အီစတာပွဲတော်မှာ အလုပ်တွေ ကျောင်းတွေ ပိတ်သည်မို့ ဟမ်းဘာ့ဂ် (ဂျာမနီ) ကိုသွားလည် ဖို့ စီစဉ်ထားခဲ့သည်။ ရထားဖြင့် သွားရမည်မို့ ခလေးနှစ်ယောက်ကလည်း ပျော်နေကြသည်။ တကယ်တမ်း ရထားဖြင့်လာသည့်နေ့မှာ တော့ ဂျာမနီနယ်စပ် မရောက်ခင် လမ်းခုလပ်မှာ ရထားလမ်းတွေ ပြင်နေသောကြောင့် ရထားကုမ္ပဏီမှ စီစဉ်ပေးထားသော ဘတ်စ်ကားများဖြင့် ၂ ကြိမ် ပြောင်းစီးခဲ့ရသည်။ ဒိန်းမတ်ရထားတွေက ဂျာမန်ရထားနှင့် ယှဉ်လျှင် ရထားတွဲတွေ ညံ့ဖျင်းသလို၊ အချိန်ကလည်း မမှန်လှ။ ရထားကလည်းနောက်ကျ၊ လမ်းမှာလည်း ဘတ်စ်ကား ၂ ခါ ပြောင်းစီးရခဲ့ရသဖြင့် နယ်စပ် Padborg ဘူတာမှာ စောင့်နေသည့် ဂျာမန်ရထားကို မှီတယ်ဆိုရုံလေး ဖြစ်ခဲ့ရသည်။ ဂျာမန် နယ်ထဲအရောက် ရထားပေါ်မှာ ရဲနှစ်ယောက်က ပတ်စ်ပို့ လာမေးသည်။ ဒိန်းမတ်ရောက် ဒုက္ခသည်တွေကို ထုတ်ပေးထားသည် Travel document ကို ထုတ်ပြတော့ ကျနော်တို့ နာမည် တွေကို ကြည့်ပြီး သူတို့ အချင်းချင်း ရီနေကြသည်။ ကျနော့် last name က နှစ်လုံးထဲ၊ ပြီးတော့ အဲဒီနှစ်လုံးက တူနေလိုက်သေးသည်။ နာမည်ကို ကြည့်ပြီး ဂျာမန်ရဲက ရီသည်မှာ ဒါနဲ့ပါ ဆိုရင် ဒုတိယအကြိမ် ဖြစ်၏။ လွန်ခဲ့သည့် နှစ်နှစ်လောက်က ဂျာမနီနယ်စပ်ကို ဘတ်စ်ကားဖြင့် ဈေးဝယ်အသွားတုံးကလည်း ပထမအကြိမ် ရဲတွေ ပြုံးစိစိ ဖြစ်ခဲ့ကြသေးသည်။
ဟမ်းဘာ့ဂ် ဘူတာကိုတော့ ရထားက အချိန်မှန် ရောက်ပါသည်။ ဘူတာမှာ လာကြိုနေသူက ကိုဗလကြီးနှင့် ကိုခင်မောင်ဦး တို့ဖြစ်၏။ ကိုခင်မောင်ဦးကားဖြင့် ကျနော်တို့တည်းမည့် ကိုဗလကြီးတို့ အိမ်ကို လိုက်ပို့ပေးသည်။
အီစတာ ပွဲတော်နေ့ မနက် မြို့ထဲလျှောက်လည်တော့ ဟမ်းဘာ့ဂ်မြို့သည် နွေဦး၏ နေရောင်ခြည် အောက်တွင် လှပ၍ နေပါတော့သည်။
ဓါတ်ပုံများ
1 comment:
OO ဆိုတာကိုကြည့်ပြီး ပြုံးမယ်ဆိုလည်း ပြုံးချင်စရာပါလေ..း)
Post a Comment