မလေးရှားအိမ်မက်
မိုး … မိုး … ဒီမိုးက တော်တော်ပြင်းပြင်းထန်ထန် ရွာနေတာပါလား။ လျှပ်စီးက တဖြတ်ဖြတ်၊ မိုးက တချုံးချုံးနဲ့ ကောင်းကင်ပဲ ပြိုကျတော့မလို လျှပ်စီးတချက် လျှက်လိုက်တိုင်း `ဟ… ငါတောင် မိုးကြိုးစက်ကွင်းက လွတ်ပါ့မ လား´။ ကောင်းကင်ကို မော့မကြည့်ရဲတဲ့အဖြစ်၊ ဒီလိုရွာပုံမျိုး ကျနော်တို့ နိုင်ငံတွင် မကြုံဘူးတာအမှန်၊ အေးလေ .. ကျနော်တို့ နိုင်ငံက ရာသီဥတုမျှတတာကိုး၊ ရာသီဥတုရယ်လို့ မရှိတဲ့ ဒီမလေးရှားနိုင်ငံကို ရောက် နေတော့လည်း ဒီမိုးမျိုးနဲ့ ကြုံရတာ မဆန်းလှပါ။
မိုးကောင်းကောင်းနဲ့ တွေးနေတုံး `ဘာဒေ့ … ဘာဒေ့´ ဆိုတဲ့ ငှက်ဆိုးထိုးသံတွေကြောင့် လူစစ်ဖို့ တန်းစီရမယ်လို့ ကျနော်သိလိုက်သည်။ ကျနော် အခုရောက်နေတဲ့နေရာက `ကမ့်´လို့ အများခေါ်နေကြတဲ့ တရားမ၀င် ၀င်ရောက်လာသူနဲ့ အိုဗာစတေးတွေကို ထိန်းသိမ်းထားတဲ့နေရာတခု ဖြစ်သည်။ အားလုံး သူ့နေရာနဲ့သူ နိုင်ငံအလိုက် တန်းစီအပြီးမှာတော့ ပြောက်ကျားဝတ်စုံနဲ့ တုတ်တချောင်းကိုင်ထားတဲ့ အရာရှိ ၀င်လာသည်။ သူနဲ့အတူ ကိုယ်ရံတော် လေးယောက်ခြံရံလာပြီး လူစစ်သည်။ ဒီအချိန်မျိုးမှာ တန်းမစီလို့ကတော့ တုတ်စာကောင်းကောင်းမိလိမ့်မည်။ အခုလို နှစ်ထပ်ဆောင် ဟောခန်းကြီးမှာ နိုင်ငံပေါင်းစုံက လူတွေ စုစုပေါင်း ခွန်နှစ်ရာ ရှစ်ရာလောက်ရှိတာဆိုတော့ တုတ်ကိုင်ပြီး ထိမ်းတာတောင် ညအိပ်ခါနီးရင် နေရာလုရင်း ရန်ဖြစ်ကြ၊ ဆူညံဆူညံနဲ့ စကားတွေများကြ၊ တယောက်နဲ့ တယောက် မတော်တဆ လူချင်းတိုက်မိရင်တောင် `မင်းဘာ ကောင်လဲ.. ငါဘာကောင်လဲ´ နဲ့ ရန်ထောင်ကြ ဆိုတော့ ပြဿနာပေါင်းစုံက အမြဲတမ်း ရှိနေတတ်သည်။ ဒဏ် ပေးခံထိ၊ တုတ်နဲ့ ရိုက်ခံထိတာတွေကလည်း နေ့တိုင်းနီးပါး တွေ့နေရသည်။
ယူနီဖောင်းနဲ့ ပုဂ္ဂိုလ်တွေ လူစစ်ပြီး ပြန်သွားတော့ အချိန်က ည ၁၂ နာရီခွဲပါပြီ။ လေးနာရီခြား တခါ လူစစ်တာဆိုတော့ မနက်လေးနာရီမှာ သူတို့ ပြန်လာကြအုံးမည်။ အပြင်မှာကလည်း မိုးကရွာတုန်းဆိုတော့ မိုးအေးအေးနဲ့ ကျနော့်အတွေးများက အတိတ်ကို ပြန်သွားနေသည်။
`သား … ကျန်းမာရေးကို ဂရုစိုက်နော်´ အမေက အထပ်ထပ်မှာနေသည်။ `မောင်လေး… ဟိုရောက် ရင် ရန်တွေဘာတွေ မဖြစ်နဲ့.. လိမ်လိမ်မာမာနေ´ မမက သတိပေးသည်။ `အေးပါဟာ.. ငါသိပါတယ်´ ကျနော် ပြန်ပြောသည်။ အဖေကတော့ ကြည့်ရုံသာကြည့်နေပြီး ဘာမှ မပြော။ လေယာဉ်ထွက်ဖို့က တနာရီလောက် လိုသေးသည်။ ကျနော့် စိတ်ထဲမှာတော့ `သားရဲ့ ရည်မှန်းချက်တွေပြည့်မှ ပြန်လာမယ်အဖေ´ ဟု အဖေကို အသံတိတ်စကားပြောနေမိသည်။
`မောင်လေး ဟိုရောက်ရင် အလုပ်ကိုကြိုးစား၊ အိမ်ကိုငွေမှန်မှန်ပြန်ပို့အုံး။ အရမ်းတွေ လျှောက်သုံးပစ် မနေနဲ့၊ နင့်ကို နိုင်ငံခြားပို့ဖို့ ဘယ်လိုလုပ်ထားရတယ်ဆိုတာ နင်သိတယ်နော်´ မမ က စိုးရိမ်စိတ်ဖြင့် တိုးတိုး တိုးတိုး မှာနေသည်။ မလေးရှားသွားဖို့ ကုန်ကျငွေအတွက် ကျနော်တို့အိမ်ကို အမျိုးတွေဆီမှာ ပေါင်ထားရတယ် ဆိုတာ ကျနော်သိတာပေါ့။
`သား … ဟိုမှာ သုံးနှစ်လောက် အလုပ်လုပ်ပြီးရင် သားတို့ အဆင်ပြေပါပြီ အမေ၊ သားလည်း ပြန်လာလို့ ရပြီပေါ့´ ငိုမဲ့မဲ့ ဖြစ်နေသည့် အမေ့ကို နှစ်သိမ့်စကားပြောပြီး ကျနော် လေယာဉ်ပျံပေါ် တက်ခဲ့၏။
နှစ်နာရီခွဲခန့် ပျံသန်းခဲ့သည့် လေယာဉ်ကြီး မလေးရှားမြေပေါ်ဆင်းလိုက်တော့ ခေတ်မီလှပတဲ့ လေယာဉ်ကွင်းကို မြင်ရသည်။ `ဒီလိုတိုးတက်နေတဲ့ နိုင်ငံမျိုးမှာ အလုပ်လုပ်လိုက်ရရင် ငါသူဌေးဖြစ်ဖို့ သိပ်မကြာတော့ပါဘူး´ ဟု တွေးရင်း အင်မီဂရေးရှင်းကို ရောက်လာသည်။ ပတ်စ်ပို့နှင့် စာရွက်စာတမ်းများကို စစ်နေသည်မှာ မပြီးနိုင်တော့။ နောက်ဆုံးတော့ လာကြိုမည့် သူဌေး ရောက်မလာ၍ လေယာဉ်ကွင်းမှာ ဖြစ်သလို တညအိပ်လိုက်ရပါသည်။
နောက်တနေ့မှာတော့ လာကြိုသည့် တရုတ်သူဌေးကားဖြင့် အလုပ်ဆင်းရမည့် စက်ရုံသို့ ဟိုင်းဝေး လမ်းမအတိုင်း ရောက်ရှိလာပါသည်။ စက်ရုံက မြို့တော်ဝန်းကျင်မှာ မဟုတ် တောပိုင်းကျသည့် Ipoh ဖက်မှာ ဖြစ်သည်။ စက်ရုံရှေ့ကားဆိုက်တော့ တကိုယ်လုံး ရွှံ့တွေပေနေသည့် မြန်မာအလုပ်သမားသုံးယောက် ထွက်ကြိုသည်။ သူတို့က လူဟောင်းတွေပေါ့။ စက်ရုံက အိုးလုပ်ငန်းလုပ်သည့်အတွက် သူတို့တကိုယ်လုံးမှာ ရွှံ့တွေ ပေနေသည်။ ကျနော်တို့မှာ ဘယ်ရှေးကံလဲမသိ၊ နိုင်ငံခြားမှာ အိုးလာဖုတ်နေရသည်။ ခက်တာက Basic pay မလေးရှားငွေ တနေ့ ၁၈ ကျပ်နှုန်း၊ အချိန်ပိုကလည်း မရှိဆိုတော့ တလလုံးအလုပ်ဆင်းပြီး လစာထုတ်တော့ ပွဲစားကြေး၊ ပါမစ်ကြေးတွေ ဖြတ်လိုက်ပြီး ကိုယ့်လက်ထဲ ၁၅၀ လောက်ပဲ ကျန်သည်။ အဲဒီငွေ နဲ့ တလစာ စားစားရိတ်ရှိသေးသည်။ သံရုံးကိုလည်း အခွန်ဆောင်ရအုံးမည် ဆိုတော့ အိမ်ကို ဘယ်လို ပို့မလဲ။
`တို့ ဘယ်လို လုပ်ကြမလဲ´ ကျနော့်ထက် ခြောက်လစောရောက်နေသော ဇော်မင်းကို မေးကြည့် သည်။ `တို့ ဒီစက်ရုံကနေ ထွက်ပြေးရမယ်၊ ဒီမှာဆိုရင် သုံးနှစ်လောက်လုပ်မှ အရင်းကြေလိမ့်မယ်၊ တခြားနေရာမှာ Basic pay နှစ်ဆယ် အစိတ် အနည်းဆုံးရနိုင်တယ်၊ အိုတီလည်း ရှိမယ်ဆို မဆိုးဘူး။ ကွာလာ လမ်ပူမှာ ငါ့သူငယ်ချင်းတွေ ရှိတယ်၊ အဲဒီကို သွားမယ်၊ ဒါပေမယ့် အဲလိုထွက်ပြေးရင် ပတ်စပို့က စက်ရုံမှာ ကျန်ခဲ့မှာ… ရဲ ပြဿနာ ရှိနိုင်တယ်။ ဒါပေမယ့် သူများတွေလည်း ဒီလိုပဲ ပြေးနေကြတယ်၊ မင်းစဉ်းစားပေါ့` ဟု ဇော်မင်းက အစီအစဉ်တွေ ပြောပြသည်။
နောက်ဆုံးတော့ အချိန်ကုန် လူပင်ပန်းပြီး ထမင်းစား ကျွန်ခံဘ၀ ဖြစ်နေသည်မို့ သီးမခံနိုင်တော့ပဲ ညဖက်မှာ အထုပ်ကိုယ်စီဆွဲ၍ စက်ရုံမှ ထွက်ပြေးလာခဲ့ကြတော့သည်။ ကွာလာလမ်ပူရောက်တော့ ဇော်မင်း သူငယ်ချင်းက ကျနော်တို့ကို ပွဲစားခ တယောက် သုံးရာယူကာ သူ့အလုပ်မှာပဲ ပြောပေးသဖြင့် ကျနော်တို့ အလုပ် ရသွားသည်။ စက်ရုံက စက်ဘီး စက်ရုံ၊ ဂဟေဆော်ထားသည့် စက်ဘီးဖရိမ်တွေကို ကျောက်စက်တိုက် ကော်ပတ်စားရသည်။ တခါတလေ အလုပ်နားချိန် ဂဟေဆော်တတ်အောင် ၀င်လေ့ကျင့်လို့ရသည်။ ဂဟေ ဆော်တတ်သွားလျှင် နောက်တရုံပြောင်းရင် ပိုက်ဆံပိုရနိုင်သည်။ ဒီစက်ရုံမှာလည်း Basic pay က တနေ့ အစိတ်နှင့် အိုတီလည်း ရှိသည်ဆိုတော့ ပွဲစားခသုံးရာ ပေးရတာ တန်ပါသည်။
ခက်တာက လကုန်လျှင် သူဌေးက လစာကို အကုန်မရှင်းပဲ borrow money ခေါ် ချေးငွေ တွေ သာ ထုတ်ပေးနေပါသည်။ စားဖို့သောက်ဖို့ မပူရပေမယ့် အိမ်ကို ငွေမပို့နိုင်သေးပါ။ အလုပ်သမားတွေကလည်း ကျနော်တို့လို တရားမ၀င်ဖြစ်သွားသော နိုင်ငံခြားသားအလုပ်သမားတွေက များတော့ သူဌေး လစာမပေးသည့် ကိစ္စ အစိုးရကို တိုင်ဖို့ဆိုတာကလည်း မဖြစ်နိုင်။ တနေ့ လစာပေးနိုးနိုးဖြင့် စောင့်နေရင်း သုံးလ ကြာသွားသည်။ သူဌေးကလည်း လစာရှင်းပေးမည့် အရိပ်အယောင်မရှိ၊ ကျနော်တို့ကလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ် တရက် စက်ရုံကို အော်ပရာစီ (အော်ပရေးရှင်း) ၀င်ပါတော့သည်။ ကျနော်တို့ အလုပ်သမားတွေရော သူဌေးပါ အဖမ်းခံရသည်။ သူဌေးက အာမခံနှင့် လွတ်သွားသော်လည်း ကျနော်တို့မှာ ရဲအချုပ်တွင် နှစ်ပတ်နေပြီးနောက် မလက္ကာကမ့်သို့ အပို့ခံရခြင်း ဖြစ်ပါသည်။
ရဲစခန်းအချုပ်တွင်နေစဉ်က နေ့ဖက်မှာအိုက်သောကြောင့် ဘောင်းဘီတိုနှင့် သမံတလင်းမှာ အိပ်ခဲ့သည် ဒဏ်၊ အခု ကမ့်ကိုရောက်တော့လည်း နေပူသည့်အခါ အရမ်းပူလိုက်၊ မိုးတွေရွာသည့်အခါ အေးသွားလိုက် ဖြစ်သည့် ဒဏ်နှင့် အိမ်က ကျနော်ပို့သည့်ငွေကို မျှော်နေတော့မှာပဲဟု တွေးကာ စိတ်မကောင်း ဖြစ်ရသည့် ဒဏ်တို့ဖြင့် ကျနော့် ကျန်းမာရေးများ ထိခိုက်လာပါသည်။
အပြင်မှာတော့ မိုးက စဲစပြုနေပြီ။ မနက်လေးနာရီမှာ သူတို့ လူလာစစ်ကြအုံးမည်။ ဒီကမ့်ကနေ ကျနော် ဘယ်တော့ အသွန်ခံရမလဲ၊ နယ်စပ်မှာ အသွန်ခံရပြီးရင် ဘာဆက်လုပ်ရမလဲ၊ သူဌေးဆီမှာ ကျန်ခဲ့တဲ့ လုပ်ခလစာလေးတွေ ဘယ်လို ပြန်တောင်းရမလဲ… မရေရာသော အတွေးများကြောင့် ကျနော့် ရင်မှာ လေးလာပါသည်။ မြန်မာပြည်မှာတုံးက မက်ခဲ့တဲ့ ကြည်နူးဖွယ် မလေးရှား အိမ်မက်လေးတောင် မမက်မိတာ အတော်ကြာသွားပြီကို ကျနော်သတိပြုမိသည်။ လောလောဆယ် ကျနော့် အိမ်မက်ဆိုးထဲမှာတော့ အ၀တ် တထည်ကိုယ်တခုနဲ့ မလက္ကာကမ့်ထဲမှာ ရင်တွေပူပြီး ခြေဖျားလက်ဖျားတွေအေးလို့ အဖျားတက်နေတဲ့ လူငယ်လေးတယောက်သာ ရှိပါတော့သည်။ ။
မလေးရှားရောက် လူငယ်တဦး
No comments:
Post a Comment