Monday, December 22, 2008

(၁၉) ထာဝရစစ်အာဏာရှင်စနစ်ကို တည်ထောင်ခြင်း (ကြေးမုံဦးသောင်း)

၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့က နံနက် (၃) နာရီတိတိတွင် တယ်လီဖုန်းသံကြောင့် အိပ်ရာမှ နိုးရပါသည်။ `လူမျိုးစုခေါင်းဆောင်တွေကို ဗမာစစ်သားတွေက လိုက်ဖမ်းနေတယ်။ ကျနော်တို့ ၀န်ကြီးကို ဖမ်းသွားပြီ။ ဦးနု သစ္စာဖောက်တယ်´ အသံဝဲ၀ဲနှင့် ပြောလေ့ရှိသူ မိတ်ဆွေ ကချင်အတွင်းဝန်တဦးက မောကြီးပန်းကြီး နှင့် ပြောပါသည်။
`ဟုတ်မှဟုတ်ရဲ့လားဗျာ` ဟု မေးရသည်။ `ဟုတ်ပါတယ်၊ ကျနော်စုံစမ်းပြီးပြီ။ ချင်းဝန်ကြီးရော၊ ရှမ်းစော်ဘွား တွေပါ ဖမ်းသွားပြီ´ ဟု ဒေါသနှင့် ဖြေသည်။ `စိတ်အေးအေး ထားပါ၊ ကျနော်စုံစမ်းပြီး ပြန်ဆက်ပါမယ်´ ဟု နှစ်သိမ့်လိုက်ရပါသည်။
ဦးနုအစိုးရက လူမျိုးစုဝန်ကြီးတွေကို ဖမ်းးဆီးသည် ဆိုသည်မှာ မဖြစ်နိုင်ပါ။ ယမန်နေ့ညက (၁၂) နာရီတွင် သတင်းစာတစောင်လုံးကို စာစီပြီးသည်ကို ဖတ်ရှုစစ်ဆေးပြီးမှ တိုက်က ပြန်လာခဲ့သည်။ သတင်းကောင်း မရှိသဖြင့် အနောက်မုခ်တွင် ကပြနေသည့် တရုတ်ယဉ်ကျေးမှု ကပွဲသို့ ဗိုလ်ချုပ်ကြီးနေ၀င်း လာရောက် ကြည့်ရှုသည့်သတင်းကို နေရာကောင်းပေးခဲ့သည်ကို သတိရမိသည်။
စဉ်းစားနေခိုက် ထူးဆန်းသော လူတယောက် ထူးထူးခြားခြား ဖုန်းဆက်ပါသည်။ မြန်မာစာနယ်ဇင်း လောကမှာ ဦးစောဦးတယောက်သည် ထူးဆန်းသည့် ဆရာတဦး ဖြစ်ပါသည်။ ဂျာနယ်ကျော်မှ ပြည်သူ့ဟစ် တိုင်သတင်းစာ အယ်ဒီတာချုပ်အဖြစ် သက်တမ်းရှည်သည့် သတင်းစာဆရာ ဖြစ်ပါသည်။ အရေးပါသော ဗမာပြည်ကွန်မြူနစ် ပါတီဝင်တဦးလည်း ဖြစ်သည်။ သခင်သန်းထွန်းနှင့် နီးစပ်သူ ဖြစ်သောကြောင့် လက်နက်ကိုင် ကွန်မြူနစ်တပ်သား သက်တော်စောင့်ပင် ရရှိထားခဲ့ဖူးသူဟု သိရပါသည်။ ၁၉၄၈ ခု၊ မတ်လ တော်လှန်ရေးနေ့က ကွန်မြူနစ်များ တောခိုကြသောအခါ အယ်ဒီတာစားပွဲကို စွန့်ပြီး တောထဲ လိုက်သွား သည်။ များမကြာမီမှာပင် မြို့ထဲပြန်ဝင်လာစေကာမူ သူ့ကို စစ်တပ်က အရေးမယူခဲ့ပါ။ နောက်ပိုင်းတွင် စစ်တပ်၏ စိတ်ဓာတ်စစ်ဆင်ရေးဌာနတွင် သြဇာထက်သော အထူးအရာရှိကြီးတဦးအဖြစ် ပြင်းထန်သည့် ကွန်မြူနစ်ဆန့်ကျင်ရေး စာပေများ ရေးနေသူ ဖြစ်လာသည်။
