Tuesday, December 30, 2008

သတင်းစာသမိုင်း တံခါးတချပ် ဖွင့်ဆိုခြင်း

ခရစ်စမတ်ပိတ်ရက်မှာ မိသားစုနဲ့အတူ ကျနော် ဂျာမနီနိုင်ငံ Frankfurt မြို့ကို ရောက်နေသည့်တိုင် ဆောင်းတွင်းကလည်းဖြစ်၊ ရာသီဥတုကလည်း အေးတာကြောင့် ဘယ်ကိုမှ သိပ်မသွားဖြစ်ပါ။ Frankfurt မြို့ မြန်မာဘုန်းတော်ကြီးကျောင်းမှာတော့ Hamburg တက္ကသိုလ်မှာ မဖွင့်ဖြစ်လိုက်တဲ့ မြန်မာစာဌာနအတွက် ရှာဖွေထားတဲ့ စာအုပ်တွေ ရောက်နေပါတယ်။ စာအုပ်တွေက မြန်မာစာပေ၊ ယဉ်ကျေးမှု၊ သမိုင်း စတဲ့ ကျမ်းစာတွေ များပါတယ်။ အဲဒီထဲက “မောင်သစ်လွင် (လူထု)” ရေးတဲ့ “ရှေးဦးမြန်မာ သတင်းစာများ” စာအုပ်မှာ ကျနော်တို့ ရဲ့ သူရဲကောင်း သတင်းစာဆရာကြီး ဦးဝင်းတင် အမှာစာရေးထားတာကို ဖတ်ရပါတယ်။
“မောင်သစ်လွင်” ရဲ့ စာအုပ်ကို ၁၉၇၁ ခုနှစ်မှာ ပထမအကြိမ်အဖြစ် ပုဂံစာအုပ်တိုက်က ထုတ်ဝေတာ ဖြစ်ပါတယ်။ ဦးဝင်းတင် က အမှာစာကို “သတင်းစာသမိုင်း တံခါးတချပ်ဖွင့်ခြင်း” အမည်နဲ့ အောက်ပါ အတိုင်း ရေးသားခဲ့ပါတယ်။

သတင်းစာသမိုင်း တံခါးတချပ် ဖွင့်ဆိုခြင်း
ဦးဝင်းတင် (ဟံသာဝတီသတင်းစာ) - ရေးသည်။
(၁)
သတင်းစာများသည် သမိုင်းကို ပြောနေကြသည်ဟု အဆိုရှိသည်။ ယနေ့ သတင်းစာသည် နက်ဖြန် သမိုင်းဖြစ်သည်။ သို့ဖြစ်၍ ထိုစကားသည် လျောက်ပတ်သောစကားဖြစ်သည်။
ယနေ့သတင်းစာတို့သည် နိုင်ငံနှင့် လူမျိုး၏ အတိတ်သမိုင်းနှင့် ပစ္စပ္ပုန်သမိုင်းကို ပြောခဲ့သည်။ ပြောနေသည်။ သို့သော် ကိုယ့်သမိုင်းကိုမူ မပြောတတ်အောင် ဖြစ်နေသည်။
(၂)
မြန်မာသတင်းစာသမိုင်းသည် နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီ။ ထိုနှစ်ပေါင်း ၁၀၀ ကျော် ကာလသည် မြန်မာ့လူမှုစီးပွားအဆောက်အဦကို အပြောင်းလဲကြီး ပြောင်းလဲခဲ့သော ခေတ်အခါကြီး ဖြစ်သည်။ ထိုကာလသည် မြန်မာ့နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဘ၀ကို ပဒေသရာဇ်တို့ ကြီးစိုးခဲ့သည့် ခေတ်အခါ ဖြစ်သည်။ နယ်ချဲ့ကိုလိုနီသမားတို့ သွေးစုပ်ခဲ့သည့် ခေတ်အခါ ဖြစ်သည်။ ဖက်ဆစ်ဝါဒီတို့ ဖိနှိပ်ခဲ့သည့် ခေတ်အခါ ဖြစ်သည်။ အရင်းရှင် အင်အားစုကို ခေါင်းပုံဖြတ်ခဲ့သည့် ခေတ်အခါ ဖြစ်သည်။
သတင်းစာသည် ထိုခေတ်အခါများ၏ သမိုင်းကို မျက်ခြေမပြတ် မှတ်တမ်းတင်ခဲ့သည်။ မှတ်တမ်းတင်ရုံသာ မဟုတ်၊ ပြည်သူတို့၏ နယ်ချဲ့စနစ် တွန်းလှန်ရေး လှုပ်ရှားမှု၊ ဖက်ဆစ်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှု၊ အရင်းရှင်စနစ် ဖျက်သိမ်းရေးလှုပ်ရှားမှု၊ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေး လှုပ်ရှားမှု၊ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုစသော အမျိုးသားလှုပ်ရှားမှုကြီးများတွင်လည်း စည်းရုံးလှုံ့ဆော် ပါဝင်ရှေ့ဆောင်ခဲ့သည်။
ထိုအမျိုးသား လှုပ်ရှားမှုကြီးများကို ဖြိုခွဲလုပ်ကြံဖျက်ဆီးခဲ့သော သတင်းစာများလည်း မရှိဟု မဆိုပါ။ ရှိခဲ့ပါသည်။
သတင်းစာသည် ပြည်သူတို့၏ လက်နက်ဖြစ်ခဲ့သည်လည်း ရှိ၊ အုပ်စိုးသူတို့၏ လက်ကိုင်တုတ် ဖြစ်ခဲ့ သည်လည်း ရှိ၊ အလုပ်သမား လယ်သမားတို့၏ တပ်ဦးအောင်လံ ဖြစ်ခဲ့သည်လည်း ရှိ၊ ပြည်ရှင်၊ မြေရှင်၊ ငွေရှင်တို့၏ ဓားမနောက်ပိတ်ခွေးဖြစ်ခဲ့သည်လည်း ရှိသည်။ ဘ၀အထွေထွေ ကြုံခဲ့သည်။
သို့သော် သတင်းစာသမိုင်းဟူ၍ ခိုင်ခိုင်မာမာ ပြုစုနိုင်ခြင်း မရှိ၍ သတင်းစာ၏ ထွန်းပြောင်သော တိုးတက်မှု သမိုင်းအရောင်အသွေးတို့သည် မှေးမှိန်နေသည်။ ညစ်ထေးသော ဖောက်ပြန်မှု သမိုင်း အစွန်းအကွက်တို့သည်လည်း ငုတ်ကွယ်နေသည်။
သို့ဖြင့် သတင်းစာ၏ စွမ်းဆောင်မှု၊ ကျဆုံးမှု၊ တိုးတက်မှု၊ ဖောက်ပြန်မှုများသည် သမိုင်း အမှိုက်သရိုက် များပမာ အဟောသိကံ ဖြစ်နေသည်။ သတင်းစာသမိုင်းသည် တနေ့တခြား အထောက်အထား ပါးရှား ပျောက်ဆုံးလာသည်။ သမိုင်းမျက်ခြည် ပြတ်လာသည်။ သမိုင်းရှိလျက် သမိုင်းမသိသော အဖြစ်သို့ နိမ့်ကျလာသည်။
(၃)
ယနေ့ သတင်းစာများသည် ခေတ်ပြောင်းချိန်ကြီးတရပ်နှင့် ကြုံဆုံနေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော် ကာလအတွင်း ပေါ်ပေါက်ခဲ့သည့် အမျိုးသားလှုပ်ရှားမှုကြီးများ၌ ပါဝင်လှုပ်ရှားခဲ့သလို ယနေ့လည်း ပါဝင်လှုပ်ရှားနေသည်။
ပြည်သူကို ကိုယ်စားပြုသော သတင်းစာသည် ပြည်သူကို ရှေ့ဆောင်နိုင်ရမည်။ ရေသာခို အချောင်နှိုက် မင်းမြှောင်စိုးကြိုက် အရာရှိနောက်လိုက် သတင်းစာမဖြစ်အောင် ကိုယ့်ကိုယ်ကို ဝေဖန် ဆန်းစစ်မှု ရှိရမည်။ မနေ့က သတင်းစာ၊ တနေ့က သတင်းစာ၊ အတိတ်က သတင်းစာတို့၏ သမိုင်းဖြစ်ရပ်ကို သင်ခန်းစာယူကာ ဆင်ခြင်နှိုင်းချိန်မှု ရှိရမည်။
သို့မှသာ ယနေ့သတင်းစာသည် အားသစ်နိုင်မည်။ အသိမှန်နိုင်မည်။ အတွေးကျယ်နိုင်မည်။ အမြင် ကြည်နိုင်မည်။
သတင်းစာသည် အနာဂတ်တွင် နိုင်ငံသမိုင်းကို ပြောပြရန် ပစ္စုပ္ပန် နိုင်ငံသမိုင်းတွင် ပါဝင်လှုပ်ရှား ရမည်။ အတိတ်မှ နိုင်ငံ၏ သမိုင်းကိုသာမက အတိတ်မှ သတင်းစာသမိုင်းကိုလည်း သိမြင်နှံ့စပ်စွာ သင်ခန်းစာ ယူရမည်။
သို့မှသာ ပစ္စုပ္ပန်သမိုင်းတွင် ပါဝင်လှုပ်ရှားရာ၌ တိကျမှန်ကန်သော အတွေးအမြင် အသိကို ရရှိနိုင်မည်။ သို့မှသာ အနာဂတ်တွင် နိုင်ငံသမိုင်းကို ပြည့်ပြည့်၀၀ စုံစုံလင်လင် ပြောပြနိုင်သော အစွမ်း အာနိသင်ကို ရရှိနိုင်မည်။ လက်တဖက်တည်းနှင့် လက်ခုပ်တီး၍ မရနိုင်သကဲ့သို့ပင်တည်း။
(၄)
ကိုသစ်လွင်၏ ဤစာအုပ်သည် ယနေ့သတင်းစာများအား (လက်နှစ်ဖက်ဖြင့် လက်ခုပ်တီးသလို) နိုင်ငံ သမိုင်းရော ကိုယ့်သမိုင်းပါ ရှုမြင်သုံးသပ်နိုင်အောင် ထောက်ကူမည့် စာအုပ်ဖြစ်သည်။
သတင်းစာသမိုင်းဆိုင်ရာ စာအုပ်စာတန်းများ၊ ဆောင်းပါး တိုရှည်များ အတန်အသင့် ပေါ်ထွက်ခဲ့ပြီ။ သို့သော် ယနေ့အထိ ပြည့်စုံ ခိုင်လုံသော သမိုင်းတစောင်တဖွဲ့ ဟူ၍ကား မပေါ်ပေါက်သေး။
သတင်းစာသမားသည် သမိုင်းသုတေသီမဟုတ်၍ တကြောင်း၊ နက်ဖြန် သတင်းစာသမိုင်းအတွက် ယနေ့ပါဝင် လှုပ်ရှားနေသော ကာယကံရှင်များ ဖြစ်၍တကြောင်း၊ အတိတ်ထက် ပစ္စုပ္ပန်နှင့် ပိုမိုထိတွေ့ နေသူများ ဖြစ်၍ တကြောင်း၊ သမိုင်းပြုစုမှု တာဝန်ပိုင်းတွင် ပျက်ကွက်ခဲ့ကြသည်။ လစ်ဟင်းနေကြ သည်။ (ပြင်ပပုဂ္ဂိုလ်များ အထူးသဖြင့် တက္ကသိုလ်မှ ပုဂ္ဂိုလ်များသာ သတင်းစာ သမိုင်းပြုစုရာ၌ ၀ါယမ စိုက်နိုင်ကြသည်။)
ကိုသစ်လွင်ကား တဖက်က နေ့စဉ်သတင်းစာ တာဝန်များကို ထမ်းဆောင်ရင်း အခြားတဖက်က သတင်းစာသမိုင်း သုတေသန လုပ်ငန်းကို အပတ်တကုတ် အားထုတ်နိုင်ခဲ့သည်။ သူ့အားထုတ်မှု၏ ခက်ခဲကြီးမားသော အတိုင်းအတာကို ကျွန်တော်တို့ စာနာနှိုင်းဆ နိုင်ခဲ့သည်။ ကျွန်တော်တို့တွင် နှိုင်းဆစာနာ နိုင်သော အတွေ့အကြုံ ရှိခဲ့ပါသည်။ ထို့ကြောင့် သူ့ကို ချီးကျူး ကျေးဇူးတင်သည်။
၁၉၆၂ - ၆၄ ခုနှစ်များအတွင်းက မြန်မာနိုင်ငံ သတင်းစာဆရာအသင်းသည် သတင်းစာသမိုင်း ပြုစုရန် ကော်မရှင်တရပ် ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။ သတင်းစာလောကမှ သက်ကြီးဝါကြီး ပုဂ္ဂိုလ်များ၊ ပြင်ပ မှ စာပေ ပညာရှင်ကြီးများ ပါဝင် ကြိုးပမ်းခဲ့ကြသည်။ အများပြည်သူ အကူအညီကိုလည်း များစွာ ရခဲ့သည်။ သို့သော် မာတိကာစဉ်ရုံမှအပ၊ သတင်းစာသမိုင်းဆိုင်ရာ ဆောင်းပါး တိုရှည်များ ပေါ်ထွက်ခဲ့ရုံမှ အပ၊ သတင်းစာဘိုးအေကြီး ယူပီအိုင် ဦးဘသန်း၏ သတင်းစာ ခေတ်ဦးသမိုင်း စာမူတခုကို လက်နှိပ်စက်ရိုက်ပြီးခဲ့ရုံမှအပ ထိထိရောက်ရောက် အထမြောက်မှု မရှိခဲ့ပါ။ ကော်မရှင်တွင် ကျွန်တော်တို့သည် ဆော်သြသူ အဖြစ် ဆောင်ရွက်ခဲ့သည်။
ပညာရှင်ကြီးများနှင့် ပြည်သူလူထုက လမ်းညွှန်ခဲ့ကြ၊ ကူညီခဲ့ကြပါလျက် အကောင်အထည် မပေါ်နိုင်ခဲ့ သည်မှာ ကျွန်တော်တို့၏ အားထုတ်မှု လျော့ပါးခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကိုသစ်လွင်၏ ကြီးမားသော အားထုတ်မှုကို ကျွန်တော်တို့ စာနာနှိုင်းဆနိုင်ခြင်း ဖြစ်သည်။ အားရ ချီးကျူးခြင်း ဖြစ်သည်။

(၅)
ကိုသစ်လွင်၏ ယခုအားထုတ်ချက်သည် ပြည့်စုံသော သတင်းစာသမိုင်း မဟုတ်သေးပါ။ မြန်မာ့ သတင်းစာသမိုင်း ခေတ်ဦးကို လေ့လာသုံးသပ်ချက်မျှသာ ဖြစ်သည်ဟု ဆိုနိုင်သည်။ မည်သို့ပင် ဖြစ်စေ ဤမျှသော အတိုင်းအတာအထိ အပတ်တကုတ် အားထုတ်ပြုစုရသည်မှာပင် မလွယ်လှပါ။ သတင်းစာအသက် တမနက်ဖြစ်၍ အထောက်အကိုး ပါးရှားလှသည်။ ရှာရ ဖွေရ စုရ ဆောင်းရ ခက်ခဲ လှသည်။ သတင်းစာသမိုင်း ပြုစုရေးသည် လွယ်မရောင်နှင့် ခက်လှသည်။ မလွယ်၍ မလုပ်ပြန်သော် ပုဂံရာဇ၀င်ကို တုတ်ထမ်းပြောရသလို၊ တနေ့သောအခါ မြန်မာ့သတင်းစာသမိုင်းကို ကလောင်ကို ဓားမြှောင်လို မြမြချွန်၍ ပြောရမလို အခြေသို့ ဆိုက်နိုင်သည်။
ယခု ကိုသစ်လွင်က “မြန်မာသံတော်ဆင့်”၊ “လောကီသုတ”၊ “ဟံသာဝတီ” အစရှိသော ရှေးသတင်းစာကြီးများ၏ သမိုင်းဆိုင်ရာ လေ့လာသုံးသပ်ချက်များကို တင်ပြလိုက်သည်။ ဤလေ့လာ သုံးသပ်ချက်များသည် နောင်အခါ သတင်းစာ သမိုင်းကြီးတစောင်တဖွဲ့ ပြုစုရာ၌ ထောက်ကူနိုင်မည် မုချ ဖြစ်သည်။
သတင်းစာသမိုင်း တံခါးတချပ် ဖွင့်လိုက်ခြင်းပင်ဖြစ်၍ သတင်းစာသမိုင်း ပြုစုရေးအတွက် လည်းကောင်း၊ သတင်းစာနှင့် နေ့စဉ်ထိတွေ့နေသော ပြည်သူလူထု၏ သတင်းစာသမိုင်းဆိုင်ရာ အသိအမြင် တိုးပွားရေးအတွက် လည်းကောင်း များစွာအကျိုးရှိနိုင်မည့် အားထုတ်ချက် ဖြစ်သည်။
ဤသို့ပင် ကျွန်တော်တို့ ထင်မြင်ယူဆပါသည်။
ဧကန်အကျိုး ရှိလိမ့်မည်ဟူ၍လည်း ယုံကြည်သည်။

ဝင်းတင်
ဟံသာဝတီသတင်းစာတိုက်
၁၉၇၀ သြဂုတ် ၁၈ ရက်

No comments: