ဟိုတလောက ဂျာမနီနိုင်ငံနှင့် ပတ်သက်သည့် သတင်းတခု ဖတ်လိုက်ရသည်။ ဂျာမနီ၌ လူရှစ်ဦးတွင် တဦးသည် စားနိုင်သောက်နိုင်ရုံအဆင့်သာ ရှိသည်ဟူ၍ ဖြစ်သည်။ တကယ်တော့ ဂျာမနီနိုင်ငံသည် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော်လည်း လတ်တလော ကမ္ဘာ့စီးပွားပျက်ကပ်၏ ဒါဏ်ကို ခံနေရသောကြောင့်သာ အလုပ်လက်မဲ့ဦးရေ များပြားလာပြီး လူတဦးချင်းဝင်ငွေ ကျဆင်းလာပုံရ၏။
စာရေးသူ ယမန်နှစ် ဧပြီလက ဂျာမနီနိုင်ငံ ဟမ်းဘာ့ဂ်မြို့သို့ အလည်ရောက်ရှိနေသည်။ စာရေးသူ တည်းခိုသည့် အိမ်ရှင် ကိုဗလကြီး (ခေါ်) ကိုသောင်းညွှန့်က သူနေသည့် ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များ၊ ကုန်တိုက်များကို လိုက်လံပြသစဉ် မိမိအား ပြောသည့် စကားတခွန်းကို အမှတ်ရနေသည်။ ကိုဗလကြီး ဂျာမနီကို ရောက်နေတာ ၇ နှစ် ရှစ်နှစ်ဝန်းကျင်ခန့်ရှိပြီဖြစ်သည်။ `ကျနော်တို့ ရောက်ကာစ ဂျာမနီမှာ အိမ်တွေက အသုံးမလိုတော့လို့ လွှင့်ပစ်တဲ့ ရေခဲသေတ္တာ၊ တီဗီ၊ အောက်စက် တွေဟာ နေရာအနှံ့တွေ့ရတယ်။ အခုတော့ အဲဒီလိုလွှင့်ပစ်တာမျိုး သိပ်မတွေ့ရတော့ဘူး` ဟု ကိုဗလကြီး ပြောပြဖူးသည်။
ပြီးခဲ့သည့် လက ကျနော်ဆွီဒင်နိုင်ငံသို့ ကိစ္စတခုဖြင့် အလည်ရောက်ရှိသည်။ ကျနော်အဓိက သွားသည့် ကိစ္စ ဆောင်ရွက်ပြီး၍ ဒိန်းမတ်သို့ အပြန်၌ မြန်မာတွေနေသည့် Hallsberg မြို့တွင် တညအိပ်ဖြစ်သည်။ ကျနော်တည်းသည့် အိမ်ရှင် ကိုသိန်းစိုး (ကျောင်းသားတပ်မတော်ရဲဘော်ဟောင်း) က သူတို့မြို့ရှိ မြန်မာမိသားစုတွေ နေထိုင်ရာ အခန်းများသို့ ကျနော်ကို အလည်ခေါ်သွား မိတ်ဆက်ပေးသည်။ Hallsberg တွင် မြန်မာမိသားစု ၁၀ စုခန့်ရှိကြောင်း ကျနော်တို့အား ထမင်းစားဖိတ်ထားသည့် အိမ်သို့သွားရင်း ကိုသိန်းစိုးက လမ်းတွင် ရှင်းပြသည်။ ထမင်းစားဖိတ်ထားသည့် အိမ်တွင် စားသောက်ပြီးနောက် နှုတ်ဆက်စကားများပြောကြားပြီး ဒုတိယအိမ်သို့ အလည်သွားကြသည်။ ဒုတိယအိမ်တွင်လည်း အိမ်ရှင်များက လက်ဘက်ရည်ချော၊ လက်ဘက်သုတ်၊ ရေနွေးကြမ်းများဖြင့် ဧည့်ခံသည်။ ဒုတိယအိမ်မှ တတိယအိမ်သို့အ၀င် အပတ်မင့်၏ အောက်ထပ်တွင် ပစ်ထားသော ပစ္စည်းများက ကျနော့်အား ကင်မရာကို ထုတ်၍ ဓါတ်ပုံရိုက်ရန် ဆွဲဆောင်လျှက် ရှိသည်။
ပုံတွင် မြင်ရသည့်အတိုင်း အခန်းအပြင်တွင် ပစ်ထားသည့် ပစ္စည်းများသည် ဂျာမနီက ကိုဗလကြီးတို့ဆီမှာပင် မမြင်ရတော့သည့် မြင်ကွင်းဖြစ်နေသည်။ တီဗီအဟောင်းနှင့် အောက်စက်ကို လွှင့်ပစ်ထားနိုင်သော ဆွီဒင်နိုင်ငံ၏ စီးပွားရေးကား ဥရောပ၏စက်မှုအင်အားကြီး ဂျာမနီထက်ပင် ပို၍ သာနေသေးတော့သည်။
ထိုနေ့က အိမ်လည်ပြီး ကိုသိန်းစိုးတို့အိမ်အပြန် လမ်းတွင် ချထားသည့် ဆွီဒင်စာနှင့် ဆိုင်းဘုတ်အကြောင်း မေးကြည့်ရာ တိုက်အမြင့်များပေါ်တွင် ရှိနေသောရေခဲများ အောက်သို့ ပြုတ်ကျကာ အန္တရာယ်ရှိနိုင်သဖြင့် သတိထားရန် ဖြစ်ကြောင်းနှင့် တခါတရံတွင် ထိုသို့ ရေခဲများပြုတ်ကျသဖြင့် လူအသေအပျောက်ရှိကြောင်း ကိုသိန်းစိုးက ရှင်းပြပါသည်။
နောက်တနေ့ Hallsberg မှ Stockholm သို့ မီးရထားဖြင့် ဒိန်းမတ်သို့ပြန်ရန် ရောက်ရှိလာပြီး၊ လေယာဉ်ကွင်းဆင်းရန် အချိန်စောသေးသဖြင့် စတော့ဟုမ်းမြို့တွင် ဟိုဟိုဒီဒီ လျှောက်ကြည့်မည် ကြံစည်ထားသော်လည်း ရေခဲတမျှ အေးစက်နေသော မြို့တော်မှာ အထူးတလည် ကြည့်စရာ ဘူတာအနီးအနား တွင် ရှာမတွေ့သဖြင့် ဘူတာကြီးနှင့် ကားဂိတ်အတွင်းမှာပဲ အချိန်အတန်ကြာ နေခဲ့ရပါတော့သည်။ ။
စတော့ဟုမ်းမြို့က ဆူရှီဆိုင်
ရေခဲတမျှ အေးစက်နေသောမြို့တော်
အဝေးပြေးကားဂိတ် (စတော့ဟုမ်း)
5 comments:
ကျမသိသလောက်တော့ ဂျာမနီက ကျမတို့ နေတဲ့ နေရာမှာ အရင်တုန်းကလို လျှပ်စစ်ပစ္စည်းတွေကို
လမ်းပေါ်မှာ မပစ်ရတော့ဘူး။ ပစ်တဲ့နေရာကို ကိုယ်တိုင်သွားချင်သွားပစ်၊ ဒါမှမဟုတ်ရင် ပစ်ရမယ့်
နေရာကို ဖုန်းဆက်ပြီးလာယူခိုင်းရပါတယ်။
တချို့ တွေဆို အသစ်လဲတာနဲ့  အဟောင်းကိုပစ်ဖို့ 
ပြန်ပေးလိုက်ပါတယ်။ အဲ့ဒီအတွက် ပိုက်ဆံ ထပ်ပေးရပါတယ်။
ဆစ်ဒနီမှာလည်း ကျွန်မတို့ ရောက်ခါစက ဒီလို လျှပ်စစ်ပစ္စည်းတွေကို မ၀ယ်သုံးဘူး ကောက်ပဲကောက်သုံးတယ်။ အခုနောက်ပိုင်း ဒါတွေကို မပစ်တော့ဘူး အဟောင်းဆိုင်မှာ တင်ရောင်းကြတယ်။
ဗဟုသုတ ရပါတယ်။ အားလည်း ကျမိပါတယ်ဗျာ..
ကြားဖူးတာက ဆွီဒင်က ကမ္ဘာ့ ဈေးအကြီးဆုံး ဖြစ်သလို ၀င်ငွေအများဆုံး ရတဲ့နိုင်ငံလို့ ပြောတာဘဲ။ အင်္ဂလန်မှာတော့ မလိုချင်တဲ့ပစည်းတွေဆိုရင် ချယ်ရတီဆိုင် ကို ပို့ လိုက်တယ်။ အဲဒီcharity ဆိုင် က ပြန်ရောင်းရငွေ ကို ပြန်လျူတယ်။
အဲဒီက အ၀တ်အစားဆိုရင် ၀.၅၀ပေါင် ၂.၅၀ပေါင် အစသဖြင့် ဈေးပေါတော့ ငွေကြပ်တည်းသူတွေ လာပြန်ဝယ်ကြတာ တွေ့ တာဘဲ။ ချမ်းသာသူတွေ များကြတော့ ဟောတထည်ဟောတထည် ဆိုပြီး ပေါ်တိုင်းဝယ် ဘီဒိုကြပ်ရင် အဲဒီဆိုင်မျိုးလာပို့ နဲ့  အဆင်ပြေနေကြ တာဘဲ
ဟိုဘက်မှာ ဒီဆိုင်မျိုးမရှိဘူး ထင်တယ်
ဒါဆို ဒိန်းမတ်က ကျွန်တော်တို့လောက် အေးဘူးပေါ့နော်.. ဖင်လန်ကတော့ ဖင်မလန်အောင် မနည်းဖုန်းထားရတယ်။။ အေးလွန်းလို့.. အလုပ်ပြုတ်တာတော့ ပြောမနေပါနဲ့တော့ ဒီမှာ အလုပ်မရှိတဲ့ နိုင်ငံတောင် ညည်းနေကြတယ်းP ကျွန်တော်ကတော့ ရောက်ကတည်းက အလုပ်မလုပ်ရသေးတာ.. လုပ်ရဘူးတဲ့.. လုပ်ရင်လည်း လစာက ကိုက်ဘူးလေ.. ကျောင်းတက်စေချင်တဲ့ သဘောရှိတယ်ထင်တယ်။ ကျောင်းပြီမှ အလုပ်ကောင်းကောင်းနဲ့ အလုပ်လုပ်စေချင်သလားမသိ။။
Post a Comment