Saturday, December 15, 2007

အိုဘယ့် မြန်မာ... အို မြန်မာ တို့...

ကျနော်တို့ မြန်မာတွေ မလေးရှားလာကြတာ အလုပ်လုပ်ဖို့ လာကြတာပါ။ ပတ်စ်ပို့နဲ့ပဲလာလာ၊ တောင်ကျော် ရေကျော်နဲ့ပဲလာလာ မလေးရှားရောက်ရင် အလုပ်ဝင်လုပ် အချိန်ပိုဆင်း အိမ်ကိုငွေပို့၊ အားရင် မြန်မာကားကြည့်၊ အပတ်စဉ် မဂ္ဂနမ်(မလေးရှားထီ)ထိုး၊ ပိတ်ရက်ဆိုရင် ဘီယာသောက်သူသောက်၊ ပေါ်ကာဒေါင်းသူဒေါင်းပေါ့။ အဲလိုနဲ့ နေလာလိုက်ကြတာ မြန်မာ့နိုင်ငံရေးကလည်း ကောင်းမလာ၊ မလေးရှားမှာလည်း လုပ်လုပ်စားစားနဲ့ဆိုတော့ မလေးရှားရောက် မြန်မာတွေရဲ့အနာဂတ်ဟာ တိုင်းပြည်ရဲ့ အနာဂတ်လိုပဲ မရေမရာ ဖြစ်နေပါတော့တယ်။ တချို့လည်း မလေးရှားမှာ အခြေအနေမကောင်းဘူးဆို မြန်မာပြည်ပြန်သွားလိုက် ဟိုရောက်တော့ ပိုဆိုးနေတော့ ပြန်ရောက်လာနဲ့ တချို့ဆို ၂ ခေါက်ပြန် သုံးခေါက်ပြန်တွေတောင်ရှိလာပါပြီ။
ကျနော်လည်း အများထဲက တယောက်မို့ မလေးရှားသံသရာလည်နေရင်း ၂၀၀၃ ခုနှစ်အရောက် ဒီပဲယင်း အရေးအခင်းဆိုပြီး ပြည်တွင်းမှာ အန်တီစု နဲ့ ဦးတင်ဦးတို့ အဖွဲ့ကို လုပ်ကြံတဲ့ ကြံစည်မှုကြီး ဖြစ်ပါလေ ရော။ အဲဒီအရေးအခင်းကို မကျေနပ်လို့ဆိုပြီး ကျနော်တို့ မြန်မာတစု ကွာလာလမ်ပူက မြန်မာသံရုံးရှေ့ကို သွားပြီး ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီကစလို့ မလေးရှားမှာ နိုင်ငံရေးအရ စုဖွဲ့လှုပ်ရှားမှုတွေ စတင်ခဲ့တယ် ဆိုပါတော့။
တချိန်တည်းမှာ နိုင်ငံရေးကို အခြေခံပြီး ယူအမ်လျှောက်တာတွေလည်း ပေါ်လာပါတယ်။ မလေးရှား မှာ လမ်းပေါ်မှာ ဆန္ဒပြရင် ဥပဒေနဲ့ ငြိစွမ်းတာမို့ ရဲက ဖမ်းပြီး အရေးယူပါတယ်။ အဲဒီလိုအခါမျိုးမှာ မြန်မာ တွေအဖို့ ယူအမ်ကိုပဲ အားကိုးရတာပါ။ ဒါကြောင့်လည်း တနေ့တော့ ကျနော်လည်း ဒုက္ခသည် လျှောက်ထားဖို့ ယူအမ်ရုံးကို ရောက်သွားခဲ့ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR (မလေးရှားဌာနခွဲ) ဟာ ကွာလာလမ်ပူရဲ့ စိတ်ငြိမ်ရပ်ကွက်တခုထဲမှာ ရှိပြီး အဲဒီနေရာကို အများပြည်သူ အသုံးပြုလို့အဆင်ပြေတဲ့ ဘတ်စကား၊ မီးရထားတို့နဲ့ သွားလို့ မရပါဘူး။ တက္ကစီငှားပြီးသွားရတဲ့ သီးသန့်နေရာ တခုပါ။
ကျနော်ရောက်တဲ့ မနက်က ဒုက္ခသည် လာလျှောက်သူ ဦးရေ လူနှစ်ရာကျော်ရှိပါတယ်။ အများစုက မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး အင်ဒိုနီးရှားက ခွဲထွက်ဖို့ကြိုးစားနေတဲ့ Aceh ပြည်နယ်သားတချို့ကိုလည်း တွေ့ရပါတယ်။ ရုံးပေါက်ဝမှာ တိုကင်တွေထုတ်ပေးတော့ ကျနော်ရတဲ့ စာရွက်မှာ တိုကင်နံပါတ်တခုနဲ့ အတူ Myanmar (O) လို့ရေးထားတာတွေ့ပါတယ်။ ချင်းတွေကို ထုတ်ပေးတဲ့စာရွက်မှာတော့ CHIN လို့ရေးထားပြီး၊ အာချီးပြည်နယ်သားတွေကိုတော့ Aceh လို့ရေးထားတော့ မှတ်ပုံတင်တဲ့နေရာမှာ လွယ်ကူအောင် အုပ်စုခွဲထား ပုံရတယ်လို့ နားလည်လိုက်ပေမယ့် မြန်မာမှာ ဘာဖြစ်လို့ O (အို) ပါနေရတာလဲ။ ငါ အိုဗာစတေးဖြစ်နေတာ သူတို့က ဘယ်လိုလုပ်သိနေတာလဲ စသဖြင့် ကျနော့်မှာ အတွေးတွေ ပွားနေမိပါတယ်။ အဲဒါနဲ့ မေးစရာလူ လိုက်ရှာတော့ သံဆူးကြိုးကာထားတဲ့ ခြံစည်းရိုးနားမှာ စားပွဲလေးချပြီး ထိုင်နေတဲ့ ယူအမ်ဝန်ထမ်းအမျိုးသမီး ကို တွေ့ပါတယ်။ What does this mean O here? လို့ မေးလိုက်တော့ It means other. လို့ ဖြေပါတယ်။ ဟာ.. ဒါဆို ငါက မြန်မာဆိုပေမယ့် အမျိုးအမည်မသိတဲ့ အခြားအုပ်စုဝင် ဖြစ်နေပါလားလို့ သဘော ပေါက်လိုက်ပါတယ်။ ခဏနေတော့ ကျနော်နောက်က Myanmar ဆိုပြီး ကွင်းစကွင်းပိတ် အို မပါတဲ့ တိုကင် ကိုင်ထားသူတွေ ၀င်လာတာ ကြည့်လိုက်တော့ ရိုဟင်ဂျာအဖွဲ့ တွေဖြစ်နေပါတော့တယ်။ သူတို့ကို ယူအမ်က မြန်မာလို့ သိထားပြီး မြန်မာလိုမွှတ်နေတဲ့ ကျနော်တို့ကတော့ အခုမှ ယူအမ်လာတင်ကြတာမို့ Myanmar (O) မရေမရာ မြန်မာအုပ်စုလို့ သတ်မှတ်ထားကြောင်း ကျနော်လည်း နားလည်လိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီနေ့က ယူအမ်က ထုတ်ပေးလိုက်တဲ့ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားကြောင်း စာရွက်ကိုတော့ ရလာခဲ့တာ မို့ မြန်မာမှာ အိုပါသူရော အိုမပါသူပါ ယူအမ်စာရွက်ကိုင်တာချင်းတော့ အတူတူ ဖြစ်ခဲ့ရကြောင်းပါခင်ဗျား ။ ။

2 comments:

ညီလင်းသစ် said...

အဲဒီလို အဖြစ်မျိုးတွေ ကျနော်လည်းမကြာခဏကြုံဖူး ပါတယ်၊ Myanmar လို့ပြောလည်းမသိ၊ Burma ဆို လည်းမကြားဖူးနဲ့...၊ အိမ်နီးချင်းနိုင်ငံနာမည်တွေတန်းစီ ရွတ်ပြတော့ အားလုံးသိတယ်၊ ဒါနဲ့အဲဒီနိုင်ငံတွေရဲ့ အလည်မှာ ကျနော့်တိုင်းပြည်ရှိတယ်လို့လည်းဆိုရော သြော်..ဒီနိုင်ငံတွေကြားမှာ နောက်နိုင်ငံတစ်ခု ရှိသေး တာကိုး တဲ့၊ ဘုံဘဝ ကြုံရတာဖြင့်...ပေါ့ဗျာ။

Min Min said...

အဲဒီ ယူအန်ရုံးပေါ့။ ကျွန်တော့် မပြောချင်တော့ပါဘူးဗျာ. မပြဘူးဗျ. အခု ပြဿနာတွေ့နေရတယ်။ ညီတူမျှတူ ခံစားခွင့် မရှိဘူး၊.. မဂ္ဂနမ်ဆိုလို့၊ ကျွန်တော် ထီပေါက်ဖူးတယ်။ မလေး ၁၂၀ ဆိုလား။ သိပ်တောင် သတိမထားမိဘူး။ နည်းလွန်းလို့ပါ။