ဖတ်ခဲ့ဘူးသည့် မဂ္ဂဇင်းဝတ္ထုတိုလေး တပုဒ် ကို စိတ်ထဲ မှတ်မိနေသည်။ ဇာတ်လမ်းထဲမှာ မြန်မာပြည်ကို ပြန်မည့် သဘောင်္သားတယောက် ဘန်ကောက်လေဆိပ်မှာ လေယာဉ်ပေါ်တက်ရန် စောင့်ဆိုင်းနေသည်။ ၀ယ်လာတဲ့ ပစ္စည်းတွေထဲက သူ့အမေသေသေချာချာ မှာထားသည့် သူ့အမကမွေးသည့် သူ့တူကလေးအတွက် ဂျွန်ဆင်ဘေဘီပေါင်ဒါဗူးလေးကို ထုတ်ကိုင်ကြည့်ရင်း ဘာရယ်မဟုတ် ပေါင်ဒါဗူးဖင်မှာအင်္ဂလိပ်စာလုံးလေးတွေ သံချွန်နှင့် ရေးလိုက်မိသည်။ ရန်ကုန်ရောက်တော့ ပါလာတဲ့ ပစ္စည်းတွေ အမေ့ကိုအပ်၊ အမေကတဆင့် သင့်တော်သလို စီမံခန့်ခွဲလိုက်တော့ ပေါင်ဒါဗူးလေးက သူ့အမ လက်ထဲရောက်သွားသည်။
မြန်မာပြည်မှာ နားရက်စေ့တော့ သင်္ဘောပြန်တက်ရတော့မည်။ သွားဖို့လာဖို့ စီစဉ်နေရင်း အမေလုပ်သူက အမဖြစ်သူကို တဗျစ်တောက်တောက် ဆူပူနေတာ ကြားရလို့ မေးမြန်းကြည့်တော့ အမသည် ပေါင်ဒါဗူးကို သားဖြစ်သူ အတွက်မသုံးပဲ သူ့အထက်အရာရှိကို လက်ဆောင်ပေးလိုက်သည်။ သူတို့မောင်နှမတွေငယ်စဉ်က ဘေဘီဂျွန်ဆင်ပေါင်ဒါ သည် မြန်မာပြည်မှာတင်ဝယ်လို့ရသည့် ပစ္စည်းဖြစ်ခဲ့သည်။ လသားအရွယ်ခလေးငယ် မှာ ပေါက်တတ်သည့် ယားနာတွေကို ဘေဘီဂျွန်ဆင်ပေါင်ဒါသည်သာ အကောင်းဆုံးဖြစ်သည်ကို သူ့သားသမီးတွေကို လိမ်းပေးခဲ့ဘူးသည့် အမေက အသိဆုံး။ ခုတော့ သူ့မြေးမှာ ယားနာတွေက ပိုဆိုးလာနေ သည်။ မြေးအတွက် စိတ်ပူပြီး အမကို ဆူနေသည့် သူ့အမေ စိတ်ချမ်းသာစေရန် မြို့ထဲသွားရင်း လေဟာပြင် ဈေးမှာ ပေါင်ဒါဗူးကို ဈေးကြီးပေးပြီး ပြန်ဝယ်ခဲ့ရသည်။ အပြန်လမ်းမှာ အမှတ်တမဲ့ ပေါင်ဒါဗူးဖင်ကို လှန်ကြည့်လိုက်တော့ ဘန်ကောက်လေဆိပ်မှာ လေယာဉ်ပေါ်တက်ဖို့ စောင့်နေရင်း သူရေးခဲ့တဲ့စာလုံး တွေကို မြင်လိုက်ရပြီး ပေါင်ဒါဘူး၏ သံသရာကို သူသွားတွေ့သည်။ ပေါင်ဒါဗူးကို သူ့အမ မသုံးခဲ့သလို သူ့အမ၏ အထက်အရာရှိသည်လည်း မသုံးခဲ့ပါ။
ကျနော့်မှာလည်း အလားတူ အဖြစ်မျိုးကြုံဘူးသည်။ ကျနော် စက်မှုသင်တန်းကျောင်း (ဆင်တဲ) တွင် သင်တန်းသားဘ၀၌ (၁၉၈၀ ခုနှစ်များဝန်းကျင်) ခေါင်းအုံးရိုက်အားကစားပြိုင်ပွဲဝင်သောအခါ နှစ်သိမ့်ဆုအဖြစ် ဆဲဗင်းအပ် ဖျော်ရည်တဗူး လက်ဆောင်ရသည်။ နေပူပူမှာ အမောပြေသွားအောင် ဆဲဗင်းအပ် ဖျော်ရည်ဗူးကို ဖောက်သောက်လိုက်တာ ပေါ့လို့ မထင်လိုက်ပါနဲ့။ ကျနော်မသောက်ရက်ပါ။ အချိုရည်ဗူးသည် နိုင်ငံခြားက လာသည့် ပစ္စည်းဖြစ်နေသည်က တကြောင်း၊ ကိုယ်ကိုယ်တိုင် ယှဉ်ပြိုင်၍ ရရှိလာသည့်ဆု ဖြစ်နေသည်က တကြောင်း၊ ရတောင့်ရခဲ အချိုရည်ဗူးလေးကို ကျနော်၏ စားအိမ်သောက်အိမ် ကျေးဇူးရှင် ဆင်တဲ ကပစ မှ အရာခံဗိုလ် ဦးစိန်မြင့်နှင့် ဒေါ်ညွှန့်တို့အား အမှတ်တရ လက်ဆောင်ပေးခဲ့ပါသည်။
သူတို့တွေတော့ သောက်လိုက်ကြမှာပဲဟု ထင်ထားခဲ့သော ကျနော် နောက်တကြိမ်သူတို့အိမ်ရောက်တော့ ဆဲဗင်းအပ်အချိုရည်ဗူးလေးက ဘုရားစင်ပေါ်မှာ ရှိနေပါသည်။ ထိုအချိုရည်ဘူးကို ကျနော်မသောက်ခဲ့သလို သူတို့လည်း မသောက်ခဲ့ကြပါ။ ။
No comments:
Post a Comment