Saturday, April 18, 2009

(၂၉) လူစုံ၊ လူမျိုးပေါင်းစုံ၊ လူတန်းစားပေါင်းစုံ (ကြေးမုံဦးသောင်း)

မာကျောက်ကစားဝိုင်း တရုတ်များကို ဖမ်းသကဲ့သို့ စစ်အစိုးရက အရပ်သူအရပ်သားများကို အကြောင်းအမျိုးမျိုး နှင့် ဖမ်းဆီးနေကြသောကြောင့် အင်းစိန်ထောင်ထဲသို့ ရောက်လာကြသူများ အားလုံးတို့၏ ဇာတ်လမ်းများမှာ အမျိုးမျိုးအဖုံဖုံ ဆန်းကြယ်လှတော့သည်။
အစိုးရ၏ ထိပ်သီးအာဏာရှင်ကြီး ဗိုလ်ချုပ်ကြီးနေ၀င်းကိုယ်တိုင်က သူမလိုလားသူများကို ဖမ်းဆီးအမိန့်ပေးလေရာ လက်အောက်စစ်ဗိုလ်များကလည်း မိမိတို့ မလိုလားသူအား လက်လွတ်စပယ် ဖမ်းမိန့်ပေးလေ့ရှိသည်။
ငွေဇင်ယော် ဦးကြင်သည် ကုန်သည်ကြီးတဦးဖြစ်သည်။ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်သူ အရပ်သားတဦးသာ ဖြစ်သည်။ ဂျုံစက်နှင့် ဆီစက်နှစ်လုံး ပိုင်ဆိုင်သည်။ သူ၏နေအိမ်မှာ ပြည်လမ်းပေါ်တွင် ရှိသည်။ အေဒီလမ်းထိပ်အနီး မလှမ်းမကမ်းတွင် ရှိသည်။ မိသားစုကြီးမားသောကြောင့် အိမ်ကောင်းကောင်း ဆောက်လုပ်နေထိုင်သည်။
ဝန်တိုမိစ္ဆာကြီးမားသော ဗိုလ်ချုပ်ကြီးနေ၀င်းက ဤကဲ့သို့ အရပ်သားများ တင့်တင့်တယ်တယ် နေသည်ကို မကြည့်နိုင်၊ မရှူစိမ့်နိုင်ဘဲ များစွာ မနာလိုလေ့ရှိသည်။ ထိုကြောင့် အေဒီလမ်း နေအိမ်မှ နေ့စဉ်စစ်ရုံးကို ကားနှင့် သွားသည့်အခါတိုင်း ဒေါသမီးတောက်ပြီး သူက “လမ်းပေါ်မှာ နန်းတော်ဆောက်တဲ့ မအေ -ိုး တွေ” ဟု ညစ်ညစ် ညမ်းညမ်း ဆဲလေ့ရှိသည်။
ဗိုလ်ချုပ်နေ၀င်း၏ နံဘေးမှာ အမြဲလိုက်ပါရသူ စစ်စုံထောက်ကြီး ဗိုလ်မှူးကြီးလွင်က နားငြီးလှသောကြောင့် ဦးကြင်၏ အပြစ်ကို ရှာသည်။ အပြစ်မတွေ့သောကြောင့် ဆိုင်းထားရာမှ ဆီဈေးတက်သဖြင့် ဆီကုန်သည်များကို ဖမ်းသောအခါတွင် ဦးကြင်ကိုပါ ရောနှောကာ ဖမ်းလိုက်သည်။ ဦးကြင်ခမျာ ဗိုလ်ချုပ်နေ၀င်းသွားလာသော လမ်းပေါ်မှာ အိမ်ကောင်းကောင်းဆောက်နေမိသောကြောင့် ထောင် (၇) နှစ် ခံရရှာလေသည်။
တကြိမ်တွင်မူ ဗောင်းတော်ညိတ် စိတ်တော်သိ ဖမ်းဆီးလေ့ရှိသူ စစ်စုံထောက်ကြီးများ အကြပ်ရိုက်သွားခဲ့ဖူးသည်။ မြေနီကုန်းလမ်းဆုံတွင် ကားဖြတ်မောင်းသွားစဉ်၌ လမ်းပေါ်မှ လူတယော်ကို မြင်မိရာမှ ဗိုလ်ချုပ်ကြီးနေ၀င်းက “ဟ - ဒီကောင်ရှိသေးသကိုး” ဟု မှတ်ချက်ချသည်။ စစ်စုံထောက်ကြီးတို့က ထိုမည်သော “ဒီအကောင်” ဆိုသူကို ထိုည မှာပင် ဖမ်းလိုက်ကြလေသည်။
တလခန့်ကြာသောအခါတွင်မူ ဗိုလ်ချုပ်ကြီးနေ၀င်းက “ဒီကောင်ကို ငါခိုင်းစရာ ရှိတယ်။ တလောက မြေနီကုန်းမှာ ကားပေါ်က တွေ့လိုက်ပါတယ်။ ရှာပြီးခေါ်ခဲ့ကွာ” ဟု အမည်နာမ ပြောပြီး ခိုင်းတော့သည်။
စစ်စုံထောက်ကြီးများ မျက်သလဲဆံပျာ ဖြစ်သွားကြရှာတော့သည်။ သူတို့က ဖမ်းဆီးထားသော ဒီအကောင်ဆိုသူကို ကပျာကရာ အင်းစိန်ထောင်ထဲက ဆွဲထုတ်ပြီး “ကျနော်တို့ လူမှားပြီး ဖမ်းမိတာပါ။ ဖမ်းတယ် ဆိုတာ အဖိုးကြီး မသိပါစေနဲ့” ဟု ရှိခိုးတောင်းပန်ပြီး အိမ်တော်သို့ ခေါ်သွားရရှာသည်။
ပြောမယုံ ကြုံဖူးမှသိ ဟူသော ဖြစ်ရပ်မျိုးတို့သည် များပြားလှသည်။ မန္တလေးတွင် သတင်းစာ အော်ဟစ်ရောင်းနေသူ လူငယ်တဦးကို အာဏာပါဝါပြလိုသူ လက်နက်ချ ကွန်မြူနစ်အရာရှိတဦးက ရဲဌာနကို သွားပြီး “ဒီကောင်ကို ဖမ်းလိုက်” ဟု အမိန့်ပေးသောကြောင့် ဖမ်းထားခဲ့သည်။ လွှတ်ချိန်ကျသောအခါတွင် မည်သည့်အရာရှိက မည်သည့်အတွက်ကြောင့် ဖမ်းမိန့်ပေးခဲ့သည်ကို မှတ်တမ်းမရှိသဖြင့် ကြာမြင့်စွာ ထိန်းသိမ်း ထားရသည်ဟု ထောင်မှူးတဦးက ကိုယ်တွေ့ ပြောပြသည်။
တနေ့သ၌ အကျဉ်းသားသစ် (၃) ဦးတို့သည် တင်မောင်တို့၏ အခန်းသို့ ရောက်လာကြသည်။ လပွတ္တာမှ မော်တော်ပဲ့ကိုင်နှင့် စက်သမားများ ဖြစ်ကြသည်။ “ဘာမှုနဲ့ ဖမ်းခံရသလဲ” ဟု မေးကြသောအခါတွင် သူတို့ကိုယ်တိုင် မည်သည့်အတွက်ကြောင့် အဖမ်းခံရသည်ကို မသိရပါဟု ဖြေကြရှာလေသည်။
ဂဃနဏ မေးကြသောအခါတွင်မူ သူတို့က လမ်းမတော်ဆိပ်ကမ်းတွင် မော်တော်ဆိုက်ကပ်ထားပြီး အားလပ် သောကြောင့် စာရေးကြီးကို မော်တော်အပ်ကာ ရုပ်ရှင်ကြည့်ရန် ထွက်လာသည် ဆိုပါ၏။ ရွှေတောင်တန်းလမ်းကို ဖြတ်လာခိုက် မိုးသည်းထန်စွာ ရွာလာသောကြောင့် အိမ်တအိမ်၏ တံစက်မြိတ်အောက်တွင် ၀င်ရောက် မိုးခိုကြ သည်။ မိုးအစဲတွင် ခရီးဆက်မည်အပြု၌ အိမ်ထဲမှ စစ်စုံထောက်တစု ထွက်လာပြီး ဘောင်ဒရီလမ်းကို ခေါ်သွား ကြပြီး (၃) ရက်တိုင်တိုင် စစ်ဆေးကြသည် ဆိုသည်။
ဘယ်သူကို သိသလား၊ ဘယ်ဝါနှင့် ဆက်သွယ်ဖူးသလား စစ်မေးကြသောအခါ ရန်ကုန်မြို့တွင် လမ်းမတော် ဆိပ်ကမ်းနှင့် ရုပ်ရှင်ရုံမှတပါး မည်သူကိုမှ မသိရှာကြသည့် လပွတ္တာသားများ ဖြစ်သဖြင့် မည်သည့်ကိစ္စကိုမှ မဖြေနိုင်သောကြောင့် အင်းစိန်ထောင်သို့ ပို့လိုက်သည်ဆိုပါ၏။
နောက်တနေ့တွင် ဘောင်ဒရီစစ်ထောင်၌ ကျန်ရစ်ခဲ့သော လွယ်အိတ်တလုံးကို လာပို့သောအခါ “ခင်ဗျားတို့ ပစ္စည်းတွေ စုံရဲ့လား စစ်ဆေးပါ” ဟု တပ်ကြပ်ကြီးက မေး၏။
စက်ဆရာတဦးက “ကျနော် ကျန်ရစ်ခဲ့တဲ့ သွားကလေးတချောင်း မပါလာပါလား” ဟု မရဲတရဲ ပြောရှာသောအခါ “-၀ါးကနဲ” ပွဲကျသွားသည်။ အကျဉ်းသားအားလုံးက ၀ိုင်းရယ်ကြသဖြင့် တပ်ကြပ်ကြီးပင်လျှင် မျက်နှာပျက်သွားရှာ သည်။
သူတို့ဇာတ်လမ်းက မပြီးဆုံးသေးပါ။ ဆက်ရန်ရှိသေးသည်။ မော်တော်ပဲ့ကိုင်ဆရာ၏ ဇနီးက သူမ၏ ခင်ပွန်းကို များစွာ ချစ်ရှာဟန်တူသည်။ ပဲ့ကိုင်ဆရာကလည်း မာတုကာမများနှင့် စပ်လျဉ်း၍ ခြေဆော့၊ လက်ဆော့၊ ခြေမငြိမ်၊ လက်မငြိမ် ယောက်ျားတဦး ဖြစ်ဟန်တူ၏။ ခက်သည်မှာ သူ၏ဇနီးက ဆတ်ဆတ်ထိမခံသော အမျိုးသမီး ဖြစ်ပုံရသည်။ (၁၀) ရက်ကြာသောအခါတွင် သတင်းစာများထဲ၌ ခပ်စွာစွာရေးထားသည့် ကြော်ငြာတစောင် ပါလာတော့၏။
“ကျမယောက်ျား ပဲ့ကိုင် ကိုဟိုဒင်း အိမ်ကို ပြန်မလာပါ။ လက်ခံထားရှိတဲ့ အမျိုးသမီးများကို လင်ခိုးမှုနဲ့ တရားဥပဒေ အရ အရေးယူပါမည်။ ကျမသာ တရားဝင်မယားကြီး ဖြစ်ပါသည်” တဲ့။
ကိုပဲ့ကိုင်က ထောင်မှူးကိုတွြေ့ပီး “ကယ်ပါဦး ထောင်မှူးကြီးရယ်၊ အဖမ်းခံရတာက အရေးမကြီးပါဘူး။ ကျနော်ရဲ့ မယားက စွာပါတယ်။ တော်တော်ကြာ အပြစ်မရှိတဲ့ အရပ်ထဲက ကောင်မတွေကို ရန်တွေ့လား၊ ပါးရိုက်လား လုပ် ပါတော့မယ်” ဟု တိုင်တည်လေတော့မှ မစွာကြယ်၏ ကြော်ငြာကို စစ်ဗိုလ်များထံ တင်ပြပြီး သူတို့ (၃) ဦးကို လွှတ်ပေးလိုက်ရပါသည်။
စစ်ဗိုလ်များကို အင်းစိန်ထောင်သို့ ပို့သောအခါတွင် နိုင်ငံရေးအကျဉ်းသားများနှင့် အတူ မထားဘဲ သီးခြား အိမ်ကလေးများနှင့် ထားရှိသည်။ စစ်ဗိုလ်ဟောင်းများကိုမူ တင်မောင်တို့နှင့်အတူ ထားရှိသည်။
အထောက်တော်သတင်းစာမှ ဗိုလ်ကြီးသိန်းနိုင်၊ မိုးကုတ်မှ ဗိုလ်ကြီးဟောင်းသန်းတင် စသည်တို့ကို တွေ့ခဲ့ရသည်။ ဗိုလ်ကြီးဟောင်းသန်းတင်က နိုင်ငံရေး ကင်းရှင်းသူ ဖြစ်ပါလျက် မိသားစုက သခင်သာခင်နှင့် ဆွေမျိုးတော်သော ကြောင့် ဖမ်းသည်ဆိုပါ၏။
ထောင်ထဲရောက်စက မခံချင်လွန်းသဖြင့် ညစဉ်ညတိုင်း သန်းခေါင်ကျော်တွင် “ကြားကြားသမျှ ရဲဘော်တွေ ပြန်ပြောပေးကြပါ။ ဗိုလ်ချုပ်ကြီးနေ၀င်းကို သစ္စာရှိတဲ့ ဗိုလ်ကြီးသန်းတင်ကို ဖမ်းထားပါတယ်” ဟု အော်ဟစ်သော ကြောင့် တိုက်ပိတ်ခံရရှာသေးသည်။
ဗိုလ်ကြီးဟောင်း ဦးမြလှိုင်ရောက်လာသောအခါတွင် ပေဖူးလွှာမဂ္ဂဇင်းပိုင်ရှင်အဖြစ် ရင်းနှီးခဲ့သဖြင့် “ဘာလို့ရောက်လာတာလဲဗျာ” ဟု မေးသောအခါ “စစ်ဗိုလ်တွေ မကောင်းပါဘူးဗျာ” ဟု သူက ညည်းညူသည်။ ဦးမြလှိုင်တွင် ဂျပန်မှ ဂျပန်မိတ်ဆွေတဦးထံ၌ ငွေအနည်းငယ်ရှိသည်ဟု ဆိုသည်။ လူဝင်မှုဌာန အကြီးအကဲ ဗိုလ်မှူးသန်းညွန့် ဂျပန်ခရီးထွက်သဖြင့် မိတ်ဆွေကို တွေ့ပြီး ငွေတောင်းခဲ့ပါ။ မည်သည့်ပစ္စည်းဝယ်ခဲ့ပါဟု မှာလိုက်မိ သည် ဆိုပါသည်။
“ဗိုလ်သန်းညွန့် ပြန်လာလို့ ဖုန်းဆက်ခေါ်တော့ နံနက်စောစောမှာ သူ့အိမ်သွားပြီး ပစ္စည်းနဲ့ ငွေကို ယူပါတယ်။ ပြုံးလို့ကြည်လို့ ဆောင်ရွက်ပေးတာကြောင့် ကျေးဇူးတင်စွာနဲ့ ပြန်လာခဲ့တော့ သူ့ရဲ့ဝင်းရှေ့မှာ အသင့်စောင့်နေနှင့် တဲ့ အမ်အိုင်ကောင်က ဆွဲခေါ်လာတာပါပဲ ဆရာရေ” တဲ့။
ထောင်ထဲက အကျဉ်းသားများကို စီးပွားသောင်းကျန်း၊ စာပေသောင်းကျန်း၊ လောင်းကစားသောင်းကျန်း စသည် ဖြင့် သတ်မှတ်ထားကြရာ၌ တင်မောင်တို့၏ အခန်းသို့ ရောက်ရှိလာသူ လူငယ်သစ်တဦးက သူ၏ အမှုအကြောင်းကို မေးကြသောအခါ မည်သို့မှ မပြောဘဲ နှုတ်ပိတ်နေသည်။ ပဟေဠိဖြစ်နေသောကြောင့် သူ၏ အမှုကို စုံစမ်းပေးရန် မိတ်ဆွေများက သတင်းထောက်တယောက်ဖြစ်သော တင်မောင်အား တာဝန်ပေးသဖြင့် အမျိုးမျိုး အဖုံဖုံ စကားလှည့်ပြီး မေးရသည်။ (၃) ရက်ခန့်ကြာတော့မှ သူ၏ အမှုကို သိရပါသည်။
သူ့အမည်က ကိုကြည်မွှေးတဲ့။ ကုန်သည် လူလွတ်တဦး ဖြစ်ပါသည်။ ညတညတွင် ငါ့ဝမ်းပူဆာ မနေသာ သောကြောင့် နာမည်ကျော် ဒေါ်ပု၏ နန်းပြာဿဒ်သို့ သွားခဲ့မိသည် ဆိုပါသည်။ အမျိုးသမီးတဦးကို ရွေးပြီး တညတာ အတွက် ငွေကျပ် (၁၀၀) ပေးပြီး ဆန္ဒမီးကို ငြိမ်းအေးစေခဲ့သည် ဆိုပါသည်။
“ကောင်မလေးက ချောတာမို့ သနားတာနဲ့ ငွေ (၂၀) ဆု ပေးခဲ့ပါတယ်ဗျာ။ အဲဒါကို ငနဲမက ပိုပေးပါဦး အကိုကြီးရယ်လို့ ဇွတ်ကပ်တောင်းနေတာကြောင့် ဟေ့-ဟေ့ (၂၀) ထက် ပိုမပေးနိုင်ဘူး။ ငါက ကုန်သည်ကွ၊ ကုန်သည်။ စစ်ဗိုလ်မဟုတ်ဘူးလို့ ပြောပြီး တွန်းထားခဲ့တယ်။ အိမ်ရောက်လို့ တနာရီတောင် မအိပ်ရသေးဘူး၊ စစ်သားတွေ လာပြီး ဖမ်းတာပါပဲဗျာ” တဲ့။
မလျော်ကန်တဲ့ဒေသမှာ သွားပြီး တပ်မတော်၏ ဂုဏ်သိက္ခာကို ဖျက်မှုကြောင့် ကိုကြည်မွှေးခမျာ အင်းစိန်ထောင် တွင် (၆) နှစ် ခံခဲ့ရရှာပါ၏။ ။

No comments: