Friday, December 5, 2008

(၁၆) ဥပဒေနှင့် အညီ စစ်တပ်က အာဏာသိမ်းပုံ (ကြေးမုံဦးသောင်း)

တည်မြဲအုပ်စုနှင့် စစ်တပ်တို့ နီးစပ်ကြရာ၌ ပိုမို သွေးစည်းကြသည့် အကြောင်းရှိသေးသည်။ စစ်ဗိုလ်ကြီး အများမှာ တည်မြဲ ခေါင်းဆောင်များနှင့် ဆွေမျိုးတော်စပ်ကြသည်။ ဖဆပလခေတ်တွင် ကာကွယ်ရေး ၀န်ကြီး ဦးဗဆွေက စစ်ဗိုလ်ကြီးအားလုံးတို့၏ ရာထူးတိုးတက်ရေး၏ ရွေ့ပြောင်းရေးကိစ္စများကို စီမံခန့်ခွဲရသည်။ သူနှင့် မယားညီအစ်ကို ဖြစ်သူ ဗိုလ်မှူးကြီးတဦးဖြစ်နေသည်။ အခြား ညီအစ်ကို သမီးယောက်ဖ၊ ဆွေမျိုး များ အများရှိကြသည်။
တပ်နှင့် တည်မြဲခိုင်မာစွာ ဂဟေစွဲစေသည်မှာ ဗိုလ်ချုပ်ကြီးနေ၀င်း၏ အိမ်ထောင်သစ်ထူပွဲ ဖြစ်လေသည်။ ဗိုလ်ချုပ်ကြီးနေ၀င်းက ဆေးရုံအုပ်ကြီး ဒေါက်တာဘသန်း၏သမီး ဒေါ်ခင်မေသန်းအား တရားရုံးတော်တွင် လက်မှတ်ထိုးပြီး ထက်ထပ်ခဲ့သည်။ ရုံးသို့အသွားတွင် နေးရှင်းသတင်းထောက် မစ္စတာ လာဇရိုးက `ဂုဏ်ပြုပါတယ် ဗိုလ်ချုပ်ကြီးခင်ဗျား´ ဟု မျက်နှာချိုသွေးကာ သတင်းဓာတ်ပုံရိုက်သောအခါ ဗိုလ်နေ၀င်းက သတင်းထောက်ကို သူကိုယ်တိုင် ရိုက်နှက်ပြီး ကင်မရာကို ရိုက်ခွဲလိုက်သောကြောင့် သူ၏ မင်္ဂလာသတင်းကို သတင်းစာများက မရေးဝံ့ကြဘဲ နှုတ်ပိတ်နေကြသည်။
နောက်တနေ့တွင် မူလမယားကြီး ဒေါ်တင်တင်က `ကျမသာလျှင် မယားကြီး ဖြစ်ပါတယ်´ ဟု ကြော်ငြာတို ကလေးကို သတင်းစာကြော်ငြာဌာနများသို့ အခကြေးငွေနှင့်အတူ ပေးပို့သည်။ ယင်းကြော်ငြာကိုလည်း သတင်းစာများက မထည့်ဝံ့ပါဟု ငြင်းပယ်ကြသည်။ မည်သည့်သတင်းစာကမှ မထည့်ဝံ့ဘဲ ရှောင်ကြ၏။
ထိုကြော်ငြာမှာ ထုံးတမ်းစဉ်လာ လူမှုရေးကြော်ငြာသာ ဖြစ်သည်။ မူလမယားကြီးက ကြော်ငြာပိုင်ခွင့် ရှိသည်ဟု ယူဆသောကြောင့် ဗမာ့ခေတ်မှာ အယ်ဒီတာချုပ်ဖြစ်နေသူ တင်မောင်က ထိုကြော်ငြာကို လက်ခံ ဖော်ပြရန် ဆုံးဖြတ်ခဲ့သည်။
ဆုံးဖြတ်ချက်ကို ပိုင်ရှင်ဦးအုန်းခင်ထံ တင်ပြသောအခါ `ထည့်ပေါ့ကွာ´ ဟု သူက သဘောတူသည်။ သူက ဆက်လက် ညွှန်ပြသေးသည်။ `ဒီကြော်ငြာတိုကလေးလောက်နဲ့ မဖြစ်စလောက်တော့ မလုပ်နဲ့။ မင်းတကယ် သတ္တိရှိရင် ကျကျနန ပြည့်ပြည့်စုံစုံ ချပေါ့ကွ´ ဟု သြ၀ါဒ ပေးသောကြောင့် ကြော်ငြာအပ်လာသူအား `အပြည့်အစုံ ရေးပေးပါ။ ဓာတ်ပုံလဲ ထည့်ချင်တယ်၊ ကြော်ငြာခ မယူပါဘူး´ ဟု မေတ္တာရပ်လိုက်လေသည်။
နောက်တနေ့ ဗမာ့ခေတ်တွင် `ကျမသာ မယားကြီး ဖြစ်ပါတယ်´ ဟု မယားကြီး ဒေါ်တင်တင်၏ ရေးသားချက် များကို အကျယ်တ၀င့် ပုံနှိပ်နိုင်ခဲ့သည်။

`သခင် ရှုမောင် နိုင်ငံရေးသမား ဘ၀၊ ငတ်ပြတ်နေစဉ်က ထောင်ထဲ ထမင်းအုပ်ပို့ပြီး ပေါင်းသင်းခဲ့ပါတယ်´ စသည်ဖြင့် စာမျက်နှာဝက်ခန့် ရှည်လျားစွာ ဖွဲ့နွဲ့ရေးသားထားသော ကြော်ငြာနှင့်အတူ ဗိုလ်ချုပ်ကြီးနေ၀င်း မယား ဒေါ်တင်တင်နှင့် ပေါင်းသင်းကြစဉ်က သားများနှင့်အတူ စုံတွဲရိုက်ထားသော ဓာတ်ပုံကို ဗမာ့ခေတ် တစောင်တည်းသာ ဖော်ပြနိုင်ခဲ့သည်။
ထိုအချိန်က ဗိုလ်နေ၀င်းက ၀ါးစားချင်လောက်အောင် စိတ်ဆိုးစေကာမူ တင်မောင်နှင့် ဗမာ့ခေတ်ကို လက်ဖျားနဲ့မှ မတို့ဝံ့ပါ။ အကြောင်းမှာ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်က သူ့အား များစွာစိတ်ဆိုးနေသဖြင့် ဖြစ်သည်။
ဗုဒ္ဓဘာသာ ဓမ္မသတ်အရ ယောက်ျားသားတဦးက မယားအများ လက်ထပ်ပေါင်းသင်းခွင့် ရှိသည်။ သို့သော် ကာမပိုင်လင်ရှိသူ အမျိုးသမီးကိုမူ မည်သည့်ယောက်ျားကမှ ပေါင်းသင်းခွင့် မရှိသည်သာမက ရာဇ၀တ်မှု မြောက်သည်။ လင်ရှိမယားတဦးကို လက်ထပ်ရန် မဆိုထားဘိ၊ လျှို့ဝှက်ပေါင်းသင်းလျှင်ပင် မယားခိုးမှု-ရာဇ ၀တ်မှု ဖြစ်သည်။ ခင်ပွန်းသည်က ရဲဌာနသို့ တိုင်ကြားမှု မပြုဝံ့စေကာမူ တပ်မတော်အကြီးအကဲက ရာဇ၀တ်မှု ကျူးလွန်သည်ကို ၀န်ကြီးချုပ်က လက်မခံနိုင်ဘဲ စိတ်မချမ်းမသာ ဖြစ်နေခဲ့သည်။
နောက်ဆုံးတွင် မိမိကိုယ်တိုင်က အကျင့်စာရိတ္တဖြူစင်ပြီး သာမန် မင်းမှုထမ်းများကိုပင် စာရိတ္တ ကောင်းမွန် စေလိုသော ဆန္ဒရှိသူ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ သူ၏ အစိုးရအဖွဲ့၏ ၀န်ထမ်းတဦးဖြစ်သော တပ်မတော် သေနာပတိကြီးကို ၀န်ထမ်းများ ကျင့်ထုံးဥပဒေအရ အရေးယူရန် ဆုံးဖြတ်ခဲ့သည်။
တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းအား ရာထူးမှ ဖြုတ်ချရန် ၀န်ကြီးအဖွဲ့ လျှို့ဝှက်အစည်းအဝေး သို့ ဦးနုက တင်သောအခါ တက်ရောက်သူ ၀န်ကြီးအားလုံး သဘောတူကြသည်။ ကက်ဘိနက်ဝန်ကြီးများ အနက် သာသနာရေးဝန်ကြီး ဦးဘစောက အစည်းဝေးပြီးလျှင် ပြီးချင်း ဗိုလ်နေ၀င်း၏ အိမ်နောက်ဖေးပေါက် သို့ တက်ပြီး သတင်းပေးလေသည်။ (ဦးဘစောကို ဗိုလ်နေ၀င်းက ရာသက်ပန် မြှောက်စားသည်မှာ ထိုကြောင့် ဖြစ်၏။)
တင်မောင်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပါလီမန်အတွင်းဝန် မြန်အောင် သခင်ချစ်မောင်နှင့် ခင်မင်ရင်းနှီးသူ ဖြစ်သဖြင့် မကြာခဏ နံနက်စောစော သူ၏ အိမ်သွားကာ နံနက်စာ လက်ဖက်ရည် သောက်ရလေ့ ရှိသည်။ တနေ့တွင် နံနက် (၇)နာရီ မထိုးမီ သွားသောအခါ အစောင့်ကင်းတဲက တင်မောင် အား မ၀င်ရဟု တားဆီးသည်။ `စောစောစီးစီး အရေးကြီးတဲ့ ပုဂ္ဂိုလ်ရောက်နေလို့ပါ´ ဟု အစောင့်စစ်သားက ပြောရှာသည်။ မကျေမနပ်နှင့် ပြန်လှည့်ခဲ့ရ၏။
နောက်တနေ့ နံနက်သွားမှ သခင်ချစ်မောင်နှင့် တွေ့ရသည်။ `ဗိုလ်နေ၀င်း ပြဿနာပေါ့ကွ၊ သူက ကိုယ့်ဆီလာပြီး အပူကပ်နေတယ်´ ဟု ပြောပြသည်။ `ဗိုလ်နေ၀င်းက သူကိုယ်တိုင် ကိုဗဆွေနဲပ ကိုကျော် ငြိမ်းတို့ထံ မျက်နှာမပြ၀ံ့လို့ သူ့ကို ကယ်ကြပါဦးလို့ ကိုယ်ကတဆင့် တောင်းပန်နေတယ်ကွ။ ကိုယ့်ဆီလာတာ လေးရက်ရှိပြီ´ ဟု ပြောပြသည်။
ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့က ဇွတ်တောင်းပန်ကြသောကြောင့် ဦးနုက လျှော့ပေးလိုက်သည်ဟု သိရသည်။ `ကွာ … ရဲဘော်ရဲဘက်တွေ မှားမိတော့လဲ ကူရမှာပေါ့´ ဟု ပြောပြီး ထိုစဉ်က ကူညီခဲ့သူ သခင်ချစ်မောင်က နောက်ပိုင်းမဆလ အစိုးရခေတ်သို့ ရောက်သောအခါ `ဒီကောင် ဗိုလ်နေ၀င်း ညှဉ်းဆဲနိုင်တာ င့ါပျော့ကွက် ကြောင့်ပေါ့´ ဟု ညည်းညူလေ့ ရှိရှာသည်။
မယားခိုးမှုကြောင့် ရာထူးမှ ဖြုတ်ချသည်ကို ခံရသူ ဗိုလ်ချုပ်ကြီးအား ရာထူးပြန်လည်ရရှိအောင် ဆောင်ရွက် ပေးလေသဖြင့် တည်မြဲတို့နှင့် စစ်တပ်သည် နှစ်ကိုယ့်တစိတ် ဖြစ်လာတော့၏။
နောက်ပိုင်းတွင် တည်မြဲနှင့် သန့်ရှင်းကွဲကြသောအခါတွင် ၁၉၅၈ ခု၊ ဇွန်လ (၉)ရက်နေ့တွင် သန့်ရှင်း ဖဆပလ အစိုးရကို အယုံအကြည်မရှိကြောင်း အဆိုကို တည်မြဲတို့က တင်သွင်းသည်။ ပါလီမန်တွင် တည်မြဲ အင်အား (၉၇) မဲရှိစေကာမူ လက်ဝဲ၀ါဒီများ ဖြစ်သော ပမညတ အမတ် (၄၄) ဦးနှင့် လူမျိုးစု အမတ်များက သန့်ရှင်းကို မဲပေးကြသဖြင့် အင်အား (၅၁) ဦးသာ ရှိသော သန့်ရှင်းအဖွဲ့မှာ မဲ (၁၂၇)မဲ၊ (၁၁၉) မဲ နှင့် အနိုင် ရခဲ့သည်။
နိုင်ငံရေး အခြေအနေမှာ တည်မြဲတို့နောက်မှ ရပ်နေသော စစ်တပ်၏ လောင်းရိပ်သည် ကြီးသည်ထက် ကြီးလာပြီး တည်မြဲတို့ အာဏာ မရမချင်း ဖိအားပေးလေတော့သည်။ တည်မြဲ နှင့် စစ်တပ်ပေါင်းပြီး အာဏာ ရကြလျှင် စစ်တပ်ကွပ်ကဲသော ဖက်ဆက်နိုင်ငံဖြစ်နိုင်သည့် နိမိတ်လက္ခဏာများ သိသာထင်ရှားစွာ မြင်တွေ့ လာကြရသည်။ ထို့ကြောင့် ဦးနုဦးစီးသော သန့်ရှင်းအဖွဲ့နှင့် လူမျိုးစုခေါင်းဆောင်များတို့သည် ပမညတအဖွဲ့ နှင့်ပါ ညှိနှိုင်းကာ အားလုံးတို့က စစ်တပ် သြဇာတက်စေသည့် ပြည်တွင်းစစ်မီးကြီး ရပ်စဲရန် နည်းလမ်းရှာကြ လေတော့သည်။
တင်းမာနေသည့် နိုင်ငံရေး အခြေအနေများ ပြေပျောက်စေရေးအတွက် တည်မြဲသန့်ရှင်း တို့သာမက နိုင်ငံရေး အင်အားစု အားလုံးပါဝင်သော အမျိုးသားညီလာခံကြီး ကျင်းပမည်ဟု ၁၉၅၈ ခု၊ ဇွန်လတွင် ဦးနု က ကြေညာသည်။ နိုင်ငံရေးအင်အားစုများသာမက အလုပ်သမား၊ လယ်သမား၊ အမှုထမ်း အရာထမ်းများ၊ စာနယ်ဇင်း ကိုယ်စားလှယ်များ၊ ကျောင်းသားများ တို့ကို ဖိတ်ကြားရန် စီစဉ်သည်။
ထိုညီလာခံကြီးသို့ ပါဝင်တက်ရောက်နိုင်ကြရန် တောခိုသူအားလုံးကို ဖိတ်ခေါ်ပြီး လက်နက်ကိုင် သောင်းကျန်းသူမှန်သမျှကို သင်ပုန်းချေ လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ဇူလိုင်လတွင် အစိုးရက ကြေညာ သည်။
ရေချမ်းအိုးကို အဖွဲ့တံဆိပ်သတ်မှတ်ကာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိမှုကို ဦးတည်ဖွဲ့စည်းထားသော ပမညတ အဖွဲ့ကြီးက အမျိုးသားညီလာခံကို ထောက်ခံကြသည်။ `တောတွင်း အင်အားစုများအား လက်နက်ကိုင် တိုက်ပွဲအသွင်မှ နိုင်ငံရေးတိုက်ပွဲစင်မြင့်သို့ တက်ခဲ့ကြပါ၊ လမ်းစဉ်ပြောင်းပါ´ ဟု ကြေညာဖိတ်ခေါ်သည်။
သူပုန်ထနေကြသော ရဲဘော်ဖြူအဖွဲ့၊ မွန်ပြည်သူ့တပ်ဦးနှင့် ပအို့ဝ်တပ်ပေါင်းစုတို့က အလင်းဝင်လာကြသည်။ ပါလီမန်တွင် ငြိမ်းချမ်းရေးလမ်းစဉ်ကို အမျိုးမျိုး ဆွေးနွေးကြသည်။ ပွင့်လင်းစွာ ဆွေးနွေးကြသောအခါ `ပြူစောထီးတပ်များကို ဖျက်ပေးပါ´ ဟု တောင်းဆိုကြတော့သည်။ ပြူစောထီးတပ်မှာ စစ်တပ်နှင့် တည်မြဲ တို့၏ လက်ကိုင်တုတ်တပ်ဖြစ်သည်။
ဓားပြမှုမှ နိုင်ငံရေးလူသတ်မှုများအထိ ကျူးလွန်ကြသည့် တည်မြဲတို့၏ ခါးပိုက်ဆောင်တပ်ဖြစ်သည့် ပြူစောထီးတပ်များ ဖျက်သိမ်းရေးကို တောင်းဆိုကြသဖြင့် ၀န်ကြီးချုပ်ဦးနုက တပ်မတော် အကြီးအကဲများ ကို ဆင့်ခေါ်ကာ ပြူစောထီးတပ်များကို ဖျက်ရန် အမိန့်ပေးလေသည်။
ပြူစောထီးတပ်များ ဖျက်ပေးရသည်ကို တပ်မတော်ဗိုလ်မှူးကြီးများက မကျေနပ်ကြပေ။ ထိုပြင် တွေ့ဆုံ ဆွေးနွေးသော နည်းနှင့် ငြိမ်းချမ်းရေးတည်ဆောက်သည့်မူကို စစ်တပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်း က လုံးဝ မကျေနပ်ဖြစ်နေသည်။ သူက သူပုန်တို့ကို အပြတ်မတိုက်နိုင်စေကာမူ အပြုတ်တိုက်ရေးမူကို စွဲကိုင် ထားသည်။
ဂျပန်ဖက်ဆစ်စစ်တပ်က ဖွဲ့စည်းပေးသော တပ်မတော်တွင် ဗိုလ်နေ၀င်းတယောက်သည် ဂျပန်စစ်ဗိုလ်ကြီး များ၏ လက်ရွေးစင်အမာခံဖြစ်သည်။ ဗိုလ်အောင်ဆန်း၊ ဗိုလ်လက်ျာတို့ မရှိသောခေတ်တွင် တပ်မတော်တွင် သူ၏ သြဇာကြောင့် စစ်ဝါဒီ ထွန်းကားနေသည်။
ဂျပန်ကို စတင်တော်လှန်သူများသည် နိုင်ငံရေးခေါင်းဆောင်များနှင့် အလုပ်သမားလယ်သမားများသာ ဖြစ်သည်။ အင်္ဂလိပ်ထဲမှ လွတ်လပ်ရေးကို ရယူနိုင်သည်မှာ ကွန်မြူနစ်တို့ တဘက်မှ အကြမ်းတပ်လှန့်ပေး နေခိုက် နိုင်ငံရေး ခေါင်းဆောင်များက ဒီမိုကရေစီ တိုက်ပွဲဆင်နွှဲနိုင်သောကြောင့် ဖြစ်သည်ဟူသော အမှန်တရားကို ဖုံးကွယ်ပြီး တပ်ကသာ လွတ်လပ်ရေးကို တိုက်ခဲ့သည်ဟု ဦးနှောက်ဆေးထားလေသဖြင့် တပ်ဦးစီးများအဖို့ အမြင်မှန် မရနိုင်ဘဲ အသိမှားနေကြသည်။ လက်နက်ကိုင် လက်ဝဲ၀ါဒီများနှင့် စေ့စပ်ငြိမ်း ချမ်းရေးကို တပ်ခေါင်းဆောင် အချို့က လက်မခံနိုင်ဖြစ်နေကြသည်။
`ဗမာ့တပ်မတော်ဆိုတာ လကွယ် ဥပုသ်နေ့ညတညမှာ၊ ဘုရားဝတ်ကျောင်း အတွင်းမှာ … ပြည့်တန်ဆာမ တဦးကို သူခိုးတယောက်က မတရားကျင့်လို့၊ မုဒိမ်းကျင့်လို့ ရလာတဲ့သား ဖြစ်တယ်။ အမေနဲ့အဖေ ဇာတိ မမှန်ဘူး။ ပဋိသန္ဓေတည်တဲ့နေရာနဲ့ အချိန်ကလည်း မကောင်းဘူး။ အမှန်တခုမှ လုပ်မှာ မဟုတ်ဘူး´ ဟု သခင်စိုးက ဝေဖန်ခဲ့သည့်အတိုင်း တပ်မတော်တခုလုံး သမိုင်းတလျှောက်လုံး အမှားများကိုသာ ကျူးလွန်ခဲ့ သည်။
တည်မြဲတို့နှင့် စစ်တပ်မှ တပါး တနိုင်ငံလုံးက လိုလားအားထုတ်နေကြသော ပြည်တွင်း ငြိမ်းချမ်းရေး လမ်းစဉ်နှင့် ပတ်သက်ပြီး `နိုင်ငံရေးသမားတွေ ထင်ရာလုပ်နေလျှင် စစ်တပ်က ခံမည်မဟုတ်´ ဟူသော ခေါင်းစဉ်နှင့် စာတမ်းတခုကို စစ်တပ်နှင့်နီးစပ်သူ သခင်ကျော်စိန်က တင်မောင်ထံ ယူလာသည်။ ဦးနုထံ ပို့ပေးပါဟု ပြောသည်။ ကြေးမုံတွင် ပုံနှိပ်ရန် စီစဉ်ပြီးမှ ဗမာ့ခေတ် ဦးအုန်းခင်နှင့် တိုင်ပင်သည်။
`မင်းရှောင်နေ၊ ဒီစာကို ဗမာ့ခေတ်က ပုံနှိပ်မည်´ ဟု သူက ပြောသည်။ ထိုစာတမ်းကို ဗမာ့ခေတ်တွင် ဖော်ပြပြီးနောက်ပိုင်းတွင် ၀န်ကြီးချုပ်ဦးနုက တနိုင်ငံလုံးသို့ ခရီးထွက်သည်။ ရောက်သမျှ မြို့တွင် စစ်တပ် အရာရှိရိပ်သာများတွင် တည်းခိုကာ သတ္တိပြသည်။ `မင်းတို့ သတ်ရဲလျှင် ငါခံရဲတယ်ကွ` ဟု ကြွေးကြော်ကာ ရင်ကော့ပေးသည်။ ဦးနုအား စစ်တပ်က လက်ဖျားနှင့်ပင် မတို့ဝံ့၊ ဗြောင်ရင်ဆိုင်ဖြေရှင်းရေးကို ဗိုလ်နေ၀င်းနှင့် သူ၏ စစ်တပ်က များစွာ ကြောက်ရွံ့သည်။
ဦးနုကို ထိပါးခြင်းမပြုဝံ့သော စစ်တပ်က နယ်မြို့ငယ်တချို့တွင် သန့်ရှင်းဖဆပလရုံးများကို ၀င်ရောက် သိမ်းပိုက်ကာ အစိုးရကို အန်တုသည်။
၁၉၅၈ ခု၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင်မူ ၀င်ဒါမီယာရပ်ကွက်တွင်ရှိသော ၀န်ကြီးချုပ်ရုံးနှင့် အိမ်ကို အမြောက်နှင့် ချိန်ရွယ်ထားပြီး ဗိုလ်ချုပ်ကြီးနေ၀င်းက ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးကြီး အောင်ကြီးနှင့် ဗိုလ်မှူးကြီး တင်ဖေတို့အား ကိုယ်စားလှယ်စေလွှတ်ကာ သန့်ရှင်းအစိုးရသည် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကြီး၏ အနှစ်သာရကို ဖောက်ဖျက်နေသဖြင့် တပ်မတော်က သည့်းမခံနိုင်ပါဟု တင်ပြစေသည်။
ဝန်ကြီးချုပ်ဦးနုက ရှင်းလင်းလွယ်ကူသော အဖြေကို ပေးသည်။ သန့်ရှင်းအစိုးရ လမ်းမှားနေသည် ဆိုပါက ရွေးကောက်ပွဲသစ်ကျင်းပပြီး လူထု၏ အဆုံးအဖြတ်ကို ခံယူကြရမည် ဖြစ်သည်။ အာဏာလက်ရှိ သန့်ရှင်း အစိုးရက ရွေးကောက်ပွဲကျင်းပမည်ဆိုပါက ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဟု စွပ်စွဲနိုင်သေးသည်။ ထိုကြောင့် တပ်မတော်ကပင် ယာယီကြားဖြတ်အိမ်စောင့်အစိုးရ ဖွဲ့စည်းပြီး တရားမျှတသော ရွေးကောက်ပွဲ ကို ကျင်းပပေးပါဟု ဒီမိုကရေစီ အစဉ်အလာကို တင်ပြသည်။
နိုင်ငံရေး အာဏာကို တပြိုင်နက်တည်း လုယူရန်စီစဉ်သော ဗိုလ်နေ၀င်းအကြံမှာ ပျက်သွားကာ စစ်တပ် အစိုးရသည် ဖွဲ့စည်းပုံ ဥပဒေအရ အိမ်စောင့်အစိုးရ အဖြစ် တက်လာရတော့သည်။ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးရန် တာဝန်ကြီးကို ယူလိုက်ရသေးသည်။
အကြောင်းရင်းမှန်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းက လက်ဝဲသူပုန်များနှင့် စေ့စပ်ဆွေးနွေးသည့် ငြိမ်းချမ်းရေးမူကို မကျေနပ်သဖြင့် အာဏာတောင်းသည် မဟုတ်ပါ။ ဒီမိုကရေစီနှင့် အခြေခံဥပဒေကို ယုံကြည်မှုမရှိသဖြင့် စစ်အာဏာရှင် နိုင်ငံထူထောင်ရန် အာဏာလုသည်သာ ဖြစ်သည်။ တပ်မတော်က အစိုးရဖွဲ့ကာ ရွေးကောက်ပွဲ ကျင်းပပေးပါဟု ဦးနုက တင်ပြသော ဒီမိုကရေစီ လမ်းစဉ်ကို ပယ်ချရန် ဆင်ခြေလမ်းစဉ် တင်ပြခြင်း မပြုနိုင်သောကြောင့် လက်ခံရသည် ဖြစ်၏။
အကယ်၍ စစ်တပ်က စစ်အာဏာရှင် နိုင်ငံတည်ထောင်မည်ဟု စီစဉ်တောင်းဆိုပါကလည်း ဦးနုက အညံ့ခံမည် မဟုတ်၊ အာဏာလွှဲပေးမည် မဟုတ်၊ တနည်းနည်းနှင့် ပြန်လည် ခုခံမည် ဖြစ်သည်။
သေနတ်တလက်၊ ဓားတချောင်းကိုမှ ကိုင်ဆောင်ခြင်း မပြုခဲ့ဖူးသူ၊ နိုင်ငံခေါင်းဆောင် ဦးနုသည် လူသတ်ရဲသော စစ်သားကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဗိုလ်မှူးကြီးများထက် သတ္တိကြီးမားသူ ဖြစ်သည်ကို သူတို့သိကြသဖြင့် ပေးသမျှအာဏာကို ပေးအပ်သည့်နည်းနှင့် လက်ခံခဲ့ကြရသည် ဖြစ်၏။ ။

No comments: