‘အရှင့်အာဏာ ကျေးကျွန်၌ တည်စေရမည်’ ဟု ဆိုရိုးရှိသည်။ အာဏာစက်ပြင်းသော ဖက်ဆစ်တို့ ခေတ်တွင် ပိုမို အာဏာတည်ရသည်။ အင်းစိန်ထောင်အဖို့ ဖက်ဆစ်အစိုးရ၏ အရေးပါဆုံးသော ဖိနှိပ်မှု စက်ကိရိယာကြီး ဖြစ်လေရာ အာဏာစက် အဆက်ဆက် တည်စေရသည့် ဒေသဖြစ်၏။
အကျဉ်းသားတဦးကို အထက်က “ဒီကောင်ကို ကောင်းကောင်းထားလိုက်” ဟု အမိန့်ပေးမှာထားလျှင် ထိုသူကို ဟိုတယ်နီးပါးကောင်းစွာ ပြုစုသည်။ မျက်နှာတော် လွှဲထားသည့် အကျဉ်းသားတို့ အဖို့၊ အဆက်အသွယ်မရှိသူ အကျဉ်းသားတို့ အဖို့ ၀ဋ်ရှိသမျှ ‘ခံ’ ကြရလေသည်။
အင်းစိန်ထောင်ထဲသို့ ပထမဦးစွာရောက်လာသော တော်လှန်ရေးကောင်စီဝင် ထိပ်သီး စစ်ဗိုလ်ကြီးမှာ ဗိုလ်မှူးကြီး ကြည်မောင် ဖြစ်သည်။ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဆင့်နှင့် တာဝန်ထမ်း ဆောင်နေရာက အာဏာသိမ်းခေတ်မှာ စိုက်ပျိုးရေးဝန်ကြီး ဖြစ်လာသည်။ သူက စစ်အာဏာရှင်စနစ် ကို မယုံကြည်လေသဖြင့် မှန်သည်ဟု ထင်သည့် ကိစ္စများကိုသာ လုပ်ဆောင်သောကြောင့် ဗိုလ်နေ၀င်းက မကျေနပ်ဟု သိရသည်။ တော်လှန်ရေးအစိုးရက ဒူးယားရွာတွင် နှီးနှောဖလှယ်ပွဲ ကျင်းပသည်ကို တက်ရောက်ခြင်း မပြုသောကြောင့် ချက်ချင်း ရာထူးကချပြီး အင်းစိန်ထောင်သို့ ပို့လိုက်ခဲ့သည်။
တော်လှန်ရေးကောင်စီတွင် အဆင့် (၉) အထိ ချီးမြှောက်ပါလျက် သူက ခိုင်းသမျှ မလုပ်ကောင်းလား ဆိုကာ ဗိုလ်နေ၀င်းက ရွှေစိတ်တော်ဆိုးသောကြောင့် ဗိုလ်မှူးကြီးကြည်မောင်အား ‘ခွေးထောင်ချောက်’ ဟု နာမည်ကြီးသော ထောင်အိမ်မှာ ထားသည်။ မတ်တပ်ပင် ရပ်ခွင့်မပြုဘဲ ညှဉ်းဆဲသည်။
အကျဉ်းသားတို့အား ထိန်းသိန်းရာ၌ တိကျသောအမိန့်ကို အဆင့်ဆင့်ပေးကာ အုပ်ချုပ်သည်။ ထောင်မှူးက “ဒီကောင်ကို ရေတခွက်သောက်စေ” ဟု ဆိုလျှင် ထောင်ကြပ်က ရေတခွက်သာ ပေးသည်။ နှစ်ခွက်မပေး၊ တ၀က်ပဲ သောက်ပါရစေဟု ဆိုလျှင်လည်း လက်မခံ။ အမေမှာတဲ့ ဆန်တခွဲကို သုံးစိတ်နှင့် လဲလေ့မရှိ။
တင်မောင်နှင့်အတူ နေကြရသော မာကျောက်တရုတ် (၄၄) ဦးတို့တွင် ပေါ့ပိပို့ အမည်ရှိသော အကျဉ်းသားကြီး တဦးပါဝင်သည်။
ပေါ့ပိပို့ခမျာမှာ ထောင်ထဲရောက်မလာမီကပင် မကျန်းမာသူ ဖြစ်သည်။ ရောဂါက တခု၊ နှစ်ခုမဟုတ်ဘဲ (၉၆) ပါးသော ရောဂါ ဝေဒနာအမျိုးမျိုး စွဲကပ်နေသောကြောင့် ထောင်ထဲ ရောက်လာချိန်မှ စတင်ကာ ထောင်ဆရာဝန်က နေ့စဉ်လိုလို ကြည့်ရှုကုသ ပေးနေရသည်။ ထောင်အာဏာပိုင်တို့က တခုတည်းသော အမိန့်ကို တိကျစွာ နာယူကြရသည်။ အကျဉ်းသား မှန်သမျှ သေစေသော၊ သေလောက်သော လက်နက်များ ကိုင်တွယ်ခြင်း မပြုကြရ။ အကျဉ်းသားမှန်သမျှ ခါးပတ် မပတ်ရ၊ ရှူးဖိနပ်ကို ကြိုးချည် စီးခွင့်မရ။ ခက်ရင်းနှင့် ဓားမသုံးရ … စသည်ဖြင့် ကန့်သတ်ထားသည်။ မုတ်ဆိတ်ရိတ်သော ဓားက သေစေလောက်သော လက်နက်ဖြစ်သဖြင့် မုတ်ဆိတ်ရိတ်လိုပါက ထောင်ကြပ်၏ ရုံးခန်းသို့ သွားပြီး ထောင်ကြပ်အစောင့်နှင့် ရိတ်ကြရသည်။
ပေါ့ပိပို့၏ ကြီးမားသော ရောဂါတခုမှာ အိပ်မရသော ဝေဒနာဖြစ်စဉ်ကြောင့် အပြင်လောကတွင် လွတ်လပ်စွာ နေထိုင်စဉ်ကပင် ညစဉ် အိပ်ဆေးတလုံးသောက်ကာ အိပ်ရရှာသူ ဖြစ်သောကြောင့် ပေါ့ပိပို့ အား ညတိုင်း အိပ်ဆေးတလုံးပေးစေဟု ထောင်ဆရာဝန်က ဆေးစာရေးပေးထားသည်။
အိပ်ဆေးဟူသည်မှာ သေဆေးတမျိုးပင် ဖြစ်သည်။ နည်းအမျိုးမျိုးနှင့် ညှဉ်းဆဲနေသည့် ဖက်ဆစ်တို့ လက်အောက်မှ လွတ်မြောက်မည်ဆိုပါက သေလိုပါသည်ဟု သေချင်နေသူတို့မှာ အင်းစိန်ထောင်တွင်း၌ မရေတွက်နိုင်အောင် ပေါလှသည်။ အကယ်၍များ ပေါ့ပိပို့က မိမိရရှိသည့် အိပ်ဆေးလုံးကို ထောင်မှောင်ခို ဈေးသို့ ထုတ်ရောင်းပါက သေလိုသူတို့ သေခွင့်ရလေနိုင်မည် ဖြစ်သည်။
ထိုကြောင့် ဆေးပြားကို ထောင်ကြပ်က ခွံ့ပေးရမည်ဟု ထောင်စစ်ဗိုလ်က အမိန့်ထုတ်ထားသည်။ အိပ်ဆေးလုံးကို ညစဉ် ညတိုင်း (၁၁) နာရီတိတိတွင် ထောင်ကြပ်တဦးက ယူလာကာ ပေါ့ပိပို့၏ ပါးစပ် အာခေါင်တွင်းသို့ ထည့်ရမည်။ ရေမျောချသည်အထိ စစ်ဆေးစေရမည်ဟု အမိန့်ထုတ်ထားသည်။ ထိုအမိန့်ကို ထောင်မှူးကြီးမှ ထောင်မှူး၊ ထိုမှတဖန် အဆင့်ဆင့်သော ထောင်အရာရှိ ထောင်ကြပ်တို့သို့ ထပ်ဆင့် အမိန့်ပေးထားသည်။
အိပ်ဆေးခွံ့စေ အမိန့်သည် အလုပ်ဖြစ်သည်။ ညစဉ် (၁၁) နာရီတိတိ၌ ထောင်ကြပ်တဦးသည် အခန်း၏ သံတိုင်ပြူတင်းသို့ ရောက်လာလေ့ရှိသည်။ ပေါ့ပိပို့က ရေတခွက်နှင့် အသင့်စောင့်နေရကာ ထောင်ကြပ်က ခွံ့ပေးသည့် ဆေးလုံးကို ရေနှင့်မျောချကာ မျိုပြပြီးမှ မိနစ်အနည်းငယ်အတွင်း ငြိမ်းချမ်းစွာ အိပ်ပျော်ရရှာလေ့ ရှိသည်။
တနေ့သော တနေ့တွင်မူ ပြဿနာပေါ်ပါတော့်သည်။ ထိုနေ့က ၀က်သားဟင်းကျွေးသောနေ့ ဖြစ်၏။ ထောင်ဝက်သားဟင်းမှာ အသားပါလေ့မရှိ။ အဆီတထပ်၊ အခေါက်တထပ် အတုံးများသာ ဖြစ်ကြသည်။ မိုးကလည်း တစိမ့်စိမ့် ရွာနေပါသေးသည်။ တဆောင်လုံး မိုးအေးအေး အဆီယစ်ကာ စောစီးစွာ အိပ်စက် နေကြရှာသည်။
ပေါ့ပိပို့က အခန်းလူကြီးအား တောင်းပန်ရှာသည်။ “၀က်သားဟင်းကတော့ တကယ့်ကို အဆီတွေချည်း ပါပဲ။ ကျနော်မနေနိုင်တော့ဘူး။ အိပ်ချင်လှပါပြီ၊ အိပ်ပါရစေတော့။ ထောင်ကြပ်လာတဲ့အခါမှာ အခန်းလူကြီးပဲ ပြောပေးပါ။ ဒီညအဖို့ အိပ်ဆေးမလိုတော့ပါဘူး။ ကျနော့်ကို အိပ်ရာက နှိုးမနေပါနဲ့” ဟု မှာကြားရင်း အိပ်ပျော်သွားရှာသည်။
ည (၁၁) နာရီတိတိတွင် “ပေါ့ပိပို့၊ ပေါ့ပိပို့” ဟု ခေါ်ဟစ်ပြီး ထောင်ကြပ်ရောက်လာသောအခါ အခန်းမှူးက ဖြေရရှာသည်။ “ပေါ့ပိပို့ - အိပ်ပျော်နေပါပြီ”
“ဘာတယ်”
“သူအိပ်ပျော်နေပြီ”
“ဘာလို့ အိပ်ရမှာလဲ။ အိပ်ဆေးမှ မစားရသေးဘဲ၊ အိပ်ခွင့်မရှိဘူး”
“၀က်သားဟင်းကလဲ တယ်ကောင်းကိုး။ ဒီတော့ အားလုံးအိပ်ကြပြီ။ ကျုပ်မှာသာ တာဝန်ရှိလို့ စောင့်နေရတာ”
“ဒီလို ဘယ်ဖြစ်မလဲ”
“ဘာလို့ မဖြစ်ရမှာလဲ၊ အိပ်ဆေးမှ မလိုဘဲဟာ၊ တညတလေ အိပ်ပါစေဗျာ … ကျုပ်လည်း အိပ်ချင်ပါပြီ။ ပြန်ပါတော့ ထောင်ကြပ်ကြီးရယ်၊ ဂွတ်နိုက်၊ ဂွတ်နိုက်”
“ကျုပ်က ဒီအိပ်ဆေးကို ဘယ်သွားထားရမှာလဲ”
“အိမ်သာထဲ လွှင့်ပစ်လိုက်ပေါ့”
“ခင်ဗျားက ကျုပ်ကို ထောင်ကျအောင် လုပ်တာလား။ အိပ်ဆေးဖျောက်ဖျက်မှုက ထောင်ဒဏ်ဗျ၊ ထောင်ဒဏ်”
“ဆေးရုံပြန်ပို့လိုက်ပေါ့”
“ဆေးထုတ်ပြီးရင် ပြန်သွင်းလို့ မရဘူး”
“အင်း မလွယ်ပါလား”
“လွယ်ပါတယ်။ ပေါ့ပိပို့ကို နှိုးပေးပါ”
“သူ့ခမျာ သိမ်းသိမ်းမောမော အိပ်နေရှာပါပြီဗျာ”
“အိပ်ဆေးမသောက်ဘဲ အိပ်တာ သူ့အပြစ်ဗျ။ ကဲပါ နှိုးပေးပါ။ ပေါ့ပိပို့၊ ပေါ့ပိပို့ ထထ အိပ်ဆေးသောက် လှည့်ဦး”
ထောင်ကြပ်က ပူညံညံ လုပ်နေသောကြောင့် ပေါ့ပိပို့သာမက တဆောင်လုံး နိုးကြရပါတော့သည်။ ပေါ့ပိပို့ ခမျာမှာ အိပ်ချင်မူးတူးနှင့် အိပ်ရာမှ ထလာရှာပြီး ဆေးပြားကို ရေနှင့်မျောပြီး မျိုချရရှာသည်။
ထိုသို့ ဆေးမျိုပြီးသောအခါတွင် အိပ်ဆေးလုံးအဖို့ ဆေးအာနိသင် ဆေးစွမ်းမထက်တော့ပါ။ ပေါ့ပိပို့ မျက်လုံးကျယ်သွားရှာပါပြီ။ အိပ်မရတော့ပါ။ တော်တော်နှင့် အိပ်မရရှာပါ။ ပေါ့ပိပို့က တညလုံး အိပ်မရ တော့သောကြောင့် ဒေါသူပုန်ထပြီး ဆဲရေးပါတော့သည်။
“မအေ--ိုး ထောင်ကြပ်၊ မအေ--ိုး ထောင်မှူး၊ မအေ--ိုး ထောင်စစ်ဗိုလ်၊ မအေ--ိုး ဗိုလ်နေ၀င်း” ရာထူး အဆင့်အလိုက် တဦးပြီးတဦး တန်းစီကာ ပျစ်ပျစ်နှစ်နှစ် တညလုံးဆဲလေတော့သောကြောင့် တင်မောင် အပါအ၀င် တဆောင်လုံး အိပ်ရေးပျက်ကြရပါတော့သည်။ ။
No comments:
Post a Comment