Saturday, May 26, 2007

ကိုယ့်တိုင်းပြည်တွင်လူဖြစ်ရခြင်း

ကျနော်ကြိုက်တဲ့ ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်လက်ရာတပုဒ်ပါ။ ကျနော်အားရင် ဆရာမြသန်းတင့်ရဲ့စာတွေကို ကွန်ပြူတာမှာရိုက်ထည့်ထားတတ်ပါတယ်။ ပြီးတော့ မူရင်းကို ရအောင်ရှာပြီး သူဘယ်လိုဘာသာပြန်သလဲဆိုတာကို လေ့လာပါတယ်။ ဆရာ့ဘာသာပြန်ဟာ အံ့သြလောက်အောင်ကို ကောင်းမွန်တာတွေ့ရတဲ့အခါမှာ ဆရာ့ကို မချီးကျူးပဲမနေနိုင်ပါဘူး။ ပြီးတော့ ဆရာ့လိုလူ အသေစောလို့ နှမျောမိတာအမှန်ပါ။ ဆရာဘာသာပြန်တဲ့ လေရူးသုန်သုန် ကို လက်ကမချဖတ်ရင်း အလုပ်ရှင်က အချိန်ပိုဆင်းခိုင်းတာကို ငြင်းလို့ မလေးရှားမှာတုံးက အလုပ်ပြုတ်ခဲ့ဘူးတာကိုလည်း အမှတ်ရနေတတ်ပါတယ်။ လေရူးသုန်သုန် တအုပ်လုံးကို ဘလော့ဂ်မှာ တင်ဖို့မဖြစ်နိုင်ပါဘူး။ မဖတ်ရသေးရင် ရှာဖတ်ဖို့ ညွှန်းပါရစေ။ ဆရာ့ရဲ့ သုခမြို့တော် ကိုလည်း မလေးရှားမှာပဲ ဖတ်ခဲ့ရပါတယ်။ အချိန်အားရင်လို့ စာအုပ်လည်းရှာလို့ရမယ်ဆိုရင်တော့ ဆရာ့ရဲ့ နာမည်ကျော်လက်ရာတွေဖြစ်တဲ့ စစ်နဲ့ငြိမ်းချမ်းရေး၊ ခန်းဆောင်နီအိမ်မက်စတာတွေလည်း ဖတ်ချင်ပါသေးတယ်။

ဆရာ့ရဲ့ဘာသာပြန်ကိုဖတ်ပြီး မူရင်းကိုပါ တွဲပြီးလေ့လာလို့ရအောင် ဖေါ်ပြထားပါတယ်။

ကိုယ့်တိုင်းပြည်တွင် လူဖြစ်ရခြင်း

ကျွန်တော်သည် နယ်ထုတ်သတင်းစာတစောင်ကို ကောက်လှန်ပြီးနောက် ဆောင်းပါးတပုဒ်ကို ဖတ်နေပါသည်။ ဆောင်းပါး၏ ခေါင်းစဉ်မှာ ပြင်သစ်ပြည်ကြီးအခြေအနေဆိုးနေပြီ ဟူ၍ဖြစ်ပါသည်။ ဆောင်းပါးရှင်မှာ ပြင်သစ်ပညာတတ်တို့၏ လက္ခဏာချက်များဖြစ်သော ဝေဖန်ဆန်းစစ်နိုင်သော အရည် အချင်း၊ ကျိုးကြောင်းယုတ္တိရှိသော စဉ်းစားဉာဏ်တို့ဖြင့် ပြည့်စုံသည့် ထူးချွန်သော စာရေးဆရာတဦးဖြစ်ပါ သည်။ ဆောင်းပါးရှင်က ပြင်သစ်ပြည်ကြီးတွင် ရှုပ်ထွေးမှုအပေါင်းတို့ကို ဖြစ်ပေါ်စေသည့် ပြဿနာများကို ကွက်ကွက်ကွင်းကွင်း ရေးခြယ်ပြသွားပါသည်။ ယင်းတို့မှာ အလုပ်လက်မဲ့ပြဿနာ၊ လူမှုအာမခံချက် ကင်း မဲ့မှု၊ လူဝင်လူထွက်ကိစ္စ၊ ပညာရေးအကျပ်အတည်း၊ ငွေကြေး၏ စိုးမိုးချယ်လှယ်မှု၊ အစိုးရနှင့် နိုင်ငံရေး သမားတို့၏ ညစ်နွမ်းစွန်းပေနေသော ပုံပန်းသဏ္ဍာန်စသည်တို့ ဖြစ်ပါသည်။

တနင်္ဂနွေနေ့ မနက်ခင်းတခုဖြစ်သည်။ ကျွန်တော်သည် သတင်းစာကို ချထားလိုက်ပြီးနောက် ပြတင်းပေါက်ကို ဖွင့်လိုက်၏။ ကျွန်တော်တို့ တည်းခိုနေသည့် ပါမီရောရွာကလေးရှိ အိမ်ခေါင်မိုးများ အလွန် တွင် လော့နှင့် ဂါရိုနီတောင်ရိုးများနှင့် ချိုင့်ဝှမ်းလွင်ပြင်များကို မြင်ရသည်။ လတ်ဆတ်သောနေ့၏ အလင်း ရောင်ထဲတွင် တောင်တန်းများသည် ပြာရီရိပ်သန်း နေကြသည်။ ကောင်းကင်တွင် လေယာဉ်တစီးမျှမရှိ။ ကျေးငှက်တို့၏ မြည်သံနှင့် ခပ်လှမ်းလှမ်းရှိ ရွာလယ်ပန်းခြံဆီမှ ပေါ်ထွက်လာသည့် အုတ်အုတ်ကျက်ကျက် စကားပြောသံတို့မှအပ အခြားဘာသံကိုမျှ မကြားရ။ အချိန်ကာလမဲ့သော နူးညံ့ပျော့ပြောင်းမှုတခုသည် ကျွန်တော်တို့ ပတ်ဝန်းကျင် လေထုထဲတွင် လွင့်မျောပျံဝဲလျက်ရှိ၏။ ကျွန်တော်တို့သည် ရွာလယ်က ပန်းခြံကလေးဆီသို့ လျှောက်လာခဲ့ကြသည်။ နွေးထွေးလှိုက်လှဲစွာ ပြောဆိုနေကြသော စကားသံများမှာ ပန်းခြံအနီးရှိ ရောမခေတ် ဘုရားရှိခိုးကျောင်းကလေးထဲမှ ထွက်လာကြသော အမျိုးသား အမျိုးသမီးတို့၏ အသံများ ဖြစ်ကြသည်။ သူတို့သည် သူတို့၏ နေ့စဉ်ကိစ္စများ အကြောင်းကို ပြောဆိုလာကြခြင်း ဖြစ်သည်။

ပန်းခြံအနီးရှိ ယာယီဈေးဆိုင်ကလေးများပေါ်တွင်မူ အလေ့ကျပေါက်သည့် တောပန်းရိုင်းစည်းများ၊ မုန့်ပဲသရေစာများ၊ မုန်လာဥစည်းကြီးများ၊ ကညွတ်စည်းများ၊ တံဆိပ်တို့ အဖိုးဈေးနှုန်းကို ကပ်ထားခြင်း မရှိသော အသည်းကင်၊ နီရဲနေသည့် စထရော်ဘယ်ရီခြင်းများ၊ ပျားသလက်တွေ အပြည့်အသိပ် ထည့်ထား သည့် အိတ်များနှင့် ကြိုးဖြင့်သီထားသည့် ပဲတောင့်ရှည်များ စသည့် ခြံထွက်၊ ယာခင်းထွက် ပစ္စည်းများကို ရောင်းချနေကြပါသည်။ သူတို့သည် စိတ်ရှည်မှု၊ ဂရုစိုက်မှုနှင့် မြေ၀သုန်တို့မှ ဖူးပွင့်လာသော အသီးအနှံများ ကို ရယ်စရာကောင်းလောက်အောင် ချိုသာသောဈေးနှုန်းများဖြင့် ရောင်းချကြပါသည်။ သို့ရာတွင် ထိုကျေး တောနေသူတို့သည် သူတို့ခြံထွက် ပစ္စည်းများကို ရောင်းချနေရုံမျှသာမဟုတ်၊ ဘုရားရှိခိုးပြီး၍ ခေါင်း လောင်းထိုးပြီးသည့်အချိန်နှင့် တနင်္ဂနွေနေ့ ဥပုသ်ဝင် အချိုပွဲအတွက် တိုလီမိုလီကလေးတွေ မ၀ယ်မီ အချိန်ကြားတွင် လုပ်လေ့ရှိသော တနင်္ဂနွေနေ့ အထူးဝတ်တခုကိုလည်း ပြုလုပ်ရန်ဖြစ်ပါသည်။ ယင်းမှာ အတင်းအဖျင်း၊ သတင်းပလင်းတို့ကို ဖလှယ်ကြရန်ဖြစ်ပါသည်။

ကျွန်တော်တို့သည် ပြင်သစ်ပြည်အနောက်ပိုင်းတွင် ရောက်နေကြပါသည်။ ထိုနေရာသည် ကျွန်တော်မွေးသည့် ဇာတိမြေဖြစ်သဖြင့် ကျွန်တော့်နှလုံးသားနှင့် နီးစပ်ပါသည်။ ထိုနေရာသည် ပယ်ရီဂိုးမှ ဂျားပြည်နယ်၊ ဒေါ်ဒိုးနယ်မှ ကွာစီပြည်နယ် အထိရှိသည့် အံ့သြဖွယ်ကောင်းသော တြိဂံနယ်မြေ ဖြစ်ပါသည်။ သမိုင်းကြိုခေတ်၏ အကြွင်းအကျန် ရှေးဟောင်းပစ္စည်းများ ပေါများသည့် နေရာဖြစ်ပါသည်။ တောအုပ်များ၊ မြစ်ချောင်းများ၊ လွင်ပြင်များပေါများသည့် နေရာလည်းဖြစ်ပါသည်။ ထိုနေရာများသည် သွားရလာရ လွယ် နေသည့်တိုင် ခေတ်သစ်ဆန်မှု၏ ဖျက်ဆီးခြင်းမခံရဘဲ အကောင်းပကတိ ကျန်ရှိနေသေးသည့် နေရာများ ဖြစ်ပါသည်။ တနေ့ကပင်လျှင် လောလောဆယ် ပိတ်ထားသည့် လာကိုးလှိုင်ဂူကြီးများထဲကို ၀င်ကြည့်ရန် ခွင့်ပြုချက်ရခဲ့ပါသည်။

ခရစ်တော်မပေါ်မှီ နှစ်ပေါင်း ၁၇၀၀၀ က ရှိခဲ့သော နံရံဆေးရေးပန်းချီများကို ကျွန်တော်တို့ ကလေး များအား ပြသရန်ဖြစ်ပါသည်။ စုတ်ချက်ကို ရဲရဲဆွဲထားပုံ၊ အနီးအဝေး မြင်ကွင်းယူပုံ၊ ထူးခြားသော လှိုဏ်ဂူ ကြီးထဲက အမှောင်ထဲတွင် ဆေးရောင်သွင်းထားပုံတို့ကို ကြည့်၍ ရှေးခေတ်လူများ၏ ကိုယ်ပိုင်ဟန်နှင့် အနု ပညာခံစားမှုစွမ်းအားတို့ကို ကျွန်တော် ဆင်ခြင်ကြည့်နိုင်ပါသည်။

သမိုင်းအာရုဏ်ဦးလောက်ဆီက ထိုလှိုဏ်ဂူနံရံများပေါ်တွင် ရှေးဟောင်းလူသားတို့သည် ထင်းရူးပင် ၀က်သစ်ချပင်၊ ထင်းရူးမွေးပင်၊ တောင်တမာပင်၊ သစ်ကြားပင်ကြီးတွေကြားထဲတွင်မှ သူတို့တတွေ လိုက်၍ ရခဲ့သော တောကောင်များ၏ အရုပ်များကို ဆင်ခြင်ကြည့်နိုင်ပါသည်။

ပါရီမှ ဗရီဘေးသို့ လေယာဉ်ဖြင့် လာခဲ့စဉ်က ထိုတောအုပ်များသည် ရှုချင်စဖွယ် လှပတင့်တယ် သော အသွေးစုံခြယ်သည့် မှန်ကူကွက်ကလေးများသဖွယ်ဖြစ်နေကြပါသည်။ ထို့နောက်တွင် ကျွန်တော်တို့ သည် ပေါ်ပလာပင်တွေ တန်းစီပေါက်နေသည့် ဗီလာဇယ်ရေမြစ်ကမ်းတလျှောက်တွင် ကားဖြင့်လာခဲ့ကြပါ သည်။ မြစ်ရေက ကြည်လင်စိမ်းလဲ့နေသည့်အတွက် ရေအောက်သင်ပုန်းကျောက်ဖျာများပေါ်တွင် ပေါက် နေသော ရေညှိစိမ်းပြာပြာကလေးများကိုပင် မြင်နေရပါသည်။ ထို့နောက် ကျွန်တော်တို့သည် ဒေါ်ဒိုနဲ လွင်ပြင်မှ ကျဉ်းမြောင်းသော မော်တော်ကားလမ်းကလေးများပေါ်တွင် မောင်းလာခဲ့ကြပါသည်။ ကျွန်တော် တို့ ခရီးပန်းတိုင်သို့ မရောက်မီတွင် ရှေးခံတပ်ကြီးများ၊ ဘုန်းကြီးကျောင်းများ၊ လေရဟတ်ကြီးများကို ဖြတ် သန်းခဲ့ကြပါသေးသည်။ ထိုနောက်တွင်မှ ကျွန်တော်တည်းခိုနေသည့် ရွာကလေးသို့ ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။ ထိုရွာကလေးသည် တောင်စောင်းလေးတခုပေါ်တွင် တည်ရှိပြီး အေးချမ်းငြိမ်သက်လှပါသည်။ ပြင်သစ်ပြည်ကြီး၏ အခြေအနေသည် ညံ့ရာမှ ဆိုးလာပြီဟူသော ဆောင်းပါးပါသည့် သတင်းစာကို ထိုရွာ ကလေးတွင် ရောက်နေစဉ် တနင်္ဂနွေနေ့ မနက်တုန်းက ဖတ်လိုက်ရခြင်းဖြစ်ပါသည်။

ကျွန်တော်တို့တတွေ အီရီညက် ကျေးလက်စံအိမ်ကြီးကို ၀င်ရောက်ကြည့်ရှုသည့် အကြောင်းကို လည်း ပြောချင်ပါသေးသည်။ ထိုကျေးလက် စံအိမ်ဝင်းထဲတွင် ရှေးအကျဆုံး ပြင်သစ်ပုံစံ ပန်းခြံတခုလည်း ရှိပါသည်။ ပိုင်ရှင်မှာ မိသားစု အဆက်ဆက် ထိုကျေးလက်စံအိမ်ကြီးနှင့် ပန်းဥယျာဉ်ကြီးကို ရာစုနှစ်ပေါင်း ငါးရာတိုင်တိုင် ပိုင်ဆိုင်ခဲ့သူဖြစ်ပါသည်။ ပိုင်ရှင်က ကျောက်ထင်းရူးပင်များနှင့် လာဗင်ဒါပင်များ ပတ်လည် ၀ိုင်းနေသော သစ်သီးပင်ငယ်လေးများကိုလည်း စိုက်ထားပါသည်။ သူသည် ပါရီကြော်ငြာကိုယ်စားလှယ် ဌာနတခုတွင် အလုပ်လုပ်နေသော်လည်း သူ၏အဖိုးတန် ရတနာကို ကြည့်ရှုစောင့်ရှောက်ရန်အတွက် သတင်းပတ်ကုန်တိုင်း ပြန်လာတတ်ပါသည်။ ယခုအခါတွင် ထိုခြံနှင့် ကျေးလက်စံအိမ်ကြီးကို ပြင်သစ်ယဉ် ကျေးမှု ၀န်ကြီးဌာနက ရှေးဟောင်းပစ္စည်းအဖြစ် သတ်မှတ်ထားပါသည်။ ထိုနေရာသည် ပြင်သစ်လူမျိုး၏ စိတ်ဓာတ်၊ ပြင်သစ်လူမျိုး၏ အကြိုက်နှင့် ပြင်သစ်လူမျိုးတို့ မြေယာကို ချစ်တတ်ပုံတို့ကို ဖော်ပြနေသည့် နေရာလည်း ဖြစ်ပါသည်။ ထို့ပြင် လေးလံညိုမှောင်သော တောင်ပံများဖြင့် ပျံသန်းနေကြသော စွန်များနှင့် သိမ်းငှက်များကိုကြည့်၍ ကျွန်တော်တို့ တအံ့တသြ ဖြစ်ခဲ့ရပုံတို့ကိုလည်း ကျွန်တော်တို့ မမေ့နိုင်ပါ။ ကျွန် တော်တို့သည် ထိုနယ်ထွက် မှိုဟင်း၊ ကျောက်ပွင့်သုတ်၊ ငုံးကြော်နှင့် ချင်းနံ့သင်းထားသော အိုက်စကရင်း တို့ကိုလည်း မြည်းကြည့်ခဲ့ပါသည်။ ထိုခရီးတလျှောက်တွင် စားကောင်းသောက်ဖွယ်တို့ကို မကြာခဏ စားခဲ့ ရသည့်တိုင် ထိုအရသာများသည် ကျွန်တော်တို့ရင်ထဲတွင် စွဲကျန်ရစ်ခဲ့ကြပါသည်။

ပြင်သစ်လူမျိုးဖြစ်ရတာ ဘာအဓိပ္ပါယ်ရှိသလဲ ဟု မေးလာလျှင် ထိုအချိန်ထိုကာလများ အကြောင်း ကို ပြန်ပြောသည့်နည်းသည် အကောင်းဆုံးအဖြေ ဖြစ်လိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။ ထိုအချိန် ထိုကာလများသည် ကျွန်တော်မွေးရာဇာတိတို့၏ အနံ့အသက်ကို ပြန်လည်တွေ့ရှိချိန် ဖြစ်ပါသည်။ ဘယ်နေ ရာတွေကို ဘယ်လောက်သွားသွား၊ ဘယ်နေရာတွေမှာ ဘယ်လောက်ပဲ နေနေ ဒီနေရာသည် ကိုယ့်ဇစ်မြစ်၊ ကိုယ့်ချက်မြုပ်၊ ကိုယ့်တိုင်းပြည်ဖြစ်ပါသည်။ ကိုယ့်တိုင်းပြည်၏ တကယ့်အရည်အသွေးကို ကျွန်တော့် ကလေးတွေ သဘောပေါက်အောင် ပြောပြနိုင်သည့်နေရာ ဖြစ်ပါသည်။ ကျွန်တော်သည် အခြားသောနေရာ များမှ ရှုခင်းများ၊ အရောင်အသွေးများကို သဘောမကျနိုင်ပါ။ ရုပ်မြင်သံကြား ဖန်သားပြင်၊ သတင်းစာ၊ ပါရီ နှင့် ကျေးလက်တွင် ကျွန်တော်နေခဲ့သည့် အတွေ့အကြုံတို့အရ ခေတ်သစ်၏ရောဂါတို့ကို ခံစားနေရသည့် အခြားသော ပြင်သစ်ပြည်ကြီး တပြည်ရှိနေသေးသည့်ဟု ကျွန်တော်ခံစားရပါသည်။ ပြောင်းလဲနေသော ခေတ်၊ ပြောင်းလဲနေသော စာရိတ္တနှင့် ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးများ၏ စိန်ခေါ်ခြင်းကို ခံနေရသော ပြင်သစ်ပြည်၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ လူဦးရေထူထပ် သိပ်သည်းမှု၊ စီးပွားရေး ဖရိုဖရဲဖြစ်မှုတို့ကြောင့် စိတ်ဒုက္ခရောက်နေရသော ပြင်သစ်ပြည်သည် အခြားသော အနောက်တိုင်းဒီမိုကရေစီ နိုင်ငံများထက် ပို၍အင်အားကောင်းခြင်း မရှိသော၊ ပို၍သာလွန်ခြင်း မရှိသော၊ ပို၍ တောင့်တင်းခြင်း မရှိသော ပြင်သစ် ပြည်ကြီး ဖြစ်ပါသည်။

သို့ရာတွင် ကျွန်တော်တို့သည် ဘ၀၏ အရည်အသွေးများကို ထိန်းသိမ်းထားရာမှ လူနေမှု အဆင့် အတန်းကို လျှောကျခြင်းမရှိစေဘဲ ဘ၀၏ အရည်အသွေးများကို သိမ်းဆည်းထားရာ ချောင်ကလေးများ အနက် ချောင်ကလေးတခုတွင် နေထိုင်လျှက်ရှိသည်ဟု ကျွန်တော်ခံစားရပါသည်။

ကျွန်တော်တို့သည် ထိုအရည်အသွေးများကို ဖြုန်းတီးမပစ်သင့်ပါ။ တပြိုင်နက်တည်းတွင် ကျွန်တော်တို့သည် ပြင်သစ်ပြည်၏ ခေတ်ပြိုင်ရောဂါများနှင့် အဓိကကျသော ကျန်းမာတောင့်တင်းမှု၏ ပဋိ ပက္ခများကိုလည်း နားလည်ထားသင့်ပါသည်။ ကျွန်တော်တို့သည် ထိုပဋိပက္ခများနှင့်အတူ ယှဉ်တွဲနေထိုင်ရ မည်သာ ဖြစ်ပါသည်။ ကျွန်တော်တို့သည် ပါရီရောရွာလေးမှ ပြန်လာခဲ့ကြပါသည်။ ကျွန်တော်သည် ကျွန် တော့်အား ထိုအတွေးများကို ပေါ်ပေါက်စေခဲ့သည့် သတင်းစာဖြင့် ထိုနယ်ထွက် ဘယ်ရီသီးများနှင့် ထိုနယ် ထွက် ဆိတ်နို့ဒိန်တို့ကို ထုပ်ပြီး ပါရီသို့ ပြန်လာခဲ့ပါသည်။ အဓိပ္ပာယ် ပြည့်ဝသော ထိုသတင်းပတ် ကုန်ဆုံး ပြီးနောက် တမနက်၌ ကျွန်တော်တို့သည် ကျွန်တော်တို့ စားသောက်ဖွယ်ရာများကို မီးဖိုထဲက ထမင်းစားပွဲ ပေါ်တွင် ခင်းကျင်းပြင်ဆင်ပါသည်။ ကလေးများသည် အရည်ရွှမ်းသော ချယ်ရီသီးများကို သဘောကျနေ ကြပါသည်။ ပြုပြင်မထားသည့်အတွက် ဆိတ်နို့ဒိန်ကလည်း အရသာ ရှိလှပါသည်။

သတင်းစာထဲမှ ပြင်သစ်ပြည်ကြီး အခြေအနေဆိုးနေပြီ ဆိုသည့် ဆောင်းပါးခေါင်းစဉ်ကိုလည်း ခေါင်းထဲမှ ဖျောက်ပစ်လိုက်ပါသည်။

ထိုသတိပေးချက်သည် အချိန်အတန်ကြာသည်အထိ ကျွန်တော့်ခေါင်းထဲတွင် စွဲနေပါသေးသည်။ သို့ရာတွင် အနောက်တောင်ပိုင်းကျေးလက်မှ ရနံ့များလောက်တော့ ကြာရှည်စွဲမြဲခြင်း မရှိပါ။

ရည်ညွန်း ။ ။ ၁၉၉၁ ခု ဇူလိုင် ၁၅ ရက်နေ့ထုတ် Time မဂ္ဂဇင်းမှ Philippe Labro ၏ On Being French ကို ပြန်ဆိုသည်။

*********



1 comment:

ပုထုဇဉ် said...

ကိုသက်ဦးခင်ဗျား... ဆရာမြသန်းတင့်ရဲ့ စာတွေ တင် တင် ပေးနေတာ ကျေးဇူးပါ။ ဒီစာကို အလွန်ကြိုက်ပါတယ်။ မျိုးချစ်စိတ်ဆိုပြီး မျက်စိမှိတ် အော်နေတဲ့သူတွေ ဖတ်ဖို့ကောင်းတယ်။

ကျွန်တော့် ဘလော့ဂ်က ငြိမ်းချမ်းရေးတိုက်ပွဲ ပို့စ်မှာ ထားခဲ့တဲ့ မှတ်ချက်အတွက်လည်း ကျေးဇူးတင်ပါတယ်။ နောက် မရှင်းတဲ့ စာသားတစ်ခုလည်း ရှိပါသေးတယ်၊

"နီတဲ့သွေး ရဲရင့်လို့ ရန်သူ မင်း ရှေ့ကို ချီတက်ခဲ့ပြီ"

လို့ ကျွန်တော် ရေးထားတယ်၊ ဒါပေမယ့် တကယ်နားထောင်ကြည့်တော့ "ရန်သူ နင်း" လား၊ "ရန်ကို နင်း" လား၊ မကွဲပြားဘူး။ ကိုသက်ဦး ဝေဖန်ပေးပါဦး။