Saturday, April 4, 2009

ကောင်းမှုတခု နေ့စဉ်ပြု



ကျနော်တို့ အာရှဖက်ကနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား စတဲ့ နိုင်ငံတွေမှာ ကုန်တိုက်တွေမှာ ဈေးဝယ်ရင် ပစ္စည်းတွေကို အရံသင့် သယ်သွားလို့ရအောင် အလကားပေးတဲ့ ပလပ်စတစ်အိတ်တွေထဲ ဆိုင်က ထည့်ပေးလိုက်တာမျိုး ဒိန်းမတ်မှာ မရှိပါဘူး။ ဒိန်းမတ်က စူပါမားကတ်တွေမှာ ဈေးဝယ်ရင် ပလပ်စတစ်အိတ်ကို ၀ယ်ယူရပြီး ပစ္စည်းတွေကိုလည်း ကိုယ့်ဖာသာကိုယ် ထည့်ရပါတယ်။ ၀ယ်ထားတဲ့ အိတ်ကိုလည်း လွှင့်မပစ်ပဲ သိမ်းထားပြီး နောက်အခေါက်တွေ ဈေးဝယ်သွားတဲ့အခါ ပြန်ယူသွားမှ ဈေးဝယ်တိုင်း အိတ်အသစ်ဝယ်မနေရမှာ ဖြစ်ပါတယ်။ ဒါကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အနေနဲ့ ဥပဒေ ပြဌာန်းထားပုံရပါတယ်။ ချွင်းချက်အနေနဲ့ ဒိန်းမတ်က အာရှပစ္စည်းရောင်းတဲ့ဆိုင်တွေကတော့ အခမဲ့ ပလပ်စတစ်အိတ်တွေနဲ့ ထည့်ပေးကြတာ တွေ့ရတယ်။
ဒိန်းမတ်မှာ ကိုကာကိုလာ၊ ပက်ဆီ စတဲ့ အအေးဘူးခွံတွေက တခါသုံးမဟုတ်ပဲ ဆိုင်ကို ပြန်သွင်းရပါတယ်။ မားကတ်မှာ အအေးဘူးဝယ်ကတည်းက ပုလင်းပေါင် ယူထားလိုက်တာပါ။ ပုလင်းပြန်သွင်းတဲ့အခါမှ ငွေပြန်ရပါတယ်။ ဒါပေမယ့် ဂျာမနီနယ်စပ်က ၀ယ်လာတဲ့ အအေးပုလင်းတွေကိုတော့ ပြန်သွင်းလို့ မရပါဘူး။ ဂျာမနီနယ်စပ်က ဈေးလျော့ရောင်းလို့ ၀ယ်လာတဲ့ အအေးပုလင်းတွေနဲ့ အချိုရည်ဘူးတွေဟာ Recycle လုပ်လို့ မရလေတော့ စည်းကမ်းတကျ အမှိုက်မပစ်တဲ့အခါ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေတယ်လို့ ဝေဖန်သံတွေ ကြားနေရပါပြီ။
အခုနောက်ပိုင်းမှာတော့ စူပါမားကတ်က ပုလင်းပြန်သွင်းတဲ့နေရာမှာ ခလုတ်တခု အပိုတတ်ထားတာ တွေ့လာရပါတယ်။ ပုလင်းအခွံပြန်သွင်းတဲ့ငွေကို UNICEF ခေါ် ကမ္ဘာ့ခလေးများ ရံပုံငွေအဖွဲ့အတွက် လှူဒါန်းလိုက် ဖို့အတွက် စီစဉ်ပေးထားတာပါ။ ကောင်းမှုကုသိုလ်တခုကို လွယ်လွယ်နဲ့ ပြုလို့ရအောင် စီမံထားတာလေးကို တွေ့ရလို့ နတ်လူ သာဓု ခေါ်နိုင်ဖို့ ရေးသားတင်ပြလိုက်ပါတယ်။



ဓါတ်ပုံ (အပေါ်ပုံ) ပုလင်းခွံသွင်းသည့်နေရာ၊ (အောက်ပုံ) ပုလင်းခွံလက်ခံသည့်စက်

3 comments:

Taungoo said...

အရမ်းကောင်းတဲ့ ကိစ္စတစ်ရပ်ပါပဲဗျာ။
“ဒိန်းမတ်” လို အခြားနိုင်ငံတွေပါ လိုက်လံကျင့်သုံးနိုင်ရင် သဘာဝပတ်ဝန်းကျင်ကို အများကြီး ကာကွယ်ရာရောက်မှာပဲ။ စင်္ကာပူက "Shop & Save" ဆိုင်ကတော့ ဗုဒ္ဓဟူးနေ့ တစ်ရက်ကို ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပေးစေချင်ရင် ပိုက်ဆံပေးရပါတယ်။

မေဓာဝီ said...

ဟုတ်တယ် ... အဲဒီလို လုပ်ထားတာလေး ကောင်းတယ်နော်။
ဒီမှာ ဈေးဝယ်တဲ့အခါ ကျွတ်ကျွတ်အိတ်တွေ လွှင့်မပစ်ဘဲ ပြန်သုံးရင် ကိုယ့်အတွက် ပွိုင့်တွေ တိုးတယ်ဆိုပေမဲ့ တကူးတက ယူသွားဖို့ မေ့မေ့နေတတ်တုန်းပဲ။ အိတ်တွေကလည်း အလကားရတာကိုး။ တခါတလေတော့ သတိထားပြီး သယ်သွားဖြစ်ပါတယ်။

recycle နဲ့ ပတ်သက်ပြီး စာတပုဒ်ရေးထားဖူးတယ်။ recycle အစ ဗမာပြည်က ဆိုပြီးတော့။ :)
ဘလော့မှာတော့ မတင်ဖြစ်ဘူး။

Phyo Maw said...

တယ်ဟုတ်ပါလားဗျ