Sunday, September 20, 2009

(၃၈) ပြည်သူပိုင်သတင်းစာများ ကြီးကြပ်ရေးမှူး (ကြေးမုံဦးသောင်း)

ထောင်မှထွက်ခဲ့ပြီး ရက်သတ္တပတ် သုံးပတ်ကြာသောအခါတွင် တင်မောင်သည် နိုင်ငံတော်အစိုးရ၏ ၀န်ထမ်း အရာရှိတဦး ဖြစ်လာတော့သည်။ “မင်းမှုထမ်းဖြစ်စေ” ဟု ဦးနေ၀င်းက မန်းမှုတ်လိုက်သောကြောင့် အစိုးရအရာရှိ ဖြစ်လာသည်။ တင်မောင်တို့၏ အမျိုးထဲတွင် မင်းမှုထမ်းတဦးမှ မရှိခဲ့ပေ။ အစိုးရအရာရှိဖြစ်ရန် အိမ်မက်ပင် မမက်ခဲ့သူ ဖြစ်သည်။
‘ပြည်သူပိုင်သတင်းစာ ကြီးကြပ်ရေးမှူး’ ဟု ရာထူးသစ်တခုကို ဖန်တီးပြီး ခန့်ထားခဲ့သည့်နောက်ပိုင်းတွင် သတင်းစာ ကော်ပိုရေးရှင်းဖွဲ့သောအခါ၌ သတင်းဘက်ဆိုင်ရာ ဒု-ညွှန်ကြားရေးမှူးရာထူးသို့ တိုးပေးသောအခါတွင် တင်မောင်အတွက် အထူးတီထွင်ထားသော ရာထူးကို မည်သူကိုမှ ခန့်အပ်ထားခြင်းမပြုဘဲ လစ်လပ်ထားခဲ့လေ သည်။
ရာထူးရရှိသည့် အချိန်က အစိုးရပိုင် သတင်းစာငါးစောင်သာ ရှိသည်။ အစိုးရက ထုတ်ဝေသော လုပ်သားပြည်သူ့ နေ့စဉ် မြန်မာသတင်းစာ၊ Working People’s Daily အင်္ဂလိပ်သတင်းစာ၊ ကြေးမုံသတင်းစာ၊ Guardian အင်္ဂလိပ် သတင်းစာနှင့် ဗိုလ်တထောင်သတင်းစာ စုစုပေါင်း (၅) စောင်ရှိပါသည်။ ကြေးမုံအား (၁၉၆၄) ခု၊ စက်တင်ဘာလ (၁) ရက်နေ့က ပြည်သူပိုင်ပြုသောအခါတွင် ဦးသိန်းဖေမြင့်က ‘မိမိသည် တော်လှန်ရေးအစိုးရကို ယုံကြည်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထောက်ခံသူဖြစ်ပါသည်’ ဆိုကာ သူပိုင်သည့် ဗိုလ်တထောင် သတင်းစာကို တော်လှန်ရေးအစိုးရသို့ လှူဒါန်းလိုက်ခဲ့သည်။ (ဒင်းတို့ကို မနိုင်လျှင် သူတို့နှင့် ပေါင်းလိုက်ဟူသည့် လမ်းစဉ်ကို ဦးသိန်းဖေမြင့်လည်း လုပ်ဆောင်ခဲ့ပါသည်) ၁၉၆၄ ခု၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် ဗိုလ်တထောင်သည် ပြည်သူပိုင် သတင်းစာဖြစ်လာသည်။ (၅) ရက်ကြာသောအခါတွင်မူ အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေနေသော Guardian သတင်းစာကို ပြည်သူပိုင် ပြုခဲ့ပြန်ပါသည်။
၁၉၆၅ ခုနှစ်က စတင်ထုတ်ဝေသော Guardian သတင်းစာသည် ၀တ်လုံတော်ရ ဒေါက်တာမောင်မောင်ပိုင်သော သတင်းစာဖြစ်ပါသည်။ ဆရာမောင်မောင် အမေရိကန်သို့ ပညာတော်သင်သွားရသဖြင့် သတင်းစာကို ပိတ်ရမည် ဖြစ်နေသည့်အခါတွင် စစ်တပ်မှ ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးကြီးအောင်ကြီးနှင့် ဗိုလ်မှူးကြီးတင်ဖေတို့ (၃) ဦးက ကာကွယ်ရေးဝန်ဌာနမှ အသုံးစရိတ်မှ ငွေကို စာရင်းလှည့်ကာ ထုတ်ယူပြီး မိမိတို့ပိုင် ငွေပင်ငွေရင်း အဖြစ် မြှုပ်နှံကာ Guardian ကို ၀ယ်ယူခဲ့ပါသည်။ သူတို့ (၃) ဦးပိုင်သတင်းစာအဖြစ် ဆက်လက်ထုတ်သောအခါမှာ အကြီးအကျယ် တိုးချဲ့ခဲ့ပါသည်။ တပ်မတော်သက်သာချောင်ချိရေး စီးပွားလုပ်ငန်း BEDC မှ ၀ယ်ယူထားသည့် John Dickson Company သို့ ရွှေ့သည်။ မူလက စက္ကူနှင့် ပုံနှိပ်ပစ္စည်းများ ရောင်းချသော အင်္ဂလိပ်ကုန်တိုက်ကြီး များသို့ ရွှေ့ကာ ကျကျနန တိုးချဲ့စေကာမူ စစ်တပ်ဝါဒဖြန့်သတင်းများ ဖြစ်သောကြောင့် စောင်ရေမတက်ပါ။
ဦးလောရုံ၏ နေးရှင်းသတင်းစာကို မမီပါ။ အရှုံးများသဖြင့် စစ်တပ်ရန်ပုံငွေများကို အမြောက်အများနှင့် နှစ်စဉ်ထောက်ပံ့ခဲ့ရသည်။ ဗိုလ်မှူးကြီးသုံးဦးပိုင်သယောင်နှင့် မရှင်းမရှင်း စစ်တပ်ရန်ပုံငွေနှင့် ထုတ်သည့် သတင်းစာကို ဗိုလ်ချုပ်ကြီးနေ၀င်းက သဘောမကျဟု သိခဲ့ရသည်။ ထိုကြောင့် ကြေးမုံ၊ ဗိုလ်တထောင်သိမ်းပွဲနှင့် အတူ စစ်တပ်ပိုင်သော Guardian ကို ပြည်သူပိုင်အဖြစ် ရောနှောသိမ်းခဲ့သည်။
ပြည်သူပိုင်သတင်းစာ (၅) စောင်နှင့် မဂ္ဂဇင်းများကို ပြန်ကြားရေးဝန်ကြီးဌာန အတွင်းဝန် ဗိုလ်မှူးတင်ထွန်းက ဥက္ကဋ္ဌအဖြစ် ဦးစီးသော ကြီးကြပ်ရေးအဖွဲ့က အုပ်ချုပ်သည်။ တင်မောင်၏ တာဝန်မှာ ပြည်သူပိုင်သတင်းစာများ ကြီးကြပ်ရေးအဖွဲ့ဝင်အဖြစ် အဖွဲ့အစည်းအဝေး များတွင် တက်ရောက်ကာ ပြည်သူပိုင်သတင်းစာမဂ္ဂဇင်းများ၏ စာနယ်ဇင်းဆိုင်ရာ လုပ်ငန်းချွတ်ယွင်းမှုများကို ထောက်ပြရသည်။ ပုဂ္ဂလိက သတင်းစာများကို ပြည်ထဲရေးဝန်ကြီး ဌာနက ကွပ်ကဲ၏။
မြန်မာ့အလင်းနှင့် ဟံသာဝတီသတင်းစာကြီးနှစ်စောင်က ပုဂ္ဂလိကသတင်းစာများအဖြစ် မှေးလိုက်နေကြသည်။ မန္တလေးတွင် လူထုသတင်းစာရှိသည်။ တရုတ်-ဗမာ အရေးအခင်းဂယက်ကြောင့် ၁၉၆၇ ခု၊ ဇူလိုင်လ (၇) ရက်နေ့ တွင် ရပ်စဲလိုက်ရသည်။
လူထုသတင်းစာအဖို့ သတင်းစာ အသက် (၂၁) နှစ်တွင် စုတေစိတ်ကျရရှာသည်။ အသက် (၁၈) နှစ်ရှိသည့် ဗဟိုစည် သတင်းစာမှာ ရဟန်းတပါး၏ ကြေညာကို ဖော်ပြမိသောကြောင့် အယ်ဒီတာရော ပိုင်ရှင်ကိုပါ ဖမ်းပြီး သတင်းစာကို ပိတ်လိုက်ကြရသည်။
ဟိန္ဒူသတင်းစာ (၂) စောင်၊ တမယ်လ်သတင်းစာ၊ တယ်လဂူသတင်းစာနှင့် တရုတ်သတင်းစာ (၅) စောင်တို့ကို ၁၉၆၆ ခု၊ ဇန်န၀ါရီလ တရက်နေ့က ပုံနှိပ်ထုတ်ဝေခွင့် ရုပ်သိမ်းလိုက်သောကြောင့် ဘာသာခြား သတင်းစာများ အားလုံးပိတ်ကြရသည်။
၁၉၁၄ ခုနှစ်က စတင်ထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာနှင့် ၁၉၄၇ ခုနှစ်က စတင်ထုတ်ဝေသည့် ဟံသာဝတီသတင်းစာတို့ကို ၁၉၆၉ ခုနှစ်တွင် ပြည်သူပိုင်သိမ်းပြန်ပါသည်။ မကြာသေးသောကာလက မိမိပိုင်သတင်းစာကို ပြည်သူပိုင်အသိမ်းခံခဲ့ရသော တင်မောင်အား မြန်မာ့အလင်းသတင်းစာတိုက်သို့ သွားကာ ပြည်သူပိုင်သိမ်းစေဟု တာဝန်ပေးသောအခါ ကံကြမ္မာ၏ ဆန်းကြယ်ပုံကို သတိပြုမိသည်။ မိမိ၏ စိတ်ထဲ၌ ခံစားခဲ့ရသကဲ့သို့ တိုက်ရှင်များ ခံစားကြရမည်ကို ကိုယ်ချင်းစာနာပြီး စိတ်မကောင်းဘဲ ဆောင်ရွက်ခဲ့ရပါသည်။ တော်ပါသေးသည်။ ပိုင်ရှင်များက လိုလိုလားလား လွှဲပေးကြသည်။ စစ်အစိုးရ၏ လက်အောက်၌ သတင်းစာထုတ် ရသည်မှာ မလွယ်ပါ။ မှန်ရာကို ရေး၍မရသောကြောင့် စောင်ရေကကျပြီး စက္ကူဈေးကကြီး၊ အလုပ်သမားစရိတ်က ကြီးသဖြင့် အရှုံးပေါ်နေကြပါသည်။ အကြောက်ဆုံးမှာ တခုခုမှားပြီး ပုံနှိပ်မိလျှင် ပိုင်ရှင်ကိုပါ တနွယ်ငင် တစင်ပါ ဖမ်းတတ်လေသဖြင့် သတင်းစာတိုက်ကြီးကို “မောင်မင်းကြီးသားတို့ ယူတော်မူပါ” ဟု ထိုးအပ်ကြရှာ၏။ ဟံသာဝတီသတင်းစာကို မန္တလေးသို့ ပို့ပြီး ထုတ်ဝေသည်။ မြန်မာ့အလင်းက ရန်ကုန်မှာပင် ဆက်လက်ထုတ် ပါသည်။ ပုဂ္ဂလိကပိုင်သတင်းစာများ ပျောက်ကွယ်သွားရသည့်နောက်တွင် ပြည်သူပိုင်သတင်းစာ အစုစု (၇) စောင် ဖြစ်လာပါတော့သည်။
သတင်းစာကြီးကြပ်ရေးရာထူးနှင့် စတင်စဉ်က တင်မောင်၏ ရုံးခန်းမှာ ခန့်ညားလှပါသည်။ မိမိ ရုံးမတက်ရသေးကပင် ဗီရိုကြီး၊ စားပွဲကြီး၊ ဆုံလည်ကုလားထိုင်ကြီး အသစ်စက်စက်များကို ပြင်ဆင်ထားသည်။ တင်မောင်၏ လစာစကေးနှုန်းနှင့် ဤကဲ့သို့ အခန်း၊ ဤနှယ်စားပွဲ မပေးရပါ။ ဗိုလ်ချုပ်ကြီးက ရာထူးခန့်သူဖြစ်သဖြင့် အတွင်းဝန်စစ်ဗိုလ်က လန့်ဖျပ်ပြီး ဤသို့ အဆင့်မြင့်မြင့် စီစဉ်စေသည်ဟု သိရသည်။
ထောင်နန်းစံဘ၀က ဗိုလ်ချုပ်ကြီး၏ အကျဉ်းသားအဖြစ် အထူးအခွင့်အရေး ရခဲ့သကဲ့သို့ ပြန်ကြားရေးမှာ အထူးအခွင့်အရေး ခံစားရပြန်သည်။ ကံကြမ္မာဟုပဲ ဆိုရပါမည်။
(၁၃) နှစ်ကျောင်းသားဘ၀က နိုင်ငံရေးစိတ်ဓာတ် မျိုးစေ့ချပေးခဲ့ရာတွင် ကျောင်းသားကြီးနှစ်ဦးတို့က ကြီးစွာ လောင်းရိပ်ပေးခဲ့ပါသည်။ တယောက်က တပ်မတော်၏ ခေါင်းဆောင်တဦးဖြစ်လာသူ ဗိုလ်မှူးကြီးကြည်ဝင်း၊ ကျန်တယောက်က အလံနီပါတီတွင် ထိပ်သီးခေါင်းဆောင်ဖြစ်လာသည့် ကိုနေ၀င်းခေါ် ရဲနီစံညွန့် ဖြစ်သည်။ ကိုကြည်ဝင်းက ကျောင်းသားသပိတ် တရားပွဲစင်များပေါ်သို့ တင်ပေးသည်။ မြေအောက်ကျောင်းသား လှုပ်ရှားမှု စစ်လက်နက် ကိုင်တွယ်သုံးစွဲနည်းနာ စာတမ်းများကို ပေးသည်။ ကိုနေ၀င်းက မာ့က်စ်ဝါဒ သင်တန်းအမျိုးမျိုးကို တက်စေခဲ့သည်။ မိမိ၏ ကိုယ်ပိုင်ဉာဏ်နှင့် ဆုံးဖြတ်ပိုင်ခွင့်ရှိသော အရွယ်သို့ ရောက်လာသည့်အခါတွင်မူ စစ်တပ်ထဲ မ၀င်ဖြစ်သကဲ့သို့ အလံနီပါတီဝင်လည်း မဖြစ်ခဲ့ပေ။
မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးကို ဦးတည်လုပ်ဆောင်ရာ၌ စာနယ်ဇင်းများသည် အဓိက အင်အားဖြစ်သည်ဟု ခိုင်မာစွာ ယုံကြည်သောကြောင့် သတင်းစာ လောကထဲသို့ ၀င်ခဲ့သည်။ သတင်းမှန်များ ရှာဖွေ ထောက်လှမ်းရေးသားပြီး မှန်ကန်သည့် ဝေဖန်ဆန်းစစ်မှုကို ပြုလုပ်ဆောင်ရွက်ခြင်းသာ နိုင်ငံ၏ လွတ်လပ်ရေး ရရှိမှု၊ ထိန်းသိမ်းမှုအားအင် ဖြစ်သည်ဟု ပြင်းထန်စွာ ယုံကြည်ခဲ့သည်။ မိမိ ယုံကြည်ချက်အတိုင်း ရေးသားခွင့် ရရှိမည်ဆိုပါက ဗမာ့ခေတ်ကဲ့သို့သော ကွန်မြူနစ်ဆန့်ကျင်ရေး သတင်းစာတွင် လုပ်ကိုင်ရန်လည်း ၀န်မလေးခဲ့ပါပေ။
ဗမာ့ခေတ် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်စဉ်က ညတည၌ သာဗိန္ဒအမည်ရှိ မှော်ဆရာတဦး ပေါက်လားသည်။ မျက်နှာကြီး လူကြီးတဦး၏ ဇနီးနှင့် အရှုပ်အရှင်းကိစ္စကို ပြောပြသည်။ သတင်းကောင်းတပုဒ်ဟု ယူဆသောကြောင့် တဖွဲ့တနွဲ့ ရေးလိုက်မိသည်။ မှော်ဆရာသည် အမြို့မြို့အရွာရွာတွင် မိန်းမသိုက်တူးနေသည်ကို သိရသောကြောင့် အမျိုးသမီးများ ရှောင်ရှားနိုင်ရန် သတင်းအဆက်ဆက်ရေးနိုင်ခဲ့သည်။ လူထုက များစွာ စိတ်ဝင်စားခဲ့သည်။ ထိုကဲ့သို့ အညှီအဟောက် သတင်းရေးသည်မှာ တပ်မတော်က ရန်ကြီးအောင် စစ်ဆင်ရေးနှင့် တရုတ်ဖြူများကို တိုက်ထုတ်နေသည်ကို သိမ်ငယ်အောင်ပြုသည်။ အမေရိကန် စီအိုင်အေက ငွေပေးသဖြင့် ရေးသည်ဟု စစ်တပ်က စွပ်စွဲခဲ့သည်။ တင်မောင်အဖို့ ပထမဆုံးမဆီမဆိုင် ယိုးစွပ်မှုကို ခံခဲ့ရသည်။ အမေရိကန်ဘက်သားဟု စစ်တပ်က ယိုးသည်ကို ခံရသည်။
၁၉၅၈ ခုနှစ်မှာ အိမ်စောင့်အစိုးရက လက်ဝဲ၀ါဒီများ ချေမှုန်းရေးစစ်ဆင်ပြန်သောအခါတွင်မူ တင်မောင်အား ကွန်မြူနစ်ကြီးတဦးအဖြစ် ရန်ရှာပြန်သည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး စစ်တပ်က ဆိုရှယ်လစ်နိုင်ငံတည်ထောင် ပြန်သောအခါ၌ တင်မောင်အား အမေရိကန်၏ သူလျှိုဒလန်အဖြစ် ရန်ပြုပြန်သည်။ ယခု ဗိုလ်ချုပ်ကြီးက ရာထူးခန့်မှသာ တင်မောင်နှင့် စစ်တပ်တို့ အညမည မဟာမိတ်ဖြစ်လာတော့သည်။
အင်းစိန်ထောင်မှူး ဦးကျော်မင်းက ရုံးကိစ္စနှင့် တင်မောင်၏ရုံးကို ရောက်လာသော အခါတွင် “နားမလည်နိုင်ဘူးဗျို့။ အရင်ပတ်တုန်းက ခင်ဗျားဟာ တိုင်းပြည်ရဲ့ရန်သူဆိုပြီး ဖမ်းဆီးထားတာမို့ ကျုပ်တို့က ချုပ်နှောင်ထားခဲ့တယ်။ အခုတော့ တိုင်းပြည်ရဲ့တာဝန်ကို ထမ်းရတဲ့ အမှုထမ်းကြီးဖြစ်နေပြန်ပါလား။ ဘယ်လိုလဲဗျ” ဟု မေးသည်။
မိမိကိုယ်တိုင်ကလည်း မသိလေသောကြောင့် “နောဇာ နာမိ - ငါမသိ” ဟု မိမိရေးခဲ့ဖူးသော ဆောင်းပါးခေါင်းစဉ်ကို ရွတ်ပြလိုက်မိသည်။ ။

No comments: