Saturday, February 16, 2008

ကျနော်သိသော `ဗဒို´တဦး

မဲဆောက်မှာ လုပ်ကြံခံလိုက်ရတဲ့ ဗဒိုမန်းရှာကို လူချင်းမသိပါဘူး။ ဒါပေမယ့် သူပြောတာ ဆိုတာ နားထောင် ကြည့်တော့ အတွေ့အကြုံရှိတဲ့ တော်လှန်ရေး သမားတဦးဆိုတာရယ် ရပ်တည်ချက်မှန်ကန်တဲ့နိုင်ငံရေးသမား တဦးဆိုတာရယ် သိသာထင်ရှားစွာ တွေ့နေရပါတယ်။ အဲလိုလူမျိုး လုပ်ကြံခံလိုက်ရတယ်ဆိုတာ ကရင့်တော် လှန်ရေးအတွက်ရော မြန်မာ့ ဒီမိုကရေစီအရေးအတွက်ပါ ၀မ်းနည်းဖွယ်ရာ ဆုံးရှုံးမှုတခုပါပဲ။
ဗဒိုမန်းရှာကို မဆုံလိုက်ရပေမယ့် ကိုယ်တောခိုတုံးကတော့ ဗဒိုတဦးဖြစ်တဲ့ ဗဒိုသန်းအောင်ကို သိခဲ့ရပါတယ်။ ကိုယ်တို့ရောက်နေတဲ့ ကရင်တပ်မဟာ (၇) တပ်ရင်း (၂၁) ဖြစ်တဲ့ မဲတရေ စခန်းကို ကေအင်ယူ ဒု ဥက္ကဋ္ဌ အဖြစ် ဗဒိုသန်းအောင် ရောက်လာခဲ့တာပါ။ ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်က စပြီး နယ်စပ်ကို တဖွဲဖွဲ ထွက်လာခဲ့ကြတာဆိုတော့ ကိုယ်တို့ မဲတရေ ရောက်တဲ့ အောက်တိုဘာ (၁) ရက်နေ့ မဲတရေစခန်းမှာ ကျောင်းသား (၅၀၀) ကျော်လောက်ရောက်နေကြပါပြီ။ အများစုက ကရင်ပြည်နယ် ဖားအံ၊ လှိုင်းဘွဲ့၊ ရွှေဂွန်းစတဲ့ မြို့နယ်က တက်လာခဲ့တဲ့ ကျောင်းသားသပိတ်က အဖွဲ့တွေ များပါတယ်။ နောက်တခြား ရန်ကုန်နဲ့ ပဲခူးတိုင်းအတွင်းက ထွက်လာခဲ့တဲ့သူတွေ ရှိကြပါတယ်။ လက်နက်နဲ့ စစ်ပညာ ရရင် ပြည်တွင်း ပြန်ဝင်ဖို့ ရည်ရွယ်ချက်နဲ့ ထွက်လာခဲ့ကြပေမယ့် ကေအင်ယူစခန်းမှာ ပိတ်မိသလို ဖြစ်နေပြီး ရှေ့ကို ဘာဆက် လုပ်ရမှန်းမသိ ဖြစ်နေတဲ့ အချိန်ပါ။ တချို့က ထိုင်းကို ကူးမယ်၊ တခြားစခန်းတွေကို ရောက်သွားတဲ့ အသိတွေ နဲ့ အဆက်အသွယ်ရှာမယ်။ နိုင်ငံတကာကို အကူအညီတောင်းမယ် စသဖြင့် စိတ်ကူးကြသူတွေလည်း ရှိကြတယ်။ နယ်စပ်စခန်းတွေကို ပြည်တွင်းက ကျောင်းသားတွေ အလုံးအရင်းနဲ့ ရောက်နေတာကို ကမ္ဘာ့သတင်း ဌာနတွေကလည်း စိတ်ဝင်စားတယ်လေ။ တနေ့ တနေ့ ရောက်လာတဲ့ သတင်းထောက်တွေက လည်း မနဲဘူး။ သတင်းထောက်တွေက မြင်သမျှကို တီဗီရိုက်၊ တွေ့သမျှလူကို အင်တာဗျူးတာ ဆိုတော့ ကိုယ်တောင် သြစတေးလျက သတင်းဌာန တခုဖြစ်တဲ့ အေဘီစီ နဲ့ အမေးအဖြေလုပ်လိုက်သေးတယ်။ ကိုယ်ပြောတဲ့ အင်္ဂလိပ်စကားက တောင်တလုံးမြောက်တလုံးပါ။ အဲဒီမှာ တချို့ အင်္ဂလိပ်လို အတော်လေး ပြောနိုင်သူတွေပါတယ်။ အဲဒီထဲက တယောက်က သတင်းထောက်တယောက်ကို ဘာပြောလိုက်သလဲ ဆိုတော့ ကေအင်ယူက ပိတ်ပင်ထားလို့ သွားချင်တဲ့နေရာ သွားလို့မရဘူးဖြစ်နေတဲ့အကြောင်း ပြောလိုက်တာပါပဲ။
နောက်နေ့ကျတော့ အဲဒီသတင်းက ဘန်ကောက်ပို့စ် မှာပါလာတယ်ဆိုတော့ ကေအင်ယူရဲ့ ဒု ဥက္ကဋ္ဌ ဖြစ်တဲ့ ဗဒိုသန်းအောင် ကိုယ်တိုင် စခန်းကိုရောက်လာပြီး အဲဒီကိစ္စကို ဖြေရှင်းပါတော့တယ်။ မဲတရေစခန်းမှာ ကိုယ်တို့အဖွဲ့တွေ ယာယီစခန်းချနေတာက အလယ်တန်းကျောင်းတခုမှာ၊ အဲဒီကျောင်းရဲ့ နှစ်ထပ်ဆောင် အောက်ထပ်ခန်းမ လူစုပြီးတော့ မြန်မာလိုကောင်းကောင်းမိန့်ခွန်းချွှေပါတော့တယ်။ သူက မြန်မာစကားပြော နိုင်ပေမယ့် တပ်ရင်းမှူးဗိုလ်မှူးလားမူက ကျနော်တို့ကို စကားပြောရင် ကရင်လိုပဲ ပြောပါတယ်။ သူက ကရင်လို ပြော.. တယောက်က မြန်မာလို ဘာသာပြန်တယ်ပေါ့။ အဲဒါကို ညဖက်အဆောင်မှာ အခုသြစီရောက်နေတယ် လို့သိရတဲ့ ကိုပေါ က ဗိုလ်မှူးလားမူ လုပ် နောက်တယောက်က စကားပြန်လုပ်ပြီဆိုရင် ပြဇတ်ထွက်သလို ဖြစ်နေတာမို့ တ၀ါးဝါးနဲ့ ရီနေရပါတယ်။ လူတွေကလည်း ဘာမှ အလုပ်ရှိတာ မဟုတ်၊ အားနေကြတယ် မို့လား။
ဗဒိုသန်းအောင်က ကေအင်ယူရဲ့ရပ်တည်ချက်၊ ဖြတ်သန်းမှုသမိုင်းကြောင်း၊ လမ်းစဉ် နဲ့ လုပ်ငန်းစဉ်တွေကို အကျယ်တ၀င့်ရှင်းပြပါတယ်။ ပြီးတော့ ဘန်ကောက်ပို့စ် သတင်းစာမှာ ပါလာတဲ့ ကိစ္စ အစာမကြေတဲ့အကြောင်း၊ ကျောင်းသားတွေကို ထိုင်းဖက်ကမ်းကူးခွင့်မပြုတာက တဖက်နိုင်ငံရဲ့ လူဝင်မှု ဥပဒေနဲ့ ငြိစွန်းမှာမို့ တားမြစ်ရတာ ဖြစ်ကြောင်း ပြောပါတယ်။ ကျောင်းသားကိုယ်စားလှယ်ကလည်း ကျောင်းသားတွေရဲ့ ဆန္ဒကို ရိုးသားစွာ တင်ပြတော့မှ အားလုံးကိုတော့ သွားခွင့်မပြုနိုင်၊ အားလုံးကိုယ်စား ကျောင်းသား (၇)ယောက်ကို အဆက်အသွယ်ရှာဖို့ မဲဆောက်သွားခွင့်ပြုမယ်လို့ ပြောပြီး ဗဒိုသန်းအောင် ပြန်သွားပြီးနောက်ပိုင်း ကျနော်လည်း တော်လှန်ရေး နယ်မြေမှာ မရှိတော့တာမို့ နောက်ထပ် တွေ့ဆုံခြင်း မရှိတော့ပါ ခင်ဗျား... ။ ။


(ထိုင်းဖက်ကမ်းကူးရန်ပြင်နေသည့် ကျောင်းသားများ၏ နောက်တွင် သောင်ရင်းမြစ်၊ သောင်ရင်းမြစ်နောက်က မဲတရေ စခန်းဖြစ်သည်)

2 comments:

U NU OF BURMA said...

တိုက်ဆိုင်မှုလေးတခုပြောပြချင်လို့ ပါ။
နယ်စပ်သတင်းတွေအရခင်ဗျားပြောတဲ့ ဗိုလ်မူးလားမူနဲ့  ဆက်နွယ်တဲ့အကြောင်းတခုဟာဖဒိုမန်းရှာ
လုပ်ကြံခံရမှုမှာအရေးပါတဲ့အချက်ဖြစ်နေတယ်ဗျ။ ဗိုလ်မူးလားမူဟာတလောကနအဖဆွယ်လို့ ပါသွားတဲ့ ဗိုလ်ချုပ်ထိန်မောင်ရဲ့ သမက်ဖြစ်တယ်။
၃၀၊၀၁၊၂၀၀၈မှာလုပ်ကြံခံရတယ်။ကေအင်န်ယူဗဟိုနဲ့ ဖဒိုမန်းရှာလက်ချက်လို့  စစ်ထောက်လှမ်းရေးက၀ါဒဖြန့် တယ်။ဗိုလ်ချုပ်ထိန်မောင်ကဖဒိုမန်းရှာကိုသတ်ဖို့ ဘတ်တစ်သန်းပေးမယ်ကြေငြာသတဲ့။ ဒီကိစ္စမှာဗိုလ်ချုပ်ထိန်မောင်မွေးစားသားဒီကေဘီအေ ကိုးသုံးလုံးရင်းမှူးစောချစ်သူ
ကစီစဉ်ပြီးကိုးသုံးလုံးဒုရင်းမှူး စိုးမြင့်(ဆန်ပြုတ်)နဲ့  အဖွဲ့ ကလုပ်တယ်လို့ ကျနော်တို့ နယ်စပ်မှာသတင်းရှိတယ်။ဘယ်လောက်မှန်လဲတော့မသိဘူး
ရဲဘော်ကြီးရဲ့ ဘ၀တကွေ့ မှာခဏတွေ့ လာသူများကိုသတိတရသိစေချင်လို့ ပါ။

၈၈ဒေါင်းအလံအောက်ကရဲဘော်ရဲဖက်တယောက်။

Thet Oo said...

ကျနော်ရောက်တုံးက ဆုံခဲ့တဲ့ တပ်ရင်းမှူးဗိုလ်မှူးလားမူက ဆုံးသွားပါပြီ။ ကိုယ့်ဆရာ ပြောတဲ့သူနဲ့က နာမည်တူ ဖြစ်ပါလိမ့်မယ်။