျောက်နေသည် မှာ ကြာပြီ ဖြစ်သည်။ အညာဒေသတွင် စောင်မခြုံနိုင်သဖြင့် ဂုန်နီအိတ်ကို ခြုံကြရရှာသဖြင့် ဂုန်နီအိတ်များကို `နေ၀င်းစောင်` ဟု ခေါ်ဝေါ်နေကြပါသည်။ အမတ်မင်းများလည်း စောင်များ လိုချင်ကြမည် ဖြစ်ပါသည်။ ၀န်ကြီးများကမူ အထူးထက်ထူးသော စပါယ်ရှယ်အထူးဆိုင်မှာ စောင်ဝယ်နိုင်ကြသဖြင့် ၀ယ်ကောင်းမှ ၀ယ်ပါမည်။ သူတို့ မ၀ယ်ကြစေကာမူ သတင်းစာဆရာများ အားလုံးကို ရောင်းချနိုင်မည်မဟုတ်ပါ။ ထိုကြောင့် ၀န်ကြီးများ၊ အမတ်များ မ၀ယ်သော စောင်များရှိပါက ကျန်ကောက်ဝယ်ယူခွင့်ပေးရန် သတင်းစာဆရာများ အဆင့်ဆင့်ဦးစားပေး မဟာဒုတ်မဲပင် နှိုက်ကြပါသေးသည်။ တင်မောင်၏ မဲအဆင့်မှာ အမှတ်ငါးဖြစ်သဖြင့် အမတ် ငါးပါးက စောင်မ၀ယ်ပါက စောင်တထည်ဝယ်ခွင့်ရရန် သေချာနေပါသည်။
ထူထဲသော သက္ကလပ်စောင်ကို နှစ်ထည်တွဲ ပလတ်စတစ်အိတ်နှင့် ထည့်ထားပြီး အလွယ်တကူ သယ်နိုင်ရန် လက်ကိုင်ကွင်းနှင့် လှပစွာ တံဆိပ်ရိုက်ထားသော တပေခန့်မြင့်သည့် စောင်ထုပ်များကို မျှော်တလင့်လင့် ကြည့်မိပါသည်။
အမတ်မင်းများထံမှ စာရင်းရောက်လာသောအခါ စောင်မ၀ယ်လိုသူ တဦးတယောက်မှ မရှိပါ။ အစည်းအဝေး နားချိန်တွင် လာရောက်ကြကာ အားလုံးဝယ်ကြပါသည်။ ပြဿနာမှာ စောင်ဝယ်ပြီးနောက် စောင်ထုပ်ကြီးများကို ထားစရာမရှိဖြစ်နေရှာပါသည်။ လုံခြုံရေးအရ အိမ်တော်၊ လွှတ်တော်ဝင်းအတွင်းသို့ ကားနှင့် မ၀င်ကြရဘဲ ၀င်းဝမှ ခြေလျင်ဝင်ကြရပါသည်။ ထိုကြောင့် စောင်ထုပ်ကြီးများကို ခေါင်းပေါင်းများ တလူလူနှင့် အစည်းအဝေးခန်းမတွင်း သို့ သယ်ကြကာ မိမိတို့ ကုလားထိုင်များတွင် ချကာ ထိုင်ကြပါသည်။ သတင်းစာဆရာများက မနာလိုစွာ မျက်စောင်းထိုးမိကြပါသည်။
လွှတ်တော်အစည်းဝေးခန်းမဆောင်တွင် ကုလားထိုင် (၆၀၀) ရှိပါသည်။ အားလုံးညီတူ ဖြစ်ပါသည်။ သို့သော် ရှေ့တန်းမှ ကုလားထိုင်တလုံးမှာ (၉) လက်မ ပိုမို မြင့်ပါသည်။ အမတ်မင်း ဦးနေ၀င်း ထိုင်ရန် ထားရှိပါသည်။
၁၉၆၂ ခုနှစ်၊ အာဏာသိမ်းပြီး ရက်အနည်းငယ်အတွင်းတွင် လက်သမားကျော်များကို ဆင့်ခေါ်ကာ သာမန်ကုလားထိုင်များထက် ခြေထောက် (၉) လက်မမြင့်သော အထူးကုလားထိုင်ကြီးတလုံးကို ဆောက်လုပ်စေ ပါသည်။ ဗိုလ်ချုပ်ကြီးနေ၀င်းက အရာရှိများ၊ စစ်ဗိုလ်များနှင့် တွေ့ဆုံတိုင်း ကုလားထိုင်အမြင့်ကြီးနှင့် ထိုင်ကာ အားလုံးထက် (၉) လက်မ မြင့်အောင်နေပြီး ခေါင်းငုံ့ကြည့်လေ့ရှိပါသည်။ နယ်သို့ ခရီးထွက်တိုင်း ကုလားထိုင်မြင့် ကြီးကို သယ်သွားပါသည်။ တခါတရံကားနှင့် ခရီးထွက်သွားရာမှ လိုရာဒေသသို့ရောက်သောအခါ ကုလားထိုင်သယ်သည့် ကားနောက်ကျနေပါက ဗိုလ်ချုပ်ကြီးက မထိုင်သေးဘဲ မတ်တပ်စောင့်နေကာ ကုလားထိုင် ရောက်လာမှ အပေါ်စီးမှ ထိုင်လေ့ရှိပါသည်။ ထိုကုလားထိုင်မြင့်ကြီးကို မည်သူမှ ထိုင်ခွင့်မရှိအောင် တလုံးသာ လုပ်ထားပါသည်။ လွှတ်တော်ဆောက်သောအခါတွင် ခန်းမ၌ ဦးနေ၀င်းထိုင်ရန် (၉) လက်မအမြင့် ကုလားထိုင်တလုံး လုပ်ရပြန်ပါသည်။ ဦးနေ၀င်း အစည်းအဝေးမတက်သော နေ့များတွင် ထိုအထူး (၉) လက်မမြင့် ကုလားထိုင်ကြီးကို အ၀တ်အုပ်ထားပါသည်။
ယင်းကဲ့သို့ ဦးနေ၀င်းက သူတကာထက် အမြဲတစေ (၉) လက်မမြင့်အောင် စီစဉ်ထားသော်ငြားလည်း အမတ်မင်းများ စောင်ဝယ်ကြသောနေ့က အမတ်မင်းများအားလုံးတို့က စောင်ထုပ်ကြီးများကို ဖင်ခုထိုင်ကြသောကြောင့် ဦးနေ၀င်းတယောက်မှ လူပုလေးတဦး ဖြစ်သွားရှာသည်ကို စာနယ်ဇင်းဆရာကြီးများ ကျိတ်ကျိတ် တိုးတိုး ဟက်ဟက်ပက်ပက် ရယ်မိကြပါသည်။
ငါကိုယ်တော်သည် လူအများထက် အမြင့်မှာ ရှိစေရမည်ဟု ဖြစ်ချင်သလို ဖြစ်ရအောင် တိတိကျကျ စီစဉ်ထားစေကာမူ ဘ၀ဟူသည်မှာ ဖြစ်ချင်တိုင်း မဖြစ်ရသည်များလည်း ရှိတတ်ပါပေ၏။ ။

No comments: