Friday, March 21, 2008

ကိုမြတ်သီဟ အမ်စတာဒမ်မှာနေသည်

နယ်သာလန်ကအဖွဲ့တွေနှင့် အွန်လိုင်းမှာတွေ့တိုင်း သူတို့ဆီ လာလည်ဖို့ အမြဲခေါ်တတ်သည်။ ဒိန်းမတ်ကနေ အမ်စတာဒမ် ကို ညရထားရှိသည်။ ကောလင်း Kolding ဘူတာမှ ည ကိုးနာရီ တွင်ထွက်သော City Night Line ရထားသည် အမ်စတာဒမ်ဘူတာကြီးကို နောက်တနေ့ မနက်ဆယ်နာရီခွဲတွင်ရောက်မည်။ ရထားလက်မှတ်ခက နှစ်ယောက်အတူသွားလျှင် တယောက်တည်းသွားသည်ထက် ဈေးပိုသက်သာသည်။ အသွားအပြန်လက်မှတ်ခ တဦးကို ခရိုနာ ၈၀၀ (US$ 160) ခန့်နှင့် အိပ်စင်လက်မှတ်အတွက် တဦးကို အသွား အပြန် ခရိုနာ ၃၀၀ (US$ 60) ခန့် ထပ်ပေးရသည်။ လေယာဉ်လက်မှတ် ကြိုတင်ဘွတ်ကင်လုပ်နိုင်ရင်လည်း သက်သာသော လေကြောင်းလိုင်းတွေ ရှိသည်။ ရထားလက်မှတ်ခနှင့် ဈေးသိပ်မကွာ။
အမ်စတာဒမ်မှာနေသော ကိုမြတ်သီဟကို ၁၉၉၉ ခုနှစ် မနီလွိုင်ကျောင်းသားစခန်းမှာဆုံဘူးသည်။ ညနေဖက် ဘော်လီဘောအတူကစားနေကျမို့ ကျနော်ကသူ့ကိုသိသော်လည်း သူကကျနော့်ကို ကောင်းကောင်း မမှတ်မိ။ ကျနော်ကလည်း ကျောင်းသားစခန်းမှာနေတာ သိပ်မကြာလိုက်တာကြောင့်လည်း ဖြစ်မည်။
နယ်သာလန်ကို လာလည်ဖို့ ခေါ်တတ်သူ နောက်တဦးက ညီညီထွေး၊ သူက ဥထရက်မြို့ Utrecht မှာ ကျောင်းတက်နေသည်။ ကျနော့်ဘလော့ဂ်မှတဆင့် မိတ်ဆက်လာသူ မိသင်းသင်း ကလည်း ဥထရက်မှာ နေသည်။ သူကလည်း သူတို့ဆီလာရင် လည်စရာတွေ လိုက်ပို့ပေးဖို့ တာဝန်ယူမည့်သူ။ သို့သော် ကျနော်ရထားလက်မှတ်ဝယ်ပြီးကြောင်း အီးမေးလ်ပို့လိုက်တော့ သူလည်း ပိတ်ရက်မှာ ချက်နိုင်ငံ ပရာဟာ့ နှင့် သြစတြီးယားနိုင်ငံ ဗီယင်နာ မြို့ တွေကို သွားလည်ဖို့ စီစဉ်ထားပြီပြီဟု ပြန်စာလာသည်။ ကိစ္စတော့ မရှိ။ သူမရှိပေမယ့် တခြားသူတွေ ရှိမည်။ သူ့ကိုလည်း ချက်ရောက်ရင် ဆက်သွယ်ဖို့ မစပယ်စိုး ဖုန်းနံပါတ်ပေးလိုက်သည်။
ကျနော်နှင့်အတူ နယ်သာလန်သို့ ခရီးထွက်လာသူမှာလည်း ကျနော့်ကို ဘလော့ဂ်မှ ဆက်သွယ်လာသည့် နော်ဝေးမှာ သင်တန်းလာတက်နေသည့် စင်္ကာပူမှ အင်ဂျင်နီယာ ကိုတင်ထူး ဖြစ်သည်။ သူကလည်း အလုပ်ပိတ်ရက်မှာ ရောက်တုန်းရောက်ခိုက် ဥရောပကို အလည်ခရီးထွက်ချင်သည်။ အမ်စတာဒမ် အဖွဲ့တွေကလည်း အလည်ခေါ်ထားသည် ဆိုတော့ အလုပ်ပိတ်ရက်မှာ ရထားလက်မှတ်ဝယ်ပြီး တူးမြောင်းများ၊ စက်ဘီးများ ပေါများပြီး မြန်မာနိုင်ငံသားတွေလည်း နေထိုင်ကြသော အမ်စတာဒမ်မြို့ကြီးကို ကြည့်ရန် ကျနော် လာခဲ့ပါပြီ ။ ။

No comments: