၁၉၆၂ ခုနှစ်၊ မတ်လတွင် အာဏာသိမ်းခဲ့ပြီး ပါတီဝင် (၂၀) နှင့် တည်ထောင်ခဲ့သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို လူထုပါတီအဖြစ် စည်းရုံးရေးကို ဇူလိုင်လ (၄) ရက်က စတင်သောအခါတွင် ကြံကြံဖန်ဖန် ပါတီဝင်ခွင့် လျှောက်လွှာပုံစံများကို လာရောက်ယူကြပါဟု စီစဉ်သည်။ လူထုကြီးက အရှိန်အဟုတ်ပြင်းစွာ အင်တိုက်အားတိုက် လာကြမည်ဟု မျှော်လင့်ထားသောကြောင့် အဓိကရုဏ်းနှိမ်နင်းရေးတပ်များကို အသင့်ပြင် ထားကြပါသေးသည်။
“ငညို့အထင်နှင့် နှမ်းထွက်မကိုက်” ဟူသော စကားပုံကဲ့သို့ လက်တဆုပ်ခန့်သာ ရှိသော လူဦးရေအနည်းငယ် သာ တဖွဲဖွဲ ဂတ်တဲများသို့ လာပြီး ပုံစံတောင်းကြသည်။ တော်လှန်ရေးကောင်စီက စာပေလောကသားအများ ၀င်လာကြလေမည်ဟု မျှော်လင့်ထားစေကာမူ စိတ်ဝင်စားမှုမရှိကြသဖြင့် မလာကြသောကြောင့် တနည်းတဖုံ စည်းရုံးပြန်ပါသည်။
နိုဝင်ဘာ (၁၇) ရက်နေ့တွင် (၄) ရက်တာ စာပေနှီးနှောဖလှယ်ပွဲကြီးကို တော်လှန်ရေးကောင်စီက ဦးစီးကျင်းပ ပါသည်။ ပါတီသစ်ဖွဲ့စည်းသည်ကို ပထစ၊ ပမညတနှင့် တည်မြဲဖဆပလတို့က တာဝန်ကျေစွာ ထောက်ခံကြိုဆို ပြီးကြပါပြီ။ စာပေပွဲတော်တွင် သဘာပတိဆရာ သိန်းဖေမြင့်က ထောက်ခံကြောင်းကြေညာပါသည်။ လက်ဝဲခေါင်းဆောင် ဆရာသိန်းဖေမြင့်က တော်လှန်ရေးကောင်စီ၏ မူဝါဒကို အမှန်တကယ် ယုံကြည်သော ကြောင့် သူပိုင်သည့် ဗိုလ်တထောင်သတင်းစာကို လှူဒါန်းပြီး ဆောင်းပါးရှင်အဖြစ် အလုပ်အကျွေးပြုပါသည်။ အစိုးရကလည်း သူ့ကို တော်လှန်ရေးကောင်စီ အတိုင်ပင်ခံ အဖွဲ့လူကြီးအဆင့်ထိ မြှောက်စားခဲ့သော်လည်း နောက်ပိုင်း စီးပွားရေးအကျပ်အတည်းများ တွေ့ကြရသည့်ခေတ်၊ ၁၉၇၆ ခုနှစ်တွင် သူ့အား ဆောင်းပါးရေးခွင့် မပြုတော့ဘဲ နှုတ်ပိတ်လိုက်ပါသည်။
အစိုးရဘက်က ဗိုလ်မှူးကြီးဘိုက “စာနယ်ဇင်းတို့ ဘာတွေရေးကြရမယ်လို့ အစိုးရက ညွှန်ကြားမှု မပြုပါဘူး။ အချိန်ကာလအရ ပြောင်းလဲ ချီတက်နေတဲ့ နိုင်ငံရဲ့လမ်းစဉ်ကို အထောက်အကူ ပြုကြပါ” ဟု မေတ္တာ ရပ်ပါ၏။
ဆွေးနွေးပွဲ တက်ရောက်သူ (၇၀၀) တို့အနက် (၂၁၀) တို့က မိမိတို့ အယူအဆကို တင်ခွင့်ရကြသဖြင့် ဆရာကြီး ဇေယျက “လွတ်လပ်စွာ တွေးပြီး၊ လွတ်လပ်စွာရေးမှသာ စာကောင်းပေမွန် ထွက်လာနိုင်ပါသည်” ဟု တင်ပြ သကဲ့သို့ အားလုံးက လွတ်လပ်ခွင့်ကို တောင်းကြလေသည်။
ဆွေးနွေးပွဲကြီးမှ ဆုံးဖြတ်ချက်မထွက်လာဘဲ စာရေးဆရာများ အလုပ်သမား လယ်သမားတို့ထံ သွားရောက် လေ့လာလိုက အစိုးရက စရိတ်ကူညီမည်ဟူသည့် အစီအစဉ်တခုသာ ပေါ်ပေါက်လာပြီး ဆရာအချို့၏ စာအချို့ ထွက်လာသည်မှတပါး အကျိုးမထွန်းပါ။
တော်လှန်ရေးကောင်စီသည် အသွင်အားဖြင့် စစ်ကောင်စီကဲ့သို့ ဖြစ်နေပေသည်ကို မလိုလားကြချေ။ တော်လှန် ရေးတရပ်ကို တော်လှန်ရေးသဘော လက္ခဏာဆောင်သော နိုင်ငံရေးပါတီကြီးတရပ်ကသာ ဦးဆောင်သင့် ပေသည်။ ထိုကြောင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်နှင့် အညမည လူနှင့် လူပတ်ဝန်းကျင် သဘောတရားစာတမ်း သည် နိုင်ငံတော်အစိုးရ၏ မူဝါဒ ဖြစ်သည်ဟု ၁၉၆၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်နေ့မှာ ကြေညာပါသည်။
ဆိုရှယ်လစ် ညီညွတ်မှုဟူသည်မှာ လူတဦးစီ၊ တစုစီတို့၏ စိတ်ဆန္ဒနှင့် အားထုတ်မှုက တဘက်၊ လူ့အဖွဲ့စည်း ကို ဗဟိုက ဦးဆောင်လမ်းညွှန်မှုဟူသော ဝေါဟာရကို ကျောချမ်းမိကြသည်။ ယနေ့ ကျွန်ုပ်တို့ နိုင်ငံလိုအပ် သည်မှာ ညီညွတ်မှု ဖြစ်ပေသည်။ သတင်းစာ လွတ်လပ်မှုဟူသည်မှာ သွေးခွဲမှု ဖြစ်သည်။ သတင်းစာ လွတ်လပ်ခွင့် အကောင်အထည် မဖော်နိုင်ပါ။ အမျိုးသား တိုးတက်စည်ပင်ရေးအတွက် လွတ်လပ်ခွင့်ကို နောက်တန်းသို့ ပို့ရပေမည်ဟု ပါတီဆရာများက လမ်းစဉ်ချပြီး စာနယ်ဇင်းတို့ကို အမှည့်ချွေ ချွေပါတော့၏။ စာပေလောကကို အစိုးရက ချုပ်ကိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနကို ပြုပြင်ဖွဲ့စည်းပါသည်။ (၁) ပြန်ကြားရေးနှင့် စပ်လျဉ်း၍ လိုအပ်သော ဥပဒေများ ပြဌာန်းခြင်း။ (၂) ဆိုရှယ်လစ်နိုင်ငံထူထောင်ရေးတွင် လုပ်သားပြည်သူများ တက်ကြွစွာ ပါဝင်လှုပ်ရှားရေး လုပ်ငန်းနှင့် (၃) ဆိုရှယ်လစ်စနစ်ကို ကာကွယ်သည့် လုပ်ငန်းများ လုပ်ဆောင်ရန် ပြုပြင်ဖွဲ့စည်းသည် ဆိုပါသည်။
အစိုးရပိုင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကြီးက နှစ်စဉ်ပေးမြဲဖြစ်သည့် စာပေဆုများနှင့် ပတ်သက်သည့် မူကိုလည်း ပြင်ဆင်သည်။ စာပေတခု၊ တရပ်သည် (၁) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထောက်ခံရမည်။ (၂) မြန်မာ့မူ၊ မြန်မာ့ယဉ်ကျေးမှုကို စစ်မှန်စွာ ခေါင်းဆောင်ရမည်။ (၃) စာဖတ်သူများကို မျိုးချစ်စိတ် နိုးကြွစေရမည်။ (၄) စိတ်ကူးဉာဏ်ဖွံ့ဖြိုးမှုနှင့် စာရိတ္တတိုးတက်မှုကို အထောက်အကူဖြစ်စေရမည်။ (၅) စာဖတ်သူများကို မှန်ကန်သော ဗဟုသုတကို ပေးစေရမည်ဟု စည်းကမ်းချမှတ်သောကြောင့် စာကောင်းပေမွန်များ လျော့ပါးသွား ပြီး အစိုးရနှင့် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ၀ါဒဖြန့်သည့် စာမူများသာ ဆုရစာပေဖြစ်လာပါသည်။ ၁၉၆၂ ခုနှစ်၊ မေလမှ စတင်ပြီး ရွှေသွေးဂျာနယ်ကို စတင်ထုတ်ဝေပြီး အင်္ဂလိပ်ဘာသာပြန် ရွှေသွေးဂျာနယ်ကိုပါ ဖြန့်ချီသည်။ အယ်ဒီတာချုပ်မှာ ဦးစောဦး ဖြစ်ပါသည်။ အလံဖြူကွန်မြူနစ်အဖြစ် တောခိုသွားပြီးမှ စစ်တပ်နှင့် ပြန်ပေါင်းကာ ကွန်မြူနစ်ဆန့်ကျင်ရေးစာများကို ရေးနေသော ထူးဆန်းသည့် သတင်းစာဆရာဖြစ်ပါသည်။ အညမည သဘော တရားကို ရေးသူက အလံနီလူထွက် ကိုချစ်လှိုင်ဖြစ်ပါ၏။
ဦးစောဦး၊ ကိုချစ်လှိုင်တို့နှင့် များစွာ ရင်းနှီးသူ တည်မြဲပြန်ကြားရေးဝန်ကြီးဟောင်း သခင်ချစ်မောင်က “မင်းတို့နှစ်ယောက်က ဗိုလ်ချူပ်ဈေးက အိမ်သာတွေမှာ မိန်းမသွားရန်၊ ယောက်ျားသွားရန် ဆိုင်းဘုတ်ရေးပေး တဲ့ လူနဲ့ အတူတူပါပဲကွာ” ဟု မျက်နှာကို စေ့စေ့ကြည့်ပြီး နောက်ပြောင်ဝေဖန်တာကို ကြားရဖူးပါသည်။ မည်သူက မည်သို့ဆိုစေကာမူ စစ်တပ်၏ စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့တွင် ပြင်းထန်သော ကွန်မြူနစ်ဆန့်ကျင် ရေးစာပေများကို ရေးသားသည့် ကွန်မြူနစ်လူထွက်နှစ်ဦးအဖို့ စစ်အစိုးရများ တက်နေသမျှ မြှောက်စားခံရသူ များ ဖြစ်ကြသည်။ နိုင်ငံခြား ကြေးနန်းကိုယ်စားလှယ်လုပ်ငန်း ထောင်ကြရအောင်လားဟု ၁၉၆၃ ခု၊ ဧပြီလ နေ့တနေ့တွင် ဂါးဒီးယန်းဦးစိန်ဝင်းက ပြောသောအခါ တင်မောင်က ရယ်ပါသည်။ “မဖြစ်နိုင်ပါဘူး။ သူတို့က ပုဂ္ဂလိက စာနယ်ဇင်းတွေကို တိုက်နေတယ်လေ” ဟု ဖြေတော့ “ဘာလို့မဖြစ်ရမှာလဲ၊ ဟောဒီမှာကြည့်” ဆိုကာ ငွေစက္ကူထုပ် တထုပ်ကို ပြသည်။ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးကြီးစောမြင့်ကို တိုင်ပင်တော့ အရပ်သားပိုင် သတင်းကိုယ်စားလှယ် လုပ်ငန်းကို အစိုးရက လက်ခံမည်ဟု ပြောပြီး သူကပါ လျှို့ဝှက်အစုရှင်အဖြစ် ပါရစေဟု ငွေပေးလိုက်သည်ကို သိရသဖြင့် စိတ်ဝင်စားမိသည်။
ဗိုလ်စောမြင့်က မဆလပါတီ အတွင်းရေးမှူးချုပ် ဖြစ်သဖြင့် ပုဂ္ဂလိက စာနယ်ဇင်းများအပေါ် ထားရှိသည့် ပါတီ၏ မူဝါဒတွင် ပုဂ္ဂလိကကဏ္ဍရှိသေးသည်ကို သိရသဖြင့် အားတက်ပြီး အားတက်သရော ကြိုးစားခဲ့မိသည်။ မြန်မာပြည်မှာ သတင်းစာတွေ များပြားသော်လည်း စရိတ်စက ကြီးမားသောကြောင့် နိုင်ငံခြားကြေးနန်းသတင်း လုပ်ငန်း မထွန်းကားခဲ့ပါ။ စစ်အတွင်း အင်္ဂလိပ်တပ်များ ၀င်လာစဉ်က အင်္ဂလိပ်စစ်တပ်က Rangoon Liberator အမည်နှင့် အင်္ဂလိပ်စာသတင်းစာတစောင် ထုတ်ခဲ့သည်။ စစ်အုပ်ချုပ်ရေး ရပ်သောအခါတွင် ထိုသတင်းစာကို အရပ်သားများကို ရောင်းချရာ ၀န်ကြီးဦးတင်ထွဋ်က ၀ယ်ယူပြီး The news time of Burma အမည်နှင့် ထုတ်ပါသည်။ သတင်းစာနှင့်အတူ ပါလာသည့် အမေရိကန်သတင်းဌာန အေပီကို တဆင့်သတင်းဖြန့်ပါသည်။ ထို့ပြင် ဗမာ့ခေတ်ဦးအုန်းခင်နှင့် ရန်ကုန်သတင်းစာ ဦးအောင်မြင့်တို့က ဦးစီးပြီး Burma Press Syndicate ကို ၁၉၅၀ ခုနှစ်က စတင်ဖွဲ့ပြီး ရိုက်တာကို ၀ယ်ပြီး တဆင့် သတင်းဖြန့်ပါသည်။ နောက်ပိုင်းတွင် အမေရိကန်မှ UPI နှင့် ပြင်သစ်မှ AFP နှင့် ရုရှသံရုံးမှ အခမဲ့ ဖြန့်သော တပ်စ် သတင်းစဉ်နှင့် တရုတ်သံရုံး၏ ဆင်ဟွာတို့ ပေါ်လာ ပါသည်။ နိုင်ငံခြားသတင်းဖြန့်ဝေရေးမှာ အမြတ်မရသော်လည်း သြဇာကြီးသဖြင့် နိုင်ငံခြားသတင်းစဉ်ကို တည်ထောင်ရန် အားထုတ်ခဲ့ပါသည်။ ဂါးဒီယန်းသတင်းစာတိုက် အပေါ်ထပ်တွင် သတင်းဌာနရုံးကို ဆောက်လုပ်ကြပါ၏။ အစုများ ရောင်းသောအခါ သတင်းစာအားလုံးက ၀ယ်ကြရာတွင် မန္တလေး လူထုဦးလှ က (၁၀၀၀)တန် အစု (၃) စု ၀ယ်ပါ၏။
တပ်စ်သတင်းဌာနက အင်အားကြီးစွာ အားပေးပါသည်။ မော်စကိုမှ အကြီးအကဲကိုယ်တိုင် လာရောက်ဆွေးနွေး ပြီး သတင်းဖမ်း တယ်လီပရင်တာစက်များ၊ ရေဒီယိုများ လေယာဉ်ပျံ တစီးစာဖိုးပေးပြီး အခမဲ့ ငှားရမ်းသည်။
သတင်းဌာနဖွင့်တော့မည်ဟု ကြေညာသောအခါ ပြန်ကြားရေးဝန်ကြီးက “ရပ်လိုက်ကြပါဗျို့” ဟု ဖုန်းဆက် ပါသည်။ သတင်းလုပ်ငန်းကို ပုဂ္ဂလိကအဖွဲ့ကို လုပ်ပိုင်ခွင့် ပေးရမည်လားဟု ဗိုလ်နေ၀င်းက ပြန်ကြားရေးဝန်ကြီး ကို ဆူသည်ဟု သိရပါ၏။
သတင်းစဉ်ထောင်ရန် ကိစ္စနှင့် ပတ်သက်ပြီး ၀န်ကြီးက နောက်ထပ်မပြောတော့ပါ။ သူထည့်ထားသော ငွေ (၅၀၀၀) ကို ပြန်မတောင်းတော့ပါ။ တင်မောင်လည်း ငွေ (၅၀၀၀) ဆုံးပါ၏။ တရားဝင် အစုဝယ်သဖြင့် အခွန်တော်မှ လျှော့ခွင့်ရစေကာမူ ခိုးဝင်ပြီး အစုဝယ်သူ ၀န်ကြီးမှာ သနားစရာကောင်းလှပါသည်။ ပြည်သူပိုင် နိုင်ငံခြားသတင်းဖြန့်ချီရေး လုပ်ငန်းအဖြစ် မြန်မာ့သတင်းစဉ်ကို ၁၉၆၃ ခု၊ ဇူလိုင်လ (၂၆) ရက်နေ့မှာ တည်ထောင်ပါသည်။ ကြီးကဲသူ စစ်ဗိုလ်က ဤလုပ်ငန်းကို သိကြသော တင်မောင်နှင့် ဦးစိန်ဝင်းတို့အား တိုင်ပင် မှုမပြုသဖြင့် မူပိုင်ခွင့်အဆများစွာ ပိုမိုပေးရပါသည်။ ပုဂ္ဂလိက တည်ထောင်ပါက တလ (၁၀၀) ခန့် ကုန်ကျမည့် လုပ်ငန်းကို တလ (၈၀၀) ခန့် အဆများစွာ ပေးရပါ၏။ ။
No comments:
Post a Comment