၂၀၀၉ ခုနှစ်၏ ဇန်န၀ါရီလ ပထမပတ်၌ ကျနော့်စက်ရုံမှာ အလုပ်တွေ ပါးနေသည်။ သံပြားခေါက်သည့် စက်ပျက်နေသောကြောင့် ကျနော်တို့ ဂဟေဆော်သည့် ဖက်သို့ ပစ္စည်းတွေ ရောက်မလာ။ ကျနော်လည်း စက်ရုံမှာ လုပ်စရာ မရှိလျှင် အိမ်ကို စောစောပြန်လေသည်။ အဲလိုစောစောပြန်ပေမယ့် ကျနော့်လစာကတော့ ပုံမှန်ပဲ ဖြစ်သည်။ တပတ်လျှင် ၃၇ နာရီဆင်းရမည်ဖြစ်သော်လည်း အလုပ်မရှိ၍ အိမ်စောစောပြန်သည့်အခါ ကျနော်လိုသွားသည့် နာရီတွေကို စက်ရုံက မှတ်ထားသည်။ နောက်တော့မှ အနုတ်ပြနေသည့် နာရီတွေကို ပြန်ဖြည့်ဆင်းပေးရတော့မည်။
ဒုတိယပတ်မှာ လုပ်စရာနည်းနည်းပါးပါး ရောက်လာပြီဆိုတော့ အိမ်ကိုစောပြန်စရာ မလိုတော့။ သို့သော်လည်း ထိုဒုတိယပတ်၏ ဒုတိယနေ့ဖြစ်သည့် အင်္ဂါနေ့မှာ ပြဿနာပေါ်တော့သည်။ မနက်ကိုးနာရီ အလုပ်နားချိန် စက်ရုံ ကင်တင်းမှာ အလုပ်သမားသမဂ္ဂ၏ ကိုယ်စားလှယ် (ဒိန်းမတ်အခေါ် Tillidsmand) က စကားထပြောသည်။ သူပြောနေတာ တွေကို ကျနော် နားမလည်ပါ။ ကိုယ့်အလုပ်နေရာကို ပြန်ရောက်မှ ကျနော့်ဘေးက ဒိန်းမတ် အလုပ်သမားတယောက်ကို ခုနက ဟိုလူ ဘာတွေပြောနေတာလဲဟု မေးရသည်။ ဒီတော့ သူက ဒီနေ့ အလုပ်သမား ၁၇ ယောက် အလုပ်ဖြုတ်တော့ မယ်လို့ ပြောနေတာ။ ဘယ်သူတွေ ပြုတ်မလဲဆိုတာ ဒီညနေမှာ ဌာနတာဝန်ခံတွေက ပြုတ်မဲ့သူကို လာအကြောင်း ကြားလိမ့်မယ်ဟု ဆိုလေသည်။ ဒီနေ့ အလုပ်ပြုတ်မည့်သူ ၁၇ ယောက်ထဲမှာ ကိုယ်လည်း ပါနိုင်တယ်ဆိုတာကို စိတ်က သိလိုက်ပေမယ့် ကိုယ်လုပ်စရာ ရှိတာကိုပဲ ဟန်မပျက် လုပ်နေလိုက်သည်။ ပတ်ဝန်းကျင်မှာတော့ အလုပ်သမားတချို့ ဟိုနား တစု ဒီနားတစု စကားစမြည် ရပ်ပြောနေတာကလွဲလို့ ထူးထူးခြားခြား ဘာမှမရှိ။ အားလုံးပုံမှန်ပင်။ ဒီလိုနှင့် ညနေ အလုပ်ဖြုတ်ခါနီး လက်ဆေးနေသည့် အချိန်အထိ ဘယ်သူတွေ အလုပ်ပြုတ်သွားပြီလဲ၊ ငါတို့ဌာနက ဘယ်သူတွေ ပါသွားပြီလဲ ကျနော်မသိသေး။ မကောင်းသတင်းကို တယောက်ချင်းလိုက်မေးနေလို့ကလည်း မကောင်း။ လက်ဆေးပြီးလို့ ပြန်ခါနီး အချိန်ကျမှ ကျနော့်ဘေးမှ အလုပ်ပြုတ်မည့်သတင်း ကျနော့်ကို ပြန်ရှင်းပြသည့်သူက `မနက်ဖန် ငါလာစရာ မလိုတော့ဘူး။ ငါအလုပ်နားသွားပြီ´ Jeg er fri i morgen. Jeg kommer ikke mere. ဟု ပြောလေသည်။
အခုတလော နေရာတိုင်းမှာ လူတွေလျှော့နေသည်မို့ အလုပ်ပြုတ်သွားသူတွေ အလုပ်ပြန်ရှာဖို့ ခက်ပေတော့မည်။ အလုပ်သမားသမဂ္ဂတွေမှာ အလုပ်ပြုတ်အာမခံ A’ kasse ၀င်ထားသူတွေအတွက် ခံသာသော်လည်း တချို့နေရာတွေ မှာ အလုပ်ပြုတ်အာမခံ မရှိကြဟုလည်း ကြားနေရသည်။ ယခင် ဒိန်းမတ်မှာ အလုပ်အကိုင်တွေကောင်းစဉ်ကတော့ ဂျာမန်တွေ၊ ပိုလန်တွေ အလုပ်လာလုပ်ကြသည်။ ယခုလို ဒိန်းမတ်တွေပါ အလုပ်တွေ ပြုတ်ကုန်ပြီဆိုတော့ နိုင်ငံခြားက အလုပ်လာလုပ်သူတွေ အိမ်ပြန်ကြရတော့မည်။
တိုင်းပြည်မှာ လူအများ ကြုံတွေ့ခံစားနေရသည်များကို ဖြေရှင်းပေးရန် တာဝန်ရှိသူများ ဖြစ်သည့် ၀န်ကြီးချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့၊ အတိုက်အခံ ပါတီခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အလုပ်သမား သမဂ္ဂများ အစရှိသူများက စီးပွားရေးကျဆင်းနေသည့် ကိစ္စများကို တိုင်ပင်ဆွေးနွေးနေကြသည် များကို ဒိန်းမတ်သတင်းများ အရ သိနေရသည်။
မြန်မာပြည်မှာရော တာဝန်ရှိသူ အစိုးရအဖွဲ့မှ ဖြေရှင်းပေးပါသလား။ လက်ရှိအုပ်ချုပ်နေသည့် အစိုးရ သက်တမ်းကရော ဘယ်တော့ကုန်မှာလဲ။ စစ်တပ်က ဘယ်တော့မှ ဘားတိုက်ကို မပြန်တော့ဘူးလား။ ဒေါ်အောင်ဆန်းစုကြည်ကိုရော တသက်လုံးဖမ်းထားတော့မှာလား။ နိုင်ငံရေးအကျဉ်းသားများနှင့် ရွှေဝါရောင်သံဃာတွေကိုရော နယ်စွန်နယ်ဖျားပို့ပြီး အသေသတ်နေပြီလား။ တိုင်းပြည်ကို လက်ရှိအုပ်ချုပ်နေသူများ၌ တာဝန်ရှိပါသည်။ ဘားတိုက်ကို မပြန်ချင်တော့သည့် စစ်တပ်ကို စီးပွားရေးကပ်နှင့်အတူ တပါတည်း တွန်းချလိုက်နိုင်လိုက်မည် ဆိုလျှင်တော့… မြန်မာပြည် ပြန်လည် ဦးမော့ လာနိုင်သေးသည် ဟု မျှော်လင့်မိပါသည်။ ။
Tuesday, January 27, 2009
Tuesday, January 20, 2009
(၂၃) အစိုးရပိုင်သတင်းစာများ (ကြေးမုံဦးသောင်း)
၁၉၆၃ ခု၊ အောက်တိုဘာ (၁) ရက်နေ့တွင် တော်လှန်ရေးအစိုးရ၏ အာဘော်ဖြစ်သော လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာကို စတင်ထုတ်ဝေသည်။ တော်လှန်ရေးအစိုးရ အဖွဲ့ဝင်များအဖို့ သတင်းစာ အမည်အတွက် အချိန်ကြာမြင့်စွာ စဉ်းစားရလေသည်။ အစိုးရက ဆိုရှယ်လစ်စီးပွားရေး စနစ်သို့ ချီတက်မည်ဟု ဆုံးဖြတ်စဉ်က အရှေ့ကွန်မြူနစ်တို့၏ စနစ်မဟုတ်ဘဲ မြန်မာ့နည်း မြန်မာ့မူနှင့် လုပ်ဆောင်မည်ဟု ကြေညာခဲ့သောကြောင့် လက်ရှိ ဆိုရှယ်လစ်နိုင်ငံများမှ သတင်းစာများ အမည်နှင့် မတူသော အမည်ကို ရှာဖွေကြရသည်။
လုပ်သားသတင်းစာဟု အမည်ပေးလျှင် ဥရောပကွန်မြူနစ်နိုင်ငံ သတင်းစာများနှင့် အမည်တူ ဖြစ်နေသည်ကို ကြောက်ကြသည်။ ပြည်သူ့နေ့စဉ်ဟု မှည့်ခေါ်ပါက တရုတ်ပြည် နောက်လိုက်ဖြစ်မည် ကို စိုးရိမ်သောကြောင့် လုပ်သားပြည်သူ့သတင်းစာဟု အမည်ဆန်းပေးကြသည်။ သတင်းစာအယ်ဒီ တာချုပ်အဖြစ် ဆရာကြီး ရွှေဥဒေါင်းကို ခန့်ထားသည်။ ၀တ္တုဘာသာပြန် ပါရဂူဆရာကြီးသည် မန္တလေး လူထုသတင်းစာတွင် လက်ဝဲယိုင်သော ခေါင်းဆောင်များကို* ပြောင်မြောက်စွာ ရေးသားခဲ့သူ ဖြစ်သည်။ ဆရာကြီး လက်အောက်မှ မြို့ ပြ အယ်ဒီတာ (သို့မဟုတ်) သတင်းအယ်ဒီတာရာထူးနှင့် အယ်ဒီတာအဖွဲ့ဝင်ရာထူးများကို လက်နက်ချ အလံဖြူ၊ အလံနီကွန်မြူနစ်များက အရှက်မဲ့စွာ ၀င်လုခဲ့ ကြသည်။
သတင်းစာ ထွက်စကာလက စာပေဗိမာန် ဦးထင်ကြီး၊ သံတော်ဆင့် ဦးမောင်မောင်ကြည်တို့ကို အစိုးရ က ခေါ်ပြီး အပ်သည်။ သူတို့သည် သတင်းစာပညာရှင်များ ဖြစ်ကြသည်။ သို့သော် လက်အောက်မှ လက်နက်ချသူများက သတင်းစာထွက်မရစေရန် စာမူများကို ဖျောက်ကြသည်။ ဓာတ်ပုံဘလောက်များ ကို ခိုးဝှက်ကြသည်။ အမျိုးမျိုး နှောက်ယှက်ကြသဖြင့် သမရိုးကျ သတင်းစာဆရာများ လက်မြှောက်ပြီး ထွက်သွားကြရသည်။ ဤတွင်မှ ကွန်မြူနစ်များသည် မင်းက ဘယ်နေရာယူ၊ ငါက ဘာလုပ်မယ်ဟု ဝေစုခြွဲ့ပီး အပိုင်စီးကြသည်။
`သတင်းစာ သြဇာဆိုတာ အာဏာရဲ့ လှေကားထစ်ပဲ ဆိုတာ စစ်ဗိုလ်တွေ နားမလည်ကြပါဘူး။ သတင်းစာတွေကို တို့များ လက်မှာ ရှိရမယ်´ ဟု လက်နက်ချများက လမ်းစဉ်ချကြသည်။ သမရိုးကျ သတင်းစာဆရာများကို သူတို့က ကျောင်းဟောင်းတွေဟု ခေါ်၏။ ကျောင်းဟောင်းတွေ နေရာမရ စေရန် စစ်ဗိုလ်ကြီးများကို ချော့မော့ပေါင်းသင်းကြသည်။ ကျောင်းဟောင်းများ ၀င်လာပါက စစ်ဗိုလ် များနှင့် ရန်တိုက်ပေးကြသည်။
သူတို့ ရည်ရွယ်ချက်အတိုင်း တော်လှန်ရေးအစိုးရခေတ်နှင့် မဆလခေတ်တွင် သတင်းစာလောက တခုလုံး လက်နက်ချများ၏ လက်တွင်းသို့ ရောက်ရှိသွား၏။ ခက်သည်မှာ သူတို့က များသောအားဖြင့် စာအရေးအသား ညံ့ဖျင်းကြသည်။ ထို့ပြင် ပြတ်ပြတ်သားသား မရေးဝံ့ကြ။ ထို့ကြောင့် စစ်ဗိုလ်ကြီးများ အား နဖူးပွန်းလောက်အောင် ဒူးထောက်နေကြသဖြင့် ရာထူးကြီးများသာ ရရှိပြီး သြဇာမရရှာကြပါပေ။ ယင်းကဲ့သို့ မင်းလိုလိုက် မင်းကြိုက်ကို ရေးတတ်ကြသော ကွန်မြူနစ်သတင်းစာဆရာ လက်သစ်များ လက်တည့်စမ်းကြသောကြောင့် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာကို လူထုက စိတ်ဝင်စားမှု မရှိဘဲ ကျောခိုင်းကြသည်။
လုပ်သားသတင်းစာက ကြေးမုံ၊ ဟံသာဝတီတို့ထက် စာမျက်နှာ နှစ်ဆ ထူရုံသာမက အရွယ်ကလည်း နှစ်ဆကြီးသည်။ ကုန်ထုပ်စက္ကူ ရှားပါးနေပြီဖြစ်သဖြင့် လုပ်သားကို တလ (၇)ကျပ်နှင့် လကြည့်ဝယ် ပြီး လကုန်တွင် စက္ကူပြန်ရောင်းလျှင် (၈ - ၉) ကျပ် ရနိုင်ပါလျက် လူထုက မ၀ယ်ဖတ်ကြပေ။ လုပ်သားက စောင်ရေ (၁၀၀၀၀)ခန့်သာ ရောင်းရပြီး၊ ကြေးမုံက (၅) ဆပိုမို ရောင်းရသည်။ လုပ်သား အင်္ဂလိပ်သတင်းစာ Working People’s Daily ထွက်လာသောအခါတွင်မူ လူထုက လက်ခံအားပေး ကြသည်။ Guardian အင်္ဂလိပ်သတင်းစာသည် ဒေါက်တာမောင်မောင်ပိုင်သည့် သတင်းစာ ဖြစ်ခဲ့သည်။ ဆရာမောင်မောင် ပညာတော်သင်ဆု ရသဖြင့် အမေရိကန်သို့ သွားသောအခါတွင် စစ်တပ်၏ လျှို့ဝှက်ရန်ပုံငွေနှင့် ၀ယ်ယူပြီး ဗိုလ်မှူးကြီး (၃)ဦးပိုင်အဖြစ် ဆက်လက်ထုတ်ဝေခဲ့သဖြင့် စစ်တပ်ပိုင် သတင်းစာ စစ်စစ်ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်ကြီးနေ၀င်းက မျက်နှာကြောမတည့် သောကြောင့် အစိုးရပိုင် အင်္ဂလိပ်သတင်းစာထုတ်ရန် ပြန်ကြားရေးဝန်ကြီးအား အမိန့်ပေးကြောင်း သိရသည်။ အမိန့်အရ Working People’s Daily သတင်းစာကို ၁၉၆၄ ခု၊ ဇန်န၀ါရီလ (၁၂) ရက်တွင် စတင်ထုတ်ဝေသည်။ ရန်ကုန်တက္ကသိုလ်မှ ဆရာဦးခင်မောင်လတ်အား အယ်ဒီတာချုပ်၊ ဇနီး ဒေါ်ခင်မျိုးချစ်ကို လက်ထောက်အယ်ဒီတာအဖြစ် ခန့်ထားသည်။ ကွန်မြူနစ်လက်နက်ချ လောကတွင် အင်္ဂလိပ်ဘာသာရေးတတ်သူ နည်းပါးသောကြောင့် အင်္ဂလိပ်သတင်းစာသို့ များများ မ၀င်နိုင် သောကြောင့် ဆရာဦးခင်မောင်လတ်မှာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ရရှိခဲ့သည်။
Working People’s Daily ထွက်လာသည်နှင့် ထိုစဉ်က လက်ငင်းရင်ဆိုင်နေကြရသော စီးပွားရေး အခက်အခဲများကို ဆရာဦးခင်မောင်လတ်က ပွင့်လင်းစွာ ဝေဖန်ရေးသားသည်။ တခါက တရုတ်ပြည် တွင် ပန်းတိုင်းပွင့်ပါစေဟု လွတ်လပ်စွာ ရေးသားခွင့်ပြုခဲ့သကဲ့သို့ လုပ်သားပြည်သူများ မိမိတို့ ထင်မြင် ချက်များကို လွတ်လပ်စွာ တင်ပြကြပါဟု ပြန်ကြားရေးဌာနက ဖိတ်ခေါ်သောအခါ အင်္ဂလိပ်စာတတ် များက မြန်မာလမ်းစဉ် ဆိုရှယ်လစ်စီးပွားရေး စနစ်ကို ပယ်ပယ်နယ်နယ် ဝေဖန်ပြစ်တင်သော စာများ ရေးသား ပေးပို့ကြသည်။ ယင်းဝေဖန်ချက်များကို ပုံနှိပ်ပေးသဖြင့် အင်္ဂလိပ်လုပ်သား မဟာစောင်ရေ တိုးတက်ရောင်းချရသည်။ မြန်မာလုပ်သားသတင်းစာမှာ ကွန်မြူနစ် အယ်ဒီတာများက လူထုပေးစာ မှန်သမျှကို ပုံနှိပ်ရန် သတ္တိမရှိသောကြောင့် စောင်ရေမတက်ပေ။ စောင်ရေတိုးသည် ဆိုပေမယ့် Working People’s Daily သတင်းစာက ဦးလောရုံ Nation ၏ စောင်ရေကို မမီခြင်း၊ မြန်မာလုပ်သား က အရှူံးခံပြီး စာမျက်နှာ နှစ်ဆထုတ်ပါလျက် ပုဂ္ဂလိကသတင်းစာများ ရောင်းချကြရသည့် စောင်ရေ ၏ အောက်သို့ ရောက်ရှိနေခြင်းတို့ကြောင့် ဗိုလ်ချုပ်ကြီးနေ၀င်းက စိတ်မကြည်ဟု ကြားရသည်။
အစိုးရက တခုခုလုပ်လေမည်ဟု မျှော်လင့်ကြသည့်အတိုင်း အရပ်သားပိုင် သတင်းစာတွေကို အစိုးရက ဖိအားပေးလေတော့သည်။ ပုဂ္ဂလိကလုပ်ငန်း၏ အမြတ်ခွန်နှုန်းကို ပြင်သည်။ အမြင့်ဆုံး ၀င်ငွေကို အမြတ်တော်ခွန်နှုန်းထားကို (၉၉) ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်သည်။ ခေတ်ရှေ့ပြေး အင်္ဂလိပ်စာဖြစ်သော Nation သတင်းစာစက်နှင့် တိုက်ကိုလည်း သိမ်းလိုက်လေသောကြောင့် ၁၉၆၄ ခု၊ မတ်လမှာ ရပ်စဲရရှာသည်။
ကြေးမုံသတင်းစာကို အခွန်ရုံးသို့ တင်ပြသည့် စာရင်းများကို လက်မခံဘဲ ဒဏ်ငွေ ကျပ်နှစ်သိန်း တကြိမ်တည်းပေးစေဟု စီရင်ချက်ချသည်။ ထိုအချိန်က ငွေကျပ်နှစ်သိန်းမှာ တရင်းတနှီးကြီး ဖြစ်သဖြင့် ပေးဆောင်ရန် ခက်နေခဲ့သည်။ ကံအားလျော်စွာ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အထူးအရာရှိ အဖြစ် ဦးဘညိမ်းရောက်လာသည့် အချိန်တွင် အခွန်တော်အမှု ဖြစ်ရသည်။ ဦးဘညိမ်း အတွင်းဝန် ရာထူးမှ ထွက်ပြီး အလုပ်သမား လယ်သမားပါတီ တည်ထောင်စဉ်က စာရေးသူက သူတို့ပါတီကို နေ့စဉ်ဝင်ထွက်ခဲ့သဖြင့် ရင်းနှီးရုံသာမက ဦးဘညိမ်းက ကြေးမုံတွင် မကြာခဏ ဆောင်းပါးရေးနေသူ ဖြစ်လေသောကြောင့် `ဆောင်းပါးရှင်ကြီးရယ် … ကူပါဦး၊ ကယ်ပါဦး´ ဟု သူ့ကို ကပ်လေမှ လဆိုင်းနှင့် ပေးဆောင်စေဟု အမိန့်ကို ပြင်ပေးသဖြင့် ကြေးမုံအဖို့ အသက်ဆက်ရပြန်နိုင်သည်။
Nation ရပ်သွားသောအခါတွင် Working People’s Daily အဖို့ လွတ်လပ်စွာ ဖော်ပြသော အယ်ဒီတာထံ ပေးစာများကြောင့် စောင်ရေတက်လာသည်။ Guardian ထက် စောင်ရေ များလာသည်။ သို့သော် ပန်းပွင့်များမှ ကြိုင်လှိုင်သော ရနံ့ကြူကြူကို ဗိုလ်ချုပ်ကြီးက ပုပ်စော်နံသည်ဟု ယူဆသည်ဟု ကြားရသည်။ အယ်ဒီတာကြီး ဦးခင်မောင်လတ်အဖို့ သက်ဆိုး မရှည်ရှာပေ။
ဆရာဦးခင်မောင်လတ်အား ဗိုလ်နေ၀င်းက ခေါ်တွေ့ပြီး `ဆရာကြီး၊ သံအမတ်ရာထူး ယူပါလား´ ဟု ရာထူးပြောင်းလဲ ခန့်ထားသောအခါတွင် `ကျနော် သံအမတ်မလုပ်ချင်ဘူး၊ သတင်းစာဆရာဘ၀ကို ပျော်တယ်။ မကျေနပ်လျှင် ထွက်ပေးမယ်´ ဟု ရဲရဲဝံ့ဝံ့ ပြောပြီး အယ်ဒီတာချုပ်ရာထူးမှ ထွက်လိုက် သည်။ အစိုးရ သံအမတ်ရာထူးနှင့် ချီးမြှင့်သည်ကို သတင်းစာဆရာများက မက်မောလေ့မရှိပေ။ စစ်ဗိုလ်များသာ ငမ်းငမ်းတက် မက်မောကြလေ့ရှိသည်။ ဆရာတက်တိုး၊ ဦးအုန်းဖေတို့လည်း သံအမတ်ခန့်သည်ကို ငြင်းခဲ့သည်။ သတ္တိခဲ ဆရာဦးခင်မောင်လတ်ကို ထုတ်သောနေ့က မြန်မာလုပ်သားသတင်းစာတွင် စာရေးသူက ဆောင်းပါးတစောင်ရေးပြီး ဂုဏ်ပြုခဲ့၏။
(မြက်ထုံးကြီးပုံပြင်)
တရံရောအခါမှာ ဖုန်းတောင်းစားတဦးဟာ တခုသော တောစပ်မှာရှိတဲ့ ဇရပ်တဆောင်မှာ ထိုင်နေခိုက် နေပူထဲတွင် မြက်ထုံးကြီးတထုံးကို ပင်ပန်းစွာ ထမ်းပိုးတခုနှင့် ထမ်းလာတဲ့ သူဌေးသားတယောက် ၀င်ရောက်လာတာကို တွေ့ရသတဲ့။
မောပန်းနေတဲ့ သဌေးသား အပန်းဖြေပြီး ပြန်ထွက်ဖို့ ပြင်ဆင်တော့ လာစဉ်ကအတိုင်း မြက်ထုံးကြီးကို တထုံးတည်းစည်းထုံးပြီး ထမ်းပိုးတဘက်မှာ တင်ချိတ်ကာ တစောင်းထမ်းပြန်တာ တွေ့တာကြောင့် အကြံပေးမိသတဲ့။
`အမောင်၊ ထမ်းပိုးမှာ မြက်ထုံးတခုတည်းကို ချိတ်ကာ တစောင်းထမ်းမည့်အစား မြက်များကို အညီအမျှ နှစ်ထုံးခွဲစည်းပြီး ထမ်းပိုး တဘက်တချက်မှာ ချိတ်ကာ ထမ်းပါက များစွာ သက်သာပေမည် မဟုတ်ပါလား။´ အဲဒီလို အကြံပေးတာကို သူဌေးသားက အတန်ကြာ စဉ်းစားပါသတဲ့။ သေသေချာချာ စဉ်းစားပြီးမှ သူဌေးသားက အဖြေပေးသတဲ့။
`အချင်း ဖုန်းတောင်းစား၊ သင်ပြောသော အကြံသည် ကောင်း၏။ မှန်၏။ မြက်များကို နှစ်စု၊ နှစ်ထုံးခွဲစည်းကာ ထမ်းလျှင် များစွာ သက်သာမည်မှာ မှန်ပေ၏´ လို့ ၀န်ခံသတဲ့။
အဲဒီလို ၀န်ခံပေမယ့် သူဌေးသားက မြက်ထုံးကြီးကို ပြင်ဆင်စည်းနှောင်ခြင်း မပြုဘဲ လာရောက်စဉ်က အတိုင်း တထုံးတည်းကိုသာ ထမ်းပိုးမှာ ချီတင်ပြီး တစောင်းထမ်းကာ ပင်ပန်းတကြီး ခရီးဆက်လေ သတဲ့။ ဆက်မသွားမီ သူဌေးသားက ပြောကြားတာက `အဘယ် ဖုန်းတောင်းစား … သင်ပေးသော အကြံ ကောင်းသည်မှာ မှန်၏။ သို့သော် သင်သည် သူတောင်းစားသာ ဖြစ်ချေ၏။ ငါကား သူဌေးသား ဖြစ်ပေသည်။ သူဌေးသားတဦးက သူတောင်းစားပေးသော အကြံကို နာယူလက်ခံလျှင် ရာဇ၀င် ရိုင်းချေမည်။ ထိုကြောင့် မည်မျှ ပင်ပန်းစေကာမူ ငါသည် မူလက ထမ်းသည့်နည်းအတိုင်း ထမ်းပေအံ့´ တဲ့။ ။

Monday, January 12, 2009
(၂၂) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နှင့် သတင်းစာများထိပ်တိုက် (ကြေးမုံဦးသောင်း)
၁၉၆၂ ခုနှစ်၊ မတ်လတွင် အာဏာသိမ်းခဲ့ပြီး ပါတီဝင် (၂၀) နှင့် တည်ထောင်ခဲ့သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို လူထုပါတီအဖြစ် စည်းရုံးရေးကို ဇူလိုင်လ (၄) ရက်က စတင်သောအခါတွင် ကြံကြံဖန်ဖန် ပါတီဝင်ခွင့် လျှောက်လွှာပုံစံများကို လာရောက်ယူကြပါဟု စီစဉ်သည်။ လူထုကြီးက အရှိန်အဟုတ်ပြင်းစွာ အင်တိုက်အားတိုက် လာကြမည်ဟု မျှော်လင့်ထားသောကြောင့် အဓိကရုဏ်းနှိမ်နင်းရေးတပ်များကို အသင့်ပြင် ထားကြပါသေးသည်။
“ငညို့အထင်နှင့် နှမ်းထွက်မကိုက်” ဟူသော စကားပုံကဲ့သို့ လက်တဆုပ်ခန့်သာ ရှိသော လူဦးရေအနည်းငယ် သာ တဖွဲဖွဲ ဂတ်တဲများသို့ လာပြီး ပုံစံတောင်းကြသည်။ တော်လှန်ရေးကောင်စီက စာပေလောကသားအများ ၀င်လာကြလေမည်ဟု မျှော်လင့်ထားစေကာမူ စိတ်ဝင်စားမှုမရှိကြသဖြင့် မလာကြသောကြောင့် တနည်းတဖုံ စည်းရုံးပြန်ပါသည်။
နိုဝင်ဘာ (၁၇) ရက်နေ့တွင် (၄) ရက်တာ စာပေနှီးနှောဖလှယ်ပွဲကြီးကို တော်လှန်ရေးကောင်စီက ဦးစီးကျင်းပ ပါသည်။ ပါတီသစ်ဖွဲ့စည်းသည်ကို ပထစ၊ ပမညတနှင့် တည်မြဲဖဆပလတို့က တာဝန်ကျေစွာ ထောက်ခံကြိုဆို ပြီးကြပါပြီ။ စာပေပွဲတော်တွင် သဘာပတိဆရာ သိန်းဖေမြင့်က ထောက်ခံကြောင်းကြေညာပါသည်။ လက်ဝဲခေါင်းဆောင် ဆရာသိန်းဖေမြင့်က တော်လှန်ရေးကောင်စီ၏ မူဝါဒကို အမှန်တကယ် ယုံကြည်သော ကြောင့် သူပိုင်သည့် ဗိုလ်တထောင်သတင်းစာကို လှူဒါန်းပြီး ဆောင်းပါးရှင်အဖြစ် အလုပ်အကျွေးပြုပါသည်။ အစိုးရကလည်း သူ့ကို တော်လှန်ရေးကောင်စီ အတိုင်ပင်ခံ အဖွဲ့လူကြီးအဆင့်ထိ မြှောက်စားခဲ့သော်လည်း နောက်ပိုင်း စီးပွားရေးအကျပ်အတည်းများ တွေ့ကြရသည့်ခေတ်၊ ၁၉၇၆ ခုနှစ်တွင် သူ့အား ဆောင်းပါးရေးခွင့် မပြုတော့ဘဲ နှုတ်ပိတ်လိုက်ပါသည်။
အစိုးရဘက်က ဗိုလ်မှူးကြီးဘိုက “စာနယ်ဇင်းတို့ ဘာတွေရေးကြရမယ်လို့ အစိုးရက ညွှန်ကြားမှု မပြုပါဘူး။ အချိန်ကာလအရ ပြောင်းလဲ ချီတက်နေတဲ့ နိုင်ငံရဲ့လမ်းစဉ်ကို အထောက်အကူ ပြုကြပါ” ဟု မေတ္တာ ရပ်ပါ၏။
ဆွေးနွေးပွဲ တက်ရောက်သူ (၇၀၀) တို့အနက် (၂၁၀) တို့က မိမိတို့ အယူအဆကို တင်ခွင့်ရကြသဖြင့် ဆရာကြီး ဇေယျက “လွတ်လပ်စွာ တွေးပြီး၊ လွတ်လပ်စွာရေးမှသာ စာကောင်းပေမွန် ထွက်လာနိုင်ပါသည်” ဟု တင်ပြ သကဲ့သို့ အားလုံးက လွတ်လပ်ခွင့်ကို တောင်းကြလေသည်။
ဆွေးနွေးပွဲကြီးမှ ဆုံးဖြတ်ချက်မထွက်လာဘဲ စာရေးဆရာများ အလုပ်သမား လယ်သမားတို့ထံ သွားရောက် လေ့လာလိုက အစိုးရက စရိတ်ကူညီမည်ဟူသည့် အစီအစဉ်တခုသာ ပေါ်ပေါက်လာပြီး ဆရာအချို့၏ စာအချို့ ထွက်လာသည်မှတပါး အကျိုးမထွန်းပါ။
တော်လှန်ရေးကောင်စီသည် အသွင်အားဖြင့် စစ်ကောင်စီကဲ့သို့ ဖြစ်နေပေသည်ကို မလိုလားကြချေ။ တော်လှန် ရေးတရပ်ကို တော်လှန်ရေးသဘော လက္ခဏာဆောင်သော နိုင်ငံရေးပါတီကြီးတရပ်ကသာ ဦးဆောင်သင့် ပေသည်။ ထိုကြောင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်နှင့် အညမည လူနှင့် လူပတ်ဝန်းကျင် သဘောတရားစာတမ်း သည် နိုင်ငံတော်အစိုးရ၏ မူဝါဒ ဖြစ်သည်ဟု ၁၉၆၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်နေ့မှာ ကြေညာပါသည်။
ဆိုရှယ်လစ် ညီညွတ်မှုဟူသည်မှာ လူတဦးစီ၊ တစုစီတို့၏ စိတ်ဆန္ဒနှင့် အားထုတ်မှုက တဘက်၊ လူ့အဖွဲ့စည်း ကို ဗဟိုက ဦးဆောင်လမ်းညွှန်မှုဟူသော ဝေါဟာရကို ကျောချမ်းမိကြသည်။ ယနေ့ ကျွန်ုပ်တို့ နိုင်ငံလိုအပ် သည်မှာ ညီညွတ်မှု ဖြစ်ပေသည်။ သတင်းစာ လွတ်လပ်မှုဟူသည်မှာ သွေးခွဲမှု ဖြစ်သည်။ သတင်းစာ လွတ်လပ်ခွင့် အကောင်အထည် မဖော်နိုင်ပါ။ အမျိုးသား တိုးတက်စည်ပင်ရေးအတွက် လွတ်လပ်ခွင့်ကို နောက်တန်းသို့ ပို့ရပေမည်ဟု ပါတီဆရာများက လမ်းစဉ်ချပြီး စာနယ်ဇင်းတို့ကို အမှည့်ချွေ ချွေပါတော့၏။ စာပေလောကကို အစိုးရက ချုပ်ကိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနကို ပြုပြင်ဖွဲ့စည်းပါသည်။ (၁) ပြန်ကြားရေးနှင့် စပ်လျဉ်း၍ လိုအပ်သော ဥပဒေများ ပြဌာန်းခြင်း။ (၂) ဆိုရှယ်လစ်နိုင်ငံထူထောင်ရေးတွင် လုပ်သားပြည်သူများ တက်ကြွစွာ ပါဝင်လှုပ်ရှားရေး လုပ်ငန်းနှင့် (၃) ဆိုရှယ်လစ်စနစ်ကို ကာကွယ်သည့် လုပ်ငန်းများ လုပ်ဆောင်ရန် ပြုပြင်ဖွဲ့စည်းသည် ဆိုပါသည်။
အစိုးရပိုင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကြီးက နှစ်စဉ်ပေးမြဲဖြစ်သည့် စာပေဆုများနှင့် ပတ်သက်သည့် မူကိုလည်း ပြင်ဆင်သည်။ စာပေတခု၊ တရပ်သည် (၁) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထောက်ခံရမည်။ (၂) မြန်မာ့မူ၊ မြန်မာ့ယဉ်ကျေးမှုကို စစ်မှန်စွာ ခေါင်းဆောင်ရမည်။ (၃) စာဖတ်သူများကို မျိုးချစ်စိတ် နိုးကြွစေရမည်။ (၄) စိတ်ကူးဉာဏ်ဖွံ့ဖြိုးမှုနှင့် စာရိတ္တတိုးတက်မှုကို အထောက်အကူဖြစ်စေရမည်။ (၅) စာဖတ်သူများကို မှန်ကန်သော ဗဟုသုတကို ပေးစေရမည်ဟု စည်းကမ်းချမှတ်သောကြောင့် စာကောင်းပေမွန်များ လျော့ပါးသွား ပြီး အစိုးရနှင့် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ၀ါဒဖြန့်သည့် စာမူများသာ ဆုရစာပေဖြစ်လာပါသည်။ ၁၉၆၂ ခုနှစ်၊ မေလမှ စတင်ပြီး ရွှေသွေးဂျာနယ်ကို စတင်ထုတ်ဝေပြီး အင်္ဂလိပ်ဘာသာပြန် ရွှေသွေးဂျာနယ်ကိုပါ ဖြန့်ချီသည်။ အယ်ဒီတာချုပ်မှာ ဦးစောဦး ဖြစ်ပါသည်။ အလံဖြူကွန်မြူနစ်အဖြစ် တောခိုသွားပြီးမှ စစ်တပ်နှင့် ပြန်ပေါင်းကာ ကွန်မြူနစ်ဆန့်ကျင်ရေးစာများကို ရေးနေသော ထူးဆန်းသည့် သတင်းစာဆရာဖြစ်ပါသည်။ အညမည သဘော တရားကို ရေးသူက အလံနီလူထွက် ကိုချစ်လှိုင်ဖြစ်ပါ၏။
ဦးစောဦး၊ ကိုချစ်လှိုင်တို့နှင့် များစွာ ရင်းနှီးသူ တည်မြဲပြန်ကြားရေးဝန်ကြီးဟောင်း သခင်ချစ်မောင်က “မင်းတို့နှစ်ယောက်က ဗိုလ်ချူပ်ဈေးက အိမ်သာတွေမှာ မိန်းမသွားရန်၊ ယောက်ျားသွားရန် ဆိုင်းဘုတ်ရေးပေး တဲ့ လူနဲ့ အတူတူပါပဲကွာ” ဟု မျက်နှာကို စေ့စေ့ကြည့်ပြီး နောက်ပြောင်ဝေဖန်တာကို ကြားရဖူးပါသည်။ မည်သူက မည်သို့ဆိုစေကာမူ စစ်တပ်၏ စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့တွင် ပြင်းထန်သော ကွန်မြူနစ်ဆန့်ကျင် ရေးစာပေများကို ရေးသားသည့် ကွန်မြူနစ်လူထွက်နှစ်ဦးအဖို့ စစ်အစိုးရများ တက်နေသမျှ မြှောက်စားခံရသူ များ ဖြစ်ကြသည်။ နိုင်ငံခြား ကြေးနန်းကိုယ်စားလှယ်လုပ်ငန်း ထောင်ကြရအောင်လားဟု ၁၉၆၃ ခု၊ ဧပြီလ နေ့တနေ့တွင် ဂါးဒီးယန်းဦးစိန်ဝင်းက ပြောသောအခါ တင်မောင်က ရယ်ပါသည်။ “မဖြစ်နိုင်ပါဘူး။ သူတို့က ပုဂ္ဂလိက စာနယ်ဇင်းတွေကို တိုက်နေတယ်လေ” ဟု ဖြေတော့ “ဘာလို့မဖြစ်ရမှာလဲ၊ ဟောဒီမှာကြည့်” ဆိုကာ ငွေစက္ကူထုပ် တထုပ်ကို ပြသည်။ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးကြီးစောမြင့်ကို တိုင်ပင်တော့ အရပ်သားပိုင် သတင်းကိုယ်စားလှယ် လုပ်ငန်းကို အစိုးရက လက်ခံမည်ဟု ပြောပြီး သူကပါ လျှို့ဝှက်အစုရှင်အဖြစ် ပါရစေဟု ငွေပေးလိုက်သည်ကို သိရသဖြင့် စိတ်ဝင်စားမိသည်။
