အလုပ်ဝင်ပြီးနောက် မကြာမီတွင် အစိုးရပိုင်လုပ်ငန်းများကို စီးပွားရေးဆန်ဆန် ဖွဲ့ရန် အစိုးရက လမ်းစဉ်ချမှတ် သဖြင့် သတင်းစာကော်ပိုရေးရှင်း ပေါ်လာသည်။ ဆရာတက်တိုးက ညွှန်ကြားရေးမှူးချုပ်ဖြစ်လာပြီး တင်မောင်အား သတင်းဆိုင်ရာ ဒု-ညွှန်ကြားရေးမှူး ခန့်ထားသည်။ တင်မောင်တို့ သတင်းစာဆရာများကို လွှတ်မပေးပေ။ သူတို့အား စောင့်ကြည့်ရန် ရေတပ်ဗိုလ်မှူးတဦးကို အုပ်ချုပ်ရေးဆိုင်ရာ ဒု-ညွှန်ကြားရေးမှူးအဖြစ် ခန့်ထားလေသည်။
ဆရာတက်တိုးက စာများများရေးရန်သာ အမြဲကြိုးစားသူ ဖြစ်သည်ကြောင့် တကြောင်း၊ တင်မောင်၏ စာရိတ္တနှင့် အရည်အသွေးကို စိတ်ချသောကြောင့် တကြောင်းတို့ကြောင့် အလုပ်တာဝန်များတို့ကို ပုံလွှဲပေးသဖြင့် သတင်းစာ များ တိုးတက်ကောင်းမွန်ရေးကို အသင့်အတင့် လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် တင်မောင်၏ အရေးကြီးသည့် တာဝန်ကြီးတရပ်မှာ ‘ဒေါက်ဖြုတ်’ အလုပ်ဖြစ်သဖြင့် ရံဖန်ရံခါတို့တွင် စိတ်မချမ်းသာ ဖြစ်ရသည်။
စစ်အစိုးရ စစ်ဗိုလ်များ၏ စိတ်ကြိုက်သတင်းစာ ထုတ်ရသည်မှာ မလွယ်ပါ။ ဇာတ်ပွဲထဲမှ မင်းသားရူးကို ခစားရသည့် အမတ်ကဲ့သို့ မင်းလိုလိုက် မင်းကြိုက်ကို ဆောင်ရွက်ရသည်မှာ များစွာ ခက်ခဲပါသည်။ စစ်ဗိုလ်များက အာဏာထက်သည်။ အယ်ဒီတာ တဦးတယောက်၊ တစုံတခု အမှားပြုလုပ်သည်ဟု ထင်ကြေးရှိသည်နှင့် ထိုသူကို “ဖြုတ်ပစ်လိုက်” ဟု အမိန့်ပေးလိုက်လေ့ရှိသည်။ အမိန့်အရ ဖြုတ်ရသည်မှာ တင်မောင်တယောက် ဖြစ်နေသဖြင့် တင်မောင်၏ တာဝန်တရပ်မှာ ကြိုးစင်ဒေါက်ဖြုတ်ရသည့်အလုပ်ဖြစ်နေသည်။
တနေ့တွင် လွှတ်တော်အစည်းအဝေး၌ နိုင်ငံ၏ ဘတ်ဂျက်ငွေစာရင်းကို တင်သွင်း အတည်ပြုစဉ်တွင် နိုင်ငံတော် သမ္မတကြီး ဦးနေ၀င်းအတွက် အသုံးစရိတ်များကို အသေးစိတ် ဖော်ပြထားပါသည်။ တောင်ရှည်ပုဆိုးဝယ်ရန် ကျပ် (၂၀၀၀) … စသည်ဖြင့် သမ္မတအတွက် သုံးလေသမျှ စာရင်းတင်သည်ကို ပြည်သူ့လွှတ်တော်က အဖြတ်အတောက်မရှိ အတည်ပြုလိုက်ပါသည်။ ပြန်ကြားရေးဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီးလွင်က တင်မောင်ထံ ဖုန်းဆက်ပြီး “ဒီစရိတ်အသေးစိတ်တွေ အသေးစိတ် ရေးတာကို သမ္မတကြီး ကြိုက်မှာမဟုတ်ဘူး။ သတင်းစာတွေ မှာ မပါစေနဲ့ ပိတ်လိုက်ပါ” ဟု အမိန့်ပေးပါသည်။ ၀န်ကြီးအမိန့်ကို တင်မောင်က ပြည်သူပိုင် သတင်းစာ အယ်ဒီတာချုပ်ကြီး (၇) ဦးတို့ထံ ထပ်ဆင့်ပြောကြားရပါသည်။
နောက်တနေ့တွင်မူ ကြေးမုံသတင်းစာ၏ လွှတ်တော်သတင်းတွင် နိုင်ငံတော် သမ္မတကြီး၏ အသုံးစရိတ် တောင်ရှည်ပုဆိုးဖိုး ကျပ် (၂၀၀၀) ရော၊ ဧည့်ခံစရိတ်ပါ အတိအကျ ပုံနှိပ်ဖော်ပြထားသည်ကို တွေ့ရသည်။ နံနက် (၇) နာရီတွင် ဗိုလ်မှူးကြီးလွင်က ဖုန်းဆက်ပြီး “ဘယ်လိုဖြစ်တာလဲ သမ္မတကြီးက ဒီသတင်းကို တွေ့ရင် ကျူပ်ကို ဘယ်လိုပြောမယ်မသိဘူး” ဟု စိုးရိမ်သံနှင့် ပြောပါသည်။ “ဒီနေ့ နံနက် (၉) နာရီမှာ ရုံးကိုလာပြီး အသေးစိတ် အစီရင်ခံပါ” ဟု အမိန့်ပေးပါသည်။
အစိုးရအရာရှိတိုင်း ထူထဲသော နေ့စဉ်မှတ်တမ်းစာအုပ်ကြီးများကို ဆောင်ကြရပါသည်။ ၀န်ကြီးထံမှ ‘အမိန့်လာ နေ့ (၂) နာရီ၊ ကြေးမုံအယ်ဒီတာချုပ် ဦးလှကွန်းသို့ ပြောချိန် (၂.၁၅) နာရီ’ စသည်ဖြင့် အသေးစိတ် မှတ်ထားရသဖြင့် တင်မောင်တွင် တာဝန်မရှိပါ။
ဦးလှကွန်းထံသို့ ဖုန်းဆက်မေးသောအခါ “ကိုယ်ညက နယ်လွန်နေတယ်၊ တိုက်ကို ပြန်မရောက်ဘူး၊ ဒု-အယ်ဒီတာချုပ် ကိုမြတ်သူလည်း သတင်းပိတ်တဲ့အမိန့်ကို သိပြီးမို့ စိတ်ချခဲ့မိတယ်။ ကြည့်လုပ်လိုက်ပါ ကိုယ့်လူရယ်” ဟု ဖြေ၏။
ဝန်ကြီးက နံနက် (၈) နာရီတွင် ဖုန်းဆက်ပြန်သဖြင့် သူ၏ ရုံးသို့ မသွားရတော့ပါ။ “ဒီသတင်းမပါစေနဲ့လို့ ပြောခဲ့တယ်ဆိုတော့ အယ်ဒီတာချုပ်မှာ တာဝန်ရှိတယ်။ သူ့ကို ဒီနေ့ကစပြီး ရာထူးက ဖြုတ်လိုက်ပါ” ဟု အမိန့်ပေး ပြီး တယ်လီဖုန်းကို ချသွားပါသည်။
ကြေးမုံအယ်ဒီတာချုပ် သခင်လှကွန်းမှာ အစစ်အဆေးမရှိ၊ အယူခံမရှိ၊ စက္ကန့်မဆိုင်း ရာထူးပြုတ်ရရှာပါသည်။ အယ်ဒီတာချုပ်ရာထူးမှာ ညွှန်ကြားရေးမှူး ရာထူးအဆင့်တွင် ရှိသဖြင့် အစိုးရစက်ယန္တရားတွင် နံပါတ် (၂) ရာထူး ဖြစ်ပါသည်။ စစ်တပ်က စိတ်ချရသည့်သူများကိုသာ ခန့်ထားမြဲဖြစ်သည်။ ဖြုတ်လိုသည့်အခါတွင် ခြင်ကောင်၊ ယင်ကောင်ကို သတ်သကဲ့သို့ အလွယ်တကူ ဖယ်ရှားလေ့ရှိပါသည်။ ဤသို့ပင် အယ်ဒီတာချုပ်အများအဖို့ ‘ထီကနဲ’ အဖြုတ်ခံရလေ့ရှိပါသည်။ ဆရာဇ၀န၊ ဆရာ ဦးခင်မောင်လတ်၊ ဗိုလ်တထောင် အယ်ဒီတာချုပ် ဗိုလ်ထိန်လင်း၊ ဆရာကြီး ရွှေဥဒေါင်း၊ ဟံသာဝတီ ဦးဝင်းတင်နှင့် ဆရာကိုမြတ်သူ တို့ကိုလည်း ဤနှယ် ဖယ်ရှားခံခဲ့ကြရသည်။
သခင်လှကွန်း ပြုတ်ရသည်မှာ မိုင်းဗုံးထောင်သည်ကို ခံရသည်ဟု ဆိုပါ၏။ ဒု-အယ်ဒီတာချုပ် ကိုမြတ်သူက သတင်းပိတ်သည့် အမိန့်ကို သိပါလျက်နှင့် တမင်ပုံနှိပ်သည်ဟု သိရပါသည်။
သူ၏ လုပ်ကြံမှုက အောင်မြင်ပါသည်။ ချက်ချင်း ရာထူးတက်ပြီး ကြေးမုံအယ်ဒီတာချုပ်ရာထူးကို ဆက်ခံရပါသည်။ ထုံးစံအတိုင်း သူ့ခမျာလည်း သက်ဆိုးမရှည်ပါ။ သူ့ကိုလည်း စစ်တပ်က ဖြုတ်ချခဲ့သည်။ နောက်တကြောင်း ရှိသေးသည်။ သခင်လှကွန်းက စစ်ဗိုလ်ကတော်ဟောင်း မုဆိုးမကလေးတဦးနှင့် ငြိတွယ်နေသည်ကို စစ်စုံထောက်ကြီးက တေးထားသောကြောင့် အမှားတွေ့သည်နှင့် အပျောက်ရှင်းလိုက်သည်ဟုလည်း သိရပါသည်။ သူတို့က ဗိုလ်ကတော်ကျများကို အရပ်သားအရာရှိများနှင့် ငြိကြလျှင် များစွာ စိတ်ဆိုးလေ့ရှိပါသည်။
နောက်တမှုက ပိုပြီး ဇတ်နာပါသည်။ တနေ့တွင် ၀န်ကြီးရုံးမှ ပြန်လာသည့် ညွှန်ကြားရေးမှူးချုပ် ဆရာတက်တိုးက မြ၀တီအယ်ဒီတာချုပ် ဦးထွန်းလွင်ဟု ရေးထားသော စာရွက်ကလေးကို ပေးပြီး “ဒီကောင်ကို ရာထူးက ဖြုတ်တဲ့ အမိန့်ထုတ်လိုက်ကွာ” ဟု ပြောသည်။ ဒီလူ လူကောင်း လူအေး အမှုထမ်းသက်လည်း ကြာပြီ” ဟု တင်မောင်က စောဒကတက်သောအခါ ဆရာက “ဟေ့ကောင် - ခိုင်းတာလုပ်ပါကွာ။ ဒီကောင်လူကောင်းဆိုတာ မင့်ထက်ငါ သိတယ်ကွ” ဟု စိတ်မကောင်းသဖြင့် စိတ်တိုနေသည့်အသံနှင့် ဆူရှာပါသည်။
ဆရာက စာအုပ်တအုပ်ပေးဖတ်ပါသည်။ ဦးထွန်းလွင်၏ဇနီး ယုဝတီမာလာသိန်း ရေးသော ၀တ္ထုဖြစ်ပါသည်။ ပုဂ္ဂိုလ်ကြီးတဦး ဇနီးကွယ်လွန်သောကြောင့် နောက်အိမ်ထောင်ပြုရာ၌ သမီးငယ်များကို မိထွေးက နှိပ်စက်သည်ဟု ဇတ်လမ်းဖွဲ့ထားသည်။ ခေါင်းဆောင်ကြီး ဦးနေ၀င်းက ဒေါ်နီနီမြင့်နှင့် အိမ်ထောင်သစ်ထူသဖြင့် ‘သမီးများက မကြည်ကြတာကို စောင်းမြောင်းရေးထားတာ ဖြစ်နိုင်တယ်။ ဒီဝတ္ထုကို ဦးနေ၀င်း၊ ဒေါ်နီနီမြင့်တို့ မြင်လျှင် စိတ်မကောင်းဖြစ်ကြမယ်’ ဟု စစ်ဗိုလ်ဝန်ကြီးက ယူဆသောကြောင့် စာရေးဆရာမ၏ ခင်ပွန်းကို ရာထူးက ဖြုတ်စေသည်ဟု သိရပါသည်။ “ဒီစာအုပ်ကို ဆင်ဆာအဖွဲ့က ခွင့်ပြုလို့ ပုံနှိပ်တာပါ။ မာလာသိန်းနဲ့ ကိုထွန်းလွင် အိမ်ထောင်သက်က နှစ် (၂၀) ကျော်ပါပြီ။ မယားက ၀တ္ထုရေးတာကြောင့် လင်ကို ရာထူးက ဖြုတ်တယ်ဆိုတာ မတရားပါဘူး။ ဇတ်ကွက်တူတိုင်းသာ အရေးယူရမယ်ဆိုရင်” တင်မောင်က အယူခံသောအခါ စကားဆုံးအောင်ပင် မပြောရပါ။ ဆရာက ကရုဏာဒေါသောနှင့် ဆူတော့သည်။ “တော်ကွာ - မင်း ငါခိုင်းတာ လုပ်ရင်လုပ်၊ မလုပ်ရင် မင့်ကို ငါက ဖြုတ်မယ်ကွ” တဲ့။ နောက်ဆုံးတွင် ကိုထွန်းလွင်အား ရာထူးမှ ဖြုတ်မိန့်ထုတ်ပေးရပါသည်။
တင်မောင်အဖို့ အစိုးရအမှုထမ်းများကိုသာမက ဗိုလ်ချုပ်ကြီးနှင့် စစ်ဗိုလ်ကြီးများက မလိုလားသော နိုင်ငံခြား သတင်းထောက်များကိုလည်း နှင်ထုတ်ပေးခဲ့ရပါသည်။ နိုင်ငံခြားသတင်းဌာနများတွင် လုပ်ကိုင်သည့် မြန်မာနိုင်ငံ သား သတင်းထောက်များကိုလည်း ဒေါက်ဖြုတ်ပေးရလေ့ ရှိပါသည်။
ရန်ကုန်၌ ရုံးဖွင့်ကြသည့် နိုင်ငံခြားသတင်းထောက်များကို တဦးပြီးတဦး နှင်ခဲ့သည်။ အေပီအမေရိကန် သတင်းထောက်ကို ပထမနှင်ပါသည်။ ရိုက်တာတွင် လုပ်ကိုင်သူ မက်ဂရဖ်ဆိုသူသည် မြန်မာကပြားဖြစ်ပါလျက် နှင်ထုတ်သောကြောင့် လန်ဒန်မှာပင် ခေါင်းချရရှာသည်။ ပြင်သစ်ကိုယ်စားလှယ်သည် ကြားနိုင်ငံမှ ဖြစ်သည်။ မြန်မာသတင်းကို ဝေဖန်ချက်မပါဘဲ ရေးသဖြင့် အကြာဆုံးနေရပါသည်။ နောက်ဆုံးတွင် သူ့ကိုလည်း နှင်လိုက်သဖြင့် နိုင်ငံခြားသတင်းထောက်အားလုံးတို့သည် ဒေသခံမြန်မာများ ဖြစ်လာကြပါသည်။
တနေ့တွင် ဒု - ၀န်ကြီးက တင်မောင်အားခေါ်ပြီး ထိပ်တန်းလျှို့ဝှက်ဖိုင်ကြီးတခု ပေးပါသည်။ ‘ထိပ်တန်းလျှို့ဝှက်’ ဟု ရေးထားစေကာမူ သတင်းစာလောကတွင် လူတိုင်းသိနေသည့် ကိစ္စ၊ မထူးသတင်းဖြစ်နေပါသည်။ ရိုက်တာ သတင်းထောက် ကိုမင်းသူသည် အရက်မူးလျှင် လူကြီးလူငယ်မရှောင် ဆဲရေးတိုင်းထွာသည်ဟု စစ်စုံထောက် အစီရင်စာတွင် နေရာ၊ နေ့စွဲနှင့် တကွ ရေးထားသည်။ “ဒါဘာဖြစ်သလဲ ၀န်ကြီး၊ ဒီငနဲက ဒီလိုပဲ ရမ်းတာကို လူတိုင်း သိပါတယ်။ သတင်းထောက်တွေက သူနဲ့အတူ အရက်မသောက်ဘဲ ရှောင်ကြပါတယ်” ဟု တင်မောင်က ပြောလျှင် “၀န်ကြီးနှစ်ဦးက သူတို့ကို ဆဲရေးတိုင်းထွာတယ်လို့ ၀န်ကြီးကို တိုင်တယ်ဗျ” ဟု ဖြေပါသည်။
တင်မောင်က ပြန်ပြောပါသည်။ “အလွယ်ကလေးပါ၊ သူနဲ့ အရောမ၀င်နဲ့၊ သူနဲ့အတူ အရက်မသောက်နဲ့ပေါ့။ ကျနော်ဆိုရင် အရက်မသောက်တော့ ကိုမင်းသူ ဆဲတာ တခါမှ မခံရဖူးပါ”
“ကျုပ်က ဒု - ၀န်ကြီးဗျ၊ ၀န်ကြီးတွေကို ဒီလူနဲ့ အရက်မသောက်နဲ့လို့ မပြောဝံ့ဘူး” ဟု ဒု - ၀န်ကြီးက ပြောပြီး “၀န်ကြီးက အမိန့်ချပြီးပြီ၊ ဒီလူကို ဖယ်ပေးပါ” ဟု တချက်လွှတ် အမိန့်ပေးတော့သည်။
အစိုးရ၀န်ထမ်းမဟုတ်သည့် နိုင်ငံခြားသတင်းဌာန ၀န်ထမ်းကို ရာထူးမှ ဖြုတ်ရသည်မှာ လက်ဝင်သည်။ ပထမ အင်္ဂလိပ်သံရုံးမှ ပြန်ကြားရေးအတွင်းဝန်အား ရုံးသို့ဖိတ်ပြီး ရိုက်တာသတင်းထောက် ကိုမင်းသူကို သတင်းထောက် လုပ်ပိုင်ခွင့် ပိတ်မည်ဖြစ်ကြောင်း ပြောရသည်။ ထိုအခါ “ဘာကြောင့် ပိတ်တာလဲ” ဟု အကြောင်းရင်းကို သူက မေးပါသည်။ ကိုမင်းသူတယောက် နိုင်ငံတော်သစ္စာဖောက်မှုကြီးကို ကျူးလွန်နေလေသယောင်ယောင် မရေမရာ ပြောရပါသည်။
အင်္ဂလိပ်သံရုံးက လက်ခံမှ သတင်းဌာန၏ ကိုယ်စားလှယ်ရှေ့နေကို ခေါ်ပြီး ပြောရပါသည်။ သတင်းထောက်သစ် အလိုရှိကြောင်း ကြေညာစေပြီး လျှောက်ထားသူများထဲမှ တဦးကို စစ်စုံထောက်ရုံးနှင့် ညှိပြီး သဘောတူကြောင်း အတည်ပြုပေးရပါသည်။
ကိုမင်းသူနှင့် ပုလင်းတူ ဘူးဆို့သောက်မိကြသောကြောင့် အရက်ဝိုင်းတွင် အဆဲခံကြရသူ စစ်ဗိုလ်ဝန်ကြီးနှစ်ပါးက ထိပ်တန်းလျှို့ဝှက်အဖြစ် တိုင်သည်ဖြစ်သောကြောင့် ကိုမင်းသူကို ဖြုတ်ခဲ့ရသည်ကို မသိကြပါ။ အဘယ်ကြောင့် ဖယ်ခဲ့သည်ဟူသည့် အဖြေကို စာနယ်ဇင်းလောကက မသိကြသဖြင့် အမျိုးမျိုးတွေးကြပါသည်။
ကိုမင်းသူ ကိုယ်တိုင်ကလည်း သူ့အား အဘယ်ကြောင့် သတင်းထောက်လိုင်စင် ပြုတ်ရသည်ကို မသိရှာသဖြင့် သူ၏ အမှုကို ဆောင်ရွက်သူ တင်မောင်အား ငြိုးပါသည်။ အရက်ဂျိုး ကိုမင်းသူက ဆဲရေးသည်ကို ရှေးက မခံခဲ့ရ သော ဒေါက်ဖြုတ်ကြီး တင်မောင်အဖို့ ကိုမင်းသူတယောက် အရက်မူးလေတိုင်း တယ်လီဖုန်းဆက်ပြီး ဆဲရေးသည် ကို အမြဲခံရရှာပါတော့သည်။ ။
Saturday, October 17, 2009
Saturday, October 10, 2009
ကျမယောက်ျား “ကုလား” မဖြစ်သေး နှင့်၊ အဖေက “မွတ် (စ်)”
ဥရောပရောက် မြန်မာများ သက်ဆိုင်ရာ နိုင်ငံအလိုက် ဘာသာစကားအသီးသီး သင်ယူကြရသည်။ ဒိန်းမတ်ရောက် မြန်မာတွေ ဒိန်းမတ်စာနှင့် စကားသင်သလို၊ ဂျာမနီရောက် မြန်မာတွေလည်း ဂျာမန်စာနှင့် စကားသင်ကြရပါသည်။
ပြီးတော့ အချင်းချင်းစကားပြောရင် ဒိန်းမတ်စကားများ၊ ဂျာမန်စကားများ ညှပ်ပြောလာကြသည်။ တနိုင်ငံထဲမှာ စာအတူတူ သင်ထားသူချင်း ပြဿနာမဟုတ်သော်လည်း ကိုယ်က တခြားနိုင်ငံသွားလည်သည့်အခါ သူတို့အချင်း ချင်း ဘာပြောနေသလဲဆိုတာ ချက်ချင်းနားလည်ဖို့ မလွယ်တော့။
ကျနော် ဂျာမနီ ကိုလုံးဘူတာကိုရောက်တော့ ကျနော်သွားမည့် ကိုအောင်သူ့ထံ ဘူတာကို ရောက်နေပြီဖြစ်ကြောင်း ဖုန်းဆက်လိုက်သည်။ သူက “ ကျနော့်အိမ်လာဖို့ ‘အူဒရိုင်း’ ကို စီးရမယ်။ အဲဒါကို မရှာတတ်ရင်လည်း အခုခင်ဗျား ရောက်နေတဲ့ ‘ဂလိုင်း(စ်) နွိုင်း’ မှာပဲ စောင့်နေပါ၊ ကျနော်တို့ လာကြိုမယ်” ဟု ဆိုပါသည်။ သူပြောသွားသည့် စကားသည် သူတို့ ဂျာမနီရောက် မြန်မာအချင်းချင်း ပုံမှန်ပြောနေကျ ဖြစ်ပုံရသော်လည်း အခုမှ ဂျာမနီရောက်ဖူးသူ တဦးဆိုလျှင် အဓိပ္ပါယ် နားလည်နိုင်မည်မဟုတ်။ “အူဒရိုင်း” သည် မြေအောက်ရထားနံပါတ် (၃) U 3 ဖြစ်ပြီး “ဂလိုင်း(စ်) နွိုင်း” Gleis 9 သည် ကျနော်စီးလာသည့် ရထားဆိုက်နေသည့် ပလက်ဖောင်းနံပါတ် (၉) ဖြစ်သည်ကိုတော့ ဂျာမနီကို မကြာခဏရောက်ဖူးနေသည့် ကျနော်က နားလည်လိုက်ပါသည်။
ယမန်နှစ် သင်္ကြန်မတိုင်ခင်အချိန် ကျနော် ဟမ်းဘာ့ဂ် ရောက်နေစဉ်ကလည်း မြန်မာ အချင်းချင်း ဂျာမန်စကားတခွန်း ညှပ်ပြောသွားသည်ကို ဤသို့ မှတ်သားလိုက်ရ၏။
သင်္ကြန်ပွဲလေးတခုလုပ်ဖို့အတွက် ကိုထွန်းထွန်း၏ အိမ်တွင် အစည်းအဝေးလေးတခုလုပ်ပြီး တာဝန်တွေ ခွဲယူနေကြ၏။ ကိုထွန်းထွန်း၏ ဇနီးကလည်း မုန့်ဟင်းခါး နှင့် အုန်းနို့ခေါက်ဆွဲချက်ကာ ဧည့်ခံသည်။ တီးဖို့ ဆိုဖို့ ကဖို့ အတွက်အသီးသီး ပြောဆိုကြပြီးသောအခါ အစည်းအဝေးလာသူ မိန်းခလေးတဦးအား အိမ်ရှင်ကိုထွန်းထွန်းက “ဟေ့၊ နင်ရော ဘယ်လိုလဲ။ ဒီနှစ် ကလည်း မက၊ သီချင်းလည်း မဆိုပါလား” ဟု မေးလိုက်၏။
ထိုမိန်းခလေးက “ ကျမ ဒီအဆို၊ အက တွေ ၀ါသနာ မပါပါဘူး” ဟု ဖြေသည်။
“အောင်မယ်၊ မနှစ်တုံးကတော့ နင်တို့ ညီအမတွေ စင်ပေါ်တောင်တက်ပြီး ကကြသေးတယ် မဟုတ်လား” ဟု ကိုထွန်းထွန်း က မေးလိုက်ရာ..
ထိုမိန်းခလေးက “ အို… ဒါကတော့ ရှင်၊ အဖေက ‘မွတ် (စ်)’ ကိုး” ဟု ဖြေလေသည်။
ဂျာမန်စကား ဖြစ်သော muss သည် အင်္ဂလိပ်လို must ဟု အဓိပ္ပါယ်ရပြီး ဖခင်ဖြစ်သူ၏ အမိန့်အရ ကခဲ့ကြရသည်ဟု ဆိုလိုကြောင်း နောက်တော့မှ ကျနော် သဘောပေါက်သွားသည်။
ကျနော်တို့ ဒိန်းမတ်မှာလည်း ဒိန်းမတ်စကားသင်ထားကြသူအချင်းချင်းမို့ “ဟေ့ကောင်၊ မင်း ‘ခွေ့ယားကော့’ kørekort မရှိပဲ ကားတက်မမောင်းနဲ့၊ တော်ကြာ ‘ပူလိတိ’ politi နဲ့ တွေ့လို့ ဒုက္ခရောက်နေမယ်” ပြောလျှင် ယာဉ်မောင်းလိုင်စင်မရှိသေးဘဲ ကားမောင်းရင် ရဲဖမ်းခံရနိုင်ကြောင်း သတိပေးခြင်းဖြစ်သည်ကို နားလည်ကြပါသည်။
ကျနော်နှင့်မဒမ် အတူတကွ ဒိန်းမတ်ဘာသာသင်ကျောင်းတက်စဉ်က စာအတူသင်ဖက် မြန်မာစုံတွဲနှင့် အားလပ်ချိန် နားရင်း စကားလက်ဆုံကျလေ့ရှိပါသည်။ သူတို့က ကျနော်တို့နောက်မှ ဒိန်းမတ်ကို ရောက်သဖြင့် အတန်းချင်းတော့ မတူပါ။ ထိုစုံတွဲမှ လူငယ်သည် ဒိန်းမတ်စာသင်ကျောင်းတက်နေရင်း အလုပ်ရသွားသည်။ ထို့နောက် ယာဉ်မောင်းလိုင်စင်ရရန်အတွက် သင်တန်းတက်နေသည်ဟုလည်း ကြားရသည်။ ဒိန်းမတ်မှာ ယာဉ်မောင်းလိုင်စင်ရဖို့အတွက် ဘာသာစကားအခက်အခဲ ရှိသလို၊ ငွေကုန်ကြေးကျလည်း အလွန်များပါသည်။ ကိုယ့်အလှည့်ကျရင် လွယ်လွယ်ကူကူဖြစ်စေရန်အတွက် ကိုယ့်ရှေ့က လိုင်စင်ရသွားသူတွေဆီက စနည်းနာရသည်။
တရက်မှာ ကျနော့်မဒမ်က အတန်းနားချိန်အတွင်း ထိုလူငယ်၏ ဇနီးအား “ ဟဲ့… ညည်းယောက်ျား လိုင်စင် ဖြေဖို့ နီးပြီလား” ဟု မေးပါသည်။ ထိုမိန်းခလေးက “ ကျမ ယောက်ျား ‘ကုလား’ မဖြစ်သေးလို့ မဖြေရသေးဘူးအမ” ဟု ပြန်ဖြေပါသည်။ “ကုလား” မဖြစ်သေး ဆိုသည်မှာ ဒိန်းမတ်လို Klar အင်္ဂလိပ်လို Ready ၊ မြန်မာလိုတော့ အဆင်သင့် မဖြစ်သေးဟု အဓိပ္ပါယ်ရပါသည်။ ကျနော့်အတွက် ပြုံးစရာ ဖြစ်ခဲ့ရသည်က ထိုစုံတွဲသည် မြန်မာ မူဆလင် များ ဖြစ်နေကြောင့်ပါတည်း ။ ။
ပျော်ရွှင်နိုင်ကြပါစေ…

Friday, October 2, 2009
(၃၉) မုန်းတဲ့သူနှင့် ချစ်တဲ့သူ (ကြေးမုံဦးသောင်း)
အမှုထမ်းဘ၀တွင် ပျော်စရာကောင်းသည်မှာ တင်မောင်အဖို့ သတင်းစာများတွင် ဆောင်းပါးရေးခွင့် ရရှိခြင်းပင်။ ကြေးမုံ၌ ပင်တိုင်ဆောင်းပါးရှင်၊ ဆရာဇ၀န၊ ဗိုလ်တထောင် က ဦးသိန်းဖေမြင့်နှင့် လုပ်သားပြည်သူ့နေ့စဉ်တွင် ဆရာသာဂဒိုးတို့ အတူရေးရသည်။ တင်မောင်က သတင်းစာအားလုံးတွင် ၀င်ပြီးရေးရသည်။ ပုဂ္ဂလိကခေတ်က မိမိပိုင်သည့် သတင်းစာတစောင်တည်းမှာသာ ဆောင်းပါးရေးခဲ့ရသည်။ ယခု ပြည်သူပိုင်ခေတ်၌မူ လုပ်သား၊ ကြေးမုံ၊ ဗိုလ်တထောင်နှင့် နောက်ပိုင်းတွင် ဟံသာဝတီတွင်ပါ ဆောင်းပါးရေးခွင့်ရလေသောအခါ အားကုန် ‘သွန်’ မိသည်။ စတင်ရေးသားသောနေ့မှ စတင်ကာ မိမိမယုံကြည်သည့် ကိစ္စကို ထောက်ခံမှု မပြုခဲ့ပါ။ သစ္စာတရားသာ အဓိကဟူသည့် မူကို အမြဲတစေ ထိန်းသိမ်းခဲ့ပါသည်။
တော်လှန်ရေးအစိုးရ၏ လုပ်ဆောင်ချက်နှင့် မူဝါဒကို တိုက်ခိုက်ဝေဖန်နိုင်ခဲ့သည်။ တဘက်ကလည်း တိုက်ရိုက်ဝေဖန်လျှင် အင်းစိန်ထောင်သို့ ပြန်ပို့ရန် အသင့်ရှိနေသည်ကိုလည်း အမြဲသတိရနေရသည်။ သူတို့ စစ်တပ်ကို ဝေဖန်ရာတွင် ပညာသားပါပါ သတိကြီးစွာနှင့် ရေးသားရသည်။ အစိုးရက တခုခုလုပ်သည်ဆိုလျှင် ပထမဆုံးစာပိုဒ်တွင် အားကြီးကောင်း၊ အများကြီးကောင်း၊ အလွန်ကောင်းဟု ထောက်ခံရေးသားရပါသည်။ နောက်စာပိုဒ်များတွင်မှ “ဒါကလေးက နငယ်အမြီးတိုနေတာကြောင့် အမြီးဆက်ပါဦး၊ ဒီကိစ္စကိုတော့ ပြုပြင်သင့် ပါတယ်” ဟု ရေးရပါသည်။ စစ်အစိုးရခေတ်တွင်မှ အသစ်ပေါ်ပေါက်လာသော ထိုသို့ စာရေးနည်းကို သတင်းစာ ဆရာများက ထောက်ကွက်ရေးနည်းဟု ခေါ်ကြပါသည်။ ထောက်ခံရင်း ကန့်ကွက်သည်ပါပေ။
စာဖတ်ပရိသတ်များက မျက်စိရှင်ကြသည်။ မည်သည့်စာရေးဆရာက မည်နှယ်ကြောင့် မည်သို့ရေးသည်ဟု သိကြပါသည်။ မည်သူသည်မူ စစ်အစိုးရထံမှ ရထားသည့် အခွင့်အရေးများကြောင့် မျက်စိမှိတ် ထောက်ခံနေသည် ကိုလည်း သိကြပါသည်။ တင်မောင်၏ စာများကို လူထုက နားလည်က လက်ခံကြသည်။ သို့သော် ဘေးအန္တရာယ် ကြီးမားသည်။
တင်မောင်၏ ဆောင်းပါးများသည် တောခိုနေသော ဦးနု၏ လမ်းစဉ်ဖြစ်ပါသည်။ ထိုဆောင်းပါးမျိုးများကို ဆက်လက်ပြီး ရေးခွင့်ပြုနေလျှင် မိမိလုပ်ဆောင်မှုများ ပျက်ပြားစေပါသည်ဟု ဘဏ္ဍာရေးဝန်ကြီး ဦးဘညိမ်းက စာတမ်းကြီးတစောင် ပြုစုပြီး ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် အစိုးရအဖွဲ့သို့ တင်သွင်းသည်။ တင်မောင်က ၀န်ကြီး ဦးဘညိမ်း ရေးဆွဲသော ရသုံးခန့်မှန်းခြေ ငွေစာရင်းဘတ်ဂျက်များကို ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့် သူက စိတ်ဆိုး ပါသည်။ အမှန်အားဖြင့် တင်မောင်အား ဘတ်ဂျက်ငွေစာရင်းကို လေ့လာဝေဖန်နည်း ပညာသင်ပေးသူမှာ ဦးဘညိမ်းပင် ဖြစ်ပါသည်။ သူက အိုင်စီအက်စ် အတွင်းဝန်ရာထူးမှ ထွက်ပြီး အလုပ်သမားလယ်သမားပါတီကို တည်ထောင်စဉ်က၊ ဖဆပလ အစိုးရ၏ ဘတ်ဂျက်များကို ပယ်ပယ်နယ်နယ် ဝေဖန်ခဲ့စဉ်က (၆)နာရီကြာ ရှင်းပြသည့် သတင်းစာရှင်းလင်းပွဲကို အစအဆုံး တက်ရောက်ခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် သူက မနက်ဖြန် လာခဲ့ဦးလို့ ခေါ်ပြီး သင်ပေးခဲ့ပါသည်။ ပြည်သူ့အကျိုးပြုအတွက် သုံးသည့် ငွေစာရင်းနှင့် ပြည်သူများကို ဖိနှိပ်ရန် သုံးသော ငွေစာရင်း ခြားနားပုံကို သူက အသေးစိတ်သင်ပေးပါသည်။ ယခုမူ သူရေးဆွဲသော ဘတ်ဂျက်ဖြစ်သဖြင့် ဝေဖန်သည်ကို မခံနိုင်ရှာ။
မဆလပါတီတွင် နေရာရသူ စစ်ဗိုလ်များနှင့် လက်နက်ချ ကွန်မြူနစ်များကလည်း မကျေနပ်ကြောင်း တကျက်ကျက် ဝေဖန်ရန်ပြုကြပါသည်။ စစ်ဗိုလ်ဆောင်းပါးရှင်တဦး “တင်မောင်ရဲ့ မျက်လုံးကို ဖောက်ပြီး သတ်စား မည်” ဟု ရေးသည်အထိ ပြင်းထန်စွာ တိုက်ကြပါသည်။ သို့စေကာမူလည်း ဗိုလ်ချုပ်ကြီးက ရေးစေဟု အခွင့်လိုင်စင် ပေးထားသော တင်မောင်၏ ဆောင်းပါးများကို အစိုးရက အရေးမယူဘဲ ကြည့်နေပါသည်။ သို့သော် စာရေးသူမှာ မုန်းတီးသူ ပေါများနေလေပြီ။
