Friday, August 13, 2010

(၅၀) ဒေါသကုမ္မာရကြီး ဗိုလ်နေ၀င်း (ကြေးမုံဦးသောင်း)

ဗိုလ်ချုပ်ကြီးနေ၀င်းသည် ဒေါသပြင်းသူဖြစ်ပါသည်။ အမေရိကန်တိုင်းမဂ္ဂဇင်းက သူ၏ဒေါသသတင်းကို Nawinian Anger ဟု ခေါင်းစဉ်တပ်ခဲ့သဖြင့် ဗိုလ်နေ၀င်း၏ ဒေါသသည် ကမ္ဘာကျော်ရုံမျှမက အင်္ဂလိပ်စာစကားတွင် ဝေါဟာရအသစ်တလုံးတိုးခဲ့သည်အထိ ကြီးမားပြီး အထိန်းအကွပ်မရှိ ဖောက်ခွဲနိုင်ခဲ့သူ ဖြစ်ပါသည်။
တခုသော နာတာလူးပွဲတွင် ရန်ကုန်မြို့၊ အင်းလျားကန် ဟိုတယ်တွင် ကပွဲကြီးတခုကို ကျင်းပနေပါသည်။ သူ၏ အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက အင်းလျားကန်ဟိုတယ်ကြီးကို အုပ်ချုပ်လုပ်ကိုင်ရာတွင် အမြတ်ရှာရမည်ဟု ဗိုလ်နေ၀င်းက အမိန့်ရှိသဖြင့် နာတာလူးပွဲတော်ကပွဲသဘင်ကို တေးတူရိယာတီးဝိုင်းနှင့် ကျင်းပကာ စီးပွားရှာခဲ့ ပါသည်။ ထိုကာလက ပွဲလမ်းရှားပါးသောကြောင့် ခရစ်ယာန်ဘာသာဝင်များ၊ သံတမန်များနှင့် နိုင်ငံခြားခရီးသည် များတို့ စည်ကားစွာ တက်ရောက်အားပေးကြပါသည်။
ဘင်ခရာဆိုင်းတခြိမ့်ခြိမ့်နှင့် စုံတွဲများ၊ တငြိမ့်ငြိမ့်ကနေစဉ်တွင် အင်းလျားကန် တဘက်ခြမ်းတွင် နေထိုင်သော ဗိုလ်နေ၀င်းက တသဲ့သဲ့ကြားရသော တီးဝိုင်းသံကို မကြားလိုဟု ဆိုကာ ဒေါသထွက်ပြီး ဝေးကွာလှမ်းသော ဟိုတယ်ဆီသို့ ဂျစ်ကားတစီးကို ကိုယ်တိုင်အပြင်းမောင်းသွားပါသည်။ သူ၏ သက်စောင့် ကိုယ်ရံတပ်များက အခြားကားနှစ်စီးနှင့် ဘာမသိ၊ ညာမသိ လိုက်ကြရသည် ဆိုပါသည်။
ဟိုတယ်သို့ ရောက်သောအခါ ပြေးဝင်သွားပြီး အစိုးရပိုင်တီးဝိုင်းအဖွဲ့မှ ဘင်ကြီးကို ခြေထောက်နှင့် ကန်ကာ ဖောက်ခွဲပါသည်။ ထိုနောက် ကနေကြသော စုံတွဲအများကို ကန်ကျောက်ထိုးနှက်ပါသည်။ အချို့က သူ့ကို ပြန်လည် ထိုးကြပါသေးသည်။ နောက်မှ စစ်ဝတ်စုံဝတ် သက်တော်စောင့်တပ်သားများ ၀င်ရောက်ကာ ဆွဲကြ၊ ထိန်းကြမှ သူမှန်းသိသဖြင့် ရှောင်ပြေးကြရပါသည်။ ပွဲပျက်သွားသည့်တိုင် စိတ်ထင်တိုင်းရိုက်နှက်ပြီးမှ ဆဲဆိုအော်ဟစ်ကာ သူ၏ အိမ်သို့ ပြန်သွားပါသည်။
သူကထိုးသဖြင့် ပါးကွဲသွားသော နိုင်ငံခြားမှ သံတမန်တဦးကို နိုင်ငံတော်အစိုးရ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးက တောင်းပန်ရပါသည်။ နိုင်ငံတွင်းတွင်မူ သူ၏ အမှားကို တောင်းပန်မှုမပြုရုံသာမက ဟိုတယ်နှင့် တီးဝိုင်းကို ပိုင်ဆိုင်သော ကုန်သွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီးစံဝင်းအား ရာထူးမှ ဖယ်ရှားလိုက်ပါသည်။
ထိုသတင်းကို အမေရိကန်တိုင်းမဂ္ဂဇင်းက Nawinian Anger ဟု ရေးသကဲ့သို့ မြန်မာသတင်းစာဆရာများကလည်း သတင်းစာတို့မှ မရေးဝံ့ကြစေကာမူ သူ့အား ဘွဲ့သစ်ပေးကြပါသည်။
အလံနီခေါင်းဆောင် ဦးသာကျော်သည် ငယ်စဉ်က ဇတ်ပွဲတခုတွင် ၀င်ရောက်ဆော့ကစားသောအခါ ဆိုင်းဝိုင်းမှ ဗုံကို ဖောက်ခဲ့သူဖြစ်သဖြင့် “ဗုံပေါက်သာကျော်” ဟု ခေါ်တွင်ပါသည်။ ဗိုလ်နေ၀င်းကိုလည်း “ဘင်ဖောက်နေ၀င်း” ဟု ခေါ်ဆိုကြပါသည်။ “သမ္မတလူကြမ်းအဖွဲ့” ဟုလည်း ခေါ်ကြပါသည်။
မည်သည့်အတွက် ထိုရွေ့ထိုမျှ ထိုဒေါသထွက်ရသည်ကို စုံစမ်းကြရာတွင် အရေးကြီးသော စစ်ရေးအစည်းအဝေး ကျင်းပနေစဉ်တွင် တီးဝိုင်းသံက နှောက်ယှက်သဖြင့် စိတ်ဆိုးရရှာသည်ဟု စစ်စုံထောက်တပ်က ၀ါဒဖြန့်ပါ၏။ အစည်းအဝေးရှိပါက အခြားစစ်ဗိုလ်ကြီးများ သူ၏အပါးတွင် ရှိနေရမည်ဖြစ်သဖြင့် ထိုသတင်းမမှန်နိုင်ပါ။ အိမ်တော်အစည်းအဝေးခန်းတို့မှာ အသံလုံပါသည်။ သတင်းစတခုကမူ သူ၏ သမီးတယောက် ထိုနာတာလူးကပွဲသို့ သွားရောက်ကာ စုံတွဲကကြသဖြင့် စိတ်ဆိုးရသည်ဟု ဆိုပါသည်။ အကြောင်းရင်းမှန်ကို မသိနိုင်စေကာမူ သူ၏ ဒေါသမှာ ကမ္ဘာကျော်သွားပါသည်။
ဗိုလ်နေ၀င်းသည် သူ၏ မိသားစုအရေးကိစ္စပေါ်ပေါက်တိုင်း ဒေါသကို မထိန်းနိုင်ခဲ့ပါ။ တကြိမ်တွင် မေမြို့ဂေါက်ကွင်းတွင် ဂေါက်သီးရိုက်နေခိုက် သူ၏ဇနီး ဒေါ်ခင်မေသန်းနှင့် ခင်မင်နီးစပ်သူ အရပ်သားကုန်သည်ကြီးတဦးကို မြင်တွေ့ရာမှ ဒေါသထွက်ကာ ဂေါက်တံနှင့် ပြင်းထန်စွာ ရိုက်ခဲ့ပါသည်။ ထိုပုဂ္ဂိုလ်အား ချက်ချင်းရန်ကုန်ပို့ကာ ကုသပြီး နိုင်ငံခြားသို့ လေယာဉ်ပျံပေါ်တင်ပြီး ပြည်မှ နှင်ခဲ့ပါသည်။
တခါတွင် သုတေသနနှီးနှောပွဲအပြီးတွင် သုတေသီတို့အား ဂုဏ်ပြုဧည့်ခံပွဲကို အိမ်တော်တွင် ခမ်းနားစွာ ကျင်းပပါသည်။ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်မှ ဆရာ ဆရာမများ အများကို ဖိတ်ကြားကာ ညစာစားပွဲဖြင့် ပြုစုရာတွင် ဧည့်သည်တစုံတဦးက ဒေါ်ခင်မေသန်းအား တို့ထိသည်ဟု ယူဆကာ အိမ်တော်ဝင်းတံခါးကြီးကို ပိတ်လိုက်ပါသည်။ သူက မသင်္ကာသူကို ရှာဖွေပြီး သူကိုယ်တိုင် ရိုက်နှက်ထိုးကြိတ်ပါတော့သည်။ သူက အိမ်ရှင်အဖြစ် နိုင်ငံတော်၏ အကြီးအကဲအဖြစ် ဖိတ်ကြားသော ဧည့်ခံပွဲကြီးမှာ သွေးထွက်သံယို ၀ရုန်းသုန်းကားနှင့် ပွဲပျက်ရပါသည်။ နောက်ပိုင်းတွင် သူထိုးကြိတ်သူများသည် သူထင်သကဲ့သို့သော အမှုများကို ပြုသူများမဟုတ်သည်ကို စစ်ဆေးသိရှိရသဖြင့် တိုးတိုးတိတ်တိတ်နှင့် တောင်းပန်ရသည်ဟု သိရပါသည်။
ဇနီးဒေါ်နီနီမြင့်နှင့် ပေါင်းသင်းနေစဉ် နိုင်ငံခြားသို့ ခရီးထွက်ရာမှ နိုင်ငံမှလွင့်နေသူ ဒေါ်ရတနာနတ်မယ်ကို ပြန်တွေ့ရာမှ ခေါ်ဆောင်လာခဲ့ပါသည်။ ဒေါ်ရတနာနတ်မယ်မှာ ၁၉၄၇-၄၈ ခုနှစ်က ရန်ကုန်မြို့တွင် ကျော်ကြားသော အလှမယ်တဦးဖြစ်ပါသည်။ ရန်ကုန်မြင်းပွဲမှ စွတ်ဒိုင်ဖွင့်သူ အင်္ဂလိပ်တဦးနှင့် ဇနီး မြန်မာမင်းမျိုး မင်းနွယ် မင်းသမီးတဦးတို့မှ ပေါက်ဖွားသူဖြစ်သဖြင့် မင်းမျိုးဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ဓမ္မသတ်အရ တရားဝင် လက်ထပ်ပွဲကို အိမ်တော်တွင် ကျင်းပခဲ့ပါသည်။ ဥရောပတွင် အနေကြာပြီး မြန်မာ့ထီးသုံးနန်းသုံး ဓလေ့များ ကျွမ်းကျင်သူ ဇနီးသစ်ကို ပွဲတက်မယားအဖြစ် မြှောက်စားခဲ့ပါသည်။ ဗိုလ်နေ၀င်းက ထီးရေးနန်းရာများကို စိတ်ပါဝင်စားစွာ လေ့လာဆွေးနွေးပါသည်။ အခမ်းအနားတို့တွင် တောင်ရှည်ပုဆိုးကို အမြဲဝတ်ဆင်လာပါသည်။ ကုန်းဘောင်မင်းဆက် အသစ်တည်ထောင်ပြန်လေပြီဟု သတင်းစာဆရာများက တီးတိုးပြောပါသည်။ တရုတ်ပြည် သို့ ခရီးထွက်ရာတွင် နိုင်ငံတော် သမ္မတကတော်အဖြစ် လိုက်ပါစေခဲ့ပါသည်။
ဒေါသကဲသော ဦးနေ၀င်းက သူ၏ဇနီးမှန်သမျှကို စိတ်မထင်တိုင်း ရိုက်နှက်လေ့ရှိရာ တချီတွင် နိုင်ငံခြားသံတမန် များရှေ့၌ ဒေါ်ရတနာနတ်မယ်ကို ဆေးလိပ်ပြာခွက်နှင့် ပေါက်သဖြင့် မင်းစိတ်မင်းမာန်ရှိသူ ဒေါ်ရတနာနတ်မယ်က ချက်ချင်းကွာရှင်းခွင့်တောင်းကာ ဥရောပသို့ ပြန်သွားပါသည်။
သူသည် စာများများ ဖတ်သူဖြစ်ပါသည်။ စာပေဗိမာန်မှ အမျိုးသားစာပေဆုပေးကော်မတီတွင် အဖွဲ့ဝင်တဦး လစ်လပ်နေသောကြောင့် ဆရာငွေဥဒေါင်း (ဦးကြီးမောင်) ကို ဖြည့်စွက်ခန့်ထားမည်ဟု တင်ပြရာ ဗိုလ်ချုပ်ကြီး နေ၀င်းက “ငွေဥဒေါင်းဝေဖန်ချက်ကောင်းလို့ စာအုပ်တအုပ် ဖတ်ကြည့်တယ်။ သူဝေဖန်ထားသလို ကောင်းလှချည် မဟုတ်ပါဘူးကွာ” မှတ်ချက်ပေးသဖြင့် အဆိုမှာ ပျက်သွားခဲ့၏။ ထိုအဖွဲ့ဝင် လစ်လပ်သောနေရာကို တင်မောင်အား ဖြည့်စွက်ခန့်ထားခြင်း ခံခဲ့ရပါသည်။ တင်မောင်ကလည်း စာအုပ်ဝေဖန်ချက်များ ရေးလေ့ရှိရာ တင်မောင်၏ ဝေဖန်ချက်များကို သူသဘောတူဟန် တူပါ၏။
သူ၏ စားပွဲတွင် မြန်မာစာအုပ်များ တွေ့ရပါသည်။ မည်သည့်စာအုပ်က မည်နှယ်ဟု ကိုးကားပြောပြသည်ကို ကြားရပါသည်။ သူ၏ အတွင်းလူ ဗိုလ်မှူးကြီးတဦးကို ပြောပြမိသောအခါ “ဗိုလ်ချုပ်ကြီးက ဘယ်စာအုပ်ကိုမှ အစက အဆုံးအထိ ဖတ်တာမဟုတ်ဘူး၊ အစနည်းနည်း၊ အလယ်နည်းနည်း၊ အဆုံးနည်းနည်းသာ ဖတ်တာ။ စာအုပ်အကြောင်း သိရုံ၊ ပြောနိုင်ရုံသာ ဖတ်တာ” ဟု ပြောပါ၏။ သူ့တွင် ထူးခြားသော မှတ်ဉာဏ်ရှိသဖြင့် ဖတ်လေသမျှ မေ့ဟန်မတူပါ။
သေချာသည်မှာ ဗိုလ်ချုပ်နေ၀င်းသည် သတင်းစာဆရာများကို ရွံ့မုန်းသူ ဖြစ်ပါသည်။ သတင်းစာဆရာဟူသော ဝေါဟာရစကားလုံးကို လက်မခံဘဲ “သတင်းစာရောင်းစားတဲ့ကောင်တွေ” ဟု ခေါ်လေ့ရှိပါသည်။ ပြည်တွင်းစစ် အဦးပိုင်းကာလက သတင်းထောက်များနှင့် ရင်းနှီးစွာ ဆက်ဆံပါသည်။ နောက်ပိုင်းတွင် ပုဂ္ဂလိက ခေတ်သတင်းစာ ဆရာများကို လက်တကမ်း ခပ်လှမ်းလှမ်းမှ ဆက်ဆံလေ့ရှိပါသည်။
တော်လှန်ရေးအစိုးရခေတ် သတင်းစာများကို ပြည်သူပိုင်ပြုပြီးချိန်တွင်မူ သတင်းစာဆရာမှန်သမျှ သူ၏ လက်အောက်အလုပ်သမားများသာ ဖြစ်လာကြသောအခါတွင်မူ ရင်းနှီးစွာ ဆက်ဆံလေ့ရှိပါသည်။ ဦးသိန်းဖေမြင့်ကို ရုရှသြဇာလွှမ်းသူ၊ ဦးလှကို တရုတ်သြဇာခံသူဟု သူက ယူဆစေကာမူ လေးစားစွာ ဆက်ဆံပါသည်။ ဆရာဇ၀နကိုမူ ပြည်မြို့နယ်သားချင်းအဖြစ် ရင်းနှီးပါသည်။ ဆရာက အရက်မူးသဖြင့် ရိသည်ကိုပင် သည်းခံပါသည်။
ဒေါက်တာမောင်မောင်အဖို့ အမေရိကသို့ ပညာတော်သင်သွားချိန်မှ စတင်ကာ ဂါးဒီးယန်းသတင်းစာကို ဗိုလ်မှူးကြီး သုံးဦးတို့က စစ်တပ်၏ လျှို့ဝှက်ရန်ပုံငွေနှင့် ၀ယ်ယူကာ စစ်တပ်အာဘော်အဖြစ် ထုတ်ဝေသည်ကို ဗိုလ်နေ၀င်းက မကြိုက်သဖြင့် သတင်းစာကို မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ပါသည်။ ကြေးမုံသိမ်းချိန်တွင် ဂါးဒီးယန်းသတင်းစာ ကိုလည်း ပြည်သူပိုင် ပြုလိုက်ပါသည်။
နိုင်ငံခြားစာနယ်ဇင်းများတွင် သူ့အမည်ကို ကောင်းသတင်းသာ ပါစေလိုပါသည်။ ထိုင်းအစိုးရက ပြန်အပ်သော ဘိန်းဘုရင် လော်စစ်ဟန်ကို ရန်ကုန်တရားရုံးတွင် စစ်ဆေးရသည့် အမှုအကြောင်း သတင်းဆောင်းပါးကို Readers Digest မဂ္ဂဇင်းတွင် ဖော်ပြပါသည်။ ထိုစာမူ၌ သူ၏ အမည်ကို တနေရာတွင် ဖော်ပြရမည်လောဟု ပြင်းထန်စွာ စိတ်ဆိုးသဖြင့် ကုန်သွယ်ရေး (၉) မှ တင်သွင်းရောင်းချနေသော အမေရိကန် စာပဒေသာ မဂ္ဂဇင်းကို မြန်မာပြည်တွင်းသို့ မသွင်းရဟု ပိတ်လိုက်ပါသည်။ ။

3 comments:

Marshall said...

အခုလိုဝေမျှပေးတာကို အထူးကျေးဇူးတင်ပါတယ်

Anonymous said...

အရမ်းကို ဗဟုသုတရစေပါတယ်၊၊ မြန်မာပြည်ကို ဖျက်စီးသွားတဲ့ နေ၀င်ချိန်မကောင်းတဲ့ အာဏာရှင် ကြီး တစ်ယောက် အကြောင်းဖြစ်လို့ စိတ်ဝင်စားစွာ ဖတ်သွားပါတယ်၊၊ ပိုပြီးပြည့်စုံသွားအောင် အောက်ပါ လင့်ခ် လေးကိုဝေမျှပါတယ်၊၊

http://www.moemaka.com/index.php?option=com_content&task=view&id=6528&Itemid=1

ကျေးဇူးတင်စွာဖြင့်၊၊

Anonymous said...

Ne Win's legacy is full of jealousy,anger,hatred, selfishness,however compare to the current regime head Than Shwe, I would say he was much better as a human-being. Sayar Thaw Dar Swe is the another writer, Ne Win showed respect.
The article mentioned in Readers digest was title as " Burmese way to ruin" when " Burmese way to socialism" motto was popular at that moment.
The worse mistake in his legacy was he passed his dictatorial power to the monster generals thousand times brutal than him. For that he will pay the price in hereafter.