ကြေးမုံဦးသောင်း၏ `ဘီလူးတို့ရွာ´ ဖြစ်ပါသည်။ ဇော်ဂျီဖြင့် ပြန်ရိုက်ထားတာကို အမြည်းသဘောမျိုး ဖတ်လို့ရအောင် တင်ပေးလိုက်ပါသည်။ ကလိုစေးထူး က ကိုဝင်းနိုင်ဦးစာအုပ် တအုပ်လုံး ပြန်ရိုက်တင်ပေးသွား တာမျိုး ကျနော်လည်း လုပ်ပေးချင်လို့ စမ်းကြည့်ထားတာပါ။ အစအဆုံး ပြီးအောင် ရိုက်နိုင်ဖို့က လောလောဆယ် အသေအချာ မပြောနိုင်သေးပါကြောင်း…
စစ်တပ်နည်းနှင့် သတင်းစာထုတ်ပုံ
`ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဗိုလ်မှူးကြီးစိန်လွင်ကို တွေ့လိုက်ပါ။ (၉) နာရီမှာ စောင့်နေလိမ့်မယ်´ ဟု တင်မောင်၏ အထက်အရာရှိဖြစ်သော ပြန်ကြားရေးဝန်ကြီးက ဖုန်းဆက်ပါသည်။ ဗိုလ်မှူးကြီးစိန်လွင်မှာ တင်မောင် မတွေ့ချင်ဆုံးသော ပုဂ္ဂိုလ်ဖြစ်ပါ၏။ သူက ဘာကြောင့် တွေ့ချင်ပါလိမ့်။
တင်မောင်အဖို့ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူး အဖြစ် သတင်းကိစ္စအ၀၀ကို တာဝန်ယူရ သူ ဖြစ်ပါသောကြောင့် ၀န်ကြီးများ၊ ပါတီခေါင်းဆောင်များက ဆင့်ခေါ်ကာ သတင်းပိတ်စေရန် အမိန့်ပေးခြင်း၊ သတင်းကြေညာချက် ပေးခြင်းများ ပြုသည်ကို ဆောင်ရွက်ရစမြဲ ဖြစ်ပါသည်။ သို့သော် ဗိုလ်မှူးကြီးစိန်လွင် က မခေါ်ဖူးပါ။
မိမိ၏ ရာထူးအဆင့်နှင့် တာဝန်အရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင်များနှင့် ဆက်ဆံရသည်။ အစည်းအဝေးများ ဧည့်ခံပွဲများတွင် တွေ့ဆုံရင်းနှီးကြရသည်။ ထိုသို့ ရင်းနှီးသူများတွင် ဗိုလ်မှူး ကြီးစိန်လွင် မပါခဲ့ပေ။ ကျနော်ကိုယ်တိုင်ကပင် သူနှင့် မျက်နှာချင်းမဆိုင်မိစေရန် ရှောင်ရှားခဲ့ပါသည်။ အကြောင်းမှာ သူနှင့် တကြိမ်တွေ့ခဲ့ဖူးသောကြောင့် ဖြစ်သည်။ တခါတွေ့ခဲ့သည်နှင့် တသက်လုံးဖူလုံပေပြီ။ နောက်ထပ် မတွေ့လိုတော့ပေ။
မိုးသည်းထန်လွန်းသဖြင့် မှောင်ကြီးကျနေသော နေ့တနေ့တွင် ဖြစ်ခဲ့ပါသည်။ တိတိကျကျ ၁၉၅၀ ခု၊ သြဂုတ်လ (၁၄)ရက်နေ့ကို မမေ့နိုင်ပါ။ ထိုစဉ်က တင်မောင်မှာ အသက် (၂၄) နှစ်ရှိ သတင်းထောက်တဦးသာ ဖြစ်သည်။ လွန်ခဲ့သော (၂)နှစ်က စတင်တောက်လောင်လာခဲ့သော ပြည်တွင်းစစ်မီးသတင်းကို ထောက်လှမ်းနေသူ ဖြစ်၏။ ထိုနေ့နံနက်က ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထောက်များကို ဖိတ်ခေါ်ပြီး သတင်းထူးတပုဒ်ကို ထုတ်ပြန် လေသည်။ ကရင်အမျိုးသားသမဂ္ဂခေါင်းဆောင်၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့၏ ဗိုလ်ချူပ်ကြီး စောဘဦးကြီးသည် တိုက်ပွဲတခုတွင် ကျဆုံးပြီဟု ကြေညာခဲ့သည်။
ဘိလပ်ပြန် ၀တ်လုံတော်ရ စောဘဦးကြီးသည် ထင်ရှားသော မြန်မာ့နိုင်ငံရေးခေါင်းဆောင်တဦး ဖြစ်သည်။ ဂျပန်ခေတ်ကပင် နိုင်ငံရေးလောကတွင်ရှိနေပြီး ကရင်-မြန်မာ သွေးစည်းရေးကို ဆောင်ရွက်ခဲ့၏။ အင်္ဂလိပ်ပြန်ဝင်လာသောအခါ ဘုရင်ခံ၏ အတိုင်ပင်ခံ အစိုးရအဖွဲ့ ၀န်ကြီးဖြစ်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေး ပေးအံ့ဆဲအခါတွင်မူ ကရင်ပြည်နယ် သီးခြားရရှိရေးအတွက် အင်္ဂလန်သို့သွားကာ အရေးဆိုခဲ့သည်။ အင်္ဂလိပ် တို့က လိုက်လျောခြင်းမပြုသဖြင့် ဦးအောင်ဆန်း၊ ဦးနုတို့နှင့် စေ့စပ်ဆွေးနွေးကာ ကရင်လူမျိုးစုပြည်နယ် ရရှိရေး ကို အားထုတ်ခဲ့သည်။
ကရင်အမျိုးသားအဖွဲ့ချုပ်ကို ဦးဆောင်ကာ ကရင်အမျိုးသားတို့၏ အခွင့်အရေးကို တွေ့ဆုံဆွေးနွေးပြီး အရေးဆိုနေရာက မပြေလည်သောကြောင့် လက်နက်စွဲကိုင် ခြားနားခဲ့သူဖြစ်သည်။ ယခု ရန်ကုန်မှ မိုင် (၇၀) ဝေးသော မော်လမြိုင်မြို့အနီးတွင် အသေမိသည်ဟု ဆို၏။ ကျဆုံးသော သူပုန်ခေါင်းဆောင်ကြီး၏ သတင်းကို ရေးသားကြရန် သတင်းထောက် (၁၀) ဦးစုကာ မော်လမြိုင်သို့ ဖိတ်ခေါ်ရာတွင် သတင်းဓာတ်ပုံရိုက်ကူးရန် တင်မောင်လိုက်ပါခွင့် ရရှိလေသည်။ လေယာဉ်ပေါ်တွင် စစ်ဗိုလ်များက သတင်းကို ဆက်လက်ရှင်းပြောကြ သည်။ ကရင်ခေါင်းဆောင်ကြီးနှင့်အတူ အင်္ဂလိပ်ဗိုလ်မှူးဟောင်းတဦးပါ အသေမိသည်ဟု ပြောပြသည်။
သတင်းထောက်များက စိစစ်မေးမြန်းကြသောအခါတွင် သူပုန်ကြီးနှင့် အဖော်တို့ကို အရှင်မိခဲ့သည်။ သူတို့က လက်နက်ချကြပါလျက် ပစ်ခတ်သတ်ဖြတ်ကြသည်ဟု သိကြရပါသည်။ `အနီးဆုံး စစ်တပ်စခန်းကို ပို့ရန်စီစဉ်တော့ သူတို့က ပြေးကြတာကိုး၊ သူတို့အသက်ကို ကယ်ခွင့်မရတော့ဘူး´ ဟု ပြောသည်။ သတင်း ထောက်များအဖို့ အမှန်ကို ရေးခွင့်မရှိပါ။ အစိုးရထုတ်ပြန်သည့်အတိုင်း `အသေမိသည်´ ဟု ရေးကြရပေမည်။
သတင်းထောက်အဖွဲ့လေဆိပ်ရောက်သောအခါ မော်လမြိုင်ဆေးရုံသို့ ခေါ်သွားသည်။ အလောင်းမှာ ရောက်ခါစရှိသေး၏။ ကျဆုံးသူ ခေါင်းဆောင်ကြီးကို ရင်ခွဲစင်ပေါ်တင်ထားသည်။ သူ၏ အ၀တ်များမှာ သွေးများ၊ ရွံ့များနှင့် ပေရေနေသဖြင့် မူလအရောင်ကိုပင် မသိနိုင်ပါ။ ရေလွှမ်းသောလယ်များမှ ရေပြင်ကျယ်ထဲတွင် ကြိုးနှင့် ဆွဲကာယူလာကြသည်။ ရွာကြီးတရွာရောက်မှသာ လှည်းနှင့် တဆင့်သယ်ခဲ့နိုင်ကြသည်။ ရုပ်ကလာပ် မှာ လွန်ခဲ့သော (၂)ရက်တာက သေလွန်သဖြင့် ဖူးယောင်နေလေပြီ။ ပုပ်ဟောင်နေလေပြီ။ အမင်္ဂလာ ရှုခင်းပင်။
ဘုရင်ခံ၏ အတိုင်ပင်ခံ အစိုးရအဖွဲ့တွင် ၀န်ကြီးတဦးဖြစ်ခဲ့သူ စောဘဦးကြီးသည် ကရင်-ဗမာ ညီညွတ်ရေးဆွေးနွေးပွဲများကို ဇွဲကြီးစွာ လုပ်ဆောင်ခဲ့စဉ်က သတင်းထောက်များနှင့် များစွာရင်းနှီးခဲ့သည်။ အရပ်မြင့်မြင့်၊ မုတ်ဆိတ်ထူထူ၊ နံ့သာရောင် ဥရောပ၀တ်စုံကို သပ်ရပ်စွာ ၀တ်ဆင်လေ့ရှိသော သူ့ကိုယ်ဟန်ကို တင်မောင်ဓာတ်ပုံအများ ရိုက်ခဲ့ဖူးပါသည်။ သူသည် ခန့်ညားသူတဦးဖြစ်သဖြင့် ၀န်ကြီးချုပ်ဦးနုနှင့် တွဲကာ ဓာတ်ပုံရိုက်ရာတွင် ကျက်သရေရှိသည်။ ယခုမူ ယိုယွင်းနေသော စောဘဦးကြီး၏ ခန္ဓာကိုယ်ကို တင်မောင် မရှုရက်ပါ။ ဓာတ်ပုံပင် ကောင်းစွာမရိုက်နိုင်ပါ။
ကျဆုံးလေသူကို ပြပြီးနောက် အောင်နိုင်သူကို ဓာတ်ပုံရိုက်ကြရန် ပွဲထုတ်ခဲ့လေသည်။ ချက်ချင်း ရာထူးတက်လာသူ ဗိုလ်ကြီးစိန်လွင်ကို သူ၏ လက်ထဲတွင် အရက်ဖန်ခွက်တခုနှင့် တွေ့ရသည်။ (အောင်ပွဲတော် ကြီးအတွက် အားလုံးတို့ကို ယမကာချောင်းစီးအောင် ဧည့်ခံထား၏)
သူသည် လူငယ်တဦးသာဖြစ်စေကာမူ ရင့်ရော်စပြုနေလေပြီ။ တင်မောင်ထက် အသက်အနည်းငယ် ကြီးဟန်တူသည်။ (နှစ်နှစ်ကြီးသည်) သူ့ကိုယ်လုံးကိုယ်ထည်ကမူ ပိုမိုမြင့်မားပြီး သန်မာညိုမောင်းသည်။ အောင် နိုင်သူ၏ ၀တ်စုံမှာလည်း ရှုံးနိမ့်သူနှင့် မခြားနားပါ။ ညစ်ပတ်ပေရေနေသည်။ သွေးများ၊ ရွံ့များ ဖုံးနေပါသည်။ သစ်လွင်တောက်ပသော ရွှေကြယ်နှစ်ပွင့်တို့ကသာ ပုခုံးပေါ်တွင် ပြောင်လက်နေကြသည်။ သူ၏ မျက်နှာမှာမူ ညစ်ပေနေသည်။ ခိုင်မာသော မေးရိုး၊ ထူထဲသော မျက်ခုံးတို့က မာန်ဟုန်ပြင်းလှသည်။ သူ၏ မျက်လုံးတို့က ရက်စက်ခြင်း၊ သနားကြင်နာမှု ကင်းမဲ့ခြင်းတို့ကို ထင်ရှားစွာ ပြသနေ၏။
တင်မောင်က Speed Graphic ကင်မရာကြီးကို သုံး၍ ဓာတ်ပုံရိုက်သောအခါ ခွန်အားကြီးမားသော ကင်မရာမှန်ပြောင်းမှတဆင့် သူ၏မျက်နှာကို အနီးကပ်ကြည့်ခွင့်ရရှိသည်။ ကြာမြင့်စွာ ကြည့်မိသည်။ ယင်းသို့ အသေးစိတ်ကြည့်မိသောအခါတွင် တင်မောင်၏ နှလုံးသားက သိလိုက်ပါသည်။ သူသည် သာမန်လူသား မဟုတ်၊ စက်ဆုပ်ရွံ့ရှာကြောက်မက်ဖွယ် သတ္တ၀ါကြီးတဦး ဖြစ်နေသည်ကို ရင်လေးစွာ မြင်သိလိုက်ပါသည်။
ရက်၊ လ၊ နှစ်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ပါသည်။
ကြောက်မက်ဖွယ်ကောင်းသော ဗိုလ်ကြီးစိန်လွင်အဖို့ သူ၏ ပုခုံးပေါ်တွင် ကြယ်ပွင့်များ၊ တပွင့်ပြီး တပွင့် တိုးနေသည်ဟု သတင်းများ ကြားရလေသည်။ တင်မောင်လည်း မြန်မာနိုင်ငံတွင် အကြီးဆုံးသတင်းစာကြီး၏ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ်အဆင့်အထိ တက်နိုင်ခဲ့ပါသည်။ ထိုသောအခါတွင် နေ့တနေ့၌ လူသားမဆန် သော သူ၏ မျက်လုံးများကို ဆိုင်မိပြန်ရပါသေး၏။ တော်သေးသည်။ မျက်တောင်တခတ်သာ ဖျတ်ကနဲ ဆိုင်ကြ ရသဖြင့် တော်ပါသေးသည်။
၁၉၆၂ ခု၊ ဇူလိုင်လ (၇) ရက်နေ့က ဖြစ်ခဲ့ပါသည်။ မိုးရာသီဖြစ်ပါလျက်နှင့် ထူးထူးခြားခြား မိုးမရွာဘဲ တောက်ပနေသော နေမင်းက ထွန်းလင်းနေပါသည်။
ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားများ ဆန္ဒပြသော သတင်းကို ထောက်လှမ်းရန်အတွက် မိတ်ဆွေ သတင်းထောက် (၄) ဦးနှင့်အတူ ကားမောင်းပြီး သွားခဲ့မိသည်။
လွန်ခဲ့သော မတ်လ (၂) ရက်နေ့က အာဏာသိမ်းထားသော တော်လှန်ရေးအစိုးရကို ပထမဆုံး ဖီဆန် ကြသည့် အရေးအခင်းဖြစ်သည်။ ကျောင်းသားသမဂ္ဂက ဦးစီးပြီး ပြည်သူတို့ကို ဒီမိုကရေစီအခွင့်အရေးများ ပေးရမည်ဟု တောင်းဆိုဆန္ဒပြနေခဲ့သည်မှာ (၃) ရက်ရှိခဲ့လေပြီ။
ဒုတိယမြောက်နေ့က ဆန္ဒပြပွဲတွင် ရဲတို့၏ လက်ချက်နှင့် ကျောင်းသားတယောက် သေနတ်ဒဏ်ရာ ရရှိခဲ့၏။ တင်မောင်တို့ ရောက်သွားသောအခါတွင် ကျောင်းသားများက ဆူပူအော်ဟစ်နေပါသည်။ သို့သော် စီတန်းလှည့်လည်မှု မပြုကြပါ။ သူတို့က တက္ကသိုလ်ပရ၀ဏ်ကို ပတ်ဆို့ထားပြီး `ဒီမိုကရေစီခံတပ်ကြီး´ ဟု ဆိုင်းဘုတ်ကြီး တင်ထား၏။ ကျောင်းဝင်းအတွင်း၌သာ စုရုံးနေကြပြီး အုတ်တံတိုင်းမှ သံပန်းများကို ဆုပ်ကိုင် ကာ ကြွေးကြော်သံအမျိုးမျိုး ဟစ်အော်နေကြသည်။
ဓာတ်ပုံသတင်းထောက် (၂)ဦးက ဓာတ်ပုံရိုက်ကြသောအခါ တင်မောင်တို့ သတင်းထောက်တစုကို မဟာမိတ်များအဖြစ် သူတို့က ကောင်းချီးပေးကြသည်။ ကျောင်းဝင်းတခိုတွင် ယမန်နေ့ကမှ စတင်ကာ အစောင့်ချထားသော ရဲတပ်ကို ရုပ်သိမ်းထားသဖြင့် အခမ်းအနားမှာ ဆန္ဒပြပွဲနှင့်မတူဘဲ ပွဲတော်ကြီးတခုကဲ့သို့ ရယ်ကြ၊ မောကြ၊ အော်ဟစ်ကြနှင့် ဆူညံနေ၏။
ထိုအချိန်ကလေးတွင် ဂျစ်ကားလေးစီးက ရှေ့မှနောက်မှ စောင့်လာသော ဖီးယက်ကားနက်ကလေး တစင်း ဖြတ်မောင်းသွားပါသည်။ ကားထဲ၌ ပါသွားသူမှာ ဒု - ဗိုလ်မှူးကြီး စိန်လွင် ဖြစ်သည်။ ကျောင်းသားများက သူ့ကို ကောင်းစွာမှတ်မိကြသည်။ ပညာအရည်အချင်းကိုလည်း သိကြသည်။ `ဗိုလ်မှူးတွေက (၃)ယောက်ပေါင်း မှ (၇)တန်းပဲ အောင်ကြတာဟေ့´ ကျောင်းသားတဦးက အသံချဲ့စက်မှ အော်လိုက်ရာ ၀ုန်းကနဲ ပွဲကျသွားပြီး ရယ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။
မှတ်မှတ်ထင်ထင် ထိုအခိုက်အတန့်မှာပင် တင်မောင်က မှန်ကားကို လှမ်းကြည့်မိလေသဖြင့် သူ၏ မျက်လုံးကြီးများကို မြင်လိုက်ရပြန်ပါသည်။ ကြောက်မက်ဖွယ်ရာ အရောင်များ ပြောင်လက်နေပါသည်။ သူတို့သည် ကားကို အမြန်မောင်းထွက်သွားကြ၏။
တင်မောင်၏ မျက်စိထဲတွင် ၁၉၅၀ ခုနှစ်က စောဘဦးကြီး စတေးပွဲတွင် မြင်ခဲ့ရသော မျက်လုံး အရောင်ကို မြင်ရပြန်ပါသည်။ အခြေအနေမှာ ဟန်ပုံမရပါ။ ဗမာ့တပ်မတော်တွင် အာဏာသိမ်းပွဲမစမီ မကြာသေးမီက ဂျာမနီက ၀ယ်ယူတင်သွင်းလာခဲ့သော ဂျီ (၃) သေနတ်အသစ်များကို ကိုင်ဆောင်ထားသည့် စစ်သားများ ချီလာပါပြီ။ တင်မောင်၏ခေါင်းပူလာပါသည်။ ချွေးပြန်လာပါသည်။ အကင်းပါးရသည့် တင်မောင်တို့ လူစုသည် အလျင်အမြန် ဘေးကင်းရာသို့ မောင်းပြေးနိုင်ကြပါသည်။ ကျောင်းဝင်းတံခါးကြီးကို ပိတ်ထားသဖြင့် ကျောင်းသားများမှာ မပြေးနိုင်ကြရှာပါ။ စစ်သားများက ကျောင်းဝင်းအတွင်းတွင် ရှိနေသော ကျောင်းသားများ ကို ပစ်ကြပါတော့သည်။ ဆက်တိုက်ပစ်ကြပါသည်။ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပစ်ခတ်ကြပါသည်။ အဆောင် ဘေးတွင် ဆူပူနေသူများကိုသာမက အဆောင်များပေါ်မှ ကြည့်နေသော ကျောင်းသားများ၊ ၀ရန်တာတွင် ထိုင် ကာ စာဖတ်နေသော ကျောင်းသားများ၊ မျက်နှာသစ်၊ သွားတိုက်နေသော ကျောင်းသားများပါ အားလုံးတို့ကို စိတ်တိုင်းကျ လက်တည့်စမ်းကြပါသည်။
ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းမည့် စစ်ဆင်ရေးအတွက် နိုင်ငံခြားမှ အထူးဝယ်ယူခဲ့သော ဂျီ (၃) သေနတ်များသည် အစွမ်းထက်လှပါပေသည်။ လေးထပ်အဆောင်ပေါ်မှ သွားတိုက်နေသော ကျောင်းသားပင် သွားပွတ်တံပါးစပ်ကိုက်လျှက် ဇောက်ထိုးကျလာရှာသည်။
အစိုးရက တရားဝင်ကြေညာရာတွင် ကျောင်းသား (၁၅) ဦး သေပြီး၊ (၂၇) ဦး ဒဏ်ရာရသည်ဟု ဆိုသည်။ ကျောင်းသား (၁၀၀) ကျော် သေခဲ့ရသည်ကို တင်မောင်တို့ သိကြပါသည်။
ဤသို့ မေ့မရနိုင်သော ဖြစ်ရပ်များသည် မိမိ၏ ရင်ထဲတွင် မှတ်မှတ်ထင်ထင် ရှိနေသောကြောင့် ဗိုလ်မှူး ကြီးက တွေ့ချင်သည်ဆိုသောအခါတွင် စိတ်စနိုးစနောင့်ဖြစ်မိသည်။ သူသည် လုံခြုံရေးကို တာဝန်ယူနေသော အာဏာစက်ပြင်းထန်သည့် ပြည်ထဲရေး ဖြစ်နေလေပြီ။ တင်မောင်က ပြည်သူပိုင်သတင်းစာ အယ်ဒီတာချုပ်များ ၏ အဖွဲ့အတွင်းရေးမှူးဖြစ်၏။ သတင်းတခုခုကို မေးလိုသောကြောင့် ဆင့်ခေါ်စေသည်လော၊ သို့မဟုတ် ပုံနှိပ်ခဲ့ သည့် သတင်းတခုခုကို မေးလိုသောကြောင့်လော၊ သို့လော၊ သို့လော တွေးတောရပါသည်။
ပြည်သူပိုင်အဖြစ် ထုတ်ဝေနေသော သတင်းစာ (၇)စောင်ရှိပါ၏။ သတင်းမှန်သမျှ ဆောင်းပါးဓါတ်ပုံ များနှင့် ကြော်ငြာများကိုပါ အားလုံးတို့ကို တရက်ကြိုတင်ပြီး စိစစ်ကြရလေ့ရှိသည်။ နေ့စဉ် နံနက်တိုင်း တင်မောင်၏ ရုံးခန်းတွင် အယ်ဒီတာချုပ် (၇)ဦး၊ သတင်းစဉ်ဌာန အယ်ဒီတာ (၂) ဦး လာရောက်ကြပြီး နောက်တနေ့မှာ ထွက်မည့် သတင်းစာများတွင် ဖော်ပြမည့် စာမှန်သမျှတို့ကို စီစစ်အတည်ပြုကြရသည်။ အတွင်းရေးမှူးဖြစ်သူ တင်မောင်က အမြဲမှတ်တမ်းတင်ရသည်။
အမှားမရှိအောင် အမြဲကြိုးစားခဲ့ကြသည်။ သို့စေကာမူ သူနှင့် မတွေ့မီတွင် ပို၍သေချာလေအောင် သတင်းစာတထပ်ကြီးကို အကြိမ်ကြိမ်စစ်ဆေးဖတ်ရှုပြီးမှ သူ့ထံသို့ သွားခဲ့လေသည်။
`ပညာရှိ သတင်းစာဆရာကြီးလာပါပြီ။ ထိုင်ပါ၊ ထိုင်ပါ´ လှောင်ပြောင်သော လေသံနှင့် မဲ့ပြုံးပြုံးပြီး ကြိုဆို၏။ ကုလားထိုင်မှာ ထိုင်ခွင့်ပေးသည်ဆိုတော့ မဆိုးလှပါပေ။
သူက စားပွဲအံဆွဲထဲမှ သတင်းစာ (၃)စောင်ကို ထုတ်ပေးပြီး `ဗမာသတင်းစာဆရာတွေက အလွန် ပညာသားပါပါတယ်။ သစ္စာဖောက်တယောက်ရဲ့ အကြောင်းကို ရေးထားတဲ့ မျက်နှာဖုံးသတင်းကို ဖတ်ကြည့် စမ်းပါဗျာ´ ဟု သူက ပြော၏။
ထိုသတင်းမှာ ကုန်သွယ်ရေးဝန်ကြီး စစ်ဗိုလ်ကို ရာထူးမှဖြုတ်သော သတင်းဖြစ်ပါသည်။ တင်မောင်နား မလည်ပါ။ တင်မောင်တို့ သတင်းစာများက အစိုးရကြေညာချက်ကိုသာ ပုံနှိပ်ခဲ့ပါသည်။ အပြစ်မတွေ့ပါ။ တင်မောင်၏ အမူအရာကို သူက ရိပ်မိဟန်တူသည်။ `ကျေးဇူးပြု၍ ဓာတ်ပုံကို ကြည့်ပါ။ ငနဲက ပြုံးလို့၊ သူက အပြစ်ရတာကို ဂရုမစိုက်ဘူးလို့ စာဖတ်ပရိသတ်တွေက ထင်ကြမှာပေါ့။ စစ်ဝတ်စုံကို ၀တ်ထားတော့ သူက မကြောက်ဘူးဆိုတာ ထင်ရှားပါတယ်။ ဒီဓာတ်ပုံက တပ်မတော်ရဲ့ စိတ်ဓါတ်ကို ကျဆင်းစေပါတယ်။ ပညာရှိ သတင်းစာဆရာတွေက သူ့ကို သူရဲကောင်းဖြစ်အောင် လုပ်ပေးတာပေါ့။´
တင်မောင်မှာ ၀န်ကြီးကို ပြန်ပြောရန် အခွင့်အရေးမရှိပါ။ ရှည်လျားစွာ သူပြောသမျှကို နားဆင်နေရ တော့သည်။ ပြီးမှ မိမိယူလာသော သတင်းများမှ တစောင်ကို သူ့ကို ပြလိုက်သည်။ ထိုသတင်းစာမှာ ခပ်မှိုင်မှိုင် ဓာတ်ပုံရိုက်ထားသော ရာထူးအဖြုတ်ခံရသူ ၀န်ကြီး၏ပုံကို ဖော်ပြထားသည်။ တင်မောင်ကံကောင်းပါသည်။ ထိုဓာတ်ပုံမှာ မျက်ရည်ပေါက်များ ကျလာတော့မလောက် မှိုင်တွေချနေရှာသည်။
`ဒီပုံကလည်း သိပ်မနိပ်ပါဘူး။ စာဖတ်ပရိသတ်က သူ့ကို သနားကြမှာပေါ့။ သူက မျက်ရည်ခံထိုးသလို မို့ လူထုက သူ့ဘက်ပါသွားမှာပေါ့`
တင်မောင် စကားတလုံးမှ မပြောနိုင်ပါ။ ရှည်လျားသော သူပြောလေသမျှ မိန့်ခွန်းများကိုသာ မှတ်သား ရပါသည်။ ခေါင်းငုံ့ကာ ပြန်ခဲ့ရသည်။
မိမိ၏ အဓိက အထက်အရာရှိဖြစ်သော ပြန်ကြားရေးဝန်ကြီးကို ပြန်လည်အစီရင်ခံသောအခါတွင် `သူ့အမိန့်ကို နာခံလိုက်ပါ။ နောက်နောင်မှာ ရာထူးက ဖြုတ်ချခံရသူများရဲ့ ဓာတ်ပုံကို မဖော်ပြပါနှင့်´ ဟု အမိန့်ပေးလေသည်။
တင်မောင်၏ ရုံးသို့ ပြန်ရောက်သောအခါတွင် `အလုပ်ဖြုတ်ခံရသူများ၏ ဓာတ်ပုံများကို ပုံနှိပ်ဖော်ပြ ခြင်းမပြုရ´ ဟူသော အထက်အမိန့်ကို လက်နှိပ်စက်ရိုက်ပြီး အယ်ဒီတာချုပ် (၇)ဦးတို့ထံ ပို့လိုက်ရပါသည်။
မဆိုးလှပါ။ တကယ့်တကယ်ပြောရလျှင် စစ်တပ်နည်းနှင့် သတင်းစာထုတ်ဝေရသည်မှာ များစွာ လွယ်ကူပါသည်။
အမိန့်ပေးသူ ဗိုလ်မှူးကြီးစိန်လွင်၏ အကြောင်းကို စာဖတ်သူတို့သိကြပါသည်။ နောင်တွင် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးအဖြစ် အမြင့်သို့ တက်လာခဲ့ပါသည်။ နိုင်ငံတော်၏ အထွတ်အထိပ် နိုင်ငံတော် သမ္မတကြီးပင် ဖြစ်ခဲ့ပါသည်။ သို့ပင်သို့ငြားသော်လည်း အိမ်မြင့်တွင် (၁၈)ရက်သာ နန်းစံရပါသည်။ ထောင်ပေါင်းများစွာသော လက်နက်မပါ ဒီမိုကရေစီဆန္ဒပြသူများကို သတ်ဖြတ်ခဲ့သောကြောင့် `သားသတ် သမားကြီး´ ဟု လူထုက ခေါ်ဝေါ်ကြပါသည်။ လူထုရန်သူကြီးတဦးအဖြစ် သမိုင်းတင်ရစ်ခဲ့ပါသည်။ ။
Saturday, January 26, 2008
သမိုင်းအမှန်ကို သိရန်လို…
၁၉၈၈ သြဂုတ်လအရေးအခင်းဖြစ်တော့ ကျနော့်က အသက် ၂၄ နှစ်၊ သပိတ်စခန်းမှာ ဦးဆောင်သူ တဦးအဖြစ် မဆလ တပါတီကို ဆန့်ကျင်တိုက်ပွဲဝင်နေချိန်လည်း ဖြစ်သည်။ သပိတ်စခန်းမှာ လုပ်သည့် အစည်းအဝေး တခုတွင် ကျနော်တို့ စက်ရုံမှ အင်ဂျင်နီယာတဦးက တိုင်းပြည်ဆင်းရဲသွားတာ ဦးနေ၀င်းမှာတာဝန်ရှိတယ် ဘာညာထပြောမှ ဦးနေ၀င်း အကြောင်းမကောင်းပြောတာ စကြားဘူးသည်။ ထိုစဉ်က စစ်တပ်ကိုလည်း `နေ၀င်း ကြေးစားတပ်´ ဘာညာ စွပ်စွဲတာတွေ ကြားဘူးသော်လည်း မလိုသူတွေက ပြောတဲ့စကားဟုသာ ထင်ခဲ့သည်။ ဦးနေ၀င်း အာဏာသိမ်းပြီး ၂ နှစ်အကြာမှာ လူဖြစ်လာတာမို့ မွေးကတဲက `မဆလ´မှ တပါး အခြား နိုင်ငံရေးပါတီဆိုတာ လည်း မကြားဘူးပါ။ ရှစ်ဆယ့်ရှစ် အရေးအခင်းစတော့ ကျောင်းသားလေးတွေက `လမ်းစဉ်ပါတီ တော်ပါပြီ´ ဆိုတော့ သူတို့၏ ပြောရဲသည့် သတ္တိကို ရင်သပ်ရှုမော အံ့သြခဲ့ရသည်။
သပိတ်တွေ အရှိန်တက်နေတုံးကာလ ဦးနုက အစိုးရဖွဲ့ကြောင်း ကြေညာသည်။ ကျနော်တို့ သပိတ် စခန်းကို ကျနော့်မိတ်ဆွေ မြို့ခံတဦးလည်းဖြစ်၊ ၇၄ ကျောင်းသားဟောင်းတဦးလည်း ဖြစ်သည့် ကိုကျော်မြင့် ရောက်လာပြီး ဦးနုကို ထောက်ခံလိုက်ဖို့အကြောင်း ပြောတော့ ကျနော်တို့ ဘာလုပ်ရမှန်းမသိ တွေဝေနေခဲ့ သည်။ ပြည်သူက ဒီမိုကရေစီနည်းဖြင့် ရွေးကောက်တင်မြှောက်ခဲ့သော ဦးနု၏ အရပ်သားအစိုးရကို ဗိုလ်ချုပ်ကြီး နေ၀င်းက အာဏာသိမ်းခဲ့တာဟာ တိုင်းပြည်ချောက်ထဲကျဖို့ ဇတ်လမ်းစခဲ့တယ်ဆိုတာ အဲဒီတုံးက သေချာ မတွေးတတ်မိခဲ့ပါ။ ကျောင်းမှာ သမိုင်းသင်တုံးကလည်း အမှန်ကို သင်ခဲ့ရတာမဟုတ်။ ကမ္ဘာ့သမိုင်း ဖတ်စာအုပ်က ပုံနှိပ်စာအုပ်အဖြစ်ထုတ်ဝေထားသော်လည်း မြန်မာ့သမိုင်းစာအုပ်က ပုံနှိပ်စာအုပ် ဖြစ်မနေတာ သတိထားခဲ့မိသည်။
တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်ရာတွင် စာပေစီစစ်ရေး ထားရှိ၍ လွတ်လပ်စွာရေးသားခွင့်ကို ပိတ်ပင်လိုက် သည့်အတွက် သမိုင်းအမှန်ဆိုသည်မှာလည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့သည်။ ကျနော် ပြည်ပရောက်တော့ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း၏ `ဘီလူးတို့ရွာ´၊ ဦးနု၏ `တာတေစနေသား´၊ ဦးတင်မောင်ဝင်း၏ `နိုင်ငံရေးသမားနှင့် နိုင်ငံရေး´ စသည့်စာအုပ်များ ဖတ်ရှုခွင့်ရသည့်အတွက် ဒီမိုကရေစီပျောက်ဆုံးခဲ့ရသည့် သမိုင်းအမှန်ကို သိခဲ့ရသည်။ ထို့ကြောင့်လည်း မိမိလို အများဖတ်ရှုနိုင်ရန် ထိုစာအုပ်များကို မိတ္တူပွား၍ နီးစပ် ရာကို ထပ်မံဖြန့်ချီခဲ့ပါသည်။ စင်္ကာပူမှ လမ်းပြကြယ် စာကြည့်တိုက်ကိုလည်း ထိုစာအုပ်များ ရှာဖွေစုဆောင်း ရန် အကြံပြုခဲ့ဘူးပါသည်။
လူငယ်တွေ သမိုင်းအမှန်ကို သိထားဖို့လိုသည့်အတွက် စာကြည့်တိုက်များ၊ စာဖတ်သင်းများ ပိုမို လိုအပ်နေသည်ဟု ကျနော် ထင်မြင်မိပါကြောင်း ရေးသားလိုက်ရပါသည်။

Saturday, January 19, 2008
ပိုလန် မှာ
ပိုလန်ရောက်ပြီး နောက်တနေ့ ဟိုတယ်မှာ မနက်စာစားပြီး မြို့တွင်းသို့ လှည့်လည်ကြည့်ရှုရန် နှစ်ဦးသား အဆင်သင့် ဖြစ်နေပါပြီ။ ရာသီဥတုကတော့ နှင်းမြူတွေဆိုင်းနေတာမို့ ကိုယ့်ဖက်မှာ မရှိပါ။ ဘာပဲဖြစ် ဖြစ် ရောက်ဘူးချင်၍ လာခဲ့သည်မို့ လိုက်ကြည့်ရမှာက ကိုယ့်တာဝန်။ ဟော်တယ်မှ ပေးလိုက်သည့် မြေပုံကိုင် ကာ လမ်းပေါ် ဆင်းလိုက်ပြီးနောက် မြေပုံလမ်းညွှန်အတိုင်း ခရီးဆက်ဖို့ လမ်းနာမည်တွေ ရေးထားသလားကြည့် လိုက်တော့ လမ်းပေါ်မှာ လမ်းနာမည်ရေးထားသော ဆိုင်းဘုတ်များက ရှိမနေကြ။ အရပ်မျက်နှာကို မှန်းကာ မြေပုံပေါ်က အဆောက်အဦတွေကို ရှာရင်း လျှောက်လာရင်း အတန်ငယ်ခရီးပေါက်မှ မြေပုံပေါ်မှ အနီစက် တွေအတိုင်း လမ်းပေါ်မှာလည်း သဘောင်္ဆေးနှင့် ရေးထားသည်ကို တွေ့ရတော့သည်။

လမ်းပေါ်က ဆေးသားတွေအတိုင်းလျှောက်ရင် လမ်းမပျောက်နိုင်…

နှင်းတွေဝေနေသော Stettin မြို့

ဓါတ်ရထားမှတ်တိုင်… ဟိုနားဒီနားစီး လက်မှတ်ခ ပိုလန်ငွေ 2.4 PLN (US$ 1.00 or 5.00 DKr)

ကားဂိတ်က ကွမ်းယာဆိုင်လေး…

သွားဆေးခန်း၊ တချို့ဒိန်းမတ်တွေ ပိုလန်မှာ ဈေးသက်သာ၍ သွားလာနှုတ်ကြသည်။
နှစ်ဦးသား လျှောက်လာကြတော့ လူလည်း အတော်ညောင်းလာသည်။ မြေပုံညွှန်းအရ ဘုရားရှစ်ခိုးကျောင်း ၂ ခုကို သွားရအုံးမှာဆိုပေမယ့် ဖြတ်လမ်းကနေ ဟိုတယ်ကို ပြန်ချင်နေပါပြီ။ လမ်းလည်ခေါင် မြေပုံတကိုင်ကိုင် လုပ်နေတုံး Are you guys lost? ဆိုပြီး အကူအညီပေးဖို့ မေးလာတဲ့ မြို့ခံပိုလန်သား တဦးကြောင့် ဟိုတယ်အမြန်ပြန်ရောက်မယ့် လမ်းကိုသိလိုက်ရ၏။ သူက တဆက်တည်း မင်းတို့ ဖိလစ်ပိုင်က သင်္ဘောသား တွေလားဟု မေးလာရာ ကျနော်တို့က မဟုတ်ပါ… We’re from Burma ဆိုတော့ ခေါင်းခါ၍ သူမသိပါဟု ဆိုလေသည်။ Burma ကို မသိသည့် ဥရောပတိုက်သားတဦးကို Myanmar ဟု ထပ်မံရှင်းပြရန်လိုမည်ဟု ကျနော်မထင်ပါ။ ဟိုတယ် အပြန်လမ်း၌ လမ်းဘေးတချို့နေရာတွင် တောင်းစားနေသူ အချို့ကို အံ့သြဖွယ်ရာ တွေ့လိုက်ရသည်။ ချမ်းချမ်းစီးစီးမှာ အနွေးထည်တွေဝတ်ပြီး တောင်းစားနေသူများကို လမ်းသွားလမ်းလာများ က ပေးကမ်းနေတာကိုတော့ မတွေ့ရ။ ပိုလန်သည် ဆိုဗီယက် အုပ်စုဝင် နိုင်ငံဟောင်း၊ ဘာလင်တံတိုင်းပြိုပြီး နောက်ပိုင်း ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးလမ်းကြောင်းပေါ်အတက် စီးပွားရေးကို ရှော့ခ်ရိုက်ကုသခဲ့ရသည် ဟု အဆိုရှိသည်။ ရှော့ခ်ရိုက်ကုသခြင်းကြောင့် မည်သူတွေကို နစ်နာထိခိုက်စေခဲ့သလဲ။ ဘာပဲဖြစ်ဖြစ် မှားနေတာကို မှန်အောင်ပြင်နိုင်စွမ်းရှိသည့် ပိုလန်နိုင်ငံခေါင်းဆောင်များကိုတော့ ချီးကျူးရပါမည်။
ဟိုတယ်ပြန်ရောက်တော့ ခဏတဖြုတ်နားပြီး ဈေးဝယ်ထွက်ဖို့ ပြင်ဆင်ရသည်။ ခရစ်စမတ်အကြိုနေ့ ဖြစ်လေတော့ဆိုင်တွေ အစောကြီးပိတ်မှာမို့ အချိန်ရသလောက်မှာ လဲထားတဲ့ ပိုလန်ငွေတွေ ကုန်အောင် ၀ယ်မယ်ဟု စိတ်ကူးရင်း ရှော့ပင်းစင်တာများဆီသို့ ခြေဦးလှည့်ခဲ့ပါတော့သည်။ ။

Friday, January 11, 2008
ကျနော် နှင့် ဆေးပေါ့လိပ်
ကျနော် နှင့် ဆေးပေါ့လိပ်
ကျနော် ဆေးလိပ်စသောက်ခဲ့သည်မှာ ကိုးတန်းအောင်ပြီးစ နယ်မှာ သင်တန်းကျောင်းတခု သွားတက်စဉ်က ဖြစ်သည်။ အပျံသင်စငှက်လို အိမ်နှင့်စတင်ခွဲခဲ့ရသည့်အတွက် မိသားစု၊ သူငယ်ချင်းများနှင့် မိမိရပ်ကွက်ကို သတိရသည်။ ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်ကလည်း အသစ်ဖြစ်နေသည်။ အနောက်ကိုကြည့်လိုက်ရင် ရခိုင်ရိုးမကို မြင်ရပြီး အရှေ့ဖက်မှာတော့ ဧရာဝတီမြစ်နှင့် ပြည်တောင်တန်းကို မြင်နေရသည်။ သင်တန်းကျောင်းမှာ ဧရာဝတီအနောက်ဖက်ကမ်းရှိ တောင်ကုန်း တခုပေါ်မှာရှိပြီး ထိုတောင်ကုန်းပေါ်မှာပင် ဘုန်းကြီးကျောင်းနှင့် စေတီလေးတဆူလည်း ရှိနေခဲ့သည်။ ညနေလမ်းလျှောက် ထွက်ကြသည့်အခါ ဧရာဝတီမြစ်ကို စီးမြင်နေရသည့် တောင်ကုန်းထိပ်ရှိ စေတီလေး ပရ၀ုဏ်မှာ ဟိုငေးဒီငေးနှင့် ဆေးပေါ့လိပ်လေး ဖွာကာ အိမ်ကို လွမ်းခဲ့ရသည်။
သင်တန်းမှာ သုံးနှစ်တက်ရမည့်သင်တန်း၊ အိမ်နှင့်လည်း ဝေးနေသည်ဆိုတော့ ဆေးလိပ်သောက်လို့ ဆူမည့် မိဘတွေကလည်း အနားမှာမရှိ။ ကျနော့်အခန်းဖော်မှာ ရွှေတောင်သားဖြစ်ပြီး လူချင်းလည်း သိပ်မရင်းနှီးကြသေးသည့် အတွက် အခန်းမှာ တယောက်တည်းရှိသည့်အခါ ကျားပျံမကောက်နှင့်သာ အဖေါ်လုပ်ရသည်။
ကျားပျံမကောက် ဆေးပေါ့လိပ်မှာ ပြည်မြို့အနီးတ၀ိုက်တွင် ဖေးဘရိတ်ဖြစ်သော်လည်း ရန်ကုန်မှာ ၀ယ်မရပါ။ ရန်ကုန်မှာလည်း ကျနော်နေသည့် အင်းစိန်ဖက်တွင် နွားဆေးလိပ်၊ ကမာရွတ်တွင် နှင်းဆီ၊ တောင်ဥက္ကလာမှာ လမင်း၊ မြောက်ဥက္ကလာ မှာ ရွှေပြည်စိုး၊ မင်္ဂလာဒုံတွင် သဘာဝ စသည်ဖြင့် ကွဲပြားနေသည်။
“တို့ ဂျာမနီသွားတုံးက ဘီယာက တမြို့ရောက်ရင် နာမည်တမျိုးဆိုတော့ တို့ဗမာပြည်က ဆေးလိပ်ခုံတွေလိုပဲကွ” ဂျာမနီက ဘီယာကုမ္ပဏီများအကြောင်း ပညာတော်သင်ပြန်လာသည့်ဆရာတဦးပြောပြတာကြားတော့ ဘီယာတော့ အတော်ပေါမှာပဲဟု စဉ်းစားမိပြီး သရေယိုခဲ့ရသေးသည်။
သင်တန်းကျောင်းတက်ခဲ့ရသည့် သုံးနှစ်တာကာလကို ယခုပြန်တွေးလိုက်တော့ ခဏလေးလို့ ထင်ရသော်ငြား ထိုစဉ်က တရက်ပြီးတရက်၊ တလပြီးတလ ပြီးတော့ တနှစ်ပြီးတနှစ် ကျော်ဖြတ်ခဲ့ရသည်။ ပိုဆိုးတာက စစ်ပညာသင်သည့် သင်တန်းမဟုတ်ပဲ စစ်စည်းကမ်းဖြင့် အုပ်ချုပ်ခံရသည့်အတွက် လူငယ်ဘ၀ပျော်ရွှင်မှုတို့ သင်းသပ်ခံရသလိုဖြစ်ခဲ့သည်။ သင်္ကြန်ကျောင်းပိတ်ရက် အိမ်ပြန်သည့်အခါ ရှေ့တလက်မနောက်ပြောင်နေသော ပုံစံကေကြောင့် “ဘယ်လေ့ကျင့်ရေးမှာ လဲ” “တပ်ထဲဘယ်တုန်းက၀င်လိုက်သလဲ” အမေးခံရသည်။ စက်မှုပညာသင်သည့် ကျောင်းသားကို စစ်စည်းကမ်းနှင့် အုပ်ချုပ်သည့်အတွက် လိုအပ်လို့လားဟု ဂျာမန်သင်တန်းဆရာတို့၏ အမေးကို ပေါ်လစီကြောင့်ပါဟု ကျောင်းအုပ်ကြီးက ဖြေသည်။ အဲဒီပေါ်လစီကို တော်လှန်သည့်အခါ ရှေ့တန်းမှပါဖို့အတွက် စိတ်ခံစားမှုတို့သည် ထိုစဉ်ကတည်းက အုံဖွဲ့ခဲ့ သည်ကို အခုချိန်ပြန်တွေးတော့ ရေးရေးပေါ်သည်။
သင်တန်းဆင်းတော့ ကျွမ်းကျင်လုပ်သားတဦးအဖြစ် မွန်ပြည်နယ်ရှိ အစိုးရကော်ပိုရေးရှင်း လက်အောက်ခံ စက်ရုံတရုံတွင် အလုပ်ဝင်ရသည်။ သောက်သည့်ဆေးလိပ်မှာကျားပျံမကောက်မဟုတ်တော့ပဲ မြို့ခံလူအများ သောက်သုံးသည့် ဆေးလိပ်ဖြစ်နေပြီ။ ထိုမြို့မှာပင် အိမ်ထောင်ကျ၍ ၀န်ထမ်းဘ၀နှင့် ဆယ်တန်းအောင်သည့်နှစ်တွင် သမီးကြီးကို မွေး၏။ လုပ်သက်ငါးနှစ်ပြည့်တော့ ရှစ်လေးလုံးအရေးအခင်းဖြစ်လေသည်။ သပိတ်စုံတော့ သူပုန်ထ စကားအတိုင်း စစ်တပ်အာဏာသိမ်းတော့ ကျွန်တော်တို့ အလုပ်သမားသပိတ်စခန်းမှ တောခိုကြလေသည်။
ကျနော်တို့ တောခိုလာကြရာတွင် ဖားအံမြို့အထက်ဘက် သံလွင်မြစ်အရှေ့ဖက်ကမ်းရှိ မင်းစီရွာလေးကို ဖြတ် ရသည်။ ထိုရွာမှ ကျနော်တို့ အလုပ်သမားတပ်ကို ထမင်းထုပ်တွေကမ်းသည်။ ကေအင်ယူစခန်းကိုရောက်တော့ ကျနော် တို့မှာ ပါလာသည့် ငွေဖြင့် သုခိတာဆေးပေါ့လိပ် ၀ယ်သောက်နိုင်သေးသည်။ ငွေကုန်တော့ ဆေးပေါ့လိပ် မ၀ယ်နိုင်တော့ ပဲ ကေအင်ယူကပေးသည့် ဆေးရွက်ကြီးအမှုန့်ကို သတင်းစာစက္ကူဖြင့် လိပ်သောက်ရသည်။ ဆေးပေါ့လိပ်လို သောက်မ ကောင်းပေမယ့် သူတို့လည်း ရှိတာပေးရတာဆိုတော့ စောဒကတက်လို့ကလည်း မဖြစ်နိုင်။ နောက်တော့ ရိက္ခာရှာဖွေရေး၊ နောက်တန်းမှာကျန်နေခဲ့သူများနှင့် အဆက်အသွယ်ပြန်ရရေးအတွက် ကျနော် ပြည်တွင်းသို့ ပြန်ဝင်ရသည်။
စစ်ထောက်လှမ်းရေးတွေ ကျနော့်ကို ဖမ်းဖို့လာသည့် ညက ကျနော်က ငြိမ်းကျော်၏ `မြက်ဖျားနှင်း´ ကို ဖတ်နေသည်။ “ကျနော် ရ၀တ ဥက္ကဋ္ဌပါ၊ ဧည့်စာရင်းစစ်ချင်လို့” ဟူသောအသံနှင့်အတူ သူတို့ အိမ်ကိုဝိုင်းထားလိုက်ကြပြီ။ တအိမ်လုံးကို ရှာဖွေပြီးတော့ “အဒေါ့်သားကို ကျနော်တို့ခေါ်သွားမယ်” ဆိုတော့ ကျနော်အိမ်ခန်းထဲဝင်ပြီး အနွေးထည်ဝတ်သည်။ အင်္ကျီ အိတ်ထဲသို့ ငွေစက္ကူအချို့၊ မှတ်ပုံတင်၊ ဆေးပေါ့လိပ်သုံးလိပ်နှင့် မီးခြစ်ထည့်လိုက်သည်။ ဟိုရောက်ရင် အေးအေးဆေးဆေး ဆေးလိပ်ဖွာရင်း သူတို့မေးတာ ဖြေမည်ဟု စိတ်ကူး၏။ စစ်ကြောရေးကို ရောက်တော့ ဆေးလိပ်သောက်ဖို့ နေနေသာ အ၀တ်နက်ကြီးခေါင်းပေါ်တချိန်လုံး အုပ်ထားတာ ဘာကို မမြင်ရ။ အမေးတွေဖြေရလွန်း၍ အာခြောက်လာတော့ ရေတိုက်ရန် အကြိမ်ကြိမ်တောင်းပန်မှ ရေအနည်းငယ် လာတိုက်သည်။
စစ်ကြောရေးမှာကိစ္စ၀ိစ္စတွေအပြီး ရဲစခန်းကိုအရွှေ့ ပစ္စည်းတွေပြန်ပေးတော့ ဆေးပေါ့လိပ်သုံးလိပ် ပြန်မရတော့။ “ဆေးလိပ်တွေတော့ ငါတို့သောက်လိုက်ပြီ” ဆိုကာ ကျန်သည့်ပစ္စည်းများကို ပြန်ပေးသည်။ အင်းစိန်ရဲစခန်းကနေ ထောင်ကို အချုပ်နဲ့သွားရမယ်ဆိုတော့ ဘာမှ ကြိုတင်ပြင်ဆင်ချိန်မရ။ အရင်က အင်းစိန်ဈေး ကားမှတ်တိုင်မှာ ကားစောင့်ရင် အချုပ်ကားအပြာကြီးတွေပေါ်ပါသွားသူတွေကို ငေးကြည့်ခဲ့ဘူးသည်။ အခုတော့ အချုပ်ကားပေါ်ကနေ ဈေးသည်ဈေးဝယ်တွေနှင့် စည်ကားနေသော အင်းစိန်ဈေးကို ကားပြာကြီးပေါ်မှ ပြန်ငေးကြည့်ရင်း ထောင်ဗူးဝသို့ ရောက် သွားသည်။
ဗူးဝမှာ တလာစီ၊ ရုံးခန်းရှေ့ မှာ ငုတ်တုတ်ထိုင်ရင်း ထိုညနေက ထမင်းမစားရတော့။ ထောင်ဝါဒါတွေ တန်းစီးတွေ က ထောင်ပုံစံသင်ပေးသလို ထောင်ကျဖက်တွေက ဆေးလိပ်ဘယ်လိုဝယ်ရလဲ သင်ပေး၏။ ထောင်ထဲမှာ နွားဆေးလိပ် က အသပြာအခြင်းအရာကို ဆောင်ရွက်သည်။ ဆေးလိပ်ဖြင့် မုန့်ဝယ်စားလို့ရသည်။ အရောင်းအ၀ယ်ဟူသမျှကို ဆေးလိပ် ဖြင့် တန်ဖိုးသတ်မှတ်ကာ ငွေပေးချေရသည်။
ထောင်ကရုံးထုတ်သည့်နေ့ တရားရုံးရှေ့မှာ အမေလာစောင့်နေသည်။ အမေနဲ့တွေ့တော့ ပထမဆုံးပြောသည့် စကားက “သားကို ဆေးလိပ်ပေးပါ”။ အမေက သူလွယ်လာသည့် လွယ်အိတ်လေးထဲမှာ သဘာဝ သုံးလိပ် ထုတ်ပေး သည်။ အခုတော့ အမေလည်း မရှိတော့ပြီ။
၁၉၉၁ ခုနှစ် မလေးရှားကို အလုပ်လုပ်ဖို့ရောက်လာတော့ ကွာလာလမ်ပူမှာအခုလို မြန်မာစတိုးဆိုင်တွေ မရှိသေးသည့်အတွက် ဆေးပေါ့လိပ်ဝယ်မရပါ။ ပီနန်စက်လှေတွေမှာ ၀ယ်လို့ရသည်ဆိုတော့ ကေအယ်လ်မှ ပီနန်အထိ ဆေးပေါ့လိပ်သွားဝယ်ဘူးသည်။ ကိုယ်သောက်ချင်သည့် ဆေးလိပ်တော့မရ၊ လှေသမားတွေသောက်သည့် သူတို့ဒေသ ထွက် ဆေးလိပ်တွေမို့ နာမည်တွေက ကိုယ်လည်း တခါမှ မကြားဖူးပါ။ ဒါပေမယ့် စီးကရက်ထက်စာရင် မီးညှိလိုက်၊ ဖွာလိုက်၊ ချထားလိုက် လုပ်လို့ရသည့် ဆေးပေါ့လိပ်ကို ပိုနှစ်သက်လေတော့ လှေသမားတွေဆီက ဆေးလိပ်ဝယ်ရတာကို ပဲ ကျေးဇူးတင်နေခဲ့သည်။ ဘန်ကောက်မှာလည်း ဆေးပေါ့လိပ်ရောင်းသည့်ဆိုင်ကို စုံစမ်းထားရသည်။ စင်္ကာပူမှာလည်း လှေဆိပ်ဆင်းကာ မွန်စက်လှေတွေဆီမှာ ဆေးလိပ်သွားဝယ်သောက်ဖူးသည်။ ရောက်လေရာမှာ ဆေးပေါ့လိပ် ရှာလို့ရခဲ့ ပေမယ့် ဒိန်းမတ်ကို လာရတော့မည်ဆိုတော့ စဉ်းစားရပြီ။ ဥရောပမှာ ဆေးပေါ့လိပ် လွယ်လွယ်မရနိုင်သည့် အတူ ဒီဆေးလိပ်ကို ဖြတ်လိုက်တော့မည်ဟု ဆုံးဖြတ်ကာ အနှစ်နှစ်ဆယ်ကျော် သောက်လာခဲ့သည့် ဆေးလိပ်ကို ဖြတ်လိုက်ပါ တော့သည်။ ဆေးလိပ်သောက်နေစဉ်က တကြိမ်ဖြတ်ခဲ့ဘူးပြီး နောက်ပိုင်းပြန်သောက်ဖြစ်ခဲ့သော်လည်း အခုတော့ မသောက်ပဲ နေလိုက်သည်နှင့် ဆေးလိပ်ပြတ်သွားသည်မို့ အရင်ကလို ကရိကထလည်းမများ ဆေးလိပ်ဖိုးလည်း ငွေအပို မကုန်တော့ကာ ကျန်းမာရေးလည်း ပိုကောင်းလာပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။ ။

Monday, December 31, 2007
ကရင်နှစ်သစ်ကူးပွဲတော်
ကရင်နှစ်သစ်ကူးပွဲတော်ကို ဒိန်းမတ်နိုင်ငံတွင် ဒီဇင်ဘာ ၂၉ ရက်နေ့က ကျင်းပခဲ့ပါသည်။ ပွဲတော်ကျင်းပရာ Fyn ကျွန်းဆွယ်ပေါ်ရှိ Ringe မြို့သို့ ပွဲတော်မကျင်းပမီ တရက်အလိုကပင် ပရိသတ်အတော်များများ ရောက်ရှိလာသည်ကို တွေ့ရပါသည်။
အခမ်းအနားအစီအစဉ်တွင် ဘာသာရေး ဆုတောင်းပွဲ၊ ကရင်နှစ်သစ်ကူးနေ့ ပေါ်ပေါက်လာပုံ၊ ကရင်ဒုံးယိမ်းအက၊ အခြားတိုင်းရင်းသားများဖြစ်သည့် ရှမ်း၊ ကချင် နှင့် မွန်တို့၏ ရိုးရာအကများ ပါဝင်ပါသည်။
အထူးအစီအစဉ်အဖြစ် ကရင်ဒုက္ခသည်တဦးဖြစ်သည့် မတင်တင်မိုးက သူမ၏ မိခင်နေထိုင်ရာ အုန်းဖျန် ဒုက္ခသည်စခန်းသို့ သွားရောက်လည်ပတ်သည့် ခရီးစဉ် ဓါတ်ပုံမှတ်တမ်းကို ဆလိုက်ရှိုးဖြင့် ပြသပါသည်။
မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးခဲ့သော အခမ်းအနားအစီအစဉ်ကို ရှုစားကြည့်ပါ။
အဖွင့်သီချင်း
ဒုံးယိမ်းအက
ရှမ်းရိုးရာအက
ကချင် နှင့် မွန် ရိုးရာအက
ဟုတ်ကဲ့၊ ပြောဖို့မေ့သွားတယ်။ အကျွေးအမွေးက မုန့်ဟင်းခါး၊ ကော်ပြန့်လိပ်၊ ကြက်သားကင်၊ ထမင်းနဲ့ ဟင်း တွေလည်း ပါသမို့ စားကောင်းကောင်းနဲ့ ဗိုက်ကားသွားပါတယ်ခင်ဗျား။ ။

Wednesday, December 26, 2007
ပိုလန် သို့
ဒိန်းမတ်စာသင်တန်းများတွင် ဖတ်ရန်ပြဌာန်းထားသည့် စာအုပ်များအနက် ကျနော်ဖတ်ခဲ့သည့် စာအုပ် တအုပ်မှာ ပိုလန်နိုင်ငံသို့ ဘတ်စ်ကားဖြင့် အလည်သွားသည့် ဒိန်းမတ်ကျောင်းသူ ၂ ဦး၏ ခရီးသွားမှတ် တမ်းအကြောင်းရေးထားသည့် စာအုပ်ဖြစ်သည်။ ထိုခရီးစဉ်ကို များသောအားဖြင့် ပင်စင်စား သက်ကြီး ရွယ်အိုများ သာသွားလေ့ရှိပြီး ကျောင်းသူနှစ်ဦးမှာ လက်မှတ်ဝယ်ပြီး ခရီးမသွားဖြစ်သည့် အဖွားထံမှ လက်မှတ်ရသဖြင့်လိုက်ဖြစ်သွားခြင်းဖြစ်သည်။
ခရီးစဉ်အတွင်း ကားဒရိုင်ဘာက ကျောင်းသူတဦးအပေါ် ဖွန်ကြောင်လာပြီး ပိုလန်အရောက် တောင်ပေါ်ရေအိုင် တခုတွင် ရေကူးကြရာ အလိုမတူပဲ ကိုယ်ထိလက်ရောက် ဟိုကိုင် ဒီကိုင် လုပ်သည် အထိ ကျူးလွန်လာသဖြင့် ခရီးသွားအဖွဲ့ခေါင်းဆောင်အားတိုင်ကြားကာဒရိုင်ဘာအသစ်မှာယူခဲ့ရသည်။
ဒိန်းမတ်ကျောင်းသူ နှစ်ယောက်အနက် တဦးမှာ သူနာပြုသင်တန်းကျောင်းသူ ဖြစ်သောကြောင့် ခရီး သည်တဦး နေထိုင်မကောင်းဖြစ်၍ ဆေးရုံတင်ရာတွင် အကူအညီပေးရင်း ဆေးရုံမှ ပိုလန် လူငယ် ဆရာဝန်တဦးနှင့်ငြိတိတိဖြစ်လာခဲ့ပြီးဇတ်သိမ်းပါသည်။
ယခုနှစ် ခရစ်စမတ်နှင့် နှစ်သစ်ကူးပိတ်ရက်များတွင် ခရီးသွားမည်ဟု စိတ်ကူးရကာ သတင်းစာပါ ခရီးသွားကြော်ငြာများကို လိုက်ဖတ်ရင်း ဟိုကြည့်သည်ကြည့်နှင့် နောက်ဆုံး ပိုလန်သို့ ဘတ်စ်ကားဖြင့် သွားသည့် ခရီးစဉ်ကို ရွေးဖြစ်သွားပါသည်။ နှစ်ညအိပ် သုံးရက်ခရီး ဟော်တယ်ခအပါအ၀င် ခရိုနာ တထောင် (အမေရိကန်ဒေါ်လာ ၂၀၀ ခန့်) သာ ကျသဖြင့် ဈေးသက်သာသည့် ခရီးဟု ဆိုနိုင်ပါသည်။
ဇနီးဖြစ်သူက ဘတ်စ်ကားဖြင့် သွားလျှင် ပင်ပန်းမည် မလိုက်လိုပါဟု ဆိုလာသဖြင့် ခရီးသွားရန် အမြဲ စိတ်အားထက်သန်နေသည့် မိတ်ဆွေကြီး ဦးသောင်းကို အဖေါ်ပြုကာ ပိုလန်ခရီးစဉ်ကို ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်တွင်စတင်ခဲ့ပါသည်။
ကောလင်း Kolding ကားဂိတ်မှ မနက် ၆ နာရီ ၄၅ မိနစ်တွင် ထွက်ခွာလာသော ကျနော်တို့ လိုက်ပါ လာသည့် ဘတ်စ်ကားသည် လမ်းတွင် နှစ်နေရာ လူတင်ပြီးနောက် ဒိန်းမတ် နှင့် ဂျာမဏီ နယ်စပ်မြို့ ဖြစ်သည့် Padborg သို့ မနက် ၈ နာရီတွင် ရောက်ရှိပါသည်။ ဆောင်းတွင်းအခါ ဖြစ်သည့်အလျောက် ၀န်းကျင်တွင် အလင်းရောင် မရှိသေးပါ။ Padborg တွင် ကားရပ်ပေးသဖြင့် နှစ်ဦးသား ကော်ဖီဝယ် သောက်ကြပါသည်။ ကော်ဖီတခွက်ကို ၁၅ ခရိုနာပေးရသဖြင့်ယူအက်စ်သုံးဒေါ်လာနီးပါးရှိပါသည်။
ရာသီဥတု အပူချိန်ကား ရေခဲမှတ်အောက် အနုတ် တစ်ဒီဂရီ စင်တီဂရိတ်ဝန်းကျင်တွင် ရှိသဖြင့် ကော်ဖီဆိုင်ရှေ့ ကွန်ကရစ်ပေါ်တွင်ရေခဲများတင်နေသဖြင့်ချော်မလဲရန်ဂရုစိုက်ရပါသည်။
ဟစ်တလာ၏အဖဂျာမဏီနိုင်ငံသို့ အ၀င်တွင် မည်သည့် စစ်ဆေးရေးဂိတ်မှ ရှိမနေပါ။ ကားပေါ်မှ မိုဘိုင်းတယ်လီဖုန်းများ sms လက်ခံရရှိသည့် အသံများ တတီတီမြည်နေပါသည်။ ခဏနေတော့ ကျနော့် ဟန်းဖုန်းလည်း sms ၀င်လာ၍ ကြည့်လိုက်ရာ ဂျာမဏီနယ်ထဲရောက်ပြီဖြစ်၍ ဟန်းဖုန်းပြောခ ပုံမှန်မဟုတ်တော့ပဲ ဈေးပို ပေးရတော့မည်ဖြစ်ကြောင်း ဖုန်းကုမ္မဏီမှ ပို့သည့် မက်ဆေ့ခ်ျ ဖြစ်နေပါသည်။ အလင်းရောင်လည်း တဖြည်းဖြည်း ရလာပြီဖြစ်၍ လမ်းဘေးဝဲယာသို့ ကြည့်လိုက်ရာ အရွက်မရှိသော သစ်ကိုင်းတွေပေါ်မှာ ရေခဲမှုန်တို့ တင်နေပုံမှာ ဆံပင်ဖွေးဖွေးဖြူနေသော အဖိုးအို တယောက်ကို ကြည့်ရသည်နှင့်တူနေပါသည်။
အဒေါ့ဖ်ဟစ်တလာရုံးစိုက်ရာ ဘာလင်မြို့အဝေးပြေး ကားဂိတ်ကိုရောက်တော့ နေ့လည် တနာရီ ကျော် ဖြစ်ပါသည်။ ဒိန်းမတ်မှ စီးလာသော ဘတ်စ်ကားက ဆက်မသွားတော့ပဲ ပိုလန်တွင် ကျနော်တို့ တည်းမည့် ဟော်တယ်တံဆိပ်ပါ မီနီဘတ်စ် လာကြိုပါသည်။ ယာဉ်မောင်းသူက ဆက်ရမည့် ခရီးစဉ်ကို ဂျာမန်လိုရှင်းပြရာတွင် လမ်းတွင် ၁၀ မိနစ်နားမည်ဆိုတာကိုတော့ ဒိန်းမတ်စကားဖြင့် တူနေသဖြင့် နားလည်လိုက်ပါသည်။ သို့ဖြင့် ဘာလင်၏အရှေ့မြောက်ဖက်သို့ ဆက်၍ခရီးထွက်လာကြပြီးနောက် ပိုလန်နယ်စပ်သို့ ရောက်ပါသည်။ လွန်ခဲ့သည့် ၂ ရက်ကပင် ရှင်းဂန်းဇုံ အဖွဲ့ဝင်သစ်ဖြစ်လာသည့် အတွက် ပိုလန်အ၀င် စစ်ဆေးရေးဂိတ်မှာ ပတ်စ်ပို့ပြစရာ မလိုတော့ပါ။ ကျနော်တို့၏ ခရီးဆုံးမြို့သည် နယ်စပ်မှ သိပ်မဝေးလှပါ။ Stettin မြို့ထဲအ၀င် ဟော်တယ်မရောက်ခင် တိုးရစ်ဂိုက်အမျိုးသမီး ကားပေါ် တက်လာပြီး ဒိန်းမတ်ဘာသာဖြင့် သူ့ကိုယ်သူ မိတ်ဆက်ပါသည်။ ပိုလန်သံဝဲ၀ဲဖြင့် ဒိန်းမတ်လို ရှင်းပြနေတာ နားထောင်ရင်း ဒိန်းမတ်စာအတူသင်ခဲ့ရသည့် အရှေ့ဥရောပနိုင်ငံများမှ ကျောင်းသားများကို သတိရမိပါသည်။ ဘာပဲပြောပြော သူတို့က ဥရောပတိုက်သားအချင်းချင်းဆိုတော့ ဒိန်းမတ်အသံထွက်ကို ကျနော်တို့ထက် ပို၍ နီးစပ်အောင် ပြောနိုင်ပါသည်။
ဟိုတယ်မှာ ရေချိုးပြီး ဟိုနားဒီနား လျှောက်ကြည့်ရင်း ကုန်တိုက်တခုကို ရောက်သွားသည့်အခါ ခရစ်စမတ် ရှော့ပင်းကာလဖြစ်နေသည့်အတွက် လူတွေ ကြိတ်ကြိတ်တိုးနေပါသည်။ ကုန်တိုက်မှာ ပစ္စည်းတွေလည်း အစုံအလင် ရှိ၍ ဒိန်းမတ်ထက်စာလျှင် ဈေးသက်သာပါသည်။ ကုန်ဈေးနှုန်း ဆိုသည် မှာလည်း သူ့နိုင်ငံသားတို့၏ ၀င်ငွေနှင့် ၀ယ်လိုအားပေါ်မှာ အခြေခံသည်မို့ နိုင်ငံသားတို့ ၀င်ငွေထွက် ငွေ မျှတပါက နိုင်ငံခြားထွက် အလုပ်လုပ်စရာ လိုမည်မဟုတ်ပါ။ ဒိန်းမတ်မှာတော့ ပိုလန်လူမျိုး အတော်များများ အလုပ်လာလုပ်ကြပါသည်။
ဟိုတယ်ပြန်ရောက်တော့ ခရီးပန်းလာသည်မို့ အနားယူ အိပ်စက်လိုက်ပါတော့သည်။ ။

ဘာလင် အဝေးပြေးကားဂိတ်

ဟော်တယ်မှ လာကြိုသည့်ကား

ဒိန်းမတ်လိုပြောတတ်သည့် ပိုလန်သူ တိုးရစ်လမ်းညွှန်

Saturday, December 22, 2007
အမျိုးသားရေး ၀ါဒ ၀င်္ကပါ
ကျနော်တို့ ဒိန်းမတ်ရောက်ခါစ အိမ်မှာကွန်ပြူတာ မ၀ယ်နိုင်သေးတော့ စာကြည့်တိုက်ကို ချောင်းပေါက်အောင် ရောက်ပါတယ်။ စာအုပ်ငှားဖို့ မဟုတ်ပါ။ အင်တာနက်သွားသုံးကြတာပါ။ စာအုပ်တွေကလည်း ဒိန်းမတ်စာအုပ် တွေချည်း စာကြည့်တိုက်အပြည့်ဆိုတော့ မဖတ်တတ်ပါဘူး။ ဒါပေမယ့် ကိုယ်ဖတ်ချင်တဲ့ အင်္ဂလိပ်စာအုပ် လိုချင်ရင် သူတို့မှာပေးပါတယ်။ သူငယ်ချင်းတယောက်က ဖတ်ဖို့ညွှန်းလို့ United States of Europe ဆိုတဲ့ စာအုပ်ကို မှာဖတ်ဘူးပါတယ်။ အမေရိကန်စာရေးဆရာတယောက်ရဲ့ ဥရောပအကြောင်းရေးထားတဲ့ စာအုပ်ပါ။
နောက်ဆရာမြသန်းတင့် ဘာသာပြန်ဆောင်းပါးတွေမှာ ရည်ညွန်းထားတဲ့ မူရင်းဆောင်းပါးပါ မဂ္ဂဇင်းအဟောင်း တွေ စာကြည့်တိုက်မှာရှာခိုင်းကြည့်တုန်းကလည်း တိုင်းမ်စ်နဲ့ နယူးဝိခ်စ် မဂ္ဂဇင်းအဟောင်းတွေ ရလာခဲ့ပါတာပါပဲ။ အဲဒီကျတော့မှ ဆရာမြသန်းတင့် ဘာသာပြန်နဲ့ မူရင်းဆောင်းပါးကို တွဲဖတ်လို့ ရသွားပြီး ဘလော့မှာလည်း တင်ပေးနိုင်တာ ဖြစ်ပါတယ်ခင်ဗျား။ ။
အမျိုးသားရေး ၀ါဒ ၀င်္ကပါ
လွန်ခဲ့သည့်အပတ်က ကမ္ဘာကြီးသည် ဥရောပအမျိုးသားရေးဝါဒ၏ မျက်နှာနှစ်ခုကို မြင်ခဲ့ကြရသည်။ လျင်မြန်စွာ ပြိုကွဲပျက်စီးနေသော ဆိုဗီယက်ယူနီယံတွင် တက်ကြွနေသော လူအုပ်များသည် မျိုးဆက်တခုမျှ ပျောက်ကွယ်နေခဲ့သော
သူတို့၏ အမျိုးသားအလံများကို လွှင့်တင်ခဲ့ကြသည်။ သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆိုသည့်အနေဖြင့် ဂုဏ်ယူဝင့်ကြွားသော အထိမ်းအမှတ်များကို ကျင်းပနေကြခြင်း ဖြစ်သည်။ မိုင်ရာအနည်းငယ်မျှသာ ကွာဝေးသော ယူဂိုဆလားဗီးယားတွင်မူ ခရိုအေးရှားနှင့် ဆာဘီးယား ပြည်သူ့စစ်အဖွဲ့ဝင်များသည် သွေးချောင်းစီးသော လူမျိုးစုစစ်ပွဲတပွဲတွင် တယောက်ကို တယောက် သတ်ဖြတ်နေကြသည်။
လူများသည် မျိုးတူစုများအဖြစ် ဖွဲ့စည်းမိလာခဲ့သည့်အချိန်မှ စ၍ အမျိုးသားရေးဝါဒဟူ၍ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ သဘောတရားတရပ်အနေဖြင့်မူ အမျိုးသားရေးဝါဒသည် ရိုမန်းတစ်လှုပ်ရှားမှု၏ အစိတ်အပိုင်းတရပ် အဖြစ် ဆယ့်ရှစ်ရာစုနှစ် တွင် ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။ အမျိုးသားရေးဝါဒ၏ အကောင်းဆုံးသော ပုံသဏ္ဍာန်သည် နွေးထွေးလှိုက်လှဲသော မျိုးချစ်ဝါဒ ဖြစ်သည်။ အိုလံပစ်ပွဲတော်များတွင် ကိုယ့်အမျိုးသားသီချင်းကို ကြားလိုက်သည်နှင့် လည်ချောင်းထဲတွင် တစ်ဆို့ကာ ကြက်သီး တဖြန်းဖြန်းထစေသော စိတ်ဓာတ်ဖြစ်သည်။ အမျိုးသားရေးဝါဒ၏ အဆိုးဆုံးပုံသဏ္ဍာန်မှာ မှားမှားမှန်မှန် ငါ့နိုင်ငံ၊ ငါ့လူမျိုးမှ ငါ့လူမျိုး ဟူသော ဂျင်ဂိုအစ်ဇင်း ဖြစ်သည်။ တနည်းပြောရလျှင် ရှောဗင်နစ်ဇင်း ဖြစ်သည်။ ရှောဗင်နစ်ဇင်း ဆိုသည်မှာ ပြင်သစ် ပြည်ကြီး၏ ဘုန်းတန်ခိုးနှင့် အာဏာစက်ကို လက်နက်အင်အားသုံး၍ ထူထောင်ရမည်ဟူသော အယူအဆကို ထူထောင်ခဲ့သည့် နပိုလီယန်၏ စစ်ဗိုလ်ချုပ် တဦးဖြစ်သူ နစ်ကလတ်စ် ရှော်ဗင်၏ အယူအဆ ဖြစ်သည်။
သမိုင်းတလျှောက်တွင် နိုင်ငံရေးဝါဒ အမျိုးမျိုးရှိသည့်အနက် အမျိုးသားရေးဝါဒသည် အပြင်းထန်ဆုံး အားအကောင်း ဆုံး ဖြစ်မည်ထင်သည်။ ဘာသာတရားကြောင့်မှလွဲလျှင် အခြားသော အကြောင်းအရာများထက် အမျိုးသားရေးဝါဒကြောင့် သွေးတွေ ချောင်းစီးခဲ့ဖူးသည်။ ရာစုနှစ်ပေါင်းများစွာပင် လှုံ့ဆော်ရေးသမားတို့သည် မိမိတို့၏ ဒုက္ခ၊ သုက္ခများအတွက် အိမ်နီးနား ချင်း လူမျိုးများကို အပြစ်ဖို့ကာ သွေးဆူနေသော လူအုပ်များကို လှုံ့ဆော်ဖူးကြလေပြီ။ ဆားဘီးယားခေါင်းဆောင် မီလိုဆီဗစ်နှင့် ခရိုအေးရှားခေါင်းဆောင် ဖရန်ဂျိုတူဂျမန်းတို့သည် ဤလုပ်ငန်းတွင် နောက်ဆုံးပေါ်လာသော ကျွမ်းကျင်သူများ ဖြစ်ကြသည်။
လာမည့်လများတွင် အမျိုးသားရေးလှုံ့ဆော်မှုများ ပေါ်ပေါက်လာနေသည်မှာ ကံဆိုးသည်ဟုပင် ဆိုရတော့မည် ထင်သည်။ ဆိုဗီယက်ယူနီယံနှင့် အရှေ့ဥရောပတွင် နိုင်ငံရေးမငြိမ်သက်မှုများကြောင့် အလုပ်လက်မဲ့ဖြစ်မှုကြီးနှင့် ရိက္ခာပြတ်လပ် မှုတို့ပေါ်ပေါက်ခဲ့ပါက အများထင်ထားသကဲ့သို့ ထိုကိစ္စများအတွက် အခြားသော လူမျိုးစုများအပေါ်တွင် ရမယ် ရှာရပေတော့ မည်။ ပိုလန်သွေးစည်းညီညွတ်ရေးလှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်သူ အဒမ်အစ်ရှနစ်က မကြာမီတွင် သွေးဒီရေကြီးတရပ် ပေါ် ပေါက်လာနိုင်သည်ဟု သတိပေးခဲ့သည်။ မရင့်ကျက်သေးတဲ့ ဒီမိုကရေစီတခုအတွက် ထောင်ချောက်ကတော့ အမျိုးသားရေးဝါဒ ပဲ ဖြစ်တယ်။ ဒီထောင်ချောက်ဟာ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာလိမ့်မယ် ဟု သူကပြောခဲ့သည်။ အနောက်ဥရောပသည် ထိုထောင်ချောက်ကို ရှောင်ကွင်းနိုင်ခဲ့သည်။ ထိုနမူနာသည် အရှေ့ဥရောပအတွက် သင်ခန်းစာတရပ်ဖြစ်နိုင်သည်။
အမျိုးသားရေးဝါဒ၏ ဆွဲဆောင်မှုသည် လူ့သဘာဝလူ့စရိုက်အတွင်းတွင် နက်ရှိုင်းစွာ ၀င်ရောက်အမြစ်တွယ်လျက် ရှိသည်။ လူဆိုသည်မှာ မိမိနှင့် မျိုးရိုးဇာတိတူသောသူကို ခင်မင်တွယ်တာသော သဘောရှိသည်။ သူစိမ်းတရံဆံကို ဖယ်ထုတ်လို သော သဘောရှိသည်။ အမျိုးသားရေးဝါဒသည် မျိုးရိုးသစ္စာရှိမှုကို ထိန်းသိမ်းမှုတွင် အခြေခံသည်ဟု ယူဆနိုင်သည်။ အခြား သော (နိုင်ငံရေး) သဘောတရားများသည် ပေါ်လာပြီး ပျောက်ကွယ်သွားကောင်း ပျောက်ကွယ်သွားကြမည်။ သို့ရာတွင် အမျိုး သားရေးဝါဒကား ပြင်းထန်အားကောင်း၍ မတိမ်ကောနိုင်သည့် ခွန်အားရှိသည်။
သမိုင်းပညာရှင်တဦးဖြစ်သူ အစ္စဗန်ဒီးယက်က လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ အတွင်းတွင် အရှေ့ဥရောပ၌ လစ်ဘရယ် အစိုးရ၊ ကွန်ဆာဗေးတစ်အစိုးရ၊ ဒီမိုကရက်တစ်အစိုးရ၊ အာဏာရှင်အစိုးရ၊ ဖက်ဆစ်အစိုးရ၊ ဘော်လရှီဗစ်အစိုးရတို့ တလှည့်စီ ကြီးစိုးလွှမ်းမိုးခဲ့ကြသည်။ သို့ရာတွင် ထိုအစိုးရများနှင့် ယင်းတို့၏ နိုင်ငံရေးသဘောတရား အားလုံးတို့သည် ယာယီမျှသာ ဖြစ်ခဲ့ ကြသည်။ ထာဝရဖြစ်သောအရာမှာ အမျိုးသားရေးဝါဒသာလျှင် ဖြစ်သည် ဟု ရေးခဲ့ဖူးသည်။
ကွန်မြူနစ်ဝါဒသည် အမျိုးသားရေးဝါဒထက် အားကောင်းသည်ဟု ထင်စရာဖြစ်သည်။ နိုင်ငံတကာ အလုပ်သမား လူတန်းစားစိတ်ဓာတ်သည် အဖနိုင်ငံအပေါ် သစ္စာရှိမှုထက်လည်းကောင်း၊ အလံတလံပေါ်တွင် သစ္စာရှိမှုထက်၎င်း ပို၍အားကောင်းသည်ဟု ကားလ်မတ် က ပြောခဲ့သည်။ သို့ရာတွင် ပထမ ကမ္ဘာစစ်အတွင်းက အလုပ်သမားများသည် လက်နက်များကို ချထားရန် ဟောပြောခဲ့ကြသော ဆိုရှယ်လစ်များနောက်သို့ မလိုက်ဘဲ စစ်တိုက်ရန် ဟောပြောခဲ့ကြသည့် အမျိုးသားရေး ခေါင်းဆောင်များနောက်သို့ လိုက်ခဲ့ကြသည့်အခါတွင် ကားလ်မတ်၏ သဘောတရားသည် သေဆုံးသွားခဲ့လေပြီ။ သို့တိုင်အောင် ဆိုဗီယက်ယူနီယံတွင် အနှစ်ခုနှစ်ဆယ်တိုင်တိုင်။ အရှေ့ဥရောပတွင် အနှစ်လေးဆယ်တိုင်တိုင် ကွန်မြူနစ်ဝါဒသည် အမျိုးသားရေးဝါဒကို နှိပ်ကွပ်ခဲ့သည်။ သို့ရာတွင် အမျိုးသားရေးဝါဒသည် ပျောက်ကွယ်သွားခြင်း မရှိ။ လှိုက်စားရုံ လှိုက်စားခဲ့သည်။
အရှေ့ဥရောပနှင့် အလယ်ဥရောပတို့တွင် အမျိုးသားရေးဝါဒကို လည်ပင်းညှစ်သတ်ရန် ကြိုးပမ်းနေချိန်၌ အနောက် ဥရောပသည် အမျိုးသားရေးဝါဒကို ကျော်လွှားသွားရန် ကြိုးပမ်းနေသည်။ ဒုတိယ ကမ္ဘာစစ်၏ အပျက်အစီးပုံများထဲမှ အနောက် ဥရောပ ကမ္ဘာကြီး တွားသွားထွက်လာချိန်တွင် ‘နောက်ထပ်ဤအဖြစ်မျိုး မဖြစ်စေရ‘ ဆိုသည့် အသံများကို နေရာတကာတွင် ကြားနေရသည်။ အနှစ်ခုနှစ်ဆယ်မရှိတရှိ အတွင်းတွင် ဂျာမဏီနှင့် ပြင်သစ်အမျိုးသားရေးဝါဒတို့ကြောင့် ကမ္ဘာစစ်ကြီး နှစ်ခုအပါ အ၀င် ဥရောပတွင် စစ်ပွဲကြီးသုံးပွဲ ဖြစ်ပွားခဲ့သည်။ ပြင်သစ်နှင့် ဂျာမဏီတို့၏ အားပြိုင်မှုကို ထိန်းချုပ်ပေးရန်အတွက် အချို့ သော စနစ်သစ်များ ပေါ်ပေါက်ခဲ့သည်။ ဥရောပလှုပ်ရှားမှုကို စတင်ခေါင်းဆောင်ခဲ့သူ ဖြစ်သည့် အီတလီအမျိုးသား အော်တီယာရှိ စပီနယ်လီက ထိုနှစ်ကာလများကို စောင်းငဲ့ကြည့်ကာ ကပ်ဆိုးကြီးကြောင့် အမျိုးသားရေးဝါဒသည် လူထုကြိုက် စိတ်ဓာတ်တခု အဖြစ်မှ စုတေသွားခဲ့လေပြီ ဟု ရေးခဲ့သည်။
အမျိုးသားရေးဝါဒကို မြေမြုပ်သဂြိုလ်ပစ်မည့် စနစ်သစ်၊ အဆောက်အအုံသစ်များကို ထူထောင်ရန် ကြိုးပမ်းအားထုတ်မှု များသည် လွန်စွာအရေးကြီးသည့်အချိန်တွင် ပေါ်ပေါက်လာခဲ့ကြသည်။ ထိုပုဂ္ဂိုလ်များမှ နယ်စပ်ဒေသတွင် ကြီးပြင်းလာခဲ့ကြပြီး မိမိတို့လူမျိုးစုအကြားတွင် မကြာခဏ တိုက်ခိုက်မှုများပေါ်ပေါက်နေသည်ကို တွေ့ခဲ့ကြရသူများဖြစ်သည်။ သူတို့သည် သူတို့ ဘာအတွက် တိုက်ခိုက်နေသည်ကို ကောင်းကောင်းသိကြသည်။ သူတို့၏ ယုံကြည်ချက်ကို သူတို့လို ဒုက္ခ သုက္ခများကို ခံစားခဲ့ ကြသူများမှ နားလည်နိုင်ပေလိမ့်မည်။ ၁၉၅၀ ပြည့်လွန်စောစောပိုင်းနှစ်ဖြစ်သော ထူးခြား၍ တိုတောင်းသော ကာလတ၀ိုက်တွင် ခေါင်းဆောင်များ ဖြစ်ခဲ့ကြသည့် ပြင်သစ်ခေါင်းဆောင် ရောဗတ်ရူးမန်း၊ ဂျာမဏီခေါင်းဆောင် ကွန်း၇တ်အဒီနော နှင့် အီတလီ ခေါင်းဆောင် အက်စီဒီ ဒီဂက်စပါရီ တို့သည် နိုင်ငံခြားအုပ်စိုးမှု (ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျာမန်တို့၏ အုပ်စိုးမှု) အောက်တွင် နေခဲ့ကြရသည်။ သူတို့အားလုံးသည် ဂျာမန်စကားကို ရေလည်စွာ ပြောတတ်ကြသည်။
သူတို့သည် နောင်တွင် ဥရောပဘုံဈေးအဖွဲ့ဟု ခေါ်တွင်မည့် အဖွဲ့အစည်းအတွက် အခြေခံအုတ်မြစ်များကို ချပေးခဲ့ကြ သည်။ ဘယ်လ်ဂျီယံရှိ ဌာနချုပ်တွင် ၀န်ကြီးများစုဝေးကာ နို့ဈေးနှုန်းသတ်မှတ်ရေးအတွက် အချင်းချင်း အမြဲလိုလို ရန်ဖြစ်နေကြ သည့် ယနေ့အချိန်မျိုးတွင် ဥရောပဘုံဈေးအဖွဲ့ကို ဘေးဖယ်ပစ်ရန်လွယ်ပါသည်။ သို့ရာတွင် ဘုံဈေးအဖွဲ့၏ အောင်မြင်စွမ်းဆောင် မှုများသည်လည်း ကြီးမားပါသည်။ ဥရောပဘုံဈေးအဖွဲ့ကြီးရှိနေသဖြင့် ပြင်သစ်နှင့် ဂျာမဏီတို့ကြားတွင် နောက်ထပ်စစ်ပွဲတခု ဖြစ်လာစရာ အကြောင်းမရှိ။ ယနေ့လည်း ထိုအတိုင်းဖြစ်နေပါသည်။
ဥရောပဘုံဈေးအဖွဲ့သည် ထိုအလုပ်တွင်များစွာ အောင်မြင်လျက်ရှိရာ ယခုအချိန်တွင် အရှေ့ဥရောပတွင် တနိုင်ငံနှင့် တနိုင်ငံပြိုင်ဆိုင်ကြရန် တိုက်တွန်းနေသံများကို ကြားနေရသည်။ ယခင်တပတ်ကပင် အာမေးနီးယားသမ္မတ လီဗွန်တက်ပင် ထရိုစီယန်က ကျွန်တော်တို့ ဥရောပဘုံဈေးအဖွဲ့ရဲ့ နည်းအတိုင်းဓနသဟာယအဖွဲ့ တခုကို ထူထောင်ဖို့အတွက် ရရှိနေတဲ့အခွင့် အရေးတွေကို အသုံးချကြရလိမ့်မည်ဟု ပြောခဲ့သည်။
သို့ရာတွင် သမိုင်းဆိုသည်မှာ တပတ်ပြန်ကျော့လေ့ရှိသည်ဟု ဆိုကြသော်လည်း ဘယ်တော့မှ ထပ်တူထပ်မျှ ဖြစ်လေ့ မရှိပါ။ ဥရောပအနောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် လူမျိုးစုအင်အားကြီးနိုင်ငံတခုဖြစ်သော ရုရှသည် အခြားသော လူမျိုးစုများအပေါ် တွင် လွှမ်းမိုးနေခြင်းဖြစ်ပါသည်။ အနောက်ဥရောပတွင်မူ ပြင်သစ်၊ အနောက်ဂျာမဏီနှင့် အီတလီတို့သည် ခပ်စောစောပိုင်းအထိ အရွယ်ပမာဏချင်း တူညီနေကြပြီး တဦးကိုတဦး ချိန်ခွင်လျှာညီအောင် ထိန်းထားနိုင်ကြပါသည်။
အရှေ့ဥရောပအဖို့ အနောက်ဥရောပထံမှ သင်ခန်းစာယူနိုင်စရာအချက်မှာ ကိုယ်ပိုင်အမျိုးသား ငွေစက္ကူစနစ်ရှိရုံ၊ ကိုယ်ပိုင် အမျိုးသားစစ်တပ်ရှိရုံမျှဖြင့် စစ်မှန်သော လွတ်လပ်မှုနှင့် စစ်မှန်သောလွတ်လပ်ရေးကို မရနိုင်ဆိုသည့် အချက်ဖြစ်ပါ သည်။ မည်သူကမျှ ဗိုလ်မကျနိုင်သော နိုင်ငံတိုင်းပြောရေးဆိုခွင့်ရှိသော လူမျိုးစုံ အဖွဲ့အစည်းကြီးတခုအတွင်း၌သာလျှင် လူမျိုးစု တို့၏ အကျိုးစီးပွားကို ထိထိရောက်ရောက်ကာကွယ်နိုင်ပါသည်။ ဥရောပဘုံဈေးအဖွဲ့ အောင်မြင်နေခြင်းမှာ အခြားကြောင့် မဟုတ်။ နိုင်ငံတိုင်း ပြောရေးဆိုခွင့်ရှိသော တခုနှင့်တခု ဆက်သွယ်နေကြသည့် ထာဝရ စေ့စပ်ဆွေးနွေးမှုကွန်ခြာကြီးကို ထူထောင်ထားနိုင်ခြင်းကြောင့် ဖြစ်ပါသည်။
ပိုလန်ခေါင်းဆောင် မစ်ရှနစ်က အလယ်နှင့် အရှေ့ဥရောသည် ယဉ်ကျေးမှုဓလေ့ နှစ်ခုအနက် တခုခုကို ရွေးရတော့မည် ဟု ဆိုခဲ့ပါသည်။
ကျွန်ုပ်တို့ ပူးပေါင်းကြပါစို့၊ ဥရောပစံများကို လေးစားလိုက်နာကြပါစို့ လို့ ယဉ်ကျေးမှုတစ်ခုက ပြောနေတယ်၊ နောက် ယဉ်ကျေးမှုတခုကတော့ ကျွန်ုပ်တို့၏ မူလအမျိုးသားဇစ်မြစ်များဆီသို့ ပြန်သွားကြပါစို့။ ကျွန်ုပ်တို့ အမျိုးသားများ၏ သီးခြားသော ဟန်ဖြင့် စနစ်သစ်တရပ်ကို ထူထောင်ကြပါစို့ဟု ပြောနေတယ် ဟု သူကပြောခဲ့သည်။
ရှူးမန်း၊ အဒီနောနှင့် ဂတ်စပါရီ တို့သည် အနောက်ဥရောပတိုက်အား အမျိုးသားသီးခြားဆန်မှု နယ်နိမိတ်ကို ကျော်၍ ကြည့်ရန် အားထုတ်ကြိုးပမ်းခဲ့ကြပါသည်။
ပျက်စီးစေတတ်သော အမျိုးသားရေးဝါဒကို ကျော်လွှားရန်အတွက် ကွန်မြူနစ်နိုင်ငံဟောင်းများသည် အတိတ်မှ အမုန်း တရားများကို မေ့ပျောက်ပစ်နိုင်သော ခေါင်းဆောင်များရှိဖို့လိုပါသည်။
ရည်ညွှန်း ။ Time, September 9, 1991.

Subscribe to:
Posts (Atom)