Saturday, July 19, 2008
သုခ (လူထုဦးလှ)
“ကေ” က
“ကျေးဇူးပါပဲ။ တထိုင်တည်း ဖတ်ဖြစ် သွားတယ်။ သိပ်လည်းမရှည်တာနဲ့။ ပြန်ရိုက်ပြီး တင်နိုင်ရင် ကောင်းမယ်။ ဒါမှမဟုတ်..လင့် ကိုပဲ..post လုပ်ပါလား။ ဖတ်ချင် တဲ့သူ ဖတ် ရတာပေါ့။ ဗမာ လူမျိုး စရိုက် တွေ ကို ပြန်မြင် ရတယ်။ အတော် ရင်နာစရာပဲ။”
“ကေ” ထံ ပို့လိုက်သော စာမှာ လူထုဦးလှ ၏ ၁၉၅၇ ခုနှစ် စာပေဗိမာန် စာပဒေသာဆုရ “ထောင်နှင့်လူသား” စာအုပ်မှ … အာဇာနည်နေ့ လုပ်ကြံမှုကြီးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည့် တရားခံ တဦးဖြစ်သော “သုခ” ၏ အကြောင်း ဖြစ်ပါသည်။
ကိုသုခ
(အသက် ၄၁ နှစ်တွင်း)
(လုပ်ကြံမှုကြီးတွင် ပါဝင်သူတစ်ဦး)
ဗမာပြည်နိုင်ငံရေးရာဇ၀င်တွင် မကြုံဘူး၊ မကြားဘူးအောင် အထိနာလိုက်ရသည့် လုပ်ကြံမှုကြီးကို လူတိုင်း လတ်လတ်ဆတ်ဆတ် မှတ်မိနေကြဦးမည်ဟု ယူဆပါသည်။ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းအမှူးပြုသော တိုင်းပြည်ခေါင်းဆောင်ဝန်ကြီးများကို ဦးစောတို့ လူစုက ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်သည့် အမှုအခင်းကြီးကို ဆိုလိုပါသည်။
ဤအမှုကြီးနှင့် ပတ်သက်၍ လူတိုင်းလိုလို စိတ်ဝင်စားကြသည့် နည်းတူ ကျွန်တော်လည်းအမှန်ကို သိလို သဖြင့် ရန်ကုန်ထောင်ကြီးအတွင်း ၃ နှစ်ကျော်မျှ နေထိုင်ရစဉ် ထိုအမှုနှင့် ပတ်သက်၍ တသက်တကျွန်း အပြစ် ပေးခံနေကြရသော ခင်မောင်ရင်၊ ကိုနီ၊ ကိုသုခ တို့နှင့် စကားစမည်ပြောခွင့်၊ ၎င်းတို့အား မေးမြန်းခွင့် ရရှိခဲ့ သဖြင့် သတင်းစာများတွင် မပါသေးသည့် ထိုလုပ်ကြံမှုကြီးနှင့် တစ်ဆက်တည်းဖြစ်သော အကြောင်းအရာ အချက်အလက်များကို ထပ်မံသိရှိခဲ့ရပါသည်။
ထို့ပြင် လူတစ်ယောက်သည် ဤကဲ့သို့သော မှုကြီးခင်းကြီးတွင် ဘယ်သို့သော အကြောင်းများကြောင့် ပါဝင်ခဲ့ရသည်ဆိုသည့် အကြောင်းကိုလည်း လေ့လာလိုသဖြင့် ကိုသုခအား မိဘမျိုးရိုးမှ စ၍ လူ့ဘ၀ ရောက်လာပုံ၊ ဤအမှုကြီးတွင် မည်သို့ မည်ပုံ ပါဝင်လာခဲ့ရပုံများကို ပြောပြရန် တောင်းပန်သဖြင့် ကိုသုခသည် စိတ်ရှည်လက်ရှည် ပြောပြရှာပါသည်။
ကိုသုခ ပြောပြသည်များကို ကျွန်တော်က ကြိုတင်ဝေဘန်ခြင်းမပြုလိုပါ။ မူရင်းအတိုင်း ယခုတင်ပြလိုက်သည် ဖြစ်ရာ စာဖတ်သူမိတ်ဆွေများသည် လူတစ်ယောက်ဘ၀ကို လေ့လာသောသဘောဖြင့် အချိန်ယူ၍ ကျကျနန ဖတ်စေလိုပါသည်။
လူထုဦးလှ
အပြည့်အစုံဖတ်ရန်
Tuesday, July 15, 2008
ပါရီ ခရီးသည်
ပါရီရှိ Gare de I’est ဘူတာဘေးမှာ ဘတ်စ်ကားဆိုက်တော့ လာကြိုသူ မောင်အောင်ချိမ့်က အသင့်ရောက်နေ ပါသည်။ သို့နှင့် အထုတ်အပိုးများကို လမ်းတနေရာတွင် ခေတ္တအပ်နှံထားကာ ဦးဇင်းဦးကုမာရ ၏ ကျောင်းသင်္ခန်းသို့ ချီတက်ကြပါသည်။ ကျနော်နှင့် ခရီးသွားဖော် မိတ်ဆွေ ဦးထွေးသောင်းတို့၏ ပါရီခရီးစဉ်ကို အိမ်ရှင်အဖြစ်စပွန်ဆာပေးသူမှာ ဦးဇင်းဦးကုမာရ ပင်ဖြစ်ပါသည်။ ကျနော်တို့ ရောက်သည့်အချိန် ဦးဇင်းကျောင်း တွင် အာဂန္တုဆရာတော် နှစ်ပါးအလည်ရောက်သည်နှင့် တိုက်ဆိုင်နေသဖြင့် ပါရီရှိ ကျောင်းဆရာ ဦးလှအောင် ထံတွင် တည်းခိုရန် ဦးဇင်းက စီစဉ်ပေးထားပါသည်။ ဦးလှအောင်သည် မြန်မာမွတ်ဆလင်တဦးဖြစ်ပြီး ပြင်သစ် သို့ ၂၀၀၂ ခုနှစ်တွင် ရောက်ရှိသည်ဟု ဆိုပါသည်။
ကျနော်တို့ ရောက်သည့်နေ့မှာပင် ပါရီရှိ မြေအောက်ရထား၊ ဘတ်စ်ကားနှင့် ဆင်ခြေဖုံးရပ်ကွက်များအထိ ပြေးဆွဲသည့် RER ရထားများ စီးနင်းရန်အတွက် ကျနော်တို့ နေထိုင်မည့် ငါးရက်စာ လက်မှတ်တစောင်ကို ယူရိုငွေ ၂၇.၅၀ ဖြင့် ၀ယ်ယူရပါသည်။ ထိုလက်မှတ်တစောင်သာ ၀ယ်ရပြီး သွားရေးလာရေးအတွက် ပါရီမြို့တွင် ဇုံသုံးဇုံအတွက် နောက်ထပ်လက်မှတ်ထပ်ဝယ်ရခြင်း မရှိတော့ပါ။
ပါရီရောက်ပြီး နောက်တနေ့ ကျနော်တို့ အလည်ရောက်သွားသည့်နေရာမှာ မွန်မာ့ Montmartre ရပ်ကွက်မှ Basilique ရှေးဟောင်းဘုရားကျောင်း ဖြစ်ပါသည်။ ကျနော်တို့ကို လိုက်ပို့ပေးသူမှာ ပါရီမြို့သူ မခင်နှင်းယု ဖြစ်ပါသည်။ တောင်ကုန်းလေးတခုပေါ်တွင်ရှိသော ရှေးဟောင်းဘုရား ကျောင်းတွင်းအ၀င်တံခါးဝတွင် ဘုရားကျောင်းအတွင်း တိတ်ဆိတ်စွာနေရန်နှင့် ဓါတ်ပုံနှင့် ဗီဒီယိုများ ရိုက်ခွင့် မပြုဟု သတိပေးစာ ကပ်ထားသည်ကို တွေ့ရပါသည်။ ဘုရားကျောင်းမှာ ရှေးဟောင်းဗိသုကာ လက်ရာဖြင့် အလွန်ကြီးကျယ် ခမ်းနားလှပါသည်။ ကျနော်တို့လည်း အခြား နိုင်ငံတကာမှ ခရီးသွားများနည်းတူ ဘုရား ကျောင်းတောင်ကုန်းပေါ်မှနေ၍ ကမ္ဘာ့အလှဆုံးမြို့တော် ပါရီကို ဓါတ်ပုံရိုက်ကြပါသည်။
ထိုနေ့က ဒုတိယ ရောက်သွားသည့်နေရာမှာ ကမ္ဘာကျော် လုဖ်ပြတိုက် Musee Du Louvre ဖြစ်ပါသည်။ ပြတိုက်ပိတ်သည့်ရက် အင်္ဂါနေ့ ဖြစ်နေသဖြင့် ပြတိုက်သို့ဝင်ရန် တန်းစီနေသူများ မရှိဘဲ အ၀င်ဝရှေ့ ဓါတ်ပုံ လာရိုက်သူများလောက်သာ ရှိပါသည်။ လုဖ်ပြတိုက်တွင် မိုနာလီဇာ ပန်းချီကားအပါအ၀င် အနုပညာ ပစ္စည်း လေးထောင်ကျော်ရှိသည်ဟု သိရပြီး အချိန်ယူကာ လေ့လာရမည့် နေရာတခုဟုသာ မှတ်သားခဲ့ပါသည်။ လုဖ် ပြတိုက်မှ နပိုလီယံ၏ အောင်မြင်ခြင်း မုခ်ဦးဆီသို့သွားရာလမ်းတလျှောက်တွင် ပန်းခြံများ၊ ရုပ်ထုများကို တွေ့ရပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျရောက်မည့် ပြင်သစ်အမျိုးသားနေ့ အခမ်းအနားကျင်းပရန် ပြင်ဆင်နေ သည်ကိုလည်း တွေ့ခဲ့ရသည်။
ထိုနေ့ညက အိမ်ပြန်အရောက် လမ်းလျှောက်ခဲ့တာ များ၍ အလွန်ညောင်းညာနေပြီး ရေချိုးထမင်းစားပြီးသည် နှင့် အိပ်ပျော်သွားပါတော့သည်။
နောက်တနေ့ အိပ်ရာနိုးတော့ ပါရီမြို့ ကြီးကို ထပ်မံကြည့်ရှုရန် တက်ကြွနေသည်ဟု ကိုယ့်ကိုယ်ကိုယ် ခံစားရ ပါသည်။ ပါရီမြို့ ကြီးက ကြည့်ရှုစရာ များသည်လေ။ “အကိုတို့ ဒီမှာနေတုံး ရသမျှအားခဲပြီး ကြည့်သွားကြပါ၊ နောက်တခါ လာဖို့က လွယ်တာမဟုတ်ဘူး” ဟု ကိုလှအောင်အိမ်မှ ကိုမျိုးကလည်း အားပေးစကား ပြောပါသည်။
ဒီနေ့တော့ ဦးဇင်းဦးကုမာရကျောင်းတွင် ဦးထွေးသောင်းက သံဃာသုံးပါးအား ဆွမ်းလုပ်ကြွေးပါသည်။ ဆွမ်းကပ်ပြီးတော့ ကျနော်တို့လည်း ထမင်းစားကာ ကျန်ရှိနေသည့် အချိန်မှာ လှည့်လည်ကြည့်ရှုသည့် လုပ်ငန်း စတင်ဖို့ ထွက်ခွာလာခဲ့ပါသည်။ ဒီနေ့တော့ အီဖယ်မျှော်စင်ကို တက်ကြမှာ ဖြစ်သည်။ ဦးဇင်း ဦးကုမာရ ထံမှ ရယူခဲ့သည့် အီဖယ်မျှော်စင်ဆီသွားရမည့် လမ်းညွှန်အတိုင်း မက်ထရိုနှစ်ဆင့်ပြောင်းစီးကာ အီဖယ်တာဝါ အောက် ကျနော်တို့ ရောက်သွားချိန်မှာတော့ “အားပါးပါး၊ လာလိုက်ကြသည့်လူတွေ” ကမ္ဘာအရပ်ရပ်က ခရီးသည်တွေ မျှော်စင်အောက်မှာ တန်းစီနေကြသည်။ ကျနော်တို့လည်း ၀င်တန်းစီပြီး ဘာမှမကြာ ကျနော်တို့နောက်မှာ ထပ်တန်းစီသည်တွေနှင့် လူတန်းကြီးကား ရှည်လျားလှသည်။ မျှော်စင်၏ အောက်ခြေတိုင်လေးခု အနက်နှစ်ခုမှာ ဓါတ်လှေခါးများဖြင့် လူအတင်အချ လုပ်ပေးနေပါသည်။ မျှော်စင်အပေါ်ဆုံးသို့ တက်သည့်အတွက် ယူရိုငွေ ၁၂.၀၀ ပေးရသည်။ မျှော်စင်ပေါ်တက်သည့် နှုန်းထားများမှာ ပထမအထပ်၊ ဒုတိယထပ် နှင့် အပေါ်ဆုံးထပ် ဟူ၍ ခွဲခြားထားသည်။ ဓါတ်လှေခါးမှာ တန်းမစီလိုသူများ ပထမထပ်နှင့် ဒုတိယထပ်အထိ ခြေသလုံးအားကိုး ထက်နိုင်ပါသည်။ ထိုသို့ တက်သူများအတွက် နှုန်းထားတမျိုးယူသည်။
အီဖယ်မျှော်စင်ကို ၁၈၈၉ ခုနှစ် ကမ္ဘာ့ကုန်စည်ပြပွဲနှင့် ပြင်သစ်တော်လှန်ရေးနှစ်တရာပြည့်အထိမ်းအမှတ် အတွက် ဆောက်လုပ်ခဲ့သည်။ သို့သော် မျှော်စင်ကြီးမှာ သံချောင်းများထိုးထိုးထောင်ထောင်နှင့် အရုပ်ဆိုးလှ ပါသည်၊ မြို့အတွက်လည်း ကျက်သရေမရှိပါ စသည့် ကန့်ကွက်မှုများကို ကြုံခဲ့ရပြီး ဖျက်ချလုလုနီးနီး ကြုံခဲ့ရ သော်လည်း ယခုတော့ တနှစ်လျှင် ကမ္ဘာအရပ်ရပ်မှ မျှော်စင်သို့ လာတက်သူ တနှစ်လျှင် ၅.၈ သန်းရှိပါသည်။
မျှော်စင်ပေါ်မှာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာတပ်ဖွဲ့များနှင့် ဆုံကြရာတွင် မလေးရှားမှ စစ်သားများလည်း ပါလာသဖြင့် ကျနော်တို့က မလေးစကားဖြင့် သူတို့ကို နှုတ်ဆက်ပါသည်။ မလေးစစ်သားများ အပြင် အင်ဒိုနီးရှား၊ အာဂျင်တီးနားနှင့် နိုင်ဂျီးရီးယား စသော နိုင်ငံများမှ စစ်သားများကိုလည်း တွေ့ရပါသည်။ ထိုနိုင်ငံတကာ တပ်ဖွဲ့မှ စစ်သားများကို မြန်မာပြည်ရှိ ရဟန်းရှင်လူကို ညှဉ်းပန်းသတ်ဖြတ်နေသော မြန်မာစစ်တပ်အားချေမှုန်းရန် ရင်ဆိုင်တိုက်ပွဲ ၀င်ခိုင်းရရင်ဖြင့် သိပ်ကောင်းမှာပဲဟုလည်း တွေးမိ လိုက်ပါသေးသည်။ မျှော်စင်ပေါ်မှ အဆင်း ရေဆာသဖြင့် နားနားနေနေနှင့် အပေါ့အပါးသွားရန် လမ်းဘေး ကော်ဖီဆိုင် ၀င်ထိုင်ကာ ကိုကာကိုလာ မှာသောက်ကြသည်။ ဘေလ်ကိုကြည့်လိုက်တော့ ကိုလာကိုလာ နှစ်ပုလင်း အတွက် ယူရိုငွေ ၁၀.၀၀ ကျသည်ကို တွေ့ရသည်။ ဒါတောင် စားပွဲထိုးက ဘာစားမလဲ မေးတော့ သိတဲ့အတိုင်း ဘာမှ မစားဘူးပဲ ဖြေလိုက်ရပါသည်။ အင်း တခုခုများ စားလိုက်မိရင်တော့ …
နောက်တနေ့ လည်ပတ်ရာတွင် ကျနော်တို့အား လမ်းညွှန်အဖြစ် လိုက်လံပို့ဆောင်မည့်သူကား မောင်အောင်ချိမ့် ဖြစ်သည်။ သူသည် မကြာသေးခင်က ပြင်သစ်အစိုးရမှ ထုတ်ပေးသည့် နေထိုင်ခွင့် လက်မှတ်ရထားပြီးဖြစ်သည်။ မောင်အောင်ချိမ့်နှင့် အခြားမြန်မာလူငယ်နှစ်ဦးကား ပွဲစားဖြင့် အမေရိကားသွား ရန်ထွက်လာပြီး ချားလ်စ်ဒီဂေါ လေဆိပ်အရောက် ခရီးစဉ်အပြောင်းတွင် အမေရိကသို့ ပါမသွားပဲ သောင်တင်ကျန်ရစ်ခဲ့သူများဖြစ်ကြသည်။ ပတ်စ်ပို့ စာအုပ်နှင့် လေယာဉ်လက်မှတ်များ ပွဲစားဆိုသူနှင့် ပါသွားပြီး လေယာဉ်ကွင်းမှာပင် လေဆိပ်အာဏာပိုင်များက စကားပြန် ခေါ်ကာ သူတို့ကို စစ်ဆေးမေးမြန်းပါသည်။ “မင်းတို့ အမေရိကား ဘာသွားလုပ်မှာလဲ” ဆိုသည့် မေးခွန်းကို “ကျနော်တို့ ခိုလှုံခွင့် သွားလျှောက်မလို့ပါ” ဟု ဖြေတော့ “ဟာ… ဒါဆို ခိုလှုံခွင့်က ဒီမှာလျှောက်လည်း ရတာပဲ” ဟုဆိုကာ သူတို့ကို လေဆိပ်မှ ထွက်ခွင့်ပေးလိုက်သဖြင့် ပါရီကို ခြေချခွင့် ရခဲ့သူများဖြစ်ကြသည်။ အခုတော့ ပါရီမှာ နေထိုင်ခွင့်ရထားပြီဖြစ်သော်လည်း ရှေ့ဘ၀ခရီးကို လျှောက်လှမ်း ကြရပါအုံးမည်။
မောင်အောင်ချိမ့်က ကျနော်တို့ကို နာမည်ကျော်အဆောက်အဦးတခုဖြစ်သည့် နော်တာဒိမ်း Notre Dame ဘုရားရှစ်ခိုးကျောင်းကို လိုက်ပို့ပါသည်။ ဥရောပ၏ နွေရာသီဖြစ်သည့်အလျောက် စိန်းမြစ်ကမ်းဘေးတွင် ရှိသည့် ရှေးဟောင်းဘုရားကျောင်းသည် နေရောင်အောက်တွင် လှပနေပါသည်။ ခရီးသွားများ လာသည့် ရာသီဖြစ်သည်နှင့်အညီ ပါရီရှိ ထင်ရှားသည့် နေရာတိုင်းမှာ လူတွေ ကြိတ်ကြိတ်တိုးနေကြသဖြင့် ဘုရားကျောင်း ထဲဝင်ဖို့ ကျနော်တို့ တန်းမစီဖြစ်တော့ပါ။ စိန်းမြစ်ကမ်းဘေးတလျှောက် ဓါတ်ပုံနှင့် ဗီဒီယိုများ ရိုက်ပြီး La Defense ဟု ခေါ်သော ခေတ်မှီအဆောက်အဦးများဖြင့် စီးပွားရေးအချက်အချာ ကုမ္ပဏီများ ရုံးစိုက် ရာ နေရာသို့ မက်ထရိုဖြင့် ရောက်သွားကြသည်။
ညနေစောင်းမှာတော့ ပါရီတွင်နေထိုင်သူ ကိုထင်ကျော်နှင့် တွေ့ဆုံရန် သူချိန်းထားသည့် မက်ထရို (၈) နှင့် (၁၃) ဆုံသည့် နေရာ Invalides ဘူတာသို့ ကျနော်တို့လာခဲ့ကြပါသည်။ ကိုထင်ကျော်နှင့်အတူ ဥရောပ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဦးနွယ်အောင်လည်း ပြင်သစ်သို့ ရောက်နေပါသည်။ ကိုထင်ကျော်က ကျနော်တို့ကို နပိုလီယံ၏ အုတ်ဂူထားရှိရာ နပိုလီယံတက်ခဲ့သည့် စစ်ကျောင်းကို ပြသပါသည်။
စစ်ကျောင်းမှ အထွက် ပြင်သစ်နှင့် ရုရှချစ်ကြည်ရေးတံတား Pont Alexandre III ဖက်သို့ လမ်းလျှောက် လာကြပါသည်။ ထိုမှ ကိုထင်ကျော်၏ ဦးဆောင်မှုဖြင့် တခုခု စားကြသောက်ကြရန် Latin Quarter သို့ ချီတက် ခဲ့ကြပါသည်။ ထိုနေရာသည် Sorbonne University မှ ကျောင်းသားများ ကျက်စားရာနေရာဟု သိရပြီး ဈေးသက်သာသော စားသောက်ဆိုင်များကြောင့် တိုးရစ်များလည်း လာရောက်ကြပြီး အလွန်စည်ကားသော ရပ်ကွက်လေးတခု ဖြစ်၍နေပါသည်။ တရုတ်စားသောက်ဆိုင်တခုမှာ ကျနော်တို့ထိုင်လိုက်ကြပြီး ထိုဆိုင်မှာပင် ဦးနွယ်အောင်၊ ကိုထင်ကျော်နှင့် ကျနော်တို့ တဦးနှင့်တဦးအပြန်အလှန် ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်နှင့် အီးမေးလ်များ လဲလှယ်ကြသည်။ မြန်မာ့နိုင်ငံရေး လက်ရှိအနေအထားများနှင့် ရှေ့အလားအလာများကိုလည်း သုံးသပ်ဆွေးနွေးကြပါသည်။ အပြန်တွင် အားလုံးအတူ မက်ထရိုစီးကြပြီး ဦးနွယ်အောင်က အရင်ဆင်းသွားပါ သည်။ ကျနော်တို့က ကိုထင်ကျော်နှင့်အတူ မက်ထရိုဂိတ်ဆုံးနားထိစီးကာ ဘတ်စ်ကားပြောင်းစီးပြီး ကိုထင်ကျော်နေသည့် ရပ်ကွက်မှ Tram ဂိတ်ဆုံးတွင် ကျနော်တို့ ဘတ်စ်ကားပေါ်မှ ဆင်းကြပါသည်။ ထိုရပ်ကွက်ရှိ Tram ဂိတ်ဆုံးမှတ်တိုင်တွင် ပါရီ၏ မျက်ရည်ဟု ခေါ်ရမည့် လူမဲအများအပြားနေထိုင်သည်ကို တွေ့ရပါသည်။ ကျနော် ပါရီတွင် လှည့်လည် ကြည့်ရှုစဉ်အတွင်း အထက်တန်းကျကျ အလုပ်များဖြင့် အဆင်ပြေ နေသော ပြင်သစ်များကို တွေ့ရသလို ဆင်ခြေဖုံးရပ်ကွက်များတွင် နေထိုင်လျှက် ရထားလက်မှတ်ခ မပေးနိုင် သဖြင့် ဘူတာအ၀င်ဂိတ်ကို ခုန်ပျံကျော်လွှားနေသူ လူမဲများကိုလည်း တွေ့ခဲ့ရပါသည်။ လူတန်းစား မညီမျှမှု၊ အလုပ်လက်မဲ့ ပြဿနာများကြောင့်လည်း ပြင်သစ်တွင် ၂၀၀၅ ခုနှစ်က အဓိကရုဏ်းများ ဖြစ်ခဲ့သည် မဟုတ်ပါလော။
ပါရီမြို့သည် ဒုတိယကမ္ဘာစစ်က လူဦးရေ သုံးသန်းသာရှိသော်လည်း ယခုအခါ လူဦးရေ ၁၁ သန်းထိရှိကာ ဥရောပ၏ လူဦးရေအများဆုံးသော မက်ထရိုပိုလီတန်မြို့ကြီးဖြစ်နေပါပြီ။ ပါရီ၏ လူဦးရေ နှင့် ကမ္ဘာ့အလှဆုံး မြို့တော်ကို လာရောက်ကြည့်ရှုသည့် ခရီးသွားဦးရေပါ ပေါင်းလိုက်တော့ ကျနော်ရောက်သွားသည့် ပါရီသည် လူပင်လယ်ကြီး ဖြစ်နေပါတော့သည်။ ကိုထင်ကျော်တို့နှင့် လမ်းခွဲပြီး နောက်တနေ့ကား ကျနော်တို့ ပြန်မည့်နေ့ ဖြစ်သည်။ တည်းခိုသည့်အိမ်မှ အ၀တ်အစားအိတ်များပါယူလာခဲ့ပြီး တရုတ်တန်းရှိ ဦးဇင်းဦးကုမာရ ကျောင်းသို့ ထွက်လာခဲ့ကြသည်။ တရုတ်တန်းမှ အာရှကုန်တိုက်ကြီးများတွင် အိမ်ရှင်မမှာလိုက်သည့် ပစ္စည်းများနှင့် အခြား ကောင်းနိုးရာရာ စားသောက်ကုန်များ ၀ယ်ကြသည်။ ဒိန်းမတ်ထက်စာလျှင် ပါရီမှာ အာရှပစ္စည်းတွေက အလျှံ ပယ်ဖြစ်နေသည်။ ပစ္စည်းတွေဝယ်ပြီးနောက် နေ့လည်စာကို ဦးဇင်းကျောင်းတွင်စားကာ ကားဂိတ်သို့ ထွက်လာ ခဲ့ကြသည်။ ကားဂိတ်အနီး ကျနော်တို့ တည်းခိုသည့်အိမ်ရှင် ဦးလှအောင် အလုပ်လုပ်သည့် အင်တာနက်ဆိုင် တွင် ကျနော်တို့ အိတ်တွေ အပ်ကာ အနီးအနား လျှောက်ကြည့်ကြသည်။ ဦးလှအောင်၏ အင်တာနက်ဆိုင် က ပါရီ၏ အဓိက ဘူတာကြီးနှစ်ခုဖြစ်သည့် Gare de Nord နှင့် Gare de I’est ကြားတွင် ရှိသည်မို့ အလွန်အချက် အချာ ကျသည့်နေရာပင်။ ဦးလှအောင်က ကျနော်နှင့် ဦးထွေးသောင်းကို လဖက်ရည်ကောင်းကောင်း တိုက်မယ် ဟု ဆိုကာ သူ့ဆိုင်အနီးက သီရိလင်္ကာရပ်ကွက်အတွင်းရှိ သူသောက်နေကျ လက်ဖက်ရည်ဆိုင်ကို ခေါ်သွားပါသည်။ ထိုရပ်ကွက်ကြီးတခုလုံးသည် သီရိလင်္ကာနိုင်ငံအနွယ်ဖွားများ နေထိုင်ကြသည့် ရပ်ကွက်ဖြစ် သည့်အလျောက် လမ်းဘေး ၀ဲယာ ဆိုင်ခန်းများကိုငေးမောရင်း အိန္ဒိယတိုက်ဖက်ပြန်ရောက်နေသလား အမှတ် မှားရပါသည်။ ထိုနေ့ညနေက ညရှစ်နာရီထွက်မည့်ကားကို ကျနော်က ညကိုးနာရီမှထွက်မည်အထင်ဖြင့် အရောက် နောက်ကျသွားသဖြင့် ဘတ်စ်ကားက ကျနော့်ကို ပြန်စောင့်နေခဲ့ရသည့် အဖြစ်အပျက်မှ လွှဲ၍ ကျနော်တို့ အပြန်ခရီးသည် အဆင်ပြေ ချောမွေ့ခဲ့ပါသည်။ ။
(ဤပို့စ်ဖြင့် ပါရီမြို့တွင် နေထိုင်သူများဖြစ်သည့် ဦးဇင်းဦးကုမာရ၊ မခင်နှင်းယု၊ မောင်အောင်ချိမ့်၊ ဦးလှအောင်၊ ကိုမျိုး၊ ဘိုဘို နှင့် အခြား ကျေးဇူးတင် ထိုက်သူအားလုံးအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်)
![]() |
| Paris |
Sunday, July 6, 2008
(၆) သည်းဖိုတုန်လှုပ် ဆွတ်ပျံ့ ကြည်နူး ရသမျိုးစုံ (ကြေးမုံဦးသောင်း)
ကာလဒေသ အခြေအနေအရ မြန်မာသတင်းစာများ၏ သြဇာသည် ပိုမိုကြီးထွားလာလေသည်။ သတင်းစာအသစ်များလည်း ပေါ်ထွန်းလာကြသည်။ လွတ်လပ်ရေးရရှိသော ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄)ရက် နေ့က မြန်မာပြည်တွင် သတင်းစာပေါင်း (၃၉) စောင် ရှိကြသည်။ အများစုက စောင်ရေများပြားသော မြန်မာ ဘာသာသတင်းစာများ ဖြစ်ကြသည်။ (၇) စောင်က အင်္ဂလိပ်ဘာသာနှင့် ထုတ်ပြီး တရုတ်သတင်းစာ (၅) စောင်၊ ဂူဂျရတီ၊ အူရဒူ၊ တမယ်လ်၊ တယ်လဂူနှင့် ဟင်ဒီ စသော ကုလားသတင်းစာများ ရှိကြသည်။
တင်မောင်အဖို့ ကံကောင်းပါသည်။ နိုင်ငံရေးရာသီဥတု အပြင်းထန်ဆုံးဖြစ်သော ၁၉၄၇ ခုနှစ်တွင် သတင်းစာ လောကတွင်းသို့ ရောက်ရှိခဲ့သောကြောင့် တသက်တွင် တကြိမ်သာ ဖြစ်ပွားနိုင်သည့် သတင်းကြီးများကို ထောက်လှမ်းခွင့်၊ ရေးသားခွင့်၊ ဝေဖန်ခွင့် ရရှိကြုံကြိုက်ခဲ့ရပါသည်။ ဗမာ့ခေတ် သတင်းစာတိုက်တွင် သတင်းထောက်နေရာ (၃) ဦး လစ်လပ်နေသဖြင့် ကြော်ငြာခေါ်ယူသည်ကို လျှောက်ထားရာမှ ၁၉၄၇ ခု၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် အရံသတင်းထောက်ခန့်ထားခြင်းကို ခံခဲ့ရသည်။
အင်္ဂလိပ်ဘုရင်ခံ ဆာဒေါ်မန်စမစ်က အရပ်သားများ အုပ်ချုပ်ရေးကို စတင်သောအခါတွင် အတိုင်ပင်ခံ ကောင်စီအဖွဲ့ကို ခန့်ထားဖွဲ့စည်းလေသည်။ အတွေးအခေါ်အယူအဆ မတူသူ နိုင်ငံရေးပါတီဝင်များကို ရွေးချယ် ခန့်ထားလေသဖြင့် မကျေမလည် ဖြစ်ခဲ့ရလေသည်။ ထို့ပြင် အင်္ဂလိပ်စစ်တပ်ကြီးကလည်း ရှိနေသေးပြန်သည်။ အင်္ဂလိပ်စစ်တပ်မှ အင်အားစုအချို့တို့က ၀င်ရောက်စွက်ဖက်မှု ပြုကြသောကြောင့် နိုင်ငံရေးအခြေအနေ ပိုမို တင်းမာခဲ့ရလေသည်။
တနေ့တွင် တင်မောင်တို့ ဗမာ့ခေတ်သတင်းစာတွင် သတင်းဦးကြီးတခုကို ဖော်ပြနိုင်ခဲ့လေသည်။ အင်္ဂလိပ် စစ်တပ်က လက်နက်သိုလှောင်ရေးစခန်းတခုမှ ဘရင်းဂန်းသေနတ် (၂၀၀) နှင့်တကွ ကျည်ဆံအများပါ ပျောက်ဆုံးကြောင်း ကြောက်မက်ဖွယ်သတင်းကြီးကို တစောင်တည်း ဖော်ပြနိုင်ခဲ့သည်။ အင်္ဂလိပ်စစ်တပ် ဗိုလ်ကြီးများ၏ အကူအညီမပါဘဲ လက်နက်ကြီးများ ပျောက်ဖို့ရန် မလွယ်ပါပေ။ ထိုလက်နက်များ မည်သည့် နိုင်ငံရေးအဖွဲ့၏ လက်ထဲရောက်သွားသနည်း ဟူသော မေးခွန်းများကို မည်သူမျှ မဖြေနိုင်ပါပေ။ ဂျပန်တော်လှန် ရေးအပြီးတွင် ကွန်မြူနစ်တို့က လက်နက်ပုန်းများ သိုဝှက်ထားကြသည်။ ပြည်သူ့ရဲဘော်များတွင်လည်း လက်နက်ပုန်းများ ရှိနေကြသည်။ ယခု အကောင်းစားလက်နက်ကြီးများ ပျောက်သွားပြန်လေပြီ။
ပျောက်သွားသော လက်နက်များကို ရှာဖွေနေစဉ်တွင် ဘုရင်ခံ၏ အတိုင်ပင်ခံအဖွဲ့ဝင် ၀န်ကြီးတဦးဖြစ်သူ ဂဠုန် ဦးစော ကို လုပ်ကြံမှု ဖြစ်ပွားလေသည်။ ဦးစောသည် ၀န်ကြီးချုပ်ဟောင်းဖြစ်သည်။ သူရိယသတင်းစာ၏ အုပ်ချုပ်မှု အယ်ဒီတာချုပ်လည်း မှန်၏။ ပါတီရုံးမှ အိမ်သို့အပြန်တွင် အပစ်ခံရရာတွင် ကံအားလျော်စွာ ကျည်ဆံက တိုက်ရိုက်မထိဘဲ ကား၏ရှေ့ မှန်ဘောင်ကို ထိပြီးမှန်ကွဲသဖြင့် ဦးစော၏ မျက်လုံးကို မှန်စတစ ထိမှန်ခဲ့သည်။
စစ်ခေတ်တလျှောက်လုံး အာဖရိကတွင် အချုပ်ခံနေခဲ့သော ဦးစောက မြန်မာဆေးရုံကိုပင် စိတ်မချသော ကြောင့် အိန္ဒိယဆေးရုံသို့ သွားကာ ကုသလေသည်။ ပြန်လာသောအခါတွင် ဗမာ့ခေတ် အယ်ဒီတာချုပ်ကို တွေ့ခွင့်ပေးသဖြင့် ဓာတ်ပုံရိုက်ရန် တင်မောင်လိုက်ပါသွားရလေသည်။ ဦးစောက “ကွာ… ပတ်တီးကြီးနဲ့ ဓာတ်ပုံ တော့ မရိုက်ပါနဲ့ကွာ” ဟု ပြောသဖြင့် သူပြောပြသမျှကိုသာ မှတ်ခဲ့ရပါ၏။
“ကျနော် ဗုဒ္ဓဘာသာကောင်းတယောက်ပါ ကိုအုန်းခင်ရယ်။ ရန်ပြုသူကို ခွင့်လွှတ်ရမယ်ဆိုတာ ကျနော်ယုံကြည် ပါတယ်။ ဒါပေမယ့် မျက်စိက ကိုက်လာတဲ့အခါမှာ ဒီကောင်တွေကို ခွင့်မလွှတ်နိုင်ဘူး။ မခံနိုင်အောင် နာတဲ့အခါ မှာ သည်းမခံနိုင်ဘူး”
ဒဏ်ရာက နာကျင်သောကြောင့် မျက်နှာကို လက်ကိုင်ပ၀ါနှင့် အုပ်ပြီး အက်ကွဲသော အသံကြီးနှင့် ကြုံးဝါးသည် ကို တင်မောင်၏ နားတွင်းမှ မထွက်တော့ပါ။ နောက်များ မကြာမီပင် ဦးစောက စေလွှတ်လိုက်သော လက်နက် ကိုင် တစုက ၀န်ကြီးချုပ် ဦးအောင်ဆန်းနှင့် ၀န်ကြီးအဖွဲ့ကို လုပ်ကြံသတ်ဖြတ်ခဲ့ကြတော့သည်။
ထိုနေ့နံနက်က ရေနံအလုပ်သမားသမဂ္ဂ ခေါင်းဆောင်များနှင့် ၀န်ကြီးချုပ် ဦးအောင်ဆန်းတို့ တွေ့ဆုံရန် ချိန်းဆိုထားကြသည်ကို သတင်းယူရန် ဦးအောင်ဆန်း၏ ရုံးသို့ တင်မောင်သွားခဲ့ရသည်။
ဝန်ကြီးချုပ်၏ ရုံးခန်းသို့ ရောက်သောအခါတွင် ၀န်ကြီးအဖွဲ့ အစည်းအဝေးရှိသဖြင့် တွေ့ဆုံပွဲကို ရွှေ့လိုက်သည် ဟု သိရသောကြောင့် တင်မောင်ပြန်ဆင်းလာခဲ့သည်။ အခြားရုံးတခုအရောက်တွင် ပစ်ခတ်မှုများအကြောင်းကို ကြားရသဖြင့် အလျင်အမြန် ပြန်တက်သွားသော အခါ၌ ဒဏ်ရာရရှိသူ ၀န်ကြီးများကို မီးသတ်သူနာပြုကားနှင့် သယ်နေလေပြီ။
မိတ်ဆွေ မီးသတ်ဝန်ထမ်းတဦး၏ အကူနှင့် သူနာပြုကားတစီးပေါ်မှာ လိုက်သွားခဲ့သည်။ ထိုခေတ်က မီးသတ် သူနာပြုကားအချို့တွင် လူနာသယ်သော ပုခက်စင်များမှာ အတားအဆီးမရှိပါ။ အသက်မသေသေးသူ ၀န်ကြီး တဦး၏ ခြေထောက်က တင်မောင်၏ ရင်ဘတ်ပေါ်သို့ မကြာခဏ ကျလာသောကြောင့် ပြန်တင်ပြီး ထိန်းပေးရပါ ၏။ ဆယ်ကျော်သက်ရွယ်သာ ရှိသေးသူ တင်မောင်အဖို့ ထိုကဲ့သို့သော အတွေ့အကြုံများတို့ကို ရင်ဆိုင်ရသည် မှာ မလွယ်ပါပေ။ ရံဖန်ရံခါ အယ်ဒီတာ၏ ဆူပွက်ပြစ်တင်မှုကိုလည်း ခံရသေးသည်။
၁၉၄၈ ခု၊ ဇန်န၀ါရီလ (၄) ရက်နေ့က လွတ်သဘင်တွင် ဗမာ့ခေတ်သတင်းစာက အထူးထုတ်ရန် စီစဉ်သည်။ အင်္ဂလိပ်ဘုရင်ခ့ ပြည်ပြန်ရသည်ကို အဆင့်ဆင့် ဓာတ်ပုံနှင့် ဖော်ပြရန် စီစဉ်၏။ သင်္ဘောနှင့် ထွက်သွားမည် ဖြစ်ရာ ထိုအချိန်က ရေတပ်ဗိုလ်များဖြစ်ကြသူ ဗိုလ်ခင် နှင့် ဗိုလ်ခင်လေးမောင်တို့က တာဝန်ယူကြသည်။ တင်မောင်ကိုမူ တာဝန်တခုသာပေးသည်။ နံနက် (၇) နာရီ အိမ်တော်ဝင်းမှာ ထွက်တော်မူပုံကို ဓာတ်ပုံရိုက်ရန် တာဝန်ယူရသည်။
အင်္ဂလိပ်ဘုရင်ခံ ထွက်တော်မူ နန်းမှခွာခန်းကို မြန်မာအများက စိတ်ဝင်စားကြလှသောကြောင့် အိမ်တော်ဝင်း တွင် ပရိသတ်စည်ကားလှသည်။ တင်မောင်အဖို့ အချိန်စောစော ရောက်ပါလျက် ဓာတ်ပုံကို အနီးကပ် ရိုက်ရမည်လော၊ အဝေးမှ မြင်ကွင်းကျယ် ရိုက်ရမည်လော စဉ်းစားပြင်ဆင်နေမိသဖြင့် ဓာတ်ပုံမရလိုက်ပါ။ အယ်ဒီတာက ဆူလိုက်သည်မှာ ပွက်လောညံသွားတော့သည်။ နောက်တကြိမ် အဆူအပူခံရသေးသည်။
တနေ့တွင် ဗမာ့ခေတ်သို့ ကြော်ငြာခနှင့်အတူ ကြော်ငြာတိုကလေးတခု ရောက်လာသည်။ ဖူးစာရှင်အလိုရှိသည် ဟု ကြော်ငြာက ဆို၏။ အသက် (၂၃) နှစ်၊ ရုပ်ရည်အသင့်အတင့်၊ ပစ္စည်းအသင့်အတင့် ရှိပါသည်။ မိဘ မရှိပါ။ သင့်လျော်သော ဖူးစာရှင် အလိုရှိပါသည်။ ဗမာ့ခေတ်မှ တဆင့် ဓာတ်ပုံနှင့် အကြောင်းစုံ ဆက်သွယ်ပါ ဟူ၏။ ၁၉၄၇ ခုနှစ်ကာလ အင်္ဂလိပ်ကျွန်ခေတ်တွင် ကြော်ငြာတိုမှာ များစွာ ထူးဆန်းနေသည်။ အခြားသတင်းစာတိုက် များက ဗမာ့ခေတ်က တီထွင်သည်ဟု စွပ်စွဲသေး၏။
ကြော်ငြာကို ယုံကြည်သူတို့ကမူ သူ့ထက်ငါ ဦးအောင် လျှောက်လွှာတင်ကြလေသည်။ ဗမာ့ခေတ်ငွေစာရင်း ဌာနမှာ စာရေးတဦးကလည်း လျှောက်သေးသည်။ တယောက်ကမူ လံကွတ်တီကိုဝတ်ထားကာ တကိုယ်လုံး ဆီသုတ်ပြီး ကြွက်သားများညှစ်၍ ကိုယ်ဟန်ပြဓာတ်ပုံနှင့် လျှောက်လေသည်။
ရက်စေ့သောအခါတွင် ကြော်ငြာရှင်က ဆက်သွယ်သည်။ သူက တယ်လီဖုန်းဆက်သည်။
“အယ်ဒီတာနဲ့ ပြောပါရစေရှင်”
“ဘာကိစ္စပါလဲ၊ ကျနော် အယ်ဒီတာပါ”
“ကျမက ဖူးစာရှင်ရှာတဲ့ ကြော်ငြာရှင်ပါ”
“အော် … ဟုတ်ပြီ၊ ဟုတ်ပြီ။ လျှောက်လွှာ (၃၁၂) စောင်ရပါတယ်။ အထုပ်လိုက်ရှိပါတယ်။ တိုက်ကို လာပြီး ယူပါလား။ လာခဲ့ပါ။ လာခဲ့ပါ”
“ဘာရမလဲ အကိုကြီးရယ်၊ တိုက်ကိုလာရင် ဓာတ်ပုံရိုက်ယူမှာပေါ့”
“အဲလေ၊ ဒါဖြစ်လဲ လာပို့ပေးမယ်၊ လိပ်စာကို ပြောလေ”
“အကိုကြီးတို့ကို မယုံဘူး”
“ဟောဗျာ၊ ဒါဖြင့် ဘယ်လိုယူမလဲ”
“ကျမက ဗဟိုဈေးအလယ် အထည်တန်းမှာ ညနေ (၃)နာရီမှာ စောင့်နေပါမယ်။ ပန်းရောင်ဝတ်စုံကို ၀တ်ထားပြီး နှင်းဆီပန်းအ၀ါကို ပန်ထားပါမယ်။ လာပို့ပေးပါ။ တောင်းပန်ချင်တာကတော့ သတင်းထောက်တွေ၊ ဓာတ်ပုံဆရာတွေ လိုက်မလာကြပါနဲ့”
“စိတ်ချပါ၊ စိတ်ချပါ။ ကတိပေးပါတယ်”
တယ်လီဖုန်းချသွားသည်နှင့် တပြိုင်နက် အယ်ဒီတာက ကတိဖျက်ပါတော့သည်။ အယ်ဒီတာအဖွဲ့ အစည်း အဝေးခေါ်ပြီး ဖူးစာရှင် သတင်းစီမံကိန်း ဆွေးနွေးကြသည်။ “ရာဇ၀တ်မှုကြီးတွေကို စုံထောက်တွေ အများကြီး မလွှတ်ရဘူး။ ဒီတော့ မင်းတို့ထဲက အတော်ဆုံး (၂) ကောင်ပဲ သွားကြပေတော့” ဟု အမိန့်ပေး၏။
တင်မောင်အား အတော်ဆုံးသတင်းထောက်တဦးအဖြစ် တာဝန်ပေးသဖြင့် ၀မ်းသာလုံးဆို့သွားမိသည်။ တင်မောင်နှင့် မှုခင်းသတင်းထောက်ကြီးတို့ (၂) ယောက်သည် တနာရီစောပြီး သွားကြသည်။ မိုးက တဖွဲဖွဲ လာလေသဖြင့် မိုးကာအင်္ကျီကို လည်ပင်းထိ ကော်လံကြယ်သီးပါတပ်ပြီး ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထား သည်။ ကျနော့်အဖို့ မိမိကိုယ်မိမိ ကိုယ်ပျောက်နေပြီဟုပင် ထင်မိခဲ့၏။
ချိန်းဆိုသော အချိန်ရောက်သောအခါ အထုပ်ကြီးနှင့် စောင့်နေသော ကြော်ငြာမန်နေဂျာထံကို အမျိုးသမီး တဦးပေါက်လာပါသည်။ မခင်နှင်းဆီက ကြော်ငြာစဉ်က ရုပ်ရည်အသင့်အတင့်ဟု ဆိုသည်မှာ မမှန်ကန်ပါ။ များစွာ ချောမောလှပပါပေသည်။ “ဟယ် - တကယ့်ကို ချောပါလား၊ ငါ ဘာလို့များ လျှောက်လွှာမတင်မိပါလိမ့်” ဟု နောင်တကြီးစွာ ရမိသည်အထိ ချောမောလှပသည်။
မခင်နှင်းဆီက အထုပ်ကို ယူပြီး အထည်ဆိုင်တွင်း ၀င်သွားသည်။ အထည်များ ခင်းထားသည်ကို သူကြည့်နေ စဉ်တွင် တင်မောင်တို့ ကိုယ်ပျောက်သတင်းထောက်ကြီးနှစ်ဦးက ဆိုင်ရှေ့မှ ချောင်းနေကြပါသည်။ အတန်ကြာ ၍ ထွက်မလာသောကြောင့် ဆိုင်ထဲဝင်ကြည့်ကြသောအခါ ဆိုင်မှာ နောက်ဖေးဘက်တွင် တံခါးပေါက်ကြီးတခု ရှိနေသည်ကို တွေ့ရပါတော့သည်။
ထိုခေတ်က ဗဟိုဈေးမှာ တထောင်ကျော်ရှိပြီး ၀င်္ကပါကဲ့သို့ လမ်းမြှောင်များက ရှုပ်ထွေးလှသည်။ ဆင်ခြေ ဆင်လက်များ မည်သို့ ပေးစေကာမူ ထိပ်သီးသတင်းထောက်ကြီး (၂) ယောက်ကို အယ်ဒီတာမင်းက ဆူလိုက် ဆဲလိုက်သည်မှာ ရစရာ မရှိတော့ပြီ။
ဆူပူနေဆဲမှာ မခင်နှင်းဆီက ဖုန်းဆက်ပြန်သေးသည်။ “အကိုကြီးတို့ မကောင်းဘူး။ သတင်းထောက်ကြီးတွေ လိုက်လာတာ သိပါတယ်။ ဘာရမလဲ ဆိုင်အောက်ဝင်ပြေးတာပေါ့ .. ဟီ ဟိ”
ထိုကြော်ငြာ၏ သတင်းဆက်မှာ လျှောက်လွှာရှင် ရုံးဝန်ထောက်တဦးနှင့် လက်ထပ်လိုက်ကြသည်ဟု မခင်နှင်းဆီက စာရေးအကြောင်းပြန်ကြားပါသည်။
ဆူသည်၊ ပူသည်ကို ခံခဲ့ရစေကာမူ ပျော်ရွှင်စွာ ပေါင်းသင်းကြလေသတည်းဟု နိဂုံးသတ်ရသည့် ဆွတ်ပျံ့ ကြည်နူးသော သတင်းကလေးကိုတော့ မမေ့နိုင်တော့ပါ။ ။
Sunday, June 29, 2008
မှော်ရုံတောမှာမောလှပြီ
ကိုပင်ဟေဂင်မှာ သူဘာတွေ ကြုံတွေ့ခဲ့ရပါသလဲ။ ဆရာမြသန်းတင့်၏ ဘာသာပြန်မှ အခန်း (၂)ကို အမြည်းသဘောဖတ်ရှုပါ။ တအုပ်လုံးဖတ်ရှုလိုပါက ကျနော့်ထံ မေးလ်ပို့တောင်းဆိုနိုင်ပါသည်။
မှော်ရုံတောမှာမောလှပြီ
ကိုပင်ဟေဂင်မြို့လယ်က စထရိုးဂျက်လမ်းမကြီးပေါ်တွင် ဂေါ်ဂင်တယောက် ခပ်သုတ်သုတ် လျှောက်နေသည်။ သူ့လက်ထဲတွင် လေးလံသည့် လက်ဆွဲအိတ်တလုံးကို ဆွဲထားသည်။ ဒိန်းမတ်လူမျိုးများ၏ အသံစူးစူးကို နားကလောနေသည်။ လက်ထပ်ပြီးကာစတုန်းက သူ့မိန်းမ မက်တီဆီက ဒိန်းမတ်စကားကို သင်ဖူးသည်။ သို့ရာတွင် အပျင်းပြေသဘော ဖြစ်သည်။ စိတ်ပါ၍ သင်ခြင်းမဟုတ်။ ဒိန်းမတ်စကားသင်ရသည်ကို အ အ စကားသင်သလို အပျော်သင်ခြင်းဖြစ်သည်။ ဒိန်းမတ်တွင် ခြောက်လလောက်နေပြီးသည့်နောက်တော့ ဒိန်းမတ်စကားကို စိတ်ပျက်လာပြီး နားခါးလာပြီ။ ပြင်သစ်စကားသံကို ကြားချင်လာပြီ။
ဂေါ်ဂင်သည် ဒိန်းမတ်လူမျိုးတွေနှင့်လည်း ဆက်ဆံရေးအဆင်မပြေ။ သူ့ပန်းချီကားတွေကလည်း ရောင်းမစွံ။ တခြားအလုပ်အကိုင်လည်း ဟန်မကျ။ ရိုဝင်က အထည်ဆိုင်တဆိုင်ဖြစ်သည့် ဒေလီကုမ္ပဏီအတွက် အရောင်းကိုယ်စားလှယ်လုပ်နေသော်လည်း အလုပ်သိပ်မဖြစ်လှ။ ခပ်မြက်မြက်ရသည့် အမှာစာဆို၍ ဒိန်းမတ် ရေတပ်မှ အမှာစာတခုသာရှိသည်။ ဤသည်မှာလည်း ဒိန်းမတ်ရေတပ်က ပြင်သစ်အထည်စကို လိုချင်လွန်းလှ ၍ မဟုတ်။ ရေတပ်တွင် မက်တီ၏ အစ်ကိုဝမ်းကွဲတယောက်ရှိသဖြင့် သူ့ကျေးဇူးကြောင့် အမှာစာရခြင်းဖြစ် သည်။
အရောင်းကိုယ်စားလှယ်တဦးအနေဖြင့် မအောင်မြင်သည်ကို သူ့ဖာသာ သူသိသည်။ သူ့အိတ်ထဲက မှတ်စုစာအုပ်ထဲတွင် အရောင်းအ၀ယ်ကိစ္စအတွက် ချိန်ထားသည့် နေရာများကို မှတ်ထားသည်။ ထိုနေရာများ သို့ သူမသွားချင်။ အထည်ထုပ်ကို တလက်မှ တလက်လွှဲပြောင်းရသည့် ကိုယ်စားလှယ်အလုပ်ကို ငြီးငွေ့နေပြီ။
စထရိုဂျက်လမ်းမကြီးအတိုင်း လျှောက်လာပြီး နော်ရင်ဂတန်ရပ်ကွက်ထဲသို့ ချိုးလာခဲ့သည်။ အိမ်မပြန် ချင်သေး။ သို့ရာတွင် သည်မြို့၌ သွားစရာမရှိ။ ပါရီမှာလို ထိုင်စရာ ကဖီးတွေလည်း မရှိ။ ထို့ကြောင့် အိမ်ဘက်သို့ ထိုးလှည့်သည်။ သံဝင်းတံခါးကြီးအတိုင်း ၀င်လာပြီး အိမ်ဘေးတံခါးမှ လှည့်ဝင်သည်။ ယောက္ခမကြီးနှင့် မျက်နှာချင်းမဆိုင်ချင်။
ဧည့်ခန်းနားက ဖြတ်ကျော်လာရင်း ရယ်သံတသံကြောင့် ခြေလှမ်းတုံ့သွားသည်။ ခပ်ကျယ်ကျယ် ခပ်ညုညုရယ် သံ၊ မိန်းမပျိုတယောက်၏ ရယ်သံမျိုး၊ ဂေါ်ဂင်က လက်ဆွဲအိတ်ကို အသာချကာ ဧည့်ခန်းထဲသို့ ၀င်လိုက်သည်။
“ကဲ ဒါကတော့ ရယ်စရာပြက်လုံးကလေးပေါ့လေ။ ခုကျမှတော့ အင်မတန်လှတဲ့ မိုးလှဲရဲ့ စကားပြေကို ဖတ်ကြရအောင်”
မက်တီ၏အသံဖြစ်သည်။ မက်တီက တဖက်တလမ်းက ၀င်ငွေရအောင်ဟုဆိုကာ နိုင်ငံခြားသံရုံးတရုံးမှ အရာရှိ သုံးဦးကို ပြင်သစ်စကားသင်ပေးနေသည်။ အရာရှိများက ခပ်သွက်သွက်၊ စတိုင်ကျကျ၊ အင်္ဂလိပ်ဟန် သားသား နားနား။
“ပြင်သစ်သဒ္ဒါစည်းကမ်းတွေမှာ အမြဲတမ်း ချွင်းချက်ရှိတယ်နော်”
မက်တီက ဒိန်းမတ်စကားဖြင့် ခပ်သွက်သွက်ပြောသည်။
“ပြင်သစ်သဒ္ဒါတွင်မကဘူး။ ပြင်သစ်လူမျိုးဟာလည်း အရာရာချွင်းချက်ကလေးတွေနဲ့ချည်းပဲလို့ ပြောသံကြားဖူးတယ် ဆရာမရဲ့။ အဲဒါကော ဟုတ်သလား”
လူရွယ်တဦးက ပြောသဖြင့် မက်တီသဘောကျ၍ ရယ်သည်။ ကျန်လူရွယ်များကလည်း ရယ်ကြသည်။ ဂေါ်ဂင်က ချောင်းဟန့်လိုက်သဖြင့် သူတို့အားလုံး လှည့်ကြည့်ကြသည်။ မက်တီမျက်နှာက တည်သွားသည်။ ၀င်နှောင့်ယှက်သဖြင့် မကြိုက်သည့်ဟန်။
“အစောကြီး ပြန်လာသလား”
“စောစောပဲ၊ လုပ်ပါ၊ လုပ်စရာရှိတာ လုပ်ပါ”
“အဲဒါ ကျွန်မခင်ပွန်းလေ၊ မွန်စီယာ ဂေါ်ဂင်တဲ့။ ဟောဒါက သံရုံးအတွင်းဝန် မွန်စီယာ အော်လီဆင်း၊ ဒါ ကောင်စစ်ဝန် မွန်စီယာ ဆိုဒါမင်၊ ဟောဒါက မြို့စားကလေး အီးရစ်ဒိုဗန်”
သံအရာရှိသုံးဦးက ဦးညွှတ်ပြသည်။ ပါရီဇာတ်ထဲက ယိမ်းသမများကို သွား၍ အမှတ်ရသည်။
“စာသင်နေတုန်း အနှောက်အယှက်ပေးမိတာ ၀မ်းနည်းပါတယ် ခင်ဗျာ”
“အို အို ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ကို မဒမ်ဂေါ်ဂင်က ပြင်သစ်လူမျိုးတွေရဲ့ အမူအရာတွေ သင်ပေးနေတယ် လေ။ ဒီလို တိုင်းပြည် ဂျင်ကလယ်လေးမှာ လာနေရတော့ အိမ်နီးချင်းတိုင်းပြည်ကြီးတွေဆီက လေ့လာရတယ် မဟုတ်လား”
မြို့စားကလေးက သိမ်မွေ့စွာပြောသည်။
သက်သက်ဟန်လုပ်နေကြသည်ဟု ဂေါ်ဂင်ထင်သည်။ မက်တီက ငွေရအောင် သင်ပေးသည်။ သူတို့က အပျင်းပြေလာသင်ကြ၊ ဂေါ်ဂင်က မရယ်ချင့် ရယ်ချင် ရယ်ကာ … “ဒီတိုင်းပြည်မှာ လူတိုင်း ဘွဲ့လေးတွေ ကိုယ်စီနဲ့နော်၊ အတွင်းဝန် မစ္စတာ ဘယ်သူ၊ ကောင်စစ်ဝန်မင်း မစ္စတာ ဘယ်ဝါ၊ မြို့စား မစ္စတာ ဟိုဒင်းတဲ့၊ စုံလို့ပဲ။ နောင်ကျရင် အမဲသားသည်တောင် ဘွဲ့တွေ တပ်လာမလား မသိဘူး ခင်ဗျ။ ရယ်ရတယ်”
“မောင့် အိမ်ထောင်စုကို ကျွေးနေတာ၊ သတိထားပြီးစကားပြောပါ။ ကိုယ့်ကို အစာကျွေးတဲ့လက်ကို ပြန်ကိုက် တယ်ဆိုတာ သိပ်ရှက်ဖို့ ကောင်းတယ်။ မောင်တို့ ပြင်သစ်တွေ ယဉ်ကျေးလှချေရဲ့ဆို”
“ဟုတ်တယ်၊ ငါက နည်းနည်းရိုင်းတယ်။ တကယ်တော့ ၀င်းထဲမှာ ကြိုးနဲ့ချည်ထားဖို့ကောင်းတဲ့ကောင်။ ဒါပေမယ့် ငါလို အရိုင်းအစိုင်းအဖို့တောင် မင်းတို့ တိုင်းပြည်ဟာ တော်တော်အနှစ်သာရကင်းတဲ့ တိုင်းပြည်။ ပြောပြန်ရင် ငါလွန်တယ်။ ဒါပေမယ့် ငါမပြောဘဲ မနေနိုင်ဘူး။ ရောက်လေရာရာမှာ အဓိပ္ပါယ်မရှိတာတွေ ချည်းပဲ တွေ့နေရတယ်”
“မက်တီအဖို့တော့ ဒီတိုင်းပြည်ဟာ ကောင်းနေတာပဲ။ ပျော်စရာတွေချည်းပဲ။ မောင်တို့ ပြင်သစ်ပြည်မှာ နေရတာ ထက် အများကြီးပျော်တယ်။ ဒီမှာမောင်၊ မက်တီ သိပ်မပြောချင်ဘူး။ ပျော်ရာမှာမနေ တော်ရမှာ နေရတယ် ဆိုတာ သိတယ်မဟုတ်လား။ သူတောင်းစားဟာ ကြေးမများရဘူးတဲ့”
“ငါသိပါတယ်၊ ပုလွေဆရာကို ပိုက်ဆံပေးတဲ့သူဟာ သူကြိုက်ရာသီချင်းကို မှုတ်ခိုင်းနိုင်သတဲ့၊ မင်းကြားဖူးတဲ့ စကားပုံတွေ ကုန်ပလား”
ဂေါ်ဂင်က လှောင်သည်။ ဧည့်သည်တွေ ပြန်သွားပြီး သူတို့နှစ်ယောက်တည်း စကားများ ကျန်ခဲ့ကြခြင်း ဖြစ်သည်။ ပြင်သစ်လို ပြောနေကြရာမှ မက်တီက ဒိန်းမတ်စကားဖြင့် …
“ကဲ တော်ပြီမောင်။ မက်တီမှာ အလုပ်တွေ ရှိသေးတယ်။ အချိန်ရှိတုန်း ပိုက်ဆံရအောင် လုပ်ရဦးမယ်။ ရှင့်ဆေးတန် သောက်ဆေးဖိုး၊ ဆီဆေးဖိုး ကို မာ့မာ့ဆီကချည်း တောင်းနေလို့ မကောင်းဘူး။ ထမင်းလည်း ကျွေးထားပြီ။ ဒီထက်လွန်လာရင် ပေးတဲ့လူက ပေးဦး ကိုယ့်လိပ်ပြာကိုယ် ပြန်ရှက်ဖို့ ကောင်းတယ်။ နောက်ထပ် စကားမများချင်ဘူး”
မက်တီက အခန်းဒေါင့်စာရေးစားပွဲသို့ ထသွားသည်။ ဂေါ်ဂင်က နောက်က လိုက်သွားသည်။ စားပွဲပေါ်တွင် မက်တီ့လက်ရေးဖြင့် ရေးလက်စစာရွက်တွေ တပုံကြီးရှိသည်။ စာလုံးများက စာရွက်ထဲမှာ ခုန်ထွက်တော့မည် လော ထင်ရသည်။ ဒိန်းမတ်ဘာသာစကားသည် နားထောင်၍မကောင်း၊ ရေးချသည့်အခါမှပင် ကြည့်၍မလှ။ အရုပ်ဆိုးသည့် ဘာသာစကားဟု သူထင်သည်။ ဂေါ်ဂင်သည် ဒိန်းမတ်သတင်းစာတစောင်အတွက် မက်တီ ဘာသာပြန်ပေးနေသော ပြင်သစ်ဝတ္ထုတပုဒ်ကို ကောက်ကိုင်လိုက်သည်။
“ဘာလဲ၊ ဇိုလာရဲ့ ၀တ္ထုလား၊ ဟင်း … တခါလာလည်း ဆင်းရဲသားအကြောင်း၊ တခါလာလည်း ဆင်းရဲသား အကြောင်း၊ ဘာလုပ်ဖို့လဲ။ လိုတီရဲ့ ၀တ္ထုကို ပြန်တာကမှ ကောင်းဦးမယ်။ စာရေးဆရာတိုင်း အလှအပကို ရေးတယ်။ အကောင်းကို ရေးတယ်။ မကောင်းတာ၊ ဆင်းရဲတာကို ရေးတာဆိုလို့ ဇိုလာတယောက်ပဲ ရှိတယ်”
ဂေါ်ဂင်က နှာခေါင်းရှုံ့သည်။
“ရေးမှာပေါ့၊ ဇိုလာက သူ့ဘ၀အကြောင်းကို နားလည်တယ်။ ဇိုလာဟာ ရှင်တို့လို စိတ်ကူးယဉ် ဘိန်းစားတွေ မဟုတ်ဘူး။ ပြီးတော့ ကျွန်မကို ဘာသာပြန်ခိုင်းတဲ့လူကလည်း ဇိုလာကို ပြန်ပေးပါလို့ ခိုင်းတာ။ လိုတီကို အပြန် ခိုင်းတာ မဟုတ်ဘူး။ ခုလုပ်နေတာလည်း အားလို့ယားလို့ လုပ်နေတာ မဟုတ်ဘူး။ ပိုက်ဆံရအောင် လုပ်တာ၊ ငွေရအောင် လုပ်တာ”
“ဇိုလာဆိုတဲ့ စာရေးဆရာက အလကားလူ၊ သစ်ဆန်းပန်းချီကို ဝေဖန်တယ်၊ စေဇန်းကို သစ္စာဖောက်သွားတယ်။ စေဇန်မှာ ချို့ယွင်းချက်ရှိကောင်းရှိမယ်။ ဒါပေမယ့် စေဇန်းဟာ တကယ့် အနုပညာသည်၊ ဇိုလာဟာ ပန်းချီအကြောင်းကိုလည်း ဘာမှ မသိဘူး”
“ဟင်း ဘာပန်းချီလဲ” မက်တီက နာကျည်းစွာ ပြောသည်။
“ဇိုလာတွင်မကဘူး။ ပန်းချီဆိုရင် ကျွန်မကလည်း မုန်းတယ်၊ မုန်းသမှ အလွန်မုန်း။ ပန်းချီဆိုတဲ့ စကားလုံးလည်း မုန်းတယ်။ ပန်းချီကားကိုလည်း မုန်းတယ်။ ပန်းချီဆေးကိုတောင် မုန်းတယ် သိရဲ့လား”
“ဒါဖြင့် ပန်းချီဆရာကို လင်လုပ်မိတာ မင်းကံဆိုးတာပေါ့”
မက်တီက ဆတ်ခနဲ လှည့်ကြ့ည်လိုက်သည်။ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
“ရှင်က ဇိုလာလိုလူမျိုးကို မကောင်းပြောမှာပေါ့။ ဇိုလာက ပိုက်ဆံတွေရတော့ ရှင်ဘယ်မှာ နာလိုပါ့မလဲ။ ရှင်တို့ ပန်းချီဆရာတွေဟာ ကိုယ်ကိုယ်တိုင်ကလည်း အောင်မြင်အောင် မလုပ်နိုင်၊ အောင်မြင်ကျောကြားတဲ့ လူတိုင်း ကို မနာလိုတိုရှည်ဖြစ်၊ ကိုယ်ရေးတဲ့ ပန်းချီကားတွေကျတော့လည်း စွံအောင် မရောင်းနိုင်။ ပြောစမ်းပါ။ ရှင်တို့ ပန်းချီကားတွေကို ဘယ်သူကြိုက်လို့လဲ။ ဘယ်သူဝယ်လို့လဲ။ အကုန်လုံးပဲ။ စေဇန်းရော၊ ပီဆာရိုရော၊ မာနေးရော၊ မိုးနေရော၊ တယောက်မှ မစွံဘူး။ သူတို့ မယားတွေမှာဖြင့် ထမင်းဖိုးလေးရရ၊ လုပ်လိုက်ရတာ တကုန်းကုန်း။ ကလေးတွေကျတော့လည်း လူပေး သူပေး စားနေကြရတယ်။ ရှင်တို့ကတော့ မရောင်းရတဲ့ ပန်းချီကား အစုတ်ပလုတ်တွေ ဆွဲလို့၊ ပြောတော့ ကြီးကြီးကျယ်ကျယ်”
မက်တီက အန်ထုတ်သည်။
ဂေါ်ဂင်က နောက်မှီကုလားထိုင်တလုံးတွင် ထိုင်ရင်း သူ့မိန်းမမျက်နှာကို စိုက်ကြည့်နေသည်။
“ဟေ့ ဒီမှာ၊ မင်းပြောတဲ့ အစုတ်ပလုတ် ပန်ချီကားတွေကို တနေ့မှာ ပြတိုက်ထဲရောက်အောင် လုပ်ပြမယ် သိလား”
ဂေါ်ဂင်က ပြောသည်။ စောစောက သရော်သံပါသော်လည်း ယခုသူ့အသံတွင် ပိုင်းဖြတ်မှုပါနေသည်။
“ရှင်ဟာ ပန်းချီရူး ရူးနေတော့မှာလား။ ပန်းချီဆွဲဖို့ပဲ စိတ်ဝင်စားတော့မှာလား။ ဟင်း … ကလေးတွေ အတွက်တော့ မစဉ်းစားတော့ဘူးလား။ မယားအတွက်ကော ထည့်မစဉ်းစားတော့ဘူးလား”
မက်တီက မျက်နှာကို စိုက်ကြည့်ရင်း မေးသည်။
“မင်းကို ငါချစ်တယ်။ ကလေးတွေကိုလည်း ငါချစ်တယ်။ ဒါပေမယ့် ငါသေသွားရင် ကျန်ရစ်ခဲ့ချင်တယ်။ ကလေးတွေလောက် ကျန်ရစ်ခဲ့လို့ မဖြစ်ဘူး။ ငါဟာ ပန်းချီရူး ရူးနေတယ်။ ငါဟာ ပန်းချီဆရာတယောက်၊ ငါ့အိတ်ထဲမှာ တပြားမှ မရှိပေမယ့် အရင်က ဂေါ်ဂင် မဟုတ်တော့ဘူး။ ပန်းချီဆရာ ဖြစ်နေပြီ။ ပိုက်ဆံမရှိလို့ မင်းအမေကြီးက ငါ့ကို အထင်သေးတာ မသေးတာတော့ ငါ့တာဝန်မဟုတ်ဘူး”
“အို သေးစရာလုပ်ရင် သေးမှာပဲ။ ကိုယ့်သားကိုယ့်မယားကိုမှ ထမင်းဝအောင် မကျွေးနိုင်တဲ့ လူတယောက်ကို အထင်မသေးရင် ဘယ်သူ့ကို သွားအထင်သေးရဦးမှာလဲ။ မအောင်မြင်တာဟာ မအောင်မြင်တာပဲ။ ရှင့်ပန်းချီကို စွန့်ပါ။ ရှင် မအောင်မြင်ဘူးဆိုတာကို ၀န်ခံပါ။ ရှက်စရာ မဟုတ်ပါဘူး”
မက်တီက ပြောသည်။
“ဒီမှာ မက်တီ၊ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ ပန်းချီကားတွေ ရောင်းရတာ မရောင်းရတာနဲ့ မဆိုင် ပါဘူး။ အနုပညာကို ငွေနဲ့ တိုင်းထွာလို့ မရပါဘူး”
“သြ ပိုက်ဆံမရတာတော့ ၀န်ခံသားပဲ။ ပန်းချီဆရာတယောက်အနေနဲ့ ရှင် မအောင်မြင်ဘူး။ နောင်နှစ်ခါကျရင် လည်း ရှင်မအောင်မြင်ဘူး။ ဗေဒင်ဟောလိုက်မယ် မှတ်ထား”
မက်တီက စားပွဲအံဆွဲထဲက စာတစောင်ကို ထုတ်ပြသည်။ စာရွက်ထူထူ၊ အိတ်တွင် ရွှေဖောင်းကြွ တံဆိပ်တခု ရိုက်ထားသည်။
“ရော့ဖတ်ကြည့်၊ အယ်နာဆီက စာ။ အီမီးလ်အတွက် ကျောင်းလခ မပေးနိုင်တော့ဘူးတဲ့။ အဲဒါ အီမီးလ်ကို ကျောင်းက နှုတ်ရတော့မယ်”
အယ်နာမှာ မက်တီမိတ်ဆွေထဲက ချမ်းသာသူတဦးဖြစ်သည်။ မြို့စားကတော် ဖြစ်နေသည်။
“သူ ဘာဖြစ်လို့ စိတ်ပြောင်းသွားရတာလဲ။ သူပဲ ကျောင်းထားပေးမယ် ပြောလို့ ထားတဲ့ဟာပဲ”
“ပြောင်းမှာပေါ့။ ရှင်လုပ်တာတွေက ဟုတ်မှ မဟုတ်ဘဲ။ ရှင် ဗရင်ဂျီဘာသာဝင် ဖြစ်နေတာကို အယ်နာက အစကတည်းက သဘောမကျဘူး။ ခုတော့ ရှင်က ဗရင်ဂျီဘာသာဝင်တောင် မဟုတ်တော့ဘူး။ ဒီတော့ သူလည်း အားပေးအားမြှောက် ၀င်မလုပ်ချင်ဘူးပေါ့”
“ဒါ ဘာဆိုင်လို့လဲကွ။ ငါဖာသာငါ ဘယ်ဘာသာဝင်ဖြစ်ဖြစ်၊ သူ အနေသာကြီးပဲ။ ငါက လွတ်လွတ်လပ်လပ် တွေးခေါ်ချင်တယ်”
ဂေါ်ဂင်က အသံတိုးတိုးဖြင့် ပြောသည်။
“ကျွန်မတို့ တိုင်းပြည်မှာတော့ ဘာသာတရားဟာ အရေးကြီးတယ်။ ရှင့်ကို အစကတည်းက ပြောသားပဲ။ ဘုရားရှိခိုးကျောင်းတက်ဖို့၊ ဘုရားရှိခိုးကျောင်းသွားရင် ဘာသာတရားကိုင်းရှိုင်းဖို့”
“ဒီမှာ မက်တီ၊ ငါဘယ်အရာကိုမှ မယုံကြည်ဘူး။ တကယ်ယုံကြည်တယ်ဆိုရင်လည်း ငါ မင်းတို့လို ပရိုတက်စတင့် ဘာသာမ၀င်ဘူး။ ဗရင်ဂျီဘာသာထဲကိုပဲ ၀င်မှာပဲ။ ပရိုတက်စတင့်လို့ ပြောပြီး မတရား လုပ်နေ ကြတဲ့ ရွှေပွဲစားတွေကို ငါပါရီရွှေဆိုင်တန်းမှာ မြင်ခဲ့ဖူးပေါင်း များလှပြီ”
“တော်တော့ရှင်၊ ဒါတွေ မပြောနဲ့တော့”
“ဟုတ်တယ်၊ ငါမပြောချင်ဘူး။ ကိုယ်ကြိုက်သလို နေပါ။ ကိုယ်ကြိုက်ရာကို ကိုးကွယ်ပါ။ ငါဘာမှာ မပြောဘူး။ ငါ့ကိုလည်း လာမပြောကြနဲ့”
ဂေါ်ဂင် ခေါင်းငိုက်ဆိုက်ချ၍ စဉ်းစားနေသည်။ ကျောင်းထားပေးမည့်သူ မရှိလျှင် သူ့သားကြီး အီမီးလ် အိမ်ပြန်လာလျှင် ၀န်ထုပ်တခုတိုးဦးမည်။ ပြဿနာတခု ထပ်တက်ဦးမည်။ ပေါက်ကွဲတောက်လောင်စရာ ဆီစက် တစက်တိုးလာဦးမည်။ သူ့သားကြီးက ကျောင်းမှာပျော်သည်။ ဒိန်းမတ်ကျောင်းသားတွေနှင့် နေသားတကျ ဖြစ်နေပြီ။ တကယ်တော့ သူ့သားကိုသူပျော်ရာမှာ ထားသင့်သည်။
အတန်ကြာမှ ဂေါ်ဂင်က မော့ကြည့်ကာ …
“အီမီးလ်ကို ကျောင်းမှာ ဆက်ထားမယ်။ ရေတပ်ကို သွင်းတဲ့အထည်စတွေအတွက် ရေတပ်ဝန်ကြီးရုံးက ချက်လက်မှတ်တစောင် ရစရာရှိတယ်။ မနက်ဖြန်ထုတ်ပြီး ကျောင်းကို ပို့လိုက်မယ်”
“မှန်မှန်ပေးနိုင်မှ လုပ်နော်။ တော်တော်ကြာ ပေးချည်တလှည့် မပေးချည်တလှည့်ဆိုရင် ကလေးမျက်နှာငယ် တယ်”
“ပေးမှာပေါ့။ ရိုဝင်က ကုမ္ပဏီကိုလည်း ငါစာရေးမယ်။ ငါရစရာ ကော်မရှင်တွေ ကျန်သေးတယ်”
စင်စစ် ကုမ္ပဏီကိုလည်း အောက်ကျနောက်ကျခံ၍ စာမရေးချင်။ သူ့ရစရာ ကော်မရှင်ကြေး ဆိုသည်မှာလည်း များများစားစား ရှိလှသည် မဟုတ်။ သို့ရာတွင် ကုမ္ပဏီက ငွေချေနှေးသည့် ပြင်သစ်အစိုးရနှင့်သာ ဆက်ဆံဖူး သည်။ ဒိန်းမတ်အစိုးရက ချက်ချင်းငွေချေသည်။ သည်ငွေများကို ကုမ္ပဏီသို့ မသွင်းသေးပဲ လှည့်သုံးထားမည် ဟု စိတ်ကူးရသည်။ နိုင်ငံခြားရောက် အရောင်းကိုယ်စားလှယ်များ အားလုံးလိုလို ငွေကို လှည့်သုံးတတ်ကြ သည်။
သူတယောက်တည်းမဟုတ်။ ကောင်းတော့မကောင်း။ သို့ရာတွင် မတတ်နိုင်။ သည်တနည်းသာ ရှိတော့သည်။
“ဘယ်နှယ့်လဲ ကျေနပ်လား”
“ကလေးကတော့ ကျေနပ်မှာပေါ့လေ”
မက်တီက ခပ်အင်အင် ဖြေသည်။ မက်တီသည် သူ့ယောက်ျားကို ဒုက္ခလှလှကြီး တွေ့စေချင်ပုံရသည်။ နာကျည်းမှ ကိုယ့်ကိုယ်ကို နလံထူအောင် ကျိုးစားလာမည်။ နောက်ထပ်အောက်ကို ဆင်းစရာမရှိတော့သည် အထိ ဒုက္ခတွေ့မှ အပေါ်ကို ပြန်တက်လာလိမ့်မည်ဟု ထင်ပုံရသည်။ သူ့မယားသည် သည်လို စိတ်ကူးဖြင့် သူ့ကို စိတ်ညစ်စရာ ပြဿနာတွေ တခုပြီးတခု တင်ပြသည်လော မပြောတတ်။ သည်လိုဆိုရင်တော့ သူ့မယား တွက်ကိန်းမှားပြီဟု သူထင်သည်။ ဂေါ်ဂင်သည် နောက်ထပ် ဆင်းစရာမရှိတော့သည်အထိ အောက်ဆုံးသို့ ရောက်သည့်တိုင် အပေါ်သို့ ပြန်တက်ရန် ကျိုးစားမည့် သူမျိုးမဟုတ်။ အောက်ဆုံးရောက်တော့လည်း အောက်မှာပင် ပျော်ပျော်ကြီးနေမည့်လူစား ဖြစ်သည်။
“ငါ့မှာလည်း ပိုက်ဆံရစရာလေးတွေ ရှိပါသေးတယ်။ ပန်းချီကလပ်က ငါ့အတွက် “တကိုယ်တော်ပြပွဲ” တခုလုပ်ဖို့ စီစဉ်ထားတယ်။ အဲဒီပြပွဲကျရင် ငါ့ကားတွေ နည်းနည်းပါးပါး ရောင်းရမှာပါ”
“ပန်းချီကလပ်မှာ ဘာလို့ သွားပြနေဦးမှာလဲ။ ပန်းချီကလပ်ဝင်တွေနဲ့ ဘာလို့ ပတ်သက်ဦးမှာလဲ။ ကိုပင်ဟေဂင်မှာ ပန်းချီဆိုင်ခန်းတွေ ပြည့်လို့၊ အဲဒီမှာ သွားပြပေါ့။
ဂေါ်ဂင်က သက်ပြင်းချသည်။
“ဆံပင်ရှည်ထားပြီး မုတ်ဆိတ်ရှည်ထားတာနဲ့ လူတယောက်ဟာ အိတ်ထဲမှာ လက်ပစ်ဗုံးထည့်လာ တဲ့သူ ဖြစ်ရတော့မှာလားကွာ။ တကယ်တော့ ပန်းချီကလပ်မှာ ဒါမျိုးကို သိတဲ့သူတောင်ရှိမှာ မဟုတ်ဘူး။ ငါတို့ အမျိုးသားပန်းချီပြတိုက်ကြီးမှာ ပြလှည့်ပါလို့ ဖိတ်တဲ့လူရှိရင်လည်း အကောင်းသားပေါ့”
နံရံကပ်နာရီကြီး တနာရီထိုးသည်။ မက်တီက ဖောင်တိန်ကို ကောက်ကိုင်ကာ ကလောင်သွားကို လက်မဖြင့် စမ်းသည်။
“မက်တီစာရေးရဦးမယ်။ ခုအခန်းက မနက်ဖြန် မနက်သတင်းစာထဲပါမယ့် အခန်း”
ဂေါ်ဂင်က သူ့မယားကို ငုံ့၍နမ်းလိုက်သည်။ သို့ရာတွင် မက်တီက အနမ်းမခံ။ မျက်နှာကို တဖက်သို့ လှည့်လိုက်သဖြင့် သူ့နှုတ်ခမ်းက ပါးပြင်ကို ထိသွားသည်။
မက်တီ ဆံပင်နံ့က သင်းပျံ့ပျံ့၊ သူ့ကို ယစ်မူးစေသည်။ ဂေါ်ဂင်သည် ခဏရပ်နေပြီးနောက် ချာခနဲ လှည့်ထွက် လာသည်။ အခန်းတံခါးဝသို့ မရောက်ခင် တဂျစ်ဂျစ်မြည်နေသော ကလောင်သွားသံကို ကြားနေရသည်။ ဂေါ်ဂင်တယောက် ဆရာမက ပြန်လွှတ်လိုက်သော ကျောင်းသားကလေးတယောက်လို ခံစားရသည်။ ။
မူရင်းအင်္ဂလိပ်ဝတ္ထုနဲ့ ဒိန်းမတ်ဘာသာပြန်ကိုပါ ဖတ်ကြည့်ချင်ရင်...
![]() |
| Gauguin |
Youtube ပေါ်မှ ဂေါ်ဂင်၏ ပန်းချီကားများ ...
Sunday, June 22, 2008
(၅) ဂျပန်လက်အောက်သတင်းစာများ (ကြေးမုံဦးသောင်း)
စစ်ကြီးအတွင်းတွင် ဂျပန်စစ်တပ်က မြန်မာနိုင်ငံကို သိမ်းပိုက်ရာတွင် နိုင်ငံရေးအင်အားစု အချို့က ဂျပန်နှင့် ပူးပေါင်းခဲ့သော်လည်း သတင်းစာများက ဂျပန်ကျူးကျော်သူများကို တင်ကြိုပြီး ဆန့်ကျင်ခဲ့ကြသည်။ မြန်မာသတင်းစာများက တရုတ် - ဂျပန်စစ်ပွဲသတင်းများမှ ဂျပန်တို့က ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်သည် များကို ဖော်ပြဆန့်ကျင်ကြသည်။ အထူးသဖြင့် ၁၉၃၈ ခုနှစ်ဆန်းကာလက ဂျပန်စစ်တပ်ကြီးက တရုတ်ပြည်၊ နန်ကင်းမြို့တော် တမြို့လုံးကို သတ်ဖြတ်ပွဲကြီး ကျင်းပခဲ့သည်ကို မြန်မာသတင်းစာများက ဓာတ်ပုံနှင့်တကွ ဖော်ပြကာ ပြစ်တင်ရှုတ်ချကြလေသည်။
မြို့သူမြို့သား သုံးသိန်းတို့ကို ဂျပန်စစ်တပ်များက ကိုယ်တပိုင်းမြေမြုပ်ကာ သံချပ်ကာကားများနှင့် နင်းကာသတ်ခြင်း၊ သေနတ်လက်တည့်စမ်း ပစ်မှတ်အဖြစ် ပစ်ခတ်ကာ သတ်ဖြတ်ကြခြင်း၊ လျှာနှင့် လည်ချောင်းကို သံချိပ်နှင့် ဖောက်ဆွဲကာ ချိပ်ဆွဲထားပြီး လှံစွပ်နှင့်ထိုးသတ်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ အမျိုးသမီးမှန်သမျှကို မတရားပြုကျင့်ပြီးမှ သတ်ဖြတ်ခြင်း စသည်တို့ကို သတင်းဓာတ်ပုံများနှင့် တကွ ဖော်ပြကာ ဖက်ဆစ်တို့၏ ဆိုးယုတ်ပုံများကို ရဲဝံ့စွာဖော်ပြခဲ့ကြသည်။
ဥရောပတွင် ဂျူးလူမျိုးများနှင့် မိမိတို့ အနိုင်ရသော နိုင်ငံငယ်များကို ဂျာမနီစစ်တပ်ကြီးက နှိပ်စက်ပုံများ ကိုလည်း ဖော်ပြကြကာ ဖက်ဆစ်တို့ ကျင့်မှုမြဲဓလေ့တို့ကို ပွင့်လင်းစွာ ရေးသားကာ လူထုကို ပညာပေးခဲ့ကြ သည်။
သတ္တိကြီးမားသော သတင်းစာဆရာ ဦးဘတင်က ဂျပန်များ မြန်မာနိုင်ငံသို့ လာရောက်တိုက်တော့ မည်ကို ခန့်မှန်းသိရှိပါလျက်နှင့် ဂျပန်တို့ အန္တရာယ်ကို မြန်မာလူထုသိရှိစေရန် ဂျပန်သူလျှိုအမည်နှင့် နိုင်ငံရေး စာအုပ်တအုပ်ကို ရေးသားထုတ်ဝေခဲ့ပေသည်။ ဖက်ဆစ်တို့၏ ကျင့်ထုံးနှင့် အန္တရာယ်ကို စာအုပ်တအုပ်ဖြင့် လူထုကို သတိပေးခဲ့သူ သူရဲကောင်းကြီး ဦးဘတင်ကို ဂျပန်များ ၀င်လာသည်နှင့် ရှာဖွေဖမ်းဆီးခဲ့သည်။ ပြင်းထန်စွာနှိပ်စက်ခံရပြီး အသက်ဆုံးရှုံးခဲ့ရရှာသည်။ လူထုအတွက် အသက်ပေးကာ ရေးသားနှိုးဆော် ခဲ့သော မြန်မာသတင်းစာသူရဲကောင်းကြီးပါပေ။
ဂျပန်စစ်တပ် အစိုးရအုပ်ချုပ်သော ဂျပန်ခေတ်တွင် သတင်းစာများကို ပုံမနှိပ်မီ သတင်းများကို ဂျပန်ဆင်ဆာရုံးသို့ ပို့ရကာ ဆင်ဆာက စစ်ဆေးပြီးမှ ပုံနှိပ်ရလေ့ရှိသည်။ စာစီပြီးမှ သတင်းစာကို တင်ပြရရာတွင် စာစီပြီး ပုံနှိပ်ရန် အသင့်ဖြစ်မှ မိတ္တူကို စစ်တပ်သို့ တင်ပြရလေသောကြောင့် ဆင်ဆာအဖွဲ့က ဖြတ်တောက်သော စာပိုဒ်များကို ပြန်လည်ပြင်ဆင်ရန် အချိန်မရှိတော့သဖြင့် အဖြူကွက်လပ်များနှင့် သတင်းစာ များ ထွက်လာရလေ့ရှိ၏။
အဖြူကွက်ကြီးများနှင့် ထွက်လာသော သတင်းစာတို့မှာ ဖက်ဆစ်တို့၏ ဆင်ဆာစနစ်ကို သက်သေပြ နေသဖြင့် စာဖတ်ပရိသတ် လူထုက လှောင်ပြောင်ရယ်မောကြစေကာမူ အများပြည်သူတို့ ထင်မြင်ချက်ကို အလေးမထားသော ဂျပန်စစ်အစိုးရက ဂရုမပြုမိကြပေ။
ဂျပန်စစ်တပ်နှင့် ရုပ်သေးအစိုးရကိုမူ ဝေဖန်ခွင့်မရှိ၊ သူတို့အား ဝေဖန်သော စာမူများနှင့် သူတို့ မသိစေလိုသော စစ်သတင်းများကိုသာ ဆင်ဆာဖြတ်ခဲ့သည်။ ယင်းကဲ့သို့ တင်းကျပ်စွာ စိစစ်သည့်အကြားမှ သတင်းစာဆရာကြီး ဇ၀နက သူ၏ ပင်တိုင်ဆောင်းပါးများမှ ဂျပန်စစ်အစိုးရကို နေ့စဉ်ဝေဖန် ပြစ်တင်နိုင်ခဲ့သည်။
ဟာသပါရဂူတဦးဟု ချီးကျူးကြသော ဆရာဇ၀နက သူ၏ဦးခေါင်းနှင့် ၀မ်းဗိုက်တို့ စကားပြောခန်းကို ရယ်ရွှင်ဖွယ် ရေးသားလေ့ရှိသည်။ ချက်ကြီးက ခေါင်းကြီးကို “ဆရာရယ် … ကျနော့်မှာ ကန်ဇွန်းရွက်ကိုသာ နေ့တိုင်းစားနေရတာကြောင့် ပြားချပ်နေပါပြီ။ တခါတလေ သားလေးငါးလေး စားပါရစေ” တောင်းပန်လေ့ရှိ သည်။ သနားသဖွယ် တောင်းပန်ပါတယ်။ “ဆရာရယ် တနေ့တလေ ထောပတ်လေးများ…” ဟု တောင်းပန်စဉ် တွင် “ဟေ့ကောင်… တော်၊တန်၊တိတ်။ မင်းနဲ့ ထောပတ်တန်သလားကွ” စသည်ဖြင့် ပြက်လုံးကလေးများကို ရေးသားကာ ဖက်ဆက်ဂျပန်စစ်အစိုးရလက်ထက်၌ ပြည်သူလူထုကြီး ငတ်မွတ်နေသည်ကို ဝေဖန်လေသည်။ ယင်းပြက်လုံးကလေးများကို ဆင်ဆာရုံးမှ ဂျပန်စစ်ဗိုလ်များ နားမလည်သောကြောင့် ခွင့်ပြုသဖြင့် လူထုမှာ ထူးခြားသော ဟာသရသကို ခံစားကြသည်။
ဂျပန်ခေတ်က သတင်းစာဆရာတို့၏ သတ္တိကို ပြသနိုင်ခဲ့စေကာမူ လမ်းပန်းဆက်သွယ်မှု ပြတ်တောက် ခြင်း၊ သတင်းစာစက္ကူ ရှားပါးခြင်းတို့ကြောင့် သတင်းစာလုပ်ငန်း တိမ်ကောခဲ့ပေသည်။ ရရှိနိုင်သမျှ စက္ကူများပေါ် တွင် မြန်မာသတင်းစာဆရာများ ရေးသားအားထုတ်ကြသည်။ မီးခြစ်ထုပ်သော စက္ကူနှင့် ပုံနှိပ်သော ဆေးရောင် အမျိုးမျိုး သတင်းစာများ ထွက်ခဲ့ရသည်။
အခက်အခဲများအကြားမှ ထုတ်ဝေကြစဉ်က မြန်မာသတင်းစာဆရာများသည် ဖက်စစ်ဂျပန်များ လှံစွပ် တို့ကို ကြောက်လန့်သူများ မဟုတ်ကြသည်ကို ဂုဏ်ယူသင့်ကြရပေမည်။ ။
Saturday, June 14, 2008
အောင်ဝတ္ထု
ယခုလည်း ဒိန်းမတ်ရောက်မြန်မာနိုင်ငံမှ ဒုက္ခသည်မိသားစု တစု၏ အောင်မြင်မှုအကြောင်းကို ဇွန်လ ကိုးရက်နေ့ထုတ် JydskeVestkysten သတင်းစာတွင် ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။
မြန်မာနိုင်ငံမှ ချင်းတိုင်းရင်းသား ဇအောက်ထန်း (Za Uk Thang) နှင့် မိသားစု ဒိန်းမတ်နိုင်ငံသို့ ၂၀၀၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့ တွင် ရောက်ရှိလာပါသည်။ ဒိန်းမတ်ရောက်ပြီး ၂ နှစ်အတွင်း သူတို့မိသားစု ဒိန်းမတ်စာနှင့် စကားကို သင်ကြားကြသည်။ နောက်တော့ ဇအောက်ထန်း Danish Crown ကုမ္ပဏီ၌ အလုပ်ရသည်။ ဒိန်းမတ်စာသင်တန်းများပြီးဆုံးသွားတော့ ယာဉ်မောင်းလိုင်စင် ၀င်ဖြေကာ ကားဝယ်သည်။ ယမန်နှစ်က သူ့ဇနီးလည်း သူ့နှင့်အတူ အလုပ်ရပြီးနောက် ယခုတော့ သူတို့နေထိုင်ရာ Esbjerg မြို့တွင် ကိုယ်ပိုင်အိမ်ဝယ်လိုက်ပြီဖြစ်သည်။
“အလုပ်ကြိုးစားတာက ကျနော်တို့ ဒိန်းမတ်ကိုမလာခင်ကတည်းက ကျင့်သားရပြီးသားပါ” ဟု မကြာခင် ပြောင်းရွှေ့နေထိုင်တော့မည်အိမ်ကို ဆေးလာသုတ်နေသည့် ဇအောက်ထန်းက သတင်းထောက်ကို ပြောပြသည်။
မှတ်ချက် - သင်ကိုယ်တိုင်သော်လည်းကောင်း သင့်ပတ်ဝန်းကျင်၌သော်လည်းကောင်း “အောင်ဝတ္ထု” များ ရှိပါက သတင်းစာတိုက်သို့ ဆက်သွယ်ပြောနိုင်ရန် အီးမေးလ် လိပ်စာမှာ success@jv.dk ဖြစ်ပါသည်။
Sunday, June 8, 2008
(၄) သတင်းစာတို့၏ ပွဲဦးထွက်တိုက်ပွဲ (ကြေးမုံဦးသောင်း)
၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသောအခါ၌ ၁၈၆၁ ခုနှစ်က၊ အိန္ဒိယပြည်တွင် အင်္ဂလိပ်-အရှေ့အာရှကုမ္မဏီအစိုးရက ရေးသားခဲ့သော ပုဒ်မ ၁၂၄ (က) အကြည်ညိုပျက်စေမှု စသည့် အိန္ဒိယ ရာဇသတ်ကြီးတခုလုံးကို အမွေရရှိခဲ့ရာတွင် ယင်းအမွေဆိုးကို အုပ်ချုပ်သူများက လက်နက်ကောင်းများအဖြစ် သုံးစွဲခဲ့လေသည်။
နိုင်ငံတည်စကာလက ဒီမိုကရေစီစနစ်ကို တည်ဆောက်ခဲ့ကြစေကာမူ လက်စောင်းထက်သူ အာဏာရနိုင်ငံရေးသမားများက ဖောဖောသီသီအသုံးပြုခဲ့ကြပေသည်။ နိုင်ငံရေးခေါင်းဆောင်အများ ထောင်နန်းစံခဲ့ ရသည်။ သတင်းစာဆရာအများပါ ထိကြ၏။ ဒီမိုကရေစီခေတ်က သတင်းစာဆရများလည်း ခံကြရစေကာမူ ထောင်တွင်းတွင် ကြာကြာနေရလေ့မရှိဘဲ ညှာညှာတာတာထားလေ့ရှိသည်။ ဆရာကြီး လူထုဦးလှကိုမူ ကြာမြင့်စွာ ညှဉ်းဆဲခဲ့၏။ စံချိန်တင်ရမည့် ထောင်မင်းသားမှာ ဆရာဗန်းမော်တင်အောင် ဖြစ်သည်။ အသက် (၅၅) နှစ်ခန့်မှာ ကွယ်လွန်ရှာသူ ဗန်းမော်တင်အောင်၏ ထောင်သက်သည် (၂၁) နှစ်ရှိသည်ဟု ဆို၏။
၁၉၆၂ ခု၊ စစ်အစိုးရတက်လာချိန်တွင်မူ ဥပဒေဆိုးများကို လက်လွတ်စပယ် အသုံးပြုလေသဖြင့် ထောင်ပေါင်းများစွာသော နိုင်ငံရေးခေါင်းဆောင်များ၊ သတင်းစာဆရာ၊ စာရေးဆရာများ၊ အရာရှိအရာခံများ၊ အလုပ်သမား၊ လယ်သမားများပါ ဖမ်းဆီးခံခဲ့ကြရ၏။
“ထောင်အပြင် တန်းမရှိ” ဟု ဆိုရိုးရှိသည်။ စစ်အစိုးရများလက်ထက်တွင် ထောင်ထက်ဆိုးသော တကျွန်းထောင်စခန်းများ တည်ဆောက်ကာ ညှဉ်းပန်းခဲ့ကြသည်။
မည်သို့ပင်ရှိကြစေကာမူ မြန်မာတမျိုးသားလုံးသည် ကိုယ်မင်းကိုယ့်ချင်း နေနိုင်ရေးသည်သာ အဓိကဖြစ်သည်။ ယင်းသို့ လွတ်လပ်ရေးအတွက် နှစ်ပေါင်းများစွာ တိုက်ခဲ့ကြရာ၌ တိုက်ပွဲတလျှောက်လုံးတွင် သတင်းစာဆရာများက ဦးဆောင်ခဲ့ပေသည်။
အင်္ဂလိပ်အစိုးရထံမှ မြန်မာ့လွတ်လပ်ရေး ပြန်လည်ရရှိရေး တိုက်ပွဲကြီးတွင် မြန်မာသတင်းစာ များက ဦးဆောင်ပြီး တိုက်ခိုက်ကြရာ၌ ပထမဆုံးတိုက်ပွဲက ဖိနပ်မစီးရသော တိုက်ပွဲ ဖြစ်သည်။
မြန်မာမင်းများခေတ်က အင်္ဂလိပ်သံတမန်များအား ရှေ့တော်သို့ ၀င်ခွင့်ပေးသည့်အခါတွင် ဖိနပ်ချွတ် မှသာ ၀င်ရောက်ခစားခွင့် ပေးလေ့ရှိသည်။ သံအမတ်ကြီးအဆက်ဆက်တို့က မြန်မာမင်းများရှေ့သို့ ၀င်ရာ၌ ဖိနပ် စီးနင်းခွင့်ကို အကြိမ်ကြိမ်တောင်းဆိုကြသော်လည်း မြန်မာမင်းများက လိုက်လျောခြင်းမပြုခဲ့ပေ။ မြန်မာမင်းဆက် ကို ဖြုတ်ပြီးနောက် သူတို့အနိုင်ရသောအခါတွင်မူ နန်းတော်တွင်းသာမက ဘုရားကျောင်းကန်များတွင်ပါ အင်္ဂလိပ်တို့က ဖိနပ်စီးနင်းကာ ၀င်ရောက်ကြသဖြင့် မြန်မာများတို့ စိတ်မချမ်းမသာ ဖြစ်ခဲ့ကြရသည်။
၁၉၁၇ ခုနှစ်တွင် ပဲခူးမြို့ ၌ ငလျင်လှုပ်သောအခါ ရွှေမော်ဓောစေတီတော်လည်း ငလျင်ဒဏ်သင့် ခဲ့လေသည်။ ထို့ကြောင့် အင်္ဂလိပ်ဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်နှင့် ဇနီးတို့က သွားရောက်ကြည့်ရှုသော အခါတွင် စေတီတော်ရင်ပြင်ပေါ်၌ ဖိနပ်မချွတ်ခဲ့စေကာမူ ဘုရားလူကြီးများက ကြိုဆိုခဲ့ကြသည်။ ထိုအခင်းကို အခွင့်ကောင်းယူကာ မူလက မြန်မာများမကျေမနပ်ဖြစ်နေသော ဖိနပ်ကိစ္စကို သူရိယသတင်းစာက ဖော်ထုတ်ကာ တိုက်ပွဲဝင်ခဲ့လေသည်။ ဘုရင်ခံက ဘုရားပေါ်၌ ဖိနပ်စီးသည်ကို ဝေဖန်သရော်သော ရုပ်ပြောင်နှင့် ကဗျာကို သတင်းစာတွင် ဖော်ပြပြီး ပြစ်တင်ဝေဖန်လေသည်။ ကာတွန်းဆရာကြီး ရွှေတလေးက မျက်နှာဖြူဘုရင်ခံနှင့် ဘုရင်ခံကတော်ကို ဘုရားလူကြီးများက ကုန်းပေးပြီးကျောပိုးနေသည့်ပုံကို ရေးဆွဲထားကာ “သူတို့ ဖိနပ်မချွတ်လျှင် ဘုရားလူကြီးတွေ ကျောပိုးပါလား” ဟု လှောင်ပြောင်ထားလေသည်။ ရုပ်ပြောင်ကို “ဘကြီး မေတ္တာတုံးရဲ့ သစ္စာတုံး ဒီပနီတေးထပ်” ဟု ပြောင်မြောက်သော ကဗျာနှင့် သရုပ်ဖော်ပြန်ပါသေးသည်။
“ဖိနပ်ကို မစီးရငယ်လို့၊ နည်းကျကျဆွဲဆင်။
ကမ္ဗည်းသ အကဲတင်သည်၊ မရဲချင်လေကော။
နှစ်ပါးလုံး ဗိုလ်မောင်မယ်မှာ၊ ဟိုတောင်စွယ် ကုန်းမြင့်သာမော။
တကျွတ်ကျွတ် ဘွတ်ရွှတ်ဆင်သည်၊ မချွတ်ချင်ဟူသော။
ထွဋ်သခင် သူပြောတော့၊ ဂေါပကဖြစ်အင်။
ပုခုံးမှာ ကုန်းကာပို့မယ်ပ၊ ပြုံးပါလို့ ဦးချပန်ဆင်။
ကျွန်တော် (မျိုးကြီး) တို့ ကျောပြင်ကို၊ ဝေါယာဉ်လို ထင်မှတ်လို့။
သခင်မြတ် ကုန်းမြင့်သည်တောင်၊ ရုန်းပင့် ချီဆောင်၊
ဘိနပ်ချွတ်လှည့်နည်းပြောင်သည်၊ ၀ိနည်းရှောင် ကုန်းပုံတဲ့လေး။”
သူရိယသတင်းစာတွင် ထိုကဗျာနှင့် ကာတွန်းပါလာသောအခါတွင် အင်္ဂလိပ်ပုလိပ်မင်းကြီး မစ္စတာ ရှပ်တယ်လ်ဝပ်က အယ်ဒီတာ ဦးဘဘေနှင့် ဦးလှဘေတို့ကို ဆင့်ခေါ်ကာ “ဘုရင်ခံ၏ ဂုဏ်သရေကို ပျက်စေသော ကဗျာကို ဘာကြောင့် ပုံနှိပ်သနည်း” ဟု မေးတော့လေသည်။
ပုလိပ်မင်းကြီးက သူ၏ ရုံးစားပွဲတွင် ကုလားထိုင်နှင့် ထိုင်နေပြီး အယ်ဒီတာများကို ကုလားထိုင် မပေးဘဲ ကြမ်းပေါ်မှာ ခင်းထားသည့် သင်ဖြူးကို ညွှန်သည်ဆို၏။ ထိုအခါ အယ်ဒီတာများက ကြမ်းပေါ်သို့ဆင်းကာ မထိုင်ကြဘဲ မတ်တပ်ရပ်ပြီး ရှင်းပြောကြလေသည်။ “အင်္ဂလိပ်ဘုရင်ခံကို ရည်ရွယ်ရေးသည်မဟုတ်ပါ၊ ဂေါပက လူကြီးများကို ဝေဖန်သည်သာ ဖြစ်သည်။ ဂေါပကလူကြီးများ မကျေနပ်လျှင် အသရေပျက်မှုနှင့် တရားစွဲနိုင်သည်” ဟု ဖြေကြားသည်ကို ပုလိပ်မင်းကြီး အရေးမယူနိုင်ဘဲ လက်ပိုက်ကျန်ရစ်ရရှာတော့သည်။
သတင်း၏ ဂယက်မှာ ဆက်တိုက်ဖြစ်ပေါ်လာသည်။ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီးက ဦးစီးကာ လူထုအစည်းအဝေးများ ကျင်းပပြီး ရွှေမော်ဓောကုန်းတော်ပေါ်တွင် ဖိနပ်စီးမှုကို ကန့်ကွက်ကြောင်း အဆိုများ ဆုံးဖြတ်ကာ တိုက်ပွဲဆင်ကြသည်။ လူထုဆန္ဒပြပွဲအစည်းအဝေးများ၏ သတင်းများကို သူရိယတွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြကာ ၀ါဒဖြန့်ပေးသဖြင့် စည်းဝေးပွဲများ အမြို့မြို့တို့တွင် ဆက်တိုက်ကျင်းပကြတော့ သည်။ အစည်းအဝေးအကြိမ်ကြိမ် ကျင်းပတောင်းဆိုကြသဖြင့် အင်္ဂလိပ်အစိုးရက ဘုရားကျောင်းကန်များတွင် “ဖိနပ်မစီးရ” ဟု တရားဝင်ဆိုင်းဘုတ်များ ဆွဲချိတ်ကာ တားဆီးစေဟု လိုက်လျောခဲ့ရတော့သည်။
ယင်းတိုက်ပွဲသည် အင်္ဂလိပ်အစိုးရအပေါ် မြန်မာလူထုက ပထမဆုံး အနိုင်ရရှိလိုက်သည့် အောင်ပွဲ ဖြစ်၏။ ကာရန်တဆက်၊ စုတ်တချက်နှင့် တိုက်ခဲ့သော ထိုတိုက်ပွဲမှ စတင်ကာ သတင်းစာတို့၏ သြဇာနှင့် လူထုကြီး၏ အင်အားကြီးမားပုံကို မြန်မာများတို့ နားလည်သိရှိကာ ဆက်လက်တိုက်ခိုက်ကြရာမှ လွတ်လပ်ရေး တိုက်ပွဲများကို အစဉ်တဆက် ဆင်နွှဲဖြစ်ခဲ့ကြလေသည်။
လူမှုရေး၊ ဘာသာရေး၊ အခွင့်အရေးတောင်းဆိုချက်များမှာ နိုင်ငံရေးတောင်းဆိုချက်များဆီသို့ ပစ်မှတ်ပြောင်းခဲ့ကြလေသည်။ မိမိတို့ ကြမ္မာ မိမိတို့ ဖန်တီးခွင့်ကို ပြည်သူတို့က တောင်းဆိုခဲ့ကြသည်။ ပြည်သူတို့က ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ်များ အုပ်စိုးခွင့်ကို တောင်းကြသည်။ အင်္ဂလိပ်တို့က ပါလီမန်ဒီမိုကရေစီစနစ်ကို စတင်အုတ်မြစ်ချပေးစေကာမူ လူထုသို့ အာဏာလွှဲပေးရေးလုပ်ငန်းတွင် များစွာ နှေးကွေးလှသည်။ အင်္ဂလိပ်ဘုရင်ခံက အတိုင်ပင်ခံကောင်စီလူကြီး (၉)ဦးပါသော အဖွဲ့ကို ၁၈၉၂ ခုမှာ စတင်ဖွဲ့ခဲ့ရာ တွင် လူထုက ရွေးကောက်တင်မြှောက်ခြင်း မပြုရဘဲ အင်္ဂလိပ်၊ အိန္ဒိယနှင့် မြန်မာများမှ ခေါင်းခေါက်ပြီး ရွေးချယ် ခန့်ထားသည်။ ၁၉၁၅ ခုတွင် ယင်းအဖွဲ့ကို (၁၅)ဦးအထိ တိုးချဲ့ ခဲ့သည်။
ကောင်စီအဖွဲ့ဝင်များကို (၁၅) ဦးအထိ တိုးချဲ့ သည့်အခါ၌ (၁၃) ဦးတို့ကို ဘုရင်ခံက မိမိစိတ်ကြိုက် ခန့်ထားကာ အင်္ဂလိပ် (၂)ဦးကိုမူ ဥရောပကုန်သည်ကြီးများအသင်းက ရွေးချယ်စေဟု သီးခြားအခွင့်အရေးပေး သည်။ ပထမဦးဆုံးပေးသော ရွေးချယ်တင်မြှောက်ခွင့်ကို အင်္ဂလိပ်များကိုသာ ခွဲခြားပေးအပ်သော စနစ်မှ စတင်ပြီး သတင်းစာများက ဝေဖန်ရေးသားကြသဖြင့် မြန်မာများ ကိုယ်စားလှယ် ရွေးချယ်တင်မြှောက်ပိုင်ခွင့်ကို နိုင်ငံရေး အဖွဲ့အစည်းအဝေးများမှ တောင်းဆိုကြပြန်တော့သည်။
မျက်စိပွင့်လာသော မြန်မာလူထု၏ တောင်းဆိုချက်ကို အင်္ဂလိပ်တို့က တစတစ လိုက်လျောကြရ ပေသည်။ ၁၉၂၁ ခုနှစ်တွင် လူထုက ရွေးကောက်တင်မြှောက်သူ (၇၉) ဦးပါဝင်ပြီး အစိုးရခန့် (၂၄)ဦးပါဝင်သော ပါလီမန်စနစ်ကို ရရှိခဲ့လေသည်။ မြန်မာသတင်းစာများက မကျေနပ်နိုင်သေးဘဲ တင်းပြည့်ကျပ်ပြည့် ပါလီမန်စနစ်ကို တောင်းဆိုကြသည်။
ရွေးကောက်တင်မြှောက်သူ အမတ် (၁၃၂)ဦးကို အခြေခံသော ပါလီမန်ကို ၁၉၃၅ ခုနှစ်တွင် ရရှိခဲ့ လေသည်။ ဒီမိုကရေစီစနစ် ပီသစပြုလာသော ထိုအချိန်တွင် ရွေးကောက်ပွဲကျင်းပချိန်မှ စတင်ပြီးပါလီမန်အစည်း အဝေးများ၌ အစိုးရတင်မြှောက်ကြသည်အထိ ဝေဖန်ဆန်းစစ်ရသော ကြီးမားသော တာဝန်ရပ်များကို သတင်းစာ များက ထမ်းရွက်ခဲ့ကြသည်။
သတင်းစာတို့ ဆော်သြမှုကြောင့် လူထုကြီးက နိုင်ငံရေးကိစ္စသည် မိမိတို့အရေးကိစ္စဖြစ်သည် ဟု နားလည်လာကြ၏။ ၁၉၂၂ ခုနှစ်က အမတ် (၇၉)ဦး ကို ရွေးကောက်တင်မြှောက်ရစဉ်က မဲပေးခွင့်ရှိသူ (၆.၉၂) ရာခိုင်နှုန်းသာ မဲပေးခဲ့ရာမှ ၁၉၂၅ ခု၊ ရွေးကောက်ပွဲတွင်မူ မဲပေးခွင့်ရှိသူ (၁၆.၂၆) ရာခိုင်နှုန်းအထိ တိုးတက် လာခဲ့သည်။
၁၉၃၇ ခုနှစ်၊ (၉၁)ဌာန အုပ်ချုပ်ရေးခေတ်တွင် အမတ် (၁၃၂)ဦးတို့ကို ရွေးကောက်စဉ်က (၅၀) ရာခိုင်နှုန်းသော မဲဆန္ဒရှင်များက မဲပေးကြသည်။
နိုင်ငံရေးဒီရေ အတက်ဆုံးမှာ တည်မြဲ-သန့်ရှင်းကွဲကြသော ၁၉၆၀ ခုနှစ်၊ ရွေးကောက်ပွဲဖြစ်၏။ ထိုရွေးပွဲတွင် (၅၉)ရာခိုင်နှုန်း မဲပေးခဲ့ကြလေရာ မြန်မာတို့သည် ဒီမိုကရေစီအခွင့်အရေးကို နားလည်သိရှိသုံးစွဲ သော နိုင်ငံသားများဖြစ်ကြသည်ကို သက်သေပြခဲ့သည်။ ထိုရွေးကောက်ပွဲ၌ စစ်တပ်က နိုင်ငံရေးတွင် ၀င်ရောက်စွက်ဖက်မှုရှိသည်ကို ထောက်ခံအားပေးသော တည်မြဲဖဆပလတို့ (၃၁)ရာခိုင်နှုန်းသာ အရွေးခံရပြီး စစ်တပ်က နိုင်ငံရေးလောကတွင်းသို့ ၀င်လာသည်ကို ဆန့်ကျင်သော သန့်ရှင်းဖဆပလတို့ အဖို့ (၅၂) ရာခိုင်နှုန်း အရွေးခံရကာ ကွန်မြူနစ်အနွယ် ပမညတတို့က (၅) ရာခိုင်နှုန်းသာ အရွေးခံရသည်ကို ထောက်ရှုပါက မြန်မာလူထုက အာဏာရှင်စနစ်ကို မည်သည့်အသွင်နှင့်မှ လက်မခံခဲ့ဘဲ ဆန့်ကျင်ခဲ့သည်မှာ သိသာ ထင်ရှားပေသည်။
နိုင်ငံရေးအဖွဲ့များ တည်ထောင်လှုပ်ရှားကြခြင်းမှ ပြည်သူ့လွှတ်တော်အစည်းအဝေး အဆိုများ၊ ဥပဒေများ စသည်ဖြင့် များမြောင်လှသော အရေးကိစ္စများကို သတင်းစာများက ဝေဖန်ရေးသားကြရာတွင် အင်္ဂလိပ်အစိုးရနှင့် ထိပ်တိုက်တွေ့ကြရသည်လည်း ရှိသည်။ ဒီမိုကရေစီအခွင့်အရေး ပေးသည်ဆိုစေကာမူ ကာကွယ်ရေး၊ နိုင်ငံခြားရေး စသည့် အရေးကြီးသော အမှုကိစ္စများကို ဘုရင်ခံ၏ လက်တွင်သာ ထိန်းသိမ်းထား သည်။ အင်္ဂလိပ်၏ ကျွန်နိုင်ငံတခုအဖြစ်ကိုမူ အင်္ဂလိပ်တို့က လက်လွှတ်ပေးရန် ဆန္ဒမရှိသောကြောင့် လွတ်လပ်ရေးကို ဦးတည်သော သတင်းစာများကို အင်္ဂလိပ်အစိုးရက ဖိနှိပ်ချုပ်ချယ်သည်လည်း ရှိသည်။ သို့သော် ကျွန်ဘောင်ကြီးအတွင်းတွင် ရရှိခဲ့သော သတင်းစာလွတ်လပ်ခွင့်မှာ အတိုင်းအဆ ကြီးမားသည်။
ကျောင်းသားမဂ္ဂဇင်းတစောင်တွင် ဖော်ပြခဲ့သော ဆောင်းပါးတပုဒ်က ကြီးမားပြင်းထန်သည့် လူထုအုံကြွမှုကြီးကို ဖြစ်ပေါ်စေခဲ့သည်အထိ ကလောင်သွားထက်ခဲ့၏။
ရန်ကုန်တက္ကသိုလ် ကျောင်းသားများက ထုတ်သော အိုးဝေမဂ္ဂဇင်းတွင် တက္ကသိုလ်အာဏာပိုင် များကို သရော်ထားသော “ငရဲခွေးကြီး လွတ်နေပြီ” အမည်ရှိသည့် ဆောင်းပါးတပုဒ်ကို ဖော်ပြခဲ့သည်။ ထိုစာမူ ရေးသားသူကို သိလိုပါသည်ဟု တက္ကသိုလ်ကျောင်းအုပ်ကြီးက သမဂ္ဂမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းအား တောင်းဆိုလေသည်။ ယင်းဆောင်းပါးကို ရေးသူမှာ ညိုမြအမည်ရှိ ကျောင်းသားရေးသည်ကို ကျောင်းအုပ်ကြီးနှင့် တကွ ကျောင်းသားအများက သိရှိပြီးဖြစ်သည်။ ထိုကြောင့် စာရေးဆရာကို မရေးသင့်၊ မရေးအပ်သော စာပေကို ရေးသဖြင့် အရေးယူအပြစ်ပေးရန်အတွက် တရားဝင် တောင်းဆိုခဲ့၏။ အယ်ဒီတာက စာနယ်ဇင်းတို့ ကျင့်ထုံးကို ထိန်းသိမ်းကာ ဆောင်းပါးရှင်ကျောင်းသား၏အမည်ကို ထုတ်ဖော်ပြောခြင်း မပြုနိုင်ဟု ငြင်းဆိုသည်။
တက္ကသိုလ်အာဏာပိုင်များက အယ်ဒီတာကိုအောင်ဆန်းကို ကျောင်းက ထုတ်လိုက်သည်။ ယင်းသို့ အရေးယူလိုက်စဉ်တွင် တက္ကသိုလ်အာဏာပိုင်များကို ဝေဖန်ပြစ်တင် ဟောပြောနေသူ သမဂ္ဂဥက္ကဋ္ဌ ကိုနုကိုပါ ကျောင်းထုတ်ပြန်သဖြင့် အထွေထွေကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာပြီး အလုပ်သမား၊ လယ်သမားသပိတ် များပါ ကူးစက်ခဲ့ကာ နိုင်ငံတခုလုံး လှုပ်ရှားခဲ့သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံ အမည်နှင့် ပြည်လုံးကျွတ် ပါဝင်သော ကြီးမားသည့် အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။
သတင်းစာများ၊ မဂ္ဂဇင်းများ၏ သြဇာက ကြီးမားသဖြင့် လူထုလူတန်းစားတိုက်ပွဲများ အစဉ်အဆက် ဖြစ်ပေါ်စေခဲ့ပါသည်။ တဆူဆူ တပူပူ တိုက်ခိုက်နေကြချိန်တွင် ဒုတိယကမ္ဘာစစ်ကြီးမှ စစ်မီးကြီးသည် မြန်မာနိုင်ငံ သို့ ကူးစက်လာခဲ့လေတော့သည်။
ဤနေရာတွင် အင်္ဂလိပ်နယ်ချဲ့ ဗျူရိုကရက်များ၏ ဖြောင့်မှန်သော လုပ်ဆောင်ချက်များကို မှတ်တမ်းတင်သင့်ပေ၏။ ဆူပူမှုကြီးများ၏ စနက်တံဖြစ်သော ငရဲခွေးကြီးလွတ်နေပြီဟု အာဏာပိုင်ကျောင်းအုပ် ကြီးကို သရော်စာဆောင်းပါးရေးသူ ကိုညိုမြအား အင်္ဂလန်သို့ သတင်းစာပညာတော်သင် စေလွှတ်ခဲ့သည်။ ။

