တင်မောင်အား ထားရှိသော အင်းစိန်ထောင်၊ အဆောင် (၄) မှာ များစွာ ရှည်လျားကြီးမားသော နှစ်ထပ် အဆောက်အအုံကြီး ဖြစ်သည်။ အကျဉ်းသား (၆၀) ထားသော အခန်းရှည်ကြီး (၄) ခု ရှိသဖြင့် အထက်အောက် အကျဉ်းသား (၄၈၀) ဆန့်သည်။ အခြား သီးသန့်ခန်းများလည်း ရှိသေးသည်။ အခန်း အားလုံး ပြည့်သလောက် ဖြစ်နေလေပြီ။
ထမင်းကျွေးချိန်တွင် ရောနှောကျွေးကြသဖြင့် တခန်းနှင့် တခန်း ဆက်ဆံ ပြောဆိုနိုင်ကြသည်။ အဆောင် ဘေးမှ ကွင်းပြင်မှာ အတူလမ်းလျှောက်၊ အတူရေချိုးကြရသဖြင့် ဘောလီဘော၊ ခြင်းလုံး စသည့် အားကစားပါ ပူးပေါင်း ကစားနိုင်ကြသည်။ နိုင်ငံရေး အကျဉ်းသားများ သာမက ငွေဇင်ယော်ဆီစက် ဦးကြင်၊ ဆပ်ပြာစက်သူဌေး မဒါး ညီအစ်ကို စသော ကုန်သည်များပါ ထားရှိသည်။ အပြင်လောကတွင် အားလုံးလိုလို သိကြေစေကာမူ တင်မောင်အား မည်သူနှင့်မှ စကားမပြောရ၊ ဆက်ဆံမှု မပြုရဟု သီးခြား အမိန့်ပေးထားသည်။ တဘက်ခန်းမှ စိန်ခင်မောင်ရီ၊ ကိုလှထွေးတို့ကို ခိုးဝှက်ဆက်သွယ်ရသည်။ သူတို့က ငှက်ပျောသီးကလေး၊ ထန်းလျက်ကလေး ပေးသည်ကိုပင် လျှို့ဝှက်ပေးကြရသည်။ တနေ့ ရေချိုးခွင့် (၁၅) မိနစ်သာ အပြင်ထွက်ခွင့်ရသည်။ တနှစ်လုံးလုံး အဆောင်ပြင်ကို မထွက်ရဟု ချုပ်ချယ်ထား ခဲ့လေသည်။
မည်သို့ ချုပ်ချယ်ထားစေကာမူ ဖြစ်နိုင်သောနည်းနှင့် ဆက်သွယ်ကြသည်။ ထောင်ထဲတွင် သတင်းစာ ထုတ်နိုင်ကြသည်အထိ အောင်မြင်စွာ ဆက်နိုင်ခဲ့ကြသည်။
နေးရှင်းအယ်ဒီတာ ဦးလောရုံက တဘက်မှာရှိသော အဆောင် (၃) မှာ နေရသည်။ ထောင်သက် အရှည်ဆုံး သတင်းစာဆရာကြီး ဖြစ်သည်။ လှမ်းကာ စကားပြော၍ မကြားနိုင်သဖြင့် လက်ဟန် ခြေဟန်နှင့် ဆက်သွယ်ရသည်။ စာရေးသူ ရောက်သောနေ့က “တောင့်ထားကွ” ဟု လက်မောင်း ကြွက်သားများကို ညှစ်ပြပြီး အားပေးသောကြောင့် အားမာန်တက်ခဲ့ရသည်။ နောက်ပိုင်းမှ အိုးဝေ အယ်ဒီတာ ဦးညိုမြတို့၊ ဂါးဒီးယန်းအယ်ဒီတာ ဦးစိန်ဝင်းတို့ပါ ရောက်လာကြသည်။
ဦးလောရုံအား တယောက်တည်း ချုပ်ထားသဖြင့် ရေဒီယို နားထောင်ခွင့်ပေးသည်။ သူက နေ့စဉ် ဘီဘီစီ သတင်းများကို နားထောင်ပြီး သင်္ကေတစာနှင့် ဖြန့်ချီသည်။ အင်္ဂလိပ်စာလုံးများကို ပြောင်းပြန်ရေးပြီး လက်ဟန်ခြေဟန်နှင့် ရေးပြသည်ကို မှတ်ရဖတ်ရသည်။ သူပို့သည့် နိုင်ငံခြားသတင်းများနှင့် အကျဉ်းသား သစ်တွေထံမှ ရသည့် သတင်းများကိုပါ စာနှင့်ရေးပြီး လက်ရေးသတင်းစာ ထုတ်နိုင်ကြသည်။
ထောင်တွင်းတွင် သင်တန်းအများရှိသည်။ ဘာသာရေးသင်တန်း၊ စာရင်းအင်းသင်တန်း၊ တရုတ် စကားပြောသင်တန်း … စသည်ဖြင့် ရှိကြသည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာတောခိုသွားစဉ်၌ မဆီမဆိုင် ဗိုလ်စင်္ကြာ၏ သတ္တုတွင်းလုပ်ငန်းမှ ဖမ်းလာသော ဘူမိဗေဒပညာရှင် အင်္ဂလိပ်ကပြား မစ္စတာ ဟာဒင်းက အင်္ဂလိပ်စာသင်ပေးရာ မြန်မာနိုင်ငံရေးသမားအများတို့က သူ့ထံမှ ပညာယူကြသည်။
တင်မောင်သည် ထောင်ထဲရောက်မှ ဗုဒ္ဓအဘိဓမ္မာကို သင်ကြားရာ ဘုန်းကြီးလူထွက် တဦးက အခြားအခန်းမှ လာရောက်သင်ကြားပေးနေသည်ကို ထောင်ကြပ်များက ကျောခိုင်းထားသဖြင့် ကျေးဇူး တင်ရသည်။
တင်မောင်နေရသည့် အခန်းတွင် တရုတ်အမျိုးသား (၄၄) ဦးနှင့် ကုလားကုန်သည်ကြီးများသာ ရှိသည်။ တရုတ် (၄၄) ဦးတို့၏ အမှုမှာ ဆန်းကြယ်သည်။
တော်လှန်ရေးအစိုးရ တက်လာသောအခါတွင် မြင်းပွဲကြီးကို ပိတ်လိုက်ပြီးနောက် လောင်းကစားပွဲများ၊ ဖဲဝိုင်းများကိုလည်း အရေးယူ နှိပ်ကွပ်သည်။ ထိုအချိန်၊ ထိုကာလ၌ သူတို့လူစုကို တရုတ်အသင်းတခုတွင် မာကျောက်ဖဲကစားမှုနှင့် ဖမ်းပြီး ရုံးတင်သောအခါ တရားသူကြီးက ထောင်ဒဏ်တလ ကျခံစေရန် စီရင်ချက်ချခဲ့သည်။ တလတိတိ အလုပ်ကြမ်းနှင့် ပြစ်ဒဏ်ကျခံပြီးမှ မည်သည့်စစ်ဗိုလ်က မည်သို့သော အကြောင်းကြောင့် အမိန့်ပေးသည်ဟု မသိရဘဲ ထိန်းသိမ်းခံ နိုင်ငံရေးသမားများအဖြစ် ရာဇ၀တ်မှု ထောင်ကများ အဆောင်မှ ရွှေ့ပြီး ဤအဆောင်သို့ ပို့လိုက်သည်ဟု သိရသည်။
သူတို့တတွေသည် သူဌေးသူကြွယ်များလည်း မဟုတ်ကြသည်မှာ သေချာသည်။ လက်လုပ်လက်စား ဆင်းရဲသားများသာ ဖြစ်ကြသည်။ တရုတ်အမျိုးသားတို့ ဓလေ့အတိုင်း အသင်းတိုက်တွင် စုရုံးနေခိုက် ရဲတို့က ၀ိုင်းဖမ်းသဖြင့် ရှိသမျှ လူကုန် ပါလာသည်။ တကယ်အမှန် ဖဲကစားနေသူက (၈) ဦးသာ ရှိသည်။ အားလုံးမှာ ဘေးထိုင်ဘေးကြည့်များသာ ဖြစ်ကြသည်။ လောင်းကြေးကလည်း တ၀ိုင်းလုံးတွင်မှ ကျပ်ငွေ (၂၀) သာ မိသည်။ အသင်းဘေးရှိ ခေါက်ဆွဲဆိုင်မှ ခေါက်ဆွဲလာပို့သူ အလုပ်သမားကိုပါ ဆွဲလာသည်။ တယောက်က အနှိပ်သည်၊ အသင်းလာသူများက တမူးတပဲနှင့် အနှိပ်ခံကြရင်းက အချောင် ထောင်ထဲ ရောက်လာရှာ၏။
ထိုအနှိပ်သည်၏ အမည်က ကိုရှင်ကွိ မည်၏။ ကြံကြံဖန်ဖန် တိုက်တိုက်ဆိုင်ဆိုင် ကိုရှင်ကွိ တယောက် ထောင်ထဲရောက်နေနှင့်သည်မှာ အဆောင်ပြင်သို့ ထွက်ကာ လမ်းလျှောက်ခွင့်မရလေသူ အညောင်းသမား တင်မောင်အဖို့ ဧရာမ အထူးအခွင့်အရေးကြီး ရရှိတော့သည်။
ကံကြမ္မာဟူသည်မှာ များစွာ ဆန်းကြယ်၏။ စိတ်ကူးဥာဏ်နှင့် ရေးကြသည့် ၀တ္ထုရေးသူ စာရေးဆရာများ မလိုက်နိုင်လောက်အောင် ဆန်းကြယ်၏။ အကြင် မာကျောက်ကစားမှုနှင့် အဖမ်းခံရသူတို့က နေ့စဉ် နေ့တိုင်း ညည်းညူကြရာတွင် သူတို့အား ထောင်ဒဏ် တလ ကျခံစေဟု စီရင်လိုက်သည့် တရားသူကြီးကို နေ့စဉ်နေ့တိုင်း ဆဲရေးတိုင်းထွာလေ့ရှိကြသည်။
တနေ့တွင် ယင်းသို့ ဆဲရေးနေသူတဦးအား တင်မောင်က တရားပြမိသည်။ “တရားသူကြီးခမျာလည်း လောင်းကစား ဥပဒေအရ စီရင်ချက်ချရတာ ဖြစ်ပါလိမ့်မယ်။ သူ့ကို ဆဲလို့ အကျိုးမရှိပါဘူး။ အခုလို ဖက်ဆစ်ခေတ်ကြီးမှာ သူလည်းပဲ ခင်ဗျားတို့လို ထောင်ထဲ ရောက်လာနိုင်တာမို့ မေတ္တာပို့ကြပါ” ဟု ပြောရသည်။
တရားချနေခိုက် ပါးစပ်မပိတ်ရခင် ကလေးတွင်ပင် အကျဉ်းသားသစ် (၂) ဦးကို အဆောင်ထဲသို့ ပို့လာသည်။ တဦးက မာကျောက်လောင်းကစားသူများကို ထောင်ဒဏ်အပြစ်ပေး စီရင်ခဲ့သော တရား သူကြီး ဦးစောလှထွေး ကိုယ်တိုင် ဖြစ်နေရှာသည်။ မဦးမချွတ် နိမိတ်ဖတ်ပြီး ပြောမိသည်ကို စိတ်မကောင်း ဖြစ်ရသည်။ တင်မောင်က မပြောစေကာမူလည်း ထောင်ကံဇာတာ ပါသူ ဖြစ်ရှာသည်။ ကရင်အမျိုးသား တရားသူကြီး ဦးစောလှထွေးသည် နိုင်ငံရေးကို စိတ်ဝင်စားသူ မဟုတ်ပါဘဲနှင့် အကြောင်းစုံကို မသိသော မိတ်ဆွေဟောင်းတဦး အိမ်သို့ လာရောက်တည်းခိုသည်ကို လက်ခံမိသော ကြောင့် ထောင်ထဲရောက်လာရရှာသည်။ (၄) နှစ်ခန့် ခံရရှာသည်။
မာကျောက်တရုတ်များက တရားသူကြီးကို မကျေနိုင်၊ မချမ်းနိုင် ဆူပွက်ရန် ထောင်ကြသည်ကို အကြိမ် ကြိမ် တရားချရသည်။ နောက်ရက်အနည်းငယ် ကြာလာမှ တရားသူကြီးနှင့် သူတို့တတွေသည် ဘ၀တူ၊ ညှဉ်းဆဲခံများ ဖြစ်ကြသည်ကို နားလည်လာကြသည်။ မုန့်ပဲ သရေစာများ ဝေမျှ ကျွေးကြရှာသည်အထိ ခင်မင်ရင်းနှီးလာကြသည်။ ဤကဲ့သို့ ဆန်းကြယ်သည့် အဖြစ်အပျက်မျိုးကို ၀တ္ထုများထဲတွင် မတွေ့နိုင်ပါ။ မြန်မာပြည် စစ်အစိုးရခေတ်မှာသာ ဖြစ်နိုင်သော ဖြစ်ရပ်ပါပေ။
မာကျောက်ကစားဝိုင်းတွင် ထိုင်မိရုံနှင့် နှစ်ရှည်လများ ထိန်းသိမ်းခံရသော သူတို့၏ဘ၀ကို မြင်သိရသဖြင့် ဆွေမတော်မျိုးမတော် သူတို့အတွက် များစွာ စိတ်ထိခိုက်ခဲ့ရသည်။ မခံချိ မခံသာ နာကြည်းခဲ့ရသည်။ တင်မောင်အဖို့ အခြားကစားဝိုင်းကြီးတွေကို မြင်တွေ့သိရှိနေသူ ဖြစ်တာကြောင့် မတရားလွန်းသည်ကို သိနေသဖြင့် များစွာ ဇာတ်နာတဲ့ ဖြစ်ရပ်ကို မြင်တွေ့နေရသည်။
ဗိုလ်ချုပ်ကြီးနေ၀င်း၏ ညီအရင်းဖြစ်သူ ဦးသိန်းညွှန့် ခေါ် ဦးညီလေး သည် ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ တင်မောင်၏ ခြံချင်းကပ်နေသည့် မြေကွက်ကို ၀ယ်ယူပြောင်းရွှေ့လာသော အိမ်နီးချင်းဖြစ်သည်။ အစ်ကို၏ အရှိန်နှင့် သွင်းကုန်လိုင်စင်လျှောက်ကာ လိုင်စင်ရောင်းစားသည့် ကုန်သည်ဖြစ်သည်။ တဘက်မှ ဖဲဒိုင်ခံစားသူ ဖြစ်၏။
တော်လှန်ရေးအစိုးရတက်လာပြီးနောက် ကစားဝိုင်းအများကို ဖမ်းဆီးချိန်မှ စတင်ပြီး သူ၏ ဖဲဝိုင်းက ကြီးမားလာသည်။ ဖဲကစားသူကို ဟိုတယ်ထမင်းကျွေးပြီး ဖဲကောက်ယူသည့် မျက်နှာကြီး၊ ကြေးကြီးဒိုင် ကြီး ဖြစ်လာပြီး တိုက်တည်သည်။ သာမာန်ရဲများ မဆိုထားဘိ၊ စစ်စုံထောက်များပင် မလာဝံ့ကြသည့် သူ၏ ဖဲဝိုင်းမှာ ပုန်းလျှိုးကွယ်လျှိုးဝိုင်းမဟုတ်၊ ကားကြီးကားငယ် စည်ကားစွာ၊ ထင်လင်းစွာ ဖွင့်ထားသည် ကို မျက်မြင်ကိုယ်တွေ့ သိရှိခဲ့သည်။
ထိုပြင် အိုးဝေဦးညိုမြနှင့်အတူ ဗိုလ်ချုပ်ကြီးနေ၀င်း၏ အစ်ကိုအရင်း သခင်လှထွန်း၏ ခြံကိုလည်း ရောက်ဖူးသည်။ ကြေးကြီးအကောက်ယူသော ဖဲဝိုင်းကြီး ကျင်းပနေသည်။ သူသည်လည်း ဖဲဒိုင်ခံစားသူ ဖြစ်သည်။
ထိုမျှမကသေး၊ ရှိပါသေးသည်။ ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဇနီးဟောင်း ဒေါ်တင်တင်ကလည်း ဖဲဒိုင်ခံစားသည်။ ဒေါ်တင်တင်က ပထမ ရန်ကုန် - မော်လမြိုင် မီးရထားလမ်းမှ ထိုင်းနယ်စပ်သို့ ရွှေပို့လို သူများ၊ မှောင်ခိုကုန်သွင်းလိုသော သူများတို့ကို ရွှေသယ် ကုန်သယ် အငှားလိုက်သည်။ စစ်စုံထောက်များ မဖမ်းရဲသည့် ဒေါ်တင်တင်အား မှောင်ခို ကျောက်ကုန်သည်များက အသုံးပြုကြသည်။ နောက်ပိုင်းတွင် ကန်တော်ကြီးစောင်းက တိုက်ကြီးတခုတွင် ဖဲဒိုင်ဖွင့်သည်။ သခင်လှထွန်းနှင့် ဒေါ်တင်တင်ကို ဖဲဝိုင်းထောင်မှုနှင့် ဖမ်းစဉ်က အကျယ်ချုပ် စစ်စုံထောက်ထောင်တွင် ထားပြီး စထရင်းဟိုတယ်က ထမင်း ဟင်း ၀ယ်ပေးရသည်ဟု သိရသည်။
နောက်ပိုင်း ပြန်လွှတ်ပေးပြန်တော့လည်း ဒေါ်တင်တင်က ဖဲဝိုင်းထောင်ပြန်သည်။ ဒေါ်တင်တင်၏ ဖဲဒိုင်ကို အရေးမယူနိုင်သောအခါ စစ်စုံထောက်များက ဖဲကစားသူများကို အရေးယူသည်။ သူတို့က ဖဲရိုက် လာသူများကို ဓာတ်ပုံခိုးရိုက်ကြသည်။ အစိုးရအရာရှိများ ဖြစ်ပါက သက်ဆိုင်ရာ အထက်အရာရှိထံ တင်ပြ ပြီးနောက် ထပ်မသွားပါနှင့်၊ သွားပါလျှင် အလုပ်ဖြုတ်မည်ဟု ခေါ်ပြီး ခြိမ်းခြောက်သည်။ သို့ပင် သော်ငြားလည်း နယ်မှ ကစားသမားများပါ ရန်ကုန်သို့ တက်လာကြသဖြင့် အဓိကရ ၀ိုင်းကြီးမှာ စည်ကား မြဲ စည်ကားသည်။ “ပန်းပန်လျက်ပါ” ဖဲဝိုင်းကြီးဖြစ်၏။
ဤကဲ့သို့ ဗမာ့တပ်မတော် သေနာပတိကြီး တော်လှန်ရေးကောင်စီ ဥက္ကဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဆွေတော် ရှစ်သောင်း မျိုးတော်ကောင်းတို့က များစွာ အောက်တန်းကျသော၊ ယုတ်မာသော လောင်းကစားဝိုင်း ဒိုင်လုပ်ငန်းနှင့် ချမ်းသာကြွယ်ဝနေကြပါလျက် တမူးတပဲ ဖဲဝိုင်းကစားမိသူတို့ကို ရက်ရှည်လများ ထောင်ဒဏ်ခတ်သည်။ (၈) နှစ်တိုင်တိုင် ချုပ်နှောင်ထားသည်ကို သိရသော စာရေးသူ အဖို့ ဆွေမတော် မျိုးမစပ်စေကာမူ မခံမရပ်နိုင်အောင် စိတ်ထိခိုက်ခဲ့ရသည်။
ရင်လုံးပြည့်၊ ရင်ဘတ်တခုလုံး ပြည့်အောင် စိတ်ထိခိုက်ခဲ့ရသည်။ ။
No comments:
Post a Comment