Sunday, June 29, 2008

မှော်ရုံတောမှာမောလှပြီ

ဆရာမြသန်းတင့် ဘာသာပြန်သည့် “မှော်ရုံတောမှာ မောလှပြီ” ၀တ္ထုသည် ပြင်သစ်ပန်းချီဆရာ ဂေါ်ဂင် ၏ ဘ၀ဇာတ်ကြောင်းဖြစ်သည်။ ဂေါ်ဂင် ပန်းချီဆရာမဖြစ်ခင်က ပျော်ရွှင်နေသော အိမ်ထောင်ရှင်တဦး နှင့် အောင်မြင်နေသော ရွှေပွဲစားတဦးဖြစ်သည်။ ပန်းချီကို စနေ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေမှာသာ အပျော်တမ်း သူရေးဆွဲသည်။ နောက်တော့ ပွဲစားအလုပ်ကို စွန့်လွှတ်ပြီး ပန်းချီဆရာဘ၀ လုံးလုံးခံယူလိုက်သည့်အခါ အခက် အခဲများစွာ ကြုံတွေ့ရတော့သည်။ သူ့ပန်းချီကားတွေကို ၀ယ်သူမရှိ၊ သူရေးသည့် ပန်းချီက သူများတွေနှင့် မတူ၊ သူက လမ်းဟောင်းကို ခွဲထွက်သည်။ အတွေးအခေါ်အယူအဆသစ်၊ အရောင်သစ်တွေက သူ့ပန်းချီကားတွေမှာ လွှမ်းမိုးနေသည်။ ပန်းချီဆိုတာ ဒီလိုပဲဖြစ်ရမည်။ တနေ့မှာ သူ့ပန်းချီကားတွေ အောင်မြင်ရမည် ကို သူယုံကြည် သည်။ တဖက်မှာယုံကြည်ချက် ပြင်းထန်နေသလောက် ငွေမရှာနိုင်သဖြင့် မိသားစု တာဝန်တွေ သူ့မှာ လစ်ဟင်း လာသည်။ သူ့မှာ ခလေးငါးယောက်ရှိပြီး သူ့ဇနီးက ဒိန်းမတ်နိုင်ငံသူ။ ခလေးနေမကောင်းဖြစ်တာ၊ အိမ်လခ မပေးနိုင်တာ၊ အိမ်ကို အပူပေးဖို့ မီးသွေးမရှိတာ နှင့် စားစရာ ပေါင်မုန့် မ၀ယ်နိုင်တာတွေ များလာတော့ သူ့ဇနီးက ဒိန်းမတ်ကို ပြန်တော့သည်။ သို့နှင့် ပြင်သစ်ကြီးလည်း ကိုပင်ဟေဂင်မှာ လာနေရတော့သည်။
ကိုပင်ဟေဂင်မှာ သူဘာတွေ ကြုံတွေ့ခဲ့ရပါသလဲ။ ဆရာမြသန်းတင့်၏ ဘာသာပြန်မှ အခန်း (၂)ကို အမြည်းသဘောဖတ်ရှုပါ။ တအုပ်လုံးဖတ်ရှုလိုပါက ကျနော့်ထံ မေးလ်ပို့တောင်းဆိုနိုင်ပါသည်။

မှော်ရုံတောမှာမောလှပြီ

ကိုပင်ဟေဂင်မြို့လယ်က စထရိုးဂျက်လမ်းမကြီးပေါ်တွင် ဂေါ်ဂင်တယောက် ခပ်သုတ်သုတ် လျှောက်နေသည်။ သူ့လက်ထဲတွင် လေးလံသည့် လက်ဆွဲအိတ်တလုံးကို ဆွဲထားသည်။ ဒိန်းမတ်လူမျိုးများ၏ အသံစူးစူးကို နားကလောနေသည်။ လက်ထပ်ပြီးကာစတုန်းက သူ့မိန်းမ မက်တီဆီက ဒိန်းမတ်စကားကို သင်ဖူးသည်။ သို့ရာတွင် အပျင်းပြေသဘော ဖြစ်သည်။ စိတ်ပါ၍ သင်ခြင်းမဟုတ်။ ဒိန်းမတ်စကားသင်ရသည်ကို အ အ စကားသင်သလို အပျော်သင်ခြင်းဖြစ်သည်။ ဒိန်းမတ်တွင် ခြောက်လလောက်နေပြီးသည့်နောက်တော့ ဒိန်းမတ်စကားကို စိတ်ပျက်လာပြီး နားခါးလာပြီ။ ပြင်သစ်စကားသံကို ကြားချင်လာပြီ။