ဗိုလ်စောမြင့်က မဆလပါတီ အတွင်းရေးမှူးချုပ် ဖြစ်သဖြင့် ပုဂ္ဂလိက စာနယ်ဇင်းများအပေါ် ထားရှိသည့် ပါတီ၏ မူဝါဒတွင် ပုဂ္ဂလိကကဏ္ဍရှိသေးသည်ကို သိရသဖြင့် အားတက်ပြီး အားတက်သရော ကြိုးစားခဲ့မိသည်။ မြန်မာပြည်မှာ သတင်းစာတွေ များပြားသော်လည်း စရိတ်စက ကြီးမားသောကြောင့် နိုင်ငံခြားကြေးနန်းသတင်း လုပ်ငန်း မထွန်းကားခဲ့ပါ။ စစ်အတွင်း အင်္ဂလိပ်တပ်များ ၀င်လာစဉ်က အင်္ဂလိပ်စစ်တပ်က Rangoon Liberator အမည်နှင့် အင်္ဂလိပ်စာသတင်းစာတစောင် ထုတ်ခဲ့သည်။ စစ်အုပ်ချုပ်ရေး ရပ်သောအခါတွင် ထိုသတင်းစာကို အရပ်သားများကို ရောင်းချရာ ၀န်ကြီးဦးတင်ထွဋ်က ၀ယ်ယူပြီး The news time of Burma အမည်နှင့် ထုတ်ပါသည်။ သတင်းစာနှင့်အတူ ပါလာသည့် အမေရိကန်သတင်းဌာန အေပီကို တဆင့်သတင်းဖြန့်ပါသည်။ ထို့ပြင် ဗမာ့ခေတ်ဦးအုန်းခင်နှင့် ရန်ကုန်သတင်းစာ ဦးအောင်မြင့်တို့က ဦးစီးပြီး Burma Press Syndicate ကို ၁၉၅၀ ခုနှစ်က စတင်ဖွဲ့ပြီး ရိုက်တာကို ၀ယ်ပြီး တဆင့် သတင်းဖြန့်ပါသည်။ နောက်ပိုင်းတွင် အမေရိကန်မှ UPI နှင့် ပြင်သစ်မှ AFP နှင့် ရုရှသံရုံးမှ အခမဲ့ ဖြန့်သော တပ်စ် သတင်းစဉ်နှင့် တရုတ်သံရုံး၏ ဆင်ဟွာတို့ ပေါ်လာ ပါသည်။ နိုင်ငံခြားသတင်းဖြန့်ဝေရေးမှာ အမြတ်မရသော်လည်း သြဇာကြီးသဖြင့် နိုင်ငံခြားသတင်းစဉ်ကို တည်ထောင်ရန် အားထုတ်ခဲ့ပါသည်။ ဂါးဒီယန်းသတင်းစာတိုက် အပေါ်ထပ်တွင် သတင်းဌာနရုံးကို ဆောက်လုပ်ကြပါ၏။ အစုများ ရောင်းသောအခါ သတင်းစာအားလုံးက ၀ယ်ကြရာတွင် မန္တလေး လူထုဦးလှ က (၁၀၀၀)တန် အစု (၃) စု ၀ယ်ပါ၏။
တပ်စ်သတင်းဌာနက အင်အားကြီးစွာ အားပေးပါသည်။ မော်စကိုမှ အကြီးအကဲကိုယ်တိုင် လာရောက်ဆွေးနွေး ပြီး သတင်းဖမ်း တယ်လီပရင်တာစက်များ၊ ရေဒီယိုများ လေယာဉ်ပျံ တစီးစာဖိုးပေးပြီး အခမဲ့ ငှားရမ်းသည်။
သတင်းဌာနဖွင့်တော့မည်ဟု ကြေညာသောအခါ ပြန်ကြားရေးဝန်ကြီးက “ရပ်လိုက်ကြပါဗျို့” ဟု ဖုန်းဆက် ပါသည်။ သတင်းလုပ်ငန်းကို ပုဂ္ဂလိကအဖွဲ့ကို လုပ်ပိုင်ခွင့် ပေးရမည်လားဟု ဗိုလ်နေ၀င်းက ပြန်ကြားရေးဝန်ကြီး ကို ဆူသည်ဟု သိရပါ၏။
သတင်းစဉ်ထောင်ရန် ကိစ္စနှင့် ပတ်သက်ပြီး ၀န်ကြီးက နောက်ထပ်မပြောတော့ပါ။ သူထည့်ထားသော ငွေ (၅၀၀၀) ကို ပြန်မတောင်းတော့ပါ။ တင်မောင်လည်း ငွေ (၅၀၀၀) ဆုံးပါ၏။ တရားဝင် အစုဝယ်သဖြင့် အခွန်တော်မှ လျှော့ခွင့်ရစေကာမူ ခိုးဝင်ပြီး အစုဝယ်သူ ၀န်ကြီးမှာ သနားစရာကောင်းလှပါသည်။ ပြည်သူပိုင် နိုင်ငံခြားသတင်းဖြန့်ချီရေး လုပ်ငန်းအဖြစ် မြန်မာ့သတင်းစဉ်ကို ၁၉၆၃ ခု၊ ဇူလိုင်လ (၂၆) ရက်နေ့မှာ တည်ထောင်ပါသည်။ ကြီးကဲသူ စစ်ဗိုလ်က ဤလုပ်ငန်းကို သိကြသော တင်မောင်နှင့် ဦးစိန်ဝင်းတို့အား တိုင်ပင် မှုမပြုသဖြင့် မူပိုင်ခွင့်အဆများစွာ ပိုမိုပေးရပါသည်။ ပုဂ္ဂလိက တည်ထောင်ပါက တလ (၁၀၀) ခန့် ကုန်ကျမည့် လုပ်ငန်းကို တလ (၈၀၀) ခန့် အဆများစွာ ပေးရပါ၏။ ။

Tuesday, January 6, 2009
(၂၁) သတင်းစာဆရာများကို ဖမ်းပြီ (ကြေးမုံဦးသောင်း)
ကျောင်းသားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်လိုက်သောကြောင့် နိုင်ငံတခုလုံး တုန်လှုန်သွားပြီး စစ်အာဏာရှင်စနစ်၏ အန္တရာယ် သတိပြုမိလာကြသည်။ အာဏာမသိမ်းမီက အစိုးရပါတီဖြစ်သည့် ပြည်ထောင်စုပါတီနှင့် တကွ နိုင်ငံရေးအဖွဲ့အားလုံးတို့ နှုတ်ပိတ်သွားကြရတော့သည်။
သတင်းစာများကလည်း သတိကြီးစွာထားပြီး ရေးသားကြခိုက်တွင် အစိုးရဌာနများ၌ အထူးအရာရှိများအဖြစ် နေရာယူလာကြသော စစ်ဗိုလ်များနှင့်လည်းကောင်း၊ နယ်တို့တွင် အုပ်ချုပ်ကြသော စစ်ဗိုလ်များနှင့် လည်းကောင်း ထိပ်တိုက်တွေ့ကြလေတော့သည်။ ဗွေဆော်ဦး ခံကြရသူများမှာ ပြည်မြို့မှ သတင်းထောက် ငါးဦးဖြစ်ကြသည်။ ရန်ကုန်သတင်းစာများတွင် ထိုနေ့ဖော်ပြသော ပြည်မြို့သတင်းတပုဒ်ကို မကျေနပ်ဟု ဆိုကာ ပြည်မြို့ကို အုပ်ချုပ်သော စစ်ဗိုလ်က ထိုသတင်းကို မည်သူက ပေးသနည်းဟု မေးသည်ကို စာနယ်ဇင်းတို့ ကျင့်ဝတ်အရ ဖော်မပြောကြသောကြောင့် ဖမ်းလိုက်လေသည်။ သတင်းစာဆရာအသင်း ဥက္ကဌ ဦးစိန်ဝင်းနှင့် ဒု-ဥက္ကဌ ဖြစ်သော တင်မောင်တို့သည် မိုင် (၁၅၀) ခရီးကို ကားမောင်းသွားကြသည်။ ဖမ်းဆီးသူ စစ်ဗိုလ်ကို တွေ့ဆုံပြီး စာနယ်ဇင်းကျင့်ဝတ်ကို ရွတ်ဆိုပြီး လွှတ်ပေးပါဟု တောင်းပန်ကြရသည်။ မရပါ၊ နောက်ဆုတ်ခဲ့ရသည်။ နည်းမှန်လမ်းမှန်နျင့် အရေးဆို၍ မရလေသဖြင့် ဦးစိန်ဝင်းက ရန်ကုန်တွင် ရှိသော ဗိုလ်မှူးကြီးများ၏ အိမ်များသို့ နောက်ဖေးပေါက်မှ တက်ပြီး နားလည်မှုယူလေမှ၊ အထက်က ဖိအားပေးလေတော့မှ ခမျာများကို လွှတ်ပေးသည်။
သတင်းပေးသူအမည်ကို သိလိုသောကြောင့် သတင်းထောက်များကို ဖမ်းဆီးစစ်ဆေးသည်မှာ နည်းလမ်း မမှန်ပါဟု သတင်းစာဆရာအသင်းက အစိုးရကို ပန်ကြားလွှာ တင်ကြသည်။ အကြောင်းမပြန်ဘဲ နေခဲ့ရာမှ နောက်ပိုင်းတွင် ၀န်ကြီးများ ရုံးစိုက်သော ရန်ကုန်မြို့တော်မှ သတင်းစာအယ်ဒီတာချုပ်ကြီးများကို ဖမ်းဆီးပြီး သတင်းပေးသူကို ထုတ်ပြောရမည်ကို စစ်ဆေးသည်ကို ခံကြရလေတော့သည်။
အမှုမှာ တော်လှန်ရေးကောင်စီ အဆင့်လေးတွင် ရှိသူ လေတပ်ဗိုလ်ချုပ် တီကလစ်က ဆိုရှယ်လစ် စီးပွားရေးစနစ် ဆိုသည်ကို မယုံကြည်သောကြောင့် ခေတ္တခဏသာ ဗိုလ်နေ၀င်းက ပေးသော သယ်ယူ ပို့ဆောင်ရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်ပြီး ၁၉၆၄ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်လိုက်သည်။ ယင်းသတင်းကို အိုးဝေသတင်းစာနှင့် မိုးကြိုးသတင်းစာတို့က ဖော်ပြကြသည်။ သတင်းမှန်ဖြစ်စေကာမူ ထိုသတင်းကို ပေးသူသည် မည်သူဖြစ်သည်ဟု သိလိုသည်ဆိုကာ မိုးကြိုးအယ်ဒီတာ ဗမာ့ခေတ်ဦးအုန်းခင်၊ သတင်းထောက် ကိုခင်မောင်ကလေးနှင့် အိုးဝေအယ်ဒီတာ ဦးညိုမြတို့ကို ဖမ်းဆီးသည်။ သူတို့အား စစ်စုံထောက်တို့က ဖမ်းဆီးပြီး အကျဉ်းထောင်သို့ မပို့ဘဲ စစ်စုံထောက်များက ညှဉ်းဆဲစစ်မေးသော စခန်းတွင် စစ်ဆေးသည်။ ရှေးအစဉ်အဆက်က သတင်းစာဆရာများကို ဖမ်းလျှင် ရဲတို့က ဖမ်းပြီး အရပ်သား ထောင်သို့ ပို့ကာ တရားရုံးသို့ တင်လေ့ရှိသည်။ သူတို့သုံးဦးကို ရုံးသို့မတင်ဘဲ တလကျော် စစ်ဆေးပြီးမှ ပြန်လွှတ်လိုက်သည်။
`သတင်းစာများ လွတ်လပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် တာဝန်သိကြပါ´ ဟု ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးကြီး စိုးမြင့်က ပြန်ကြားရေးဌာနက ဦးစီးကျင်းပသော နယ်သတင်းထောက်များ ညာဏ်သစ်လောင်း သင်တန်းမှာ မိန့်ခွန်းပေးသည်။ သင်တန်းဆရာ ပညာရှင်များက လွတ်လပ်စွာရေးသားခွင့်ကို အလေးထားပြီး သင်ကြားကြ သောကြောင့် အစိုးရနှင့် ဆရာများ မူဝါဒ မတူကြသဖြင့် သင်တန်းသားများ မျက်စိလည်ကြရလေသည်။
နယ်သတင်းထောက် (၆၀၀) ခန့်ကို သင်တန်းပေးပြီးနောက် သတင်းထောက်များကို ချုပ်ကိုင်သော သတင်းထောက်မှတ်ပုံတင် လက်မှတ်များကို ပြန်ကြားရေးဌာနမှ ထုတ်ပေးသော လက်မှတ်ကိုသာ တရားဝင် အသုံးပြုကြရမည်ဟု အမိန့်ထွက်လာသည်။ တော်လှန်ရေး အစိုးရတက်လာချိန်မှ စတင်ပြီး အစိုးရ မှန်သမျှကို စစ်သားများက စောင့်စေကာမူ သတင်းထောက်များက မိမိတို့ လုပ်ကိုင်သော သတင်းစာတိုက်မှ ထုတ်ပေးသော လက်မှတ်များနှင့် သတင်းဖြစ်ပွားရာ ဒေသများ၊ အစိုးရရုံးများတွင် ၀င်ထွက်သွားလာနိုင် သောကြောင့် ပြန်ကြားရေးဌာန၏ လက်မှတ်ကို လျှောက်ထားရယူလေ့မရှိကြပေ။ အမိန့်သစ်အရ သတင်းစာ တိုက်များက ထုတ်ပေးသော လက်မှတ်များ တရားမ၀င်ဖြစ်ရသဖြင့် အမိန့်အတိုင်း လက်မှတ်သစ်များ လျှောက်ထားရလေသည်။
တစတစ အသေးအဖွဲ တင်းကြပ်မှုကလေးများက စလာပြီး ကြီးမားသော နှောင်ကြိုးကြီးများက တည်းလာ လေတော့သည်။ ပုံနှိပ်တိုက်ဥပဒေများ အမျိုးမျိုးအစားစား ရှိနေသည်ကို ရှင်းလင်းသော ဥပဒေတမျိုးတည်း ပြုစုပေးပါဟု အစိုးရ အစဉ်အဆက်တို့ထံ သတင်းစာများက တောင်းဆိုခဲ့သည်ကို တော်လှန်ရေးအစိုးရက လိုက်လျောလိုက်သည်။ ၁၉၆၂ ခုနှစ်၊ ပုံနှိပ်တိုက်များ မှတ်ပုံတင်ဥပဒေကို အတည်ပြုထုတ်ပြန်သည်။ ဥပဒေ တခုတည်းကို လိုက်နာရမည်ဖြစ်သဖြင့် အသွင်သဏ္ဌာန်က သတင်းစာတို့၏ စိတ်ကြိုက်ဖြစ်သည်။ သို့သော် အနှစ်သာရမှာ အလွန်အမင်း ဖိနှိပ်ချုပ်ချယ်ထား၏။
ဥပဒေအဟောင်းအရ ပုံနှိပ်တိုက်ရှင် တဦးအဖို့ ခရိုင်ရာဇ၀တ်တရားသူကြီးတဦးထံ သွားရောက်၍ ပုံနှိပ်တိုက် တည်ထောင်လုပ်ကိုင်ပါမည်ဟု ကြေညာပြီး မှတ်ပုံတင်လျှင် မှတ်ပုံတင်လုပ်ငန်းကို အစဉ်တဆက် လုပ်ကိုင်နိုင်သည်။ ဥပဒေသစ်အရမူ ပုံနှိပ်သူတဦးအဖို့ တနှစ်တကြိမ် မှတ်ပုံတင်ရမည် ဖြစ်သည်။ အဓိပ္ပာယ် မှာ ပုံနှိပ်ခွင့်လိုင်စင်၏ သက်တမ်းကို တနှစ်သာပေးထားသည်။ တနှစ်အတွင်း သူတို့မကြိုက်လျှင် ပုံနှိပ်လုပ် ငန်းရှင်အဖို့ နောက်ထပ် လုပ်ပိုင်ခွင့် မရှိတော့ပေ။ သတင်းစာဆရာတို့အား `မင်းတို့အသက် တို့လက်ထဲမှာ ဟေ့၊ မင်းတို့သက်တမ်းဟာ (၁၂) လသာ ရှိတယ်´ ဟု စစ်ဗိုလ်များက ခြိမ်းခြောက်နေသည့် ဥပဒေဖြစ်သည်။ မရေရာသော လုပ်ပိုင်ခွင့် သက်တမ်း တနှစ်သာရှိသော မိမိဘ၀ကို စဉ်းစားမိတိုင်း စာမရေးရဲကြတော့ပါပေ။
`တယ်ကြမ်းတဲ့ ဥပဒေပါလား´ ဟု ညည်းညူခဲ့ကြသော ထိုဥပဒေကို ၁၉၈၉ ခု၊ န၀တ စစ်အစိုးရခေတ်မှာ ထပ်ပြီးနောက် ၀က်အူတင်းသည့် ပြင်ဆင်ချက်ကို ပြုပြန်သေးသည်။ ဥပဒေအရ ပြစ်မှုကျူးလွန်သော ပုံနှိပ်တိုက်ရှင်များကို ချမှတ်သည့် ဒဏ်ငွေကို တိုးမြှင့်သည်။ `အေးလေ… မပြင်လို့ မဖြစ်ဘူးလေ။ ၁၉၆၂ ခုနှစ်က အစိုးရက အင်တိုက်အားတိုက် အစွမ်းကုန်ချမှတ်တဲ့ ဒဏ်ငွေအတိုင်းအတာက န၀တခေတ်မှာ ကုန်ဈေးနှုန်းတွေ တက်နေလွန်းတော့ ဆေးပေါ့လိပ် တလိပ်ဖိုးသာ ရှိနေတာကိုး´ ဟု လှောင်ကြသည်။
၁၉၆၂ ခု၊ ပုံနှိပ်တိုက် ဥပဒေကြီးအလိုအရ ပုံနှိပ်တိုက်များကို တင်းကြပ်စွာ ထိန်းချုပ်ရန် ပုံနှိပ်တိုက်များ မှတ်ပုံတင်ရုံးနှင့် စာပေစီစစ်ရေးရုံးတို့ကို ဖွဲ့စည်းတည်ထောင်သည်။ အစဉ်အဆက် စာနယ်ဇင်းရေးရာများကို ပြန်ကြားရေးဝန်ကြီးက ကွပ်ကဲခဲ့သောမူကို ပြင်သည်။ စာပေကိစ္စသည် နိုင်ငံတော်၏ လုံခြုံရေး ကိစ္စဖြစ်သည်။ အရေးယူရန် ဖမ်းဆီးရန် ရှိလျှင်လည်း ရဲတို့က ဆောင်ရွက်ရမည် ဖြစ်သည်ဟု အကြောင်းပြပြီး စာနယ်ဇင်းလောကကို ပြည်ထဲရေးဝန်ကြီးက အုပ်ချုပ်စေသည်။
စောစောပိုင်းက စာပေစိစစ်ရေးရုံးက ပုံနှိပ်ပြီးသမျှ စာအုပ်များကိုသာ စိစစ်သည်။ နောက်ပိုင်းတွင် ပုံမနှိပ်မီ စာမူများကို တင်ကြိုစိစစ်သည်။ မိတ္တူလေးခု တင်ကြရသည်။ သူတို့မကြိုက်သော စာသားမှန်သမျှကို ဖြတ်တောက်သည်။ စာသားများသာမက မျက်နှာဖုံး ပန်းချီကားများ၊ ဓာတ်ပုံများ၊ ရုပ်ပြောင်များကိုပါ ဆင်ဆာ လုပ်တော့သည်။ ၀တ္ထု၊ ကဗျာ၊ ပြဇာတ်၊ ဘာသာရေး၊ သမိုင်း … စသော စာပေများသာမက ဆပ်ပြာချက်နည်း စာအုပ်ကိုပါ သူတို့က တင်းကြပ်စွာ ဆင်ဆာလုပ်ကြသည်။
မည်သို့သော စာများကို မည်နှယ် စိစစ်ဖြတ်တောက်သနည်းဟူမူ ဥပမာ… `၀တ္ထုတခုတွင် ကားဆိပ်တခု၌ နှစ်လိုဖွယ်လှပသော အမျိုးသမီးငယ်တဦးကို စစ်ဗိုလ်ကလေးတယောက်က မြင်တွေ့ရာမှ မြင်လျှင်မြင်ချင်း ချစ်မိရှာသည်´ ဟု စာရေးဆရာတဦးက စာဖွဲ့သည်ကို ဖြတ်တောက်သည်။ ဆင်ဆာအရာရှိက အကြောင်းပြ သည်မှာ `တပ်မတော်အရာရှိ စစ်ဗိုလ်တို့သည် မိန်းမတဦးကို မြင်လျှင်မြင်ချင်း ချစ်ကြိုက်လေ့မရှိ၊ `သာမိကာ၊ အ သာမိကာ´၊ လွတ်လပ်သူ ဟုတ်၏၊ မဟုတ်၏ သိရှိမှသာ ချစ်မေတ္တာမိုး၊ ရွာဖြိုးလေ့ရှိတယ်´ ဟူ၏။
တခါတရံတွင် ထိုကဲ့သို့ အသေးစိတ်စစ်ဆေးသည့်ကြားက သူတို့မကြိုက်သော စာပိုဒ်ကို သူတို့ မမြင်လိုက် သဖြင့် လွတ်သွားကာ ထိုစာပိုဒ် ပါလာပါက ပုံနှိပ်ပြီး စာအုပ်မှ စာမျက်နှာကို ဆွဲဖြဲပေးရသည်။ မင်နှင့် သို့မဟုတ် ငွေမင်သုတ်ပေးရသည်လည်း ရှိသည်။
သတင်းစာများအဖို့ အချိန်မီ ပုံနှိပ်ရသဖြင့် စိစစ်ခြင်းမှာ ကင်းလွတ်ခွင့်ရသည်။ သို့သော် ပိုမို၍ စိတ်ညစ်ရသည်။ သူတို့ မကျေနပ်သော သတင်းများ၊ စာပိုဒ်များ ပုံနှိပ်မိပါက နောက်တနေ့တွင် အယ်ဒီတာ များကို ဆင့်ခေါ် ကြိမ်းမောင်းတော့သည်။ ဖက်ဆစ်ဂျပန်များ အုပ်စိုးသော ခေတ်က မိမိတို့ ရေးသမျှ စာမူတွေကို ဆင်ဆာရုံးတင်ပြီး ခွင့်ပြုလေသမျှ ပုံနှိပ်ရသည်က သက်သာသည်။ ဘေးကင်းသည်။
ယခုမူ နေ့စဉ်နေ့တိုင်းလိုလို ပြန်ကြားရေးမှ စစ်ဗိုလ်ကလေးများက သတင်းစာဆရာကြီးများကို သူတို့၏ ရုံးသို့ ဆင့်ခေါ်ပြီး `လူကြီးမင်းတို့ ရေးတာ ဘယ်လို အဓိပ္ပာယ်ပေါက်နေတယ်။ ဘယ်နည်းသွေဖည်နေတယ်´ ဟု ဆွေးနွေးဝေဖန်သဖြင့် စိတ်ညစ်ကြရသည်။ အချို့စစ်ဗိုလ်က ယဉ်ယဉ်ကျေးကျေး ပြောသည်။ တချို့ကမူ များစွာ ရိုင်းပျသည်။ ယဉ်ယဉ်ပြောသည်ဖြစ်စေ၊ ရိုင်းရိုင်းပြောသည်ဖြစ်စေ အနှစ်သာရမှာ ခြိမ်းခြောက်ကြ သည်သာ ဖြစ်၏။
တင်မောင်အပါအ၀င် အယ်ဒီတာကြီးများအဖို့ `ခေတ္တခဏ ဆွေးနွေးပါရစေ´ ဟု ဖိတ်ကြားချက်ကို ရလေတိုင်း စိတ်မချမ်းသာ ဖြစ်ကြရသည်။ သူတို့၏ ကောက်ချက်များ မမှန်ကန်သည့် အကြောင်း ပြန်လည် ဖြေရှင်းသည်ကို နားလည်နိုင်သည့် ပညာအရည်အချင်း မရှိလေသဖြင့် ပိုမိုဆိုးသည်။
ယင်းကဲ့သို့ ဖိနှိပ်နေသည့် အကြားတွင် ပုံနှိပ်သူများ ဖောင်းပွလာသည်။ တော်လှန်ရေး အစိုးရခေတ်မှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရှားပါးလေသောကြောင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို ၀င်ရောက်လာ သူ များပြားလာသည်။ ယခင်က ဤလုပ်ငန်းတွင် လုပ်ကိုင်သူ (၄၀၀) ခန့်သာ ရှိခဲ့သည်။ စစ်ဗိုလ်များနှင့် အဆက်ရှိသူများက ပုံနှိပ်လုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်ကြသဖြင့် တော်လှန်ရေး စစ်အစိုးရခေတ်တွင် ပုံနှိပ်လုပ်ငန်းရှင် (၁၂၇၄) ဦး၊ ထုတ်ဝေသူ (၆၆၅၆) ဦး အထိ ပွားများလာသည်။ ။

Thursday, January 1, 2009
Frankfurt-Hahn Airport
Frankfurt-Hahn Airport သည် လေယာဉ်ကွင်းနာမည်တွင် Frankfurt ဟု ပါနေသော်လည်း ဖရန့်ဖု(တ်) မြို့၏ အနောက်ဖက် ကီလိုမီတာ ၁၂၀ (၇၅ မိုင်) အကွာတွင် တည်ရှိနေပါသည်။ စစ်အေးတိုက်ပွဲကာလများ အတွင်း နေတိုးအဖွဲ့ဝင် အမေရိကန်၏ စစ်လေယာဉ်အခြေစိုက်စခန်းဖြစ်ခဲ့သော်လည်း ၁၉၉၃ ခုနောက်ပိုင်း အရပ်ဖက်လေယာဉ်များ အသုံးချခွင့်ရခဲ့သည်။ အကယ်၍ သင့်အနေဖြင့် ဥရောပ၏ Budget Airline ဖြစ်သည့် Ryanair ဖြင့် ဖရန့်ဖု(တ်) သို့လာမည် ဆိုပါက ထိုလေဆိပ်သို့ရောက်ရှိမည် ဖြစ်ပြီး ထိုလေဆိပ်မှ တဆင့် ဖရန့်ဖု(တ်) ၊ ကိုလုံး အစရှိသော မြို့ကြီးများသို့ ပုံမှန်ပြေးဆွဲနေသော ဘတ်စကားများဖြင့် ရောက်ရှိနိုင်လိမ့်မည်။ ထိုလေဆိပ်သို့ သွားသည့် မီးရထားလမ်း မရှိပါ။
ဖရန့်ဖု(တ်) မြို့ မီးရထားဘူတာရုံကြီး (ဂျာမန်အခေါ် Frankfurt Haupbahnhof) ၏ ဘေးတွင်ရှိသော Mannheimer Str. လမ်းပေါ်တွင် Hahn လေဆိပ်သို့ သွားသည့် ကားဂိတ်ရှိပါသည်။ ထိုဂိတ်မှနေ၍ ဘတ်စကားစီးလျှင် ၂ နာရီခန့်ကြာပြီး ကားခမှာ လူတဦးလျှင် ၁၂ ယူရို နှင့် အသွားအပြန် လက်မှတ်ဖြတ်လျှင် ၁၈ ယူရိုပေးရပါသည်။ တနာရီလျှင် တစီးပုံမှန်ပြေးဆွဲပေးနေသော ထိုဘတ်စကားလက်မှတ်ကို အွန်လိုင်းမှ ၀ယ်၍မရ ခရီးသည်ကိုယ်တိုင် ယာဉ်မောင်းထံမှ ၀ယ်ရပါသည်။ Hahn လေယာဉ်ကွင်းမှာတော့ ဘတ်စကားလိုင်း၏ လက်မှတ်ရုံရှိပါသည်။
Ryanair ကို ကျနော်ကိုယ်တိုင် မစီးဘူးသေးသော်လည်း စီးဘူးသူများအဆိုအရ SAS, Lufthansa အစရှိသော လေကြောင်းလိုင်းများနှင့် စာလျှင် ဈေးသက်သာသည်ဟု ဆိုပါသည်။ SAS, Lufthansa အစရှိသော လေယာဉ်များသည် ဖရန့်ဖု(တ်) အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းသို့ ဆင်းသက်ပြီး ဖရန့်ဖု(တ်) လေယာဉ် ကွင်းသည် ဖရန့်ဖု(တ်) မြို့မှ ဆယ်မိနစ်ခန့်သာ ရထားစီးရပြီး လက်မှတ်ခမှာ မြို့ထဲမှ စီးလျှင် တခေါက်စာ အတွက် 3.7 EUR ကျသင့် ပါသည်။
ဥရောပတခွင် ဈေးသက်သက်သာသာဖြင့် ခရီးသွားလိုပါက Ryanair လက်မှတ်များကို www.ryanair.com တွင် ကြိုတင်ဝယ်ယူနိုင်သည်။ Ryanair ဖြင့် ခရီးသွားလျှင် ခရီးစထွက်မည့် နေရာနှင့် ဆိုက်ရောက်မည့် နေရာတို့၏ လေယာဉ်ကွင်းများကိုတော့ ဂရုစိုက်ရန်လိုပါမည်။ ဥပမာ နော်ဝေးနိုင်ငံမှ Ryanair ကို စီးမည် ဆိုပါက အော်စလိုမြို့၏ တောင်ဘက် ၁၁၀ ကီလိုမီတာအကွာရှိ Torp လေဆိပ်သို့ သွားရမည် ဖြစ်သည်။ ထိုလေဆိပ်သို့ သွားရမည့် အချိန်၊ ကားခ စသည်များကိုလည်း သိထားရန်လိုပါလိမ့်မည်။
လူအများအားလပ်ရက် ရာသီများတွင် ခရီးသွားများပြားသည့်အလျောက် ကြိုတင်ပြင်ဆင်ထားသည့်တိုင် နှောင့်နှေးကြန့်ကြာမှုများလည်း ရှိနိုင်ပါကြောင်း … ။ ။
Tuesday, December 30, 2008
သတင်းစာသမိုင်း တံခါးတချပ် ဖွင့်ဆိုခြင်း
ခရစ်စမတ်ပိတ်ရက်မှာ မိသားစုနဲ့အတူ ကျနော် ဂျာမနီနိုင်ငံ Frankfurt မြို့ကို ရောက်နေသည့်တိုင် ဆောင်းတွင်းကလည်းဖြစ်၊ ရာသီဥတုကလည်း အေးတာကြောင့် ဘယ်ကိုမှ သိပ်မသွားဖြစ်ပါ။ Frankfurt မြို့ မြန်မာဘုန်းတော်ကြီးကျောင်းမှာတော့ Hamburg တက္ကသိုလ်မှာ မဖွင့်ဖြစ်လိုက်တဲ့ မြန်မာစာဌာနအတွက် ရှာဖွေထားတဲ့ စာအုပ်တွေ ရောက်နေပါတယ်။ စာအုပ်တွေက မြန်မာစာပေ၊ ယဉ်ကျေးမှု၊ သမိုင်း စတဲ့ ကျမ်းစာတွေ များပါတယ်။ အဲဒီထဲက “မောင်သစ်လွင် (လူထု)” ရေးတဲ့ “ရှေးဦးမြန်မာ သတင်းစာများ” စာအုပ်မှာ ကျနော်တို့ ရဲ့ သူရဲကောင်း သတင်းစာဆရာကြီး ဦးဝင်းတင် အမှာစာရေးထားတာကို ဖတ်ရပါတယ်။
“မောင်သစ်လွင်” ရဲ့ စာအုပ်ကို ၁၉၇၁ ခုနှစ်မှာ ပထမအကြိမ်အဖြစ် ပုဂံစာအုပ်တိုက်က ထုတ်ဝေတာ ဖြစ်ပါတယ်။ ဦးဝင်းတင် က အမှာစာကို “သတင်းစာသမိုင်း တံခါးတချပ်ဖွင့်ခြင်း” အမည်နဲ့ အောက်ပါ အတိုင်း ရေးသားခဲ့ပါတယ်။
သတင်းစာသမိုင်း တံခါးတချပ် ဖွင့်ဆိုခြင်း
ဦးဝင်းတင် (ဟံသာဝတီသတင်းစာ) - ရေးသည်။
(၁)
သတင်းစာများသည် သမိုင်းကို ပြောနေကြသည်ဟု အဆိုရှိသည်။ ယနေ့ သတင်းစာသည် နက်ဖြန် သမိုင်းဖြစ်သည်။ သို့ဖြစ်၍ ထိုစကားသည် လျောက်ပတ်သောစကားဖြစ်သည်။
ယနေ့သတင်းစာတို့သည် နိုင်ငံနှင့် လူမျိုး၏ အတိတ်သမိုင်းနှင့် ပစ္စပ္ပုန်သမိုင်းကို ပြောခဲ့သည်။ ပြောနေသည်။ သို့သော် ကိုယ့်သမိုင်းကိုမူ မပြောတတ်အောင် ဖြစ်နေသည်။
(၂)
မြန်မာသတင်းစာသမိုင်းသည် နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီ။ ထိုနှစ်ပေါင်း ၁၀၀ ကျော် ကာလသည် မြန်မာ့လူမှုစီးပွားအဆောက်အဦကို အပြောင်းလဲကြီး ပြောင်းလဲခဲ့သော ခေတ်အခါကြီး ဖြစ်သည်။ ထိုကာလသည် မြန်မာ့နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဘ၀ကို ပဒေသရာဇ်တို့ ကြီးစိုးခဲ့သည့် ခေတ်အခါ ဖြစ်သည်။ နယ်ချဲ့ကိုလိုနီသမားတို့ သွေးစုပ်ခဲ့သည့် ခေတ်အခါ ဖြစ်သည်။ ဖက်ဆစ်ဝါဒီတို့ ဖိနှိပ်ခဲ့သည့် ခေတ်အခါ ဖြစ်သည်။ အရင်းရှင် အင်အားစုကို ခေါင်းပုံဖြတ်ခဲ့သည့် ခေတ်အခါ ဖြစ်သည်။
သတင်းစာသည် ထိုခေတ်အခါများ၏ သမိုင်းကို မျက်ခြေမပြတ် မှတ်တမ်းတင်ခဲ့သည်။ မှတ်တမ်းတင်ရုံသာ မဟုတ်၊ ပြည်သူတို့၏ နယ်ချဲ့စနစ် တွန်းလှန်ရေး လှုပ်ရှားမှု၊ ဖက်ဆစ်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှု၊ အရင်းရှင်စနစ် ဖျက်သိမ်းရေးလှုပ်ရှားမှု၊ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေး လှုပ်ရှားမှု၊ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုစသော အမျိုးသားလှုပ်ရှားမှုကြီးများတွင်လည်း စည်းရုံးလှုံ့ဆော် ပါဝင်ရှေ့ဆောင်ခဲ့သည်။
ထိုအမျိုးသား လှုပ်ရှားမှုကြီးများကို ဖြိုခွဲလုပ်ကြံဖျက်ဆီးခဲ့သော သတင်းစာများလည်း မရှိဟု မဆိုပါ။ ရှိခဲ့ပါသည်။
သတင်းစာသည် ပြည်သူတို့၏ လက်နက်ဖြစ်ခဲ့သည်လည်း ရှိ၊ အုပ်စိုးသူတို့၏ လက်ကိုင်တုတ် ဖြစ်ခဲ့ သည်လည်း ရှိ၊ အလုပ်သမား လယ်သမားတို့၏ တပ်ဦးအောင်လံ ဖြစ်ခဲ့သည်လည်း ရှိ၊ ပြည်ရှင်၊ မြေရှင်၊ ငွေရှင်တို့၏ ဓားမနောက်ပိတ်ခွေးဖြစ်ခဲ့သည်လည်း ရှိသည်။ ဘ၀အထွေထွေ ကြုံခဲ့သည်။
သို့သော် သတင်းစာသမိုင်းဟူ၍ ခိုင်ခိုင်မာမာ ပြုစုနိုင်ခြင်း မရှိ၍ သတင်းစာ၏ ထွန်းပြောင်သော တိုးတက်မှု သမိုင်းအရောင်အသွေးတို့သည် မှေးမှိန်နေသည်။ ညစ်ထေးသော ဖောက်ပြန်မှု သမိုင်း အစွန်းအကွက်တို့သည်လည်း ငုတ်ကွယ်နေသည်။
သို့ဖြင့် သတင်းစာ၏ စွမ်းဆောင်မှု၊ ကျဆုံးမှု၊ တိုးတက်မှု၊ ဖောက်ပြန်မှုများသည် သမိုင်း အမှိုက်သရိုက် များပမာ အဟောသိကံ ဖြစ်နေသည်။ သတင်းစာသမိုင်းသည် တနေ့တခြား အထောက်အထား ပါးရှား ပျောက်ဆုံးလာသည်။ သမိုင်းမျက်ခြည် ပြတ်လာသည်။ သမိုင်းရှိလျက် သမိုင်းမသိသော အဖြစ်သို့ နိမ့်ကျလာသည်။
(၃)
ယနေ့ သတင်းစာများသည် ခေတ်ပြောင်းချိန်ကြီးတရပ်နှင့် ကြုံဆုံနေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော် ကာလအတွင်း ပေါ်ပေါက်ခဲ့သည့် အမျိုးသားလှုပ်ရှားမှုကြီးများ၌ ပါဝင်လှုပ်ရှားခဲ့သလို ယနေ့လည်း ပါဝင်လှုပ်ရှားနေသည်။
ပြည်သူကို ကိုယ်စားပြုသော သတင်းစာသည် ပြည်သူကို ရှေ့ဆောင်နိုင်ရမည်။ ရေသာခို အချောင်နှိုက် မင်းမြှောင်စိုးကြိုက် အရာရှိနောက်လိုက် သတင်းစာမဖြစ်အောင် ကိုယ့်ကိုယ်ကို ဝေဖန် ဆန်းစစ်မှု ရှိရမည်။ မနေ့က သတင်းစာ၊ တနေ့က သတင်းစာ၊ အတိတ်က သတင်းစာတို့၏ သမိုင်းဖြစ်ရပ်ကို သင်ခန်းစာယူကာ ဆင်ခြင်နှိုင်းချိန်မှု ရှိရမည်။
သို့မှသာ ယနေ့သတင်းစာသည် အားသစ်နိုင်မည်။ အသိမှန်နိုင်မည်။ အတွေးကျယ်နိုင်မည်။ အမြင် ကြည်နိုင်မည်။
သတင်းစာသည် အနာဂတ်တွင် နိုင်ငံသမိုင်းကို ပြောပြရန် ပစ္စုပ္ပန် နိုင်ငံသမိုင်းတွင် ပါဝင်လှုပ်ရှား ရမည်။ အတိတ်မှ နိုင်ငံ၏ သမိုင်းကိုသာမက အတိတ်မှ သတင်းစာသမိုင်းကိုလည်း သိမြင်နှံ့စပ်စွာ သင်ခန်းစာ ယူရမည်။
သို့မှသာ ပစ္စုပ္ပန်သမိုင်းတွင် ပါဝင်လှုပ်ရှားရာ၌ တိကျမှန်ကန်သော အတွေးအမြင် အသိကို ရရှိနိုင်မည်။ သို့မှသာ အနာဂတ်တွင် နိုင်ငံသမိုင်းကို ပြည့်ပြည့်၀၀ စုံစုံလင်လင် ပြောပြနိုင်သော အစွမ်း အာနိသင်ကို ရရှိနိုင်မည်။ လက်တဖက်တည်းနှင့် လက်ခုပ်တီး၍ မရနိုင်သကဲ့သို့ပင်တည်း။
(၄)
ကိုသစ်လွင်၏ ဤစာအုပ်သည် ယနေ့သတင်းစာများအား (လက်နှစ်ဖက်ဖြင့် လက်ခုပ်တီးသလို) နိုင်ငံ သမိုင်းရော ကိုယ့်သမိုင်းပါ ရှုမြင်သုံးသပ်နိုင်အောင် ထောက်ကူမည့် စာအုပ်ဖြစ်သည်။
သတင်းစာသမိုင်းဆိုင်ရာ စာအုပ်စာတန်းများ၊ ဆောင်းပါး တိုရှည်များ အတန်အသင့် ပေါ်ထွက်ခဲ့ပြီ။ သို့သော် ယနေ့အထိ ပြည့်စုံ ခိုင်လုံသော သမိုင်းတစောင်တဖွဲ့ ဟူ၍ကား မပေါ်ပေါက်သေး။
သတင်းစာသမားသည် သမိုင်းသုတေသီမဟုတ်၍ တကြောင်း၊ နက်ဖြန် သတင်းစာသမိုင်းအတွက် ယနေ့ပါဝင် လှုပ်ရှားနေသော ကာယကံရှင်များ ဖြစ်၍တကြောင်း၊ အတိတ်ထက် ပစ္စုပ္ပန်နှင့် ပိုမိုထိတွေ့ နေသူများ ဖြစ်၍ တကြောင်း၊ သမိုင်းပြုစုမှု တာဝန်ပိုင်းတွင် ပျက်ကွက်ခဲ့ကြသည်။ လစ်ဟင်းနေကြ သည်။ (ပြင်ပပုဂ္ဂိုလ်များ အထူးသဖြင့် တက္ကသိုလ်မှ ပုဂ္ဂိုလ်များသာ သတင်းစာ သမိုင်းပြုစုရာ၌ ၀ါယမ စိုက်နိုင်ကြသည်။)
ကိုသစ်လွင်ကား တဖက်က နေ့စဉ်သတင်းစာ တာဝန်များကို ထမ်းဆောင်ရင်း အခြားတဖက်က သတင်းစာသမိုင်း သုတေသန လုပ်ငန်းကို အပတ်တကုတ် အားထုတ်နိုင်ခဲ့သည်။ သူ့အားထုတ်မှု၏ ခက်ခဲကြီးမားသော အတိုင်းအတာကို ကျွန်တော်တို့ စာနာနှိုင်းဆ နိုင်ခဲ့သည်။ ကျွန်တော်တို့တွင် နှိုင်းဆစာနာ နိုင်သော အတွေ့အကြုံ ရှိခဲ့ပါသည်။ ထို့ကြောင့် သူ့ကို ချီးကျူး ကျေးဇူးတင်သည်။
၁၉၆၂ - ၆၄ ခုနှစ်များအတွင်းက မြန်မာနိုင်ငံ သတင်းစာဆရာအသင်းသည် သတင်းစာသမိုင်း ပြုစုရန် ကော်မရှင်တရပ် ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။ သတင်းစာလောကမှ သက်ကြီးဝါကြီး ပုဂ္ဂိုလ်များ၊ ပြင်ပ မှ စာပေ ပညာရှင်ကြီးများ ပါဝင် ကြိုးပမ်းခဲ့ကြသည်။ အများပြည်သူ အကူအညီကိုလည်း များစွာ ရခဲ့သည်။ သို့သော် မာတိကာစဉ်ရုံမှအပ၊ သတင်းစာသမိုင်းဆိုင်ရာ ဆောင်းပါး တိုရှည်များ ပေါ်ထွက်ခဲ့ရုံမှ အပ၊ သတင်းစာဘိုးအေကြီး ယူပီအိုင် ဦးဘသန်း၏ သတင်းစာ ခေတ်ဦးသမိုင်း စာမူတခုကို လက်နှိပ်စက်ရိုက်ပြီးခဲ့ရုံမှအပ ထိထိရောက်ရောက် အထမြောက်မှု မရှိခဲ့ပါ။ ကော်မရှင်တွင် ကျွန်တော်တို့သည် ဆော်သြသူ အဖြစ် ဆောင်ရွက်ခဲ့သည်။
ပညာရှင်ကြီးများနှင့် ပြည်သူလူထုက လမ်းညွှန်ခဲ့ကြ၊ ကူညီခဲ့ကြပါလျက် အကောင်အထည် မပေါ်နိုင်ခဲ့ သည်မှာ ကျွန်တော်တို့၏ အားထုတ်မှု လျော့ပါးခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကိုသစ်လွင်၏ ကြီးမားသော အားထုတ်မှုကို ကျွန်တော်တို့ စာနာနှိုင်းဆနိုင်ခြင်း ဖြစ်သည်။ အားရ ချီးကျူးခြင်း ဖြစ်သည်။
(၅)
ကိုသစ်လွင်၏ ယခုအားထုတ်ချက်သည် ပြည့်စုံသော သတင်းစာသမိုင်း မဟုတ်သေးပါ။ မြန်မာ့ သတင်းစာသမိုင်း ခေတ်ဦးကို လေ့လာသုံးသပ်ချက်မျှသာ ဖြစ်သည်ဟု ဆိုနိုင်သည်။ မည်သို့ပင် ဖြစ်စေ ဤမျှသော အတိုင်းအတာအထိ အပတ်တကုတ် အားထုတ်ပြုစုရသည်မှာပင် မလွယ်လှပါ။ သတင်းစာအသက် တမနက်ဖြစ်၍ အထောက်အကိုး ပါးရှားလှသည်။ ရှာရ ဖွေရ စုရ ဆောင်းရ ခက်ခဲ လှသည်။ သတင်းစာသမိုင်း ပြုစုရေးသည် လွယ်မရောင်နှင့် ခက်လှသည်။ မလွယ်၍ မလုပ်ပြန်သော် ပုဂံရာဇ၀င်ကို တုတ်ထမ်းပြောရသလို၊ တနေ့သောအခါ မြန်မာ့သတင်းစာသမိုင်းကို ကလောင်ကို ဓားမြှောင်လို မြမြချွန်၍ ပြောရမလို အခြေသို့ ဆိုက်နိုင်သည်။
ယခု ကိုသစ်လွင်က “မြန်မာသံတော်ဆင့်”၊ “လောကီသုတ”၊ “ဟံသာဝတီ” အစရှိသော ရှေးသတင်းစာကြီးများ၏ သမိုင်းဆိုင်ရာ လေ့လာသုံးသပ်ချက်များကို တင်ပြလိုက်သည်။ ဤလေ့လာ သုံးသပ်ချက်များသည် နောင်အခါ သတင်းစာ သမိုင်းကြီးတစောင်တဖွဲ့ ပြုစုရာ၌ ထောက်ကူနိုင်မည် မုချ ဖြစ်သည်။
သတင်းစာသမိုင်း တံခါးတချပ် ဖွင့်လိုက်ခြင်းပင်ဖြစ်၍ သတင်းစာသမိုင်း ပြုစုရေးအတွက် လည်းကောင်း၊ သတင်းစာနှင့် နေ့စဉ်ထိတွေ့နေသော ပြည်သူလူထု၏ သတင်းစာသမိုင်းဆိုင်ရာ အသိအမြင် တိုးပွားရေးအတွက် လည်းကောင်း များစွာအကျိုးရှိနိုင်မည့် အားထုတ်ချက် ဖြစ်သည်။
ဤသို့ပင် ကျွန်တော်တို့ ထင်မြင်ယူဆပါသည်။
ဧကန်အကျိုး ရှိလိမ့်မည်ဟူ၍လည်း ယုံကြည်သည်။
ဝင်းတင်
ဟံသာဝတီသတင်းစာတိုက်
၁၉၇၀ သြဂုတ် ၁၈ ရက်

Monday, December 29, 2008
(၂၀) စစ်အာဏာရှင်စနစ်အောက်မှ သတင်းစာလောက (ကြေးမုံဦးသောင်း)
`တော်လှန်ရေးအစိုးရသည် သတင်းစာလွတ်လပ်ခွင့်ကို အာမခံပါတယ်´ ဟု အစိုးရ တက်သောနေ့က ပြန်ကြားရေး ၀န်ကြီးက ပေးသောကတိသည် စကားလှသည်။ သို့ပင်သို့ငြားသော်လည်း အိမ်စောင့် အစိုးရခေတ်က သတင်းစာများကို နှိပ်စက်ခဲ့သော ဒဏ်ရာဒဏ်ချက်များ ရှိနေသေးသောကြောင့် သူတို့တက်လာချိန်မှ စတင်ကာ သတင်းစာများက သတိကြီးစွာထားကာ ရေးသားကြရရှာလေသည်။
သတင်းစာများကို ဖိနှိပ်သော ဥပဒေများကို ပြင်ဆင်ရန် ဦးနုအစိုးရခေတ်တွင် အားထုတ်နေကြစဉ်၌ သူတို့က တကျော့ပြန်လာသေသဖြင့် သတင်းစာဆရာများသည် မည်သည့် အကြောင်းကို ရေးသည်ဖြစ်စေ၊ နှစ်ကြိမ်စဉ်းစားပြီးမှ ရေးလေ့ရှိကြသည်။ စစ်တပ်နှင့် စပ်ဆိုင်သော သတင်းများကို ရှောင်ရှားကြသည်။
တော်လှန်ရေးအစိုးရ တက်လာသည်ကို သတင်းစာအားလုံးက တာဝန်ကျေပွန်စွာ ထောက်ခံကြစေကာမူ စိတ်ရောကိုယ်ပါ မဟုတ်သည်ကို စစ်ဗိုလ်ကြီးများက သိရှိကြသည်။ ပြန်ကြားရေးဌာနကို တာဝန်ယူသည့် စစ်ဗိုလ်များက အယ်ဒီတာများကို ဆင့်ခေါ်ပြီး `ဒီဟာရေးတာမှားတယ်၊ ဒီလိုမရေးနဲ့၊ ဟိုဟာကို ဟိုလိုရေးပါ´ စသဖြင့် တစတစ စွက်ဖက်လာပြီး အမိန့်ပေးစ ပြုလာသောကြောင့် စာနယ်ဇင်းတို့က ခံစစ်အတွက် ပြင်ဆင် ကြရတော့သည်။
အစဉ်အလာအားဖြင့် နှစ်စဉ်နှစ်တိုင်း နှစ်ဆန်း (၁) ရက်နေ့တွင် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၏ နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပမြဲဖြစ်သည့်အတိုင်း ၁၉၆၂ ခု၊ ဧပြီလ (၁၆) ရက်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် သတင်းစာဆရာများအသင်း အစည်းအဝေး ကျင်းပသောအခါတွင် စာနယ်ဇင်းကောင်စီ အမည်နှင့် တပ်ဦးဖွဲ့စည်းကြသည်။ စာနယ်ဇင်းအားလုံး (၅၂) စောင် ပါဝင်လက်မှတ်ထိုးကြ၏။
`နိုင်ငံရေး ဦးဆောင်ပြောင်းလဲလာသည်နှင့် အညီ ပြည်သူတို့ ထင်မြင်ချက် ရယူခြင်းနှင့် ဖန်တီးခြင်း တာဝန်များအတွက် ကျနော်များတို့သည် တာဝန်သိ စာနယ်ဇင်းများ အဖြစ် ဆောင်ရွက်ကြပါမည်။ ယင်းတာဝန်ကြီးအတွက် ပီပြင်သော စာနယ်ဇင်းများ ကျင့်ဝတ်ကို ချမှတ်ပါသည်` စသည်ဖြင့် နိဒါန်းပျိုးကာ စာနယ်ဇင်းတို့၏ ကျင့်ဝတ်ကို ဆုံးဖြတ်ကြသည်။ အဓိပ္ပာယ်ကမူ စစ်အစိုးရကို ပူးပေါင်းဆောင်ရွက်ပါမည်ဟု အညံ့ခံသည်ဖြစ်၏။ မိမိတို့ တည်မြဲရေးအတွက် မိမိတို့ဘာသာ ဆင်ဆာလုပ်ကြရသည်။ နိုင်ငံရေး သတင်းမှန် သမျှကို အစိုးရပြန်ကြားရေးဌာနက ထုတ်ပေးသမျှသာ ပုံနှိပ်ကြသည်။ သူတို့ ချမှတ်မည့် စစ်ဗိုလ်များ၏ သတင်းစာ မူဝါဒကို စိတ်တထင့်တင့်နှင့် စောင့်မျှော်ကြရသည်။
စစ်ဗိုလ်ကြီးများမှာ သူတို့၏ နိုင်ငံရေးလမ်းစဉ်ကို ရေးသားချမှတ်ရန် အားထုတ်နေကြချိန် ဖြစ်သဖြင့် လှည့်မကြည့်နိုင်ကြသေးပေ။
`လူသားချင်း ခေါင်းပုံဖြတ်ခြင်းကင်း၍ တရားမျှတမှုရှိသော ဆိုရှယ်လစ်စီးပွားရေး စနစ်ကို တည်ဆောက်မည်´ ဟူသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ၁၉၆၂ ခု၊ ဧပြီလ (၃၀) ရက်နေ့ တပ်မှူးများ ညီလာခံက အတည်ပြုပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဇူလိုင်လ (၄) ရက်နေ့တွင် ပါတီဝင် (၂၀) နှင့် စတင်တည်ထောင်သည်။
ပြည်သူတို့နှင့် လက်တွဲချီတက်မည်ဟု ကြေညာတည်ထောင်သော ပါတီ၏ သက်တမ်း (၃) ရက်မြောက် သောနေ့တွင် ပြည်သူတို့၏ သားငယ်များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်သည့် လူသတ်ပွဲကြီး ဆင်နွှဲ တော့သည်။ ဇူလိုင်လ (၇)ရက်နေ့က ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ကျောင်သားငယ်များကို စစ်တပ်က ဂျီ (၃) လက်နက်သစ်များနှင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်သဖြင့် ရာနှင့်ချီကာ သေဆုံးခဲ့လေသည်။ ကျောင်းသား (၁၅) ဦးသေပြီး (၂၇) ဦး ဒဏ်ရာရသည် ဟု အစိုးရက ကြေညာသည့်အတိုင်း သတင်းစာများက ဖော်ပြကြရသည်။
အပ်တိုတချောင်းမှ မရှိသူ ကျောင်းသားကလေးများကို သတ်ဖြတ်သောညတွင် `တော်လှန်ရေး ကောင်စီကို တိုက်ကြလျှင် ဓားကိုဓားနဲ့၊ တုတ်ကိုတုတ်နဲ့ ပြန်လည်ခုခံမည်´ ဟု ဗိုလ်ချုပ်ကြီးနေ၀င်းက အသံလွှင့်ရုံမှ စစ်ကြေညာသေးသည်။
ဆက်လက်ပြီး သမိုင်းဝင် တက္ကသိုလ်သမဂ္ဂ အဆောက်အအုံကြီးကို ဗုံးခွဲဖျက်ဆီးလိုက်ပြန်သည်။ ဖျက်ရသည့် အကြောင်းတခုမှာ ပညာတတ်ကျောင်းသားများက ဦးစီးပြီး အင်္ဂလိပ်လက်အောက်က လွတ်မြောက်ရေး တိုက်ပွဲ ဆင်နွှဲကြစဉ်က စစ်ဗိုလ်ကြီးများ မပါခဲ့လေသောကြောင့် မျက်မုန်းကျိုးသဖြင့် ဖြစ်သည်ဟု ယူဆကြ သည်။ နောက်တကြောင်းကမူ ကျောင်းသားခေါင်းဆောင်များနှင့် ဒဏ်ရာရရှိသူ ကျောင်းသားများ သမဂ္ဂ အဆောက်အအုံ မျက်နှာကျက်ပေါ်မှာ ပုန်းနေကြသဖြင့် သတ်ဖြတ်ရန် ဖြိုဖျက်သည်ဟု ဆိုသေးသည်။ မည်သည့် အကြောင်းကြောင့် ဖြိုသည်ဖြစ်စေ ရက်စက်ယုတ်မာ မှားယွင်းသည့် လုပ်ရပ်ဖြစ်၏။
ထိုညက ဂါးဒီးယန်းသတင်းစာတိုက်၌ တွေ့ကြသဖြင့် `မလွန်လွန်းဘူးလား´ ဟု တင်မောင်က စကားနာ ထိုးသောအခါတွင် ဗိုလ်အောင်ကြီးက `ရွှေအုတ်နဲ့ ပြန်ဆောက်ပေးပါ့မယ်ဗျာ´ ဟု ဖြေ၏။
သမိုင်းဝင် ကျောင်းသားလှုပ်ရှားမှုဓာတ်ပုံများ၊ မှတ်တမ်းများ ပျက်စီးရသည့်အထဲတွင် တင်မောင်၏ နှလုံးသားရတနာတခု ပါသွားသည်ဟု သိရသဖြင့် ကြေကွဲရသည်။ တင်မောင်၏ ဇာတိ ပုဂံမြေတွင် မနူဟာစေတီဟု ဘွဲ့မည်ရှိသော အဓိကရ စေတီတော်ကြီးတဆူ ရှိသည်။ ရှေးကာလက သထုံပြည်ကို ပုဂံ ဘုရင် အနော်ရထာက အနိုင်ရသောအခါတွင် သထုံဘုရင် မနူဟာမင်းကို ဖမ်းဆီးခေါ်ဆောင်လာပြီး ပုဂံတွင် အကျယ်ချုပ်နှင့် လွတ်လပ်စွာ ထားရှိခဲ့သည်။ အကျယ်ချုပ်စေကာမူ အကျဉ်းသားတို့မည်သည် လွတ်လပ်ခွင့် ဆုံးရှုံးရစမြဲ ဖြစ်သည်။ အကျဉ်းစံ မနူဟာမင်းက သူနှင့် အတူပါလာသော ဗိသုကာများကို အသုံးပြုပြီး စေတီတော်ကို တည်ဆောက်သောအခါတွင် ကြီးမားသည့် ရုပ်ထုတော်ကြီးပေါ်တွင် ကျဉ်းမြောင်းသော ပြာသာဒ် ဆောက်လုပ်ကာ သီးတင်းသုံးစေသည်။ ဗုဒ္ဓရုပ်ထုတော်ကြီးမှာ မလှုပ်မရှားနိုင်ဘဲ ကျဉ်းကြပ်စွာ သီတင်းသုံးတော်မူရသည်ကို ပေါ်လွင်အောင် တည်ဆောက်ထားသည်။ ကမ္ဘာအရပ်ရပ်မှ ရုပ်ထုတော်များနှင့် မတူစေဘဲ မျက်နှာတော် မကြည်မလင် ဖြစ်နေသည်ကို ပီပြင်အောင် ထုလုပ်ခဲ့သည်။
အနော်ရထာမင်းနှင့်တကွ နောင်လာနောက်သားတို့ကိုပါ သိစေသည်။ လောကမှာ အကျဉ်းခံရလျှင် ဘုရားသခင်ပင်လျှင် ညှိုးနွမ်းညစ်ညူးတော်မူသည်ဟု ကမ္ဗည်းကျောက်စာရေးသားခြင်း မပြုဘဲ အဓိပ္ပာယ် ပေါ်လွင်အောင် ပြသခဲ့သည်။
ထိုမနူဟာ ရုပ်ထုတော်ကို မိတ်ဆွေကြီး ဆရာကိုနန်းဝေက ပြောင်မြောက်စွာ ပန်းချီဆွဲထားသည်။ ရွှေသင်္ကန်းရောင်ကို ထူးခြားသောနည်းနှင့် ရရှိအောင် ဆေးစပ်ပြီး အကျဉ်းခံရုပ်ထုတော်ကြီး၏ မအီမသာ ရုပ်သွင်ကို ပေါ်လွင်အောင် ပုံဖော်ထားသည်။ ပန်းချီကား စုဆောင်းသော တင်မောင်က တချိန်က နိုင်ငံရေး ရဲဘော်ဖြစ်သည့် ကိုနန်းဝေထံ တောင်းခဲ့သည်။ `ခင်ဗျားက ထောင်နှုတ်ခမ်းလျှောက်နေတုန်း ရှိသေးတယ်၊ ထောင်မကျသေးဘူး။ တနေ့ထောင်ထဲသွားရမှာပါ။ ဒီတော့ ထောင်ကျခံရပြီး ပြန်ထွက်လာတဲ့အချိန်မှာ အမှတ်တရယူပါလေ´ ဟု သူက ဖြေခဲ့သည်။ ထိုအချိန်က တင်မောင်အဖို့ ထောင်ထဲသို့ မရောက်သေးသဖြင့် ပန်းချီကားကြီးကို လက်ခံရန် အရည်အသွေးမမီသေးသဖြင့် အောင့်အီးနေခဲ့ရသည်။ ပန်းချီကားကြီးမှာ စစ်ဗိုလ်ကြီးများ၏ မိုင်းဗုံးဒဏ်ဖြင့် ပျောက်ပျက်သွားရလေပြီ။
မိုင်းဗုံးခွဲစဉ်က သမဂ္ဂခန်းမ၌ ဆွဲချိတ်ထားသော ကိုနန်းဝေ၏ ပန်းချီကားများပါ ပြာကျရသည်။ ဗုံးဒဏ်ကြောင့် နိုင်ငံရေးနှင့် အနုပညာ ဆုံးရှုံးမှုမှာ များစွာ ကြီးမားသည်။ စစ်ဗိုလ်များ တွက်ကြသကဲ့သို့ ကျောင်းသားများ ခိုအောင်းနေကြသည်ဆိုပါက သနားစဖွယ် ပုန်းအောင်းနေရှာသူ ကျောင်းသားငယ်များကို မျက်နှာကြက်ပေါ် တက်ရောက်ဖမ်းဆီးခြင်း မပြုဘဲ ကလေးငယ်များ၏ အသက်ကို ကြီးမားသော ယမ်းဘီလူးများသုံးစွဲကာ ကြေကြေညက်ညက် အစရှာမတွေ့အောင် သတ်ဖြတ်သည်မှာ ရက်စက်လွန်းသည်။
ပိုပြီး ဇာတ်နာသည်မှာ တက္ကသိုလ်သမဂ္ဂကြီးကို ဆောက်လုပ်ရေးတွင် ဦးစီးလှူဒါန်းခဲ့သော သူဌေး ဦးညို၏ အမည်သည် သမိုင်းတွင် ကျန်ရစ်ခဲ့စေကာမူ တက္ကသိုလ်သမဂ္ဂကို ဖျက်ဆီးရန် မည်သူက ဆုံးဖြတ်ပြီး၊ မည်သူ က အမိန့်ပေးသည်ဟူသော အချက်မှာ သမိုင်းမှာ ပျောက်နေသည်။
တော်လှန်ရေးအစိုးရကို ထိပါးလျှင် တုတ်ကိုတုတ်ချင်း၊ ဓားကိုဓားချင်း ခုခံမည်ဟု အမိန့်ပေးခဲ့ပြီး မီးခြစ်ဆံပင် ကိုင်မထားသော လက်နက်မပါ ကျောင်းသားငယ်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရဲသည့် တော်လှန် ရေးကောင်စီ ဥက္ကဌကြီး၊ တပ်မတော်၏ တပ်ပေါင်းစု သေနာပတိ ဦးစီးဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီးနေ၀င်းသည် တကသ အဆောက်အအုံကို ဖျက်သည်ကို သူမသိပါဟု သူရဲဘောကြောင်စွာ ခေါင်းရှောင်နေခဲ့သည်။
အထက်အမိန့်အရ မိုင်းဗုံးများကို ဓာတ်ကြိုးများနှင့် ချီတုတ်သူ အင်ဂျင်နီယာ စစ်ဗိုလ်များ၊ မိုင်းခလုတ်ကို နှိပ်သော စစ်ဗိုလ်များ၏ အမည်များ စာရင်း ကျန်ရစ်ခဲ့သည်။ အမိန့်ပေးသူ မည်သူဖြစ်သည်ကို မည်သူကမှ ဖော်မပြောဝံ့ဘဲ တဦးကိုတဦး လွှဲချနေကြသည်။
လူဆိုတာ လုပ်ရဲလျှင် ခံရဲရတယ်ဟု စကားရှိသည်။ တော်လှန်ရေးအစိုးရ တက်လာစ ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ် ၀န်ကြီးများ မာစီးဒီးကားသစ်ကြီးကို စီးနင်းကြစဉ်က ကဲ့ရဲ့ခံရမည်ကို ကြောက်ကြရှာသဖြင့် ကားနံပါတ် ဟောင်း တပ်ကာ အသုံးပြုကြသည်။ အာဏာသိမ်း စစ်ဗိုလ်ကြီးများသည် လွန်စွာ ကြောက်ရွံ့ကြသူများ ဖြစ်ကြသည်။
(တခေတ်က ဂဠုန်ဦးစော နန်းရင်းဝန်ဖြစ်စဉ်က ကားအသစ်ကို စီးရာတွင် နံပါတ် RCI ဟု နံပါတ်ယူကာ ရဲဝံ့စွာ စီးနင်းခဲ့သည်။)
မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဗမာ့တပ်မတော် စစ်အာဏာရှင်တခေတ်မှ စစ်ဗိုလ်ကြီးများကဲ့သို့ သူရဲဘော ကြောင်သူ ခေါင်းဆောင်များ မပေါ်သေးပါ။ ထိုကြောင့် ဒင်းတို့တတွေသည် စစ်တပ်က ကျူးလွန်သော မကောင်းမှုမှန်သမျှကို တာဝန်မယူကြဘဲ တဦးကိုတဦး လွှဲချနေကြရာတွင် ဦးစီးဗိုလ်ချုပ်နေ၀င်းသည် သူရဲ ဘောကြောင်တို့၏ ထိပ်ခေါင်တင် ဗိုလ်ချုပ်ကြီး အဖြစ် ထိပ်ဆုံးမှ ဦးစီးနေလေတော့၏။ ။

Subscribe to:
Posts (Atom)