Sunday, June 22, 2008

(၅) ဂျပန်လက်အောက်သတင်းစာများ (ကြေးမုံဦးသောင်း)


စစ်ကြီးအတွင်းတွင် ဂျပန်စစ်တပ်က မြန်မာနိုင်ငံကို သိမ်းပိုက်ရာတွင် နိုင်ငံရေးအင်အားစု အချို့က ဂျပန်နှင့် ပူးပေါင်းခဲ့သော်လည်း သတင်းစာများက ဂျပန်ကျူးကျော်သူများကို တင်ကြိုပြီး ဆန့်ကျင်ခဲ့ကြသည်။ မြန်မာသတင်းစာများက တရုတ် - ဂျပန်စစ်ပွဲသတင်းများမှ ဂျပန်တို့က ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်သည် များကို ဖော်ပြဆန့်ကျင်ကြသည်။ အထူးသဖြင့် ၁၉၃၈ ခုနှစ်ဆန်းကာလက ဂျပန်စစ်တပ်ကြီးက တရုတ်ပြည်၊ နန်ကင်းမြို့တော် တမြို့လုံးကို သတ်ဖြတ်ပွဲကြီး ကျင်းပခဲ့သည်ကို မြန်မာသတင်းစာများက ဓာတ်ပုံနှင့်တကွ ဖော်ပြကာ ပြစ်တင်ရှုတ်ချကြလေသည်။

မြို့သူမြို့သား သုံးသိန်းတို့ကို ဂျပန်စစ်တပ်များက ကိုယ်တပိုင်းမြေမြုပ်ကာ သံချပ်ကာကားများနှင့် နင်းကာသတ်ခြင်း၊ သေနတ်လက်တည့်စမ်း ပစ်မှတ်အဖြစ် ပစ်ခတ်ကာ သတ်ဖြတ်ကြခြင်း၊ လျှာနှင့် လည်ချောင်းကို သံချိပ်နှင့် ဖောက်ဆွဲကာ ချိပ်ဆွဲထားပြီး လှံစွပ်နှင့်ထိုးသတ်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ အမျိုးသမီးမှန်သမျှကို မတရားပြုကျင့်ပြီးမှ သတ်ဖြတ်ခြင်း စသည်တို့ကို သတင်းဓာတ်ပုံများနှင့် တကွ ဖော်ပြကာ ဖက်ဆစ်တို့၏ ဆိုးယုတ်ပုံများကို ရဲဝံ့စွာဖော်ပြခဲ့ကြသည်။

ဥရောပတွင် ဂျူးလူမျိုးများနှင့် မိမိတို့ အနိုင်ရသော နိုင်ငံငယ်များကို ဂျာမနီစစ်တပ်ကြီးက နှိပ်စက်ပုံများ ကိုလည်း ဖော်ပြကြကာ ဖက်ဆစ်တို့ ကျင့်မှုမြဲဓလေ့တို့ကို ပွင့်လင်းစွာ ရေးသားကာ လူထုကို ပညာပေးခဲ့ကြ သည်။

သတ္တိကြီးမားသော သတင်းစာဆရာ ဦးဘတင်က ဂျပန်များ မြန်မာနိုင်ငံသို့ လာရောက်တိုက်တော့ မည်ကို ခန့်မှန်းသိရှိပါလျက်နှင့် ဂျပန်တို့ အန္တရာယ်ကို မြန်မာလူထုသိရှိစေရန် ဂျပန်သူလျှိုအမည်နှင့် နိုင်ငံရေး စာအုပ်တအုပ်ကို ရေးသားထုတ်ဝေခဲ့ပေသည်။ ဖက်ဆစ်တို့၏ ကျင့်ထုံးနှင့် အန္တရာယ်ကို စာအုပ်တအုပ်ဖြင့် လူထုကို သတိပေးခဲ့သူ သူရဲကောင်းကြီး ဦးဘတင်ကို ဂျပန်များ ၀င်လာသည်နှင့် ရှာဖွေဖမ်းဆီးခဲ့သည်။ ပြင်းထန်စွာနှိပ်စက်ခံရပြီး အသက်ဆုံးရှုံးခဲ့ရရှာသည်။ လူထုအတွက် အသက်ပေးကာ ရေးသားနှိုးဆော် ခဲ့သော မြန်မာသတင်းစာသူရဲကောင်းကြီးပါပေ။

ဂျပန်စစ်တပ် အစိုးရအုပ်ချုပ်သော ဂျပန်ခေတ်တွင် သတင်းစာများကို ပုံမနှိပ်မီ သတင်းများကို ဂျပန်ဆင်ဆာရုံးသို့ ပို့ရကာ ဆင်ဆာက စစ်ဆေးပြီးမှ ပုံနှိပ်ရလေ့ရှိသည်။ စာစီပြီးမှ သတင်းစာကို တင်ပြရရာတွင် စာစီပြီး ပုံနှိပ်ရန် အသင့်ဖြစ်မှ မိတ္တူကို စစ်တပ်သို့ တင်ပြရလေသောကြောင့် ဆင်ဆာအဖွဲ့က ဖြတ်တောက်သော စာပိုဒ်များကို ပြန်လည်ပြင်ဆင်ရန် အချိန်မရှိတော့သဖြင့် အဖြူကွက်လပ်များနှင့် သတင်းစာ များ ထွက်လာရလေ့ရှိ၏။

အဖြူကွက်ကြီးများနှင့် ထွက်လာသော သတင်းစာတို့မှာ ဖက်ဆစ်တို့၏ ဆင်ဆာစနစ်ကို သက်သေပြ နေသဖြင့် စာဖတ်ပရိသတ် လူထုက လှောင်ပြောင်ရယ်မောကြစေကာမူ အများပြည်သူတို့ ထင်မြင်ချက်ကို အလေးမထားသော ဂျပန်စစ်အစိုးရက ဂရုမပြုမိကြပေ။

ဂျပန်စစ်တပ်နှင့် ရုပ်သေးအစိုးရကိုမူ ဝေဖန်ခွင့်မရှိ၊ သူတို့အား ဝေဖန်သော စာမူများနှင့် သူတို့ မသိစေလိုသော စစ်သတင်းများကိုသာ ဆင်ဆာဖြတ်ခဲ့သည်။ ယင်းကဲ့သို့ တင်းကျပ်စွာ စိစစ်သည့်အကြားမှ သတင်းစာဆရာကြီး ဇ၀နက သူ၏ ပင်တိုင်ဆောင်းပါးများမှ ဂျပန်စစ်အစိုးရကို နေ့စဉ်ဝေဖန် ပြစ်တင်နိုင်ခဲ့သည်။

ဟာသပါရဂူတဦးဟု ချီးကျူးကြသော ဆရာဇ၀နက သူ၏ဦးခေါင်းနှင့် ၀မ်းဗိုက်တို့ စကားပြောခန်းကို ရယ်ရွှင်ဖွယ် ရေးသားလေ့ရှိသည်။ ချက်ကြီးက ခေါင်းကြီးကို “ဆရာရယ် … ကျနော့်မှာ ကန်ဇွန်းရွက်ကိုသာ နေ့တိုင်းစားနေရတာကြောင့် ပြားချပ်နေပါပြီ။ တခါတလေ သားလေးငါးလေး စားပါရစေ” တောင်းပန်လေ့ရှိ သည်။ သနားသဖွယ် တောင်းပန်ပါတယ်။ “ဆရာရယ် တနေ့တလေ ထောပတ်လေးများ…” ဟု တောင်းပန်စဉ် တွင် “ဟေ့ကောင်… တော်၊တန်၊တိတ်။ မင်းနဲ့ ထောပတ်တန်သလားကွ” စသည်ဖြင့် ပြက်လုံးကလေးများကို ရေးသားကာ ဖက်ဆက်ဂျပန်စစ်အစိုးရလက်ထက်၌ ပြည်သူလူထုကြီး ငတ်မွတ်နေသည်ကို ဝေဖန်လေသည်။ ယင်းပြက်လုံးကလေးများကို ဆင်ဆာရုံးမှ ဂျပန်စစ်ဗိုလ်များ နားမလည်သောကြောင့် ခွင့်ပြုသဖြင့် လူထုမှာ ထူးခြားသော ဟာသရသကို ခံစားကြသည်။

ဂျပန်ခေတ်က သတင်းစာဆရာတို့၏ သတ္တိကို ပြသနိုင်ခဲ့စေကာမူ လမ်းပန်းဆက်သွယ်မှု ပြတ်တောက် ခြင်း၊ သတင်းစာစက္ကူ ရှားပါးခြင်းတို့ကြောင့် သတင်းစာလုပ်ငန်း တိမ်ကောခဲ့ပေသည်။ ရရှိနိုင်သမျှ စက္ကူများပေါ် တွင် မြန်မာသတင်းစာဆရာများ ရေးသားအားထုတ်ကြသည်။ မီးခြစ်ထုပ်သော စက္ကူနှင့် ပုံနှိပ်သော ဆေးရောင် အမျိုးမျိုး သတင်းစာများ ထွက်ခဲ့ရသည်။

အခက်အခဲများအကြားမှ ထုတ်ဝေကြစဉ်က မြန်မာသတင်းစာဆရာများသည် ဖက်စစ်ဂျပန်များ လှံစွပ် တို့ကို ကြောက်လန့်သူများ မဟုတ်ကြသည်ကို ဂုဏ်ယူသင့်ကြရပေမည်။

No comments: