သတင်းများကို ပိတ်ဆို့ရသော အတွေ့အကြုံများသည် ရံဖန်ရံခါတို့တွင် ငိုရ၊ ရယ်ရနှင့် များစွာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။
တခါက ရန်ကုန်မြို့တွင် ကျောင်းသားများ၏ ဆန္ဒပြပွဲတခု ဖြစ်ပွားပါသည်။ ကျောင်းသားတို့က ဆူပူအော်ဟစ်နေကြ သည်ကို ရဲတို့က ပစ်ခတ်နှိမ်နင်းသောကြောင့် အသေအပျောက် ရှိပါသည်။ နိုင်ငံခြားသားသတင်းထောက်တဦးက ဦးဦးဖျားဖျား သတင်းရေးပြီး ကြေးနန်းပို့ပါသည်။ ကျောင်းသားများ ဆန္ဒပြပွဲကို ရဲတို့က ပစ်ခတ်နှိမ်နင်းရာမှ ကျောင်းသား (၄) ဦး သေဆုံးရခြင်း စသည်ဖြင့် သတင်းရေးပါသည်။
နိုင်ငံခြားသို့ ထွက်သော ကြေးနန်းသတင်းများကို စီစစ်ရန် စစ်စုံထောက်တဦးကို ကြေးနန်းရုံးတွင် တာဝန်ချထား ပါသည်။ တာဝန်ကျသည့် စစ်ဗိုလ်က သတင်းထောက်ကို ခေါ်ယူတွေ့ဆုံပြီး ဆန္ဒပြပွဲမှာ လူမသေဘဲနှင့် ပုံကြီးချဲ့ရေးထားသောကြောင့် ခွင့်မပြုနိုင်ဟု ငြင်းသည်။ သတင်းထောက်ရေးထားသည့် ကျောင်းသား (၄) ဦး သေဆုံးခြင်းဟူသည့် စာပိုဒ်ကို ဖြုတ်ပေးရမည်။ ဆန္ဒပြပွဲ ဖြစ်ပွားသည်ဟူသော စာပိုဒ်များကိုသာ ကြေးနန်းရိုက်ခွင့် ပြုမည်ဟု ပြောပါသည်။
သတင်းထောက်က `ကျုပ်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ သတင်းဖြစ်ပါတယ်။ ကျောင်းသား (၄) ဦး သေနတ်မှန်ပြီး ကျဆုံးတာ မြင်ရပါတယ်` ဟု ဘုရားစူး မိုးကြိုးပစ် ကျိန်တွယ်ပြီး အယူခံဝင်လေသည်။
သတင်းပိတ်စစ်ဗိုလ်နှင့် သတင်းထောက်တို့ အချိန်အတော်ကြာ ငြင်းခုံကြသည်။ နိုင်ငံခြားသွား ကြေးနန်းသတင်း များကို အလျင်အမြန် ထွက်ခွင့်ပြုရမည်ဟူသည့်မူက ရှိနေသဖြင့် စစ်ဗိုလ်က လျော့ပေးပါသည်။ သတင်းထောက် ကလည်း လျောပေးရပါသည်။ နှစ်ဦးနှစ်ဝ ဆွေးနွေးဈေးဆစ်ကြပြီးနောက် ကျောင်းသားဆန္ဒပြပွဲတွင် ရဲတို့က ပစ်ခတ်သဖြင့် ကျောင်းသားနှစ်ဦး သေဆုံးခြင်း သတင်းကို ပို့ခွင့်ရပါသည်။
သတင်းမှန်မှာ ကျောင်းသားတယောက်သာ သေဆုံးပါသည်။ ထိုကဲ့သို့ ခိုးလိုးခုလု အူကလိအူကလာ ဖြစ်ရပ်များ သတင်းထောက်လောက၌ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။ ရန်ကုန်တွင် တာဝန်ယူရသည့် နိုင်ငံခြားသား သတင်းထောက်များမှာ အခက်အခဲများ ရှိသည်ကို နိုင်ငံခြားမှ သတင်းကိုယ်စားလှယ်တိုက်များတွင် အယ်ဒီတာမင်းများက မသိရှာကြပါ။ ဗမာပြည်၌ ဖြစ်ပွားသည့်သတင်း၊ ဗမာပြည်မှ လာသည့် သတင်းများကိုလည်း နားမလည်နိုင်ကြသည်ကို ကြုံတွေ့ရလေ့ရှိသည်။ တခါတွင် ရှမ်းပြည်၌ မီးရထားတစင်း မီးလောင်သောကြောင့် ခရီးသည် (၃၉) ဦး သေဆုံးပါသည်။ သတင်းထောက်က အဖြစ်အပျက်အမှန်အတိုင်း သတင်းရေးပို့ခဲ့ပါသည်။ လူစီးတွဲတွင်းတွင် ဖယောင်းတိုင် ထွန်းညှိထားကြောင်း၊ တနေရာတွင် ရေနံဆီပုံးမှ ရေနံဆီယိုရာက ဖယောင်းတိုင်မီးနှင့် ရေနံဆီ တွေ့ကြရာက မီးလောင်ကျွမ်းရကြောင်း စသည်ဖြင့် ရေးပြီး ကြေးနန်းရိုက်လိုက်ပါ သည်။
အပြည့်အစုံရေးသားပေးပို့သော ထိုသတင်းကို သတင်းဌာနမှ တိုက်ထိုင် အယ်ဒီတာမင်းများက နားမလည်သော ကြောင့် မကျေနပ်နိုင်သဖြင့် ချက်ချင်းကြေးနန်းရိုက်ပြီး မေးခွန်းထုတ်ပါသည်။ `မီးရထားအတွဲထဲမှာ ဘာကြောင့် ဖယောင်းတိုင်ထွန်းရတာလဲ` ဟု မေးရှာပါသည်။
ထိုအခါ သတင်းထောက်က မြန်မာပြည်တွင် လျှပ်စစ်မီးသီးများ ရှားပါးနေကြောင်း၊ ရထားတွဲများက မီးလုံးများကို မသမာသူတို့က ဖြုတ်ခိုးကြသဖြင့် လူစီးတွဲများမှာ မှောင်မည်းနေလေ့ရှိကြောင်း။ ထို့ကြောင့် ခရီးသည်များက ဖယောင်းတိုင်ယူလာကြပြီး ထွန်းညှိကြရကြောင်းနှင့် အကျယ်တ၀င့် ကြေးနန်းပြန်ရပြန်ပါသည်။
တိုက်ထိုင်အယ်ဒီတာက နားမလည်နိုင်ပြန်သောကြောင့် ကြေးနန်းတစောင် ထပ်မံရိုက်ကြားပြီး မေးပြန်ပါသည်။ `ဘာကြောင့် လူစီးတွဲမှာ ရေနံဆီပုံးက ရောက်နေရတာလဲ`ဟု မေးပြန်ပါ၏။
မီးသီးရှားလျှင် ရေနံဆီလည်း ရှာလေမည်ဟု အယ်ဒီတာက မသိရှာလေသောကြောင့် သတင်းထောက်ခမျာ `ရေနံဆီလည်း ရှားပါးသောကြောင့် ခရီးသည်များက မှောင်ခိုရေနံဆီပုံးများကို လူစီးတွဲတွင် သယ်ယူလာလေ့ ရှိပါတယ်` ဟု အကြောင်းပြန်လိုက်ရလေသည်။
ထိုအချိန်က ရေနံဆီ များစွာရှားပါးလှပါသည်။ အထက်ဗမာပြည်တွင် ရေနံဆီမီးခွက်များ ပျောက်ကွယ်သွား ပါသည်။ ရွှေဘိုနယ်မှ ရေလျှံသောအခါ၌ သစ်ပင်ချုံပုတ်များတွင် ခိုအောင်းနေသည့် မြွေများက ကျေးရွာအများမှ တဲအိမ်များပေါ်သို့ တက်ရောက်ခိုလှုံသောကြောင့် မြွေကိုက်မှုအမြောက်အမြား ဖြစ်ပေါ်ခဲ့ဖူးပါသည်။ ထိုသတင်းကို ဖော်ပြခြင်းမပြုရန် ပိတ်ရစဉ်က ရင်နင့်ခဲ့ရပါသည်။
တနေ့တွင် ဒု-၀န်ကြီးက တင်မောင်အား ခေါ်ပြီး `တိရစ္ဆာန်ဥယျာဉ်မှာ ဖြစ်ပွားတဲ့ ဆင်ဖြူတော်ကလေး သေဆုံးတဲ့ သတင်းကို သတင်းစာတွေမှာ မပါစေနဲ့` ဟု အမိန့်ပေးပါသည်။ တင်မောင်အဖို့ သတင်းပိတ်စေရန် အမိန့်ရသည့် အကြောင်းအရင်းကို စဉ်းစားမရနိုင်ဘဲ ခေါင်းရှုပ်သွားပါသည်။ ခါတိုင်းပိတ်သည့် သတင်းများက တပ်မတော်၏ သိက္ခာကို ထိန်းရန်ကိစ္စ၊ ဦးနေ၀င်း၏ ဆွေမျိုးများ ဂုဏ်ပျက်စေမည့် မကောင်းသတင်းများ ကိစ္စများ ဖြစ်ပါသည်။ ဆင်ဖြူတော်ကလေးသည် ဦးနေ၀င်းမိသားစုနှင့် ဆွေမျိုးတော်သည်ဟု မဖြစ်နိုင်ပါ။ `ဘာပြုလို့ သတင်းပိတ်ရတာ လည်း ၀န်ကြီးရဲ့` ဟု မျက်နှာချိုသွေးပြီး မေးမိပါသေးသည်။ `လျှာမရှည်နဲ့ဗျာ၊ ၀န်ကြီးအမိန့်ဗျ။ ဒီသတင်း သတင်းစာတွေမှာ မပါစေနဲ့တဲ့။ အထက်ကလာတယ်` ဟု ငေါက်သောကြောင့် ကိုယ်ရှိန်သတ်ပြီး ပြန်ခဲ့ရပါသည်။ တာဝန်ဝတ္တရားအတိုင်း သတင်းစာ အယ်ဒီတာချုပ်ကြီးများထံ ထပ်ဆင့်အမိန့်ထုတ်ခဲ့သဖြင့် ထိုသတင်းသည် မည်သည့်သတင်းစာမှ မပါခဲ့ပါ။ နိုင်ငံခြားသတင်းထောက်များ မသိလိုက်ကြသဖြင့် ကမ္ဘာကလည်း မသိလိုက်ပါ။
ဆင်ဖြူတော်ကလေး သေသည်ကို အရေးတကြီး သတင်းပိတ်သည်ကို တင်မောင်က ဘ၀င်မကျပါ။ ဆင်ဖြူတော် ကလေး၏ နာရေးသတင်းကို ဝေဿန္တရာဇတ်တော်နှင့် ဆက်စပ်ပြီး ဆောင်းပါးရေးရန် စဉ်းစားနေသဖြင့် အကြံပျက် ရသောကြောင့် မကျေနပ်နိုင်ပါ။ ဇာတ်ကြီးဆယ်ဘွဲ့ထဲတွင် ဆင်ဖြူတော်တို့၏ ဂုဏ်တန်ဖိုးကို အကျယ်တ၀င့် ရေးထားပါသည်။ ကလင်္ဂရာဇ်ပြည်တွင် မိုးခေါင်သောကြောင့် ငတ်မွတ်ခေါင်းပါးပြီး ခိုးသားဓားပြတို့ ထကြွသဖြင့် စေတုတ္တရာပြည်တွင်ရှိသည့် ဆင်ဖြူတော်ကို အလှူခံကြသည့်အကြောင်း၊ ဝေဿန္တရာမင်းသားက ဆင်ဖြူတော် သာမက ဆင်ဖြူတော်တွင် ဆင်ထားသော တန်ဆာများကိုပါ လှူလိုက်သဖြင့် ပြည်သူတို့က ဒေါသူပုန်ထသော ကြောင့် တောသို့နှင်ခဲ့သည့် ဇတ်လမ်းသည် ရေးရန် အကွက်ကောင်းပါသည်။ ထို့ကြောင့် အကြောင်းရင်းကို သလိုသဖြင့် တိရစ္ဆာန်ဥယျာဉ်သို့ ကိုယ်တိုင်သွားပြီး စနည်းနာမိပါသည်။ ဘုရား-ဘုရား ဘုရားတမိပါသည်။ ဆင်ဖြူတော်ကလေး သေရသည်မှာ အစာငတ်သဖြင့် သေရသည်တဲ့။
ဥယျာဉ်မှ တိရစ္ဆာန်များကို အစာကျွေးရန်အတွက် အစိုးရက ဘတ်ဂျတ်ငွေ လုံလောက်စွာ ပေးထားပါသည်။ သို့ပါလျက် အစာငတ်သဖြင့် အစာအိမ်တွင် အူကိုအူချင်း ကြိတ်သောကြောင့် သေရပါသည်။
ဆင်ဖြူတော်ကလေးသည် ဦးနု၏ ဖဆပလ ဒီမိုကရေစီအစိုးရခေတ်က ပေါ်ခဲ့ပါသည်။ ဗိုလ်ချုပ်ကြီးနေ၀င်းက သူ၏ခေတ်တွင် ဆင်ဖြူရတနာ ရှိနေသည်ကို မင်္ဂလာယူနေသဖြင့် ဆင်ဖြူတော်ကလေး သေရသည်ကို မကျေနပ် နိုင်သောကြောင့် ဆရာဝန်များနှင့် စစ်ဆေးစေပါ၏။ ဆင်ကလေးကို X-ray ဓာတ်မှန်ရိုက်ကြည့်သောအခါ အစာငတ်သောကြောင့် အစာအိမ်အူကွဲပြီး သေရသည်ဟု သိကြရပါသည်။
ဆက်လက်ပြီး စုံစမ်းရာ တိရစ္ဆာန်ဥယျာဉ်ကို စစ်တပ်က အပိုင်သိမ်းထားသဖြင့် ဖြစ်ရသည်ဟု သိရပါသည်။ တော်လှန်ရေးအစိုးရ တက်လာစကာလက အစိုးရဌာနမှန်သမျှကို ဦးစီးရန် စစ်ဗိုလ်ကြီးများကို တာဝန်ပေးသောအခါ၌ တိရစ္ဆာန်ဥယျာဉ်ကို အုပ်ချုပ်ရန် ဗိုလ်မှူးကြီးလှအောင်အား တာဝန်ပေးခဲ့ပါသည်။ စစ်ဗိုလ်ကြီးက သူရောက်လာသည်နှင့် မူလက ရှိနေသူ အရပ်သားအမှုထမ်းများ ဖြုတ်ပါသည်။ ဥယျာဉ်ထိန်းသိမ်းမှု အထူးပညာရှင် ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းကို အပြစ်ရှာသည်။ အပြစ်ရှာမရသောကြောင့် အင်းစိန်ထောင် သိုပ ပို့လိုက်သည်။ (၆) နှစ်မျှ ခံလိုက်ရရှာပါသည်။
မူလက အုပ်ချုပ်ရေးမှူးနှင့် ကျွမ်းကျင်သူ အရပ်သားဝန်ထမ်းများကို အလုပ်မှ ဖြုတ်ပြီး သူ၏တပ်မှ စစ်သားများ၊ စစ်သားဟောင်းများကို အစားထိုးခန့်ထားခဲ့ပါသည်။
ထိုအချိန်က အစိုးရက ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တည်ဆောက်လိုက်သောကြောင့် တပြည်လုံး စားနပ်ရိက္ခာ ရှားပါးသွားလေသဖြင့် စစ်သားဟောင်း ဥယျာဉ်မှူးဝန်ထမ်းများက တိရစ္ဆာန်များကို ကျွေးရမည့် အစာများကို မကျွေး တော့ဘဲ ခိုးယူကာ မိသားစုပါ စားသောက်ကြသည်ဆိုပါသည်။ ဆင်ကလေးသာမက အကောင်ပလောင် အငယ်စားကလေးများတို့လည်း သေကျေကုန်ကြပါသည်။ ကျားကြီးများနှင့် ခြင်္သေ့တို့ပင် သေလုလု ပိန်လှီနေပြီကို တွေ့ကြရသည်။ အမှုကို ဦးနေ၀င်းကိုယ်တိုင် သိရှိပြီး ဆူပူဆဲရေးမှ ဥယျာဉ်က တိရစ္ဆာန်များ၏ အစာကို ခိုးယူသုံးစွဲမှု ရပ်ဆိုင်းသွားခဲ့သည်။
ဤသို့သော ဖြစ်ရပ်မျိုးများမှာ စာရေးဆရာများက စိတ်ကူနှင့် တီထွင်ရေးသားရန် မဖြစ်နိုင်ပါ။ မြန်မာနိုင်ငံတွင်သာ စစ်အစိုးရခေတ်မှာသာ ဖြစ်နိုင်ပါသည်။ အခြားခေတ်၊ တခြားနိုင်ငံများမှာလည်း မဖြစ်နိုင်လောက်အောင် ဆန်းကြယ်လှပါသည်။ ။
1 comment:
ကိုသက်ဦး
ဆောင်းပါးအတို လေးတွေ တင်ပေးနိုင်ဘို့ ကျိုးစားပါမယ် လာရောက်အားပေးတဲ့ အတွက်ကျေးဇူးပါ
Post a Comment