Sunday, March 9, 2008

(၁) အမွန်အစပေါ်ဦးစ မြန်မာသတင်းစာများ (ကြေးမုံဦးသောင်း)

မြန်မာသတင်းစာတို့သည် လွတ်လပ်စွာ ဖွားမြင်လာခဲ့ကြပေသည်။
လွတ်လပ်ခွင့်ကို အစဉ်တဆက် ထိန်းသိမ်းလာသော အင်္ဂလိပ်တို့က သတင်းစာများကို ဗမာပြည်နှင့် မိတ်ဆက်ပေးခဲ့သည်။ ရန်သူတို့က ယူဆောင်လာသည်ဖြစ်စေကာမူ မြန်မာဘုရင်နှင့် မြန်မာများက အင်္ဂလိပ် သတင်းစာများကို ထူးခြားဆန်းပြားသော စိတ်ကူးတခုအဖြစ် များစွာ ကြိုက်နှစ်သက်ကြလေသည်။ ပွင့်လင်းသော မြန်မာစာပေနှင့် သန်စွမ်းသောဘာသာရေးအခြေအနေများသည် လွတ်လပ်သော သတင်းစာများ တိုးတက်စည်ပင်နိုင်သည့် မြေကောင်းရေကောင်း ဖြစ်နေလေသည်။ ထို့ကြောင့် အင်္ဂလိပ်တို့ သယ်ဆောင် လာသည့် သတင်းစာကို `တယ်ကောင်းပါလား´ ဟု ဆိုကာ စိတ်ဝင်စားကြလေသည်။
မြန်မာတို့သည် မြန်မာစာကို (၁၁) ရာစုနှစ် ပုဂံခေတ်က စတင်ရေးသားခဲ့ကြသည်။ ထိုခေတ်က ရှေးမြန်မာကြီးများသည် ကျောက်ပြားများပေါ်တွင် ထွင်းထုကာ စာရေးသားကြပြီး နောင်လာနောက်သား ဖတ်ရှုရန်အတွက် ထားရှိခဲ့ပေသည်။ ယခုထက်တိုင် ကျောက်စာပေါင်း (၅၀၀) ကျော်ကို ဖတ်ရှုနိုင်ကြသေး သည်။ `လွတ်မြောက်ပြီဖြစ်သော ငါသည် မလွတ်လပ်သေးသူတို့အား လွတ်စေအံ့´ ဟု အလောင်းစည်သူ ဘုရင်ကြီးက ခရစ်သက္ကရာဇ် ၁၁၅၀ ခုနှစ်က ရေးခဲ့သည်ကို ဖတ်ရှုကာ ဗုဒ္ဓအဘိဓမ္မာနှင့် မြန်မာတို့၏ လွတ်လပ်ရေးခံယူချက်ကို သိနိုင်ပေသည်။
Maulmain Chronicle အမည်ရှိသော သတင်းစာသည် ပထမဆုံး မြန်မာသတင်းစာ ဖြစ်လာသည်။ ၁၈၂၃ ခုနှစ်မှာ စတင်ပြီး ၁၈၂၆ ခုနှစ်မှာ ပြီးဆုံးသော ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲတွင် အောက်မြန်မာပြည်မှ နယ်မြေအချို့တို့ကို အင်္ဂလိပ်တို့က သိမ်းနိုင်ခဲ့သည်။ ယင်းသတင်းစာကို အင်္ဂလိပ်စစ်တပ်များ၏ အာဘော် အဖြစ် ထုတ်ဝေစဉ်က အမေရိကန် သာသနာပြုအဖွဲ့တခုက တည်းဖြတ်စီစဉ်ပေးခဲ့လေသည်။
ရန်ကုန်မြို့သို့ အင်္ဂလိပ်တပ်များ ပြောင်းရွှေ့ပြီး ရုံးစိုက်သောအခါတွင် အစိုးရသတင်းစာအများ ပေါ်လာပြီး ပုဂ္ဂလိကတို့ကပါ ၀င်ရောက်တည်ထောင်စပြုခဲ့ကြသည်။ ထိုအချိန်တွင် အထက်ဗမာပြည်သည် လွတ်လပ်သော နိုင်ငံတခုဖြစ်ပြီး တိုးတက်သော မြန်မာမင်းတပါးက အုပ်ချုပ်နေသည်။
ခရစ်နှစ် ၁၈၅၃ ခုကစပြီး ၁၈၇၈ ခုနှစ်အထိ အထက်ဗမာပြည်တွင် နန်းစံသူ မင်းတုန်းမင်းတရားကြီးသည် အင်္ဂလန်၊ အိန္ဒိယနှင့် ရန်ကုန်မှလာသော သတင်းစာများကို ပညာရှိ အမတ်မင်းများကို ဖတ်စေကာ လုံးစေ့ပတ်စေ့ ဘာသာပြန်ပြီး တင်လျှောက်စေသည်။
`ကျွန်ုပ်တို့သည် အသက်ဦးပိုင် အဆန်ဆုံး၊ သဘောထားအသေးဆုံး၊ မလိမ္မာဆုံး၊ အမြော်အမြင် အနည်းဆုံး၊ အရက်စက်ဆုံးနှင့် မတရားဆုံးသော အစိုးရ၏ အုပ်စိုးခြင်းကို ခံနေကြရပေသည်´ ဟု အောက်မြန် မာနိုင်ငံ အင်္ဂလိပ်အစိုးရကို The Rangoon Chronical သတင်းစာဆရာက ၁၈၅၃ ခု၊ ဇန်န၀ါရီလ (၅) ရက်နေ့ စွဲ သတင်းစာမှာ ပြင်းထန်စွာ ဝေဖန်ထားသည်ကို ဘုရင်ကြီးက နှစ်သက်အံ့သြတော်မူခဲ့သည်။ ထိုအချိန် ထိုအခါက မြန်မာနိုင်ငံသားတဦးအဖို့ မိမိ၏ဘုရင်ကို ပြန်လည်ဝေဖန်ရန် အမှုကိစ္စကို တွေးရန်ပင် မတွေးဝံ့ကြပါ။
အုပ်ချုပ်သူများကို ယခုကဲ့သို့ ပြန်လည်ဝေဖန်သည်မှာ သက်ဦးဆံပိုင်ခေတ်တွင် ရှိနေသော ရတနာပုံ နေပြည်တော်အဖို့ ကြီးမားသော တော်လှန်ရေးကြီး ဖြစ်နေပေသည်။ ဘုရင်နှင့်တကွ အမတ်များသည် ရန်သူ၏ နယ်မှ လာသော သတင်းစာများကို တအံ့တသြ စိတ်ဝင်စားမိခဲ့ကြသည်။
အစိုးရကို ပြင်းထန်စွာ ဝေဖန်ခဲ့သော ရန်ကုန်မှ သူရဲကောင်းကြီး၏ အကြောင်းကမူ သီးခြားဇာတ်လမ်း ဖြစ်ပေသည်။ ထိုသတင်းစာထုတ်ဝေသူမှာ မစ္စတာလူးဝစ်ဆိုသူ ရှေ့နေတဦးဖြစ်၏။ ပြင်းထန်သော စကားလုံး များကို အသုံးပြုကာ ဝေဖန်ပြစ်တင်သည်မှာ ရည်ရွယ်ချက်ရှိပေသည်။ သူသည် ကြီးပွားလိုသော ရည်မှန်းချက် နှင့် သတင်းစာထုတ်ဝေသူဖြစ်သည်။ သူ၏ အကြောင်းကို သိရှိနားလည်သော အင်္ဂလိပ်အာဏာပိုင်တို့က သူ့ကို အစိုးရရာထူးတခု ပေးအပ်ပြီး နှုတ်ပိတ်လိုက်ရာမှ ဝေဖန်သံ ဆိတ်သွားခဲ့သည်။
ဇာတ်လမ်းကို မသိရှာသော ဘုရင်ကြီးမှာမူ သတင်းစာများနှင့် သတင်းစာဆရာများ၏သတ္တိကို အသည်းစွဲနေလေတော့သည်။
ထိုထက် စောစောကပင် အထက်မြန်မာပြည်သို့ ပုံနှိပ်စက်တလုံးရောက်ရှိနေခဲ့ပြီ ဖြစ်၏။ မစ္စတာ ယုဒသန်ဆိုသူ အမေရိကန်သာသနာပြုဆရာတဦးက ခရစ်ယာန်ဘာသာ တရားစာများ ပုံနှိပ်ရန် တည်ထောင် ခဲ့သည်။ ထိုစက်အတွက် ဘုရင်က ငွေကြေးထောက်ပံ့ခဲ့သောကြောင့် ယင်းပုံနှိပ်စက်တွင် မြန်မာဓမ္မသတ်များ၊ ဥပဒေများလည်း ပုံနှိပ်သည်။ ပထမဆုံးမြန်မာဘာသာနှင့် ပုံနှိပ်သော `နိဗ္ဗာန်ဘုံသို့ သွားရာလမ်း´ အမည်ရှိ သော ခရစ်ယာန်ကျမ်းစာအုပ်ကို ၁၈၁၆ ခုနှစ်က ထုတ်ခဲ့သည်။
သတင်းစာကို ကြိုက်နှစ်သက်နေသော ဘုရင်ကြီးအဖို့ မိမိနန်းမြေတွင် ပုံနှိပ်စက်ကလည်း အသင့်ရှိ နေသဖြင့် ဆောလျင်စွာ သတင်းစာလုပ်ငန်းကို တည်ထောင်တော်မူလေသည်။ ဘုရင်၏ အာဘော်ဖြစ်သော ရတနာပုံ နေပြည်တော်သတင်းစာ အင်္ဂလိပ်ဘာသာနှင့် Mandalay Gazette ကို ၁၈၇၄ ခုနှစ်တွင် စတင်ထုတ် ဝေခဲ့သည်။ နောက် (၄)နှစ်အကြာကာလတွင် ရန်ကုန်တွင်လည်း အင်္ဂလိပ်တို့ပိုင်သော သတင်းစာများကို တုံ့ပြန်ရန် ရည်ရွယ်ချက်နှင့် မြန်မာသံတော်ဆင့် သတင်းစာကို ရန်ကုန်မြို့တွင် အခြေစိုက်ပြီး မင်းတုန်းမင်း ကပင် ထုတ်ခဲ့သေးသည်။
ထိုသတင်းစာများကို သက်ဦးဆံပိုင် မြန်မာဘုရင်က ပိုင်သော်လည်း သတင်းစာများသည် လွတ်လပ်စွာ ရေးသားခွင့်ရှိသည်ဟု လွတ်လပ်စွာရေးသားခွင့်ကို ဥပဒေပြုကာ ပေးအပ်ခဲ့၏။ ပုဒ်မပေါင်း (၁၇)ချက်ပါဝင်သော သတင်းစာများ လွတ်လပ်ခွင့်ဥပဒေကို ထုတ်ပြန်အတည်ပြုခဲ့ရာတွင် ယင်းဥပဒေပုဒ်မ (၃)တွင် (၃) ချက်၊ ဥရော ပတိုက်၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ယိုးဒယားနိုင်ငံ စသည်များက အရပ်ရပ်အကြောင်းအရာကို ကြားသိရသဖြင့် နိုင်ငံသားတို့ အလုပ်အကိုင်၊ အကူးအသန်း၊ အကြံအစည်တိုးတက်ရန် အကျိုးအတွက် ထုတ်ဝေသော သတင်း စာဖြစ်သည်ဟု ဖော်ပြထားလေသည်။
အရာရှိဆိုးများကို သတင်းစာက ဖော်ထုတ်ရေးသားကာ ပြစ်တင်ရှုတ်ချ ဝေဖန်ရေးသားရန် အခွင့်ပေး သော စာပိုဒ်ကိုလည်း ဥပဒေပုဒ်မ (၈)တွင် `ပြည်သူတို့တွင် မတော်ပြုကျင့်သူရှိခဲ့လျှင် ၎င်းသတင်းစာက ကဲ့ရဲ့ ကြေညာ၍ ပြုမိသူနှင့်တကွ လူအများရွံ့ကြောက်ကြသဖြင့် အတိုင်းအထက်အလွန်ကောင်းမွန်ကြရန်အကျိုး´ ဟု ဖော်ပြပါရှိလေရာ ယနေ့သတင်းစာလောကအတွက်ပင် ပြီးပြည့်စုံသော သတင်းစာဥပဒေဖြစ်ပေသည်။ ထို့ပြင် ညီလာခံ အစည်းအဝေးတခု ကျင်းပစဉ်တွင် သတင်းစာဆရာတို့၏ လွတ်လပ်ခွင့်ကို သိဒ္ဓိတင်ပေးခဲ့သေး သည်။
`ငါမကောင်းက ငါ့အကြောင်း ရေး။ ငါ၏မိဖုရားတွေ မကောင်းလျှင် သူတို့အကြောင်းကိုရေး။ ငါ့သားတော်၊သမီးတော်များ မကောင်းလျှင်လည်း သူတို့အကြောင်းကို ရေး။ လွှတ်တော်တရားသူကြီးတွေ၊ မြို့ဝန်တွေ မကောင်းလျှင်လည်း ဒင်းတို့အကြောင်းကိုရေး။ မှန်ကန်တဲ့အကြောင်းကို ရေးတာကြောင့် သတင်း စာဆရများကို မည်သူကမှ အရေးမယူစေရ။ သတင်းစာဆရာများကို နန်းတော်တွင်းသို့ လွတ်လပ်စွာ သွားလာ ခွင့်ရှိကြစေ´ ဟု စေတလုံးပေးခဲ့ပေသည်။
မြန်မာမင်းများလက်ထက်တွင် လွတ်လပ်စွာ ရေးသားကြစေဟု အထူးအခွင့်အရေးကို ရွှေစာလုံးများနှင့် ရေးသားထားခဲ့သော ဥပဒေနှင့် မြန်မာသတင်းစာများ ပေါက်ဖွားလာခဲ့ပေသည်။
ယင်းနောက် နိုင်ငံတခုလုံး အင်္ဂလိပ်ကျွန်ဘ၀သို့ ရောက်ရှိသွားစေကာမူ သတင်းစာများသည် အထိုက်အလျှောက် လွတ်လပ်ခဲ့ပေသည်။ သို့သော် အင်္ဂလိပ်အစိုးရအဖို့ သူတို့၏ နိုင်ငံချဲ့စနစ် တည်မြဲရေးကို ထိန်းသိမ်းရပေသည်။ အထက်တွင် ရေးခဲ့သည့်အတိုင်း အင်္ဂလိပ်အစိုးရကို ပက်ပက်စက်စက် ဆဲရေးဝေဖန်သူ အယ်ဒီတာကို ရာထူးပေးပြီး နှုတ်ပိတ်သကဲ့သို့ ပရိယာယ်နှင့် အုပ်ချုပ်ခဲ့သည်။ သတင်းစာနှင့် ပုံနှိပ်တိုက်ဆိုင်ရာ စည်းကမ်းဥပဒေများလည်း ချမှတ်ခဲ့သည်။
၁၉၄၇ ခုနှစ်က တင်မောင်၏ အတွေ့အကြုံကလေးကို မှတ်မိပါသေးသည်။
`တို့တတွေ ပြန်တိုက်ကြမှ ဖြစ်မယ်။ ဒါဟာ သတင်းစာလွတ်လပ်ခွင့်ကွ´ ဟု မြန်မာပြည်သတင်း ထောက်များအသင်း အစည်းအဝေးတွင် အသင်းခေါင်းဆောင်က ပြောပါသည်။ ထိုနေ့နံနက်က အင်္ဂလိပ်ပုလိပ် မင်းကြီးက ထုတ်ပြန်သော အမိန့်ကို တိုက်ကြရန် စည်းဝေးခဲ့ကြသည်။
ရန်ကုန်မြို့ရှိ ပုလိပ်ဌာနများတွင် အမှုတခုကို လာရောက်တိုင်တန်းသည်နှင့် တပြိုင်နက် တိုင်ချက်ကို စာရေးကြီးက မှတ်ကြရသော `ပထမ သတင်းမှတ်တမ်း´ ဟုခေါ်သော စာအုပ်ကြီးထားရှိကြရသည်။ သတင်းထောက်များက ပုလိပ်ဌာနများကို သွားရောက်ပြီး ထိုမှတ်တမ်းကြီးကို ဖတ်ပြီး အမှုဖြစ်ပွားသော ဒေသ သို့ သွားရောက်ထောက်လှမ်းရလေ့ရှိသည်။ ထိုနေ့နံနက်ကမူ မှတ်တမ်းစာအုပ်များကို သတင်းထောက်များ ဖတ်ခွင့်မရှိဟု ပုလိပ်မင်းကြီးက အမိန့်ထုတ်လိုက်ခဲ့သည်။
အမိန့်ထုတ်စေကာမူ အပေါင်းအသင်းကောင်းလျှင် ခိုးဝှက်ဖတ်ရှုနိုင်ကြသဖြင့် ကျနော်တို့ သတင်း ထောက်များအဖို့ မထိခိုက်ပါ။ သို့စေကာမူ သတင်းပိတ်သော ပုလိပ်မင်းကြီး အာဏာပြသည်ကို ခပ်ဆတ်ဆတ် ကလေး ပြစ်တင်ကြရန် ညှိခဲ့ကြသည်။
နောက်တနေ့တွင် ရန်ကုန်မြို့မှ ထုတ်ဝေသော သတင်းစာ (၃၉) စောင်စလုံးတို့တွင် သတင်းတူ တပုဒ်ကို ဖော်ပြကြလေသည်။
`ပုလိပ်မင်းကြီး မိမိကိုယ်မိမိ သတ်သေခြင်း´ ဟူသော ခေါင်းစဉ်နှင့် ဖော်ပြထားလေသည်။ ရန်ကုန်မြို့ ပုလိပ်မင်းကြီးသည် မိမိကိုယ်မိမိ သတ်သေသွားရှာသည်ဟု သတင်းရရှိကြောင်းနှင့် ဖွဲ့နွဲ့ရေးသားကာ ယင်းသတင်းကို ယမန်နေ့ညက ရရှိသော်လည်း ဆက်လက်စုံစမ်းအတည်ပြုချက်မရပါဟု ရေးသားထား၏။
နောက်တနေ့တွင် ပုလိပ်မင်းကြီးက သတင်းစာရှင်းလင်းပွဲ ခေါ်တော့သည်။ ဒေါသကြောင့် မျက်နှာကြီး ပိုနီနေသည့် ပုလိပ်မင်းကြီးက `ဒီလိုမဟုတ်မမှန် သတင်းကို ဘယ်ကရသလဲ´ ဟု မေးလေသည်။ `အမည်မဖော်နိုင်တဲ့ ဒေသက ရပါတယ်။ ကျနော်တို့ သတင်းထောက်များမှာ ပုလိပ်ဌာနက ပထမသတင်းမှတ် တမ်းကိုလည်း ဖတ်ရှုခွင့်မရှိတော့ မှန်၏၊ မှား၏ မသိဖြစ်ရ၊ မသိကြရပါ´ ဟု မျက်နှာသေကလေးများနှင့် ဖြေလိုက်ကြသည်။
တင်မောင်တို့ အောင်နိုင်ပါသည်။ သတင်းပေးသူ၏ အမည်ကို သတင်းစာများက ဖွင့်မပြောရဟူသော စည်းကမ်းကို သိသဖြင့် ပုလိပ်မင်းကြီးက ဆက်လက်မေးမြန်းခြင်းမပြုတော့ပါ။ အမှုမှတ်တမ်းစာအုပ်ကြီး ကိုလည်း ဖတ်ခွင့်ရရှိလိုက်ပါသည်။
ကျွန်ဘ၀တွင်နေရစေကာမူ ယဉ်ကျေးသူများနှင့် ဆက်ဆံကြရသည်မှာ နှစ်သိမ့်ဖွယ် ကောင်းပါသည်။ မိမိက နိုင်ရသည်ဖြစ်စေ၊ အရှုံးပေးလိုက်ရသည်ဖြစ်စေ သာယာကြည်နူးဖွယ်ကောင်းပါ၏။ ။

Saturday, March 1, 2008

အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်၍…

မြန်မာပြည်မှာတော့ ကျီးမနိုးပွဲ၊ ဒီနိုင်ငံတွေမှာတော့ နှစ်သစ်ကူးမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့ည ဆို နှစ်သစ်ကို ကြိုဆိုကြပြီး တညလုံး မအိပ်ကြတော့ဘူး။ မနက်မိုးလင်းလို့ကြည့်လိုက်ရင် ကိုယ့်အိမ်ရှေ့မှာ လမ်းပေါ်က ဆိုင်းဘုတ်တွေရောက်လိုရောက်၊ စာတိုက်ပုံးတွေ ရိုက်ဖျက်လိုဖျက်နဲ့ တခုခုတော့ မှားယွင်းနေတော့တာပဲ။ ဒီနှစ်လည်း အိမ်က စာတိုက်ပုံးကို အိမ်ရှင်က အသစ်လာပြန်တပ်ထားပြီးပေမယ့် ပုံးပေါ်မှာ အိမ်နံပါတ်နဲ့ အိမ်သားတွေနာမည် မရေးရသေးတာနဲ့ ဟိုတနေ့ကမှ ရေးလိုက်ရတယ်။ အိမ်သားတွေနာမည်ရေးတော့ ဒီတခါ တော့ ကိုယ့်နာမည်ကို အရင်မရေးဘို့ သတိရတာနဲ့ အမျိုးသမီးနာမည်ကို အရင်ရေး၊ ပြီးမှ ကိုယ့်နာမည်၊ ပြီးတော့ ခလေးသုံးယောက်နာမည် အစဉ်အတိုင်းရေးလိုက်တယ်။ အရင်နှစ်တွေက ကိုယ့်နာမည်အရင်ရေးနေ ကျဆိုပေမယ့် ဒီနိုင်ငံဓလေ့ကိုက အမျိုးသမီးနာမည်ကိုပဲ အရင်ရေးကြပါတယ်။
ဟိုတလောလေးကလည်း ဒိန်းမတ်ရောက် မြန်မာတယောက်နဲ့ ဒိန်းမတ်ရောက် ဖိလစ်ပင်းသူ တယောက် ဖူးစာဆုံကြတဲ့ မင်္ဂလာဆောင်ဧည့်ခံပွဲမှာ နဖူးစည်းစာတမ်းကို ယောက်ျားလေးနာမည် အရင်ရေးပြီးမှ မိန်းခလေးနာမည် ရေးထားတဲ့အတွက် ဧည့်ခံပွဲလာတဲ့ ဒိန်းမတ်သူတဦးက ဆင်ခြေတက်တော့ စာတမ်းကို ချက်ခြင်းပြန်ပြင်ပေးဖို့ အခွင့်မသာခဲ့ပါ။ နောက်ကို သတိထားမှလို့တော့ ကိုယ့်မြန်မာအချင်းချင်း သတိပေးရပါတယ်။
အမေရိကရောက် သူငယ်ချင်းတယောက်ကလည်း `တို့ဆီမှာ အမျိုးသမီးအခွင့်အရေးပထမ၊ နောက် ခလေးသူငယ်ဒုတိယ၊ ပြီးရင် ခွေးအခွင့်အရေးတတိယ ပြီးမှ ငါတို့မဟာပုရိသ အခွင့်အရေးလာတာကွ´ တဲ့။
သိုးဆောင်းစကားပုံတခုကြားဘူးတာကလည်း `ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားနေတဲ့ ထမင်စားပွဲကြီး ဖြစ်နေပါစေ၊ အမျိုးသမီးတဦးမပါရင် မတင့်တယ်ဘူး´ လို့ ဆိုထားတာကိုး။ ထမင်းစားပွဲမှာ အမျိုးသမီးက တပိုတပါး သွားမယ်ဆိုပြီး မတ်တပ်ရပ်လိုက်ရင် အမျိုးသားတွေက လိုက်ထပေးပြီး အမျိုးသမီးပြန်ဝင်လာတဲ့ အခါ မတ်တပ်လေးပြန်ထ၊ အမျိုးသမီးထိုင်မှ ပြန်ထိုင် တာမျိုးတွေလည်း ရုပ်ရှင်တွေထဲမှာ တွေ့ဘူးပါတယ်။
အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အမျိုးသမီးတွေက တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသလား။ ဒါမှမဟုတ် အမျိုးသား တွေက ကြည်ကြည်ဖြူဖြူ လိုက်လျောခဲ့တာလားလို့ မေးရင် နှစ်ခုစလုံးလို့ ဖြေရမယ် ထင်ပါတယ်။
အမျိုးသမီးအခွင့်အရေး တိုက်ပွဲဝင်သူတွေရှိနေလို့ပါ။ အဲဒီထဲက တယောက်အကြောင်း စကားစပ်မိလို့ ပြောပြ ပရစေ။ သူက ဒိန်းမတ်သူပါ။ သတင်းထောက်တယောက်လည်း ဖြစ်ပါတယ်။ သူဟာ ဒီနိုင်ငံမှာ အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူဆိုတဲ့ နာမည်တလုံးနဲ့ နေသူပါ။ သူဟာ အာရပ်နိုင်ငံတွေကိုလည်း ရောက်ဘူးပါတယ်။ အဲဒီမှာ အမျိုးသမီးတွေ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး မရတာ၊ လမ်းလျှောက်ရင်တောင် အတူတွဲလျှောက်ခွင့်မရပဲ အမျိုးသားရဲ့နောက် ခပ်လှမ်းလှမ်းက လိုက်ရတာတွေကို အပြင်းအထန် ဖေါ်ထုတ်ရေးသား တိုက်ပွဲဝင်နေသူ ဆိုပါတော့။ အီရတ်စစ်ပွဲ နောက်ပိုင်းမှာ ဘဂ္ဂဒက်ကို ရောက်နေတဲ့ ဒိန်းမတ်စစ်သားတွေအကြောင်း ဆောင်းပါးရေးဖို့ သတင်းစာတိုက်က တာဝန်ပေးလို့ အီရတ်ကို သူပြန်ရောက်သွားတဲ့အခါ အခြေအနေတွေက အရင်လို မဟုတ်တော့ပါဘူး။ သူ အီရတ်စစ်ပွဲမတိုင်ခင်က ရောက်ခဲ့ဘူးတဲ့ ဘဂ္ဂဒက်မြို့တော်နဲ့ စစ်ပွဲနောက်ပိုင်းမှာ မြင်ရတဲ့ မြို့အနေအထား လုံးဝ ပြောင်းလဲသွားပါပြီ။ အထူးသဖြင့် ဟိုအရင်က အမျိုးသားတွေရဲ့နောက်က လိုက်ရတဲ့ အာရပ်သူတွေဟာ သူတို့ခင်ပွန်းတွေရဲ့ ရှေ့က လျှောက်နေကြပါပြီ။ အမျိုးသားတွေက အနောက်ဖက် ခပ်လှမ်းလှမ်းကနေပဲ လိုက်ပါတယ်။ အဲဒါကို တွေ့သွားတဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ဒိန်းမတ်အမျိုးသမီး သတင်းထောက်ဟာ လာရင်းကိစ္စကိုတောင်မေ့သွားပြီး ချက်ချင်းပဲ ဘဂ္ဂဒက်သူဆီ အပြေးလေးသွားပြီး သူသိချင်တာတွေ မေးပါတော့တယ်။ `ကျမ ၀မ်းသာလိုက်တာရှင်၊ အရင်ကဆို အမျိုးသားတွေရဲ့ နောက်ကနေ မှ အမျိုးသမီးတွေက လိုက်ရတယ်။ အခုတော့ ရှင်တို့က ရှေ့က လျှောက်နေကြပြီဆိုတော့ ဒါဟာ အမျိုးသမီး အခွင့်အရေး တိုးတက်လာတာပဲ လို့ ကျမတော့ ယူဆတာပဲ။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာအောင် ဘယ်အရာက တွန်းပို့လိုက်တာလဲဟင်´ လို့ သိချင်ဇောနဲ့ မေးပါတယ်။ ဟိုကအဖြေကိုကြားလိုက်ရတော့ လူ့အ ခွင့်အရေးလှုပ်ရှားသူလည်း စိတ်ဓါတ်လုံးလုံး ကျသွားရပါတယ်။ အာရပ်အမျိုးသမီးပြန်ဖြေသွားတာက `မြေမြုပ်ဗုံးတွေကြောင့်ပါ´ တဲ့။ ။

Saturday, February 23, 2008

ဒိန်းမတ် နိုင်ငံ နှင့် မိုဟာမက် ကာတွန်းပြဿနာ

၂၀၀၅ ခုနှစ်က ဒိန်းမတ်မှာ တမန်တော်မိုဟာမက် ရုပ်ပြောင်ကာတွန်းတွေ သတင်းစာတစောင်မှာဖော်ပြလိုက် လို့ ပြဿနာတွေ ဖြစ်တော့ ကျနော်တို့က ဒိန်းမတ်ရောက်တာ ဘာမှမကြာသေး။ အဲဒီသတင်းစာကို ကြည့်ချင်လို့ ကျနော် အက်စ်ဘီးယားမြို့က စာကြည့်တိုက်မှာ သွားတောင်းကြည့်ဘူးသည်။
ဖြစ်ပုံက သတင်းစာအယ်ဒီတာနဲ့ ကျောင်းသုံးစာအုပ်ထုတ်ဝေရေးဌာနက ပုဂ္ဂိုလ်တို့စကားစပ်မိရာက စတင်ခဲ့တယ်လို့ သိရပါတယ်။ စာသင်ကျောင်းတွေမှာ ခလေးတွေကို ကမ္ဘာပေါ်က ကိုးကွယ်ရာဘာသာ အသီးသီး နဲ့ မိတ်ဆက်ဖို့ ကျောင်းသုံးစာအုပ်စီစဉ်ရာမှာ တမန်တော်မိုဟာမက်ပုံ ဆွဲထားတာကို ရှာလို့မတွေ့တဲ့ အကြောင်း သတင်းစာအယ်ဒီတာက သိသွားပြီး ကာတွန်းဆရာတွေကို တမန်တော်မိုဟာမက်ပုံ ကယ်ရီကေးချား ဆွဲခိုင်းပြီးတော့ သတင်းစာမှာ ဖော်ပြလိုက်တာပါပဲ။
သတင်းစာမှာ ကာတွန်းပုံတွေပါလာတော့ ဒိန်းမတ်နိုင်ငံမှာရှိတဲ့ မွတ်ဆလင်နိုင်ငံက သံအမတ်တွေက အဲဒီကိစ္စ ကို တားမြစ်အရေးယူပေးဖို့ ၀န်ကြီးချုပ်နဲ့ တွေ့ခွင့်တောင်းပါတယ်။ ၀န်ကြီးချုပ်က သူ့အနေနဲ့ သတင်းစာ အယ်ဒီတာကို တားမြစ်လို့ မရတာရယ်၊ တရားဥပဒေအရ အရေးယူမယ်ဆိုရင် သူနဲ့ မဆိုင်တာကြောင့် သံအမတ်တွေရဲ့ တွေ့ခွင့်တောင်းတဲ့ကိစ္စကို ငြင်းပယ်လိုက်ပါတယ်။
ဝန်ကြီးချုပ်က သူနဲ့မဆိုင်သလိုနေလိုက်တာကို မကျေနပ်တဲ့ အစ္စလာမ်ဘာသာရေးဆရာတွေက ကာတွန်းတွေကို ယူပြီး အရှေ့အလယ်ပိုင်းက နိုင်ငံတွေမှာလှည့်လည်ပြီးတော့ ဒိန်းမတ်ကို ဘယ်လို တုန့်ပြန် မလဲဆိုတာ ဆွေးနွေးပါတယ်။ (ဒီနေရာမှာ အငြင်းပွားဖွယ်ရာတွေ့ရှိရတာက သတင်းစာမှာပါတဲ့ ကာတွန်း (၁၂) ပုံအပြင် တခြားဆိုးဆိုးဝါးဝါး ပုံတွေပါ ယူသွားတယ်ဆိုတာပါ။ ဇတ်ပိုနာအောင်များ လုပ်ခဲ့သလားဆိုတာတော့ ဗလီဆရာတွေပဲ သိပါလိမ့်မယ်။)
ပထမဆုံး အာရပ်နိုင်ငံတွေက ဒိန်းမတ်ရဲ့ သွင်းကုန်တွေကို သပိတ်မှောက် ကြတာက စပါတယ်။ ဒိန်းမတ်ကတင်သွင်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို အာရပ်နိုင်ငံတွေရဲ့ စူပါမားကပ်တွေက စတင် ဖယ်ရှားကြပါတော့တယ်။ အဲဒီကိစ္စဟာ တစတစပိုကျယ်ပြန့်သွားပြီးတော့ ကမ္ဘာပေါ်က မူဆလင်နိုင်ငံတွေ က ဒိန်းမတ်ကို ဆန္ဒပြတော့တာပဲ။ ဒိန်းမတ်အလံတွေ မီးရှို့ခံရတယ်၊ တချို့နိုင်ငံတွေမှာ ဒိန်းမတ်သံရုံးပါ ဖျက်ဆီးခံရပါတယ်။ ဒေါသထွက်နေတဲ့ မူဆလင်ဘာသာဝင်တွေကို ဒိန်းမတ်ဝန်ကြီးချုပ်နဲ့ ကာတွန်း တွေဖော်ပြခဲ့တဲ့သတင်းစာက တောင်းပန်ပါတယ်။
တမန်တော်မိုဟာမက်ကာတွန်းပြဿနာဟာ ဒိန်းမတ်နိုင်ငံအတွက်တော့ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အကြီးမားဆုံးနိုင်ငံရေး အကျပ်အတည်းဖြစ်သွားခဲ့ပါတယ်။
အခုတခါ သက္ကရာဇ် ၂၀၀၈ ကို ရောက်ပြန်တော့ ဒီလထဲမှာပဲ ကာတွန်းဆရာ (၁၂) ယောက်ထဲက တယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်တဲ့သူ သုံးယောက်ကို ဒိန်းမတ်ရဲစုံထောက်အဖွဲ့က ဖော်ထုတ်ဖမ်းဆီး လိုက်ပါတယ်။ ကြံစည်သူ သုံးယောက်မှာ တယောက်က ဒိန်းမတ်သူနဲ့လက်ထပ်ထားလို့ နိုင်ငံသားဖြစ်နေသူ၊ ကျန်တဲ့ ၂ ယောက်ကတော့ ဒိန်းမတ်မှာနေထိုင်ခွင့်ရထားတဲ့ တူနီးရှားနိုင်ငံသားတွေလို့ သိရတယ်။ ကာတွန်း ဆရာကို သတ်ဖို့ကြံစည်တဲ့အမှုကို ဝေဖန်ရေးသားကြရင်းနဲ့ သတင်းစာတွေက မိုဟာမက်ကာတွန်းတွေကို ထပ်မံဖော်ပြကြပါတယ်။ အဲဒီတော့ တခါ မူဆလင်ဘာသာဝင်တွေရဲ့ ဒေါသထွက်ဆန္ဒပြတာတွေ ထပ်ဖြစ်လာပြန် တာပေါ့။ ပြည်ပနိုင်ငံတွေမှာ ဆန္ဒပြနေသလို ပြည်တွင်းမှာလည်း မီးတွေ့လိုက်ရှို့နေကြပါတယ်။
အခုစာရေးနေစဉ်မှာပဲ အာရှ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံတွေမှာ ဆန္ဒတွေပြနေကြပါတယ်။
ဒိန်းမတ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ရှစ်ရက်လောက် ဆက်တိုက်နီးပါး ညဖက်တွေမှာ မီးတွေလောင်နေခဲ့ပါတယ်။ အမှိုက်ပုံးတွေ၊ ကားပါကင်မှာ ရပ်ထားတဲ့ကားတွေ၊ စာသင်ကျောင်းတွေ မီးရှို့ခံရပြီးတော့ မီးလိုက်ရှို့နေသူတွေက မူဆလင် ဘာသာဝင် ဆယ်ကျော်သက်တွေလို့သိရပါတယ်။ တချို့ကိုလည်း ရဲက ဖမ်းထားပါတယ်။ ပျက်ဆီးဆုံးရှုံးမှုတွေ က ကာလတန်ဘိုးငွေမနည်းသလို မကျေနပ်မှုတွေကလည်း မပြီးဆုံးသေးပါဘူး။
ဒိန်းမတ်လူမျိုးတွေနဲ့ပတ်သက်ပြီး ကျနော်သိရသလောက်တော့ သူတို့တွေဟာ ခရစ်ယာန်ဘာသာဝင်တွေ ဆိုပေမယ့် သူတို့ကိုးကွယ်တဲ့သာသာအပေါ်မှာလည်း သိပ်အလေးအနက်မရှိကြပါဘူး။ မင်္ဂလာဆောင်နဲ့ အသုဘ ရှိမှသာ ဘုရားကျောင်းကိုသွားကြပါတယ်။ ဒိန်းမတ်လူငယ်တယောက်နဲ့စကားပြောကြည့်တော့ `သမ္မာကျမ်းစာမှာ ပထမတရွက်ဖတ်ပြီးလို့ နောက်တရွက်လှန်တာနဲ့ အမှားတွေ့တော့တာပဲတဲ့´။ ကိုယ်ကိုးကွယ်တဲ့ ဘာသာတောင်မှ အလေးအနက်မရှိလေတော့ တခြားသူတွေရဲ့ ဘာသာရေးအယူအဆအစွဲ အလမ်းတွေကိုလည်း သူတို့ ခံစားနားလည်နိုင်မှုမရှိကြဘူးလို့ပဲ ဆိုရပါလိမ့်မယ်။
စစ်အေးတိုက်ပွဲပြီးလို့ ကမ္ဘာပေါ်မှာ ထပ်မံကြုံတွေ့ရမယ့် ပဋိပက္ခဟာ ယဉ်ကျေးမှုတို့ တိုက်မိခြင်းသာ ဖြစ်မယ် ဆိုရင် တဖက်နဲ့ တဖက် ဆင်ဆင်ခြင်ခြင် ရှိကြရလိမ့်လို့ ယူဆမိကြောင်းပါ.. ။ ။

Saturday, February 16, 2008

ကျနော်သိသော `ဗဒို´တဦး

မဲဆောက်မှာ လုပ်ကြံခံလိုက်ရတဲ့ ဗဒိုမန်းရှာကို လူချင်းမသိပါဘူး။ ဒါပေမယ့် သူပြောတာ ဆိုတာ နားထောင် ကြည့်တော့ အတွေ့အကြုံရှိတဲ့ တော်လှန်ရေး သမားတဦးဆိုတာရယ် ရပ်တည်ချက်မှန်ကန်တဲ့နိုင်ငံရေးသမား တဦးဆိုတာရယ် သိသာထင်ရှားစွာ တွေ့နေရပါတယ်။ အဲလိုလူမျိုး လုပ်ကြံခံလိုက်ရတယ်ဆိုတာ ကရင့်တော် လှန်ရေးအတွက်ရော မြန်မာ့ ဒီမိုကရေစီအရေးအတွက်ပါ ၀မ်းနည်းဖွယ်ရာ ဆုံးရှုံးမှုတခုပါပဲ။
ဗဒိုမန်းရှာကို မဆုံလိုက်ရပေမယ့် ကိုယ်တောခိုတုံးကတော့ ဗဒိုတဦးဖြစ်တဲ့ ဗဒိုသန်းအောင်ကို သိခဲ့ရပါတယ်။ ကိုယ်တို့ရောက်နေတဲ့ ကရင်တပ်မဟာ (၇) တပ်ရင်း (၂၁) ဖြစ်တဲ့ မဲတရေ စခန်းကို ကေအင်ယူ ဒု ဥက္ကဋ္ဌ အဖြစ် ဗဒိုသန်းအောင် ရောက်လာခဲ့တာပါ။ ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်က စပြီး နယ်စပ်ကို တဖွဲဖွဲ ထွက်လာခဲ့ကြတာဆိုတော့ ကိုယ်တို့ မဲတရေ ရောက်တဲ့ အောက်တိုဘာ (၁) ရက်နေ့ မဲတရေစခန်းမှာ ကျောင်းသား (၅၀၀) ကျော်လောက်ရောက်နေကြပါပြီ။ အများစုက ကရင်ပြည်နယ် ဖားအံ၊ လှိုင်းဘွဲ့၊ ရွှေဂွန်းစတဲ့ မြို့နယ်က တက်လာခဲ့တဲ့ ကျောင်းသားသပိတ်က အဖွဲ့တွေ များပါတယ်။ နောက်တခြား ရန်ကုန်နဲ့ ပဲခူးတိုင်းအတွင်းက ထွက်လာခဲ့တဲ့သူတွေ ရှိကြပါတယ်။ လက်နက်နဲ့ စစ်ပညာ ရရင် ပြည်တွင်း ပြန်ဝင်ဖို့ ရည်ရွယ်ချက်နဲ့ ထွက်လာခဲ့ကြပေမယ့် ကေအင်ယူစခန်းမှာ ပိတ်မိသလို ဖြစ်နေပြီး ရှေ့ကို ဘာဆက် လုပ်ရမှန်းမသိ ဖြစ်နေတဲ့ အချိန်ပါ။ တချို့က ထိုင်းကို ကူးမယ်၊ တခြားစခန်းတွေကို ရောက်သွားတဲ့ အသိတွေ နဲ့ အဆက်အသွယ်ရှာမယ်။ နိုင်ငံတကာကို အကူအညီတောင်းမယ် စသဖြင့် စိတ်ကူးကြသူတွေလည်း ရှိကြတယ်။ နယ်စပ်စခန်းတွေကို ပြည်တွင်းက ကျောင်းသားတွေ အလုံးအရင်းနဲ့ ရောက်နေတာကို ကမ္ဘာ့သတင်း ဌာနတွေကလည်း စိတ်ဝင်စားတယ်လေ။ တနေ့ တနေ့ ရောက်လာတဲ့ သတင်းထောက်တွေက လည်း မနဲဘူး။ သတင်းထောက်တွေက မြင်သမျှကို တီဗီရိုက်၊ တွေ့သမျှလူကို အင်တာဗျူးတာ ဆိုတော့ ကိုယ်တောင် သြစတေးလျက သတင်းဌာန တခုဖြစ်တဲ့ အေဘီစီ နဲ့ အမေးအဖြေလုပ်လိုက်သေးတယ်။ ကိုယ်ပြောတဲ့ အင်္ဂလိပ်စကားက တောင်တလုံးမြောက်တလုံးပါ။ အဲဒီမှာ တချို့ အင်္ဂလိပ်လို အတော်လေး ပြောနိုင်သူတွေပါတယ်။ အဲဒီထဲက တယောက်က သတင်းထောက်တယောက်ကို ဘာပြောလိုက်သလဲ ဆိုတော့ ကေအင်ယူက ပိတ်ပင်ထားလို့ သွားချင်တဲ့နေရာ သွားလို့မရဘူးဖြစ်နေတဲ့အကြောင်း ပြောလိုက်တာပါပဲ။
နောက်နေ့ကျတော့ အဲဒီသတင်းက ဘန်ကောက်ပို့စ် မှာပါလာတယ်ဆိုတော့ ကေအင်ယူရဲ့ ဒု ဥက္ကဋ္ဌ ဖြစ်တဲ့ ဗဒိုသန်းအောင် ကိုယ်တိုင် စခန်းကိုရောက်လာပြီး အဲဒီကိစ္စကို ဖြေရှင်းပါတော့တယ်။ မဲတရေစခန်းမှာ ကိုယ်တို့အဖွဲ့တွေ ယာယီစခန်းချနေတာက အလယ်တန်းကျောင်းတခုမှာ၊ အဲဒီကျောင်းရဲ့ နှစ်ထပ်ဆောင် အောက်ထပ်ခန်းမ လူစုပြီးတော့ မြန်မာလိုကောင်းကောင်းမိန့်ခွန်းချွှေပါတော့တယ်။ သူက မြန်မာစကားပြော နိုင်ပေမယ့် တပ်ရင်းမှူးဗိုလ်မှူးလားမူက ကျနော်တို့ကို စကားပြောရင် ကရင်လိုပဲ ပြောပါတယ်။ သူက ကရင်လို ပြော.. တယောက်က မြန်မာလို ဘာသာပြန်တယ်ပေါ့။ အဲဒါကို ညဖက်အဆောင်မှာ အခုသြစီရောက်နေတယ် လို့သိရတဲ့ ကိုပေါ က ဗိုလ်မှူးလားမူ လုပ် နောက်တယောက်က စကားပြန်လုပ်ပြီဆိုရင် ပြဇတ်ထွက်သလို ဖြစ်နေတာမို့ တ၀ါးဝါးနဲ့ ရီနေရပါတယ်။ လူတွေကလည်း ဘာမှ အလုပ်ရှိတာ မဟုတ်၊ အားနေကြတယ် မို့လား။
ဗဒိုသန်းအောင်က ကေအင်ယူရဲ့ရပ်တည်ချက်၊ ဖြတ်သန်းမှုသမိုင်းကြောင်း၊ လမ်းစဉ် နဲ့ လုပ်ငန်းစဉ်တွေကို အကျယ်တ၀င့်ရှင်းပြပါတယ်။ ပြီးတော့ ဘန်ကောက်ပို့စ် သတင်းစာမှာ ပါလာတဲ့ ကိစ္စ အစာမကြေတဲ့အကြောင်း၊ ကျောင်းသားတွေကို ထိုင်းဖက်ကမ်းကူးခွင့်မပြုတာက တဖက်နိုင်ငံရဲ့ လူဝင်မှု ဥပဒေနဲ့ ငြိစွန်းမှာမို့ တားမြစ်ရတာ ဖြစ်ကြောင်း ပြောပါတယ်။ ကျောင်းသားကိုယ်စားလှယ်ကလည်း ကျောင်းသားတွေရဲ့ ဆန္ဒကို ရိုးသားစွာ တင်ပြတော့မှ အားလုံးကိုတော့ သွားခွင့်မပြုနိုင်၊ အားလုံးကိုယ်စား ကျောင်းသား (၇)ယောက်ကို အဆက်အသွယ်ရှာဖို့ မဲဆောက်သွားခွင့်ပြုမယ်လို့ ပြောပြီး ဗဒိုသန်းအောင် ပြန်သွားပြီးနောက်ပိုင်း ကျနော်လည်း တော်လှန်ရေး နယ်မြေမှာ မရှိတော့တာမို့ နောက်ထပ် တွေ့ဆုံခြင်း မရှိတော့ပါ ခင်ဗျား... ။ ။


(ထိုင်းဖက်ကမ်းကူးရန်ပြင်နေသည့် ကျောင်းသားများ၏ နောက်တွင် သောင်ရင်းမြစ်၊ သောင်ရင်းမြစ်နောက်က မဲတရေ စခန်းဖြစ်သည်)

Saturday, February 9, 2008

မြန်မာတို့အကြိုက် ရမ်ဘို

`ရမ်ဘိုရုပ်ရှင်သည် မြန်မာစစ်အစိုးရအတွက် နိုင်ငံရေး ထိုးနှက်ချက်´ ခေါင်းစဉ်ဖြင့် စင်္ကာပူတွင် မြန်မာ ၆၀၀ ကျော် ရုပ်ရှင်တရုံလုံးအပြတ်ငှားကာ ရမ်ဘိုရုပ်ရှင်အား ကြည့်ရှုအားပေးကြသည့် အကြောင်း ဒိန်းမတ်နိုင်ငံမှ ဖေဖော်ဝါရီ ၅ ရက်နေ့ထုတ် Metro Xpress သတင်းစာတွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။
ရုပ်ရှင်ထဲက ရမ်ဘိုကဲ့သို့ မြန်မာနိုင်ငံကို ကယ်တင်ပေးမည့် သူရဲကောင်းကို မြန်မာတို့ အလိုရှိနေကြောင်း.. စက်တင်ဘာအရေးအခင်းအား ရက်စက်စွာ ဖြိုခွင်းခဲ့သည့် စစ်တပ်အား ပြန်လည် လက်စားချေသည့် ရမ်ဘို၏ ဆောင်ရွက်ချက်တို့ကြောင့် မြန်မာတို့ အားတက်ကြရကြောင်း.. ရုပ်ရှင်ပြသနေစဉ်အတွင်း မြန်မာစစ်သားများကို ရမ်ဘိုက ပြန်လည်သတ်ဖြတ်သည့် အခန်းတွင် တရုံလုံး အော်ဟစ်အားပေးကြကြောင်း စသည်ဖြင့် ရေးသား ထားပါသည်။

Saturday, February 2, 2008

၂၀၀၇ ဒိန်းမတ် သင်္ကြန်

မလေးရှားအိမ်မက်

မလေးရှားအိမ်မက်

မိုး … မိုး … ဒီမိုးက တော်တော်ပြင်းပြင်းထန်ထန် ရွာနေတာပါလား။ လျှပ်စီးက တဖြတ်ဖြတ်၊ မိုးက တချုံးချုံးနဲ့ ကောင်းကင်ပဲ ပြိုကျတော့မလို လျှပ်စီးတချက် လျှက်လိုက်တိုင်း `ဟ… ငါတောင် မိုးကြိုးစက်ကွင်းက လွတ်ပါ့မ လား´။ ကောင်းကင်ကို မော့မကြည့်ရဲတဲ့အဖြစ်၊ ဒီလိုရွာပုံမျိုး ကျနော်တို့ နိုင်ငံတွင် မကြုံဘူးတာအမှန်၊ အေးလေ .. ကျနော်တို့ နိုင်ငံက ရာသီဥတုမျှတတာကိုး၊ ရာသီဥတုရယ်လို့ မရှိတဲ့ ဒီမလေးရှားနိုင်ငံကို ရောက် နေတော့လည်း ဒီမိုးမျိုးနဲ့ ကြုံရတာ မဆန်းလှပါ။
မိုးကောင်းကောင်းနဲ့ တွေးနေတုံး `ဘာဒေ့ … ဘာဒေ့´ ဆိုတဲ့ ငှက်ဆိုးထိုးသံတွေကြောင့် လူစစ်ဖို့ တန်းစီရမယ်လို့ ကျနော်သိလိုက်သည်။ ကျနော် အခုရောက်နေတဲ့နေရာက `ကမ့်´လို့ အများခေါ်နေကြတဲ့ တရားမ၀င် ၀င်ရောက်လာသူနဲ့ အိုဗာစတေးတွေကို ထိန်းသိမ်းထားတဲ့နေရာတခု ဖြစ်သည်။ အားလုံး သူ့နေရာနဲ့သူ နိုင်ငံအလိုက် တန်းစီအပြီးမှာတော့ ပြောက်ကျားဝတ်စုံနဲ့ တုတ်တချောင်းကိုင်ထားတဲ့ အရာရှိ ၀င်လာသည်။ သူနဲ့အတူ ကိုယ်ရံတော် လေးယောက်ခြံရံလာပြီး လူစစ်သည်။ ဒီအချိန်မျိုးမှာ တန်းမစီလို့ကတော့ တုတ်စာကောင်းကောင်းမိလိမ့်မည်။ အခုလို နှစ်ထပ်ဆောင် ဟောခန်းကြီးမှာ နိုင်ငံပေါင်းစုံက လူတွေ စုစုပေါင်း ခွန်နှစ်ရာ ရှစ်ရာလောက်ရှိတာဆိုတော့ တုတ်ကိုင်ပြီး ထိမ်းတာတောင် ညအိပ်ခါနီးရင် နေရာလုရင်း ရန်ဖြစ်ကြ၊ ဆူညံဆူညံနဲ့ စကားတွေများကြ၊ တယောက်နဲ့ တယောက် မတော်တဆ လူချင်းတိုက်မိရင်တောင် `မင်းဘာ ကောင်လဲ.. ငါဘာကောင်လဲ´ နဲ့ ရန်ထောင်ကြ ဆိုတော့ ပြဿနာပေါင်းစုံက အမြဲတမ်း ရှိနေတတ်သည်။ ဒဏ် ပေးခံထိ၊ တုတ်နဲ့ ရိုက်ခံထိတာတွေကလည်း နေ့တိုင်းနီးပါး တွေ့နေရသည်။
ယူနီဖောင်းနဲ့ ပုဂ္ဂိုလ်တွေ လူစစ်ပြီး ပြန်သွားတော့ အချိန်က ည ၁၂ နာရီခွဲပါပြီ။ လေးနာရီခြား တခါ လူစစ်တာဆိုတော့ မနက်လေးနာရီမှာ သူတို့ ပြန်လာကြအုံးမည်။ အပြင်မှာကလည်း မိုးကရွာတုန်းဆိုတော့ မိုးအေးအေးနဲ့ ကျနော့်အတွေးများက အတိတ်ကို ပြန်သွားနေသည်။
`သား … ကျန်းမာရေးကို ဂရုစိုက်နော်´ အမေက အထပ်ထပ်မှာနေသည်။ `မောင်လေး… ဟိုရောက် ရင် ရန်တွေဘာတွေ မဖြစ်နဲ့.. လိမ်လိမ်မာမာနေ´ မမက သတိပေးသည်။ `အေးပါဟာ.. ငါသိပါတယ်´ ကျနော် ပြန်ပြောသည်။ အဖေကတော့ ကြည့်ရုံသာကြည့်နေပြီး ဘာမှ မပြော။ လေယာဉ်ထွက်ဖို့က တနာရီလောက် လိုသေးသည်။ ကျနော့် စိတ်ထဲမှာတော့ `သားရဲ့ ရည်မှန်းချက်တွေပြည့်မှ ပြန်လာမယ်အဖေ´ ဟု အဖေကို အသံတိတ်စကားပြောနေမိသည်။
`မောင်လေး ဟိုရောက်ရင် အလုပ်ကိုကြိုးစား၊ အိမ်ကိုငွေမှန်မှန်ပြန်ပို့အုံး။ အရမ်းတွေ လျှောက်သုံးပစ် မနေနဲ့၊ နင့်ကို နိုင်ငံခြားပို့ဖို့ ဘယ်လိုလုပ်ထားရတယ်ဆိုတာ နင်သိတယ်နော်´ မမ က စိုးရိမ်စိတ်ဖြင့် တိုးတိုး တိုးတိုး မှာနေသည်။ မလေးရှားသွားဖို့ ကုန်ကျငွေအတွက် ကျနော်တို့အိမ်ကို အမျိုးတွေဆီမှာ ပေါင်ထားရတယ် ဆိုတာ ကျနော်သိတာပေါ့။
`သား … ဟိုမှာ သုံးနှစ်လောက် အလုပ်လုပ်ပြီးရင် သားတို့ အဆင်ပြေပါပြီ အမေ၊ သားလည်း ပြန်လာလို့ ရပြီပေါ့´ ငိုမဲ့မဲ့ ဖြစ်နေသည့် အမေ့ကို နှစ်သိမ့်စကားပြောပြီး ကျနော် လေယာဉ်ပျံပေါ် တက်ခဲ့၏။
နှစ်နာရီခွဲခန့် ပျံသန်းခဲ့သည့် လေယာဉ်ကြီး မလေးရှားမြေပေါ်ဆင်းလိုက်တော့ ခေတ်မီလှပတဲ့ လေယာဉ်ကွင်းကို မြင်ရသည်။ `ဒီလိုတိုးတက်နေတဲ့ နိုင်ငံမျိုးမှာ အလုပ်လုပ်လိုက်ရရင် ငါသူဌေးဖြစ်ဖို့ သိပ်မကြာတော့ပါဘူး´ ဟု တွေးရင်း အင်မီဂရေးရှင်းကို ရောက်လာသည်။ ပတ်စ်ပို့နှင့် စာရွက်စာတမ်းများကို စစ်နေသည်မှာ မပြီးနိုင်တော့။ နောက်ဆုံးတော့ လာကြိုမည့် သူဌေး ရောက်မလာ၍ လေယာဉ်ကွင်းမှာ ဖြစ်သလို တညအိပ်လိုက်ရပါသည်။
နောက်တနေ့မှာတော့ လာကြိုသည့် တရုတ်သူဌေးကားဖြင့် အလုပ်ဆင်းရမည့် စက်ရုံသို့ ဟိုင်းဝေး လမ်းမအတိုင်း ရောက်ရှိလာပါသည်။ စက်ရုံက မြို့တော်ဝန်းကျင်မှာ မဟုတ် တောပိုင်းကျသည့် Ipoh ဖက်မှာ ဖြစ်သည်။ စက်ရုံရှေ့ကားဆိုက်တော့ တကိုယ်လုံး ရွှံ့တွေပေနေသည့် မြန်မာအလုပ်သမားသုံးယောက် ထွက်ကြိုသည်။ သူတို့က လူဟောင်းတွေပေါ့။ စက်ရုံက အိုးလုပ်ငန်းလုပ်သည့်အတွက် သူတို့တကိုယ်လုံးမှာ ရွှံ့တွေ ပေနေသည်။ ကျနော်တို့မှာ ဘယ်ရှေးကံလဲမသိ၊ နိုင်ငံခြားမှာ အိုးလာဖုတ်နေရသည်။ ခက်တာက Basic pay မလေးရှားငွေ တနေ့ ၁၈ ကျပ်နှုန်း၊ အချိန်ပိုကလည်း မရှိဆိုတော့ တလလုံးအလုပ်ဆင်းပြီး လစာထုတ်တော့ ပွဲစားကြေး၊ ပါမစ်ကြေးတွေ ဖြတ်လိုက်ပြီး ကိုယ့်လက်ထဲ ၁၅၀ လောက်ပဲ ကျန်သည်။ အဲဒီငွေ နဲ့ တလစာ စားစားရိတ်ရှိသေးသည်။ သံရုံးကိုလည်း အခွန်ဆောင်ရအုံးမည် ဆိုတော့ အိမ်ကို ဘယ်လို ပို့မလဲ။
`တို့ ဘယ်လို လုပ်ကြမလဲ´ ကျနော့်ထက် ခြောက်လစောရောက်နေသော ဇော်မင်းကို မေးကြည့် သည်။ `တို့ ဒီစက်ရုံကနေ ထွက်ပြေးရမယ်၊ ဒီမှာဆိုရင် သုံးနှစ်လောက်လုပ်မှ အရင်းကြေလိမ့်မယ်၊ တခြားနေရာမှာ Basic pay နှစ်ဆယ် အစိတ် အနည်းဆုံးရနိုင်တယ်၊ အိုတီလည်း ရှိမယ်ဆို မဆိုးဘူး။ ကွာလာ လမ်ပူမှာ ငါ့သူငယ်ချင်းတွေ ရှိတယ်၊ အဲဒီကို သွားမယ်၊ ဒါပေမယ့် အဲလိုထွက်ပြေးရင် ပတ်စပို့က စက်ရုံမှာ ကျန်ခဲ့မှာ… ရဲ ပြဿနာ ရှိနိုင်တယ်။ ဒါပေမယ့် သူများတွေလည်း ဒီလိုပဲ ပြေးနေကြတယ်၊ မင်းစဉ်းစားပေါ့` ဟု ဇော်မင်းက အစီအစဉ်တွေ ပြောပြသည်။
နောက်ဆုံးတော့ အချိန်ကုန် လူပင်ပန်းပြီး ထမင်းစား ကျွန်ခံဘ၀ ဖြစ်နေသည်မို့ သီးမခံနိုင်တော့ပဲ ညဖက်မှာ အထုပ်ကိုယ်စီဆွဲ၍ စက်ရုံမှ ထွက်ပြေးလာခဲ့ကြတော့သည်။ ကွာလာလမ်ပူရောက်တော့ ဇော်မင်း သူငယ်ချင်းက ကျနော်တို့ကို ပွဲစားခ တယောက် သုံးရာယူကာ သူ့အလုပ်မှာပဲ ပြောပေးသဖြင့် ကျနော်တို့ အလုပ် ရသွားသည်။ စက်ရုံက စက်ဘီး စက်ရုံ၊ ဂဟေဆော်ထားသည့် စက်ဘီးဖရိမ်တွေကို ကျောက်စက်တိုက် ကော်ပတ်စားရသည်။ တခါတလေ အလုပ်နားချိန် ဂဟေဆော်တတ်အောင် ၀င်လေ့ကျင့်လို့ရသည်။ ဂဟေ ဆော်တတ်သွားလျှင် နောက်တရုံပြောင်းရင် ပိုက်ဆံပိုရနိုင်သည်။ ဒီစက်ရုံမှာလည်း Basic pay က တနေ့ အစိတ်နှင့် အိုတီလည်း ရှိသည်ဆိုတော့ ပွဲစားခသုံးရာ ပေးရတာ တန်ပါသည်။
ခက်တာက လကုန်လျှင် သူဌေးက လစာကို အကုန်မရှင်းပဲ borrow money ခေါ် ချေးငွေ တွေ သာ ထုတ်ပေးနေပါသည်။ စားဖို့သောက်ဖို့ မပူရပေမယ့် အိမ်ကို ငွေမပို့နိုင်သေးပါ။ အလုပ်သမားတွေကလည်း ကျနော်တို့လို တရားမ၀င်ဖြစ်သွားသော နိုင်ငံခြားသားအလုပ်သမားတွေက များတော့ သူဌေး လစာမပေးသည့် ကိစ္စ အစိုးရကို တိုင်ဖို့ဆိုတာကလည်း မဖြစ်နိုင်။ တနေ့ လစာပေးနိုးနိုးဖြင့် စောင့်နေရင်း သုံးလ ကြာသွားသည်။ သူဌေးကလည်း လစာရှင်းပေးမည့် အရိပ်အယောင်မရှိ၊ ကျနော်တို့ကလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ် တရက် စက်ရုံကို အော်ပရာစီ (အော်ပရေးရှင်း) ၀င်ပါတော့သည်။ ကျနော်တို့ အလုပ်သမားတွေရော သူဌေးပါ အဖမ်းခံရသည်။ သူဌေးက အာမခံနှင့် လွတ်သွားသော်လည်း ကျနော်တို့မှာ ရဲအချုပ်တွင် နှစ်ပတ်နေပြီးနောက် မလက္ကာကမ့်သို့ အပို့ခံရခြင်း ဖြစ်ပါသည်။
ရဲစခန်းအချုပ်တွင်နေစဉ်က နေ့ဖက်မှာအိုက်သောကြောင့် ဘောင်းဘီတိုနှင့် သမံတလင်းမှာ အိပ်ခဲ့သည် ဒဏ်၊ အခု ကမ့်ကိုရောက်တော့လည်း နေပူသည့်အခါ အရမ်းပူလိုက်၊ မိုးတွေရွာသည့်အခါ အေးသွားလိုက် ဖြစ်သည့် ဒဏ်နှင့် အိမ်က ကျနော်ပို့သည့်ငွေကို မျှော်နေတော့မှာပဲဟု တွေးကာ စိတ်မကောင်း ဖြစ်ရသည့် ဒဏ်တို့ဖြင့် ကျနော့် ကျန်းမာရေးများ ထိခိုက်လာပါသည်။
အပြင်မှာတော့ မိုးက စဲစပြုနေပြီ။ မနက်လေးနာရီမှာ သူတို့ လူလာစစ်ကြအုံးမည်။ ဒီကမ့်ကနေ ကျနော် ဘယ်တော့ အသွန်ခံရမလဲ၊ နယ်စပ်မှာ အသွန်ခံရပြီးရင် ဘာဆက်လုပ်ရမလဲ၊ သူဌေးဆီမှာ ကျန်ခဲ့တဲ့ လုပ်ခလစာလေးတွေ ဘယ်လို ပြန်တောင်းရမလဲ… မရေရာသော အတွေးများကြောင့် ကျနော့် ရင်မှာ လေးလာပါသည်။ မြန်မာပြည်မှာတုံးက မက်ခဲ့တဲ့ ကြည်နူးဖွယ် မလေးရှား အိမ်မက်လေးတောင် မမက်မိတာ အတော်ကြာသွားပြီကို ကျနော်သတိပြုမိသည်။ လောလောဆယ် ကျနော့် အိမ်မက်ဆိုးထဲမှာတော့ အ၀တ် တထည်ကိုယ်တခုနဲ့ မလက္ကာကမ့်ထဲမှာ ရင်တွေပူပြီး ခြေဖျားလက်ဖျားတွေအေးလို့ အဖျားတက်နေတဲ့ လူငယ်လေးတယောက်သာ ရှိပါတော့သည်။ ။

မလေးရှားရောက် လူငယ်တဦး