ကျောင်းသားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်လိုက်သောကြောင့် နိုင်ငံတခုလုံး တုန်လှုန်သွားပြီး စစ်အာဏာရှင်စနစ်၏ အန္တရာယ် သတိပြုမိလာကြသည်။ အာဏာမသိမ်းမီက အစိုးရပါတီဖြစ်သည့် ပြည်ထောင်စုပါတီနှင့် တကွ နိုင်ငံရေးအဖွဲ့အားလုံးတို့ နှုတ်ပိတ်သွားကြရတော့သည်။
သတင်းစာများကလည်း သတိကြီးစွာထားပြီး ရေးသားကြခိုက်တွင် အစိုးရဌာနများ၌ အထူးအရာရှိများအဖြစ် နေရာယူလာကြသော စစ်ဗိုလ်များနှင့်လည်းကောင်း၊ နယ်တို့တွင် အုပ်ချုပ်ကြသော စစ်ဗိုလ်များနှင့် လည်းကောင်း ထိပ်တိုက်တွေ့ကြလေတော့သည်။ ဗွေဆော်ဦး ခံကြရသူများမှာ ပြည်မြို့မှ သတင်းထောက် ငါးဦးဖြစ်ကြသည်။ ရန်ကုန်သတင်းစာများတွင် ထိုနေ့ဖော်ပြသော ပြည်မြို့သတင်းတပုဒ်ကို မကျေနပ်ဟု ဆိုကာ ပြည်မြို့ကို အုပ်ချုပ်သော စစ်ဗိုလ်က ထိုသတင်းကို မည်သူက ပေးသနည်းဟု မေးသည်ကို စာနယ်ဇင်းတို့ ကျင့်ဝတ်အရ ဖော်မပြောကြသောကြောင့် ဖမ်းလိုက်လေသည်။ သတင်းစာဆရာအသင်း ဥက္ကဌ ဦးစိန်ဝင်းနှင့် ဒု-ဥက္ကဌ ဖြစ်သော တင်မောင်တို့သည် မိုင် (၁၅၀) ခရီးကို ကားမောင်းသွားကြသည်။ ဖမ်းဆီးသူ စစ်ဗိုလ်ကို တွေ့ဆုံပြီး စာနယ်ဇင်းကျင့်ဝတ်ကို ရွတ်ဆိုပြီး လွှတ်ပေးပါဟု တောင်းပန်ကြရသည်။ မရပါ၊ နောက်ဆုတ်ခဲ့ရသည်။ နည်းမှန်လမ်းမှန်နျင့် အရေးဆို၍ မရလေသဖြင့် ဦးစိန်ဝင်းက ရန်ကုန်တွင် ရှိသော ဗိုလ်မှူးကြီးများ၏ အိမ်များသို့ နောက်ဖေးပေါက်မှ တက်ပြီး နားလည်မှုယူလေမှ၊ အထက်က ဖိအားပေးလေတော့မှ ခမျာများကို လွှတ်ပေးသည်။
သတင်းပေးသူအမည်ကို သိလိုသောကြောင့် သတင်းထောက်များကို ဖမ်းဆီးစစ်ဆေးသည်မှာ နည်းလမ်း မမှန်ပါဟု သတင်းစာဆရာအသင်းက အစိုးရကို ပန်ကြားလွှာ တင်ကြသည်။ အကြောင်းမပြန်ဘဲ နေခဲ့ရာမှ နောက်ပိုင်းတွင် ၀န်ကြီးများ ရုံးစိုက်သော ရန်ကုန်မြို့တော်မှ သတင်းစာအယ်ဒီတာချုပ်ကြီးများကို ဖမ်းဆီးပြီး သတင်းပေးသူကို ထုတ်ပြောရမည်ကို စစ်ဆေးသည်ကို ခံကြရလေတော့သည်။
အမှုမှာ တော်လှန်ရေးကောင်စီ အဆင့်လေးတွင် ရှိသူ လေတပ်ဗိုလ်ချုပ် တီကလစ်က ဆိုရှယ်လစ် စီးပွားရေးစနစ် ဆိုသည်ကို မယုံကြည်သောကြောင့် ခေတ္တခဏသာ ဗိုလ်နေ၀င်းက ပေးသော သယ်ယူ ပို့ဆောင်ရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်ပြီး ၁၉၆၄ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်လိုက်သည်။ ယင်းသတင်းကို အိုးဝေသတင်းစာနှင့် မိုးကြိုးသတင်းစာတို့က ဖော်ပြကြသည်။ သတင်းမှန်ဖြစ်စေကာမူ ထိုသတင်းကို ပေးသူသည် မည်သူဖြစ်သည်ဟု သိလိုသည်ဆိုကာ မိုးကြိုးအယ်ဒီတာ ဗမာ့ခေတ်ဦးအုန်းခင်၊ သတင်းထောက် ကိုခင်မောင်ကလေးနှင့် အိုးဝေအယ်ဒီတာ ဦးညိုမြတို့ကို ဖမ်းဆီးသည်။ သူတို့အား စစ်စုံထောက်တို့က ဖမ်းဆီးပြီး အကျဉ်းထောင်သို့ မပို့ဘဲ စစ်စုံထောက်များက ညှဉ်းဆဲစစ်မေးသော စခန်းတွင် စစ်ဆေးသည်။ ရှေးအစဉ်အဆက်က သတင်းစာဆရာများကို ဖမ်းလျှင် ရဲတို့က ဖမ်းပြီး အရပ်သား ထောင်သို့ ပို့ကာ တရားရုံးသို့ တင်လေ့ရှိသည်။ သူတို့သုံးဦးကို ရုံးသို့မတင်ဘဲ တလကျော် စစ်ဆေးပြီးမှ ပြန်လွှတ်လိုက်သည်။
`သတင်းစာများ လွတ်လပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် တာဝန်သိကြပါ´ ဟု ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးကြီး စိုးမြင့်က ပြန်ကြားရေးဌာနက ဦးစီးကျင်းပသော နယ်သတင်းထောက်များ ညာဏ်သစ်လောင်း သင်တန်းမှာ မိန့်ခွန်းပေးသည်။ သင်တန်းဆရာ ပညာရှင်များက လွတ်လပ်စွာရေးသားခွင့်ကို အလေးထားပြီး သင်ကြားကြ သောကြောင့် အစိုးရနှင့် ဆရာများ မူဝါဒ မတူကြသဖြင့် သင်တန်းသားများ မျက်စိလည်ကြရလေသည်။
နယ်သတင်းထောက် (၆၀၀) ခန့်ကို သင်တန်းပေးပြီးနောက် သတင်းထောက်များကို ချုပ်ကိုင်သော သတင်းထောက်မှတ်ပုံတင် လက်မှတ်များကို ပြန်ကြားရေးဌာနမှ ထုတ်ပေးသော လက်မှတ်ကိုသာ တရားဝင် အသုံးပြုကြရမည်ဟု အမိန့်ထွက်လာသည်။ တော်လှန်ရေး အစိုးရတက်လာချိန်မှ စတင်ပြီး အစိုးရ မှန်သမျှကို စစ်သားများက စောင့်စေကာမူ သတင်းထောက်များက မိမိတို့ လုပ်ကိုင်သော သတင်းစာတိုက်မှ ထုတ်ပေးသော လက်မှတ်များနှင့် သတင်းဖြစ်ပွားရာ ဒေသများ၊ အစိုးရရုံးများတွင် ၀င်ထွက်သွားလာနိုင် သောကြောင့် ပြန်ကြားရေးဌာန၏ လက်မှတ်ကို လျှောက်ထားရယူလေ့မရှိကြပေ။ အမိန့်သစ်အရ သတင်းစာ တိုက်များက ထုတ်ပေးသော လက်မှတ်များ တရားမ၀င်ဖြစ်ရသဖြင့် အမိန့်အတိုင်း လက်မှတ်သစ်များ လျှောက်ထားရလေသည်။
တစတစ အသေးအဖွဲ တင်းကြပ်မှုကလေးများက စလာပြီး ကြီးမားသော နှောင်ကြိုးကြီးများက တည်းလာ လေတော့သည်။ ပုံနှိပ်တိုက်ဥပဒေများ အမျိုးမျိုးအစားစား ရှိနေသည်ကို ရှင်းလင်းသော ဥပဒေတမျိုးတည်း ပြုစုပေးပါဟု အစိုးရ အစဉ်အဆက်တို့ထံ သတင်းစာများက တောင်းဆိုခဲ့သည်ကို တော်လှန်ရေးအစိုးရက လိုက်လျောလိုက်သည်။ ၁၉၆၂ ခုနှစ်၊ ပုံနှိပ်တိုက်များ မှတ်ပုံတင်ဥပဒေကို အတည်ပြုထုတ်ပြန်သည်။ ဥပဒေ တခုတည်းကို လိုက်နာရမည်ဖြစ်သဖြင့် အသွင်သဏ္ဌာန်က သတင်းစာတို့၏ စိတ်ကြိုက်ဖြစ်သည်။ သို့သော် အနှစ်သာရမှာ အလွန်အမင်း ဖိနှိပ်ချုပ်ချယ်ထား၏။
ဥပဒေအဟောင်းအရ ပုံနှိပ်တိုက်ရှင် တဦးအဖို့ ခရိုင်ရာဇ၀တ်တရားသူကြီးတဦးထံ သွားရောက်၍ ပုံနှိပ်တိုက် တည်ထောင်လုပ်ကိုင်ပါမည်ဟု ကြေညာပြီး မှတ်ပုံတင်လျှင် မှတ်ပုံတင်လုပ်ငန်းကို အစဉ်တဆက် လုပ်ကိုင်နိုင်သည်။ ဥပဒေသစ်အရမူ ပုံနှိပ်သူတဦးအဖို့ တနှစ်တကြိမ် မှတ်ပုံတင်ရမည် ဖြစ်သည်။ အဓိပ္ပာယ် မှာ ပုံနှိပ်ခွင့်လိုင်စင်၏ သက်တမ်းကို တနှစ်သာပေးထားသည်။ တနှစ်အတွင်း သူတို့မကြိုက်လျှင် ပုံနှိပ်လုပ် ငန်းရှင်အဖို့ နောက်ထပ် လုပ်ပိုင်ခွင့် မရှိတော့ပေ။ သတင်းစာဆရာတို့အား `မင်းတို့အသက် တို့လက်ထဲမှာ ဟေ့၊ မင်းတို့သက်တမ်းဟာ (၁၂) လသာ ရှိတယ်´ ဟု စစ်ဗိုလ်များက ခြိမ်းခြောက်နေသည့် ဥပဒေဖြစ်သည်။ မရေရာသော လုပ်ပိုင်ခွင့် သက်တမ်း တနှစ်သာရှိသော မိမိဘ၀ကို စဉ်းစားမိတိုင်း စာမရေးရဲကြတော့ပါပေ။
`တယ်ကြမ်းတဲ့ ဥပဒေပါလား´ ဟု ညည်းညူခဲ့ကြသော ထိုဥပဒေကို ၁၉၈၉ ခု၊ န၀တ စစ်အစိုးရခေတ်မှာ ထပ်ပြီးနောက် ၀က်အူတင်းသည့် ပြင်ဆင်ချက်ကို ပြုပြန်သေးသည်။ ဥပဒေအရ ပြစ်မှုကျူးလွန်သော ပုံနှိပ်တိုက်ရှင်များကို ချမှတ်သည့် ဒဏ်ငွေကို တိုးမြှင့်သည်။ `အေးလေ… မပြင်လို့ မဖြစ်ဘူးလေ။ ၁၉၆၂ ခုနှစ်က အစိုးရက အင်တိုက်အားတိုက် အစွမ်းကုန်ချမှတ်တဲ့ ဒဏ်ငွေအတိုင်းအတာက န၀တခေတ်မှာ ကုန်ဈေးနှုန်းတွေ တက်နေလွန်းတော့ ဆေးပေါ့လိပ် တလိပ်ဖိုးသာ ရှိနေတာကိုး´ ဟု လှောင်ကြသည်။
၁၉၆၂ ခု၊ ပုံနှိပ်တိုက် ဥပဒေကြီးအလိုအရ ပုံနှိပ်တိုက်များကို တင်းကြပ်စွာ ထိန်းချုပ်ရန် ပုံနှိပ်တိုက်များ မှတ်ပုံတင်ရုံးနှင့် စာပေစီစစ်ရေးရုံးတို့ကို ဖွဲ့စည်းတည်ထောင်သည်။ အစဉ်အဆက် စာနယ်ဇင်းရေးရာများကို ပြန်ကြားရေးဝန်ကြီးက ကွပ်ကဲခဲ့သောမူကို ပြင်သည်။ စာပေကိစ္စသည် နိုင်ငံတော်၏ လုံခြုံရေး ကိစ္စဖြစ်သည်။ အရေးယူရန် ဖမ်းဆီးရန် ရှိလျှင်လည်း ရဲတို့က ဆောင်ရွက်ရမည် ဖြစ်သည်ဟု အကြောင်းပြပြီး စာနယ်ဇင်းလောကကို ပြည်ထဲရေးဝန်ကြီးက အုပ်ချုပ်စေသည်။
စောစောပိုင်းက စာပေစိစစ်ရေးရုံးက ပုံနှိပ်ပြီးသမျှ စာအုပ်များကိုသာ စိစစ်သည်။ နောက်ပိုင်းတွင် ပုံမနှိပ်မီ စာမူများကို တင်ကြိုစိစစ်သည်။ မိတ္တူလေးခု တင်ကြရသည်။ သူတို့မကြိုက်သော စာသားမှန်သမျှကို ဖြတ်တောက်သည်။ စာသားများသာမက မျက်နှာဖုံး ပန်းချီကားများ၊ ဓာတ်ပုံများ၊ ရုပ်ပြောင်များကိုပါ ဆင်ဆာ လုပ်တော့သည်။ ၀တ္ထု၊ ကဗျာ၊ ပြဇာတ်၊ ဘာသာရေး၊ သမိုင်း … စသော စာပေများသာမက ဆပ်ပြာချက်နည်း စာအုပ်ကိုပါ သူတို့က တင်းကြပ်စွာ ဆင်ဆာလုပ်ကြသည်။
မည်သို့သော စာများကို မည်နှယ် စိစစ်ဖြတ်တောက်သနည်းဟူမူ ဥပမာ… `၀တ္ထုတခုတွင် ကားဆိပ်တခု၌ နှစ်လိုဖွယ်လှပသော အမျိုးသမီးငယ်တဦးကို စစ်ဗိုလ်ကလေးတယောက်က မြင်တွေ့ရာမှ မြင်လျှင်မြင်ချင်း ချစ်မိရှာသည်´ ဟု စာရေးဆရာတဦးက စာဖွဲ့သည်ကို ဖြတ်တောက်သည်။ ဆင်ဆာအရာရှိက အကြောင်းပြ သည်မှာ `တပ်မတော်အရာရှိ စစ်ဗိုလ်တို့သည် မိန်းမတဦးကို မြင်လျှင်မြင်ချင်း ချစ်ကြိုက်လေ့မရှိ၊ `သာမိကာ၊ အ သာမိကာ´၊ လွတ်လပ်သူ ဟုတ်၏၊ မဟုတ်၏ သိရှိမှသာ ချစ်မေတ္တာမိုး၊ ရွာဖြိုးလေ့ရှိတယ်´ ဟူ၏။
တခါတရံတွင် ထိုကဲ့သို့ အသေးစိတ်စစ်ဆေးသည့်ကြားက သူတို့မကြိုက်သော စာပိုဒ်ကို သူတို့ မမြင်လိုက် သဖြင့် လွတ်သွားကာ ထိုစာပိုဒ် ပါလာပါက ပုံနှိပ်ပြီး စာအုပ်မှ စာမျက်နှာကို ဆွဲဖြဲပေးရသည်။ မင်နှင့် သို့မဟုတ် ငွေမင်သုတ်ပေးရသည်လည်း ရှိသည်။
သတင်းစာများအဖို့ အချိန်မီ ပုံနှိပ်ရသဖြင့် စိစစ်ခြင်းမှာ ကင်းလွတ်ခွင့်ရသည်။ သို့သော် ပိုမို၍ စိတ်ညစ်ရသည်။ သူတို့ မကျေနပ်သော သတင်းများ၊ စာပိုဒ်များ ပုံနှိပ်မိပါက နောက်တနေ့တွင် အယ်ဒီတာ များကို ဆင့်ခေါ် ကြိမ်းမောင်းတော့သည်။ ဖက်ဆစ်ဂျပန်များ အုပ်စိုးသော ခေတ်က မိမိတို့ ရေးသမျှ စာမူတွေကို ဆင်ဆာရုံးတင်ပြီး ခွင့်ပြုလေသမျှ ပုံနှိပ်ရသည်က သက်သာသည်။ ဘေးကင်းသည်။
ယခုမူ နေ့စဉ်နေ့တိုင်းလိုလို ပြန်ကြားရေးမှ စစ်ဗိုလ်ကလေးများက သတင်းစာဆရာကြီးများကို သူတို့၏ ရုံးသို့ ဆင့်ခေါ်ပြီး `လူကြီးမင်းတို့ ရေးတာ ဘယ်လို အဓိပ္ပာယ်ပေါက်နေတယ်။ ဘယ်နည်းသွေဖည်နေတယ်´ ဟု ဆွေးနွေးဝေဖန်သဖြင့် စိတ်ညစ်ကြရသည်။ အချို့စစ်ဗိုလ်က ယဉ်ယဉ်ကျေးကျေး ပြောသည်။ တချို့ကမူ များစွာ ရိုင်းပျသည်။ ယဉ်ယဉ်ပြောသည်ဖြစ်စေ၊ ရိုင်းရိုင်းပြောသည်ဖြစ်စေ အနှစ်သာရမှာ ခြိမ်းခြောက်ကြ သည်သာ ဖြစ်၏။
တင်မောင်အပါအ၀င် အယ်ဒီတာကြီးများအဖို့ `ခေတ္တခဏ ဆွေးနွေးပါရစေ´ ဟု ဖိတ်ကြားချက်ကို ရလေတိုင်း စိတ်မချမ်းသာ ဖြစ်ကြရသည်။ သူတို့၏ ကောက်ချက်များ မမှန်ကန်သည့် အကြောင်း ပြန်လည် ဖြေရှင်းသည်ကို နားလည်နိုင်သည့် ပညာအရည်အချင်း မရှိလေသဖြင့် ပိုမိုဆိုးသည်။
ယင်းကဲ့သို့ ဖိနှိပ်နေသည့် အကြားတွင် ပုံနှိပ်သူများ ဖောင်းပွလာသည်။ တော်လှန်ရေး အစိုးရခေတ်မှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရှားပါးလေသောကြောင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို ၀င်ရောက်လာ သူ များပြားလာသည်။ ယခင်က ဤလုပ်ငန်းတွင် လုပ်ကိုင်သူ (၄၀၀) ခန့်သာ ရှိခဲ့သည်။ စစ်ဗိုလ်များနှင့် အဆက်ရှိသူများက ပုံနှိပ်လုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်ကြသဖြင့် တော်လှန်ရေး စစ်အစိုးရခေတ်တွင် ပုံနှိပ်လုပ်ငန်းရှင် (၁၂၇၄) ဦး၊ ထုတ်ဝေသူ (၆၆၅၆) ဦး အထိ ပွားများလာသည်။ ။
No comments:
Post a Comment