ခေါင်းဆောင်ကြီး ဗိုလ်ချုပ်နေ၀င်းသည် အာဏာရူးသူ၊ အာဏာကို ယစ်မူးသူမဟုတ်၊ အာဏာကို ရွံ့မုန်းသူ ဖြစ်သည်ဟု တပည့်များက ၀ါဒဖြန့်ကြသည်။ လူထုကြီးက ရွေးကောက်တင်မြှောက်ထားသော ဒီမိုကရေစီ အစိုးရလက်မှ နိုင်ငံရေးအာဏာကို အခြေအနေအရ၊ သမိုင်းပေးတာဝန်အရ တပ်မတော်က လုယူခဲ့ရရှာ စေကာမူ သူတို့အဖို့ မိမိရွံ့ရှာသော အာဏာကို ဆုပ်ကိုင်ထားရရှာသည့်အတွက် နာရီစက္ကန့်တိုင်း စိတ်မချမ်းမသာ ဖြစ်နေဟန် တူပါသည်။ အာဏာလုပြီး (၄) နှစ်မျှ ကြာသောအခါ ၁၉၆၆ ခုတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နှီးနှောဖလှယ်ပွဲ ကျင်းပစဉ်က `အာဏာကို မူလပိုင်ဆိုင်သူမှာ ပြည်သူလူထု ဖြစ်ပါတယ်။ ပြည်သူလူထုထံသို့ ပြန်အပ်ပါမည်` ဟု စတင်ပြောကြားပါသည်။
ဗိုလ်ချုပ်ကြီးနေ၀င်းက ကတိတည်ရှာပါသည်။ အာဏာလုယူပြီး (၉) နှစ်ကာလ ကြာသောအခါ ၁၉၇၁ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့ ပထမအကြိမ် မဆလပါတီညီလာခံတွင် `တကယ့် တိုင်းပြည်အာဏာ မူပိုင်ရှင်ဖြစ်တဲ့ လူထုထဲသို့ ရောက်အောင် ပြန်အပ်မှာပါပဲ။ တပြည်လုံးက လူထု ကိုယ်စားလှယ်များလက်သို့ ပြန်မအပ်နိုင်သေးသဖြင့် ပြည်သူ လူထု၏ တစိတ်တဒေသ ဖြစ်တဲ့ ကျနော်တို့ပါတီကိုတော့ ပြန်အပ်ပါပြီ` ဟု မိန့်ခွန်းပေးကာ အာဏာထုပ်ကြီးကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသို့ လွှဲအပ်ပေးခဲ့ပါသည်။
ခက်နေသည်မှာ ပါတီက ယခုမှ ပထမညီလာခံကျင်းပသည်ဖြစ်နေရာ အာဏာထုပ်ကြီးကို လက်မှ ပိုက်ထားနိုင်လောက်အောင် အင်အားမရှိဖြစ်နေသည်။ အာဏာဆိုသည့် အာဏာကလည်း သင်္ကြန်စာထဲမှ ဗြဟ္မာ ကြီး၏ ဦးခေါင်းလို မြေမှာချ၍မရ၊ ရေထဲသို့လည်း မျှော၍မရသည့် အထုပ်ကြီးဖြစ်နေသောကြောင့် ပါတီခေါင်းဆောင်များက မလုပ်တတ်၊ မကိုင်တတ်၊ မယူနိုင်၊ မယူရဲ ဖြစ်သွားကြပါသည်။ အာဏာထုပ်ကြီးကို မည်သူ့ထံတွင် ထားကြမည်နည်းဟု ပါတီဗဟိုကော်မတီဝင်များ ကြာမြင့်စွာ ညှိနှိုင်းဆွေးနွေးကြရပါသည်။
အာဏာထုပ်ကြီ်းကို သိမ်းစရာနေရာမရှိသောကြောင့် ပါတီခေါင်းဆောင်များက တော်လှန်ရေးကောင်စီကိုပင် ပြန်အပ်ကြရပြန်ပါသည်။ လူထုက ရွေးကောက်တင်မြှောက်သော ပြည်သူတို့ ကိုယ်စားလှယ်များ လွှတ်တော် ပေါ်မလာသေးမီ ကာလတွင် အာဏာကို ခေတ္တခဏ ထိန်းထားပါဦးဟုလည်း ပြန်လည်အပ်နှင်းပြန်ပါသည်။
တော်လှန်ရေးပါတီဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်းက မဆလပါတီဥက္ကဋ္ဌကြီး ဗိုလ်ချုပ်နေ၀င်းထံ အပ်နှင်းလိုက်သည့် အာဏာထုပ်ကြီးသည် ညီလာခံပြီးသောအခါတွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်း၏ စစ်လွယ်အိတ်တွင်းသို့ပဲ ပြန်ရောက်သွားပါသည်။ သူ့ခမျာ စိတ်မချမ်းမသာနှင့် ပြန်ယူရရှာပြန်ပါသည်။
ဗိုလ်ချုပ်ကြီးနေ၀င်းသည် အာဏာကို မလိုချင်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ အာဏာစွန့်နိုင်ရေးကို အစွမ်းကုန် ကြိုးစားသောကြောင့် ၁၉၇၄ ခု၊ မတ်လ (၂) ရက်နေ့တွင် လူထုကြီးက ရွေးကောက်တင်မြှောက်သော ပြည်သူ့လွှတ်တော် ပေါ်လာသောအခါတွင် အာဏာကို ပြည်သူလူထု၏ လက်သို့ လွှဲပြောင်းပေးနိုင်ခဲ့ပါသည်။
(၁၂) နှစ် ကာလပတ်လုံး စိတ်မချမ်းမသာဘဲနှင့် ထိန်းသိမ်းထားရသည့် အာဏာထုပ်ကြီးကို စစ်ဝတ်စုံ ၀တ်ဆင်ထားခဲ့သူ ဗိုလ်ချုပ်ကြီးနေ၀င်း၏ တောင်ရှည်ပုဆိုး ၀တ်ဆင်ထားသော အရပ်သားကြီး၊ ပင်စင်စားကြီး ဦးနေ၀င်း၏ လက်သို့ လွှဲပြောင်းပေးလိုက်ပါသည်။ ချက်ချင်းပဲ အစိုးရ၏ အသွင်သဏ္ဍာန်မှာ လူထုကိုယ်စားလှယ် အစိုးရ ဖြစ်သွားပါသည်။
ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရန် လုပ်ဆောင်ရသည်ကလည်း မလွယ်ပါ။ ပထမ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ကို ရေးရပါသည်။ အဖွဲ့ဝင် (၉၇) ဦးပါဝင်သော ကော်မီတီက လူထုကြီးက လိုလားသည့် အချက်များကို လူထုဆန္ဒနှင့်အညီ ရေးသားရပါသည်။ ရေးသားပြီးစီးသော ပထမမူကြမ်း၊ ဒုတိယမူကြမ်း၊ တတိယမူကြမ်းတို့ကို လူထုကြီးထံ ပြန်လည်တင်ပြပါသည်။ ပြီးတော့မှ ဆန္ဒခံယူပွဲ ကျင်းပပါသည်။
၁၉၇၃ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အတည်ပြုရေး တပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေကို တော်လှန်ရေးကောင်စီက ၁၉၇၃ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့က ထုတ်ပြန်ပြီး ဒီဇင်ဘာလထဲ၌ ဆန္ဒခံယူပွဲများကို အမြို့မြို့အရွာရွာတို့တွင် ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ပါသည်။
လူထုဆန္ဒခံယူပွဲတော်ကြီးတွင် တင်မောင်တို့ သတင်းစာဆရာများ၊ စာရေးဆရာများနှင့် ဇာတ်သဘင် အနုပညာရှင်များ၊ ရုပ်ရှင်မင်းသားမင်းသမီးများတို့ပါ တတပ်တအား ပါဝင်ကြရပါသည်။ စာရေးသူတို့အားလုံး စင်မြင့်ပေါ်တက်ပြီး လူထုကို ပညာပေးရပါသည်။ အဖွဲ့ငယ်များဖွဲ့ပြီး မြို့နယ်ကျေးရွာ ရပ်ကွက်များတို့မှာ ဟောပြော ပွဲများ ကျင်းပကြရာတွင် အနုပညာရှင်များက သီဆိုကခုန် ဖျော်ဖြေပြီး စာပေပညာရှင်တို့က ဟောပြောကြရပါသည်။
လူထုကြီးနှင့် ညှိပြီးရေးသားသော အခြေခံဥပဒေမူကြမ်းကြီးကို ဖတ်ကြည့်သောအခါတွင် တင်မောင်မှာ ကျောချမ်း မိသည်။ ဥပဒေနှင့်မတူဘဲ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရဟု ရေးထားသဖြင့် စည်းကမ်းကြီးသည့် ကျောင်းတကျောင်း၏ ကျောင်းစည်းကမ်းနှင့် တူနေသည်ကို တွေ့ရပါသည်။ မလုပ်ရဟု တားမြစ်ထားသည်သာမက ပြုလုပ်ပါက အပြစ်ပေးမည်ဟူသော အချက်များက များပြားလှသည်။
အခွင့်အရေးများလည်း မြောက်မြားစွာ ပေးထားပါသည်။ ပုဒ်မ (၁၅၇) တွင် နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ ဟောပြောရေးသားထုတ်ဖော်ခွင့် ရှိသည်ဟု ခိုင်မာစွာ ပါရှိပါသည်။ အလွန်ကောင်းပါ၏။ သို့သော် အောက်မှ စာပိုဒ်တွင် ယင်းအခွင့်အရေးများကို လုပ်သားပြည်သူများနှင့် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ဆန့်ကျင်သမှု မပြုလေမှသာ ရရှိမည်ဟု ချုပ်ချယ်မှု ပါနေပါသည်။ ပုဒ်မ (၁၅၆) တွင် နိုင်ငံသားတိုင်း လွတ်လပ်စွာ တွေးတော ရေးသားခွင့်၊ အနုပညာဖန်တီးခွင့် ရှိသည်ဟု ဖော်ပြထားစေကာမူ အထက်ပုဒ်မပါ အခွင့်အရေးများသည် ဆိုရှယ်လစ်စီးပွားရေးစနစ်နှင့် နိုင်ငံတော်၏ ညီညွတ်မှုကို ဆန့်ကျင်သမှု မပြုရဟု ကန့်သတ်ထားပြန်ပါသည်။ အပြစ်ကျူးလွန်ပါက ပြစ်ဒဏ်ပေးမည်ဟုလည်း ခြိမ်းခြောက်ထားပါသည်။
ကြီးမားသော နှောင်ကြိုးကြီးများ တုပ်နှောင်ထားသည့် ဥပဒေမူကြီးကို လူထုက ထောက်ခံကြရန် ဟောပြောရေးကို တာဝန်ယူပါဟု တင်မောင်တို့ရုံးမှ အထက်အရာရှိ၏ အမိန့်အရ စင်မြင့်ပေါ်တက်ပြီး ပြောရပါသည်။ တင်မောင်က `အခြေခံဥပဒေဆိုတာ အုပ်ချုပ်သူ လူတန်းစားနဲ့ အုပ်ချုပ်ခံ လူတန်းစားတို့ရဲ့ စာချုပ်သာဖြစ်တာကြောင့် သေသေ ချာချာ လေ့လာဖတ်ရှုကြပါ` ဟု ပြောမိပါသည်။
တင်မောင်တို့အဖွဲ့က ဟောပြောပွဲ (၂၀) ဟောကြရန် တာဝန်ပေးထားပါသည်။ ပွဲ (၆) ပွဲသာ ပြောပြီးသောအခါ၌ အဖွဲ့ခေါင်းဆောင်က တင်မောင်အား တိုးတိုးတိတ်တိတ် ပြောပါသည်။ `ကိုယ့်လူ ဆက်မဟောပါနဲ့၊ အဖွဲ့ခရီးထွက်ရာမှာလဲ မလိုက်ပါနဲ့တော့` တဲ့။
`ဘာဖြစ်လို့လဲဗျာ` ဟု မေးသောအခါ `ခင်ဗျားဟောတာတွေကို အထက်က မကြိုက်ဖူး၊ ခင်ဗျားမို့ သည်းခံတာ။ တခြားလူ ဒီလိုဟောလျှင် အင်းစိန်ထောင်ရောက်သွားမှာပေါ့` သူက ပြောပါသည်။ တင်မောင် ဆက်လက်ဟောပြောခြင်း မပြုစေကာမူ လူထုက ထောက်ခံကြပါသည်။
တပြည်လုံးမှာရှိသော မဲပေးနိုင်ခွင့်ရှိသူတို့၏ (၉၅) ရာခိုင်နှုန်းက မဲပေးကြပါသည်။ ထောက်ခံမဲ (၁၄.၇၆၀.၀၃၆) တို့က ထောက်ခံကြပါသည်။ အစုစု (၉၀.၁၉) ရာခိုင်နှုန်းသော လူထုကြီးက ထောက်ခံကြပါသည်။
စစ်အစိုးရခေတ်မှာ ပထမဆုံးကျင်းပသော မဲဆန္ဒပေးပွဲ အစီအစဉ်မှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။ မဲဆန္ဒရှင် (၂၀၀) ခန့်တွင် မဲရုံတရုံထားပါသည်။ လွယ်ကူစွာ မဲပေးနိုင်ရန် မဲရုံအများ ထားရှိသည်ဟု ဆိုပါ၏။ ကွပ်ကဲသူ တပ်ကြပ်ကြီးဟောင်း၊ စစ်သားဟောင်းများက မည်သည့်မိသားစု၊ မည်သည့်မဲပုံးထဲ၌ မဲထည့်သည့်ကို တွက်ချက်သိ နိုင်ရန် စီစဉ်ထားသဖြင့် မည်သူမှ ဆန့်ကျင်မဲ မပေးဝံ့ကြပါ။ အချို့ကမူ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ဟေ့ဆိုကာ ဆန့်ကျင်မဲအနက်ပုံးထဲသို့ မဲထည့်ကြပါသည်။
တင်မောင်တို့ မိသားစုတွင် မဲပေးနိုင်သူ (၄) ဦးရှိပါ၏။ တဖက်ခန်းမှ စိတ်တူကိုယ်တူ မိသားစုက (၆) မဲရှိပါသည်။ တဘက်ခန်းမှ အိမ်ထောင်ဦးစီးဖြစ်သူ ကိုဘတုတ်က သူ၏ဈေးဆိုင်ကို ပြည်သူပိုင် အသိမ်းခံထားရသဖြင့် စိတ်နာနေသူ ဖြစ်ပါသည်။ အခြေခံဥပဒေကြီးကို အသေးစိတ်ဖတ်ရှုပြီး ပုဒ်ထီးပုဒ်မမှန်သမျှ မကောင်းပုံ၊ ဖိနှိပ်ပုံများကို ပြင်းပြင်းထန်ထန် ဝေဖန်ပါသည်။ သူက အခြားသူများထံ မပြောဝံ့ဘဲ စိတ်ချသည့် တင်မောင်ကိုသာ ပြောသဖြင့် နားပူခဲ့ရပါသည်။ `ပိတ်ထားတဲ့ မဲပေးခန်းထဲမှာမှ မှန်တယ်ထင်တာကို မဲမပေးဝံ့လျှင် သူရဲဘော ကြောင်တာပေါ့` ဟု သူပြောတာကို နားထဲမှ ထုတ်မရပါ။ တင်မောင်တို့ မိသားစုလည်း နိုင်ငံသားတို့၏ အခွင့်အရေးကို သုံးပြီး အနက်မဲပုံးထဲသို့ မဲထည့်ခဲ့ပါ၏။ မဲ (၂၀၀) အနက် မဲ (၄၀) ခန့် ဆန့်ကျင်မဲ ထွက်လာမည်ဟု မျှော်လင့်ခဲ့မိသည်။
သို့သော် မဲပုံးများဖွင့်ပြီး မဲရေကြသောအခါ ရပ်ကွက်ကောင်စီလူကြီး၊ ဗိုလ်ကြီးဟောင်း၊ ဗိုလ်ကတော်နှင့် တပ်ကြပ်ကြီးတို့က ထခုန်ပြီး ကွေးနေအောင် ကကြပါတော့သည်။ `တို့မဲပုံးက အားလုံးဖြူတယ်ဟေ့` ဟု အော်ဟစ်ကြပါသည်။
တင်မောင်က မိမိအနားတွင်ရှိသူ ကိုဘတုတ်၏ မျက်နှာကို ကြည့်မိပါသည်။ တင်မောင်တို့ ထည့်ထားသော အနက်မဲများကို ပဉ္စလက်နည်းနှင့် ပျောက်အောင် ဖျောက်နိုင်ကြသည်ကို အံ့သြဟန်နှင့် ငိုင်သွားရှာပါသည်။ ဆက်လက်၍ အဖြူမဲအောင်ပွဲကို အရပ်သားများကပါဝင်ပြီး ကကြသောအခါ ကိုဘတုတ်တယောက်လည်း ပါဝင်ကာ ကရရှာတော့သည်။
`ဟဲဟဲ … အင်းစိန်ထောင်ပြန် သူရဲကောင်းကြီးဖြစ်တဲ့ တင်မောင်လည်း သိကြားသားမဟုတ်လေတော့ ၀င်ပြီး မကခဲ့ပေမယ့် စတိအားဖြင့် လက်ခုပ်တီးခဲ့ရပါတယ်။ အများမိုးခါးရေ သောက်နေကြတဲ့အချိန်မှာ ကိုယ်က အိုင်စကလင်စားနေလို့ မတော်ဘူး၊ မဟုတ်လား` ။ ။
No comments:
Post a Comment