ဂေါ်ဂင်သည် ဒိန်းမတ်လူမျိုးတွေနှင့်လည်း ဆက်ဆံရေးအဆင်မပြေ။ သူ့ပန်းချီကားတွေကလည်း ရောင်းမစွံ။ တခြားအလုပ်အကိုင်လည်း ဟန်မကျ။ ရိုဝင်က အထည်ဆိုင်တဆိုင်ဖြစ်သည့် ဒေလီကုမ္ပဏီအတွက် အရောင်းကိုယ်စားလှယ်လုပ်နေသော်လည်း အလုပ်သိပ်မဖြစ်လှ။ ခပ်မြက်မြက်ရသည့် အမှာစာဆို၍ ဒိန်းမတ် ရေတပ်မှ အမှာစာတခုသာရှိသည်။ ဤသည်မှာလည်း ဒိန်းမတ်ရေတပ်က ပြင်သစ်အထည်စကို လိုချင်လွန်းလှ ၍ မဟုတ်။ ရေတပ်တွင် မက်တီ၏ အစ်ကိုဝမ်းကွဲတယောက်ရှိသဖြင့် သူ့ကျေးဇူးကြောင့် အမှာစာရခြင်းဖြစ် သည်။
အရောင်းကိုယ်စားလှယ်တဦးအနေဖြင့် မအောင်မြင်သည်ကို သူ့ဖာသာ သူသိသည်။ သူ့အိတ်ထဲက မှတ်စုစာအုပ်ထဲတွင် အရောင်းအ၀ယ်ကိစ္စအတွက် ချိန်ထားသည့် နေရာများကို မှတ်ထားသည်။ ထိုနေရာများ သို့ သူမသွားချင်။ အထည်ထုပ်ကို တလက်မှ တလက်လွှဲပြောင်းရသည့် ကိုယ်စားလှယ်အလုပ်ကို ငြီးငွေ့နေပြီ။
စထရိုဂျက်လမ်းမကြီးအတိုင်း လျှောက်လာပြီး နော်ရင်ဂတန်ရပ်ကွက်ထဲသို့ ချိုးလာခဲ့သည်။ အိမ်မပြန် ချင်သေး။ သို့ရာတွင် သည်မြို့၌ သွားစရာမရှိ။ ပါရီမှာလို ထိုင်စရာ ကဖီးတွေလည်း မရှိ။ ထို့ကြောင့် အိမ်ဘက်သို့ ထိုးလှည့်သည်။ သံဝင်းတံခါးကြီးအတိုင်း ၀င်လာပြီး အိမ်ဘေးတံခါးမှ လှည့်ဝင်သည်။ ယောက္ခမကြီးနှင့် မျက်နှာချင်းမဆိုင်ချင်။
ဧည့်ခန်းနားက ဖြတ်ကျော်လာရင်း ရယ်သံတသံကြောင့် ခြေလှမ်းတုံ့သွားသည်။ ခပ်ကျယ်ကျယ် ခပ်ညုညုရယ် သံ၊ မိန်းမပျိုတယောက်၏ ရယ်သံမျိုး၊ ဂေါ်ဂင်က လက်ဆွဲအိတ်ကို အသာချကာ ဧည့်ခန်းထဲသို့ ၀င်လိုက်သည်။
“ကဲ ဒါကတော့ ရယ်စရာပြက်လုံးကလေးပေါ့လေ။ ခုကျမှတော့ အင်မတန်လှတဲ့ မိုးလှဲရဲ့ စကားပြေကို ဖတ်ကြရအောင်”
မက်တီ၏အသံဖြစ်သည်။ မက်တီက တဖက်တလမ်းက ၀င်ငွေရအောင်ဟုဆိုကာ နိုင်ငံခြားသံရုံးတရုံးမှ အရာရှိ သုံးဦးကို ပြင်သစ်စကားသင်ပေးနေသည်။ အရာရှိများက ခပ်သွက်သွက်၊ စတိုင်ကျကျ၊ အင်္ဂလိပ်ဟန် သားသား နားနား။
“ပြင်သစ်သဒ္ဒါစည်းကမ်းတွေမှာ အမြဲတမ်း ချွင်းချက်ရှိတယ်နော်”
မက်တီက ဒိန်းမတ်စကားဖြင့် ခပ်သွက်သွက်ပြောသည်။
“ပြင်သစ်သဒ္ဒါတွင်မကဘူး။ ပြင်သစ်လူမျိုးဟာလည်း အရာရာချွင်းချက်ကလေးတွေနဲ့ချည်းပဲလို့ ပြောသံကြားဖူးတယ် ဆရာမရဲ့။ အဲဒါကော ဟုတ်သလား”
လူရွယ်တဦးက ပြောသဖြင့် မက်တီသဘောကျ၍ ရယ်သည်။ ကျန်လူရွယ်များကလည်း ရယ်ကြသည်။ ဂေါ်ဂင်က ချောင်းဟန့်လိုက်သဖြင့် သူတို့အားလုံး လှည့်ကြည့်ကြသည်။ မက်တီမျက်နှာက တည်သွားသည်။ ၀င်နှောင့်ယှက်သဖြင့် မကြိုက်သည့်ဟန်။
“အစောကြီး ပြန်လာသလား”
“စောစောပဲ၊ လုပ်ပါ၊ လုပ်စရာရှိတာ လုပ်ပါ”
“အဲဒါ ကျွန်မခင်ပွန်းလေ၊ မွန်စီယာ ဂေါ်ဂင်တဲ့။ ဟောဒါက သံရုံးအတွင်းဝန် မွန်စီယာ အော်လီဆင်း၊ ဒါ ကောင်စစ်ဝန် မွန်စီယာ ဆိုဒါမင်၊ ဟောဒါက မြို့စားကလေး အီးရစ်ဒိုဗန်”
သံအရာရှိသုံးဦးက ဦးညွှတ်ပြသည်။ ပါရီဇာတ်ထဲက ယိမ်းသမများကို သွား၍ အမှတ်ရသည်။
“စာသင်နေတုန်း အနှောက်အယှက်ပေးမိတာ ၀မ်းနည်းပါတယ် ခင်ဗျာ”
“အို အို ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ကို မဒမ်ဂေါ်ဂင်က ပြင်သစ်လူမျိုးတွေရဲ့ အမူအရာတွေ သင်ပေးနေတယ် လေ။ ဒီလို တိုင်းပြည် ဂျင်ကလယ်လေးမှာ လာနေရတော့ အိမ်နီးချင်းတိုင်းပြည်ကြီးတွေဆီက လေ့လာရတယ် မဟုတ်လား”
မြို့စားကလေးက သိမ်မွေ့စွာပြောသည်။
သက်သက်ဟန်လုပ်နေကြသည်ဟု ဂေါ်ဂင်ထင်သည်။ မက်တီက ငွေရအောင် သင်ပေးသည်။ သူတို့က အပျင်းပြေလာသင်ကြ၊ ဂေါ်ဂင်က မရယ်ချင့် ရယ်ချင် ရယ်ကာ … “ဒီတိုင်းပြည်မှာ လူတိုင်း ဘွဲ့လေးတွေ ကိုယ်စီနဲ့နော်၊ အတွင်းဝန် မစ္စတာ ဘယ်သူ၊ ကောင်စစ်ဝန်မင်း မစ္စတာ ဘယ်ဝါ၊ မြို့စား မစ္စတာ ဟိုဒင်းတဲ့၊ စုံလို့ပဲ။ နောင်ကျရင် အမဲသားသည်တောင် ဘွဲ့တွေ တပ်လာမလား မသိဘူး ခင်ဗျ။ ရယ်ရတယ်”
“မောင့် အိမ်ထောင်စုကို ကျွေးနေတာ၊ သတိထားပြီးစကားပြောပါ။ ကိုယ့်ကို အစာကျွေးတဲ့လက်ကို ပြန်ကိုက် တယ်ဆိုတာ သိပ်ရှက်ဖို့ ကောင်းတယ်။ မောင်တို့ ပြင်သစ်တွေ ယဉ်ကျေးလှချေရဲ့ဆို”
“ဟုတ်တယ်၊ ငါက နည်းနည်းရိုင်းတယ်။ တကယ်တော့ ၀င်းထဲမှာ ကြိုးနဲ့ချည်ထားဖို့ကောင်းတဲ့ကောင်။ ဒါပေမယ့် ငါလို အရိုင်းအစိုင်းအဖို့တောင် မင်းတို့ တိုင်းပြည်ဟာ တော်တော်အနှစ်သာရကင်းတဲ့ တိုင်းပြည်။ ပြောပြန်ရင် ငါလွန်တယ်။ ဒါပေမယ့် ငါမပြောဘဲ မနေနိုင်ဘူး။ ရောက်လေရာရာမှာ အဓိပ္ပါယ်မရှိတာတွေ ချည်းပဲ တွေ့နေရတယ်”
“မက်တီအဖို့တော့ ဒီတိုင်းပြည်ဟာ ကောင်းနေတာပဲ။ ပျော်စရာတွေချည်းပဲ။ မောင်တို့ ပြင်သစ်ပြည်မှာ နေရတာ ထက် အများကြီးပျော်တယ်။ ဒီမှာမောင်၊ မက်တီ သိပ်မပြောချင်ဘူး။ ပျော်ရာမှာမနေ တော်ရမှာ နေရတယ် ဆိုတာ သိတယ်မဟုတ်လား။ သူတောင်းစားဟာ ကြေးမများရဘူးတဲ့”
“ငါသိပါတယ်၊ ပုလွေဆရာကို ပိုက်ဆံပေးတဲ့သူဟာ သူကြိုက်ရာသီချင်းကို မှုတ်ခိုင်းနိုင်သတဲ့၊ မင်းကြားဖူးတဲ့ စကားပုံတွေ ကုန်ပလား”
ဂေါ်ဂင်က လှောင်သည်။ ဧည့်သည်တွေ ပြန်သွားပြီး သူတို့နှစ်ယောက်တည်း စကားများ ကျန်ခဲ့ကြခြင်း ဖြစ်သည်။ ပြင်သစ်လို ပြောနေကြရာမှ မက်တီက ဒိန်းမတ်စကားဖြင့် …
“ကဲ တော်ပြီမောင်။ မက်တီမှာ အလုပ်တွေ ရှိသေးတယ်။ အချိန်ရှိတုန်း ပိုက်ဆံရအောင် လုပ်ရဦးမယ်။ ရှင့်ဆေးတန် သောက်ဆေးဖိုး၊ ဆီဆေးဖိုး ကို မာ့မာ့ဆီကချည်း တောင်းနေလို့ မကောင်းဘူး။ ထမင်းလည်း ကျွေးထားပြီ။ ဒီထက်လွန်လာရင် ပေးတဲ့လူက ပေးဦး ကိုယ့်လိပ်ပြာကိုယ် ပြန်ရှက်ဖို့ ကောင်းတယ်။ နောက်ထပ် စကားမများချင်ဘူး”
မက်တီက အခန်းဒေါင့်စာရေးစားပွဲသို့ ထသွားသည်။ ဂေါ်ဂင်က နောက်က လိုက်သွားသည်။ စားပွဲပေါ်တွင် မက်တီ့လက်ရေးဖြင့် ရေးလက်စစာရွက်တွေ တပုံကြီးရှိသည်။ စာလုံးများက စာရွက်ထဲမှာ ခုန်ထွက်တော့မည် လော ထင်ရသည်။ ဒိန်းမတ်ဘာသာစကားသည် နားထောင်၍မကောင်း၊ ရေးချသည့်အခါမှပင် ကြည့်၍မလှ။ အရုပ်ဆိုးသည့် ဘာသာစကားဟု သူထင်သည်။ ဂေါ်ဂင်သည် ဒိန်းမတ်သတင်းစာတစောင်အတွက် မက်တီ ဘာသာပြန်ပေးနေသော ပြင်သစ်ဝတ္ထုတပုဒ်ကို ကောက်ကိုင်လိုက်သည်။
“ဘာလဲ၊ ဇိုလာရဲ့ ၀တ္ထုလား၊ ဟင်း … တခါလာလည်း ဆင်းရဲသားအကြောင်း၊ တခါလာလည်း ဆင်းရဲသား အကြောင်း၊ ဘာလုပ်ဖို့လဲ။ လိုတီရဲ့ ၀တ္ထုကို ပြန်တာကမှ ကောင်းဦးမယ်။ စာရေးဆရာတိုင်း အလှအပကို ရေးတယ်။ အကောင်းကို ရေးတယ်။ မကောင်းတာ၊ ဆင်းရဲတာကို ရေးတာဆိုလို့ ဇိုလာတယောက်ပဲ ရှိတယ်”
ဂေါ်ဂင်က နှာခေါင်းရှုံ့သည်။
“ရေးမှာပေါ့၊ ဇိုလာက သူ့ဘ၀အကြောင်းကို နားလည်တယ်။ ဇိုလာဟာ ရှင်တို့လို စိတ်ကူးယဉ် ဘိန်းစားတွေ မဟုတ်ဘူး။ ပြီးတော့ ကျွန်မကို ဘာသာပြန်ခိုင်းတဲ့လူကလည်း ဇိုလာကို ပြန်ပေးပါလို့ ခိုင်းတာ။ လိုတီကို အပြန် ခိုင်းတာ မဟုတ်ဘူး။ ခုလုပ်နေတာလည်း အားလို့ယားလို့ လုပ်နေတာ မဟုတ်ဘူး။ ပိုက်ဆံရအောင် လုပ်တာ၊ ငွေရအောင် လုပ်တာ”
“ဇိုလာဆိုတဲ့ စာရေးဆရာက အလကားလူ၊ သစ်ဆန်းပန်းချီကို ဝေဖန်တယ်၊ စေဇန်းကို သစ္စာဖောက်သွားတယ်။ စေဇန်မှာ ချို့ယွင်းချက်ရှိကောင်းရှိမယ်။ ဒါပေမယ့် စေဇန်းဟာ တကယ့် အနုပညာသည်၊ ဇိုလာဟာ ပန်းချီအကြောင်းကိုလည်း ဘာမှ မသိဘူး”
“ဟင်း ဘာပန်းချီလဲ” မက်တီက နာကျည်းစွာ ပြောသည်။
“ဇိုလာတွင်မကဘူး။ ပန်းချီဆိုရင် ကျွန်မကလည်း မုန်းတယ်၊ မုန်းသမှ အလွန်မုန်း။ ပန်းချီဆိုတဲ့ စကားလုံးလည်း မုန်းတယ်။ ပန်းချီကားကိုလည်း မုန်းတယ်။ ပန်းချီဆေးကိုတောင် မုန်းတယ် သိရဲ့လား”
“ဒါဖြင့် ပန်းချီဆရာကို လင်လုပ်မိတာ မင်းကံဆိုးတာပေါ့”
မက်တီက ဆတ်ခနဲ လှည့်ကြ့ည်လိုက်သည်။ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
“ရှင်က ဇိုလာလိုလူမျိုးကို မကောင်းပြောမှာပေါ့။ ဇိုလာက ပိုက်ဆံတွေရတော့ ရှင်ဘယ်မှာ နာလိုပါ့မလဲ။ ရှင်တို့ ပန်းချီဆရာတွေဟာ ကိုယ်ကိုယ်တိုင်ကလည်း အောင်မြင်အောင် မလုပ်နိုင်၊ အောင်မြင်ကျောကြားတဲ့ လူတိုင်း ကို မနာလိုတိုရှည်ဖြစ်၊ ကိုယ်ရေးတဲ့ ပန်းချီကားတွေကျတော့လည်း စွံအောင် မရောင်းနိုင်။ ပြောစမ်းပါ။ ရှင်တို့ ပန်းချီကားတွေကို ဘယ်သူကြိုက်လို့လဲ။ ဘယ်သူဝယ်လို့လဲ။ အကုန်လုံးပဲ။ စေဇန်းရော၊ ပီဆာရိုရော၊ မာနေးရော၊ မိုးနေရော၊ တယောက်မှ မစွံဘူး။ သူတို့ မယားတွေမှာဖြင့် ထမင်းဖိုးလေးရရ၊ လုပ်လိုက်ရတာ တကုန်းကုန်း။ ကလေးတွေကျတော့လည်း လူပေး သူပေး စားနေကြရတယ်။ ရှင်တို့ကတော့ မရောင်းရတဲ့ ပန်းချီကား အစုတ်ပလုတ်တွေ ဆွဲလို့၊ ပြောတော့ ကြီးကြီးကျယ်ကျယ်”
မက်တီက အန်ထုတ်သည်။
ဂေါ်ဂင်က နောက်မှီကုလားထိုင်တလုံးတွင် ထိုင်ရင်း သူ့မိန်းမမျက်နှာကို စိုက်ကြည့်နေသည်။
“ဟေ့ ဒီမှာ၊ မင်းပြောတဲ့ အစုတ်ပလုတ် ပန်ချီကားတွေကို တနေ့မှာ ပြတိုက်ထဲရောက်အောင် လုပ်ပြမယ် သိလား”
ဂေါ်ဂင်က ပြောသည်။ စောစောက သရော်သံပါသော်လည်း ယခုသူ့အသံတွင် ပိုင်းဖြတ်မှုပါနေသည်။
“ရှင်ဟာ ပန်းချီရူး ရူးနေတော့မှာလား။ ပန်းချီဆွဲဖို့ပဲ စိတ်ဝင်စားတော့မှာလား။ ဟင်း … ကလေးတွေ အတွက်တော့ မစဉ်းစားတော့ဘူးလား။ မယားအတွက်ကော ထည့်မစဉ်းစားတော့ဘူးလား”
မက်တီက မျက်နှာကို စိုက်ကြည့်ရင်း မေးသည်။
“မင်းကို ငါချစ်တယ်။ ကလေးတွေကိုလည်း ငါချစ်တယ်။ ဒါပေမယ့် ငါသေသွားရင် ကျန်ရစ်ခဲ့ချင်တယ်။ ကလေးတွေလောက် ကျန်ရစ်ခဲ့လို့ မဖြစ်ဘူး။ ငါဟာ ပန်းချီရူး ရူးနေတယ်။ ငါဟာ ပန်းချီဆရာတယောက်၊ ငါ့အိတ်ထဲမှာ တပြားမှ မရှိပေမယ့် အရင်က ဂေါ်ဂင် မဟုတ်တော့ဘူး။ ပန်းချီဆရာ ဖြစ်နေပြီ။ ပိုက်ဆံမရှိလို့ မင်းအမေကြီးက ငါ့ကို အထင်သေးတာ မသေးတာတော့ ငါ့တာဝန်မဟုတ်ဘူး”
“အို သေးစရာလုပ်ရင် သေးမှာပဲ။ ကိုယ့်သားကိုယ့်မယားကိုမှ ထမင်းဝအောင် မကျွေးနိုင်တဲ့ လူတယောက်ကို အထင်မသေးရင် ဘယ်သူ့ကို သွားအထင်သေးရဦးမှာလဲ။ မအောင်မြင်တာဟာ မအောင်မြင်တာပဲ။ ရှင့်ပန်းချီကို စွန့်ပါ။ ရှင် မအောင်မြင်ဘူးဆိုတာကို ၀န်ခံပါ။ ရှက်စရာ မဟုတ်ပါဘူး”
မက်တီက ပြောသည်။
“ဒီမှာ မက်တီ၊ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ ပန်းချီကားတွေ ရောင်းရတာ မရောင်းရတာနဲ့ မဆိုင် ပါဘူး။ အနုပညာကို ငွေနဲ့ တိုင်းထွာလို့ မရပါဘူး”
“သြ ပိုက်ဆံမရတာတော့ ၀န်ခံသားပဲ။ ပန်းချီဆရာတယောက်အနေနဲ့ ရှင် မအောင်မြင်ဘူး။ နောင်နှစ်ခါကျရင် လည်း ရှင်မအောင်မြင်ဘူး။ ဗေဒင်ဟောလိုက်မယ် မှတ်ထား”
မက်တီက စားပွဲအံဆွဲထဲက စာတစောင်ကို ထုတ်ပြသည်။ စာရွက်ထူထူ၊ အိတ်တွင် ရွှေဖောင်းကြွ တံဆိပ်တခု ရိုက်ထားသည်။
“ရော့ဖတ်ကြည့်၊ အယ်နာဆီက စာ။ အီမီးလ်အတွက် ကျောင်းလခ မပေးနိုင်တော့ဘူးတဲ့။ အဲဒါ အီမီးလ်ကို ကျောင်းက နှုတ်ရတော့မယ်”
အယ်နာမှာ မက်တီမိတ်ဆွေထဲက ချမ်းသာသူတဦးဖြစ်သည်။ မြို့စားကတော် ဖြစ်နေသည်။
“သူ ဘာဖြစ်လို့ စိတ်ပြောင်းသွားရတာလဲ။ သူပဲ ကျောင်းထားပေးမယ် ပြောလို့ ထားတဲ့ဟာပဲ”
“ပြောင်းမှာပေါ့။ ရှင်လုပ်တာတွေက ဟုတ်မှ မဟုတ်ဘဲ။ ရှင် ဗရင်ဂျီဘာသာဝင် ဖြစ်နေတာကို အယ်နာက အစကတည်းက သဘောမကျဘူး။ ခုတော့ ရှင်က ဗရင်ဂျီဘာသာဝင်တောင် မဟုတ်တော့ဘူး။ ဒီတော့ သူလည်း အားပေးအားမြှောက် ၀င်မလုပ်ချင်ဘူးပေါ့”
“ဒါ ဘာဆိုင်လို့လဲကွ။ ငါဖာသာငါ ဘယ်ဘာသာဝင်ဖြစ်ဖြစ်၊ သူ အနေသာကြီးပဲ။ ငါက လွတ်လွတ်လပ်လပ် တွေးခေါ်ချင်တယ်”
ဂေါ်ဂင်က အသံတိုးတိုးဖြင့် ပြောသည်။
“ကျွန်မတို့ တိုင်းပြည်မှာတော့ ဘာသာတရားဟာ အရေးကြီးတယ်။ ရှင့်ကို အစကတည်းက ပြောသားပဲ။ ဘုရားရှိခိုးကျောင်းတက်ဖို့၊ ဘုရားရှိခိုးကျောင်းသွားရင် ဘာသာတရားကိုင်းရှိုင်းဖို့”
“ဒီမှာ မက်တီ၊ ငါဘယ်အရာကိုမှ မယုံကြည်ဘူး။ တကယ်ယုံကြည်တယ်ဆိုရင်လည်း ငါ မင်းတို့လို ပရိုတက်စတင့် ဘာသာမ၀င်ဘူး။ ဗရင်ဂျီဘာသာထဲကိုပဲ ၀င်မှာပဲ။ ပရိုတက်စတင့်လို့ ပြောပြီး မတရား လုပ်နေ ကြတဲ့ ရွှေပွဲစားတွေကို ငါပါရီရွှေဆိုင်တန်းမှာ မြင်ခဲ့ဖူးပေါင်း များလှပြီ”
“တော်တော့ရှင်၊ ဒါတွေ မပြောနဲ့တော့”
“ဟုတ်တယ်၊ ငါမပြောချင်ဘူး။ ကိုယ်ကြိုက်သလို နေပါ။ ကိုယ်ကြိုက်ရာကို ကိုးကွယ်ပါ။ ငါဘာမှာ မပြောဘူး။ ငါ့ကိုလည်း လာမပြောကြနဲ့”
ဂေါ်ဂင် ခေါင်းငိုက်ဆိုက်ချ၍ စဉ်းစားနေသည်။ ကျောင်းထားပေးမည့်သူ မရှိလျှင် သူ့သားကြီး အီမီးလ် အိမ်ပြန်လာလျှင် ၀န်ထုပ်တခုတိုးဦးမည်။ ပြဿနာတခု ထပ်တက်ဦးမည်။ ပေါက်ကွဲတောက်လောင်စရာ ဆီစက် တစက်တိုးလာဦးမည်။ သူ့သားကြီးက ကျောင်းမှာပျော်သည်။ ဒိန်းမတ်ကျောင်းသားတွေနှင့် နေသားတကျ ဖြစ်နေပြီ။ တကယ်တော့ သူ့သားကိုသူပျော်ရာမှာ ထားသင့်သည်။
အတန်ကြာမှ ဂေါ်ဂင်က မော့ကြည့်ကာ …
“အီမီးလ်ကို ကျောင်းမှာ ဆက်ထားမယ်။ ရေတပ်ကို သွင်းတဲ့အထည်စတွေအတွက် ရေတပ်ဝန်ကြီးရုံးက ချက်လက်မှတ်တစောင် ရစရာရှိတယ်။ မနက်ဖြန်ထုတ်ပြီး ကျောင်းကို ပို့လိုက်မယ်”
“မှန်မှန်ပေးနိုင်မှ လုပ်နော်။ တော်တော်ကြာ ပေးချည်တလှည့် မပေးချည်တလှည့်ဆိုရင် ကလေးမျက်နှာငယ် တယ်”
“ပေးမှာပေါ့။ ရိုဝင်က ကုမ္ပဏီကိုလည်း ငါစာရေးမယ်။ ငါရစရာ ကော်မရှင်တွေ ကျန်သေးတယ်”
စင်စစ် ကုမ္ပဏီကိုလည်း အောက်ကျနောက်ကျခံ၍ စာမရေးချင်။ သူ့ရစရာ ကော်မရှင်ကြေး ဆိုသည်မှာလည်း များများစားစား ရှိလှသည် မဟုတ်။ သို့ရာတွင် ကုမ္ပဏီက ငွေချေနှေးသည့် ပြင်သစ်အစိုးရနှင့်သာ ဆက်ဆံဖူး သည်။ ဒိန်းမတ်အစိုးရက ချက်ချင်းငွေချေသည်။ သည်ငွေများကို ကုမ္ပဏီသို့ မသွင်းသေးပဲ လှည့်သုံးထားမည် ဟု စိတ်ကူးရသည်။ နိုင်ငံခြားရောက် အရောင်းကိုယ်စားလှယ်များ အားလုံးလိုလို ငွေကို လှည့်သုံးတတ်ကြ သည်။
သူတယောက်တည်းမဟုတ်။ ကောင်းတော့မကောင်း။ သို့ရာတွင် မတတ်နိုင်။ သည်တနည်းသာ ရှိတော့သည်။
“ဘယ်နှယ့်လဲ ကျေနပ်လား”
“ကလေးကတော့ ကျေနပ်မှာပေါ့လေ”
မက်တီက ခပ်အင်အင် ဖြေသည်။ မက်တီသည် သူ့ယောက်ျားကို ဒုက္ခလှလှကြီး တွေ့စေချင်ပုံရသည်။ နာကျည်းမှ ကိုယ့်ကိုယ်ကို နလံထူအောင် ကျိုးစားလာမည်။ နောက်ထပ်အောက်ကို ဆင်းစရာမရှိတော့သည် အထိ ဒုက္ခတွေ့မှ အပေါ်ကို ပြန်တက်လာလိမ့်မည်ဟု ထင်ပုံရသည်။ သူ့မယားသည် သည်လို စိတ်ကူးဖြင့် သူ့ကို စိတ်ညစ်စရာ ပြဿနာတွေ တခုပြီးတခု တင်ပြသည်လော မပြောတတ်။ သည်လိုဆိုရင်တော့ သူ့မယား တွက်ကိန်းမှားပြီဟု သူထင်သည်။ ဂေါ်ဂင်သည် နောက်ထပ် ဆင်းစရာမရှိတော့သည်အထိ အောက်ဆုံးသို့ ရောက်သည့်တိုင် အပေါ်သို့ ပြန်တက်ရန် ကျိုးစားမည့် သူမျိုးမဟုတ်။ အောက်ဆုံးရောက်တော့လည်း အောက်မှာပင် ပျော်ပျော်ကြီးနေမည့်လူစား ဖြစ်သည်။
“ငါ့မှာလည်း ပိုက်ဆံရစရာလေးတွေ ရှိပါသေးတယ်။ ပန်းချီကလပ်က ငါ့အတွက် “တကိုယ်တော်ပြပွဲ” တခုလုပ်ဖို့ စီစဉ်ထားတယ်။ အဲဒီပြပွဲကျရင် ငါ့ကားတွေ နည်းနည်းပါးပါး ရောင်းရမှာပါ”
“ပန်းချီကလပ်မှာ ဘာလို့ သွားပြနေဦးမှာလဲ။ ပန်းချီကလပ်ဝင်တွေနဲ့ ဘာလို့ ပတ်သက်ဦးမှာလဲ။ ကိုပင်ဟေဂင်မှာ ပန်းချီဆိုင်ခန်းတွေ ပြည့်လို့၊ အဲဒီမှာ သွားပြပေါ့။
ဂေါ်ဂင်က သက်ပြင်းချသည်။
“ဆံပင်ရှည်ထားပြီး မုတ်ဆိတ်ရှည်ထားတာနဲ့ လူတယောက်ဟာ အိတ်ထဲမှာ လက်ပစ်ဗုံးထည့်လာ တဲ့သူ ဖြစ်ရတော့မှာလားကွာ။ တကယ်တော့ ပန်းချီကလပ်မှာ ဒါမျိုးကို သိတဲ့သူတောင်ရှိမှာ မဟုတ်ဘူး။ ငါတို့ အမျိုးသားပန်းချီပြတိုက်ကြီးမှာ ပြလှည့်ပါလို့ ဖိတ်တဲ့လူရှိရင်လည်း အကောင်းသားပေါ့”
နံရံကပ်နာရီကြီး တနာရီထိုးသည်။ မက်တီက ဖောင်တိန်ကို ကောက်ကိုင်ကာ ကလောင်သွားကို လက်မဖြင့် စမ်းသည်။
“မက်တီစာရေးရဦးမယ်။ ခုအခန်းက မနက်ဖြန် မနက်သတင်းစာထဲပါမယ့် အခန်း”
ဂေါ်ဂင်က သူ့မယားကို ငုံ့၍နမ်းလိုက်သည်။ သို့ရာတွင် မက်တီက အနမ်းမခံ။ မျက်နှာကို တဖက်သို့ လှည့်လိုက်သဖြင့် သူ့နှုတ်ခမ်းက ပါးပြင်ကို ထိသွားသည်။
မက်တီ ဆံပင်နံ့က သင်းပျံ့ပျံ့၊ သူ့ကို ယစ်မူးစေသည်။ ဂေါ်ဂင်သည် ခဏရပ်နေပြီးနောက် ချာခနဲ လှည့်ထွက် လာသည်။ အခန်းတံခါးဝသို့ မရောက်ခင် တဂျစ်ဂျစ်မြည်နေသော ကလောင်သွားသံကို ကြားနေရသည်။ ဂေါ်ဂင်တယောက် ဆရာမက ပြန်လွှတ်လိုက်သော ကျောင်းသားကလေးတယောက်လို ခံစားရသည်။ ။

မူရင်းအင်္ဂလိပ်ဝတ္ထုနဲ့ ဒိန်းမတ်ဘာသာပြန်ကိုပါ ဖတ်ကြည့်ချင်ရင်...

Gauguin


Youtube ပေါ်မှ ဂေါ်ဂင်၏ ပန်းချီကားများ ...

No comments: