၁၉၆၃ ခု၊ အောက်တိုဘာ (၁) ရက်နေ့တွင် တော်လှန်ရေးအစိုးရ၏ အာဘော်ဖြစ်သော လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာကို စတင်ထုတ်ဝေသည်။ တော်လှန်ရေးအစိုးရ အဖွဲ့ဝင်များအဖို့ သတင်းစာ အမည်အတွက် အချိန်ကြာမြင့်စွာ စဉ်းစားရလေသည်။ အစိုးရက ဆိုရှယ်လစ်စီးပွားရေး စနစ်သို့ ချီတက်မည်ဟု ဆုံးဖြတ်စဉ်က အရှေ့ကွန်မြူနစ်တို့၏ စနစ်မဟုတ်ဘဲ မြန်မာ့နည်း မြန်မာ့မူနှင့် လုပ်ဆောင်မည်ဟု ကြေညာခဲ့သောကြောင့် လက်ရှိ ဆိုရှယ်လစ်နိုင်ငံများမှ သတင်းစာများ အမည်နှင့် မတူသော အမည်ကို ရှာဖွေကြရသည်။
လုပ်သားသတင်းစာဟု အမည်ပေးလျှင် ဥရောပကွန်မြူနစ်နိုင်ငံ သတင်းစာများနှင့် အမည်တူ ဖြစ်နေသည်ကို ကြောက်ကြသည်။ ပြည်သူ့နေ့စဉ်ဟု မှည့်ခေါ်ပါက တရုတ်ပြည် နောက်လိုက်ဖြစ်မည် ကို စိုးရိမ်သောကြောင့် လုပ်သားပြည်သူ့သတင်းစာဟု အမည်ဆန်းပေးကြသည်။ သတင်းစာအယ်ဒီ တာချုပ်အဖြစ် ဆရာကြီး ရွှေဥဒေါင်းကို ခန့်ထားသည်။ ၀တ္တုဘာသာပြန် ပါရဂူဆရာကြီးသည် မန္တလေး လူထုသတင်းစာတွင် လက်ဝဲယိုင်သော ခေါင်းဆောင်များကို* ပြောင်မြောက်စွာ ရေးသားခဲ့သူ ဖြစ်သည်။ ဆရာကြီး လက်အောက်မှ မြို့ ပြ အယ်ဒီတာ (သို့မဟုတ်) သတင်းအယ်ဒီတာရာထူးနှင့် အယ်ဒီတာအဖွဲ့ဝင်ရာထူးများကို လက်နက်ချ အလံဖြူ၊ အလံနီကွန်မြူနစ်များက အရှက်မဲ့စွာ ၀င်လုခဲ့ ကြသည်။
သတင်းစာ ထွက်စကာလက စာပေဗိမာန် ဦးထင်ကြီး၊ သံတော်ဆင့် ဦးမောင်မောင်ကြည်တို့ကို အစိုးရ က ခေါ်ပြီး အပ်သည်။ သူတို့သည် သတင်းစာပညာရှင်များ ဖြစ်ကြသည်။ သို့သော် လက်အောက်မှ လက်နက်ချသူများက သတင်းစာထွက်မရစေရန် စာမူများကို ဖျောက်ကြသည်။ ဓာတ်ပုံဘလောက်များ ကို ခိုးဝှက်ကြသည်။ အမျိုးမျိုး နှောက်ယှက်ကြသဖြင့် သမရိုးကျ သတင်းစာဆရာများ လက်မြှောက်ပြီး ထွက်သွားကြရသည်။ ဤတွင်မှ ကွန်မြူနစ်များသည် မင်းက ဘယ်နေရာယူ၊ ငါက ဘာလုပ်မယ်ဟု ဝေစုခြွဲ့ပီး အပိုင်စီးကြသည်။
`သတင်းစာ သြဇာဆိုတာ အာဏာရဲ့ လှေကားထစ်ပဲ ဆိုတာ စစ်ဗိုလ်တွေ နားမလည်ကြပါဘူး။ သတင်းစာတွေကို တို့များ လက်မှာ ရှိရမယ်´ ဟု လက်နက်ချများက လမ်းစဉ်ချကြသည်။ သမရိုးကျ သတင်းစာဆရာများကို သူတို့က ကျောင်းဟောင်းတွေဟု ခေါ်၏။ ကျောင်းဟောင်းတွေ နေရာမရ စေရန် စစ်ဗိုလ်ကြီးများကို ချော့မော့ပေါင်းသင်းကြသည်။ ကျောင်းဟောင်းများ ၀င်လာပါက စစ်ဗိုလ် များနှင့် ရန်တိုက်ပေးကြသည်။
သူတို့ ရည်ရွယ်ချက်အတိုင်း တော်လှန်ရေးအစိုးရခေတ်နှင့် မဆလခေတ်တွင် သတင်းစာလောက တခုလုံး လက်နက်ချများ၏ လက်တွင်းသို့ ရောက်ရှိသွား၏။ ခက်သည်မှာ သူတို့က များသောအားဖြင့် စာအရေးအသား ညံ့ဖျင်းကြသည်။ ထို့ပြင် ပြတ်ပြတ်သားသား မရေးဝံ့ကြ။ ထို့ကြောင့် စစ်ဗိုလ်ကြီးများ အား နဖူးပွန်းလောက်အောင် ဒူးထောက်နေကြသဖြင့် ရာထူးကြီးများသာ ရရှိပြီး သြဇာမရရှာကြပါပေ။ ယင်းကဲ့သို့ မင်းလိုလိုက် မင်းကြိုက်ကို ရေးတတ်ကြသော ကွန်မြူနစ်သတင်းစာဆရာ လက်သစ်များ လက်တည့်စမ်းကြသောကြောင့် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာကို လူထုက စိတ်ဝင်စားမှု မရှိဘဲ ကျောခိုင်းကြသည်။
လုပ်သားသတင်းစာက ကြေးမုံ၊ ဟံသာဝတီတို့ထက် စာမျက်နှာ နှစ်ဆ ထူရုံသာမက အရွယ်ကလည်း နှစ်ဆကြီးသည်။ ကုန်ထုပ်စက္ကူ ရှားပါးနေပြီဖြစ်သဖြင့် လုပ်သားကို တလ (၇)ကျပ်နှင့် လကြည့်ဝယ် ပြီး လကုန်တွင် စက္ကူပြန်ရောင်းလျှင် (၈ - ၉) ကျပ် ရနိုင်ပါလျက် လူထုက မ၀ယ်ဖတ်ကြပေ။ လုပ်သားက စောင်ရေ (၁၀၀၀၀)ခန့်သာ ရောင်းရပြီး၊ ကြေးမုံက (၅) ဆပိုမို ရောင်းရသည်။ လုပ်သား အင်္ဂလိပ်သတင်းစာ Working People’s Daily ထွက်လာသောအခါတွင်မူ လူထုက လက်ခံအားပေး ကြသည်။ Guardian အင်္ဂလိပ်သတင်းစာသည် ဒေါက်တာမောင်မောင်ပိုင်သည့် သတင်းစာ ဖြစ်ခဲ့သည်။ ဆရာမောင်မောင် ပညာတော်သင်ဆု ရသဖြင့် အမေရိကန်သို့ သွားသောအခါတွင် စစ်တပ်၏ လျှို့ဝှက်ရန်ပုံငွေနှင့် ၀ယ်ယူပြီး ဗိုလ်မှူးကြီး (၃)ဦးပိုင်အဖြစ် ဆက်လက်ထုတ်ဝေခဲ့သဖြင့် စစ်တပ်ပိုင် သတင်းစာ စစ်စစ်ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်ကြီးနေ၀င်းက မျက်နှာကြောမတည့် သောကြောင့် အစိုးရပိုင် အင်္ဂလိပ်သတင်းစာထုတ်ရန် ပြန်ကြားရေးဝန်ကြီးအား အမိန့်ပေးကြောင်း သိရသည်။ အမိန့်အရ Working People’s Daily သတင်းစာကို ၁၉၆၄ ခု၊ ဇန်န၀ါရီလ (၁၂) ရက်တွင် စတင်ထုတ်ဝေသည်။ ရန်ကုန်တက္ကသိုလ်မှ ဆရာဦးခင်မောင်လတ်အား အယ်ဒီတာချုပ်၊ ဇနီး ဒေါ်ခင်မျိုးချစ်ကို လက်ထောက်အယ်ဒီတာအဖြစ် ခန့်ထားသည်။ ကွန်မြူနစ်လက်နက်ချ လောကတွင် အင်္ဂလိပ်ဘာသာရေးတတ်သူ နည်းပါးသောကြောင့် အင်္ဂလိပ်သတင်းစာသို့ များများ မ၀င်နိုင် သောကြောင့် ဆရာဦးခင်မောင်လတ်မှာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ရရှိခဲ့သည်။
Working People’s Daily ထွက်လာသည်နှင့် ထိုစဉ်က လက်ငင်းရင်ဆိုင်နေကြရသော စီးပွားရေး အခက်အခဲများကို ဆရာဦးခင်မောင်လတ်က ပွင့်လင်းစွာ ဝေဖန်ရေးသားသည်။ တခါက တရုတ်ပြည် တွင် ပန်းတိုင်းပွင့်ပါစေဟု လွတ်လပ်စွာ ရေးသားခွင့်ပြုခဲ့သကဲ့သို့ လုပ်သားပြည်သူများ မိမိတို့ ထင်မြင် ချက်များကို လွတ်လပ်စွာ တင်ပြကြပါဟု ပြန်ကြားရေးဌာနက ဖိတ်ခေါ်သောအခါ အင်္ဂလိပ်စာတတ် များက မြန်မာလမ်းစဉ် ဆိုရှယ်လစ်စီးပွားရေး စနစ်ကို ပယ်ပယ်နယ်နယ် ဝေဖန်ပြစ်တင်သော စာများ ရေးသား ပေးပို့ကြသည်။ ယင်းဝေဖန်ချက်များကို ပုံနှိပ်ပေးသဖြင့် အင်္ဂလိပ်လုပ်သား မဟာစောင်ရေ တိုးတက်ရောင်းချရသည်။ မြန်မာလုပ်သားသတင်းစာမှာ ကွန်မြူနစ် အယ်ဒီတာများက လူထုပေးစာ မှန်သမျှကို ပုံနှိပ်ရန် သတ္တိမရှိသောကြောင့် စောင်ရေမတက်ပေ။ စောင်ရေတိုးသည် ဆိုပေမယ့် Working People’s Daily သတင်းစာက ဦးလောရုံ Nation ၏ စောင်ရေကို မမီခြင်း၊ မြန်မာလုပ်သား က အရှူံးခံပြီး စာမျက်နှာ နှစ်ဆထုတ်ပါလျက် ပုဂ္ဂလိကသတင်းစာများ ရောင်းချကြရသည့် စောင်ရေ ၏ အောက်သို့ ရောက်ရှိနေခြင်းတို့ကြောင့် ဗိုလ်ချုပ်ကြီးနေ၀င်းက စိတ်မကြည်ဟု ကြားရသည်။
အစိုးရက တခုခုလုပ်လေမည်ဟု မျှော်လင့်ကြသည့်အတိုင်း အရပ်သားပိုင် သတင်းစာတွေကို အစိုးရက ဖိအားပေးလေတော့သည်။ ပုဂ္ဂလိကလုပ်ငန်း၏ အမြတ်ခွန်နှုန်းကို ပြင်သည်။ အမြင့်ဆုံး ၀င်ငွေကို အမြတ်တော်ခွန်နှုန်းထားကို (၉၉) ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်သည်။ ခေတ်ရှေ့ပြေး အင်္ဂလိပ်စာဖြစ်သော Nation သတင်းစာစက်နှင့် တိုက်ကိုလည်း သိမ်းလိုက်လေသောကြောင့် ၁၉၆၄ ခု၊ မတ်လမှာ ရပ်စဲရရှာသည်။
ကြေးမုံသတင်းစာကို အခွန်ရုံးသို့ တင်ပြသည့် စာရင်းများကို လက်မခံဘဲ ဒဏ်ငွေ ကျပ်နှစ်သိန်း တကြိမ်တည်းပေးစေဟု စီရင်ချက်ချသည်။ ထိုအချိန်က ငွေကျပ်နှစ်သိန်းမှာ တရင်းတနှီးကြီး ဖြစ်သဖြင့် ပေးဆောင်ရန် ခက်နေခဲ့သည်။ ကံအားလျော်စွာ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အထူးအရာရှိ အဖြစ် ဦးဘညိမ်းရောက်လာသည့် အချိန်တွင် အခွန်တော်အမှု ဖြစ်ရသည်။ ဦးဘညိမ်း အတွင်းဝန် ရာထူးမှ ထွက်ပြီး အလုပ်သမား လယ်သမားပါတီ တည်ထောင်စဉ်က စာရေးသူက သူတို့ပါတီကို နေ့စဉ်ဝင်ထွက်ခဲ့သဖြင့် ရင်းနှီးရုံသာမက ဦးဘညိမ်းက ကြေးမုံတွင် မကြာခဏ ဆောင်းပါးရေးနေသူ ဖြစ်လေသောကြောင့် `ဆောင်းပါးရှင်ကြီးရယ် … ကူပါဦး၊ ကယ်ပါဦး´ ဟု သူ့ကို ကပ်လေမှ လဆိုင်းနှင့် ပေးဆောင်စေဟု အမိန့်ကို ပြင်ပေးသဖြင့် ကြေးမုံအဖို့ အသက်ဆက်ရပြန်နိုင်သည်။
Nation ရပ်သွားသောအခါတွင် Working People’s Daily အဖို့ လွတ်လပ်စွာ ဖော်ပြသော အယ်ဒီတာထံ ပေးစာများကြောင့် စောင်ရေတက်လာသည်။ Guardian ထက် စောင်ရေ များလာသည်။ သို့သော် ပန်းပွင့်များမှ ကြိုင်လှိုင်သော ရနံ့ကြူကြူကို ဗိုလ်ချုပ်ကြီးက ပုပ်စော်နံသည်ဟု ယူဆသည်ဟု ကြားရသည်။ အယ်ဒီတာကြီး ဦးခင်မောင်လတ်အဖို့ သက်ဆိုး မရှည်ရှာပေ။
ဆရာဦးခင်မောင်လတ်အား ဗိုလ်နေ၀င်းက ခေါ်တွေ့ပြီး `ဆရာကြီး၊ သံအမတ်ရာထူး ယူပါလား´ ဟု ရာထူးပြောင်းလဲ ခန့်ထားသောအခါတွင် `ကျနော် သံအမတ်မလုပ်ချင်ဘူး၊ သတင်းစာဆရာဘ၀ကို ပျော်တယ်။ မကျေနပ်လျှင် ထွက်ပေးမယ်´ ဟု ရဲရဲဝံ့ဝံ့ ပြောပြီး အယ်ဒီတာချုပ်ရာထူးမှ ထွက်လိုက် သည်။ အစိုးရ သံအမတ်ရာထူးနှင့် ချီးမြှင့်သည်ကို သတင်းစာဆရာများက မက်မောလေ့မရှိပေ။ စစ်ဗိုလ်များသာ ငမ်းငမ်းတက် မက်မောကြလေ့ရှိသည်။ ဆရာတက်တိုး၊ ဦးအုန်းဖေတို့လည်း သံအမတ်ခန့်သည်ကို ငြင်းခဲ့သည်။ သတ္တိခဲ ဆရာဦးခင်မောင်လတ်ကို ထုတ်သောနေ့က မြန်မာလုပ်သားသတင်းစာတွင် စာရေးသူက ဆောင်းပါးတစောင်ရေးပြီး ဂုဏ်ပြုခဲ့၏။
(မြက်ထုံးကြီးပုံပြင်)
တရံရောအခါမှာ ဖုန်းတောင်းစားတဦးဟာ တခုသော တောစပ်မှာရှိတဲ့ ဇရပ်တဆောင်မှာ ထိုင်နေခိုက် နေပူထဲတွင် မြက်ထုံးကြီးတထုံးကို ပင်ပန်းစွာ ထမ်းပိုးတခုနှင့် ထမ်းလာတဲ့ သူဌေးသားတယောက် ၀င်ရောက်လာတာကို တွေ့ရသတဲ့။
မောပန်းနေတဲ့ သဌေးသား အပန်းဖြေပြီး ပြန်ထွက်ဖို့ ပြင်ဆင်တော့ လာစဉ်ကအတိုင်း မြက်ထုံးကြီးကို တထုံးတည်းစည်းထုံးပြီး ထမ်းပိုးတဘက်မှာ တင်ချိတ်ကာ တစောင်းထမ်းပြန်တာ တွေ့တာကြောင့် အကြံပေးမိသတဲ့။
`အမောင်၊ ထမ်းပိုးမှာ မြက်ထုံးတခုတည်းကို ချိတ်ကာ တစောင်းထမ်းမည့်အစား မြက်များကို အညီအမျှ နှစ်ထုံးခွဲစည်းပြီး ထမ်းပိုး တဘက်တချက်မှာ ချိတ်ကာ ထမ်းပါက များစွာ သက်သာပေမည် မဟုတ်ပါလား။´ အဲဒီလို အကြံပေးတာကို သူဌေးသားက အတန်ကြာ စဉ်းစားပါသတဲ့။ သေသေချာချာ စဉ်းစားပြီးမှ သူဌေးသားက အဖြေပေးသတဲ့။
`အချင်း ဖုန်းတောင်းစား၊ သင်ပြောသော အကြံသည် ကောင်း၏။ မှန်၏။ မြက်များကို နှစ်စု၊ နှစ်ထုံးခွဲစည်းကာ ထမ်းလျှင် များစွာ သက်သာမည်မှာ မှန်ပေ၏´ လို့ ၀န်ခံသတဲ့။
အဲဒီလို ၀န်ခံပေမယ့် သူဌေးသားက မြက်ထုံးကြီးကို ပြင်ဆင်စည်းနှောင်ခြင်း မပြုဘဲ လာရောက်စဉ်က အတိုင်း တထုံးတည်းကိုသာ ထမ်းပိုးမှာ ချီတင်ပြီး တစောင်းထမ်းကာ ပင်ပန်းတကြီး ခရီးဆက်လေ သတဲ့။ ဆက်မသွားမီ သူဌေးသားက ပြောကြားတာက `အဘယ် ဖုန်းတောင်းစား … သင်ပေးသော အကြံ ကောင်းသည်မှာ မှန်၏။ သို့သော် သင်သည် သူတောင်းစားသာ ဖြစ်ချေ၏။ ငါကား သူဌေးသား ဖြစ်ပေသည်။ သူဌေးသားတဦးက သူတောင်းစားပေးသော အကြံကို နာယူလက်ခံလျှင် ရာဇ၀င် ရိုင်းချေမည်။ ထိုကြောင့် မည်မျှ ပင်ပန်းစေကာမူ ငါသည် မူလက ထမ်းသည့်နည်းအတိုင်း ထမ်းပေအံ့´ တဲ့။ ။
No comments:
Post a Comment