`ခင်ဗျားတို့ သတင်းစာ စက်တင်ပြီး၊ စက်ရပ်သတင်းထူးကြီးနဲ့ အထူးထုတ်ချင်ရင် သတင်းအပြည့်အစုံ ပေးမယ်´ ဟု သူက ပြောပြီး တပ်မတော်၊ တော်လှန်ရေးကောင်စီအဖွဲ့က အာဏာသိမ်းလိုက်ကြောင်း ၀မ်းသာအားရ သတင်းပေးပါသည်။ `ခင်ဗျားတို့ စက်တွေက ချက်ချင်း စာပြင်ဖို့ လွယ်သားပဲ၊ အထူးကြေညာ ချက်တွေ ပို့လိုက်မယ်လေ´ ဟု သူက ပြောသော်လည်း `အခု သတင်းစာအားလုံး ပုံနှိပ်ပြီးလို့ စာစီတွေ၊ စက်ဆရာတွေ ပြန်သွားကြပြီ၊ မဖြစ်နိုင်ဘူး´ ဟု ငြင်းလိုက်မိသည်။
အခွင့်အရေးက ကောင်းပါသည်။ အထူးထုတ်ရလျှင် သတင်းစာတွင် စီးပွားရေး အကျိုးကြီးပါသည်။ သတင်းစာတို့၏ ၀တ္တရားကလည်း လူထုကို သတင်းအမြန်ပေးရမည် ဖြစ်သည်။ သို့စေကာမူလည်း ဒီမိုကရေ စီကို ချေမှုန်းကာ အောင်နိုင်သွားသည့် အမင်္ဂလာသတင်းဆိုးကြီးအတွက် မည်သို့ အထူးသတင်းစာ ထုတ်နိုင်ပါမည်နည်း။
ဂါးဒီးယန်း ဦးစိန်ဝင်းကို ဆက်ပြီး သတင်းပေးသောအခါ ချက်ချင်းပင် တင်မောင်၏ အိမ်သို့ ကူးလာပြီး နှစ်ယောက်သား တယ်လီဖုန်းနှင့် သတင်းလိုက်ရပါတော့သည်။
လိုင်းသံစုံသော ရေဒီယိုကလေးကို ဖွင့်ကြည့်သောအခါ `ငါးကြင်းကို မိပြီ၊ ပုစွန်ထုပ်ဆီကို သွားမယ်´ စသည်ဖြင့် လျှို့ဝှက်စကားနှင့် စစ်ဗိုလ်များ ဆက်သွယ်ပြောဆိုသံများ ဆူညံနေသည်။
ဝန်ကြီးများ၏ အိမ်များကို ဖုန်းဆက်မေးမြန်းသော်မှ သတင်းစုံရရှိပြီး ရုပ်လုံးပေါ်လာပါသည်။ ၀န်ကြီးချုပ် ဦးနုကို ဖမ်းစဉ်က အာဏာသိမ်းအုပ်စုတွင် ဗိုလ်ချုပ်ကြီးနေ၀င်း ပါရှိမည်မဟုတ်ဟု ယုံကြည်သောကြောင့် `မင်းတို့ ဗိုလ်နေ၀င်းကို သွားဖမ်းတော့ ခုခံသေးလား၊ သွေးထွက်သံယို ရှိလား´ ဟု မေးရှာသေးသည်။
ဝန်ကြီးတပါး၏ အိမ်ကို စစ်တပ်က ၀ိုင်းပြီး တံခါးခေါက်ပြီး မေးသောအခါ ၀န်ကြီးကတော်က `မင်းတို့ စစ်စုံထောက်တွေ တယ်ညံ့ပါလား၊ ကျောက်မြောင်းထဲက သူ့မယားငယ် အသစ်ကလေးအိမ်မှာ အိပ်တယ် လေ´ ဟု ဖြေသဖြင့် စစ်ကားပြန်လှည့်ကြရသည်။ `နေပါဦး၊ ဗိုလ်မှူး၊ နေပါဦး ဗိုလ်မှူး၊ အသေမိသလား၊ အရှင် မိတယ်၊ အသေမိတယ် ဆိုတာတော့ ဒေါ်ဒေါ့်ကို ပြန်ပြောလှည့်ပါဦး´ ဟု မှာကြားကြောင်း လူ့သဘာဝ ဇာတ်လမ်းကလေးများကိုလည်း သိကြရသည်။
သမ္မတဟောင်း စပ်ရွှေသိုက်၏ အိမ်ကို စစ်တပ်က ၀ိုင်းဖမ်းစဉ်က ပစ်ခတ်သဖြင့် သားငယ်တဦး ကျဆုံးရသည်မှာတပါး အာဏာသိမ်းပွဲမှာ သွေးထွက်သံယို မရှိခဲ့ပါ။ သမ္မတကြီး မန်းဝင်းမောင်၊ ၀န်ကြီးချုပ် ဦးနုနှင့် ၀န်ကြီးများ၊ အာဏာစွန့်ပြီး ဖြစ်သော စော်ဘွားများနှင့် တရားဝန်ကြီးချုပ်များ အားလုံးတို့ကို ကြက်ငှက်များ ဖမ်းသကဲ့သို့ ဖမ်းလိုက်နိုင်ပါသည်။
ပထမအိမ်စောင့်အစိုးရ အာဏာသိမ်းစဉ်က တင်မောင်တို့ တင်ကြိုသတင်းရခဲ့ပါသည်။ ဤတချီတွင် အငိုက်မိ ခံရပါသည်။ ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် အားလုံးတို့သည်လည်း အငိုက်မိသွားကြပါသည်။
`ပြည်ထောင်စုကြီး ယိုယွင်းနေတဲ့ အခြေအနေကြောင့် တပ်မတော်က အာဏာသိမ်းလိုက်ပြီ ဖြစ်ကြောင်း၊ ပြည်သူတို့ မိမိတို့ ပြုမြဲအမှုကိစ္စများကို လွတ်လပ်စွာ ဆက်လက်လုပ်ကိုင်နိုင်ကြကြောင်း´ ကို ဗိုလ်ချုပ်နေ၀င်း က နံနက် (၈) နာရီတွင် ဗမာ့အသံမှ အသံလွှင့်ပါသည်။
နံနက် (၁၀) နာရီထိုးသောအခါ သတင်းစာဆရာအသင်း ဥက္ကဌ ဦးစိန်ဝင်း၊ ဒု-ဥက္ကဌ တင်မောင်နှင့် အတွင်းရေးမှူး ဟံသာဝတီ အယ်ဒီတာ ဦးဘသန်းတို့ကို စစ်ရုံးသို့ ဖိတ်သည်။ ဗိုလ်မှူးကြီးစောမြင့်က ပြန်ကြား ရေး ၀န်ကြီးအဖြစ် လက်ခံတွေ့ဆုံပြီး `သတင်းစာများ လွတ်လပ်စွာ ဆက်လက်ရေးသားပါ၊ တော်လှန်ရေး အစိုးရက သတင်းစာများ လွတ်လပ်ခွင့် ကို အာမခံပါတယ်´ ဟု ပြောပြပါသည်။
ညနေပိုင်းတွင် ဂါးဒီယန်းသတင်းစာတိုက်တွင် အားလုံး လူစုံတက်စုံ တွေ့ရပါသည်။ ဗိုလ်အောင်ကြီးက မိမိ မပါကြောင်း၊ အာဏာသိမ်းပြီးမှ သိရကြောင်း တီးတိုးပြောပါသည်။ စကားမပြတ်မီ `ဒါပေမယ့်´ ဟု ပြောခိုက် အခြားစစ်ဗိုလ်ကြီးများနှင့် ဦးစောဦးတို့ ရောက်လာသောကြောင့် စကားစပြတ်ခဲ့ရသည်။
အာဏာသိမ်းပွဲတွင် မည်သူတို့ကို မည်သည့်မြို့စစ်စခန်းမှ ခေါ်ပြီးသုံးကြောင်း၊ ဗိုလ်မှူးကြီး လှမြင့်၏ သံချပ်ကာကားတပ်က မည်နှယ်ချီတက်သည်၊ ဗိုလ်နေ၀င်းက စီစဉ်ပြီးမှ တရုတ်နီ ကပွဲ သွားကြည့်နေသည် … စသည်ဖြင့် စားမြုံ့ပြန်ကြသည့်ပွဲ၌ ဦးစိန်ဝင်းက စမူဆာနှင့် ဧည့်ခံသည်။ ဗိုလ်အောင်ကြီး၏ အတွင်းရေးမှူး ဗိုလ်ကြီးသောင်းက ၀ယ်ပေးသည်။ သူတို့ စကားများကို နားထောင်ရခြင်း ဆင်းရဲကြောင့် တင်မောင်မှာ မျက် ရည်လည်မိပါသည်။ တိုက်တိုက်ဆိုင်ဆိုင် စမူဆာက ထူးထူးခြားခြား စပ်လှသောကြောင့် `စမူဆာက တပ်စပ် ပါလားဗျို့´ ဟု စကားဖြေရပါတော့သည်။
နောက်တနေ့တွင် ၀န်ကြီး (၉) ဦးပါဝင်သော အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး သတင်းစာရှင်းလင်းပွဲကို ကုန်သွယ် ရေးနှင့် စီးပွားရေးဝန်ကြီး ဗိုလ်မှူးချုပ်အောင်ကြီးက ကျင်းပသောအခါ ဖက်ဒရယ်မူဟူသည့် အင်္ဂလိပ် စကားလုံးကို များများသုံးစွဲပြီး လူမျိုးစု ခေါင်းဆောင်များ၏ ပြုမူချက်များကြောင့် ပြည်ထောင်စုကြီး ပြိုကွဲ တော့မှာမို့ အာဏာသိမ်းရကြောင်း ရှင်းပြောပါသည်။
၁၉၆၁ ခုနှစ်က အတိအလင်း လူသိရှင်ကြား ကျင်းပသော တောင်ကြီးမြို့ လူထုအစည်းအဝေးမှာ အခြေခံ ဥပဒေပြင်ဆင်ရေး ကြိုးကိုင်ကော်မတီ ရှမ်းပြည်ကို ဖွဲ့စည်းခြင်း၊ အစိုးရ၀န်ကြီးချုပ်က ဒီမိုကရေစီစနစ်အရ နှီးနှောဖလှယ်ပွဲများမှ ပါလီမန်အထိ အဆင့်အဆင့် ပြင်ဆင်နေခြင်းများအားလုံးကို ဖက်ဒရယ်ပြည်နယ်ခွဲဖို့ ကြိုးစားနေကြသည်ဟု ၀ါးလုံးရှည်နှင့် ရမ်းကာ အပြစ်တင်ပါတော့သည်။
ပြည်သူလူထုကို နားမယဉ်သေးသည့် ဖက်ဒရယ်ဟူသည့် စကားလုံးနှင့် ခြိမ်းခြောက်ပြီး ၀ါဒဖြန့်သဖြင့် လူထု ထင်မြင်ချက်မှာ သို့လော သို့လော တွေဝေသွားပါသည်။ တည်မြဲတို့နှင့် ပမညတတို့က တော်လှန်ရေး စစ်အစိုးရအပေါ် သဘောထားတင်ပြချက်မပြုနိုင်ဘဲ စောင့်ကြည့်ကြပါသည်။ တည်မြဲတို့က စစ်အစိုးရကို ထောက်ခံသယောင်ယောင် လေသံပစ်ပါသည်။ နောက်ပိုင်း တည်မြဲခေါင်းဆောင်များကို ဖမ်းလေမှ ကျောချမှ ဓားပြမှန်းသိကြပါသည်။ ထိုအချိန်တွင် နိုင်ငံရေးပါတီအားလုံး ဖျက်သိမ်းပေးရလေပြီ ဖြစ်သဖြင့် သူတို့ ထင်မြင်ချက် ကြေညာခွင့် မရှိရှာတော့ပါ။ ပမညတနှင့် လက်ဝဲဆရာများက နောက်ပိုင်းတွင် တော်လှန်ရေး ကောင်စီက ဆိုရှယ်လစ် စီးပွားရေးစနစ် တည်ထောင်မည် ဆိုသောအခါ ခြေစုံပစ်ပြီး ထောက်ခံကြရာမှ `လှေကားထစ်မှ နေရပါစေ၊ ပူးပေါင်းကူညီပါမယ်´ ဟုပင် ပြောကြပါ၏။
စစ်တပ်က အာဏာသိမ်းရခြင်း အကြောင်းအရင်းအမှန်က ဘာပါလိမ့်ဟု တွေးကြ၊ ရေးကြပါသည်။ ၁၉၆၂ ခုနှစ်၊ ဇန်န၀ါရီလမှာ ဦးနု အစိုးရက သွင်းကုန်လုပ်ငန်းမှန်သမျှ ပြည်သူပိုင် ပြုလိုက်ပါသည်။ စစ်တပ်၏ စီးပွားရေး ကော်ပိုရေးရှင်းကြီး အထိနာသွားသောကြောင့် အာဏာသိမ်းသည်ဟု ယူဆပြီး ဝေဖန်သူများ ရှိကြသည်။
အမှန်မှာ အာဏာနှင့် ငွေကို အငမ်းမရ ခုံမင်တွယ်တာလှသော ဗိုလ်ချုပ်ကြီးနေ၀င်း၏ လောဘသက္ကာရ ကြောင့်သာ အာဏာသိမ်းသည်ဟု ဝေဖန်သူများသာ မှန်ကန်သည်ကို သမိုင်းဆက်ကို မြင်ကြရမှ သိရှိကြ ရပါသည်။
တော်လှန်ရေး အစိုးရအဖွဲ့တွင် အဓိကအာဏာပိုင် ၀န်ကြီးဌာနများဖြစ်သည့် ကာကွယ်ရေး၊ ဘဏ္ဍာရေးနှင့် တရားရေးဌာနတို့ကို ဗိုလ်နေ၀င်းက မည်သူ့ကိုမှ တာဝန်မပေးဘဲ ကိုယ်တိုင် ရယူထားပါသည်။
မတ်လ (၉) ရက်နေ့တွင်မူ တော်လှန်ရေးကောင်စီက အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာနှင့် ဥပဒေပြုရေး အာဏာတို့ကို ဗိုလ်ချုပ်ကြီးနေ၀င်း တဦးတည်း၏ လက်သို့ အပ်နှင်းလိုက်ပါသည်။ ။

No comments: