Thursday, January 14, 2010

ဒိန်းနစ်ရှ် - ဘားမားကော်မတီနှင့် ချစားမှုများ



ဒိန်းနစ်ရှ် - ဘားမားကော်မတီသည် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး တို့အတွက် အကူအညီပေးနေသော ဒိန်းမတ်နိုင်ငံ၏ ထောက်ပံ့ငွေများဖြင့် ထိုင်းနိုင်ငံ၏ လာဘ်စားသော ရဲအရာရှိများအတွက် မော်တော်ကားနှင့် အရက်စသည်များ ၀ယ်ယူပေးနေကြောင်း ဒိန်းမတ်နိုင်ငံထုတ် Ekstra Bladet သတင်းစာမှ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ရေးသားလိုက်သည်။
၂၀၀၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ဒိန်းမတ်သံမတ်ကြီးထံ တင်ပြရသည့် အစီရင်ခံစာ (၂) စောင်၌ ဒိန်းမတ်နိုင်ငံမှ ကူညီသည့် ခရိုနာ (၄၅) သန်း (အမေရိကန်ဒေါ်လာ ၉ သန်းခန့်) သည် ချစားမှုများနှင့် ပြည့်နှက်နေကြောင်း ရေးသားထားသည်ကို အထောက်အထားပြု၍ သတင်းစာမှ ဖော်ထုတ်ဝေဖန်လိုက်ခြင်း ဖြစ်သည်။
ထိုအစီရင်ခံစာများကြောင့် ဒိန်းနစ်ရှ် - ဘားမားကော်မတီမှ ထပ်မံတောင်းဆိုထားသော ခရိုနာ (၂၅) သန်း (အမေရိကန်ဒေါ်လာ ၅ သန်းခန့်) ကို ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပယ်ချထားကြောင်းလည်း သတင်းစာတွင် ဖော်ပြထားသည်။
ဒိန်းနစ်ရှ် - ဘားမားကော်မတီသည် ဒိန်းမတ်နိုင်ငံ၏ အလုပ်သမားသမဂ္ဂအချို့ စုပေါင်းဖွဲ့စည်းထားသော LO နှင့် ပူးပေါင်းပါဝင်ထားပြီး အထွေထွေအတွင်းရေးမှူးအဖြစ် ဦးဆောင်သူ Anette Berentzen ကမူ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။ ။

News source: http://ekstrabladet.dk/nyheder/samfund/article1280354.ece

Thursday, December 24, 2009

ဥရောပတိုက်သုံးစာလုံးများ ကီးဘုတ်မလို အလွယ်ရိုက်နိုင်မည်

ကျနော်တို့ ဒိန်းမတ်စာသင်တဲ့အခါ အင်္ဂလိပ်စာလုံးတွေအပြင် å (အေသေးသေးတင်) æ (အေနဲ့အီးပေါင်း) နဲ့
Ø (အိုဒေါင့်ဖြတ်) စတဲ့ ဒိန်းမတ်စာလုံးအက္ခရာတွေနဲ့ ဆုံတွေ့ရပါတယ်။ မြန်မာပြည်ကို အိမ်လိပ်စာပေးတော့ လမ်းနာမည်ကို Nørregade လို့ရေးလိုက်ပေမယ့် ဟိုကစာထည့်တဲ့အခါမှာတော့ Nrregade ဆိုပြီး လိပ်စာရေးပါတယ်။ Ø ကို မမြင်ဘူးတော့ မှားလို့ခြစ်ထားတယ်ထင်ပြီး ချန်ထားလိုက်ပုံရပါတယ်။
ကွန်ပြူတာဝယ်တဲ့အခါမှာလည်း ကီးဘုတ်က Danish ကီးဘုတ်ပါ။ အဲဒါကို အင်္ဂလိပ်လိုနဲ့ မြန်မာလိုပါ ရိုက်လို့ရအောင် လုပ်ထားရပါတယ်။ ကျနော်တို့တင်ဆိုလားတော့ မဟုတ်ပါဘူး။ ကျနော် အလည်ရောက်ဘူးခဲ့တဲ့ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်၊ ချက် စတဲ့ နိုင်ငံရောက် မြန်မာတွေလည်း သူတို့ သုံးတဲ့ကွန်ပြူတာတွေမှာ သက်ဆိုင်ရာစာနဲ့ကီးဘုတ်ကို သုံးကြရပါတယ်။ တချို့လည်း ကွန်ပြူတာမှာ သက်ဆိုင်ရာသာသာစကားနဲ့ (ဂျာမန်၊ နယ်သာလန် (ဒတ်ခ်ျ)၊ ပြင်သစ်၊ ချက်) ၀င်းဒိုး(စ်)တွေ သုံးကြတာတွေ့ပါတယ်။
မိမိနေထိုင်ရာ နိုင်ငံမှာတော့ ကွန်ပြူတာသုံးရတာ ပြဿနာမရှိပေမယ့် အခြားနိုင်ငံတခုကို အလည်သွားရင်း ကွန်ပြူတာသုံးတော့မယ်ဆိုရင် အဆင်မပြေဖြစ်နိုင်တာမို့ ကျနော်သိထားတဲ့ ၀က်ဘ်ဆိုဒ်လေးတခု မျှဝေလိုက်ရပါတယ်။
အင်္ဂလိပ်ကီးဘုတ်နဲ့ ရိုက်ဖို့မဖြစ်နိုင်တဲ့ ဆွီဒင်စာ ä å é ö ၊ ဖင်လန်စာ ä å ö ၊ ဂျာမန်စာ ä ö ü ß ၊ နယ်သာလန်စာ é ë ï ó ö ü အစရှိတဲ့ ဥရောပနိုင်ငံသုံး ဘာသာစကားတွေရဲ့ စာလုံးအပိုတွေကို ကီးဘုတ်မလို အလွယ်တကူရိုက်လို့ရတဲ့ အောက်ဖော်ပြပါ ၀က်ဘ်ဆိုဒ်တခုသာ မှတ်သားထားလိုက်ပါ။ အားလုံး အဆင်ပြေသွားပါလိမ့်မယ်ခင်ဗျား ။

http://www.typeit.org/

ကျနော့်ဘလော့ရဲ့ ဆိုဒ်ဘားမှာလည်း အလွယ်သုံးလို့ရအောင် တင်ထားပေးပါ့မယ်။

Sunday, December 6, 2009

ဒိန်းမတ်စကားနှင့် နော်ဝေးလူရွှင်တော်

ကျနော်တို့လို နိုင်ငံခြားမှ လာသူတွေအတွက် ဒိန်းမတ်စကားသင်ရာတွင် အခက်အခဲတွေ့ရသည်က အသံထွက်များ ဖြစ်သည်။ ဒိန်းမတ်စာသည် ရေးထားသည့်အတိုင်း အသံမထွက်သည့်အပြင် နံပါတ်များ ရေတွက်ရာတွင်လည်း ပြောင်းပြန်ဖြစ်နေပြီး၊ ခု ဂဏန်းနှင့် ဆယ်ဂဏန်းတို့သည်လည်း အဆက်အစပ်မရှိကြပါ။
ဥပမာ။ ။ မြန်မာလို ငါးဆယ့်ငါး သည် အင်္ဂလိပ်လို Fifty five ဖြစ်သော်လည်း ဒိန်းမတ်လို fem og halvtreds ဖြစ်နေသည်။
Fem = five
Halvtreds = fifty
ထို့ကြောင့်ပင် ကျနော့်မှာ ဒိန်းမတ်ရောက်တာ ငါးနှစ်ပြည့်တော့မည် ဖြစ်သော်လည်း နံပါတ်များကိုရေတွက်ရာတွင် ကျင်လည်မှု မရှိသေးပဲ၊ အချိန်ယူစဉ်းစားနေရသည့်အတွက် အဆင်မပြေဖြစ်ရသည်။ ဂျာမန်စာတွင်လည်း ထိုကဲ့သို့ပင် ဖြစ်ကြောင်း ဂျာမနီရောက် မြန်မာများပြောပြ၍ သိရသည်။
နော်ဝေးနိုင်ငံရောက် မြန်မာများအတွက်တော့ ကျနော်တို့ထက် စာသင်ရာတွင် ပိုမိုလွယ်ကူလိမ့်မည်။ နော်ဝေးစာ သည် ရေးထားသည့်အတိုင်း အသံထွက်ပြီး ဂဏန်းသင်္ချာများ ရေတွက်ရာတွင် ဒိန်းမတ်လို ပြောင်းပြန် မဟုတ်ဟု သိရသည်။ နော်ဝေးစာသည် ဒိန်းမတ်စာနှင့် အလွန်နီးစပ်သည်ကိုလည်း တီဗီတွင် နော်ဝေးလိုင်းဖွင့်ကြည့်သည့် အခါတွင် သိနိုင်သည်။
ထိုကဲ့သို့ စာပေနှင့် ယဉ်ကျေးမှုခြင်း နီးစပ်နေသည့်တိုင် ဒိန်းမတ်တို့၏ ဂဏန်းရေတွက်ပုံကို နော်ဝေးလူမျိုးတို့ နားလည်ရန် ခက်ခဲပုံကို အောက်ပါ ဗီဒီယိုကို ကြည့်၍ သိနိုင်သည်။
နော်ဝေး ပင်လယ်အနီး ဒိန်းမတ်သင်္ဘော မုန်တိုင်းမိ၍ ရေဒီယိုဖြင့် အကူအညီတောင်းပုံကို နော်ဝေးမှလူရွှင်တော် Fleksnes က ဟာသ လုပ်ထားပါသည်။ ဒိန်းမတ်သင်္ဘောက သူရောက်ရှိနေသည့် နေရာကို လတ္တီတွဒ်၊ လောင်ဂျီတွဒ်များနှင့် ပြောသောအခါ ထိုနော်ဝေးလည်း လုံးဝနားမလည်နိုင် ဖြစ်ရပုံကို တွေ့မြင်နိုင်ပါသည်။ ။

Sunday, November 8, 2009

(၄၁) အစည်းအဝေး၊ အစည်းအဝေးနှင့် အစည်းအဝေး (ကြေးမုံဦးသောင်း)

တော်လှန်ရေးအစိုးရနှင့် မဆလ အစိုးရခေတ်တွင် အစည်းအဝေးများ၊ ညီလာခံများ လွန်စွာပေါလှသည်။ လူထု လူတန်းစားစည်းရုံးရေးနှင့် နိုင်ငံတော်ကို ခေါင်းဆောင်နေသောကြောင့် အစည်းအဝေးများသည် အရေးကြီးသည် ဟု ဆိုပါ၏။ အလုပ်သမားကောင်စီ၊ လယ်သမားကောင်စီ၊ သမ၀ါယမကောင်စီစသော ပြည်လုံးကျွတ်အစည်း အဝေးကြီးတွေ အမြဲကျင်းပပါသည်။ ထိုအစည်းအဝေးကြီးများသို့ သတင်းစာဆရာများနှင့် ၀န်ကြီးဌာနများမှ အကြီးအကဲများ တက်ရောက်နားထောင်ကြရပါသည်။ လေ့လာစေပါသည်။
ထိုအစည်းအဝေးများတွင် နံနက်စာနှင့် ညနေလက်ဖက်ရည်ပွဲများကို အလျှံပယ်ကျွေးလေ့ရှိသည်။ အပြင်လောက၌ မစားရသည့် ငါးကြင်းဆီပြန်ဟင်းကို စားရလေ့ရှိသည်။ ဆီနစ်နေသည့် နနွင်းဝါ၀ါ ငါးကြင်းသားဟင်းကို စာရေးသူ မမေ့နိုင်ပါ။ ယခုထက်တိုင် တောင့်တနေမိသည်။
ညီလာခံများအပြီးတွင် အောင်ပွဲအဖြစ် အိမ်တော်၌ သမ္မတကြီးဦးနေ၀င်းက ညစာစားပွဲ တည်ခင်းလေ့ရှိရာတွင် အရက်သေစာနှင့် ဧည့်ခံသောကြောင့် ပရိသတ်တို့မှာ မူးနေသူက များပါသည်။ ထမင်းဟင်းများကို စားပွဲပေါ်တွင် တင်ထားပြီး ဘာသာယူကာ စားသောက်ကြစေရာ မူးယစ်နေသူတို့က များသဖြင့် လုယူစားသောက်ကြရသည်။ ဣနြေ္ဒပျက်လှပါသည်။ ထမင်းပွဲ၊ ဟင်းပွဲတို့မှာလည်း ဖိတ်စင်ပေကျံသဖြင့် ကောင်းကောင်းစားရလေ့ မရှိပါ။
အစည်းအဝေးကြီးများ၊ ညီလာခံကြီးများ၏ ပြောဆိုချက်များ၊ ဆုံးဖြတ်ချက်များက စိတ်ဝင်စားဖွယ် မရှိပါ။ စကားပြောမည့် နယ်ကိုယ်စားလှယ်က သူတို့ပြောလိုသမျှကို စာရေးတင်သွင်းရပါသည်။ စီစစ်ရေးအဖွဲ့က တည်းဖြတ်ပြီး ပြောစေပါသည်။ တနေကုန် ပြောသမျှကို သတင်းစာ၏ စာမျက်နှာ (၂) မျက်နှာခန့် တင်ကြိုကာ အကျဉ်းချုပ်ရေးပြီး အသင့်ပေးလေ့ရှိသဖြင့် သတင်းစာဆရာများ သွားရန်ပင်မလိုပါ။ ကိုယ်စားလှယ်မင်း များကလည်း ပြောရန်ပင်မလိုပါ။ အားလုံးအသင့် ကြိုတင်ရေးထားပါသည်။ ထို့ကြောင့် တနေကုန်ထိုင်ရသည်မှာ ငြီးငွေ့ဖွယ်ကောင်းလှပါသည်။ “အေးလေ… အလုပ်ရုံးခန်းမှာ အလုပ်လုပ်နေရတာထက်တော့ ဇိမ်ကျတာပေါ့” ဟု ဆိုကြကာ စာရေးသူတို့တတွေ ကျေကျေနပ်နပ် တက်လေ့ရှိကြပါသည်။
စာရေးသူက အကြံအဖန်တမျိုးလုပ်ပါသည်။ ညီလာခံတက်တိုင်း စိတ်ဝင်စားစွာ နားထောင်ဟန်ဆောင်ရင်း ၀တ္ထုတအုပ်ကို ဖတ်လေ့ရှိပါသည်။ ၀တ္ထုစာအုပ်ကို ပါတီစာအုပ်အဖုံးနှင့် ဖုံးထားကာ ဖတ်သဖြင့် ပါတီကိစ္စကို စွဲလမ်းစွာ လေ့လာနေသူ၏ အသွင်ကို ဖန်တီးယူရပါသည်။ နောက်ပိုင်းတွင် သတင်းစာဆရာများရော၊ ဌာနအကြီးအကဲတွေပါ အစည်းအဝေးသို့ ပါတီစာအုပ်ဖုံးနှင့် ၀တ္ထုများ ယူလာလေ့ရှိကြပါသည်။ စာဖတ်ဝါသနာပါသူ ၀န်ကြီးတဦးပင် စာရေးသူထံမှ ပါတီစာအုပ်ဖုံးထားသော ၀တ္ထုကို ငှားယူဖတ်ရှုလေ့ရှိပါသည်။ ပါတီစာအုပ် ကိုင်ထားသူကို မည်သူကမှ မေးခွန်းမထုတ်ရဲကြပါ။
အမှန်အားဖြင့် ညီလာခံကြီးများ၏ ဆုံးဖြတ်ချက်များကို အစိုးရလုပ်ဆောင်သည်မဟုတ်။ အစိုးရ၏ လုပ်ဆောင်ချက် ကို ညီလာခံကြီးများက ဆုံးဖြတ်ပေးရသည်သာ ဖြစ်သည်။ ညီလာခံကြီးများသည် ရုပ်ပြပွဲများသာ ဖြစ်ပါသည်။
စစ်အစိုးရ၏ လုပ်ဆောင်မှုမှန်သမျှတို့ကို ၀န်ကြီးများနှင့် စစ်အရာရှိကြီးများတို့၏ အစည်းအဝေးများ၌ တင်သွင်းပြီး ဆုံးဖြတ်ပြီးမှသာ လုပ်ဆောင်လေ့ရှိကြပါသည်။ ၀န်ကြီးများက အာဏာရှင်ကြီး ဦးနေ၀င်းက ညွှန်ကြားသည့် အချက်များနှင့် ညွှန်ကြားသမှု မပြုစေကာမူ ဗောင်းတော်ညိတ် စိတ်တော်သိရသော အချက်များကို စာရေးသူတို့ထံ ထပ်ဆင့် အမိန့်ပေးသည့်အခါများတွင်လည်း အစည်းအဝေးပုံသဏ္ဍာန်နှင့် အမိန့်ပေးလေ့ရှိပါသည်။
ရည်ရွယ်ချက်မှာ တခုခုမှားခဲ့လျှင် တခုခုကို အာဏာရှင်ကြီးက မကြိုက်လျှင် ကျနော်မျိုးကြီးတဦးတည်း ဆုံးဖြတ်တာမဟုတ်ပါ။ အစည်းအဝေးနှင့် ဆုံးဖြတ်တာပါဟု ခံရမည့်အပြစ်ဒဏ်ကို ဝေငှပေးသည် ဖြစ်ပါ၏။ အပြစ်ရှိ ၍ အရေးယူလျှင် အနည်းငယ်သက်သာသည်။
စာရေးသူအဖို့ နေ့စဉ် နံနက် (၉) နာရီတွင် ၀န်ကြီးရုံးကို သွားပြီး ၀န်ကြီး၊ ဒု-၀န်ကြီးနှင့် စည်းဝေးရပါသည်။ နံနက်က ထွက်ခဲ့သော သတင်းစာ (၇)စောင်တွင် သူတို့မကြိုက်သည်များ နောက်တနေ့ ထွက်မည့် သတင်းစာများ ဆောင်သင့်၊ ရှောင်သင့်သည့် အချက်များတို့ကို နာခံမှတ်သားရပါသည်။
နံနက် (၁၀) နာရီတွင် စာရေးသူ၏ ရုံးခန်း၌ အယ်ဒီတာချုပ်များ၏အဖွဲ့အစည်းအဝေး ထိုင်ကြရသည်။ ထိုအခါ၌ ၀န်ကြီးများ၏ မှာကြားချက်ကို အဆင့်တင်ပြရပါသည်။ တဖန်အယ်ဒီတာချုပ်များက ၀န်ကြီးများထံ တင်လိုသော အချက်များကို မှတ်သားရပြန်ပါသည်။ တကယ့်တကယ်တော့ အယ်ဒီတာချုပ်များသည် ၀န်ကြီးနှင့် တိုက်ရိုက်တွေ့ဆုံခြင်း၊ ဖုန်းဆက်ခြင်း ပြုကြပါသည်။ အများရှေ့တွင် မှတ်တမ်းတင်စေလိုသည့် ကိစ္စများကိုသာ တင်ပြကြပါ၏။ သို့မှသာ စာရေးသူ၏ ခွေးရေပုရပိုက်ကြီးတွင် အစည်းအဝေး၏ ဆုံးဖြတ်ချက်အဖြစ် မှတ်တမ်း ကျန်ရစ်မည်ဖြစ်ရာ ပြဿနာပေါ်လျှင် တစုတရုံးတည်း တာဝန်ခံကြရမည် ဖြစ်ပါသည်။
နေ့စဉ် အယ်ဒီတာချုပ်အစည်းအဝေးများတွင် နောက်တနေ့သတင်းစာအတွက် ပုံနှိပ်မည့် ခေါင်းစဉ်ကြီးများ၊ ဆောင်းပါးများတို့ကို တင်ပြအတည်ပြုကြရပါသည်။ အရေးကြီးသည့် အယ်ဒီတာထံပေးစာ၊ လူထုအော်သံနှင့် ကြော်ငြာကစပြီး တင်ပြကာ အများသဘောတူ အတည်ပြုဆုံးဖြတ်ကြရပါသည်။ နေ့ (၁) နာရီတွင် ၀န်ကြီးရုံးကို ထပ်သွားပြီး နောက်တနေ့တွင် ဖော်ပြမည့် စာမူများ၏ အကြောင်းကို အကျဉ်းတင်ပြပြီး အတည်ပြုရပြန်ပါသည်။ ဤကဲ့သို့ အားလုံး ဘေးကင်းကြစေရန် အကြိမ်ကြိမ် စိစစ်ပုံနှိပ်သော သတင်းစာများကို လူထုက စိတ်ဝင်စားမှု မရှိသည်မှာ မဆန်းပါ။ ၀န်ကြီးများက အယ်ဒီတာချုပ်များကို ညွှန်ကြားသည်တို့မှာ တပ်ကြပ်ကြီးဟောင်း မည်သူမည်ဝါကို သင့်လျော်သည့် အလုပ်ရှာပေးပါ။ မည်သူ့ကို သတင်းစာကိုယ်စားလှယ်ခန့်ပါ စသည်ဖြင့် သူတို့၏ တပည့်သားမြေးများ၊ စစ်မှုထမ်းဟောင်းများကို အခွင့်အရေးပေးရန် စေခိုင်းသည်တို့က များပါသည်။
စစ်တပ်အစိုးရ၏ ဂုဏ်သိက္ခာအတွက် အမိန့်များလည်း ပေးပါသည်။ ဥပမာ - မြန်မာနိုင်ငံအစိုးရထံသို့ ဘိန်းလုပ်ငန်း နှိမ်နင်းရေးအတွက် အမေရိကန်က ပေးထားသော ရဟတ်ယာဉ် (၁၈) စီး ရှိပါသည်။ ထိုရဟတ်ယာဉ်များကို နယ်စပ်ဒေသမှ လူမျိုးစုသူပုန်များကို နှိမ်နင်းရေးအတွက် အသုံးပြုနေသည်ကို တစွန်းတစမှ သတင်းစာတွေထဲ မပါရဟု ညွှန်ကြားပါသည်။
ဘိန်းနှိမ်နင်းရေးအတွက် အမေရိကန်က ပေးသော ထိုရဟတ်ယာဉ်များကို စစ်ဗိုလ်ကြီးများ နယ်ဒေသများသို့ ခရီးထွက်ရာတွင်လည်း အများအပြား သုံးကြသောကြောင့် ၀န်ကြီးဗိုလ်မှူးကြီး မည်သူ မည်သည့်မြို့ မည်သည့်ဒေသသို့ ဆိုက်ရောက်လာကြောင်း စသည့်နယ်သတင်းများတွင် အထူးရဟတ်ယာဉ်နှင့် ကြွလာပါသည် ဟူသော စာပိုဒ်ကို ဖြတ်ပေးပါဟု ၀န်ကြီးက ညွှန်ကြားပါသည်။ သို့သော်လည်း ဓာတ်ပုံများက ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသည့်ပုံများ ဖြစ်နေပြန်လေရာ ရဟတ်ယာဉ်က ဆင်းတော်မူလာသော ၀န်ကြီးများ၏ သတင်းဓာတ်ပုံများကို ဖယ်ပေးပါဟု ၀န်ကြီးက ပြောပါသည်။ စာရေးသူအား အမိန့်ပေးသောအခါတွင် “၀န်ကြီးများကလည်း သူတို့ရဲ့ ရွှေမျက်နှာတွေကို သတင်းစာတွေမှာ ပါစေချင်ကြပါတယ်” ဟု စာရေးသူက တင်ပြရသည်။
ဝန်ကြီးက ခေါင်းကုတ်ပြီး စဉ်းစားပါသည်။ အရေးကြီးသည်မှာ အမေရိကန်က ဘိန်းနှိမ်နင်းရေးအတွက် ပေးသည့် ယာဉ်များကို ၀န်ကြီးများ စီးနင်းသုံးစွဲနေသည်ကို သက်သေခံမပေါ်ရန် ဖြစ်လေသဖြင့် ၀န်ကြီးသည် အတန်ကြာ စဉ်းစားရရှာသည်။
ရွှေဉာဏ်တော် ပွင့်လာသောအခါတွင်မှ “ဒီလိုလုပ်ဗျာ” ဟု ၀န်ကြီးက အမိန့်ပေးပါသည်။ “နယ်သတင်းထောက် တွေ အားလုံးကို အမိန့်ထုတ်ပါ။ ၀န်ကြီးတွေ ရဟတ်ယာဉ်နဲ့ ဆိုက်လာတဲ့ ဓာတ်ပုံတွေ ရိုက်ကြတဲ့အခါတွေမှာ ဓာတ်ပုံဆရာ သတင်းထောက်က ရဟတ်ယာဉ်ကို ကျောပေးပြီး ရိုက်ကြရမယ်လို့ ညွှန်ကြားပါ” ဟု သူပြောပါသည်။ ထိုအမိန့်ကို အယ်ဒီတာချုပ်အစည်းအဝေးသို့ တင်ပြီး နယ်သတင်းထောက်အားလုံးကို ညွှန်ကြားရပါသည်။
ဝန်ကြီး၏ ညွှန်ကြားချက်များကို ရယူသည့်အခါတွင် စာရေးသူအဖို့ ပြန်ပြောခွင့်မရှိစေကာမူလည်း တချီတွင် နှုတ်မထိန်းနိုင်ဘဲ ပြန်ပြောမိပါသည်။
၁၉၇၆ ခုနှစ်က တပ်မတော်ဦးစီးချုပ်တင်ဦးကို အစိုးရက ဖမ်းဆီးပါသည်။ ဗိုလ်ကြီးအုန်းကျော်မြင့်က ဦးနေ၀င်းနှင့် အစိုးရဦးစီးများကို လုပ်ကြံပြီး အာဏာကို သူသင့်တော်မည်ဟု ယူဆသည့် စစ်ဗိုလ်ကြီးများထံသို့ လွှဲပြောင်းရန် ကြံစည်ခဲ့ပါသည်။ အမှုမအောင်မြင်သဖြင့် စစ်ဗိုလ်အများ တသီကြီး ဖမ်းခဲ့ရာတွင် ဤနှယ်ကြံစည်သည်ကို သိလျက်နှင့် ထိန်ချန်ထားသည်ဟု ယိုးစွပ်ပြီး ဗိုလ်ချုပ်ကြီးတင်ဦးကို ခုံရုံးတင်ပါသည်။
စာရေးသူ၏ တာဝန်မှာ အင်းစိန်ထောင်၌ လူသိရှင်ကြား စစ်ဆေးသော အမှုသတင်းကို ရယူပြီး သတင်းစာများ၌ ဖော်ပြရန်နှင့် ဗမာ့အသံမှ ကြေညာရန်အတွက် ၀န်ကြီးကို တင်ပြပြီး တည်းဖြတ်ရပါသည်။ အမှုစစ်ချက် ရောက်လာသည်နှင့် ဒု-၀န်ကြီးထံသွားပြီး တနေ့တာ စစ်ဆေးချက် ထွက်ချက်များကို ဖတ်ပြရပါသည်။
တရားခံရှေ့နေ ဦးကိုယုက စစ်စစ်ပေါက်ပေါက် မေးသည်များကို သက်သေများနှင့် ဗိုလ်ချုပ်ကြီးတင်ဦးက ဖြေသည်တို့ကို အတိုချုပ်တင်ပြသောအခါတွင် ထွက်ချက်တပိုဒ်ကို ၀န်ကြီးက မကြိုက်သောကြောင့် “ဒီစာပုဒ်ကို ပြင်ပေးဗျာ” ဟု အမိန့်ပေးတော့သည်။
စာရေးသူအဖို့ ‘ဟုတ်ကဲ့ - ၀န်ကြီး’ ဟု မဖြေနိုင်ဘဲ ကျွဲမြီးတိုမိသောကြောင့် အသံဆတ်ဆတ်နှင့် “ဘာပြုလို့လည်း ၀န်ကြီးရဲ့” ဟု မေးလိုက်မိပါသည်။ “သူက သစ္စာဖောက်ဗျ၊ သူ့ထွက်ချက်ကို ဒီအတိုင်းရေးလျှင် လူထုက သူ့ဘက်ပါ သွားမှာပေါ့” ဟု သူက ဖြေပါသည်။
ထိုအခါတွင် စာရေးသူက သည်းမခံနိုင်သောကြောင့် “တရားရုံးမှာ ထွက်ချက်ကို ဘယ်သူကမှ ပြင်ခွင့်မရှိဘူး။ သူခိုး ဓားပြတို့က သူတို့လူကောင်းပါလို့ ထွက်ဆိုလျှင်လည်း သတင်းရေးရာမှာ သူတို့က လူဆိုးပါလို့ ထွက်တယ်လို့ ပြင်ဆင်ရေးခွင့်မရှိဘူး။ လူဆိုးလား၊ လူကောင်းလား ဆိုတာ တရားသူကြီးက စီရင်ပါလိမ့်မယ်။ တရားခံက ပြောသမျှ၊ သက်သေက ဖြေသမျှကို ဘယ်သူကမှ ပြင်ဆင်ခွင့်မရှိပါဘူး” စာရေးသူက ၀န်ကြီးကို ပညာပြမိပါသည်။ စာနယ်ဇင်းကျင့်ဝတ်ကို သင်ပြမိပါသည်။
ထိုအခါတွင် ၀န်ကြီးက မည်သို့အမိန့်ပေးသနည်းဟူမူ “ကျုပ်ကတော့ ကျုပ်တို့သမ္မတကြီး စိတ်ကြိုက်ကို လုပ်ရမှာပဲ။ တရားခံက ဖြေတဲ့ ဟောဒီထွက်ချက်တပိုဒ်လုံးကို သမ္မတကြီးက ကြိုက်မှာမဟုတ်ဘူး။ ခင်ဗျားတို့ သတင်းစာကျင့်ဝတ်က ပြင်မပေးနိုင်ဘူးဆိုရင် ဒီစာပိုဒ် တပိုဒ်လုံးကို ဖြုတ်ထားလိုက်ပါ” ဟူ၏။
“သေဟဲ့ … နန္ဒိယ” ဟု စိတ်ထဲမှ အော်ဟစ် ညည်းညူမိသည်မှတပါး ပြန်မပြောနိုင်တော့ပါ။ ။

Saturday, October 17, 2009

(၄၀) ဒေါက်ဖြုတ်ကြီး ဒု-ညွှန်ကြားရေးမှူး (ကြေးမုံဦးသောင်း)

အလုပ်ဝင်ပြီးနောက် မကြာမီတွင် အစိုးရပိုင်လုပ်ငန်းများကို စီးပွားရေးဆန်ဆန် ဖွဲ့ရန် အစိုးရက လမ်းစဉ်ချမှတ် သဖြင့် သတင်းစာကော်ပိုရေးရှင်း ပေါ်လာသည်။ ဆရာတက်တိုးက ညွှန်ကြားရေးမှူးချုပ်ဖြစ်လာပြီး တင်မောင်အား သတင်းဆိုင်ရာ ဒု-ညွှန်ကြားရေးမှူး ခန့်ထားသည်။ တင်မောင်တို့ သတင်းစာဆရာများကို လွှတ်မပေးပေ။ သူတို့အား စောင့်ကြည့်ရန် ရေတပ်ဗိုလ်မှူးတဦးကို အုပ်ချုပ်ရေးဆိုင်ရာ ဒု-ညွှန်ကြားရေးမှူးအဖြစ် ခန့်ထားလေသည်။
ဆရာတက်တိုးက စာများများရေးရန်သာ အမြဲကြိုးစားသူ ဖြစ်သည်ကြောင့် တကြောင်း၊ တင်မောင်၏ စာရိတ္တနှင့် အရည်အသွေးကို စိတ်ချသောကြောင့် တကြောင်းတို့ကြောင့် အလုပ်တာဝန်များတို့ကို ပုံလွှဲပေးသဖြင့် သတင်းစာ များ တိုးတက်ကောင်းမွန်ရေးကို အသင့်အတင့် လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် တင်မောင်၏ အရေးကြီးသည့် တာဝန်ကြီးတရပ်မှာ ‘ဒေါက်ဖြုတ်’ အလုပ်ဖြစ်သဖြင့် ရံဖန်ရံခါတို့တွင် စိတ်မချမ်းသာ ဖြစ်ရသည်။
စစ်အစိုးရ စစ်ဗိုလ်များ၏ စိတ်ကြိုက်သတင်းစာ ထုတ်ရသည်မှာ မလွယ်ပါ။ ဇာတ်ပွဲထဲမှ မင်းသားရူးကို ခစားရသည့် အမတ်ကဲ့သို့ မင်းလိုလိုက် မင်းကြိုက်ကို ဆောင်ရွက်ရသည်မှာ များစွာ ခက်ခဲပါသည်။ စစ်ဗိုလ်များက အာဏာထက်သည်။ အယ်ဒီတာ တဦးတယောက်၊ တစုံတခု အမှားပြုလုပ်သည်ဟု ထင်ကြေးရှိသည်နှင့် ထိုသူကို “ဖြုတ်ပစ်လိုက်” ဟု အမိန့်ပေးလိုက်လေ့ရှိသည်။ အမိန့်အရ ဖြုတ်ရသည်မှာ တင်မောင်တယောက် ဖြစ်နေသဖြင့် တင်မောင်၏ တာဝန်တရပ်မှာ ကြိုးစင်ဒေါက်ဖြုတ်ရသည့်အလုပ်ဖြစ်နေသည်။
တနေ့တွင် လွှတ်တော်အစည်းအဝေး၌ နိုင်ငံ၏ ဘတ်ဂျက်ငွေစာရင်းကို တင်သွင်း အတည်ပြုစဉ်တွင် နိုင်ငံတော် သမ္မတကြီး ဦးနေ၀င်းအတွက် အသုံးစရိတ်များကို အသေးစိတ် ဖော်ပြထားပါသည်။ တောင်ရှည်ပုဆိုးဝယ်ရန် ကျပ် (၂၀၀၀) … စသည်ဖြင့် သမ္မတအတွက် သုံးလေသမျှ စာရင်းတင်သည်ကို ပြည်သူ့လွှတ်တော်က အဖြတ်အတောက်မရှိ အတည်ပြုလိုက်ပါသည်။ ပြန်ကြားရေးဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီးလွင်က တင်မောင်ထံ ဖုန်းဆက်ပြီး “ဒီစရိတ်အသေးစိတ်တွေ အသေးစိတ် ရေးတာကို သမ္မတကြီး ကြိုက်မှာမဟုတ်ဘူး။ သတင်းစာတွေ မှာ မပါစေနဲ့ ပိတ်လိုက်ပါ” ဟု အမိန့်ပေးပါသည်။ ၀န်ကြီးအမိန့်ကို တင်မောင်က ပြည်သူပိုင် သတင်းစာ အယ်ဒီတာချုပ်ကြီး (၇) ဦးတို့ထံ ထပ်ဆင့်ပြောကြားရပါသည်။
နောက်တနေ့တွင်မူ ကြေးမုံသတင်းစာ၏ လွှတ်တော်သတင်းတွင် နိုင်ငံတော် သမ္မတကြီး၏ အသုံးစရိတ် တောင်ရှည်ပုဆိုးဖိုး ကျပ် (၂၀၀၀) ရော၊ ဧည့်ခံစရိတ်ပါ အတိအကျ ပုံနှိပ်ဖော်ပြထားသည်ကို တွေ့ရသည်။ နံနက် (၇) နာရီတွင် ဗိုလ်မှူးကြီးလွင်က ဖုန်းဆက်ပြီး “ဘယ်လိုဖြစ်တာလဲ သမ္မတကြီးက ဒီသတင်းကို တွေ့ရင် ကျူပ်ကို ဘယ်လိုပြောမယ်မသိဘူး” ဟု စိုးရိမ်သံနှင့် ပြောပါသည်။ “ဒီနေ့ နံနက် (၉) နာရီမှာ ရုံးကိုလာပြီး အသေးစိတ် အစီရင်ခံပါ” ဟု အမိန့်ပေးပါသည်။
အစိုးရအရာရှိတိုင်း ထူထဲသော နေ့စဉ်မှတ်တမ်းစာအုပ်ကြီးများကို ဆောင်ကြရပါသည်။ ၀န်ကြီးထံမှ ‘အမိန့်လာ နေ့ (၂) နာရီ၊ ကြေးမုံအယ်ဒီတာချုပ် ဦးလှကွန်းသို့ ပြောချိန် (၂.၁၅) နာရီ’ စသည်ဖြင့် အသေးစိတ် မှတ်ထားရသဖြင့် တင်မောင်တွင် တာဝန်မရှိပါ။
ဦးလှကွန်းထံသို့ ဖုန်းဆက်မေးသောအခါ “ကိုယ်ညက နယ်လွန်နေတယ်၊ တိုက်ကို ပြန်မရောက်ဘူး၊ ဒု-အယ်ဒီတာချုပ် ကိုမြတ်သူလည်း သတင်းပိတ်တဲ့အမိန့်ကို သိပြီးမို့ စိတ်ချခဲ့မိတယ်။ ကြည့်လုပ်လိုက်ပါ ကိုယ့်လူရယ်” ဟု ဖြေ၏။
ဝန်ကြီးက နံနက် (၈) နာရီတွင် ဖုန်းဆက်ပြန်သဖြင့် သူ၏ ရုံးသို့ မသွားရတော့ပါ။ “ဒီသတင်းမပါစေနဲ့လို့ ပြောခဲ့တယ်ဆိုတော့ အယ်ဒီတာချုပ်မှာ တာဝန်ရှိတယ်။ သူ့ကို ဒီနေ့ကစပြီး ရာထူးက ဖြုတ်လိုက်ပါ” ဟု အမိန့်ပေး ပြီး တယ်လီဖုန်းကို ချသွားပါသည်။
ကြေးမုံအယ်ဒီတာချုပ် သခင်လှကွန်းမှာ အစစ်အဆေးမရှိ၊ အယူခံမရှိ၊ စက္ကန့်မဆိုင်း ရာထူးပြုတ်ရရှာပါသည်။ အယ်ဒီတာချုပ်ရာထူးမှာ ညွှန်ကြားရေးမှူး ရာထူးအဆင့်တွင် ရှိသဖြင့် အစိုးရစက်ယန္တရားတွင် နံပါတ် (၂) ရာထူး ဖြစ်ပါသည်။ စစ်တပ်က စိတ်ချရသည့်သူများကိုသာ ခန့်ထားမြဲဖြစ်သည်။ ဖြုတ်လိုသည့်အခါတွင် ခြင်ကောင်၊ ယင်ကောင်ကို သတ်သကဲ့သို့ အလွယ်တကူ ဖယ်ရှားလေ့ရှိပါသည်။ ဤသို့ပင် အယ်ဒီတာချုပ်အများအဖို့ ‘ထီကနဲ’ အဖြုတ်ခံရလေ့ရှိပါသည်။ ဆရာဇ၀န၊ ဆရာ ဦးခင်မောင်လတ်၊ ဗိုလ်တထောင် အယ်ဒီတာချုပ် ဗိုလ်ထိန်လင်း၊ ဆရာကြီး ရွှေဥဒေါင်း၊ ဟံသာဝတီ ဦးဝင်းတင်နှင့် ဆရာကိုမြတ်သူ တို့ကိုလည်း ဤနှယ် ဖယ်ရှားခံခဲ့ကြရသည်။
သခင်လှကွန်း ပြုတ်ရသည်မှာ မိုင်းဗုံးထောင်သည်ကို ခံရသည်ဟု ဆိုပါ၏။ ဒု-အယ်ဒီတာချုပ် ကိုမြတ်သူက သတင်းပိတ်သည့် အမိန့်ကို သိပါလျက်နှင့် တမင်ပုံနှိပ်သည်ဟု သိရပါသည်။
သူ၏ လုပ်ကြံမှုက အောင်မြင်ပါသည်။ ချက်ချင်း ရာထူးတက်ပြီး ကြေးမုံအယ်ဒီတာချုပ်ရာထူးကို ဆက်ခံရပါသည်။ ထုံးစံအတိုင်း သူ့ခမျာလည်း သက်ဆိုးမရှည်ပါ။ သူ့ကိုလည်း စစ်တပ်က ဖြုတ်ချခဲ့သည်။ နောက်တကြောင်း ရှိသေးသည်။ သခင်လှကွန်းက စစ်ဗိုလ်ကတော်ဟောင်း မုဆိုးမကလေးတဦးနှင့် ငြိတွယ်နေသည်ကို စစ်စုံထောက်ကြီးက တေးထားသောကြောင့် အမှားတွေ့သည်နှင့် အပျောက်ရှင်းလိုက်သည်ဟုလည်း သိရပါသည်။ သူတို့က ဗိုလ်ကတော်ကျများကို အရပ်သားအရာရှိများနှင့် ငြိကြလျှင် များစွာ စိတ်ဆိုးလေ့ရှိပါသည်။
နောက်တမှုက ပိုပြီး ဇတ်နာပါသည်။ တနေ့တွင် ၀န်ကြီးရုံးမှ ပြန်လာသည့် ညွှန်ကြားရေးမှူးချုပ် ဆရာတက်တိုးက မြ၀တီအယ်ဒီတာချုပ် ဦးထွန်းလွင်ဟု ရေးထားသော စာရွက်ကလေးကို ပေးပြီး “ဒီကောင်ကို ရာထူးက ဖြုတ်တဲ့ အမိန့်ထုတ်လိုက်ကွာ” ဟု ပြောသည်။ ဒီလူ လူကောင်း လူအေး အမှုထမ်းသက်လည်း ကြာပြီ” ဟု တင်မောင်က စောဒကတက်သောအခါ ဆရာက “ဟေ့ကောင် - ခိုင်းတာလုပ်ပါကွာ။ ဒီကောင်လူကောင်းဆိုတာ မင့်ထက်ငါ သိတယ်ကွ” ဟု စိတ်မကောင်းသဖြင့် စိတ်တိုနေသည့်အသံနှင့် ဆူရှာပါသည်။
ဆရာက စာအုပ်တအုပ်ပေးဖတ်ပါသည်။ ဦးထွန်းလွင်၏ဇနီး ယုဝတီမာလာသိန်း ရေးသော ၀တ္ထုဖြစ်ပါသည်။ ပုဂ္ဂိုလ်ကြီးတဦး ဇနီးကွယ်လွန်သောကြောင့် နောက်အိမ်ထောင်ပြုရာ၌ သမီးငယ်များကို မိထွေးက နှိပ်စက်သည်ဟု ဇတ်လမ်းဖွဲ့ထားသည်။ ခေါင်းဆောင်ကြီး ဦးနေ၀င်းက ဒေါ်နီနီမြင့်နှင့် အိမ်ထောင်သစ်ထူသဖြင့် ‘သမီးများက မကြည်ကြတာကို စောင်းမြောင်းရေးထားတာ ဖြစ်နိုင်တယ်။ ဒီဝတ္ထုကို ဦးနေ၀င်း၊ ဒေါ်နီနီမြင့်တို့ မြင်လျှင် စိတ်မကောင်းဖြစ်ကြမယ်’ ဟု စစ်ဗိုလ်ဝန်ကြီးက ယူဆသောကြောင့် စာရေးဆရာမ၏ ခင်ပွန်းကို ရာထူးက ဖြုတ်စေသည်ဟု သိရပါသည်။ “ဒီစာအုပ်ကို ဆင်ဆာအဖွဲ့က ခွင့်ပြုလို့ ပုံနှိပ်တာပါ။ မာလာသိန်းနဲ့ ကိုထွန်းလွင် အိမ်ထောင်သက်က နှစ် (၂၀) ကျော်ပါပြီ။ မယားက ၀တ္ထုရေးတာကြောင့် လင်ကို ရာထူးက ဖြုတ်တယ်ဆိုတာ မတရားပါဘူး။ ဇတ်ကွက်တူတိုင်းသာ အရေးယူရမယ်ဆိုရင်” တင်မောင်က အယူခံသောအခါ စကားဆုံးအောင်ပင် မပြောရပါ။ ဆရာက ကရုဏာဒေါသောနှင့် ဆူတော့သည်။ “တော်ကွာ - မင်း ငါခိုင်းတာ လုပ်ရင်လုပ်၊ မလုပ်ရင် မင့်ကို ငါက ဖြုတ်မယ်ကွ” တဲ့။ နောက်ဆုံးတွင် ကိုထွန်းလွင်အား ရာထူးမှ ဖြုတ်မိန့်ထုတ်ပေးရပါသည်။
တင်မောင်အဖို့ အစိုးရအမှုထမ်းများကိုသာမက ဗိုလ်ချုပ်ကြီးနှင့် စစ်ဗိုလ်ကြီးများက မလိုလားသော နိုင်ငံခြား သတင်းထောက်များကိုလည်း နှင်ထုတ်ပေးခဲ့ရပါသည်။ နိုင်ငံခြားသတင်းဌာနများတွင် လုပ်ကိုင်သည့် မြန်မာနိုင်ငံ သား သတင်းထောက်များကိုလည်း ဒေါက်ဖြုတ်ပေးရလေ့ ရှိပါသည်။
ရန်ကုန်၌ ရုံးဖွင့်ကြသည့် နိုင်ငံခြားသတင်းထောက်များကို တဦးပြီးတဦး နှင်ခဲ့သည်။ အေပီအမေရိကန် သတင်းထောက်ကို ပထမနှင်ပါသည်။ ရိုက်တာတွင် လုပ်ကိုင်သူ မက်ဂရဖ်ဆိုသူသည် မြန်မာကပြားဖြစ်ပါလျက် နှင်ထုတ်သောကြောင့် လန်ဒန်မှာပင် ခေါင်းချရရှာသည်။ ပြင်သစ်ကိုယ်စားလှယ်သည် ကြားနိုင်ငံမှ ဖြစ်သည်။ မြန်မာသတင်းကို ဝေဖန်ချက်မပါဘဲ ရေးသဖြင့် အကြာဆုံးနေရပါသည်။ နောက်ဆုံးတွင် သူ့ကိုလည်း နှင်လိုက်သဖြင့် နိုင်ငံခြားသတင်းထောက်အားလုံးတို့သည် ဒေသခံမြန်မာများ ဖြစ်လာကြပါသည်။
တနေ့တွင် ဒု - ၀န်ကြီးက တင်မောင်အားခေါ်ပြီး ထိပ်တန်းလျှို့ဝှက်ဖိုင်ကြီးတခု ပေးပါသည်။ ‘ထိပ်တန်းလျှို့ဝှက်’ ဟု ရေးထားစေကာမူ သတင်းစာလောကတွင် လူတိုင်းသိနေသည့် ကိစ္စ၊ မထူးသတင်းဖြစ်နေပါသည်။ ရိုက်တာ သတင်းထောက် ကိုမင်းသူသည် အရက်မူးလျှင် လူကြီးလူငယ်မရှောင် ဆဲရေးတိုင်းထွာသည်ဟု စစ်စုံထောက် အစီရင်စာတွင် နေရာ၊ နေ့စွဲနှင့် တကွ ရေးထားသည်။ “ဒါဘာဖြစ်သလဲ ၀န်ကြီး၊ ဒီငနဲက ဒီလိုပဲ ရမ်းတာကို လူတိုင်း သိပါတယ်။ သတင်းထောက်တွေက သူနဲ့အတူ အရက်မသောက်ဘဲ ရှောင်ကြပါတယ်” ဟု တင်မောင်က ပြောလျှင် “၀န်ကြီးနှစ်ဦးက သူတို့ကို ဆဲရေးတိုင်းထွာတယ်လို့ ၀န်ကြီးကို တိုင်တယ်ဗျ” ဟု ဖြေပါသည်။
တင်မောင်က ပြန်ပြောပါသည်။ “အလွယ်ကလေးပါ၊ သူနဲ့ အရောမ၀င်နဲ့၊ သူနဲ့အတူ အရက်မသောက်နဲ့ပေါ့။ ကျနော်ဆိုရင် အရက်မသောက်တော့ ကိုမင်းသူ ဆဲတာ တခါမှ မခံရဖူးပါ”
“ကျုပ်က ဒု - ၀န်ကြီးဗျ၊ ၀န်ကြီးတွေကို ဒီလူနဲ့ အရက်မသောက်နဲ့လို့ မပြောဝံ့ဘူး” ဟု ဒု - ၀န်ကြီးက ပြောပြီး “၀န်ကြီးက အမိန့်ချပြီးပြီ၊ ဒီလူကို ဖယ်ပေးပါ” ဟု တချက်လွှတ် အမိန့်ပေးတော့သည်။
အစိုးရ၀န်ထမ်းမဟုတ်သည့် နိုင်ငံခြားသတင်းဌာန ၀န်ထမ်းကို ရာထူးမှ ဖြုတ်ရသည်မှာ လက်ဝင်သည်။ ပထမ အင်္ဂလိပ်သံရုံးမှ ပြန်ကြားရေးအတွင်းဝန်အား ရုံးသို့ဖိတ်ပြီး ရိုက်တာသတင်းထောက် ကိုမင်းသူကို သတင်းထောက် လုပ်ပိုင်ခွင့် ပိတ်မည်ဖြစ်ကြောင်း ပြောရသည်။ ထိုအခါ “ဘာကြောင့် ပိတ်တာလဲ” ဟု အကြောင်းရင်းကို သူက မေးပါသည်။ ကိုမင်းသူတယောက် နိုင်ငံတော်သစ္စာဖောက်မှုကြီးကို ကျူးလွန်နေလေသယောင်ယောင် မရေမရာ ပြောရပါသည်။
အင်္ဂလိပ်သံရုံးက လက်ခံမှ သတင်းဌာန၏ ကိုယ်စားလှယ်ရှေ့နေကို ခေါ်ပြီး ပြောရပါသည်။ သတင်းထောက်သစ် အလိုရှိကြောင်း ကြေညာစေပြီး လျှောက်ထားသူများထဲမှ တဦးကို စစ်စုံထောက်ရုံးနှင့် ညှိပြီး သဘောတူကြောင်း အတည်ပြုပေးရပါသည်။
ကိုမင်းသူနှင့် ပုလင်းတူ ဘူးဆို့သောက်မိကြသောကြောင့် အရက်ဝိုင်းတွင် အဆဲခံကြရသူ စစ်ဗိုလ်ဝန်ကြီးနှစ်ပါးက ထိပ်တန်းလျှို့ဝှက်အဖြစ် တိုင်သည်ဖြစ်သောကြောင့် ကိုမင်းသူကို ဖြုတ်ခဲ့ရသည်ကို မသိကြပါ။ အဘယ်ကြောင့် ဖယ်ခဲ့သည်ဟူသည့် အဖြေကို စာနယ်ဇင်းလောကက မသိကြသဖြင့် အမျိုးမျိုးတွေးကြပါသည်။
ကိုမင်းသူ ကိုယ်တိုင်ကလည်း သူ့အား အဘယ်ကြောင့် သတင်းထောက်လိုင်စင် ပြုတ်ရသည်ကို မသိရှာသဖြင့် သူ၏ အမှုကို ဆောင်ရွက်သူ တင်မောင်အား ငြိုးပါသည်။ အရက်ဂျိုး ကိုမင်းသူက ဆဲရေးသည်ကို ရှေးက မခံခဲ့ရ သော ဒေါက်ဖြုတ်ကြီး တင်မောင်အဖို့ ကိုမင်းသူတယောက် အရက်မူးလေတိုင်း တယ်လီဖုန်းဆက်ပြီး ဆဲရေးသည် ကို အမြဲခံရရှာပါတော့သည်။ ။

Saturday, October 10, 2009

ကျမယောက်ျား “ကုလား” မဖြစ်သေး နှင့်၊ အဖေက “မွတ် (စ်)”

ဥရောပရောက် မြန်မာများ သက်ဆိုင်ရာ နိုင်ငံအလိုက် ဘာသာစကားအသီးသီး သင်ယူကြရသည်။ ဒိန်းမတ်ရောက် မြန်မာတွေ ဒိန်းမတ်စာနှင့် စကားသင်သလို၊ ဂျာမနီရောက် မြန်မာတွေလည်း ဂျာမန်စာနှင့် စကားသင်ကြရပါသည်။
ပြီးတော့ အချင်းချင်းစကားပြောရင် ဒိန်းမတ်စကားများ၊ ဂျာမန်စကားများ ညှပ်ပြောလာကြသည်။ တနိုင်ငံထဲမှာ စာအတူတူ သင်ထားသူချင်း ပြဿနာမဟုတ်သော်လည်း ကိုယ်က တခြားနိုင်ငံသွားလည်သည့်အခါ သူတို့အချင်း ချင်း ဘာပြောနေသလဲဆိုတာ ချက်ချင်းနားလည်ဖို့ မလွယ်တော့။
ကျနော် ဂျာမနီ ကိုလုံးဘူတာကိုရောက်တော့ ကျနော်သွားမည့် ကိုအောင်သူ့ထံ ဘူတာကို ရောက်နေပြီဖြစ်ကြောင်း ဖုန်းဆက်လိုက်သည်။ သူက “ ကျနော့်အိမ်လာဖို့ ‘အူဒရိုင်း’ ကို စီးရမယ်။ အဲဒါကို မရှာတတ်ရင်လည်း အခုခင်ဗျား ရောက်နေတဲ့ ‘ဂလိုင်း(စ်) နွိုင်း’ မှာပဲ စောင့်နေပါ၊ ကျနော်တို့ လာကြိုမယ်” ဟု ဆိုပါသည်။ သူပြောသွားသည့် စကားသည် သူတို့ ဂျာမနီရောက် မြန်မာအချင်းချင်း ပုံမှန်ပြောနေကျ ဖြစ်ပုံရသော်လည်း အခုမှ ဂျာမနီရောက်ဖူးသူ တဦးဆိုလျှင် အဓိပ္ပါယ် နားလည်နိုင်မည်မဟုတ်။ “အူဒရိုင်း” သည် မြေအောက်ရထားနံပါတ် (၃) U 3 ဖြစ်ပြီး “ဂလိုင်း(စ်) နွိုင်း” Gleis 9 သည် ကျနော်စီးလာသည့် ရထားဆိုက်နေသည့် ပလက်ဖောင်းနံပါတ် (၉) ဖြစ်သည်ကိုတော့ ဂျာမနီကို မကြာခဏရောက်ဖူးနေသည့် ကျနော်က နားလည်လိုက်ပါသည်။
ယမန်နှစ် သင်္ကြန်မတိုင်ခင်အချိန် ကျနော် ဟမ်းဘာ့ဂ် ရောက်နေစဉ်ကလည်း မြန်မာ အချင်းချင်း ဂျာမန်စကားတခွန်း ညှပ်ပြောသွားသည်ကို ဤသို့ မှတ်သားလိုက်ရ၏။
သင်္ကြန်ပွဲလေးတခုလုပ်ဖို့အတွက် ကိုထွန်းထွန်း၏ အိမ်တွင် အစည်းအဝေးလေးတခုလုပ်ပြီး တာဝန်တွေ ခွဲယူနေကြ၏။ ကိုထွန်းထွန်း၏ ဇနီးကလည်း မုန့်ဟင်းခါး နှင့် အုန်းနို့ခေါက်ဆွဲချက်ကာ ဧည့်ခံသည်။ တီးဖို့ ဆိုဖို့ ကဖို့ အတွက်အသီးသီး ပြောဆိုကြပြီးသောအခါ အစည်းအဝေးလာသူ မိန်းခလေးတဦးအား အိမ်ရှင်ကိုထွန်းထွန်းက “ဟေ့၊ နင်ရော ဘယ်လိုလဲ။ ဒီနှစ် ကလည်း မက၊ သီချင်းလည်း မဆိုပါလား” ဟု မေးလိုက်၏။
ထိုမိန်းခလေးက “ ကျမ ဒီအဆို၊ အက တွေ ၀ါသနာ မပါပါဘူး” ဟု ဖြေသည်။
“အောင်မယ်၊ မနှစ်တုံးကတော့ နင်တို့ ညီအမတွေ စင်ပေါ်တောင်တက်ပြီး ကကြသေးတယ် မဟုတ်လား” ဟု ကိုထွန်းထွန်း က မေးလိုက်ရာ..
ထိုမိန်းခလေးက “ အို… ဒါကတော့ ရှင်၊ အဖေက ‘မွတ် (စ်)’ ကိုး” ဟု ဖြေလေသည်။
ဂျာမန်စကား ဖြစ်သော muss သည် အင်္ဂလိပ်လို must ဟု အဓိပ္ပါယ်ရပြီး ဖခင်ဖြစ်သူ၏ အမိန့်အရ ကခဲ့ကြရသည်ဟု ဆိုလိုကြောင်း နောက်တော့မှ ကျနော် သဘောပေါက်သွားသည်။
ကျနော်တို့ ဒိန်းမတ်မှာလည်း ဒိန်းမတ်စကားသင်ထားကြသူအချင်းချင်းမို့ “ဟေ့ကောင်၊ မင်း ‘ခွေ့ယားကော့’ kørekort မရှိပဲ ကားတက်မမောင်းနဲ့၊ တော်ကြာ ‘ပူလိတိ’ politi နဲ့ တွေ့လို့ ဒုက္ခရောက်နေမယ်” ပြောလျှင် ယာဉ်မောင်းလိုင်စင်မရှိသေးဘဲ ကားမောင်းရင် ရဲဖမ်းခံရနိုင်ကြောင်း သတိပေးခြင်းဖြစ်သည်ကို နားလည်ကြပါသည်။
ကျနော်နှင့်မဒမ် အတူတကွ ဒိန်းမတ်ဘာသာသင်ကျောင်းတက်စဉ်က စာအတူသင်ဖက် မြန်မာစုံတွဲနှင့် အားလပ်ချိန် နားရင်း စကားလက်ဆုံကျလေ့ရှိပါသည်။ သူတို့က ကျနော်တို့နောက်မှ ဒိန်းမတ်ကို ရောက်သဖြင့် အတန်းချင်းတော့ မတူပါ။ ထိုစုံတွဲမှ လူငယ်သည် ဒိန်းမတ်စာသင်ကျောင်းတက်နေရင်း အလုပ်ရသွားသည်။ ထို့နောက် ယာဉ်မောင်းလိုင်စင်ရရန်အတွက် သင်တန်းတက်နေသည်ဟုလည်း ကြားရသည်။ ဒိန်းမတ်မှာ ယာဉ်မောင်းလိုင်စင်ရဖို့အတွက် ဘာသာစကားအခက်အခဲ ရှိသလို၊ ငွေကုန်ကြေးကျလည်း အလွန်များပါသည်။ ကိုယ့်အလှည့်ကျရင် လွယ်လွယ်ကူကူဖြစ်စေရန်အတွက် ကိုယ့်ရှေ့က လိုင်စင်ရသွားသူတွေဆီက စနည်းနာရသည်။
တရက်မှာ ကျနော့်မဒမ်က အတန်းနားချိန်အတွင်း ထိုလူငယ်၏ ဇနီးအား “ ဟဲ့… ညည်းယောက်ျား လိုင်စင် ဖြေဖို့ နီးပြီလား” ဟု မေးပါသည်။ ထိုမိန်းခလေးက “ ကျမ ယောက်ျား ‘ကုလား’ မဖြစ်သေးလို့ မဖြေရသေးဘူးအမ” ဟု ပြန်ဖြေပါသည်။ “ကုလား” မဖြစ်သေး ဆိုသည်မှာ ဒိန်းမတ်လို Klar အင်္ဂလိပ်လို Ready ၊ မြန်မာလိုတော့ အဆင်သင့် မဖြစ်သေးဟု အဓိပ္ပါယ်ရပါသည်။ ကျနော့်အတွက် ပြုံးစရာ ဖြစ်ခဲ့ရသည်က ထိုစုံတွဲသည် မြန်မာ မူဆလင် များ ဖြစ်နေကြောင့်ပါတည်း ။ ။
ပျော်ရွှင်နိုင်ကြပါစေ…

Friday, October 2, 2009

(၃၉) မုန်းတဲ့သူနှင့် ချစ်တဲ့သူ (ကြေးမုံဦးသောင်း)

အမှုထမ်းဘ၀တွင် ပျော်စရာကောင်းသည်မှာ တင်မောင်အဖို့ သတင်းစာများတွင် ဆောင်းပါးရေးခွင့် ရရှိခြင်းပင်။ ကြေးမုံ၌ ပင်တိုင်ဆောင်းပါးရှင်၊ ဆရာဇ၀န၊ ဗိုလ်တထောင် က ဦးသိန်းဖေမြင့်နှင့် လုပ်သားပြည်သူ့နေ့စဉ်တွင် ဆရာသာဂဒိုးတို့ အတူရေးရသည်။ တင်မောင်က သတင်းစာအားလုံးတွင် ၀င်ပြီးရေးရသည်။ ပုဂ္ဂလိကခေတ်က မိမိပိုင်သည့် သတင်းစာတစောင်တည်းမှာသာ ဆောင်းပါးရေးခဲ့ရသည်။ ယခု ပြည်သူပိုင်ခေတ်၌မူ လုပ်သား၊ ကြေးမုံ၊ ဗိုလ်တထောင်နှင့် နောက်ပိုင်းတွင် ဟံသာဝတီတွင်ပါ ဆောင်းပါးရေးခွင့်ရလေသောအခါ အားကုန် ‘သွန်’ မိသည်။ စတင်ရေးသားသောနေ့မှ စတင်ကာ မိမိမယုံကြည်သည့် ကိစ္စကို ထောက်ခံမှု မပြုခဲ့ပါ။ သစ္စာတရားသာ အဓိကဟူသည့် မူကို အမြဲတစေ ထိန်းသိမ်းခဲ့ပါသည်။
တော်လှန်ရေးအစိုးရ၏ လုပ်ဆောင်ချက်နှင့် မူဝါဒကို တိုက်ခိုက်ဝေဖန်နိုင်ခဲ့သည်။ တဘက်ကလည်း တိုက်ရိုက်ဝေဖန်လျှင် အင်းစိန်ထောင်သို့ ပြန်ပို့ရန် အသင့်ရှိနေသည်ကိုလည်း အမြဲသတိရနေရသည်။ သူတို့ စစ်တပ်ကို ဝေဖန်ရာတွင် ပညာသားပါပါ သတိကြီးစွာနှင့် ရေးသားရသည်။ အစိုးရက တခုခုလုပ်သည်ဆိုလျှင် ပထမဆုံးစာပိုဒ်တွင် အားကြီးကောင်း၊ အများကြီးကောင်း၊ အလွန်ကောင်းဟု ထောက်ခံရေးသားရပါသည်။ နောက်စာပိုဒ်များတွင်မှ “ဒါကလေးက နငယ်အမြီးတိုနေတာကြောင့် အမြီးဆက်ပါဦး၊ ဒီကိစ္စကိုတော့ ပြုပြင်သင့် ပါတယ်” ဟု ရေးရပါသည်။ စစ်အစိုးရခေတ်တွင်မှ အသစ်ပေါ်ပေါက်လာသော ထိုသို့ စာရေးနည်းကို သတင်းစာ ဆရာများက ထောက်ကွက်ရေးနည်းဟု ခေါ်ကြပါသည်။ ထောက်ခံရင်း ကန့်ကွက်သည်ပါပေ။
စာဖတ်ပရိသတ်များက မျက်စိရှင်ကြသည်။ မည်သည့်စာရေးဆရာက မည်နှယ်ကြောင့် မည်သို့ရေးသည်ဟု သိကြပါသည်။ မည်သူသည်မူ စစ်အစိုးရထံမှ ရထားသည့် အခွင့်အရေးများကြောင့် မျက်စိမှိတ် ထောက်ခံနေသည် ကိုလည်း သိကြပါသည်။ တင်မောင်၏ စာများကို လူထုက နားလည်က လက်ခံကြသည်။ သို့သော် ဘေးအန္တရာယ် ကြီးမားသည်။
တင်မောင်၏ ဆောင်းပါးများသည် တောခိုနေသော ဦးနု၏ လမ်းစဉ်ဖြစ်ပါသည်။ ထိုဆောင်းပါးမျိုးများကို ဆက်လက်ပြီး ရေးခွင့်ပြုနေလျှင် မိမိလုပ်ဆောင်မှုများ ပျက်ပြားစေပါသည်ဟု ဘဏ္ဍာရေးဝန်ကြီး ဦးဘညိမ်းက စာတမ်းကြီးတစောင် ပြုစုပြီး ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် အစိုးရအဖွဲ့သို့ တင်သွင်းသည်။ တင်မောင်က ၀န်ကြီး ဦးဘညိမ်း ရေးဆွဲသော ရသုံးခန့်မှန်းခြေ ငွေစာရင်းဘတ်ဂျက်များကို ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့် သူက စိတ်ဆိုး ပါသည်။ အမှန်အားဖြင့် တင်မောင်အား ဘတ်ဂျက်ငွေစာရင်းကို လေ့လာဝေဖန်နည်း ပညာသင်ပေးသူမှာ ဦးဘညိမ်းပင် ဖြစ်ပါသည်။ သူက အိုင်စီအက်စ် အတွင်းဝန်ရာထူးမှ ထွက်ပြီး အလုပ်သမားလယ်သမားပါတီကို တည်ထောင်စဉ်က၊ ဖဆပလ အစိုးရ၏ ဘတ်ဂျက်များကို ပယ်ပယ်နယ်နယ် ဝေဖန်ခဲ့စဉ်က (၆)နာရီကြာ ရှင်းပြသည့် သတင်းစာရှင်းလင်းပွဲကို အစအဆုံး တက်ရောက်ခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် သူက မနက်ဖြန် လာခဲ့ဦးလို့ ခေါ်ပြီး သင်ပေးခဲ့ပါသည်။ ပြည်သူ့အကျိုးပြုအတွက် သုံးသည့် ငွေစာရင်းနှင့် ပြည်သူများကို ဖိနှိပ်ရန် သုံးသော ငွေစာရင်း ခြားနားပုံကို သူက အသေးစိတ်သင်ပေးပါသည်။ ယခုမူ သူရေးဆွဲသော ဘတ်ဂျက်ဖြစ်သဖြင့် ဝေဖန်သည်ကို မခံနိုင်ရှာ။
မဆလပါတီတွင် နေရာရသူ စစ်ဗိုလ်များနှင့် လက်နက်ချ ကွန်မြူနစ်များကလည်း မကျေနပ်ကြောင်း တကျက်ကျက် ဝေဖန်ရန်ပြုကြပါသည်။ စစ်ဗိုလ်ဆောင်းပါးရှင်တဦး “တင်မောင်ရဲ့ မျက်လုံးကို ဖောက်ပြီး သတ်စား မည်” ဟု ရေးသည်အထိ ပြင်းထန်စွာ တိုက်ကြပါသည်။ သို့စေကာမူလည်း ဗိုလ်ချုပ်ကြီးက ရေးစေဟု အခွင့်လိုင်စင် ပေးထားသော တင်မောင်၏ ဆောင်းပါးများကို အစိုးရက အရေးမယူဘဲ ကြည့်နေပါသည်။ သို့သော် စာရေးသူမှာ မုန်းတီးသူ ပေါများနေလေပြီ။
သတင်းစာဆရာတဦးအဖို့ ပင်တိုင်ဆောင်းပါးရှင်ရာထူးထက် မြင့်မြတ်တဲ့ရာထူး မရှိတော့ပါ။ မိမိကလောင်ကို မိမိပိုင်ပြီး မိမိပိုင်ပရိသတ်ရှိသည့် ဓမ္မကထိကဘ၀ကို သတင်းစာဆရာတိုင်း အိမ်မက်မက်ကြလေ့ရှိပါသည်။ ပရိသတ်ရှိရန်မှာ ပရိသတ်လူထု၏ ခံစားချက်ကို သိပြီး လူထုအကျိုးကို ဦးတည်ရေးနိုင်မှ အောင်မြင်ပါသည်။ တင်မောင်က လူထုက ပေးပို့သော သတင်းများ၊ အကြံပြုချက်များကို အမြဲစာပြန်လေ့ရှိပါသည်။
၁၉၄၈ ခုနှစ်က စတင်ပြီး ဗမာ့ခေတ်တွင် ဆောင်းပါးရှင်ဖြစ်ခဲ့စဉ်ကပင် စာဖတ်ပရိသတ်နှင့် အမြဲဆက်သွယ်လေ့ ရှိခဲ့သည်။ တကြိမ်တွင် ကိစ္စတရပ်ကို ပရိသတ်များစွာက များစွာ စိတ်ဝင်စားသောကြောင့် တပတ်လျှင် စာပေါင်း (၆၀၀၀) ကျော် ပေးပို့ကြသည်အထိ အားပေးကြပါသည်။ ဗမာ့ခေတ်က စောင်ရေ (၂၀၀၀၀) ကျော်ရှိသော ခေတ်ကထက် ကြေးမုံမှာ ပို၍ လွတ်လပ်စွာရေးနိုင်သဖြင့် ပိုပြီး အောင်မြင်ခဲ့ပါသည်။ အောင်ဗလ ဆောင်းပါးပါသည့် နေ့များတွင် အမြဲစောင်ရေ (၅၀၀) တိုးပို့ပါဟု မန္တလေးကိုယ်စားလှယ်က ပုံသေမှာကြားထား သည်။ အလားတူပင် မော်လမြိုင်၊ ပုသိမ်၊ မြိတ် စသော မြို့ကြီးများကပါ စာမူပါသည့်နေ့တိုင်း စောင်ရေပိုပို့ရန် မှာထားလေရာ တင်မောင်က ဆောင်းပါးမှန်မှန်မရေးလျှင် မန်နေဂျာက မျက်နှာမကြည်ခဲ့သည်ကို ခံခဲ့ရသည်။
တင်မောင်အား ဖမ်းဆီးသောနှစ်က မွေးနေ့ဆုတောင်း သ၀ဏ်လွှာများ စာတိုက်မှ ပို့ကြရာ များပြားလွန်းသဖြင့် စာတိုက်မှ (၃) တင်းဝင် ဂုန်နီအိတ်နှင့် (၂) လုံးထည့်ကာ ပို့ပေးသည်။ ဤတွင်မှ စစ်စုံထောက်များက တင်မောင်၏ ပရိသတ်အင်အားကို သိရှိကာ လန့်ဖျတ်သွားသည်ဟု သိရသည်။
မြန်မာစာဖတ် ပရိသတ်သည် အခြားနိုင်ငံမှ ပရိသတ်ထက် အယ်ဒီတာ၊ စာရေးဆရာတို့ထံ စာရေးရန် ၀ါသနာ ထုံကြပါသည်။ ပိုပါသည်။ စာဖတ်သူနှင့် စာရေးသူတို့ စာချင်းဆက်သွယ် ကူယှက်ကြလေ့ရှိကြသည်။ နိုင်ငံရေး ကိစ္စ၊ စာပေရေးရာ ကိစ္စများကို စာချင်းဆက်သွယ်ကြရာမှ သဒ္ဒါလွန်သွားကြသည့် ဇတ်လမ်းအများ ရှိလေသည်။
ဆရာဇ၀န၏ “ဤရူပါရုံ” ၀တ္ထုသည် သူ၏ တကယ့်အဖြစ်အပျက်ဇတ်လမ်းဟု ဆိုပါသည်။ စာရေးဆရာတဦးထံမှ စာပေ၀ါသနာရှင်ကလေးက စာနှင့် ဆက်သွယ်ခင်မင်ခဲ့ကြသည်။ နယ်မှ စာမိတ်ဆွေ ရန်ကုန်သို့ ဆင်းလာသော အခါ ရုပ်ဆိုးလှသူ စာရေးဆရာက လူချောမိတ်ဆွေကို အစားထိုးပြီး တွေ့စေရာက ကိုရုပ်ချောနှင့် ချစ်ကြတော့မလို ဖြစ်သွားသည်။ ကိုရုပ်ဆိုးသည်သာ မူလစာရေးသူ စာရေးဆရာ ဖြစ်သည်ကို အမျိုးသမီးက သိတော့မှ ရုပ်ကို ချစ်တာ မဟုတ်ဘူး၊ စာကိုချစ်တာပါဟု ပြောပြီး စာရေးဆရာ ကိုရုပ်ဆိုးနှင့် ပျော်ရွှင်စွာ ပေါင်းသင်းကြလေသတည်း ဟု ဖွဲ့နွဲ့ရေးထားသည်။ ဆရာနှင့် ဆရာကတော်တို့၏ အဖြစ်မှန်ဟု ဆိုပါသည်။
မြန်မာ့အလင်း အယ်ဒီတာချုပ် ဦးချစ်မောင်ထံ ဆောင်းပါးရှင် ဒေါ်မမလေးက စာရေးဆက်သွယ်ရာမှ ခင်မင်ရင်းနှီး ကြပြီး လက်ထပ်ဖြစ်ခဲ့သည်။
တနေ့တွင် တင်မောင်ထံသို့ ရှုမ၀မှတဆင့် စာတစောင်ရခဲ့သည်။ မန်းတက္ကသိုလ်မှ ကျောင်းသူတဦးက တင်မောင်၏ ပြဇာတ်စာအုပ်ကို ကြိုက်နှစ်သက်လှပါသည်ဟု စာရေးသည်။ တင်မောင်က သူပြုမြဲအတိုင်း ကျေးဇူး တင်ကြောင်း စာပြန်ရာက စာအဆက်အသွယ်ဖြစ်ခဲ့ကြသည်။ သူက မြန်မာစာ ကျောင်းသူဖြစ်ပြီး မဟာဝိဇ္ဇာအတွက် ပြဇာတ်စာပေစာတမ်း ပြုစုရန် ကူညီပါဟု မေတ္တာရပ်သဖြင့် ကူညီရင်း စာအဆက်အသွယ် တိုးများလာခဲ့သည်။ စာချင်းရင်းနှီးလာသောအခါ ၀ါသနာတူသူ အချင်းချင်း စာအားဖြင့် ရင်းနှီးရသည့် အရသာက ကြီးသည်။ နေ့စဉ် စာရှည်ကြီး နှစ်စောင်နှုန်း ရေးမိကြသည်အထိ ခင်မင်လာကြသည်။
မန္တလေးတွင် စာမတတ်သူများ ပပျောက်ရေး လူထုအစည်းအဝေးကြီး ကျင်းပသောအခါ ပညာရေးဝန်ကြီး ဒေါက်တာညီညီ၏ အဖွဲ့နှင့် လိုက်သွားရင်း လမ်းကြုံသဖြင့် တက္ကသိုလ်မှာ စာမိတ်ဆွေ ကျောင်းသူလေးကို သွားတွေ့မိသည်။ မမျှော်လင့်ဘဲ ချောမောလှပသူကလေး ဖြစ်နေသည်ကို တွေ့ရသဖြင့် ရူပါရုံ ဖမ်းစားကာ လန့်ဖျပ်သွားမိပါသည်။ တင်မောင်အဖို့ လွတ်လပ်သူဖြစ်စေကာမူ အသက်ကလည်း ကွာလှမ်းလွန်း သောကြောင့် ဆရာတပည့် ရိုးရိုးခင်မင်သင့်ကြသည်မှာ ကောင်းသည်ဟု စိတ်ကို ထိန်းခဲ့ရသည်။ မောင်ကြီး နှမကြီး အဖြစ် နှုတ်ဆက်ပြီး ပြန်ခဲ့မိသည်။
တင်မောင်က ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ခြေရာကို နင်းလိုသူဖြစ်ပါသည်။ အသက်ကြီးရင့်လာသောအခါ၌ ဆရာကြီးက သတင်းစာဆရာတို့၏ ဘိုးအေအဖြစ် ရပ်တည်ခေါင်းဆောင်သကဲ့သို့ သူ၏ နေရာကို ရယူလိုပါသည်။ စာပေ၀ါဒအားဖြင့် မှန်ကန်ခြင်း သစ္စာတရားသာ အဓိကထားပြီး ရေးခဲ့ရုံသာမက စာရိတ္တအားဖြင့် ဆရာကြီးကဲ့သို့ ဖြူစင်အောင် ထိန်းသိမ်းပါသည်။ အရက်၊ ဆေးလိပ်ကင်းခဲ့သူ ဖြစ်သည်။ ဆရာကြီး၏ဇနီး ကွယ်လွန်စဉ်က တပင်လဲမူ တပင်ထူရန် မိတ်ဆွေများက တိုက်တွန်းကြသည်ကို “တသက်တခါသာ မိုက်တော့မယ်ကွာ” ဟု ဆရာကြီးက ပြောပြီး အိမ်ထောင်မှု သံယောဇဉ်ဝဲဂယက်က လွတ်အောင် ရုန်းထွက်သည်ကိုလည်း အားကျခဲ့သော ကြောင့် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် အပေါင်းပါများက ဖျက်ဆီးသဖြင့် ပျက်စီးခဲ့ရသည့် အိမ်ထောင်အတွက် အသစ်ထူထောင်မှု မပြုတော့ဘဲ တသက်တွင် တခါသာ မိုက်တော့မည့် ဆုံးဖြတ်ချက်ရှိခဲ့ပါသည်။
ယခု စာဖတ်ပရိသတ် သိကြသည့်အတိုင်း တင်မောင် သီလပျက်ခဲ့ပါသည်။ စာပေမိတ်ဆွေကလေးနှင့် ရင်းနှီးသည် ထက် ပိုမိုရင်းနှီးလာသည့်အခါ “အဲလေ… ဆရာမှိုင်းကြီးက ငါတွေ့သလို ရုပ်ရည်ချောမောလှပပြီး စာပေ၀ါသနာ တူတဲ့ အမျိုးသမီးကို မတွေ့လို့သာ ရှောင်နိုင်တာပါ။ ငါလို ကြုံလျှင် ဆရာကြီးလည်း မိုက်မှာပါပဲ” ဟု သွားလေသူ ဆရာကြီးကို မဆီမဆိုင် ခလုတ်တိုက်ပြီး အိမ်ထောင်ပြုလိုက်ပါသည်။ အေးလေ… မိုက်လိုက်ပါတယ်။
အိမ်ထောင်သက် နှစ်ပေါင်း အစိတ်ကြာသောအခါတွင်မူ အရွယ်မညီသော်ငြားလည်း ၀ါသနာညီသောကြောင့် အိမ်ထောင်ရေး ခိုင်မြဲခဲ့သည်ကို တွေ့ရပါသည်။ စာပေကိစ္စ၊ နိုင်ငံရေးကိစ္စတို့တွင်ပါ အထောက်အကူ ရရှိသည့် အိမ်ရှင်မ၏ အကူကြောင့် လုပ်ငန်းများ ပိုမို တွင်ကျယ်လေသဖြင့် ‘ဆရာကြီး မှားရှာတယ်။ လူဆိုတာ အဖော်ရှိမှ ပိုမို အောင်မြင်တယ်’ ဟုပင် တွေးမိပါတော့သည်။ ။