ကျနော် နှင့် ဆေးပေါ့လိပ်
ကျနော် ဆေးလိပ်စသောက်ခဲ့သည်မှာ ကိုးတန်းအောင်ပြီးစ နယ်မှာ သင်တန်းကျောင်းတခု သွားတက်စဉ်က ဖြစ်သည်။ အပျံသင်စငှက်လို အိမ်နှင့်စတင်ခွဲခဲ့ရသည့်အတွက် မိသားစု၊ သူငယ်ချင်းများနှင့် မိမိရပ်ကွက်ကို သတိရသည်။ ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်ကလည်း အသစ်ဖြစ်နေသည်။ အနောက်ကိုကြည့်လိုက်ရင် ရခိုင်ရိုးမကို မြင်ရပြီး အရှေ့ဖက်မှာတော့ ဧရာဝတီမြစ်နှင့် ပြည်တောင်တန်းကို မြင်နေရသည်။ သင်တန်းကျောင်းမှာ ဧရာဝတီအနောက်ဖက်ကမ်းရှိ တောင်ကုန်း တခုပေါ်မှာရှိပြီး ထိုတောင်ကုန်းပေါ်မှာပင် ဘုန်းကြီးကျောင်းနှင့် စေတီလေးတဆူလည်း ရှိနေခဲ့သည်။ ညနေလမ်းလျှောက် ထွက်ကြသည့်အခါ ဧရာဝတီမြစ်ကို စီးမြင်နေရသည့် တောင်ကုန်းထိပ်ရှိ စေတီလေး ပရ၀ုဏ်မှာ ဟိုငေးဒီငေးနှင့် ဆေးပေါ့လိပ်လေး ဖွာကာ အိမ်ကို လွမ်းခဲ့ရသည်။
သင်တန်းမှာ သုံးနှစ်တက်ရမည့်သင်တန်း၊ အိမ်နှင့်လည်း ဝေးနေသည်ဆိုတော့ ဆေးလိပ်သောက်လို့ ဆူမည့် မိဘတွေကလည်း အနားမှာမရှိ။ ကျနော့်အခန်းဖော်မှာ ရွှေတောင်သားဖြစ်ပြီး လူချင်းလည်း သိပ်မရင်းနှီးကြသေးသည့် အတွက် အခန်းမှာ တယောက်တည်းရှိသည့်အခါ ကျားပျံမကောက်နှင့်သာ အဖေါ်လုပ်ရသည်။
ကျားပျံမကောက် ဆေးပေါ့လိပ်မှာ ပြည်မြို့အနီးတ၀ိုက်တွင် ဖေးဘရိတ်ဖြစ်သော်လည်း ရန်ကုန်မှာ ၀ယ်မရပါ။ ရန်ကုန်မှာလည်း ကျနော်နေသည့် အင်းစိန်ဖက်တွင် နွားဆေးလိပ်၊ ကမာရွတ်တွင် နှင်းဆီ၊ တောင်ဥက္ကလာမှာ လမင်း၊ မြောက်ဥက္ကလာ မှာ ရွှေပြည်စိုး၊ မင်္ဂလာဒုံတွင် သဘာဝ စသည်ဖြင့် ကွဲပြားနေသည်။
“တို့ ဂျာမနီသွားတုံးက ဘီယာက တမြို့ရောက်ရင် နာမည်တမျိုးဆိုတော့ တို့ဗမာပြည်က ဆေးလိပ်ခုံတွေလိုပဲကွ” ဂျာမနီက ဘီယာကုမ္ပဏီများအကြောင်း ပညာတော်သင်ပြန်လာသည့်ဆရာတဦးပြောပြတာကြားတော့ ဘီယာတော့ အတော်ပေါမှာပဲဟု စဉ်းစားမိပြီး သရေယိုခဲ့ရသေးသည်။
သင်တန်းကျောင်းတက်ခဲ့ရသည့် သုံးနှစ်တာကာလကို ယခုပြန်တွေးလိုက်တော့ ခဏလေးလို့ ထင်ရသော်ငြား ထိုစဉ်က တရက်ပြီးတရက်၊ တလပြီးတလ ပြီးတော့ တနှစ်ပြီးတနှစ် ကျော်ဖြတ်ခဲ့ရသည်။ ပိုဆိုးတာက စစ်ပညာသင်သည့် သင်တန်းမဟုတ်ပဲ စစ်စည်းကမ်းဖြင့် အုပ်ချုပ်ခံရသည့်အတွက် လူငယ်ဘ၀ပျော်ရွှင်မှုတို့ သင်းသပ်ခံရသလိုဖြစ်ခဲ့သည်။ သင်္ကြန်ကျောင်းပိတ်ရက် အိမ်ပြန်သည့်အခါ ရှေ့တလက်မနောက်ပြောင်နေသော ပုံစံကေကြောင့် “ဘယ်လေ့ကျင့်ရေးမှာ လဲ” “တပ်ထဲဘယ်တုန်းက၀င်လိုက်သလဲ” အမေးခံရသည်။ စက်မှုပညာသင်သည့် ကျောင်းသားကို စစ်စည်းကမ်းနှင့် အုပ်ချုပ်သည့်အတွက် လိုအပ်လို့လားဟု ဂျာမန်သင်တန်းဆရာတို့၏ အမေးကို ပေါ်လစီကြောင့်ပါဟု ကျောင်းအုပ်ကြီးက ဖြေသည်။ အဲဒီပေါ်လစီကို တော်လှန်သည့်အခါ ရှေ့တန်းမှပါဖို့အတွက် စိတ်ခံစားမှုတို့သည် ထိုစဉ်ကတည်းက အုံဖွဲ့ခဲ့ သည်ကို အခုချိန်ပြန်တွေးတော့ ရေးရေးပေါ်သည်။
သင်တန်းဆင်းတော့ ကျွမ်းကျင်လုပ်သားတဦးအဖြစ် မွန်ပြည်နယ်ရှိ အစိုးရကော်ပိုရေးရှင်း လက်အောက်ခံ စက်ရုံတရုံတွင် အလုပ်ဝင်ရသည်။ သောက်သည့်ဆေးလိပ်မှာကျားပျံမကောက်မဟုတ်တော့ပဲ မြို့ခံလူအများ သောက်သုံးသည့် ဆေးလိပ်ဖြစ်နေပြီ။ ထိုမြို့မှာပင် အိမ်ထောင်ကျ၍ ၀န်ထမ်းဘ၀နှင့် ဆယ်တန်းအောင်သည့်နှစ်တွင် သမီးကြီးကို မွေး၏။ လုပ်သက်ငါးနှစ်ပြည့်တော့ ရှစ်လေးလုံးအရေးအခင်းဖြစ်လေသည်။ သပိတ်စုံတော့ သူပုန်ထ စကားအတိုင်း စစ်တပ်အာဏာသိမ်းတော့ ကျွန်တော်တို့ အလုပ်သမားသပိတ်စခန်းမှ တောခိုကြလေသည်။
ကျနော်တို့ တောခိုလာကြရာတွင် ဖားအံမြို့အထက်ဘက် သံလွင်မြစ်အရှေ့ဖက်ကမ်းရှိ မင်းစီရွာလေးကို ဖြတ် ရသည်။ ထိုရွာမှ ကျနော်တို့ အလုပ်သမားတပ်ကို ထမင်းထုပ်တွေကမ်းသည်။ ကေအင်ယူစခန်းကိုရောက်တော့ ကျနော် တို့မှာ ပါလာသည့် ငွေဖြင့် သုခိတာဆေးပေါ့လိပ် ၀ယ်သောက်နိုင်သေးသည်။ ငွေကုန်တော့ ဆေးပေါ့လိပ် မ၀ယ်နိုင်တော့ ပဲ ကေအင်ယူကပေးသည့် ဆေးရွက်ကြီးအမှုန့်ကို သတင်းစာစက္ကူဖြင့် လိပ်သောက်ရသည်။ ဆေးပေါ့လိပ်လို သောက်မ ကောင်းပေမယ့် သူတို့လည်း ရှိတာပေးရတာဆိုတော့ စောဒကတက်လို့ကလည်း မဖြစ်နိုင်။ နောက်တော့ ရိက္ခာရှာဖွေရေး၊ နောက်တန်းမှာကျန်နေခဲ့သူများနှင့် အဆက်အသွယ်ပြန်ရရေးအတွက် ကျနော် ပြည်တွင်းသို့ ပြန်ဝင်ရသည်။
စစ်ထောက်လှမ်းရေးတွေ ကျနော့်ကို ဖမ်းဖို့လာသည့် ညက ကျနော်က ငြိမ်းကျော်၏ `မြက်ဖျားနှင်း´ ကို ဖတ်နေသည်။ “ကျနော် ရ၀တ ဥက္ကဋ္ဌပါ၊ ဧည့်စာရင်းစစ်ချင်လို့” ဟူသောအသံနှင့်အတူ သူတို့ အိမ်ကိုဝိုင်းထားလိုက်ကြပြီ။ တအိမ်လုံးကို ရှာဖွေပြီးတော့ “အဒေါ့်သားကို ကျနော်တို့ခေါ်သွားမယ်” ဆိုတော့ ကျနော်အိမ်ခန်းထဲဝင်ပြီး အနွေးထည်ဝတ်သည်။ အင်္ကျီ အိတ်ထဲသို့ ငွေစက္ကူအချို့၊ မှတ်ပုံတင်၊ ဆေးပေါ့လိပ်သုံးလိပ်နှင့် မီးခြစ်ထည့်လိုက်သည်။ ဟိုရောက်ရင် အေးအေးဆေးဆေး ဆေးလိပ်ဖွာရင်း သူတို့မေးတာ ဖြေမည်ဟု စိတ်ကူး၏။ စစ်ကြောရေးကို ရောက်တော့ ဆေးလိပ်သောက်ဖို့ နေနေသာ အ၀တ်နက်ကြီးခေါင်းပေါ်တချိန်လုံး အုပ်ထားတာ ဘာကို မမြင်ရ။ အမေးတွေဖြေရလွန်း၍ အာခြောက်လာတော့ ရေတိုက်ရန် အကြိမ်ကြိမ်တောင်းပန်မှ ရေအနည်းငယ် လာတိုက်သည်။
စစ်ကြောရေးမှာကိစ္စ၀ိစ္စတွေအပြီး ရဲစခန်းကိုအရွှေ့ ပစ္စည်းတွေပြန်ပေးတော့ ဆေးပေါ့လိပ်သုံးလိပ် ပြန်မရတော့။ “ဆေးလိပ်တွေတော့ ငါတို့သောက်လိုက်ပြီ” ဆိုကာ ကျန်သည့်ပစ္စည်းများကို ပြန်ပေးသည်။ အင်းစိန်ရဲစခန်းကနေ ထောင်ကို အချုပ်နဲ့သွားရမယ်ဆိုတော့ ဘာမှ ကြိုတင်ပြင်ဆင်ချိန်မရ။ အရင်က အင်းစိန်ဈေး ကားမှတ်တိုင်မှာ ကားစောင့်ရင် အချုပ်ကားအပြာကြီးတွေပေါ်ပါသွားသူတွေကို ငေးကြည့်ခဲ့ဘူးသည်။ အခုတော့ အချုပ်ကားပေါ်ကနေ ဈေးသည်ဈေးဝယ်တွေနှင့် စည်ကားနေသော အင်းစိန်ဈေးကို ကားပြာကြီးပေါ်မှ ပြန်ငေးကြည့်ရင်း ထောင်ဗူးဝသို့ ရောက် သွားသည်။
ဗူးဝမှာ တလာစီ၊ ရုံးခန်းရှေ့ မှာ ငုတ်တုတ်ထိုင်ရင်း ထိုညနေက ထမင်းမစားရတော့။ ထောင်ဝါဒါတွေ တန်းစီးတွေ က ထောင်ပုံစံသင်ပေးသလို ထောင်ကျဖက်တွေက ဆေးလိပ်ဘယ်လိုဝယ်ရလဲ သင်ပေး၏။ ထောင်ထဲမှာ နွားဆေးလိပ် က အသပြာအခြင်းအရာကို ဆောင်ရွက်သည်။ ဆေးလိပ်ဖြင့် မုန့်ဝယ်စားလို့ရသည်။ အရောင်းအ၀ယ်ဟူသမျှကို ဆေးလိပ် ဖြင့် တန်ဖိုးသတ်မှတ်ကာ ငွေပေးချေရသည်။
ထောင်ကရုံးထုတ်သည့်နေ့ တရားရုံးရှေ့မှာ အမေလာစောင့်နေသည်။ အမေနဲ့တွေ့တော့ ပထမဆုံးပြောသည့် စကားက “သားကို ဆေးလိပ်ပေးပါ”။ အမေက သူလွယ်လာသည့် လွယ်အိတ်လေးထဲမှာ သဘာဝ သုံးလိပ် ထုတ်ပေး သည်။ အခုတော့ အမေလည်း မရှိတော့ပြီ။
၁၉၉၁ ခုနှစ် မလေးရှားကို အလုပ်လုပ်ဖို့ရောက်လာတော့ ကွာလာလမ်ပူမှာအခုလို မြန်မာစတိုးဆိုင်တွေ မရှိသေးသည့်အတွက် ဆေးပေါ့လိပ်ဝယ်မရပါ။ ပီနန်စက်လှေတွေမှာ ၀ယ်လို့ရသည်ဆိုတော့ ကေအယ်လ်မှ ပီနန်အထိ ဆေးပေါ့လိပ်သွားဝယ်ဘူးသည်။ ကိုယ်သောက်ချင်သည့် ဆေးလိပ်တော့မရ၊ လှေသမားတွေသောက်သည့် သူတို့ဒေသ ထွက် ဆေးလိပ်တွေမို့ နာမည်တွေက ကိုယ်လည်း တခါမှ မကြားဖူးပါ။ ဒါပေမယ့် စီးကရက်ထက်စာရင် မီးညှိလိုက်၊ ဖွာလိုက်၊ ချထားလိုက် လုပ်လို့ရသည့် ဆေးပေါ့လိပ်ကို ပိုနှစ်သက်လေတော့ လှေသမားတွေဆီက ဆေးလိပ်ဝယ်ရတာကို ပဲ ကျေးဇူးတင်နေခဲ့သည်။ ဘန်ကောက်မှာလည်း ဆေးပေါ့လိပ်ရောင်းသည့်ဆိုင်ကို စုံစမ်းထားရသည်။ စင်္ကာပူမှာလည်း လှေဆိပ်ဆင်းကာ မွန်စက်လှေတွေဆီမှာ ဆေးလိပ်သွားဝယ်သောက်ဖူးသည်။ ရောက်လေရာမှာ ဆေးပေါ့လိပ် ရှာလို့ရခဲ့ ပေမယ့် ဒိန်းမတ်ကို လာရတော့မည်ဆိုတော့ စဉ်းစားရပြီ။ ဥရောပမှာ ဆေးပေါ့လိပ် လွယ်လွယ်မရနိုင်သည့် အတူ ဒီဆေးလိပ်ကို ဖြတ်လိုက်တော့မည်ဟု ဆုံးဖြတ်ကာ အနှစ်နှစ်ဆယ်ကျော် သောက်လာခဲ့သည့် ဆေးလိပ်ကို ဖြတ်လိုက်ပါ တော့သည်။ ဆေးလိပ်သောက်နေစဉ်က တကြိမ်ဖြတ်ခဲ့ဘူးပြီး နောက်ပိုင်းပြန်သောက်ဖြစ်ခဲ့သော်လည်း အခုတော့ မသောက်ပဲ နေလိုက်သည်နှင့် ဆေးလိပ်ပြတ်သွားသည်မို့ အရင်ကလို ကရိကထလည်းမများ ဆေးလိပ်ဖိုးလည်း ငွေအပို မကုန်တော့ကာ ကျန်းမာရေးလည်း ပိုကောင်းလာပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။ ။
No comments:
Post a Comment