သတင်းစာဆရာတဦးအဖို့ ပင်တိုင်ဆောင်းပါးရှင်ရာထူးထက် မြင့်မြတ်တဲ့ရာထူး မရှိတော့ပါ။ မိမိကလောင်ကို မိမိပိုင်ပြီး မိမိပိုင်ပရိသတ်ရှိသည့် ဓမ္မကထိကဘ၀ကို သတင်းစာဆရာတိုင်း အိမ်မက်မက်ကြလေ့ရှိပါသည်။ ပရိသတ်ရှိရန်မှာ ပရိသတ်လူထု၏ ခံစားချက်ကို သိပြီး လူထုအကျိုးကို ဦးတည်ရေးနိုင်မှ အောင်မြင်ပါသည်။ တင်မောင်က လူထုက ပေးပို့သော သတင်းများ၊ အကြံပြုချက်များကို အမြဲစာပြန်လေ့ရှိပါသည်။
၁၉၄၈ ခုနှစ်က စတင်ပြီး ဗမာ့ခေတ်တွင် ဆောင်းပါးရှင်ဖြစ်ခဲ့စဉ်ကပင် စာဖတ်ပရိသတ်နှင့် အမြဲဆက်သွယ်လေ့ ရှိခဲ့သည်။ တကြိမ်တွင် ကိစ္စတရပ်ကို ပရိသတ်များစွာက များစွာ စိတ်ဝင်စားသောကြောင့် တပတ်လျှင် စာပေါင်း (၆၀၀၀) ကျော် ပေးပို့ကြသည်အထိ အားပေးကြပါသည်။ ဗမာ့ခေတ်က စောင်ရေ (၂၀၀၀၀) ကျော်ရှိသော ခေတ်ကထက် ကြေးမုံမှာ ပို၍ လွတ်လပ်စွာရေးနိုင်သဖြင့် ပိုပြီး အောင်မြင်ခဲ့ပါသည်။ အောင်ဗလ ဆောင်းပါးပါသည့် နေ့များတွင် အမြဲစောင်ရေ (၅၀၀) တိုးပို့ပါဟု မန္တလေးကိုယ်စားလှယ်က ပုံသေမှာကြားထား သည်။ အလားတူပင် မော်လမြိုင်၊ ပုသိမ်၊ မြိတ် စသော မြို့ကြီးများကပါ စာမူပါသည့်နေ့တိုင်း စောင်ရေပိုပို့ရန် မှာထားလေရာ တင်မောင်က ဆောင်းပါးမှန်မှန်မရေးလျှင် မန်နေဂျာက မျက်နှာမကြည်ခဲ့သည်ကို ခံခဲ့ရသည်။
တင်မောင်အား ဖမ်းဆီးသောနှစ်က မွေးနေ့ဆုတောင်း သ၀ဏ်လွှာများ စာတိုက်မှ ပို့ကြရာ များပြားလွန်းသဖြင့် စာတိုက်မှ (၃) တင်းဝင် ဂုန်နီအိတ်နှင့် (၂) လုံးထည့်ကာ ပို့ပေးသည်။ ဤတွင်မှ စစ်စုံထောက်များက တင်မောင်၏ ပရိသတ်အင်အားကို သိရှိကာ လန့်ဖျတ်သွားသည်ဟု သိရသည်။
မြန်မာစာဖတ် ပရိသတ်သည် အခြားနိုင်ငံမှ ပရိသတ်ထက် အယ်ဒီတာ၊ စာရေးဆရာတို့ထံ စာရေးရန် ၀ါသနာ ထုံကြပါသည်။ ပိုပါသည်။ စာဖတ်သူနှင့် စာရေးသူတို့ စာချင်းဆက်သွယ် ကူယှက်ကြလေ့ရှိကြသည်။ နိုင်ငံရေး ကိစ္စ၊ စာပေရေးရာ ကိစ္စများကို စာချင်းဆက်သွယ်ကြရာမှ သဒ္ဒါလွန်သွားကြသည့် ဇတ်လမ်းအများ ရှိလေသည်။
ဆရာဇ၀န၏ “ဤရူပါရုံ” ၀တ္ထုသည် သူ၏ တကယ့်အဖြစ်အပျက်ဇတ်လမ်းဟု ဆိုပါသည်။ စာရေးဆရာတဦးထံမှ စာပေ၀ါသနာရှင်ကလေးက စာနှင့် ဆက်သွယ်ခင်မင်ခဲ့ကြသည်။ နယ်မှ စာမိတ်ဆွေ ရန်ကုန်သို့ ဆင်းလာသော အခါ ရုပ်ဆိုးလှသူ စာရေးဆရာက လူချောမိတ်ဆွေကို အစားထိုးပြီး တွေ့စေရာက ကိုရုပ်ချောနှင့် ချစ်ကြတော့မလို ဖြစ်သွားသည်။ ကိုရုပ်ဆိုးသည်သာ မူလစာရေးသူ စာရေးဆရာ ဖြစ်သည်ကို အမျိုးသမီးက သိတော့မှ ရုပ်ကို ချစ်တာ မဟုတ်ဘူး၊ စာကိုချစ်တာပါဟု ပြောပြီး စာရေးဆရာ ကိုရုပ်ဆိုးနှင့် ပျော်ရွှင်စွာ ပေါင်းသင်းကြလေသတည်း ဟု ဖွဲ့နွဲ့ရေးထားသည်။ ဆရာနှင့် ဆရာကတော်တို့၏ အဖြစ်မှန်ဟု ဆိုပါသည်။
မြန်မာ့အလင်း အယ်ဒီတာချုပ် ဦးချစ်မောင်ထံ ဆောင်းပါးရှင် ဒေါ်မမလေးက စာရေးဆက်သွယ်ရာမှ ခင်မင်ရင်းနှီး ကြပြီး လက်ထပ်ဖြစ်ခဲ့သည်။
တနေ့တွင် တင်မောင်ထံသို့ ရှုမ၀မှတဆင့် စာတစောင်ရခဲ့သည်။ မန်းတက္ကသိုလ်မှ ကျောင်းသူတဦးက တင်မောင်၏ ပြဇာတ်စာအုပ်ကို ကြိုက်နှစ်သက်လှပါသည်ဟု စာရေးသည်။ တင်မောင်က သူပြုမြဲအတိုင်း ကျေးဇူး တင်ကြောင်း စာပြန်ရာက စာအဆက်အသွယ်ဖြစ်ခဲ့ကြသည်။ သူက မြန်မာစာ ကျောင်းသူဖြစ်ပြီး မဟာဝိဇ္ဇာအတွက် ပြဇာတ်စာပေစာတမ်း ပြုစုရန် ကူညီပါဟု မေတ္တာရပ်သဖြင့် ကူညီရင်း စာအဆက်အသွယ် တိုးများလာခဲ့သည်။ စာချင်းရင်းနှီးလာသောအခါ ၀ါသနာတူသူ အချင်းချင်း စာအားဖြင့် ရင်းနှီးရသည့် အရသာက ကြီးသည်။ နေ့စဉ် စာရှည်ကြီး နှစ်စောင်နှုန်း ရေးမိကြသည်အထိ ခင်မင်လာကြသည်။
မန္တလေးတွင် စာမတတ်သူများ ပပျောက်ရေး လူထုအစည်းအဝေးကြီး ကျင်းပသောအခါ ပညာရေးဝန်ကြီး ဒေါက်တာညီညီ၏ အဖွဲ့နှင့် လိုက်သွားရင်း လမ်းကြုံသဖြင့် တက္ကသိုလ်မှာ စာမိတ်ဆွေ ကျောင်းသူလေးကို သွားတွေ့မိသည်။ မမျှော်လင့်ဘဲ ချောမောလှပသူကလေး ဖြစ်နေသည်ကို တွေ့ရသဖြင့် ရူပါရုံ ဖမ်းစားကာ လန့်ဖျပ်သွားမိပါသည်။ တင်မောင်အဖို့ လွတ်လပ်သူဖြစ်စေကာမူ အသက်ကလည်း ကွာလှမ်းလွန်း သောကြောင့် ဆရာတပည့် ရိုးရိုးခင်မင်သင့်ကြသည်မှာ ကောင်းသည်ဟု စိတ်ကို ထိန်းခဲ့ရသည်။ မောင်ကြီး နှမကြီး အဖြစ် နှုတ်ဆက်ပြီး ပြန်ခဲ့မိသည်။
တင်မောင်က ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ခြေရာကို နင်းလိုသူဖြစ်ပါသည်။ အသက်ကြီးရင့်လာသောအခါ၌ ဆရာကြီးက သတင်းစာဆရာတို့၏ ဘိုးအေအဖြစ် ရပ်တည်ခေါင်းဆောင်သကဲ့သို့ သူ၏ နေရာကို ရယူလိုပါသည်။ စာပေ၀ါဒအားဖြင့် မှန်ကန်ခြင်း သစ္စာတရားသာ အဓိကထားပြီး ရေးခဲ့ရုံသာမက စာရိတ္တအားဖြင့် ဆရာကြီးကဲ့သို့ ဖြူစင်အောင် ထိန်းသိမ်းပါသည်။ အရက်၊ ဆေးလိပ်ကင်းခဲ့သူ ဖြစ်သည်။ ဆရာကြီး၏ဇနီး ကွယ်လွန်စဉ်က တပင်လဲမူ တပင်ထူရန် မိတ်ဆွေများက တိုက်တွန်းကြသည်ကို “တသက်တခါသာ မိုက်တော့မယ်ကွာ” ဟု ဆရာကြီးက ပြောပြီး အိမ်ထောင်မှု သံယောဇဉ်ဝဲဂယက်က လွတ်အောင် ရုန်းထွက်သည်ကိုလည်း အားကျခဲ့သော ကြောင့် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် အပေါင်းပါများက ဖျက်ဆီးသဖြင့် ပျက်စီးခဲ့ရသည့် အိမ်ထောင်အတွက် အသစ်ထူထောင်မှု မပြုတော့ဘဲ တသက်တွင် တခါသာ မိုက်တော့မည့် ဆုံးဖြတ်ချက်ရှိခဲ့ပါသည်။
ယခု စာဖတ်ပရိသတ် သိကြသည့်အတိုင်း တင်မောင် သီလပျက်ခဲ့ပါသည်။ စာပေမိတ်ဆွေကလေးနှင့် ရင်းနှီးသည် ထက် ပိုမိုရင်းနှီးလာသည့်အခါ “အဲလေ… ဆရာမှိုင်းကြီးက ငါတွေ့သလို ရုပ်ရည်ချောမောလှပပြီး စာပေ၀ါသနာ တူတဲ့ အမျိုးသမီးကို မတွေ့လို့သာ ရှောင်နိုင်တာပါ။ ငါလို ကြုံလျှင် ဆရာကြီးလည်း မိုက်မှာပါပဲ” ဟု သွားလေသူ ဆရာကြီးကို မဆီမဆိုင် ခလုတ်တိုက်ပြီး အိမ်ထောင်ပြုလိုက်ပါသည်။ အေးလေ… မိုက်လိုက်ပါတယ်။
အိမ်ထောင်သက် နှစ်ပေါင်း အစိတ်ကြာသောအခါတွင်မူ အရွယ်မညီသော်ငြားလည်း ၀ါသနာညီသောကြောင့် အိမ်ထောင်ရေး ခိုင်မြဲခဲ့သည်ကို တွေ့ရပါသည်။ စာပေကိစ္စ၊ နိုင်ငံရေးကိစ္စတို့တွင်ပါ အထောက်အကူ ရရှိသည့် အိမ်ရှင်မ၏ အကူကြောင့် လုပ်ငန်းများ ပိုမို တွင်ကျယ်လေသဖြင့် ‘ဆရာကြီး မှားရှာတယ်။ လူဆိုတာ အဖော်ရှိမှ ပိုမို အောင်မြင်တယ်’ ဟုပင် တွေးမိပါတော့သည်။ ။

Saturday, September 26, 2009
စက်ရုံမီးလောင်သောနေ့
နေ့လည် ၁၂ နာရီ နေ့လည်စာစားဖို့ ကင်တင်းမှာ ကျနော်တို့ ထိုင်နေကြချိန်မှာ မီးသတ်ကားတွေ ဆူဆူညံညံ ဥသြသံပေး၍ စက်ရုံတွင်းသို့ ၀င်လာကြသည်။
စက်ရုံတနေရာမှာ မီးလောင်သောကြောင့် တယောက်ယောက်က မီးသတ်ကားခေါ်လိုက်တာ ဖြစ်မည်။ ကျနော် ကင်တင်းမှာ စားသောက်ပြီး၍ စက်ရုံထဲဝင်လာတော့ ရဲကားတစီး ပြန်ထွက်လာတာကိုလည်း တွေ့လိုက်ရသည်။ စက်ရုံမှာ မကြာခဏ အသေးစားမီးလောင်မှု ဖြစ်ပွားလေ့ရှိသည်။ စက်ရုံသက်တမ်းကလည်း အနှစ်ငါးဆယ် ကျော်ပြီလေ။ ဟိုတလောကလည်း စက်ရုံခေါင်မိုးပေါ်မှာ လျှပ်စစ်ဝါယာတွေ ရှော့ခ်ဖြစ်ပြီး မီးလောင်သေးသည်။
မီးသတ်ကားတွေ မီးသတ်နေရာ စက်ရုံအနောက်ဖက်ခြမ်းကို ကျနော်ရောက်လာတော့ မီးသတ်သမားတွေ အလုပ်ရှုပ်နေကြသည်။ အလုပ်ရှုပ်နေသော မီးသတ်သူတွေကြားထဲ တွေ့လိုက်ရတာက ကင်မရာတလုံးနှင့် ဓာတ်ပုံ တဖျပ်ဖျပ် ရိုက်နေသော သတင်းထောက်တဦးကိုပဲ ဖြစ်သည်။
မီးလောင်မှုဖြစ်ပွားသည်နှင့် မီးသတ်ကားများ၊ ရဲများနှင့် အတူရောက်လာတတ်သည်က သတင်းထောက်ပဲ ဖြစ်သည်။ သတင်းစာလွတ်လပ်ခွင့်ရှိသည့် နိုင်ငံမို့ သတင်းထောက်တွေ လွတ်လပ်စွာ သတင်းယူနေသည်ကို မကြာခဏ တွေ့ရတတ်သည်။
ကင်မရာတလုံးနှင့် ဓာတ်ပုံတွေ ရိုက်နေသော သတင်းထောက်ကို ကြည့်ရင်း စက်ရုံမီးလောင်တာကို ကျနော်လည်း မှတ်တမ်းတင်ချင်လာသည်။ သို့နှင့် ဟန်းဖုန်းမှာ ပါသည့် ကင်မရာနှင့် ဗီဒီယိုရိုက်လိုက်သည်။ ယခုကျနော် သုံးနေသည့် ဖုန်းမှာ Sony Ericsson C510 ဖြစ်သည်။ ဟန်းဖုန်းနှင့် ဗီဒီယိုရော ကင်မရာပါ ရိုက်လို့ရသည်ဆိုတော့ ကျနော်ရောက်လေရာ ထူးခြားသည်ထင်သည်တို့ကို မှတ်တမ်းတင်လို့ရသည်လေ။
စီတီစင်ဂျာနယ်လစ် ဘလော့ဂါ ကျနော်ကိုယ်တိုင်ရိုက်ထားသည့် စက်ရုံမီးလောင်သည့် ဗီဒီယိုကို အားလုံးကြည့်လို့ရအောင် အင်တာနက်ပေါ် တင်ပေးလိုက်ပါသည် ခင်ဗျား ။ ။

Sunday, September 20, 2009
(၃၈) ပြည်သူပိုင်သတင်းစာများ ကြီးကြပ်ရေးမှူး (ကြေးမုံဦးသောင်း)
ထောင်မှထွက်ခဲ့ပြီး ရက်သတ္တပတ် သုံးပတ်ကြာသောအခါတွင် တင်မောင်သည် နိုင်ငံတော်အစိုးရ၏ ၀န်ထမ်း အရာရှိတဦး ဖြစ်လာတော့သည်။ “မင်းမှုထမ်းဖြစ်စေ” ဟု ဦးနေ၀င်းက မန်းမှုတ်လိုက်သောကြောင့် အစိုးရအရာရှိ ဖြစ်လာသည်။ တင်မောင်တို့၏ အမျိုးထဲတွင် မင်းမှုထမ်းတဦးမှ မရှိခဲ့ပေ။ အစိုးရအရာရှိဖြစ်ရန် အိမ်မက်ပင် မမက်ခဲ့သူ ဖြစ်သည်။
‘ပြည်သူပိုင်သတင်းစာ ကြီးကြပ်ရေးမှူး’ ဟု ရာထူးသစ်တခုကို ဖန်တီးပြီး ခန့်ထားခဲ့သည့်နောက်ပိုင်းတွင် သတင်းစာ ကော်ပိုရေးရှင်းဖွဲ့သောအခါ၌ သတင်းဘက်ဆိုင်ရာ ဒု-ညွှန်ကြားရေးမှူးရာထူးသို့ တိုးပေးသောအခါတွင် တင်မောင်အတွက် အထူးတီထွင်ထားသော ရာထူးကို မည်သူကိုမှ ခန့်အပ်ထားခြင်းမပြုဘဲ လစ်လပ်ထားခဲ့လေ သည်။
ရာထူးရရှိသည့် အချိန်က အစိုးရပိုင် သတင်းစာငါးစောင်သာ ရှိသည်။ အစိုးရက ထုတ်ဝေသော လုပ်သားပြည်သူ့ နေ့စဉ် မြန်မာသတင်းစာ၊ Working People’s Daily အင်္ဂလိပ်သတင်းစာ၊ ကြေးမုံသတင်းစာ၊ Guardian အင်္ဂလိပ် သတင်းစာနှင့် ဗိုလ်တထောင်သတင်းစာ စုစုပေါင်း (၅) စောင်ရှိပါသည်။ ကြေးမုံအား (၁၉၆၄) ခု၊ စက်တင်ဘာလ (၁) ရက်နေ့က ပြည်သူပိုင်ပြုသောအခါတွင် ဦးသိန်းဖေမြင့်က ‘မိမိသည် တော်လှန်ရေးအစိုးရကို ယုံကြည်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထောက်ခံသူဖြစ်ပါသည်’ ဆိုကာ သူပိုင်သည့် ဗိုလ်တထောင် သတင်းစာကို တော်လှန်ရေးအစိုးရသို့ လှူဒါန်းလိုက်ခဲ့သည်။ (ဒင်းတို့ကို မနိုင်လျှင် သူတို့နှင့် ပေါင်းလိုက်ဟူသည့် လမ်းစဉ်ကို ဦးသိန်းဖေမြင့်လည်း လုပ်ဆောင်ခဲ့ပါသည်) ၁၉၆၄ ခု၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် ဗိုလ်တထောင်သည် ပြည်သူပိုင် သတင်းစာဖြစ်လာသည်။ (၅) ရက်ကြာသောအခါတွင်မူ အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေနေသော Guardian သတင်းစာကို ပြည်သူပိုင် ပြုခဲ့ပြန်ပါသည်။
၁၉၆၅ ခုနှစ်က စတင်ထုတ်ဝေသော Guardian သတင်းစာသည် ၀တ်လုံတော်ရ ဒေါက်တာမောင်မောင်ပိုင်သော သတင်းစာဖြစ်ပါသည်။ ဆရာမောင်မောင် အမေရိကန်သို့ ပညာတော်သင်သွားရသဖြင့် သတင်းစာကို ပိတ်ရမည် ဖြစ်နေသည့်အခါတွင် စစ်တပ်မှ ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးကြီးအောင်ကြီးနှင့် ဗိုလ်မှူးကြီးတင်ဖေတို့ (၃) ဦးက ကာကွယ်ရေးဝန်ဌာနမှ အသုံးစရိတ်မှ ငွေကို စာရင်းလှည့်ကာ ထုတ်ယူပြီး မိမိတို့ပိုင် ငွေပင်ငွေရင်း အဖြစ် မြှုပ်နှံကာ Guardian ကို ၀ယ်ယူခဲ့ပါသည်။ သူတို့ (၃) ဦးပိုင်သတင်းစာအဖြစ် ဆက်လက်ထုတ်သောအခါမှာ အကြီးအကျယ် တိုးချဲ့ခဲ့ပါသည်။ တပ်မတော်သက်သာချောင်ချိရေး စီးပွားလုပ်ငန်း BEDC မှ ၀ယ်ယူထားသည့် John Dickson Company သို့ ရွှေ့သည်။ မူလက စက္ကူနှင့် ပုံနှိပ်ပစ္စည်းများ ရောင်းချသော အင်္ဂလိပ်ကုန်တိုက်ကြီး များသို့ ရွှေ့ကာ ကျကျနန တိုးချဲ့စေကာမူ စစ်တပ်ဝါဒဖြန့်သတင်းများ ဖြစ်သောကြောင့် စောင်ရေမတက်ပါ။
ဦးလောရုံ၏ နေးရှင်းသတင်းစာကို မမီပါ။ အရှုံးများသဖြင့် စစ်တပ်ရန်ပုံငွေများကို အမြောက်အများနှင့် နှစ်စဉ်ထောက်ပံ့ခဲ့ရသည်။ ဗိုလ်မှူးကြီးသုံးဦးပိုင်သယောင်နှင့် မရှင်းမရှင်း စစ်တပ်ရန်ပုံငွေနှင့် ထုတ်သည့် သတင်းစာကို ဗိုလ်ချုပ်ကြီးနေ၀င်းက သဘောမကျဟု သိခဲ့ရသည်။ ထိုကြောင့် ကြေးမုံ၊ ဗိုလ်တထောင်သိမ်းပွဲနှင့် အတူ စစ်တပ်ပိုင်သော Guardian ကို ပြည်သူပိုင်အဖြစ် ရောနှောသိမ်းခဲ့သည်။
ပြည်သူပိုင်သတင်းစာ (၅) စောင်နှင့် မဂ္ဂဇင်းများကို ပြန်ကြားရေးဝန်ကြီးဌာန အတွင်းဝန် ဗိုလ်မှူးတင်ထွန်းက ဥက္ကဋ္ဌအဖြစ် ဦးစီးသော ကြီးကြပ်ရေးအဖွဲ့က အုပ်ချုပ်သည်။ တင်မောင်၏ တာဝန်မှာ ပြည်သူပိုင်သတင်းစာများ ကြီးကြပ်ရေးအဖွဲ့ဝင်အဖြစ် အဖွဲ့အစည်းအဝေး များတွင် တက်ရောက်ကာ ပြည်သူပိုင်သတင်းစာမဂ္ဂဇင်းများ၏ စာနယ်ဇင်းဆိုင်ရာ လုပ်ငန်းချွတ်ယွင်းမှုများကို ထောက်ပြရသည်။ ပုဂ္ဂလိက သတင်းစာများကို ပြည်ထဲရေးဝန်ကြီး ဌာနက ကွပ်ကဲ၏။
မြန်မာ့အလင်းနှင့် ဟံသာဝတီသတင်းစာကြီးနှစ်စောင်က ပုဂ္ဂလိကသတင်းစာများအဖြစ် မှေးလိုက်နေကြသည်။ မန္တလေးတွင် လူထုသတင်းစာရှိသည်။ တရုတ်-ဗမာ အရေးအခင်းဂယက်ကြောင့် ၁၉၆၇ ခု၊ ဇူလိုင်လ (၇) ရက်နေ့ တွင် ရပ်စဲလိုက်ရသည်။
လူထုသတင်းစာအဖို့ သတင်းစာ အသက် (၂၁) နှစ်တွင် စုတေစိတ်ကျရရှာသည်။ အသက် (၁၈) နှစ်ရှိသည့် ဗဟိုစည် သတင်းစာမှာ ရဟန်းတပါး၏ ကြေညာကို ဖော်ပြမိသောကြောင့် အယ်ဒီတာရော ပိုင်ရှင်ကိုပါ ဖမ်းပြီး သတင်းစာကို ပိတ်လိုက်ကြရသည်။
ဟိန္ဒူသတင်းစာ (၂) စောင်၊ တမယ်လ်သတင်းစာ၊ တယ်လဂူသတင်းစာနှင့် တရုတ်သတင်းစာ (၅) စောင်တို့ကို ၁၉၆၆ ခု၊ ဇန်န၀ါရီလ တရက်နေ့က ပုံနှိပ်ထုတ်ဝေခွင့် ရုပ်သိမ်းလိုက်သောကြောင့် ဘာသာခြား သတင်းစာများ အားလုံးပိတ်ကြရသည်။
၁၉၁၄ ခုနှစ်က စတင်ထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာနှင့် ၁၉၄၇ ခုနှစ်က စတင်ထုတ်ဝေသည့် ဟံသာဝတီသတင်းစာတို့ကို ၁၉၆၉ ခုနှစ်တွင် ပြည်သူပိုင်သိမ်းပြန်ပါသည်။ မကြာသေးသောကာလက မိမိပိုင်သတင်းစာကို ပြည်သူပိုင်အသိမ်းခံခဲ့ရသော တင်မောင်အား မြန်မာ့အလင်းသတင်းစာတိုက်သို့ သွားကာ ပြည်သူပိုင်သိမ်းစေဟု တာဝန်ပေးသောအခါ ကံကြမ္မာ၏ ဆန်းကြယ်ပုံကို သတိပြုမိသည်။ မိမိ၏ စိတ်ထဲ၌ ခံစားခဲ့ရသကဲ့သို့ တိုက်ရှင်များ ခံစားကြရမည်ကို ကိုယ်ချင်းစာနာပြီး စိတ်မကောင်းဘဲ ဆောင်ရွက်ခဲ့ရပါသည်။ တော်ပါသေးသည်။ ပိုင်ရှင်များက လိုလိုလားလား လွှဲပေးကြသည်။ စစ်အစိုးရ၏ လက်အောက်၌ သတင်းစာထုတ် ရသည်မှာ မလွယ်ပါ။ မှန်ရာကို ရေး၍မရသောကြောင့် စောင်ရေကကျပြီး စက္ကူဈေးကကြီး၊ အလုပ်သမားစရိတ်က ကြီးသဖြင့် အရှုံးပေါ်နေကြပါသည်။ အကြောက်ဆုံးမှာ တခုခုမှားပြီး ပုံနှိပ်မိလျှင် ပိုင်ရှင်ကိုပါ တနွယ်ငင် တစင်ပါ ဖမ်းတတ်လေသဖြင့် သတင်းစာတိုက်ကြီးကို “မောင်မင်းကြီးသားတို့ ယူတော်မူပါ” ဟု ထိုးအပ်ကြရှာ၏။ ဟံသာဝတီသတင်းစာကို မန္တလေးသို့ ပို့ပြီး ထုတ်ဝေသည်။ မြန်မာ့အလင်းက ရန်ကုန်မှာပင် ဆက်လက်ထုတ် ပါသည်။ ပုဂ္ဂလိကပိုင်သတင်းစာများ ပျောက်ကွယ်သွားရသည့်နောက်တွင် ပြည်သူပိုင်သတင်းစာ အစုစု (၇) စောင် ဖြစ်လာပါတော့သည်။
သတင်းစာကြီးကြပ်ရေးရာထူးနှင့် စတင်စဉ်က တင်မောင်၏ ရုံးခန်းမှာ ခန့်ညားလှပါသည်။ မိမိ ရုံးမတက်ရသေးကပင် ဗီရိုကြီး၊ စားပွဲကြီး၊ ဆုံလည်ကုလားထိုင်ကြီး အသစ်စက်စက်များကို ပြင်ဆင်ထားသည်။ တင်မောင်၏ လစာစကေးနှုန်းနှင့် ဤကဲ့သို့ အခန်း၊ ဤနှယ်စားပွဲ မပေးရပါ။ ဗိုလ်ချုပ်ကြီးက ရာထူးခန့်သူဖြစ်သဖြင့် အတွင်းဝန်စစ်ဗိုလ်က လန့်ဖျပ်ပြီး ဤသို့ အဆင့်မြင့်မြင့် စီစဉ်စေသည်ဟု သိရသည်။
ထောင်နန်းစံဘ၀က ဗိုလ်ချုပ်ကြီး၏ အကျဉ်းသားအဖြစ် အထူးအခွင့်အရေး ရခဲ့သကဲ့သို့ ပြန်ကြားရေးမှာ အထူးအခွင့်အရေး ခံစားရပြန်သည်။ ကံကြမ္မာဟုပဲ ဆိုရပါမည်။
(၁၃) နှစ်ကျောင်းသားဘ၀က နိုင်ငံရေးစိတ်ဓာတ် မျိုးစေ့ချပေးခဲ့ရာတွင် ကျောင်းသားကြီးနှစ်ဦးတို့က ကြီးစွာ လောင်းရိပ်ပေးခဲ့ပါသည်။ တယောက်က တပ်မတော်၏ ခေါင်းဆောင်တဦးဖြစ်လာသူ ဗိုလ်မှူးကြီးကြည်ဝင်း၊ ကျန်တယောက်က အလံနီပါတီတွင် ထိပ်သီးခေါင်းဆောင်ဖြစ်လာသည့် ကိုနေ၀င်းခေါ် ရဲနီစံညွန့် ဖြစ်သည်။ ကိုကြည်ဝင်းက ကျောင်းသားသပိတ် တရားပွဲစင်များပေါ်သို့ တင်ပေးသည်။ မြေအောက်ကျောင်းသား လှုပ်ရှားမှု စစ်လက်နက် ကိုင်တွယ်သုံးစွဲနည်းနာ စာတမ်းများကို ပေးသည်။ ကိုနေ၀င်းက မာ့က်စ်ဝါဒ သင်တန်းအမျိုးမျိုးကို တက်စေခဲ့သည်။ မိမိ၏ ကိုယ်ပိုင်ဉာဏ်နှင့် ဆုံးဖြတ်ပိုင်ခွင့်ရှိသော အရွယ်သို့ ရောက်လာသည့်အခါတွင်မူ စစ်တပ်ထဲ မ၀င်ဖြစ်သကဲ့သို့ အလံနီပါတီဝင်လည်း မဖြစ်ခဲ့ပေ။
မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးကို ဦးတည်လုပ်ဆောင်ရာ၌ စာနယ်ဇင်းများသည် အဓိက အင်အားဖြစ်သည်ဟု ခိုင်မာစွာ ယုံကြည်သောကြောင့် သတင်းစာ လောကထဲသို့ ၀င်ခဲ့သည်။ သတင်းမှန်များ ရှာဖွေ ထောက်လှမ်းရေးသားပြီး မှန်ကန်သည့် ဝေဖန်ဆန်းစစ်မှုကို ပြုလုပ်ဆောင်ရွက်ခြင်းသာ နိုင်ငံ၏ လွတ်လပ်ရေး ရရှိမှု၊ ထိန်းသိမ်းမှုအားအင် ဖြစ်သည်ဟု ပြင်းထန်စွာ ယုံကြည်ခဲ့သည်။ မိမိ ယုံကြည်ချက်အတိုင်း ရေးသားခွင့် ရရှိမည်ဆိုပါက ဗမာ့ခေတ်ကဲ့သို့သော ကွန်မြူနစ်ဆန့်ကျင်ရေး သတင်းစာတွင် လုပ်ကိုင်ရန်လည်း ၀န်မလေးခဲ့ပါပေ။
ဗမာ့ခေတ် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်စဉ်က ညတည၌ သာဗိန္ဒအမည်ရှိ မှော်ဆရာတဦး ပေါက်လားသည်။ မျက်နှာကြီး လူကြီးတဦး၏ ဇနီးနှင့် အရှုပ်အရှင်းကိစ္စကို ပြောပြသည်။ သတင်းကောင်းတပုဒ်ဟု ယူဆသောကြောင့် တဖွဲ့တနွဲ့ ရေးလိုက်မိသည်။ မှော်ဆရာသည် အမြို့မြို့အရွာရွာတွင် မိန်းမသိုက်တူးနေသည်ကို သိရသောကြောင့် အမျိုးသမီးများ ရှောင်ရှားနိုင်ရန် သတင်းအဆက်ဆက်ရေးနိုင်ခဲ့သည်။ လူထုက များစွာ စိတ်ဝင်စားခဲ့သည်။ ထိုကဲ့သို့ အညှီအဟောက် သတင်းရေးသည်မှာ တပ်မတော်က ရန်ကြီးအောင် စစ်ဆင်ရေးနှင့် တရုတ်ဖြူများကို တိုက်ထုတ်နေသည်ကို သိမ်ငယ်အောင်ပြုသည်။ အမေရိကန် စီအိုင်အေက ငွေပေးသဖြင့် ရေးသည်ဟု စစ်တပ်က စွပ်စွဲခဲ့သည်။ တင်မောင်အဖို့ ပထမဆုံးမဆီမဆိုင် ယိုးစွပ်မှုကို ခံခဲ့ရသည်။ အမေရိကန်ဘက်သားဟု စစ်တပ်က ယိုးသည်ကို ခံရသည်။
၁၉၅၈ ခုနှစ်မှာ အိမ်စောင့်အစိုးရက လက်ဝဲ၀ါဒီများ ချေမှုန်းရေးစစ်ဆင်ပြန်သောအခါတွင်မူ တင်မောင်အား ကွန်မြူနစ်ကြီးတဦးအဖြစ် ရန်ရှာပြန်သည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး စစ်တပ်က ဆိုရှယ်လစ်နိုင်ငံတည်ထောင် ပြန်သောအခါ၌ တင်မောင်အား အမေရိကန်၏ သူလျှိုဒလန်အဖြစ် ရန်ပြုပြန်သည်။ ယခု ဗိုလ်ချုပ်ကြီးက ရာထူးခန့်မှသာ တင်မောင်နှင့် စစ်တပ်တို့ အညမည မဟာမိတ်ဖြစ်လာတော့သည်။
အင်းစိန်ထောင်မှူး ဦးကျော်မင်းက ရုံးကိစ္စနှင့် တင်မောင်၏ရုံးကို ရောက်လာသော အခါတွင် “နားမလည်နိုင်ဘူးဗျို့။ အရင်ပတ်တုန်းက ခင်ဗျားဟာ တိုင်းပြည်ရဲ့ရန်သူဆိုပြီး ဖမ်းဆီးထားတာမို့ ကျုပ်တို့က ချုပ်နှောင်ထားခဲ့တယ်။ အခုတော့ တိုင်းပြည်ရဲ့တာဝန်ကို ထမ်းရတဲ့ အမှုထမ်းကြီးဖြစ်နေပြန်ပါလား။ ဘယ်လိုလဲဗျ” ဟု မေးသည်။
မိမိကိုယ်တိုင်ကလည်း မသိလေသောကြောင့် “နောဇာ နာမိ - ငါမသိ” ဟု မိမိရေးခဲ့ဖူးသော ဆောင်းပါးခေါင်းစဉ်ကို ရွတ်ပြလိုက်မိသည်။ ။

Sunday, September 13, 2009
VZO မှာ တရားနာ

ကမ္ဘာအရပ်ရပ်ရှိ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ အစရှိသော တရားတော်များကို စိတ်ဝင်စားသော ဗုဒ္ဓဘာသာ ကလျာဏ အနွယ်ဝင် သူတော်စင်များသည် လန်ဒန်မြို့ရှိ မိုးကုတ်ဝိပဿနာရိပ်သာက လန်ဒန်စံတော်ချိန် ည ၇ နာရီခွဲမှ စတင်ကာ အပတ်စဉ်စနေနေ့တိုင်း ဟောကြားပေးနေသော ၀ိပဿနာတရားကို VZO မှတဆင့် နာယူနိုင်ပါသည်။
တရားနာမည့်ပုဂ္ဂိုလ်သည် VZO တွင် ID တခု ရှိရမည်ဖြစ်ပြီး မိမိကွန်ပြူတာတွင်လည်း VZO ကို အနည်းဆုံး ဗားရှင်း 6.2 အထက် install လုပ်ထားရမည်ဟု ဆိုသည်။ ထို့နောက် မိမိ VZO ၏ Address Book တွင် mogoktalk ကို add လုပ်ရမည်။ တရားပွဲ စီစဉ်သူများက မိမိအား သိရှိနိုင်ရန်အတွက် လန်ဒန် မိုးကုတ်ဝိပဿနာ ရိပ်သာသို့ ဖုန်းဖြင့် ဖြစ်စေ၊ အီးမေးလ်ပို့၍ ဖြစ်စေ မိမိ တရားနာ နာယူလိုကြောင်းနှင့် မိမိ နေထိုင်ရာအရပ်၊ အသက်အရွယ်၊ အမည်နာမ နှင့် VZO ID တို့ကို အကြောင်းကြားထားရန်လိုအပ်ပါသည်။ ဖုန်းနံပါတ်နှင့် ဆက်သွယ်ရန် အီးမေးလိပ်စာများကို လန်ဒန်မိုးကုတ်ရိပ်သာ၏ အင်တာနက် စာမျက်နှာ www.mogok.co.uk တွင် ရယူနိုင်ပါသည်။ သံသရာမှ လွတ်ကြောင်း တရားကောင်းကို အားထုတ်နိုင်သူများ ဖြစ်ကြပါစေ။ ။
Saturday, September 5, 2009
(၃၇) ဗိုလ်ချုပ်ကြီးက ကျောကိုသပ်ကာ ကြိုဆိုခြင်း (ကြေးမုံဦးသောင်း)
ရှင်လိင်ပြန်သောနေ့၊ အိမ်ထောင်ကျသောနေ့နှင့် ထောင်မှ လွတ်သောနေ့တို့သည် အပျော်ဆုံးနေ့များ ဖြစ်သည်ဟု ဆိုရိုးရှိ၏။ တင်မောင်မကြားချင်သည့် သံတိုင်၊ သံတံခါးကို သော့ခလောက်ကြီးနှင့် ရိုက်ခတ်သည့် အသံဆိုးကြီးကို မကြားရတော့ပါ။ နေ့စဉ် နှစ်ကြိမ်နှစ်ခါ ထောင်မှူးက လူစာရင်းစစ်တိုင်း အိပ်ရာထိပ်တွင် ထိုင်ပြီး “ကျနော်ရှိပါတယ် ခင်ဗျား” ဟု ပုံစံပြရသော ၀ဋ်ကြွေးမှ လွတ်မြောက်ပါပြီ။ ည (၁၂) နာရီ ချုပ်ထားမှုမရှိတော့ဘဲ သွားလိုရာ သွားနိုင်ပါပြီ။ ဘာမလုပ်ရ၊ ညာမလုပ်ရ ဟူသည့် ထောင်မိန့်၊ ထောင်စည်းကမ်းများ မရှိတော့ပြီ။ ညံ့ဖျင်းသော မနက်စာ၊ ညစာတို့ကို မမြင်ရသောကြောင့် လွတ်လပ်သည့် အရသာကို တင်းပြည့်ကျပ်ပြည့် ခံစားစံစားနိုင်ပါပြီ။
“လွတ်ပြီတဲ့ ကျွတ်ပြီ
ကျွတ်ပြီတဲ့ လွတ်ပြီ၊
နေမင်းမောင် လင်းရောင်ညွတ်၊
ဒေါင်းလွတ်ခဲ့ပြီ”
ထောင်ကအထွက် ကားပေါ်တွင် အတူလွတ်ကြသူ ဆရာဒဂုန်တာရာ၏ မျက်နှာကို တစိမ့်စိမ့်ကြည့်ပြီး ဆရာမင်းသုဝဏ်၏ ကဗျာကလေးကို ရွတ်ဆိုကြည်နူးရသော ရသကို မေ့မရနိုင်ပေ။ ဖရဏာပီတိဂွမ်းဆီထိ မိမိ တကိုယ်လုံး အရည်ပျော်နေသည်ဟု ထင်မိသည်။ မိမိရင်ဘတ်ကို လက်နှင့်ဖေးပြီး ထိန်းထားမိသေးသည်။
ထောင်ကြီးပြန်များကို စစ်စုံထောက်များက ပက်လက်ထရပ်ကားကြီးနှင့် အိမ်အရောက်ပို့ပေးသည်။ ဆရာတာရာ အိမ်ပြီးမှ တင်မောင်၏အိမ်သို့ ရောက်သည်။ “ဟောဗျ” ညည်းညူရပြန်သည်။ တင်မောင်များစွာ မုန်းတီးလှသည့် သော့ခလောက်တခုက ၀င်းဝမှ မျက်စိမျက်နှာပျက်ပျက်နှင့် ဆီးကြိုနှုတ်ဆက်သည်ကို ရင်ဆိုင်ရပြန်သည်။ ခြံတံခါး မှာ သော့ခတ်ပြီး ပိတ်ထားသည်။
မိမိ၏ခြံဝ၌ ထိုင်ရမလို၊ ထရမလို ယောင်တီးယောင်န ဖြစ်နေမိတော့သည်။ တဘက်ခြံတွင်နေသူ ဗိုလ်ချုပ်ကြီး နေ၀င်း၏ ညီ ဦးသိန်းညွန့် မြင်သဖြင့် ကပျာကယာ ထွက်လာပါသည်။ “မွန်းတည့်နေပြီဗျ။ ကျနော်တို့ ထမင်းစားတော့မလို့၊ လာဗျာ ထမင်းစားလှည့်ပါ” ဟု ဖိတ်ခေါ်ပါသည်။ သူ၏ဇနီးသည် ထမင်းဟင်းအချက်ကောင်း သူ ဖြစ်သဖြင့် ပထမဆုံးစားရသည့် လွတ်လပ်သော နံနက်စာမှာ ဖွယ်ဖွယ်ရာရာ ရှိလှပါ၏။ သို့သော် ချို၏၊ ငံ၏ မသိလိုက်ရပါ။
တင်မောင်အဖို့ ရှင်လိင်ပြန်စဉ်ကကဲ့သို့ မပျော်နိုင်တော့ပါ။ ဒဂုန်တာရာ၏ အိမ်သို့ ရောက်စဉ်က သူ၏အိမ်သားများ တစုတရုံး ၀မ်းသာအယ်လဲ ကြိုဆိုကြပါသည်။ တင်မောင်မှာ ကိုယ်ပိုင် ခြံဝင်းတွင်းသို့ပင် မ၀င်နိုင်ပါ။
တင်မောင်၏ဘ၀သည် ပျက်စီးကြေမွသွားလေပြီ။ တင်မောင်သာမဟုတ်ပါ။ တင်မောင်နှင့်အတူ လွတ်လာကြသော ထောင်ထွက်အများတို့၏ ဘ၀များစွာတို့မှာလည်း ပျက်စီးသွားကြရှာပါသည်။
စစ်အစိုးရက အကြောင်းကြောင်းနှင့် ဖမ်းဆီးသူက များပြီး ပြန်လွှတ်သူဦးရေက နည်းပါးလှပါသည်။ မည်သူ့ကိုမှ သားမယားနှင့် တွေ့ဆုံခွင့် ထောင်ဝင်စာမပေးပါ။ အများစုမှာ စာအဆက်အသွယ်ပင် မပြုကြရပါ။ ထောင်တွင်း ရောက်သွားသည်နှင့် ပြင်ပတွင် ကျန်ရစ်သော မိမိ၏ မိသားစု၏ သတင်းကို မသိရတော့ပါ။ အလားတူပင် ပြင်ပ၌ ကျန်ရစ်သူ မိသားစုအဖို့လည်း မိမိ၏ ခင်ပွန်း၏အကြောင်းကို သေသည်ရှင်သည်ပင် မသိကြရပါ။ ရာဇ၀တ် ပြစ်ဒဏ်အရ ထောင်ကျသူများအဖို့ မည်သည့်နေ့၊ မည်သည့်ရက်တွင် လွက်မြောက်မည်ကို သိကြရသော်လည်း နိုင်ငံရေးနှင့် ထိန်းသိမ်းထားသူများမှာ မည်သည့်ရက်တွင်မှ လွတ်လေမည်ကို မသိကြရပါ။ ပြင်ပတွင် ကျန်ရစ်သူများအဖို့ စားဝတ်နေရေး အခက်အခဲကလည်း ကြီးမားလှပါသည်။ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို စစ်တပ်က လက်တည့်စမ်းချိန်ဖြစ်သဖြင့် ပိုမို ခက်ခဲကြရပါသည်။
မျက်စိအောက်မှ ပျောက်ကွယ်သွားသော မိမိတို့ခင်ပွန်းများ၏ မျက်နှာကို ပြန်လည်မြင်ကြရဦးမည်လော၊ ပြန်လာဦးမည် ဆိုပါက မည်သည့်ရက်တွင် ပြန်လာမည်နည်းဟု မသိကြရခြင်းသည် လူထုက စစ်အစိုးရကို ပိုမို ကြောက်လန့်စေမည်ဟု ယူဆကာ ဖမ်းထားသူများနှင့် သားမယားဆက်သွယ်မှုကို တင်းကြပ်စွာ ပိတ်ပင်ခဲ့ပါသည်။ ထိုကြောင့် ထိန်းသိမ်းခံအများစုတို့ အိမ်ထောင်များ ပျက်ကြရပါတော့သည်။ စစ်တပ်က ဖျက်ဆီးချေမှုန်းလိုက်သော မိသားစုဦးရေ အထောင်အသောင်းတွင် တင်မောင်၏ မိသားစုတစုလည်း အပါအ၀င် ဖြစ်ရပါတော့သည်။
ထောင်ကလွတ်ပါလျက် အရှုံးပေါ်ရစေကာမူ အရှုံးတွေထဲတွင် အမြတ်ကြီးစွာ ရရှိသည်ကို မဲရပေတော့မည်။ မိမိ ဖတ်လိုရာ စာများကို ဖတ်နိုင်ခွင့် ပြန်လည်ရရှိပါပြီ။ ဤကမ္ဘာကြီးတွင် စာအုပ်များနှင့် မဂ္ဂဇင်းဂျာနယ် ထုတ်လုပ်မှု အင်အားက များစွာ ကြီးမားလွန်းပါသည်။ လူတဦး၏ တသက်တာအဖို့ မိမိဖတ်သင့်သော စာအုပ်များကို ဖတ်ရန်ပင် အချိန်မလုံလောက်ပါ။ လူ၏ သက်တမ်းက တိုနေပြီး ဖတ်ရမည့်စာအုပ်က များပြားလွန်းပါသည်။ ထိုကြောင့် မိမိအဖို့ အရသာအရှိဆုံးစာပေနှင့် မိမိဖတ်သင့်သော စာပေကို ရွေးချယ်ဖတ်ရှုနိုင်မှသာ လူတန်းစေ့ မီနိုင်ပါသည်။ ဘ၀ဟူသည်မှာ တိုတောင်းလှသဖြင့် စာဖတ်ချိန် မလုံမလောက်ဖြစ်နေသည့် အပေါ်တွင် တင်မောင်၏ စာဖတ်သက်တမ်းကို စစ်အစိုးရက သုံးနှစ်တိုင်တိုင် မျက်စိပိတ်ထားသည်မှာ တင်မောင်အဖို့ အထူးနစ်နာမှု ကြီးလှပါသည်။ သေတပန် သက်တဆုံး အဆွေခင်ပွန်းဖြစ်သည့် စာအုပ်များထံ အလျဉ်မီအောင် ချဉ်းကပ်ပြီး အလျင်အမြန် စာဝါလိုက်ရသည်မှာ အရသာ ကြီးမားပါတော့သည်။
ထောင်က လွှတ်ပြီး (၄) ရက်အကြာတွင် အာဏာရှင်ကြီး ဦးနေ၀င်းက တင်မောင်ကို တွေ့ခွင့်ပေးပါသည်။ ထောင်သွင်းထားခဲ့သူများကို မျက်နှာချင်း ဆုံတွေ့ခွင့် ပေးလေ့မရှိပါ။ စစ်ဗိုလ်ကြီးများက သူ့ထံ အသနားခံစာရေး ပါက မဂ္ဂဇင်းထုတ်ဝေခွင့်မှစပြီး အစိုးရရာထူး အမျိုးမျိုးမှ သံအမတ်ရာထူးအထိ ပေးကာ မျက်ဖြေလေ့ရှိပါသည်။ တင်မောင်က သူ့ကို တွေ့လိုသည်မှာ ရာထူးတောင်းရန်၊ အလုပ်တောင်းရန် တွေ့လိုသည်မဟုတ်။ မိမိခံရသမျှကို ကျောကိုလှန်ကာ ဒဏ်ရာပြသကဲ့သို့ ပြောပြချင်သည်။ လုပ်ရက်ပလေခင်ဗျားဟု ရန်တွေ့လိုပါသည်။ သူက ခေါ်ယူတွေ့ဆုံသည်မှာ တင်မောင်အား ဖမ်းလိုက်ပြီးနောက် သတင်းစာတိုက်ကို သိမ်းလိုက်သဖြင့် သန်းကြွယ်သူဌေးဘ၀မှ သူတောင်းစားဖြစ်သွားသည်အထိ ပျက်စီးရုံမျှမက အိမ်ထောင်စုပါ ကြေမွသွား သောကြောင့် လူတစုံတယောက်ကို လက်လွန်ခြေလွန် လွန်မိသဖြင့် တွေ့ဟန်တူပါသည်။
အိမ်တော်သို့ တင်မောင်သွားသောအခါ လှေကားထိပ်မှ ဆီးကြိုသည်။ ခရီးထွက်ရာမှ ပြန်လာသည့် သားငယ် ညီငယ်ကို ကြိုဆိုသော မျက်နှာထားနှင့် နှုတ်ဆက်ပါ၏။ တင်မောင်၏ ကျောကို သပ်ပြီး ရုံးခန်းတွင်းသို့ ခေါ်ပါသည်။
“မင်းကို င့ါကောင်တဦးဦးက နှိပ်စက်သေးသလား။ အမှန်ကို ပြောစမ်းကွာ။ မင်းကို ကောင်းကောင်းထားဖို့ သေသေ ချာချာ ငါမှာထားတယ်။ ဒါပေမယ့် ငါ့ကောင်တွေက လက်လွန်တတ်တယ်။”
ကရုဏာဒေါသနှင့် ရင်းရင်းနှီးနှီး ပွန်းပွန်းတီးတီး သူက ပြောလေသောအခါ မျက်နှာကို စေ့စေ့ကြည့်ပြီး ရန်တွေ့ရန် ပြင်ထားသော တင်မောင်အဖို့ ဒေါသစကားလုံးများ ပျောက်သွားရသည်။
“လက်ဖျားနဲ့မှ မတို့ကြပါဘူး။ ကောင်းကောင်းထားပါတယ်” ဟု ဖြေလိုက်ရသည်။ ထောင်ထဲ၌ ကောင်းကောင်း ထားသည်ဆိုစေကာမူ ရွှေခွက်၊ ငွေခွက်နှင့် ရွှေထမင်း၊ ငွေထမင်း ကျွေးထားသော်လည်း အချုပ်အချယ်ခံ ဘ၀၏ ဆင်းရဲခြင်းအကြောင်းကို မပြောနိုင်တော့ပါ။
“အေးကွာ မင့်ကို လွှတ်ချင်ပေမယ့် နိုင်ငံရေးအခြေအနေကိုလည်း ကြည့်ရတယ်ကွ” ဟု စကားပြေထိုးပြီး နိုင်ငံရေး အခြေအနေကို ပြောပြသည်။ “ကွာ… ငါ့ကောင်တွေကို မနိုင်ဘူးကွ။ ငါခိုင်းတာတွေကို အတိအကျ မလုပ်ကြဘူး” ဟု ညည်းညူပါသည်။
သူ၏ မျက်နှာမှာ တင်မောင်အား ချုပ်နှောင်ထားခဲ့ရသောကြောင့် စိတ်မကောင်းဖြစ်ရပုံကို ပေါ်လွင်အောင် မြင်ရပါသည်။ ယခင်တွေ့စဉ်ကာလများက မှင်နှင့် မောင်းနှင့် လှုပ်ရှားခြင်း၊ ဒေါနှင့် မောနှင့် ပြောဆိုသည် တို့ကိုသာ မြင်ခဲ့ရသည့် တင်မောင်အဖို့ ရှေးက မမြင်ဖူးခဲ့သော စေတနာမျက်နှာထားကို မြင်ရသဖြင့် “ကြိုက်လတ်တုံမူ၊ တုံ့မယူလို၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်နိစ္စာ-ငါ့ခန္ဓာတည်း” ဟူသည့် အနန္တသူရိယအမတ်ကြီး၏ မျက်ဖြေလင်္ကာကို စိတ်ထဲမှ ရွတ်မိပါတော့သည်။ ခံရသူအဖို့ “အဟောင်းဝဋ်ကျွေး ကုန်ပါစေ။ ပြုတဲ့သူမှာ ၀ဋ်ကျွေးသစ် မဖြစ်ပါစေနဲ့” ဟု မေတ္တာပို့မိပါသည်။
“အခု မင်းဘာလုပ်မလဲ။”
“ရွာပြန်ပြီး မိဘတွေကို ကန်တော့ပါမယ်။ အသက်ကြီးလှကြပါပြီ”
“ငါသိတယ်။ ပုဂံဘက်သွားမှာပေါ့။ ဘယ်လိုသွားမှာလဲ။”
“ကားမောင်းသွားမှာပါ။”
“မင်းမှာ မိဘကို ကန်တော့ဖို့ ငွေလိုမှာပေါ့။ အောက်ထပ်ရောက်တော့ ရုံးခန်းထဲမှာ ၀င်ယူလိုက်ပါ”
“ကျေးဇူးတင်ပါတယ် ဦးရယ်”
“ရွာက ပြန်လာတော့ ဘာလုပ်မှာလဲ”
“စာရေးစားပါမယ်။ ရေးစရာတွေ အများကြီး ရှိပါတယ်”
“စာလည်းရေးပေါ့ကွာ။ ပြည်သူပိုင်သတင်းစာတွေကို ကြည့်လုပ်ပေးစေချင်တယ်။ ပြန်ကြားရေးဝန်ကြီးက မင်းကို ခေါ်ပါလိမ့်မယ်။”
ဖခင်တဦး၏ ကရုဏာမျက်လုံးနှင့် တင်မောင်အား ကြည့်ပြီး လာစဉ်ကကဲ့သို့ပင် တင်မောင်၏ ကျောကိုသပ်ပြီး လှေကားအထိ ပို့ပါသည်။ အောက်ထပ်တွင် အတွင်းဝန် ဗိုလ်မှူးကြီး ကိုကိုက ငွေ (၅၀၀) အထုပ်တခုနှင့် စောင့်နေ သည်။
တွေ့ဆုံပွဲတခုလုံး ငြိမ်းချမ်းသာယာပါသည်။ မေတ္တာစောင်း တီးခတ်သံပေ။ သို့သော် ထုံးစံအတိုင်း သူ၏ခါးတွင် သေနတ်ရှိသည်ကို သိသာမြင်တွေ့ရသည်။ သံရုံးဧည့်ခံပွဲက စပြီး မည်သည့်နေရာတွင် တွေ့တွေ့ သူ့မှာ သေနတ် တလက် အလွတ်ထိုးထားသည်ကို မြင်တွေ့ရလေ့ရှိပါသည်။ သူသေနတ်ထိုးပုံမှာ အခြား သေနတ်ကိုင်သူများနှင့် ခြားနားသည်။ လူမြင်သူမြင် ထင်ရှားစွာ ထိုးမထားဘဲ ဖုံးအုပ်ထားပါလျက် သူ့တွင် သေနတ်ပါသည်ကို လူသိသူသိ ဖြစ်အောင်၊ တစွန်းတစမြင်အောင် ပြထားလေ့ရှိပါသည်။ သူ၏ သေနတ်ထိုးနည်းက ‘ငါ့ကို မထိနဲ့ ပြန်ပေါက်မယ့် မြွေဟောက်ကွ” ဟု ဆိုင်းဘုတ်ရေးထားသကဲ့သို့ပေ။
မျက်နှာချင်းဆိုင်တွေ့မိကြရာတွင် တင်မောင်အား သူက သြဇာလွှမ်းမိုးနိုင်ခဲ့သည်။ တင်မောင်အဖို့ ဗိုလ်ချုပ်ကြီး နေ၀င်းအား ရန်သူတဦးအဖြစ် သဘောမထားနိုင်တော့ပြီ။ အကယ်၍သာ သူ့တွင် ရန်ရှိပါက ၀င်ရောက်ကယ်တင် မည့် မိတ်ဆွေရင်းတဦးအဖြစ် စေတနာ ထားမိခဲ့သည်။ ဤစေတနာသည် ယခုထက်တိုင် မိမိရင်တွင် ရှိနေသေးသည်။
တင်မောင်သည် လူမှန်းသိစကပင် သတင်းစာအလုပ်ကို ရွေးခဲ့သော ၀မ်းတွင်းပါ သတင်းစာသမားတဦး ဖြစ်သည်။ မိမိ၏ တာဝန်ကိုလည်း ရာသက်ပန် ကျေပွန်ရမည်ဖြစ်ရာ ဗိုလ်ချုပ်ကြီးနေ၀င်းက မိမိအား ပြုခဲ့သော အမှုမှန်သမျှကို ပြစ်တင်ရေးသားခြင်း မပြုတော့ရန် ဆုံးဖြတ်စေကာမူ သူက နိုင်ငံသားတို့အပေါ်တွင် ကျူးလွန်သည့် လူမှု ရာဇ၀တ်မှုများကိုမူ နိုင်ငံသားတို့ကိုယ်စား ကလောင်လက်နက်နှင့် ဆက်လက်တိုက်ပိုင်ခွင့်ရှိသည်။ တိုက်ရမည်ဟု ဆုံးဖြတ်ခဲ့မိပေသည်။ ။

Subscribe to:
Posts (Atom)