Sunday, May 9, 2010

(၄၃) ပိတ်စေအမိန့်မှ သတင်းအစများ (ကြေးမုံဦးသောင်း)

တင်မောင်အဖို့ သက်တောင့်သက်သာနှင့် လွယ်ကူသော အလုပ်များလည်း ရှိပါသည်။ သတင်းများကို မှောင်ချရသည်။ ပိတ်ရသည်မှာ လွန်စွာ လွယ်ကူပါသည်။ `ဟောဒီ - ဟောဒီ သတင်းကို မထည့်နှင့်လို့ အထက်က ညွှန်ကြားပါတယ်` ဟု အယ်ဒီတာချုပ် (၇) ဦးကို ထပ်ဆင့် ပြောပြရုံသာ ဖြစ်ပါ၏။
တခုကောင်းသည်မှာ ၀န်ကြီးများက သတင်းပိတ်ရန် အမိန့်ပေးသောအခါတွင် ပိတ်စေဟု ညွှန်သော သတင်းကို ၀န်ကြီးများက ဖွင့်ပြောကြရသောကြောင့် သတင်းမှန်ကို သိခွင့်ရလိုက်သည်။ ၁၉၇၆ ခုနှစ်က နေ့တနေ့တွင် ဒု-၀န်ကြီးက တင်မောင်အား ခေါ်ပြီး မေးပါသည်။ `ခင်ဗျားတို့ ကြားကြပြီလား` ဟု သူက မေးသည်ကို `ဘာမှ မသိရပါဘူးခင်ဗျား` ဟု တင်မောင်က မဆိုင်းမတွ ဖြေလိုက်သည်။ အမှန်အားဖြင့် တစွန်းတစသိပြီးဖြစ်သည်။ တိတိကျကျသာ မသိသေးစေကာမူ စစ်တပ်တွင်းတွင် ကျိတ်ပြီး စစ်ဗိုလ်တွေကို အဖမ်းအဆီးရှိနေသည်ကို ခပ်သဲ့သဲ့ သတင်းထွက်နေပါသည်။ သတင်းအနံ့ရရှိသော်လည်း သတင်းကို ရေးရန်မဆိုထားဘိ၊ သတင်းအဆက်ကို စုံစမ်းရန်ပင် ပြည်သူပိုင် သတင်းစာဆရာကြီးများက သတ္တိမရှိကြပါ။
`ဗိုလ်ကြီးအုန်းကျော်မြင့်ကို ခင်ဗျားသိလား၊ ဒီကောင်လေးက တော်တော်မိုက်တယ်ဗျာ` ဟု အစချီပြီး ဗိုလ်ချုပ်ကြီး နေ၀င်း၊ စစ်စုံထောက်ချုပ်ကြီး၊ ဗိုလ်တင်ဦး၊ သမ္မတကြီး ဦးစန်းယု … စသည့် ထိပ်သီးကြီးများကို ဖယ်ရှားရန် ကြံစည်သော လုပ်ကြံမှုကြီးအကြောင်းကို သူက အသေးစိတ်ပြောပြပါသည်။
စစ်တပ်တွင် ဗိုလ်သင်တန်းမှ ဆင်းလာသည့် စစ်ဗိုလ်အသစ်ကလေးများကို ငှက်တော၊ ခွေးတော၊ ကျည်ဆံတော ဖြစ်သော နယ်စပ်ဒေသသို့ ပို့လေ့ရှိပါသည်။ စာတော်သူ၊ အရည်အချင်းထက်သူများကိုမူ စစ်ရုံးချုပ်မှ ဗိုလ်မှူးကြီးများက ခေါ်ယူပြီး ကိုယ်ရေးအရာရှိ ခန့်လေ့ရှိသည်။ ဗိုလ်ကြီးအုန်းကျော်မြင့်ကို ဗိုလ်သင်တန်းဆင်း အနေနှင့် ဒု-ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီးအေးကိုက ကောက်ယူပြီး ကိုယ်ရေးအရာရှိ ခန့်လိုက်သည်။ ပညာခံ ကောင်းပြီး ရိုးသားသူ ဗိုလ်ကြီးအုန်းကျော်မြင့်က အမျိုးနှင့် တိုင်းပြည်အတွက် ဆောင်ရွက်မည်ဟူသော မျိုးချစ်စိတ် နှင့် တပ်တွင်းသို့ ၀င်လာသူဖြစ်လေရာ ရန်ကုန်မြို့တော်တွင် ရုံးထိုင်နေကြသော လူ့မလိုင်လူတန်းစား စစ်ဗိုလ်ကြီး များ၏ လောကကို မြင်ရသောအခါ လွန်စွာ တုန်လှုပ်ချောက်ချားမိသည်ဟု ဆိုပါသည်။
ဦးနေ၀င်း ကိုယ်တိုင်က စတင်ပြီး အပြောတမျိုး၊ အလုပ်တမျိုး၊ တိုင်းပြည်နှင့် စစ်တပ်ကို ညာလိမ်ပြီး ကိုယ်ကျိုးရှာ နေကြသည့် စားဖားကြီးများသာ ဖြစ်နေသည်ကို မျက်မြင်ကိုယ်တွေ့ သိရှိလာသည်ဟု ဆိုပါသည်။ လူထုကြီးအဖို့ ခက်ခဲကျပ်တည်းနေသည့် အချိန်တွင် ၀န်ကြီးများ၊ ပါတီခေါင်းဆောင်များ ဖြစ်နေသော စစ်ဗိုလ်ကြီးများက ဇိမ်ခံ ပစ္စည်းအမျိုးမျိုးနှင့် စည်းစိမ်ယစ်နေကြသည်ကို တွေ့ရသဖြင့် စိတ်မချမ်းမသာ ဖြစ်ရသည်ဟု သိရပါသည်။ မတရားမှုများ စာရင်းရှင်းရန်က မလွယ်ကူဘဲ ဦးနေ၀င်းနှင့်တကွ လာဘ်စားသူ စစ်ဦးစီးကြီးများ အသက်ရှည် လေလေ တိုင်းပြည်နစ်နာလေလေပဲဟု အဖြေကို သိလာသောကြောင့် လုပ်ကြံဖယ်ရှားရန် ရဲဘော်ရဲဘက် ဗိုလ်ကြီး (၄) ဦးနှင့် တိုင်ပင်ပြီး လျှို့ဝှက်ကြံစည်ပါသည်။
သူတို့၏ အကြံအစည်မှာ အောင်မြင်မှု မရကြရှာပါ။ သူတို့ (၄) ဦးနှင့် အခြားစစ်ဗိုလ် (၁၀) ဦးကို ဖမ်းခဲ့ပါသည်။ မူလက ကြားသိရသော သတင်းထက် ၀န်ကြီးက ပြောပြမှ သိရသည့်သတင်းက ပိုပြည့်စုံပါသည်။ ယင်းသတင်းစုံကို အယ်ဒီတာချုပ်ကြီးများကို တဆင့်တင်ပြပြီး ပုံနှိပ်ခြင်းမပြုရဟု တားမြစ်ရပါသည်။ နောက်ပိုင်းတွင် အမှုကို ခုံရုံးတင်မှပဲ ရေးကြရပါ၏။
ဝန်ကြီးက မပြောဘဲနှင့် မိမိတို့အသိနှင့် ပိတ်ရသည့် သတင်းများလည်း ရှိသည်။ ဥပမာ ဦးနေ၀င်းကတော် ဒေါ်ခင်မေသန်းသည် မှောင်ခိုကုန်ကူးသော မှောင်ခိုကုန်သည်ကြီး ဖြစ်ပါသည်။ နိုင်ငံခြားမှ ပြန်လာသောအခါတွင် ၀ယ်လာခဲ့သော စီးကရက်ကစပြီး ကက်ဆက်၊ အသံဖမ်းစက်အထိ မှောင်ခိုဈေးတွင် အမြတ်ကြီးစားကာ ရောင်းသူ ဖြစ်ပါသည်။ နိုင်ငံခြားသို့လည်း ကျောက်မျက်ရတနာများ မှောင်ခိုထုတ်လေ့ရှိပါသည်။ တချီတွင် ပြင်သစ်ပြည်၊ ပဲရစ်မြို့ လေဆိပ်တွင် မှောင်ခိုကျောက်များ ဖမ်းဆီးမိသဖြင့် အဖမ်းခံရသည့်သတင်းကို စာရေးသူတို့ မရေးဝံ့ခဲ့ပါ။
ဦးနေ၀င်း၏ညီ ဦးသိန်းညွှန့်အား လန်ဒန်သံရုံးတွင် ကုန်သွယ်ရေးအရှာရှိခန့်ထားစဉ်က ဆွစ်ဇာလန်မှ နာရီများကို အင်္ဂလန်ပြည်တွင်းသို့ မှောင်ခိုသွင်းသောကြောင့် အင်္ဂလိပ်အစိုးရက နှင်ထုတ်သည့်သတင်းကို နိုင်ငံခြားက ရရှိသဖြင့် စာရေးသူတို့ကပင် ၀န်ကြီးကို ပြန်ပြီး သတင်းပေးနိုင်ခဲ့ပါသည်။ ဦးနေ၀င်း၏ ဇနီးဟောင်း ဒေါ်တင်တင်၏ ဖဲဝိုင်းနှင့် ဦးနေ၀င်း၏ အကိုတော် သခင်လှကွန်း၏ ဖဲဒိုင်ကို စစ်စုံထောက်များက ဖမ်းသောသတင်းကိုမူ ၀န်ကြီးက မရေးကြနှင့်ဟု ပိတ်လေမှသာ သိရလေသည်။
ဖဲဝိုင်းများ မပိတ်ခင်က ဦးနေ၀င်းကတော်ဟောင်း ဒေါ်တင်တင်က ရန်ကုန်-မော်လမြိုင် မီးရထားကို ခေါက်တုန့် ခေါက်ပြန်စီးပြီး အခကြေးငွေ လက်ခံကာ ကျောက်များ၊ ရွှေများနှင့် နိုင်လွန်စသော နိုင်ငံခြားကုန်များ မှောင်ခို ကုန်သယ်နေသည်ကို သိကြပါလျက် မရေးရဲကြပါ။ ဦးနေ၀င်းဇနီးသစ် ဒေါ်နီနီမြင့်၏ ညီမ၊ ခယ်မတော်က အထည်အလိပ်များ မှောင်ခိုထုတ်သဖြင့် အဖမ်းခံရသော သတင်းကိုတော့ မရေးလေနှင့်ဟု ၀န်ကြီးက တားမှသာ တင်မောင်တို့ သိကြရပါ၏။
ပြည်သူပိုင်သတင်းစာများသည် တပ်မတော်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်နေ၀င်း၏ ဆွေတော်ရှစ်သောင်း မျိုးတော်ကောင်းတို့၏ မကောင်းမှုမှန်သမျှကို ဖုံးဖိနေကြရသူများ ဖြစ်ပါသည်။ `သူတို့အမှုတွေကိုသာ ဒီမိုကရေစီခေတ် သတင်းစာများလို ရေးနိုင်လျှင် အဆီတထပ်၊ အသားတထပ် သတင်းတွေ တောင်လိုပုံနေမှာပေါ့ ကွာ` ဟု သတင်းထောက်ကြီးများက ညည်းကြရှာပါသည်။
အစိုးရက ထုတ်ပြန်ရန် တာဝန်ရှိသည့် သတင်းမှန်ကိုလည်း လိမ်လည်ပြီး ရေးသားခဲ့ရပါသည်။ ၁၉၉၅ ခုနှစ်က ဘဏ္ဍာရေးဌာန ဒု-၀န်ကြီး ဦးချစ်မောင်က စာရေးသူအား ဆင့်ခေါ်သည်။ သတင်းကြေညာချက်တခုကို ပေးပါသည်။ `မြန်မာကျပ်ငွေတန်ဖိုးကို ပြုပြင်သတ်မှတ်ခြင်း` ဟု ရေးထားပါသည်။ မြန်မာကျပ်ငွေတန်ဖိုးကို အမေရိကန်တဒေါ်လာတွင် (၆) ကျပ် (၆၂) ပြားနှုန်း သတ်မှတ်သည်ဟု ဖော်ပြထားပါသည်။ မြန်မာကျပ်ငွေ လဲလှယ်နှုန်းသည် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရချိန်မှ စတင်ကာ ဒီမိုကရေစီတခေတ်လုံးတွင် အမေရိကန် တဒေါ်လာကို (၄) ကျပ် (၇၆) ပြားနှုန်း တည်ငြိမ်စွာ ရှိခဲ့ပါသည်။ ပြည်တွင်းစစ်ကြောင့် စစ်စရိတ်တက်မြင့်ပေးရပါ လျက် နိုင်ငံခြားသုံးငွေကို ရှိသင့်ရှိထိုက်သည့် နှုန်းထားအတိုင်း ရှာဖွေနိုင်ပါသည်။ စုဆောင်းထားနိုင်ပါသည်။ ထိုကြောင့် မြန်မာကျပ်ငွေစက္ကူတန်ဖိုးကို တည်ငြိမ်စွာ ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။ စစ်အစိုးရတက်လာပြီး (၉) နှစ်ကြာသောအခါ ကျပ်ငွေတန်ဖိုးလျော့သွားပါသည်။ ၁၉၇၁ ခုနှစ်က (၅) ကျပ် (၃၅) ပြားနှုန်းသို့ လျော့ခဲ့သည်။ တဖန် ၁၉၇၃ ခုနှစ်တွင် (၄) ကျပ် (၈၁) ပြားနှုန်းဖြင့် ပြန်မြှင့်ခဲ့ပါသည်။ ဤသို့သော ငွေတန်ဖိုးများကို တင်မောင်က မှတ်မိသောကြောင့် `မြန်မာကျပ်တန်ဖိုး လျှော့ပြန်ပြီပေါ့` ဟု ပြောမိပါသည်။
ဦးချစ်မောင်က `ဘုရား၊ ဘုရား` ဟု ဘုရားတပြီး `အဲဒီလိုများ မရေးလိုက်ပါနဲ့ ကိုယ့်လူ။ ငွေတန်ဖိုးချတယ်လို့ ရေးလိုက်ရင် ကိုယ့်လူပါမကဘူး၊ ကိုယ်ပါ ရာထူးအဖြုတ်ခံရပါလိမ့်မယ်` ဟု မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် တောင်းပန်ပါသည်။
`အမှန်က တန်ဖိုးချတာပဲ။ မူလက တန်ဖိုးနဲ့ တန်ဖိုးသစ်နဲ့ နှိုင်းယှဉ်ကြည့်လျှင် ရှင်းနေတာပဲ။ လူတိုင်းသိနိုင်တာပဲ` ဟု တင်မောင်က ပြန်ပြောသည်။ သူက `ဒါကြောင့် ကြေညာချက်ကို ရုံးကတဆင့် ပို့မပေးဘဲ ကိုယ့်လူကို ခေါ်ရတာပါ။ လူကိုယ်တိုင်ခေါ်ပြီး၊ ရှင်းပြောပြီး အမိန့်ပေးလိုက်လို့ ၀န်ကြီးက မှာပါတယ်။ အရေးကြီးတာကတော့ ဗမာသတင်းစာတွေနဲ့ ဗမာ့အသံက မြန်မာငွေနှုန်း ကြေညာခြင်းလို့ တိုတိုရေး၊ တိုတိုပြောဖို့ပဲ။ ခင်ဗျားတို့က လျှာရှည်ပြီး မူလတန်ဖိုးကို မရေးပါလေနဲ့` ရှင်းပြပါလေသည်။
ထုံးစံအတိုင်း ဘဏ္ဍာရေးဝန်ကြီးများ အမိန့်ကို လိုက်နာပြီး ငွေတန်ဖိုးချသောသတင်းကို `ငွေတန်ဖိုး ပြင်ဆင် သတ်မှတ်ခြင်း` ဟု ရေးခဲ့ရပါသည်။ အသံလွှင့်ခဲ့ရပါသည်။
မိမိအဖို့ အမြတ်ရသည်မှာ ဦးချစ်မောင်က အတွင်းမှ လျှို့ဝှက်သတင်းတခုကို ပြောလိုက်သဖြင့် သိခဲ့ရပါသည်။ ၀န်ကြီးများ အစည်းအဝေးတွင် အခြေအနေအရ မြန်မာကျပ်တန်ဖိုးကို ငါးပုံတပုံခန့်၊ အမေရိကန်တဒေါ်လာတွင် ကျပ်ငွေ တကျပ်နှင့် ကိုးပြားတိုးပေးကာ မြန်မာကျပ်တန်ဖိုးကို ချပေးရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက တင်ပြ သောအခါ ဦးနေ၀င်းက ထခုန်သည် ဆိုပါသည်။ ဒေါသူပုန်ထကာ ဘဏ္ဍာရေးဝန်ကြီးကို ဆူပူအော်ဟစ်သည် ဆိုပါ၏။
ဦးနုအစိုးရခေတ် တခေတ်လုံး ကျပ်ငွေတန်ဖိုးကို ထိန်းသိမ်းထားနိုင်ပြီး သူ၏ အစိုးရခေတ်တွင် ကျပ်ငွေတန်ဖိုး ကျရသည်ကို `ရာဇ၀င်အတင်မခံနိုင်ဘူး` ဟု အော်ဟစ်ပြောကြောင်း သိရပါသည်။ `မင်းတို့တတွေ မရှက်ဘူးလား၊ ဦးနုခေတ်က ကျပ်ငွေဈေးတည်အောင် ထိန်းနိုင်ပြီး တို့ခေတ်ကျမှ ငွေတန်ဖိုးလျှော့ရလျှင် ရာဇ၀င် ရိုင်းတာပေါ့` ဟု ဆူသည်ဆိုပါသည်။
ဘဏ္ဍာရေးဝန်ကြီးခမျာမှာ ကြောက်ဒူးများ တုန်နေရှာပြီး နိုင်ငံခြားအကြွေးရှင်နိုင်ငံများနှင့် ကမ္ဘာ့ဘဏ်က တိုက်တွန်းသည်ကို လိုက်နာရမည်ဖြစ်ကြောင်း၊ ဂျပန်အစိုးရကလည်း တိုက်တွန်းကြောင်း၊ ငွေစာရင်းအခက်အခဲ ကြောင့် ဖြစ်ရကြောင်း အသေးစိတ်ရှင်းပြပြီး အသနားခံရသည် ဆိုပါသည်။
နောက်ဆုံးတွင်မှ ခေါင်းဆောင်ကြီးက `ဒီတခါ ငါသည်းခံမယ်။ ငါ့ခေတ်တခေတ်လုံး ကျပ်ငွေဈေးကို မချကြနဲ့။ ငါမသေမချင်း မင်းတို့တတွေ ကျပ်ငွေဈေးကို မချရဘူး` ဟု တိကျပြတ်သားစွာ အမိန့်ပေးခဲ့သည်ဟု ဦးချစ်မောင် ထံမှ သိရပါသည်။
`ရွှေတိုက်တော်ထဲက နိုင်ငံခြားသုံးငွေတွေကို ဗိုလ်ချုပ်ကြီးက မကြာခဏ တပွေ့တပိုက် ထုတ်ယူပြီး နိုင်ငံခြားမှာ ဖြုန်းသုံးနေတာကြောင့် ကျပ်ငွေစက္ကူတန်ဖိုး ကျပါတယ်လို့ ခင်ဗျားက ၀င်မပြောဘူးလား` ဟု တင်မောင်က မေးသောအခါ `ကြမ်းကြားလေကြား ဘေးရန်များတဲ့ စကားတွေ မပြောပါနဲ့ ကိုယ့်လူ။ အခု အခန်းထဲက ထွက်သွားပါ` ဟု ပြောကာ ဦးချစ်မောင်က တင်မောင်အား နှင်ထုတ်ပါသည်။
ထို့ကြောင့် တော်လှန်ရေးအစိုးရ၊ မဆလအစိုးရ၊ န၀တအစိုးရ၊ နအဖအစိုးရ … စသဖြင့် စစ်အစိုးရများ အမည်အမျိုးမျိုး ပြောင်းလဲကြစေကာမူ ဦးနေ၀င်းမသေမချင်း မြန်မာကျပ်ငွေလဲလှယ်နှုန်းသည် စာရွက်ပေါ်တွင် မပြောင်းတော့ပြီဟု စိတ်ချနိုင်ကြပါ၏။ ။

2 comments:

Anonymous said...

“၁၉၉၅ ခုနှစ်က ဘဏ္ဍာရေးဌာန ဒု-၀န်ကြီး ဦးချစ်မောင်က စာရေးသူအား ဆင့်ခေါ်သည်။ သတင်းကြေညာချက်တခုကို ပေးပါသည်။”

ကိုသက်ဦးရေ... ခုနှစ်သက္ကရာဇ်လေး တချက်လောက် ပြန်စစ်ပေးပါလား။ ၁၉၉၅ မှာ ဦးနေဝင်းလက်ထက် မဟုတ်တော့ဘူး လေ။

Thet Oo said...

ကျနော့်မှာရှိတဲ့ မူရင်းစာအုပ်ကို ပြန်ကြည့်တော့ ၁၉၉၅ ခုနှစ်ပဲ ဖြစ်နေပါတယ်။ ကျနော့်မှာရှိတာက ၁၉၉၉ ခုနှစ် ဧပြီလ၊ ခေတ်ပြိုင်သတင်းဂျာနယ်က ပထမအကြိမ် ထုတ်တဲ့စာအုပ်ပါ။ မူရင်းမှာလည်း ၁၉၉၅ ပဲ ဖြစ်နေတာမို့ ကျနော့်အနေနဲ့ ဘာမှ မတတ်နိုင်ပေမယ့် အခုလို စိတ်ဝင်စားစွာနဲ့ လာရောက်ဖတ်ရှုပြီး မှားနေတာကို ထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။