Friday, October 1, 2010

(၅၄) မိမိ၏ ဆောင်းပါးများ ရှော်ကုန်ပြီ (ကြေးမုံဦးသောင်း)

“ခုတလော မင့်စာတွေ ငါမကြိုက်တော့ဘူး” ဟု မိတ်ဆွေရင်းတဦးက ပြောလာပါသည်။ အစိုးရနှင့် အဆင်မပြေ သဖြင့် ဘေးထိုင်နေသော မိတ်ဆွေက လေသံခပ်အေးအေးနှင့် ဖြည်းညှင်းစွာ ပြောပါသည်။ ခပ်တိုးတိုး သူ့အသံသည် တင်မောင်၏နားတွင် မိုးကြိုးကြီး ရှစ်စင်းပစ်မျှ ကျယ်လောင်စွာ မြည်ဟီးသွားပါသည်။
မိမိ၏ သတင်းစာသက်တမ်းနှစ်သုံးဆယ်ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲတွင် သူက ပြောခြင်းဖြစ်သည်။ ပြောမှ ပြောရက်ပလေဟု ဒေါသထွက်မိကာ စိတ်မထိန်းနိုင်ဘဲ ဘီလူးကြိမ်းသကဲ့သို့ ကြိမ်းမိသည်။ “သတင်းစာဆောင်းပါးနဲ့ ပတ်သက်လို့ ဒီနေ့ သတင်းစာလောက်မှာသာ မကဘူး။ သတင်းစာသမိုင်း တလျှောက်လုံးကို စိန်ခေါ်ဝံ့ပါတယ်။ ကျနော်ရဲ့ စာဖတ်ပရိသတ်အကြောင်းကို ကျနော်သိတယ်။ သြဇာ ဘယ်လောက်ထက်တယ်ဆိုတာကိုလည်း သိပါတယ်” ဟု မဆင်မခြင် ပြန်လည်ပြောမိသည်။
သူက ခေါင်းတညိတ်ညိတ်လှုပ်ကာ တင်မောင်အား သနားစဖွယ်သတ္တ၀ါတကောင် သဘောနှင့် ကြည့်သည်။ “ကိုယ်ပြောတာကို မင်းနားမလည်ပါလား၊ အရည်အသွေးကို ပြောနေတာ မဟုတ်ဘူးကွ။ ခုတလော မင်းရဲ့ဆောင်းပါးတွေမှာ လူထုကြီးရဲ့ ခံစားချက်တွေ မပါတော့ဘူးဆိုတာကို ပြောတာကွ” စာရေးသူ နားလည်သွားပါပြီ။ သူ့ကို ၀န်ချတောင်းပန်ရတော့သည်။
ပြည်သူပိုင်သတင်းစာလေးစောင်တွင် အပတ်စဉ်ဆောင်းပါး ရှစ်ပုဒ်၊ အကြောင်းအရာရှစ်ပုဒ် မိမိရေးလေသမျှတို့ကို ပြန်လည်စီစစ်မိပါတော့သည်။
၁၉၆၂ ခုနှစ်၊ စစ်အစိုးရ တက်လာချိန်မှ စတင်ကာ သတင်းစာဆရာများအဖို့ ဆောင်းပါးတပုဒ်ရေးမည်ပြုတိုင်း နှစ်ကြိမ်စဉ်းစားကြရသည်။ အများက အစိုးရကို ဝေဖန်ရေးသားခြင်း မပြုတော့ဘဲ ရန်ရှောင်ကြသည်။ တင်မောင်နှင့် မိမိ၏ သတင်းစာအဖွဲ့ကမူ ဝေဖန်သင့်သမျှကို ဝေဖန်သည်။ ဘေးမရှိတန်ဟု ယူဆတွက်ချက်ကာ စွန့်စားကြသည်။ တင်မောင်တို့အတွက် မှားခဲ့သည်။ အဖြေရလဒ်မှာ တင်မောင်နှင့်တကွ အယ်ဒီတာနှစ်ဦး၊ သတင်းထောက်တဦးတို့ ထောင်ထဲရောက်သွားကြသည်။
အများပြည်သူတို့၏ ထင်မြင်ယူဆချက်များကို အလိုရှိပါသည်။ ပွင့်လင်းစွာ ဝေဖန်ကြပါဟု အစိုးရက ကြေညာချက် ထုတ်ပြန်ကာ လူထုအော်သံ၊ အယ်ဒီတာထံပေးစာများမှ စတင်ကာ လွတ်လပ်စွာ ရေးကြပါဟု လှုံ့ဆော်သည်ကို တွေ့ကြသောအခါ ထောင်တွင်းရှိ စာပေလောကသားများသည် လက်ခမောင်းခတ်မိကြသည်။ အစိုးရကို ပြည်သူတွေက ထောက်ခံမှုမရှိသဖြင့် ကြေညာရလေပြီ၊ တို့အလှည့်တော့ လာလေပြီဟု အားတက်ကြသည်။ တရုတ်ပြည်တွင် မော်စီတုန်းက ပန်းမျိုးတရာ ပွင့်ပါစေဟု လွတ်လပ်စွာ ရေးသားခွင့်ပေးသော ခေတ်ကဲ့သို့ လွတ်လပ်စွာ ဆွေးနွေးချက်များကို သတင်းစာတို့တွင် ဖတ်ရှုရသဖြင့် အားတက်မိကြပါသည်။
များမကြာမီတွင် ထောင်မှ လွတ်လာပြီး ပြည်သူပိုင်သတင်းစာများတွင် ရေးသားခွင့်ရရှိသောအခါ နိုင်ငံရေး၊ လူမှုရေးကိစ္စများ ထင်မြင်ချက်တို့ကို စာရေးသူက ပွင့်လင်းစွာ ရေးခဲ့ရာ အောင်မြင်မှုရရှိခဲ့ပါသည်။
သို့သော် သုံးနှစ်တိုင်ခံခဲ့သော အကျဉ်းသားဘ၀က တင်မောင်အား ပညာပေးထားပါသည်။ ဗိုလ်ချုပ်ကြီးကို စိတ်မချပါ။ စာရေးနည်းအသစ် ထွင်ရပါသည်။ ထောက်ကွက်ရေးနည်းဖြင့် ဝေဖန်ရသည်။ ပြဿနာတခုကို တင်ပြလျှင် ယင်းကိစ္စအတွက် အစိုးရ၏ အပြုအမူသည် မှန်ကန်သဖြင့် ထောက်ခံကြောင်းနှင့် အစချီပြီးမှ အဆုံးပိုင်းတွင် ပြုပြင်ပြောင်းလဲရန် တင်ပြရပါသည်။ ဥပမာ… “နိုင်ငံတော်အစိုးရက ကျနော့်အား ဖမ်းဆီးကာ ထောင်တွင်းသွင်း၍ ချုပ်နှောင်သည်မှာ တော်လှန်ရေးကြီးဆင်နွှဲချိန်တွင် အဖျက်သမားများကို ဖယ်ရှားရမည် ဖြစ်ရာ အပြုဘက်သားဟန်ဆောင်သူများ ရှိနိုင်ကြသဖြင့် အုတ်အရောရော၊ ကျောက်အရောရော ဖမ်းဆီးခဲ့ရပေရာ ကျနော့်ကို နိုင်ငံတော်အစိုးရက ထိန်းသိမ်းသည်မှာ မှန်ကန်သော လုပ်ဆောင်ချက်ဖြစ်သောကြောင့် ကျနော်က ထောက်ခံပါသည်” ဟု ဆောင်းပါးအစတွင် ရေးသားခဲ့ပါသည်။ “ဟေ့ကောင် ဒူးထောက်လှချည်လားကွ” ဟု ဖတ်ရှုရသူများကပါ မရိုးမရွဆဲရေးစေသည်အထိ အစိုးရကို ချီးမြောက်ရေးခဲ့ပါသည်။
နောက်ပိုင်းတွင်မှ ထိန်းသိမ်းခံရသူတို့၏ ဘ၀သရုပ်ဖော်ကာ လင်သားကို ဖမ်းထားသောကြောင့် အပြစ်မဲ့သော သားမယားတို့ စားဝတ်နေရေးခက်ခဲကြပုံတို့ကို ဖွဲ့နွဲ့ကာ ရေးသားရပါသည်။ ထိန်းသိမ်းခံတို့မှလည်း နိုင်ငံသားများ ဖြစ်ကြပါသည်။ အပြစ်ကင်းမဲ့သူများပါရှိပါက သူတို့အား ကြာမြင့်စွာ ချုပ်နှောင်စွာထားပါက ကြီးစွာ နစ်နာကြသည် ဖြစ်သောကြောင့် ထိန်းသိမ်းထားသူများကို အမြန်စစ်ဆေးစီစစ်ကာ လွှတ်သင့်သူများကို အဆောတလျင် လွှတ်ပေးသင့်ပါသည် … စသည့် မျက်ဖြေအလင်္ကာစပ်သီသကဲ့သို့ ရေးရပါသည်။
ဗိုလ်ချုပ်ကြီးက တင်မောင်၏ စာကို ဖတ်ရာမှ အမျက်တော်ပြေသွားဟန်တူပါသည်။ ရက်ပိုင်းအတွင်း ထိန်းသိမ်းထားသူ နှစ်ထောင်ကျော်ကို ထောင်မှ လွှတ်ပေးခဲ့ပါသည်။
ရသုံးခန့်မှန်းခြေ ငွေစာရင်းဘတ်ဂျက်ဝေဖန်ချက်များ ရေးသားရာတွင် လူထုအကျိုးပြုဌာနများ သုံးစွဲငွေ နည်းပါးသည်ကို စာရင်းဇယားနှင့် ပြရသည်မို့ ရဲဝံ့စွာဝေဖန်နိုင်ခဲ့ပါသည်။ ရံဖန်ရံခါတွင်မူ ခပ်ကြမ်းကြမ်း ရေးမိသည်လည်း ရှိပါသည်။ ကျွန်းဆွယ်ပွဲကျင်းပစဉ်က ပွဲကြည့်လက်မှတ်များကို စစ်ဗိုလ်မိသားစုများကိုသာ လက်သိပ်ထိုးရောင်းခဲ့လေရာ ပွဲကျင်းပသောနေ့တွင် လက်မှတ်ရုံတို့၌ ရောင်းရန်လက်မှတ်မရှိသလောက် ဖြစ်သွားပါသည်။ လက်မှတ်ဝယ်မရနိုင်သူ အရပ်သားလူထုက မကျေနပ်သဖြင့် တိုးဝှေ့ကြရာမှ အဓိကရုဏ်း ဖြစ်ပွားပါသည်။
“ဘာမဆို သူတို့ချည်းပဲ” ဟု ခေါင်းစဉ်တပ်ကာ အစိုးရဌာနများမှ အရာရှိများနှင့် သားတော်သမီးတော်များက ပြပွဲကပွဲများတွင်ပါ ပွဲလမ်းရှိတိုင်း နေရာအရယူကြသဖြင့် ဤသို့ ဖြစ်ပွားရသည်။ စစ်ဗိုလ်များ မတရား အခွင့်အရေး ယူကြသဖြင့် ဆူပူမှု ဖြစ်ရသည်ဟု ပြင်းထန်စွာ ရေးခဲ့ပါသည်။ အဓိကရုဏ်းသည် ဆက်လက်ဖြစ်ပွားခဲ့ပါသည်။ တင်မောင်၏ ဝေဖန်ချက်မှန်လွန်းသဖြင့် စစ်ဗိုလ်တဦးတလေကမှ တုံ့ပြန်မှုမပြုပါ။ ပညာရေးဌာနရောက်နေသော ကွန်မြူနစ်ကျောင်းသားခေါင်းဆောင်တဦးကသာ “ဒီဆောင်းပါးကြောင့် ပိုမိုဆူပူကြသည်။ ကျောင်းသားများ ထိန်းမရပါ” ဟု ဌာနအစည်းအဝေးသို့ တင်ကာ ကန့်ကွက်စေကာမူ တင်မောင်၏ အထက်မှ ၀န်ကြီးက အရေးယူခြင်းမပြုခဲ့ပါ။
နောက်ပိုင်းတွင်မူ စီးပွားရေးကျဆင်းလာခြင်းကြောင့် လူထုက လှုပ်ရှားစပြုလာရာမှ စာရေးသူ၏ စာမူအချို့ကို အယ်ဒီတာများက ပုံမနှိပ်မီ ၀န်ကြီးရုံးသို့ တင်စပြုလာပါသည်။
ဒေါက်တာဘမော်ကွယ်လွန်စဉ်က မှတ်တမ်းဆောင်းပါးတခုကို တင်မောင်က ရေးခဲ့ပါသည်။ မိမိငယ်စဉ်က ပထမဆုံးဟစ်ခဲ့ရသော နိုင်ငံရေးကြွေးကြော်သံမှာ “ဘမော် -- ဘမော် -- အို့ အို့ -- မီးတုတ်မီးတုတ် ရှို့ရှို့” ဖြစ်ပါသည်။ နယ်ချဲ့အင်္ဂလိပ်၏ မိတ်ဆွေ၊ ဂျပန်၏ရုပ်သေးဖြစ်စေကာ မျိုးချစ်တဦးဟု တင်မောင်က မြင်ပါသည်။ စစ်ကြီးအစတွင် သခင်အောင်ဆန်းနှင့် ပူးပေါင်းကာ ဗမာ့ထွက်ရပ်ဂိုဏ်းကို တည်ထောင်ကာ လွတ်လပ်ရေး အရေးဆိုခဲ့သော ချီးကျူးဖွယ် အစဉ်အလာလည်း ရှိပါသည်။
ထို့ပြင် တင်မောင်နှင့် ဆက်ဆံရာတွင် ချစ်ဖွယ်ကောင်းသော အပြုအမူကလေးများကိုလည်း တွေ့သိထားပါသည်။ ကြေးမုံဂျာနယ်တွင် ကိုယ်လုံးတီးပုံ (၄) ပုံ ဖော်ပြပြီး ရန်ကုန်လူကြီးလူကောင်းရပ်ကွက်မှ အမျိုးသမီးတဦးဟု ရေးသားသည်ကို ဗိုလ်စင်္ကြာက အသရေပျက်မှုနှင့် တရားစွဲပါသည်။ ယင်းကိစ္စအတွက် တောင်းပန်စာ ဖော်ပြပေးရမည်ဟု ၀တ်လုံကြီး ဒေါက်တာဘမော်က တောင်းဆိုသည်ကို တင်မောင်က ငြင်းဆိုပါသည်။
“လုပ်ပါဦး သတင်းထောက်ကြီးရယ်၊ မင်းတို့မှာ ဒီလိုတောင်းပန်တာကြောင့် ပွန်းပဲ့မသွားပါဘူးကွာ” ဟု သူက တင်မောင်အား သူ့အိမ်သို့ ဖိတ်ပြီး လက်ဖက်ရည်တိုက်ကာ ချော့ပါသည်။
“ဘာလို့တောင်းပန်ရမှာလဲ၊ ကျနော်တို့က ဘယ်သူဘယ်ဝါလို့ စွပ်စွဲတာမှ မဟုတ်ဘဲ။ ရုံးတော်သာ တင်ပါ၊ ကျနော်တို့က နိုင်ရမှာပါ။ ဦးလဲ သိပါတယ်”
“ကဲပါလေ၊ ငါကမေးပါမယ်။ ငါဟာဘာလဲ”
“အဓိကရ ၀တ်လုံကြီး၊ နိုင်ငံရဲ့ ခေါင်းဆောင်ကြီးတဦးပါ”
“မင်းသတင်းစာရဲ့ ရှေ့နေက ဘယ်သူလဲ”
“သိသားနဲ့ ဘာလို့မေးရတာလဲ။ ဆရာကြီး ဒေါက်တာအေးမောင်လေ”
“သတင်းထောက်ကြီး စဉ်းစားပါကွာ၊ မြန်မာနိုင်ငံမှာ ထိပ်ဆုံးမှာရှိကြတဲ့ ၀တ်လုံတော်ရကြီးနှစ်ဦးဟာ အသက်ကလည်း ကြီးရင့်လှပြီကွ။ မင့်အမေကလွှား မင့်ပုံနှိပ်တဲ့ ၀တ်လစ်စလစ်ပုံကိစ္စအတွက် ဥပဒေပါရဂူကြီး နှစ်ဦးတို့ ရုံးတော်မှာ လျှောက်လဲကြမယ်ဆိုတာ အရပ်ရပ်နေပြည်တော်မှာ လူကြားလို့မှ မတော်ပါဘူးကွာ”
ဤသို့ ချစ်စဖွယ် အပြောကလေးကြောင့် ကြေးမုံက မုချနိုင်နေသော အမှုကို အရှုံးပေးကာ ၀န်ချတောင်းပန်ခဲ့ရပါသည်။
ဒေါက်တာဘမော် ကွယ်လွန်စဉ်က သူ့အတွက် နာရေးဆောင်းပါးကို ဖွဲ့နွဲ့စွာရေးမိပါသည်။ ဒု-၀န်ကြီးက တင်မောင်အား ဆင့်ခေါ်ကာ ပယ်ချပါ၏။ ဦးသန့်အရေးကို အကြောင်းပြကာ ခေါင်းဆောင်ဟောင်းကြီးများ၏ အကြောင်းကို မရေးလျှင်ကောင်းသည်ဆိုပါ၏။ ဤ၀န်ကြီး၊ ဤအစိုးရခေတ်တွင် စာကောင်းပေမွန်များ ရေးသားခွင့် အမြဲမရနိုင်ပါပေ။ ။

Saturday, September 25, 2010

(၅၃) ဦးနုနှင့် ဗိုလ်ချုပ်ကြီးနေ၀င်း (ကြေးမုံဦးသောင်း)

ဗိုလ်ချုပ်ကြီးနေ၀င်းသည် ဗေဒင်ယတြာကို အယူသည်းစွာ ယုံကြည်သူဖြစ်ပါသည်။ ၁၉၅၈ ခု အစိုးရတက်စကာလ က ရွှေတိဂုံစေတီတော် ရှေ့မုခ်တန်ဆောင်းတခုတွင် တန်ဆောင်းပြည့် သင်ဖြူးများခင်းကာ ယတြာလှူဒါန်းပါသည်။ သတင်းတိကျစွာရသဖြင့် ကြေးမုံတွင် ဓာတ်ပုံနှင့် ဖော်ပြရာ၌ အလှူရှင် ဗိုလ်ချုပ်ကြီးဖြစ်သည်ဟု တိကျစွာ မရေးရဲစေကာမူ သူ အလှူရှင်ဖြစ်သည်ကို စာဖတ်သူတို့ သိသာအောင် ဖော်ပြနိုင်ခဲ့ပါသည်။
တော်လှန်ရေးအစိုးရခေတ်တွင် ယတြာဆင်ခြင်း၊ ယတြာပြုခြင်း၊ ယတြာချေခြင်းတို့ကို များစွာပြုလေ့ရှိပါသည်။ ငပလီဆိပ်ကမ်းသို့သွားကာ အောင်အမည်ပါသော အမျိုးသမီးနှင့် ယတြာလက်ထပ်ပွဲကျင်းပကာ မိမိ၏ အလောင်းအတုကို ပင်လယ်တွင်းသို့ မျောခဲ့သည်ဟု သတင်းကြားရပါ၏။ ငွေစက္ကူများ ထုတ်ဝေရာတွင် (၉၀) တန်၊ (၄၅) ကျပ်တန် စသည့် ငွေစက္ကူများ ထုတ်ဝေကာ ယတြာဆင်သည်မှာ ယုံချင်ယုံ မယုံချင်နေ ကမ္ဘာ့အဆန်းများ သမိုင်းဝင်ပြက်လုံးကြီး ဖြစ်ပါသည်။
ဦးနုသည်လည်း ဗေဒင်ယတြာ အယူသည်းသူ ဖြစ်ပါသည်။ ဦးနေ၀င်းက ကိုးကွယ်သော ဗေဒင်ဆရာ မည်သူဖြစ်သည်ကို လျှို့ဝှက်ပါသည်။ လူသိမခံလိုပါ။ “ရန်ကုန်မှာ နာမည်ကြီးတဲ့ ဗေဒင်ဆရာမှန်သမျှ ဦးနု မမေးဖူးသူ မရှိ” ဟု ဦးကျော်ငြိမ်းက ပြောဖူးပါသည်။ ဦးနုက ဗေဒင်ယတြာကို ယုံကြည်ကြောင်း ပွင့်လင်းစွာ ပြောရဲပါသည်။
ပထမ လွတ်လပ်ရေးနေ့မှ စတင်ကာ လွတ်လပ်ရေးနေ့တိုင်း အလံတင်ပွဲကို ဓာတ်ပုံရိုက်ရတိုင်း အေးစက်သော ရာသီဥတုကြောင့် ၀န်ကြီးချုပ်ဦးနု၏ ဗေဒင်ဆရာများကို မျက်စောင်းထိုးမိပါသည်။ ကြံကြံဖန်ဖန် နံနက်က (၄) နာရီ မိနစ် (၂၀) တွင် သူတို့က အခါတော်ပေးသဖြင့် သတင်းထောက်ငနဲများ ပင်ပန်းရသည်ဟု တင်မောင်တို့ ပြောလေ့ရှိပါသည်။
ဦးနုသည် ၁၉၄၇ ခု၊ ဇူလိုင်လ (၁၉) ရက်နေ့က ဦးအောင်ဆန်းကျဆုံးရှာပြီးနောက် နာရီအနည်းငယ်အတွင်း ၀န်ကြီးချုပ်တာဝန်ကို လက်ခံယူစေကာမူ ဘုရင်ခံထံ အစိုးရအဖွဲ့သစ် ကျမ်းသစ္စာဆိုရမည့် အချိန်ကို သြဂုတ်လ (၂) ရက်နေ့၊ ညနေ (၆) နာရီတွင်မှ အခါရပါသည်ဟု မေတ္တာရပ်သဖြင့် ဘုရင်ခံခမျာ မူလက ချိန်းဆိုထားသော ဂေါက်သီးပွဲကို ဖျက်ကာ အခမ်းအနားကျင်းပရသည်ဟု သိရပါသည်။ အလျင်လို အရေးကြီးသောကာလတွင် ဗေဒင်ဆရာတို့ကို အားကိုးသူဖြစ်ပါသည်။
ထိုခေတ်က ဒေါ်လာ (၆) သန်းကုန်သော လှိုဏ်ဂူတော်တွင် ကမ္ဘာ့သမိုင်းဝင် သင်္ဂါယနာတင်ပွဲကို နေ့ (၁၂) နာရီ (၁၂) မိနစ်တိတိတွင် စတင်ခဲ့ပါသည်။ ၁၉၅၆ ခုနှစ်တွင် ၀န်ကြီးချုပ်ရာထူးကို ဦးဗဆွေသို့ လွှဲပေးစဉ်က နံနက် (၉) နာရီတိတိတွင်မှ ရုံးမှ ထွက်ပေးပါသည်။
ဤသို့သောအဖြစ်ကလေးများနှင့် အစိုးရအဖွဲ့က ဗလိနတ်စာကျွေးခြင်းစသည့်အမှုများကို ပြုသဖြင့် ဦးနုအား အယူသည်းဗုဒ္ဓ၀ါဒီကြီးဖြစ်သည်ဟု ဝေဖန်ကြပါသည်။ နိုင်ငံရေးနယ်သို့ ၀င်လာခါစ တကသဥက္ကဌခေတ်ကပင် ပုတီးစိပ်ခြင်းအလုပ်ကို အရေးတကြီးလုပ်ခဲ့သူဖြစ်သဖြင့် သူ၏ရဲဘော်များက သူ့ကို နားလည်ကြပါသည်။
ဗုဒ္ဓဘာသာဝင်တဦးအဖြစ် ဦးနုက ၀န်ကြီးချုပ်ဖြစ်ခိုက်တွင် နွားမသတ်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်ကို ဗိုလ်နေ၀င်းက မျက်စိဆံပင်မွှေး စူးနေဟန်တူပါသည်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်အဖြစ် ဗိုလ်နေ၀င်း အာဏာရယူသည့်နေ့တွင် ပထမဆုံးထုတ်ပြန်သော အမိန့်မှာ နွားများသတ်နိုင်သည်ဟူသော အမိန့်ဖြစ်ပါသည်။ ထိုအမိန့်အတွက် ဦးနုက ဗိုလ်နေ၀င်း အပါယ်လားတော့မှာပဲဟု ကြီးစွာ ကရုဏာသက်ရှာသည်ဟု သိရပါသည်။ ရွေးကောက်ပွဲအနိုင်ရသဖြင့် ဗိုလ်ချုပ်ကြီးနေ၀င်းက ဦးနုကို ရာထူးပြန်လွှဲပေးရမည့်ရက်မတိုင်မီ (၇) ရက်အလိုတွင် ၀န်ကြီးချုပ်ဟောင်း ဦးနုက လက်ရှိ ၀န်ကြီးချုပ် ဗိုလ်နေ၀င်းအား အကြံပေးပါသည်။ နွားများသတ်စေအမိန့်သည် ဗိုလ်နေ၀င်းအဖို့ ငရဲပွားမည်ဖြစ်သောကြောင့် အာဏာမလွှဲမီ ကာလကလေးတွင် အမိန့်ကို ပြန်ပြင်ပါလား။ နောင်ဘ၀သို့ ဘ၀ကူးကောင်းနိုင်ပါသည်ဟု ဦးနုက မေတ္တာရပ် ပြောရှာသည်။ ဗိုလ်နေ၀င်းက (စိတ်ထဲမှ ကြိတ်ရယ်နေမည် ထင်ပါသည်) ခေါင်းရမ်းပါသည်။ ၁၉၆၀ ခု၊ ဧပြီလ (၄) ရက်နေ့တွင် ဦးနုက အာဏာကို ပြန်လည်လွှဲယူပြီး (၂) နာရီကြာသောအခါ ၀န်ကြီးချုပ်သစ် ဦးနုက ပထမဆုံး ထုတ်ပြန်သော အမိန့်မှာ နွားများမသတ်ရ အမိန့်ဖြစ်ပါသည်။
နိုင်ငံရေးလမ်းစဉ်တွင်မူ ဗိုလ်နေ၀င်းက တင်းမာပြတ်သားသည်နှင့်အမျှ ဦးနုကလည်း တင်းမာသည်။ သို့သော် နူးညံ့ပျော့ပြောင်းစွာ ကိုင်တွယ်ပါသည်။
၁၉၄၉ ခု၊ ဇူလိုင်လ (၁၉) ရက်နေ့က ဦးအောင်ဆန်းတို့ ကျဆုံးပြီး နာရီအနည်းငယ်အတွင်း ဘုရင်ခံက ဖိတ်ခေါ်ကာ ၀န်ကြီးချုပ်ရာထူးကို ယူပါဟု တာဝန်ပေးသည်ကို လက်ခံခဲ့ပါသည်။ ထိုညတွင် ဖဆပလမှ ထုတ်ထားသော သခင်သန်းထွန်းနှင့် ကွန်မြူနစ်ခေါင်းဆောင်များကို သူ၏အိမ်သို့ ဖိတ်ခေါ်ကာ ဦးအောင်ဆန်းကျဆုံးသဖြင့် အရေးကြီးသောကြောင့် သွေးစည်းကာ ဖဆပလနှင့် ကွန်မြူနစ်ပါတီ ပူးပေါင်းကာ အစိုးရဖွဲ့ရန် ဆွေးနွေးအားထုတ် ပါသည်။ သခင်သန်းထွန်းက အာဏာပိုတောင်းသဖြင့် ပျက်ခဲ့ရသည်။
အခြေခံဥပဒေကြီးရေးစဉ်က ဦးနုက လူမျိုးစုများ၏ ဆန္ဒများကို ကြည်ဖြူကာ လိုက်လျောခဲ့ပါသည်။ ကချင်ခေါင်းဆောင်များက မြစ်ကြီးနားမြို့ကို ကချင်ပြည်နယ်သို့ ပေးပါဟု တင်ပြရာ ဦးနုက ဗန်းမော်မြို့ပါ ယူသင့်သည်ဟု လိုက်လျောသဖြင့် စေတနာကို နားလည်သောကြောင့် ကယားခေါင်းဆောင်များက ပြည်နယ်ခွဲခွင့် မတောင်းတော့ဟု သိရပါသည်။
အခြေခံဥပဒေရေးဆွဲရေး မူလမ်းစဉ်ကို ဦးအောင်ဆန်းက ၁၉၄၇ ခု၊ ဇွန်လ (၁၆) ရက်နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော်တွင် တင်ခဲ့ပါသည်။ ထိုည၌ မိုင်းပွန်စော်ဘွားက ဦးနုအိမ်သို့သွားကာ (၁၀) နှစ်ကြာကာလတွင် မကျေနပ်ပါက ရှမ်းပြည်နယ်သည် ခွဲထွက်ပိုင်ခွင့်ရှိသည်ဟု အာမခံချက်ပုဒ်မ မပါလျှင် ဦးအောင်ဆန်း၏အဆိုကို ထောက်ခံမှုမပြုနိုင်ဟု အကြပ်ကိုင်ပါသည်။ “ဗျာ.. နိုင်ငံမှ မတည်ထောင်ရသေးဘူး ခွဲဖို့စကားပြောတာ မတော်ပါဘူး” ဦးအောင်ဆန်းက မှတ်ချက်ချပါသည်။ ဦးနုကမူ လိုက်လျောပါသည်။
“တို့တတွေက သူတို့လူမျိုးစုတွေ ကောင်းစားဖို့လည်း လုပ်ကြမှာပဲဟာ။ သူတို့အကျိုးစီးပွားကို တို့က (၁၀) နှစ် လက်တွေ့လုပ်ပြလိုက်လျှင် သူတို့တတွေ ခွဲစကားပြောမှာ မဟုတ်တော့ပါဘူး” ဟု ဦးနုက ဦးအောင်ဆန်းကို နှစ်သိမ့်ခဲ့သည် ဆိုပါသည်။
ဦးနုပြောသည့်အတိုင်း (၁၀) နှစ်လွန်သောအခါတွင် ရှမ်းခေါင်းဆောင်မျာက ပြည်နယ်ခွဲကြရေးကို တောင်းဆိုမှု မပြုခဲ့ပါ။ ပြည်နယ်၊ ပြည်မ ပိုမိုညီညွတ်ရေးအတွက် အခြေခံဥပဒေကြီး ပြင်ဆင်ရေးကိုသာ တောင်းဆိုခဲ့ပါသည်။ ပြည်နယ်ပြည်မ ပိုမိုညီညွတ်ပါက စစ်တပ်သြဇာမတက်နိုင်သောကြောင့် ပြင်ဆင်ရေးတောင်းဆိုချက်ကို ပြည်နယ်ခွဲရေးအဆိုသဖွယ် ၀ါဒဖြန့်ကာ အာဏာသိမ်းခဲ့ပါသည်။
ဦးအောင်ဆန်းမရှိသည့်နောက်တွင် ဦးနုက ဗိုလ်နေ၀င်းကို ယုံကြည်သူ၊ စေတနာ ကောင်းခဲ့သူ ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပွဲတွင် ဗိုလ်နေ၀င်း ပါဝင်မည်မဟုတ်ဟု ဦးနုက ယုံကြည်ပါသည်။ ဗိုလ်နေ၀င်း စေလွှတ်သဖြင့် လာရောက်ဖမ်းဆီးသော စစ်ဗိုလ်အား “ဗိုလ်နေ၀င်းကိုလည်း ဖမ်းကြသလား” ဟုပင် မေးသည်ဟု သိရပါသည်။
ပြဿနာမှာ ဗုဒ္ဓဘာသာကို အလေးအနက်ယုံကြည်သော ဦးနုတွင် လူသားတို့၏ စာရိတ္တနှင့် ပတ်သက်၍ ပြတ်သားသော ယုံကြည်ချက်ကို ခံယူထားပါသည်။ ဤလောကတွင် အရောင်များနှင့် စပ်လျဉ်း၍ အရောင်အဖျော့၊ အရောင်အရင့်၊ အရောင်မရင့်တရင့် စသည်ဖြင့် အဆင့်ဆင့်ခွဲနိုင်သည်။ အရာဝတ္ထုပစ္စည်းများတွင်လည်း ကောင်းသည်၊ နည်းနည်းကောင်းသည် စသည်ဖြင့် အဆင့်များ ခွဲ၍ရနိုင်သည်။ လူသားတဦးအဖို့မူ လူဆိုးနှင့် လူကောင်းဟု နှစ်မျိုးသာရှိသည်။ နည်းနည်းကောင်းသော လူကောင်း၊ များများကောင်းသော လူကောင်း၊ ပိုမိုကောင်းသော လူကောင်း၊ နည်းနည်းဆိုးသော လူဆိုး၊ များများဆိုးသော လူဆိုးဟု အဆင့်ခွဲရန် မလိုဟု သူက ယူဆပါသည်။ ဒီနေ့ဒီနေရာမှာ ကောင်းပြီး မနက်ဖြန် ဟိုနေရာတွင် ဆိုးသွမ်းသူဖြစ်ပါက ထိုသူသည် လူကောင်းမဟုတ်၊ လူဆိုးသာ ဖြစ်သည်။ လူကောင်းသည် အမြဲကောင်းသူဖြစ်ရမည်ဟု ဦးနုက ပြတ်သားစွာ ယုံကြည်ပါသည်။ စာရေးဆရာဘ၀က ဦးနုရေးသားသော နောင်တော်ချွတ်ခမ်း ၀တ္ထုတွင် ထိုခေတ်က အင်္ဂလိပ်အလိုတော်ရိ ခေါင်းဆောင်များ သူတပါးသားမယားတို့အပေါ် ဖောက်ပြန်ကြသည်ကို ပြင်းထန်စွာ ရှုတ်ချရေးသားခဲ့ပါသည်။ “သူတပါးရဲ့ သားမယားကိုမှ စိတ်မချရသူများကို အဘယ်မှာ နိုင်ငံ၏ အမှုကိစ္စများကို အပ်နှင်းရန် စိတ်ချနိုင်ပါမည်နည်း” ဟု ရေးသားခဲ့ပါသည်။
ထို့ကြောင့်လင်ကြီးငုတ်တုတ်ရှိသူ ဒေါ်ခင်မေသန်းအား ဗိုလ်ချုပ်ကြီးနေ၀င်းက လက်ထပ်သည်ကို ၀န်ကြီးချုပ်ဦးနုက နိုင်ငံအတွက် ကြီးစွာအရှက်ရသဖြင့် တပ်မတော်သေနာပတိရာထူးမှ ဖြုတ်ချရန် ၀န်ကြီးအဖွဲ့ အထူးအစည်းအဝေးသို့ တင်သွင်းဆုံးဖြတ်ခဲ့ပါသည်။ သာသနာရေးဝန်ကြီး ဦးဘစောက ဗိုလ်နေ၀င်းထံသို့ သွားရောက်သတင်းပေးသဖြင့် ဗိုလ်နေ၀င်းက ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ကို ဒူးထောက်တောင်းပန်ခဲ့ပါသည်။ ဦးနုသည် သူ၏ ဆုံးဖြတ်ချက်ကြီးများကို ပြင်ဆင်လေ့ရှိသူမဟုတ်ပါ။ ယခုအမှုတွင်မူ ၀န်ကြီးအဖွဲ့အစည်းအဝေး ထပ်မံကျင်းပရာတွင် ၀န်ကြီးအများစုက တောင်းပန်ကြသောအခါတွင် ဒီမိုကရေစီအများဆန္ဒကို ယုံကြည်သူဖြစ်သဖြင့် သူ၏အဆိုကို ပြန်လည်ရုပ်သိမ်းခဲ့ရပေသည်။
အကယ်၍ ဦးကျော်ငြိမ်းတို့အစုက တောင်းပန်သမှုမပြုပါလျှင် ၀န်ကြီးချုပ်ဦးနု၏ အဆိုသာ ဆက်လက်အတည် ဖြစ်ပါလျှင် မိမိထင်ရာလုပ်နိုင်သော စစ်ဝါဒမျိုးစေ့ မျိုးညှောက်သည် စောစောကပင် ကျေပျက်နေမည်သာ ဖြစ်သဖြင့် သမိုင်းဇာတ်ကြောင်း ပြောင်းလဲသွားကာ မြန်မာအမျိုးသားတို့ ယနေ့ခံစားနေရသော ဒုက္ခမီးမှ ကင်းလွတ်ပေမည်ဟု ယူဆနိုင်ပါသည်။ ။

Wednesday, September 15, 2010

(၅၂) ရာသက်ပန် အာဏာဆုပ်ကိုင်နည်း (ကြေးမုံဦးသောင်း)

ဗိုလ်ချုပ်ကြီးနေ၀င်း၏ လက်ရေးမူရင်းနှင့် စာတစောင်ကို တင်မောင်က မိတ္တူကူးကာ သိမ်းထားမိပါသည်။ ၁၉၄၃ ခု၊ အောက်တိုဘာလ (၂၆) ရက်နေ့စွဲနှင့် ရေးထားသော ထိုစာတွင် “တိုင်းပြည်တခု၏ ကြီးပွားမှု၊ တိုးတက်မှု၊ ခိုင်မြဲမှုသည် ထိုတိုင်းပြည်အင်အားတည်းဟူသော စစ်တပ်ပေါ်၌ အခြေတည်လျက်ရှိ၏” ဟု ရေးသားထားပါသည်။ ဂျပန်သို့ စစ်ပညာသင်ပို့ထားသော ကျောင်းသားများထံသို့ ပေးပို့သော ထိုစာကို “ဗမာ့တပ်မတော် စစ်သေနာပတိ ဗိုလ်နေ၀င်း” ဟု လက်မှတ်ရေးထိုးထားပါသည်။
အလွန်မှားယွင်းသော စစ်ဝါဒဖြစ်ပါသည်။ ဂျပန်နိုင်ငံနှင့် ဂျာမနီပြည်တို့တွင် စစ်အင်အားကို ကြီးမားစွာ တည်ဆောက်မိရာက စစ်ဝါဒီများ ကြီးစိုးခံရသောကြောင့် ပျက်စီးခဲ့ရပါသည်။ ကမ္ဘာစစ်လွန်ကာလ၊ စစ်အင်အား တာဝန် ကင်းကွာသောကာလ၊ စစ်စားရိတ်မရှိမှ ကြီးပွားတိုးတက်နေသည်ကို မျက်မှောက်ခေတ်သမိုင်းက သက်သေပြနေပါသည်။ အထက်အမိန့်နာခံခြင်းကိုသာ အခြေပြုကာ တည်ဆောက်ရလေ့ရှိသော စစ်တပ်သည် နိုင်ငံတခု၏ ကြီးပွားမှုကို လုပ်ဆောင်နိုင်သော အရည်အချင်းမရှိနိုင်ပါ။
ယင်းစစ်ဝါဒီကြီးအဖို့ နိုင်ငံရေးအာဏာကို ကြာမြင့်စွာ သိမ်းပိုက်ထားနိုင်ခဲ့သည်မှာ ဘာကြောင့်နည်းဟု မေးခွန်းပေါ်လာပါသည်။ ဦးအုန်းခင်၊ ဦးညိုမြ၊ သခင်ဘသောင်း၊ ဦးစိန်ဝင်း၊ ဦးချစ်ထွန်း စသော မြန်မာသတင်းစာ ဆရာများသည် အခွင့်ကြုံတိုင်း ဘာကြောင့် နေ၀င်း စစ်ဝါဒအာဏာမြဲရသနည်းဟု ဆွေးနွေးလေ့ရှိရာ အောက်ပါ အချက်များကို သုံးသပ်မိကြပါသည်။
၁။ ကိုယ်ပိုင်စစ်စုံထောက်အဖွဲ့သည် ဗိုလ်နေ၀င်း၏ အင်အားတခုဖြစ်ပါသည်။ အတိုက်အခံပြုမည့် ဆန့်ကျင်သူ နိုင်ငံရေးခေါင်းဆောင်များကို မျက်လုံးဒေါက်ထောက်ကြည့်ကာ ကြည့်ရှုစုံစမ်းနေသကဲ့သို့ မိမိလက်အောက်ခံ စစ်ဗိုလ်ကြီးများကိုလည်း အမြဲစုံစမ်းနေသဖြင့် သူ့ကို လှန်ရဲသူ မရှိတော့ပါ။ ၁၉၆၁ ခုနှစ်က ဗိုလ်မှူးကြီး (၁၃) ဦးကို ရာထူးမှ ဖယ်ရှားစဉ်က စစ်စုံထောက်မှတ်တမ်းဖိုင်တွဲကြီးများကို တရွက်ချင်းလှန်ကာ မည်သူက စစ်ဆင်ရေးစားရိတ်ငွေအများ လာဘ်စားကြောင်း၊ မည်သူက မည်နှယ် လာဘ်ယူကြောင်း အသေးစိတ်ဖတ်ပြသဖြင့် တရားခံများ စောဒကမတက်နိုင်ဘဲ ခံခဲ့ရပါသည်။ ၁၉၇၅ ခုလောက်တွင် တဖန် မဆလ ၀န်ကြီးအားလုံးတို့ကို အိမ်တော်သို့ ဆင့်ခေါ်ကာ ဗိုလ်ချုပ်စန်းယုကတော်က ရာထူးတက်သူ စစ်ဗိုလ်ကလေးများ၏ စာရင်းကို တင်ကြိုရယူကာ ငွေတောင်းလေ့ရှိကြောင်းမှ စတင်ကာ ၀န်ကြီးအားလုံးတို့၏ ရာဇ၀တ်မှု ခွေးရေပုရပိုက် ကြီးကို ဖတ်ပြကာ ပြင်းထန်စွာ သတိပေးသဖြင့် သူ့ကို တုန်နေအောင် ကြောက်ကြရကာ သူခိုင်းသမျှ သစ္စာရှိစွာ လုပ်ကြရပါသည်။
၂။ ဗိုလ်ကြီးအဆင့်မှ စကာ စစ်တပ်တွင် ရာထူးအတက်အကျ၊ အရွေ့အပြောင်း အမိန့်များကို ကိုယ်တိုင်ကြည့်ကာ စွက်ဖက်ခြင်း၊ ပိုမိုရာထူးမြှင့်ပေးခြင်းတို့ပြုကာ သက်ဆိုင်ရာစစ်ဗိုလ်ကို သူက ရာထူးမြှင့်ပေးသည်ဟု သိစေကာ သစ္စာခံစေပါသည်။
၃။ ဗိုလ်ချုပ်ကြီးနေ၀င်းသည် ထူးကဲစွာ မှတ်ဉာဏ်ကောင်းပါသည်။ တွေ့သိသမျှ လူအားလုံးကို အမှုကိစ္စ အကြောင်းအရာများ အသေးစိတ်မှတ်သားမိလေ့ရှိပါသည်။
၎။ ဓားခံရန်နှင့် သူ၏ သြဇာထက်ရန်အတွက် လူညံ့များကို မွေးလေ့ရှိပါသည်။ တပ်တွင် ရာထူးကြီးများ တိုးမြှင့်ပေးရာတွင် အနိမ့်မှလူကို သုံးဆင့်ခန့် တက်ပေးလေ့ရှိပါသည်။ မတန်မရာသော ရာထူးကို ရရှိသူက သူ့ကို ရှိခိုးနေမည်ဖြစ်ပါသည်။ သူ၏ အစိုးရအဖွဲ့တွင် ၀န်ကြီးခန့်ပါက ဆိုင်ရာဌာနတွင် ကျွမ်းကျင်မှုမရှိသူများကိုသာ တမင်ရွေးချယ်ကာ ခန့်ထားလေ့ရှိပါသည်။ စက်မှုကျွမ်းကျင်သူကို လယ်ယာပို့ကာ သတင်းစာကို လကြည့်ပင် ၀ယ်ယူဖတ်လေ့မရှိသူကို ပြန်ကြားရေးဌာနသို့ ပို့ပါသည်။ သို့မှသာ ၀န်ကြီးများတာဝန်ကို လုပ်ဆောင်ရာ၌ သူ့ကို အားကိုးနေရပါသည်။ ထို့ပြင် ပြဿနာပေါ်က ထိုသူ၏အပြစ်ဖြစ်သည်ဟု ဓားစာခံပြုကာ ချနင်းလေ့ရှိပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြုတ်ကျရသော ဓားစာခံ စစ်ဗိုလ်ဝန်ကြီးများ များပြားလှပါသည်။
၅။ ထီးမွေ နန်းမွေ ဆက်ခံရန် ဒုတိယလူ၊ အိမ်ရှေ့မင်းထားလေ့မရှိပါ။ သူက နံပါတ်တစ်တွင် နေရာယူကာ လက်အောက်တွင် နံပါတ်ငါးအဆင့်ရှိသူကိုသာ ခန့်ထားလေ့ရှိပါသည်။ နံပါတ်တစ်မှ လုံးဝမဆင်းလိုပါ။ တကြိမ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီရွေးချယ်ပွဲတွင် ထိပ်ပိုင်းမှ အရွေးခံရစေကာမူ ခေါင်းဆောင်နှစ်ဦးက သူ့ထက်မဲ ပိုမိုရရှိနေသဖြင့် စစ်ဗိုလ်ဟောင်းခေါင်းဆောင်နှစ်ဦးကို အပြစ်ရှာဖမ်းဆီးကာ ပါတီဝင်အများကို သန့်ရှင်းရေးပြု၍ ပါတီမှရော အစိုးရအဖွဲ့မှပါ ခေါင်းဆောင်များ၊ ၀န်ကြီးများကို ဖယ်ရှားခဲ့ပါသည်။
၆။ မာန်မာနပြင်းထန်သူ ဖြစ်စေကာမူ လိုအပ်ပါက ဒူးထောက်ရန် ၀န်မလေးသူ ဖြစ်ပါသည်။ လင်ရှိအမျိုးသမီး ဖြစ်သူ ဒေါ်ခင်မေသန်းနှင့် လက်ထပ်စဉ်က တပ်မတော်စစ်ဦးစီးချုပ်က ကာမေသုမိစ္ဆာကံကို ကျူးလွန်သူဖြစ်သဖြင့် ၀န်ကြီးချုပ်ဦးနုက စိတ်ဆိုးရုံသာမက ကြီးစွာရှက်သဖြင့် ၀န်ကြီးအဖွဲ့အစည်းအဝေးသို့တင်ကာ သူ့အား ရာထူးဖြုတ်ချရန် ဆုံးဖြတ်ခဲ့ပါသည်။ ၀န်ကြီးချုပ်အား တွေ့ပါရစေဟု သူက အသနားခံသော်လည်း ဦးနုက အတွေ့မခံပါ။ ဗိုလ်ချုပ်နေ၀င်းသည် သခင်ချစ်မောင်၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့အား တွေ့ဆုံကာ မျက်ရည်ခံထိုးသည်အထိ ၀န်ချသဖြင့် သူတို့က ဦးနုကို ၀ိုင်းကာတောင်းပန်သဖြင့် ရာထူးကို ပြန်လည်ရရှိခဲ့ပါသည်။
၇။ နိုင်ငံ၏ ဓနစွမ်းအားကို ရက်ရောစွာ ငယ်သားများကို ပေးပါသည်။ စစ်ဗိုလ်မှန်သမျှ ရာထူးပြုတ်စေကာမူ သံအမတ်ရာထူးမှ စတင်ကာ မဂ္ဂဇင်းထုတ်ဝေခွင့်အထိပေးခြင်း၊ ပါတီတွင် နိုင်ငံရေးတာဝန်ယူသူများကို အစိုးရ၀န်ထမ်းကဲ့သို့ပင် ပင်စင်လစာပေးခြင်း၊ နိုင်ငံရေးသမားမှန်သမျှကို နိုင်ငံ့ဂုဏ်ရည်ဆုပေးခြင်း … စသည်ဖြင့် သူ့ကိုအန်မတုစေရန် ချွေးသိပ်ပါ၏။
ဤဗိုလ်နေ၀င်း၏ အာဏာထိန်းနည်းအချက် (၇) ချက်မှာ ဆရာ့ဆရာများ၏ အမြင်ဖြစ်ပါသည်။ တင်မောင်မြင်သော အချက်နှစ်ချက် ရှိပါသေးသည်။
ဗိုလ်နေ၀င်း၏ ရန်သူကို အသေမသတ်ခြင်းသည် သူ၏အာဏာသက်ကို ရှည်စေသော ဆေးကောင်းတလက် ဖြစ်နေပါသည်။ ကမ္ဘာအရပ်ရပ် လက်နက်နှင့် အာဏာသိမ်းမှုများတွင် သွေးထွက်သံယိုသတ်ဖြတ်လေ့ရှိပါသည်။ အသက်သတ်ပါက လက်ငင်းရန်ရှင်းစေကာမူ ရန်သစ်လူ လာနိုင်ပါသည်။ သူ၏အသက်ကို မသတ်သည့်နည်းက ပိုပြီး ရက်စက်ယုတ်မာပါသည်။ သူအာဏာသိမ်းပြီးနောက် ဒီမိုကရေစီခေါင်းဆောင်များနှင့် အစိုးရ၀န်ထမ်းကြီး များ၏ အသက်ကို မသတ်ဘဲ အသက်မွေးမှုအခွင့်အရေးကို သတ်ဖြတ်ပါသည်။ သူ့ကို ရန်ပြုနိုင်သူများ၏ စီးပွားရှာဖွေစားသောက်ခွင့်ကို သတ်ဖြတ်ချုပ်ကိုင်ပါသည်။ သူ၏ လက်အောက်သို့ ခေါင်းလျှိုရသော သူကိုယ်ပိုင် အစိုးရ၀န်ထမ်းအလုပ်မှတပါး လုပ်ပိုင်ခွင့်မရှိသည့်စနစ်ကို တီထွင်ထားသဖြင့် ရန်သူမှန်သမျှ သူ့ကို “ကိုး” ကြရပါသည်။ ဥပမာ စာရေးသူ တင်မောင် တယောက်။
ဒုတိယ အာဏာထိန်းနည်းမှာ ပိုမိုရက်စက်ယုတ်မာပြီး သူ၏နောက်လိုက် စစ်အစိုးရများက ဆက်လက်သုံးစွဲ နေပါသည်။ ထိုနည်းမှာ အရပ်သားပြည်သူလူထုကြီး ဆင်းရဲငတ်မွတ်စေရန် တမင်အားထုတ်ပါသည်။ လူတွေငတ်မှ စစ်တပ်ကို ဦးကျိုးကြမည်။ ခေါင်းလျှိုးကြမည် ဖြစ်သဖြင့် တမင်ငတ်မွတ်စေမည့် လမ်းစဉ်ကို လုပ်ဆောင်ပါသည်။
သူအာဏာတောင်းစဉ်က နိုင်ငံတွင်းတွင် အစစအရာရာ ရှားပါးကြသည်ကို သူသိပါသည်။ တင်မောင်ကဲ့သို့ နိုင်ငံ၏ အခြေမှန်ကို တင်ပြသူများများ မရှိစေကာမူ လူထုကြီးရှားပါးနေသည်ကို သူကောင်းစွာ သိရှိပါသည်။ ဉာဏ်မတုံးပါ။ ထိုခေတ်က မကြာခဏ လူသုံးကုန်များ ပြတ်လေ့ရှိပါသည်။ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ငြုတ်၊ ကြက်သွန်၊ မုတ်ဆိတ်ရိတ်ဓား … စသဖြင့် ပြတ်လပ်ပျောက်ကွယ်လေ့ရှိပါသည်။ ထိုအခါ ကမ္ဘာအရပ်ရပ်တွင်လည်း ထိုကုန်များ ရှားပါးနေသည်ဟု ပါတီက တန်ပြန်ဝါဒဖြန့်လေ့ရှိပါသည်။ ရုပ်ပြောင်တဦးက “ရှင်မရေ.. ကမ္ဘာအရပ်ရပ်မှာ ကြက်သွန်တွေ ပြတ်နေကြပြီထင်တယ်ဟေ့” ဟု သရော်သည်ကို သူနားလည်စွာ ရယ်မောခဲ့ပါသည်။
နောက်တက်လာသော စစ်အစိုးရများလည်း လူထုကြီးငတ်ပြတ်ခက်ခဲသည်ကို သိကြပါသည်။ လူထုကြီးအဖို့ ခက်ခဲရှားပါးလေလေ၊ စစ်တပ်ကို ဦးကျိုးလေလေမို့ ဗိုလ်နေ၀င်းနှင့် နောက်လိုက်များသည် လူထုကြီးအတွက် တမင်ငတ်ဆေးများ ဖော်ခဲ့ကြပါသည်။ လူထု မည်ရွေ့မည်မျှ ငတ်ပြတ်စေကာမူ သူတို့အာဏာစွဲကိုင်ရေးကို စောင့်ရှောက်ကာကွယ်ပေးမည့် စစ်တပ် မငတ်ရေးကိုသာ အလေးထား ဆောင်ရွက်ကြပါ၏။
ဗြိတိသျှယထာဘူတ ပညာရှင်သဘာဝတ္တဆရာကြီး Bertrand Russel ၏ အဆိုအမိန့်တခု ရှိပါသည်။ “သင့်အား လူတယောက်က ဒီမိုကရေစီကိုပေးကာ အခြားတဦးက ဆန်အိတ်တအိတ်ကို ပေးပါလျှင် သင့်အဖို့ ဆန်အိတ်ကို ယူမည်လော၊ ဆန္ဒမဲပြားကို ယူမည်လောဟု ရွေးချယ်ရန်မှာ သင်သည် မည်ရွေ့မည်မျှ ငတ်နေသနည်းဟူသော ငတ်မွတ်မှုအတိုင်းအတာအရ ဆုံးဖြတ်ရပေမည်” ဟု ဆိုပါသည်။ လမ်းစဉ်ပါတီဝင်တိုးတက်ခြင်းနှင့် ကြံ့ခိုင်ရေး အင်အားတက်ခြင်းတို့မှာ လူထုငတ်ကြသဖြင့် ဖြစ်ရပါသည်။
ဦးနေ၀င်းနှင့် နောက်လိုက်စစ်ဗိုလ်ကြီးများက “လူထုကြီးငတ်လေလေ - ဒီမိုကရေစီကို ကျောခိုင်းကာ သူတို့ကို ရှိခိုးလေလေ” လမ်းစဉ်ကို လုပ်ဆောင်နေကြသဖြင့် လူထုကြီးမှာ မီးလောင်သစ်တုံးကဲ့သို့ တမြည့်မြည့်ပျက်သုဉ်း နေသည်ကို ဟက်ဟက်ပက်ပက် ရယ်မောလုပ်ဆောင်ကြသည်မှာ အလွန်အကျူး ရက်စက်ယုတ်မာကြပါသည်။ ။

Friday, September 3, 2010

ဒိန်းမတ် ကို သူတို့ သိမ်းလိုက်ပြီ

ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့က ဒိန်းမတ်နိုင်ငံအား သိမ်းပိုက်ခဲ့ကြသည်။ ထိုနာဇီတို့အား ဒိန်းမတ်လူမျိုးများက ရက်စက်စွာ ဖိနှိပ်မှုများကြားမှ ရွပ်ရွပ်ချွံချွံ တန်ပြန်တော်လှန်ရေးများ ဆောင်ရွက်ခဲ့ကြသည်။ ထိုအကြောင်းအရာများနှင့် ပတ်သက်သည့် စာတပုဒ်ကို မြန်မာရဟန်းတော်တပါး၏ ဘလော့ဂ်ဖြစ်သော “အတ္တလွင်ပြင်” စာမျက်နှာမှ ရယူဖတ်ရှုခဲ့ပြီး မိမိဘလော့ဂ်တွင် ထပ်ဆင့်တင်ပြအပ်ပါသည် ခင်ဗျား။ ။

Denmark

Saturday, August 28, 2010

(၅၁) ဗိုလ်နေ၀င်း ဖော်စပ်သော နိုင်ငံတော်မွဲဆေး (ကြေးမုံဦးသောင်း)

ဒီမိုကရေစီအစိုးရခေတ်က ဗိုလ်ချုပ်ကြီးနေ၀င်းအဖြစ် စစ်တပ်ကို ကွပ်ကဲစဉ်က လာဘ်လာဘကို ရှောင်ကြဉ်သူ တဦး ဖြစ်ခဲ့ပါသည်။ မြင်းပွဲများသို့ အမြဲသွားသူ ဖြစ်စေကာမူ အစိုးရပိုင်သော ငွေ၊ တပ်၏ငွေများကို ထိသူမဟုတ်ပါ။ သန့်ရှင်းသူ ဖြစ်ပါသည်။
တခါတွင် ဇနီးဖြစ်သူ ဒေါ်ခင်မေသန်းက အော်တိုကားကုမ္မဏီနှင့် ဆက်သွယ်ကာ Hillman မော်တော်ကားများကို တပ်မတော်မှ အရာရှိများကို လဆိုင်းစနစ်နှင့် ရောင်းချရန် စီစဉ်ပါသည်။ ဒေါ်ခင်မေသန်းက ကော်မရှင်ပွဲခ ရယူမည့် အစီအစဉ်ကို သိသည်နှင့် တပြိုင်နက် ဒေါ်ခင်မေသန်းကို ရိုက်နှက်ဆုံးမကာ စီမံကိန်းကို ဖျက်လိုက်ပါသည်။ ဖြောင့်မတ်သူ ဖြစ်ပါသည်။
၁၉၅၈ ခုနှစ် အာဏာသိမ်းစဉ်ကလည်း ငွေကြေးကိစ္စတွင် သူကိုယ်တိုင် သန့်ရှင်းစွာ ကျင့်သုံးပြီး လက်အောက် ဗိုလ်မှူးကြီးများကို သန့်ရှင်းကြရန် တင်းကျပ်စွာ အမိန့်ပေးခဲ့ပါသည်။ ၁၉၆၁ ခုနှစ်က ထိပ်သီးစစ်ဗိုလ်ကြီး (၁၃) ဦး ဖယ်ရှားစဉ် စစ်ဆင်ရေးရန်ပုံငွေ ဖြတ်တောက်လာဘ်စားမှုမှ စတင်ကာ ငွေကြေးမသမာမှုများကို အရေးယူသည် ဖြစ်ပါသည်။
သို့သော် ၁၉၅၇ ခုနှစ်တွင် အေဒီလမ်း အင်းလျားကန်ထိပ်တွင် စစ်ဦးစီးချုပ်နေထိုင်ရန် အိမ်ဆောက်စဉ်ကမူ ဇနီးဒေါ်ခင်မေသန်း ဟောင်ကောင်သို့သွားကာ အိမ်ဆောက်ပစ္စည်များ၊ ဟိုင်ဖိုင်ဓာတ်ပြား၊ တိတ်ပြား၊ ဓာတ်စက်များ ၀ယ်ယူစေခြင်းတို့ ပြုလုပ်သောအခါ နိုင်ငံရေးရပ်ကွက်က မျက်လုံးပြူးကာ ကြည့်ကြပါသည်။
“မင်း … နေ၀င်းဆောက်တဲ့ အိမ်ကို မြင်ပြီးပြီလား၊ အိမ်မဟုတ်ဘူး၊ နန်းတော်ကွ နန်းတော်” ဟု ဒေါက်တာဘမော်က စာရေးသူအား ပြောပြပါသည်။ “ငါလည်း အာဏာရတုန်းက အနားယူတဲ့အချိန်မှာ နေဖို့ ကိုယ်ပိုင်အိမ်ဆောက်ခဲ့တယ်။ ကျော်ငြိမ်းတို့၊ ချစ်မောင်တို့လည်း ကိုယ်ပိုင်အိမ်ဆောက်ကြတာပဲ။ အတွင်းဝန်တွေ၊ ၀န်ထောက်မြို့အုပ်တွေလည်း ကိုယ်ပိုင်အိမ်ဆောက်ကြတယ်ဆိုတာ တနေ့ရာထူးပြုတ်တဲ့အခါ အနားယူတဲ့အခါ အတွက် အိမ်ဆောက်ကြတာဟာ မဆန်းဘူး။ နေ၀င်းက သူကိုယ်ပိုင်ဆောက်တာမဟုတ်ဘူး၊ တပ်မတော်ဦးစီးချုပ် နေဖို့ အိမ်ကို ဒီလိုအပင်ပန်းခံပြီး ဆောက်တာဟာ ဒီကောင် တသက်လုံး ရာထူးက မဆင်းတော့ဘူးကွ” ဟု သူက ကောက်ချက်ချခဲ့ပါသည်။
သူတသက်လုံး နေထိုင်ရန်အိမ်ကို အခွန်တော်ငွေနှင့် ဆောက်ပြီး နောက်ပိုင်းတွင် ၁၉၆၂ ခုနှစ် အာဏာသိမ်း ပြီးချိန်မှ စတင်ကာ နိုင်ငံ၏ ဓနစွမ်းအားမှန်သမျှ၊ နိုင်ငံပိုင် ပစ္စည်းပစ္စယမှန်သမျှ သူ၏ မိသားစုပိုင်၊ ဘိုးဘွားပိုင် ပစ္စည်းများအဖြစ် ထင်သလို စားသုံးပါတော့သည်။
ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်ကြီး၏ အ၀င်ဝတွင် ကော်ဖီဆိုင်ကလေးတခု ဖွင့်ထားပါသည်။ များသောအားဖြင့် ထိုဆိုင်တွင် လာရောက်စားသောက်သူမရှိပါ။ ဟိုတယ်သို့ တကူးတက လာရောက်သောက်နိုင်သူ ရှားပါးသည်။ တင်မောင်နှင့် သတင်းစဉ်အယ်ဒီတာ သန်းစိန်ထွန်း၊ မောင်မောင်ညိုတို့သည် နိုင်ငံခြားဧည့်သည်များကိစ္စ၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ဧည့်ခံပွဲများ ပြုလုပ်ရေးကိစ္စများအတွက် အင်းလျားကန်ဟိုတယ်သို့ မကြာခဏ သွားရလေ့ရှိပါသည်။ သွားလေတိုင်း ဟိုတယ်ပေါက်ဝတွင် ဖွင့်ထားသော အထူးကော်ဖီဆိုင် Expreeso ကော်ဖီခါး သောက်ကြလေ့ရှိပါ၏။ ရံဖန်ရံခါတွင် သန်းစိန်ထွန်းက မုန့်ပဲသရေစာ ဒါယကာခံရှာပါသည်။ ဈေးကလည်း ကြီးလှသဖြင့် အမြဲကော်ဖီမသောက်နိုင်ဘဲ ထိုင်ရုံသာ ထိုင်ခဲ့သည်လည်း ရှိပါသည်။
ဖြူဖြူချောချော ထောင်ထောင်မောင်းမောင်း ကျောင်းသူတဦးနှင့် ကျောင်းသူအဖွဲ့ကို မကြာခဏ တွေ့ရပါသည်။ ကျောင်းသူတို့ အုပ်စုက ဈေးမမေးဘဲ တန်းဖိုးကြီးသော မုန့်များကို အ၀အပြဲစားနိုင်ကြသည်ကို သတိပြုမိသဖြင့် ငွေရှင်းလျှင် မည်သူက ပေးသနည်းဟု စောင့်ကြည့်မိပါသည်။ ဘယ်လောက်ကျသနည်းဟု မမေးပါ၊ ငွေစာရင်း တောင်းခံလွှာ မတောင်းပါ။ စားသောက်ပြီး တပျော်တပါး ထွက်သွားကြပါသည်။
စားပွဲထိုးကလေးကို မေးကြည့်မိပါသည်။ “ဗိုလ်ချုပ်ကြီးရဲ့သမီး ဆေးကျောင်းသူ စန္ဒာဝင်းနှင့် သူရဲ့သူငယ်ချင်းတွေလေ။ တော်တော်ကြာ တခြားသမီးတွေ လာကြဦးမယ်။ ဒီဆိုင်က သူတို့တတွေ နေ့လည်စာစားဖို့ ဖွင့်ပေးရတာပါ။ သူတို့က ဘယ်တော့မှ ပိုက်ဆံမပေးဘူး” ဟု ဖြေပါ၏။ ဗိုလ်နေ၀င်းက နိုင်ငံပိုင် ပစ္စည်းမှန်သမျှ သူ၏မိသားစုပိုင်အဖြစ် စားသုံးစေသူ ဖြစ်သည်။ သူ၏ သားသမီးများသာမက အပေါင်းဖော်များပါ ထင်သလို စားသုံးကြစေပါသည်။ သားသမီးများမှာ ငယ်စဉ်ကပင် ဒါတို့ပြေ၊ ဒါတို့မြေ၊ ဒါငါတို့မြေဟု နိုင်ငံတခုလုံးကို အပိုင်စားစေဟု စိတ်ဓာတ်သွင်းထားပါသည်။
၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အာဏာသိမ်းပြီးနောက် (၃) လခန့်အကြာ ဇူလိုင်လ (၇) ရက် လူသတ်ပွဲ အပြီးတွင် “ခေါင်းရှုပ်တယ်” ဟု ဆိုကာ လန်ဒန်သို့ ထွက်သွားပါသည်။ ထိုကာလမှ စတင်ကာ တနှစ်လျှင် (၄) ခေါက်မျှ၊ (၄)လမျှ နိုင်ငံခြားသို့ သွားရောက်အပန်းဖြေလေ့ရှိပါသည်။ သူပိုင်စစ်စုံထောက်တပ်က ၀န်ကြီးစစ်ဗိုလ် မှန်သမျှကို အမြဲမှန်ဘီလူးနှင့် ကြည့်နေစေပြီး (၇) ရက်တကြိမ် ဆက်သားတဦး လန်ဒန်သို့ စေလွှတ်ကာ သတင်းများကို အစီရင်ခံရသဖြင့် စစ်ဗိုလ်ဝန်ကြီးများသည် သူရှိနေသော အချိန်များထက် အနေအထိုင် အပြောအဆို ဆင်ခြင်ကြလေ့ရှိပါသည်။
“သူလုပ်နေတာတွေကို ခင်ဗျားမကြိုက်ပါဘူး။ သူမရှိတုန်း သိမ်းလိုက်ပါလား” ဟု အိမ်ရှေ့မင်းတပိုင်း စစ်ဗိုလ်ကြီးကို ပြောမိပါသည်။ စကားလုံးနှင့် အဖြေပင်မပေးရဲပါ။ အဓိပ္ပာယ်ရှိရှိ အပြုံးနှင့်သာ ဖြေ၀ံ့ရှာပါ၏။
ခေါင်းဆောင်ကြီး၏ နိုင်ငံခြားခရီးစားရိတ်မှာလည်း ကြီးမြင့်လှပါသည်။ အခိုင်းအစေ လက်တိုလက်တောင်းများ၊ ဆရာဝန်များ၊ စစ်စုံထောက်များ၊ သားသမီးများ၊ သားသမီးတို့၏ သူငယ်ချင်းများပါ ခေါ်လေ့ရှိပါ၏။ ပြန်လာပါက အစိုးရငွေနှင့် ၀ယ်လာသော နိုင်ငံခြားပစ္စည်းများကို ဒေါ်ခင်မေသန်းက မှောင်ခိုဈေးသို့ ပို့ရောင်းပါသည်။ “တိပ်ရကော်ဒါ အသစ်အဆန်းကလေးဝယ်မလား၊ ဒေါ်ခင်မေသန်း ပါလာတာလေ” ဟု ရောင်းသူပွဲစားများကို တွေ့ဖူးပါသည်။
ခရီးစားရိတ် ဖြုန်းတီးပုံနှင့် ပတ်သက်၍ ဂျာမဏီပြည်၊ ဘွန်းမြို့ မြန်မာသံရုံးမှ သံမှူးတဦးက ပြောပြပါသည်။ “ဗိုလ်ချုပ်ကြီးနဲ့အဖွဲ့အတွက် အငှားကားမဟုတ်တဲ့ အထူးတက္ကစီလေးစီးကို ဟိုတယ်ရှေ့မှာ (၂၄) နာရီ ရပ်စောင့်ရမယ်ဆိုပြီး ငှားထားတယ်။ သူက ရက်(၂၀) နေတော့ အငှာကားစားရိတ်က ကားသစ်ဝယ်လျှင် သုံးစီး ၀ယ်နိုင်တယ်။ ကျနော်တို့ သံရုံးမှာ ကားစုတ်ကားပျက်တစင်းပဲ ရှိတယ်။ ကားသစ်ဝယ်သုံးပြီး သံရုံးထားခဲ့လျှင် ဘယ်လောက်ကောင်းမလဲ၊ မပြောဝံ့ပါဘူးလေ” ဟု ညည်းရှာပါ၏။
ဗိုလ်ချုပ်ကြီးသည် နိုင်ငံခြားဟိုတယ်များတွင် တစ်ပေးကောင်းသူ၊ ဘောက်ဆူးပေးကောင်းသူဟု ကျော်ကြားပါသည်။ ဆေးရုံတက်ကာ ဆေးစစ်ရင်း အနားယူရာတွင် ဆေးရုံကဆင်းသောနေ့တွင် ဆရာဝန်များ၊ သူနာပြုများမှ အမှိုက်လှဲသူများအထိ ၀န်ထမ်းအားလုံးကိုဖက်ကာ လက်ဆောင်ပေးပါသည်။ ငွေဖလားကြီးတခု ထဲတွင် မြန်မာနိုင်ငံမှ သယ်လာသော ကျောက်လက်စွပ်၊ နားကပ်စသော လက်ဝတ်ရတနာအမျိုးမျိုးကို သူက မကြည့်ဘဲ လက်နှင့်နှိုက်ကာ ဆွဲယူ၍ လက်ဆောင်ပေးပါသည်။ အမေရိကန်ဒေါ်လာ တထောင်တန် ရသူများ ရှိကြသည်။
နိုင်ငံပိုင်ငွေ မလေမလွင့်ရန် ချွေတာရှာပါသည်။ လန်ဒန်တွင် လနှင့်ချီကာ အနားယူရာတွင် ဟိုတယ်စားရိတ်က ကြီးမားသည်။ လိုသမျှကို ရန်ကုန်ဘဏ္ဍာရေးဝန်ကြီးထံ တောင်းရသည်။ တချီတွင် မြန်မာအစိုးရတွင် လက်ကျန် နိုင်ငံခြားသုံးငွေမရှိသဖြင့် ဗြိတိသျှလေကြောင်းကုမ္ပဏီမှ ငွေချေးရဖူးသည်။ ထိုကြောင့် နိုင်ငံတော်အဖို့ စားရိတ်သက်သာစေရန် လန်ဒန်တွင် အိမ်ကောင်းအိမ်သန့်တလုံးဝယ်ကာ နေထိုင်ပါသည်။ ဒီမိုကရေစီအစိုးရ ခေတ်က သံရုံးမြေနှင့် အဆောက်အအုံကို အစိုးရအနေနှင့် ၀ယ်ခဲ့သကဲ့သို့ မ၀ယ်ဘဲ သူ၏မိတ်ဆွေ ဘီအိုစီ မန်နေဂျာဟောင်း အင်္ဂလိပ်တဦး၏ အမည်နှင့် ၀ယ်ခဲ့ပါသည်။
ကံကောင်းအကြောင်းမလှသဖြင့် သူ၏မိတ်ဆွေခမျာ သေဆုံးရှာလေရာ ဇနီးဖြစ်သူက ခင်ပွန်းသည်ပိုင်ဆိုင်ပစ္စည်း အဖြစ် သိမ်းယူသောအခါ ဗိုလ်ချုပ်ကြီးမှာ ဘုံပျောက်သွားရှာပါသည်။ မြန်မာနိုင်ငံတွင်းတွင် မည်သည့်အမှုကိုမဆို အနိုင်ယူနိုင်သော်လည်း အင်္ဂလန်တွင် အင်္ဂလိပ်ဥပဒေဖြစ်နေသည်။ အိမ်ကို မူလက မိမိနာမည်နှင့် မ၀ယ်ဘဲ ခိုးကြောင်ခိုးဝှက် ၀ယ်ခဲ့သဖြင့် ဥပဒေအရ ပိုင်ဆိုင်သူ၏ ဇနီးမယားသာ ဆက်ခံပိုင်ဆိုင်ခွင့် ရှိလေရာ ဗိုလ်ချုပ်ကြီးမှာ မည်သို့မှ မတတ်နိုင်ဘဲ သူခိုးလက်မှ သူဝှက်က လုသည်ကို မခံချိမခံသာ ခံရရှာပါသည်။
စိတ်မကျေနိုင်သဖြင့် နောက်ထပ်အိမ်တလုံး ၀ယ်ပြန်ပါသေးသည်။ တခါသေဖူး ပျဉ်ဖိုးနားလည်ပြီဖြစ်သဖြင့် နောက်ဝယ်သောအိမ်မှာ လက်ထဲတွင် မြဲခဲ့ပါသည်။ ဤတချီတွင် မည်သူ့ကိုမှ အညံ့မခံပါ။ တပ်မတော်သား (၆) ဦးကို မြန်မာနိုင်ငံက ခေါ်ယူကာ အိမ်စောင့်တာဝန်ချထားပါသည်။ နှစ်စဉ် တနှစ်တကြိမ် တပ်မတော်သား (၆) ဦးကို လန်ဒန်သို့ လူလဲနှင့် စေလွှတ်ကာ အိမ်တော်စောင့်ရန် ပို့ပေးရပါသည်။
ဒုတိယအစီအစဉ်အရ ဗိုလ်ချုပ်ကြီး၏ ဘိလပ်အိမ်တော် စောင့်ရှောက်ရေးအတွက် တပ်မတော်သားများကို ဘိလပ်သို့ အလှည့်ကျပို့ရပြန်သဖြင့် ဆင်ဖိုးထက် ချွန်းဖိုးက ကြီးရပြန်ပါသည်။
ဗိုလ်ချုပ်ကြီးနေ၀င်း၏ နန်းသက် (၂၄) နှစ် မပြည့်မီ နိုင်ငံတော် လူမွဲနိုင်ငံ ဖြစ်ရလေသည်မှာ မဆန်းပါပေ။ ။

Friday, August 13, 2010

(၅၀) ဒေါသကုမ္မာရကြီး ဗိုလ်နေ၀င်း (ကြေးမုံဦးသောင်း)

ဗိုလ်ချုပ်ကြီးနေ၀င်းသည် ဒေါသပြင်းသူဖြစ်ပါသည်။ အမေရိကန်တိုင်းမဂ္ဂဇင်းက သူ၏ဒေါသသတင်းကို Nawinian Anger ဟု ခေါင်းစဉ်တပ်ခဲ့သဖြင့် ဗိုလ်နေ၀င်း၏ ဒေါသသည် ကမ္ဘာကျော်ရုံမျှမက အင်္ဂလိပ်စာစကားတွင် ဝေါဟာရအသစ်တလုံးတိုးခဲ့သည်အထိ ကြီးမားပြီး အထိန်းအကွပ်မရှိ ဖောက်ခွဲနိုင်ခဲ့သူ ဖြစ်ပါသည်။
တခုသော နာတာလူးပွဲတွင် ရန်ကုန်မြို့၊ အင်းလျားကန် ဟိုတယ်တွင် ကပွဲကြီးတခုကို ကျင်းပနေပါသည်။ သူ၏ အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက အင်းလျားကန်ဟိုတယ်ကြီးကို အုပ်ချုပ်လုပ်ကိုင်ရာတွင် အမြတ်ရှာရမည်ဟု ဗိုလ်နေ၀င်းက အမိန့်ရှိသဖြင့် နာတာလူးပွဲတော်ကပွဲသဘင်ကို တေးတူရိယာတီးဝိုင်းနှင့် ကျင်းပကာ စီးပွားရှာခဲ့ ပါသည်။ ထိုကာလက ပွဲလမ်းရှားပါးသောကြောင့် ခရစ်ယာန်ဘာသာဝင်များ၊ သံတမန်များနှင့် နိုင်ငံခြားခရီးသည် များတို့ စည်ကားစွာ တက်ရောက်အားပေးကြပါသည်။
ဘင်ခရာဆိုင်းတခြိမ့်ခြိမ့်နှင့် စုံတွဲများ၊ တငြိမ့်ငြိမ့်ကနေစဉ်တွင် အင်းလျားကန် တဘက်ခြမ်းတွင် နေထိုင်သော ဗိုလ်နေ၀င်းက တသဲ့သဲ့ကြားရသော တီးဝိုင်းသံကို မကြားလိုဟု ဆိုကာ ဒေါသထွက်ပြီး ဝေးကွာလှမ်းသော ဟိုတယ်ဆီသို့ ဂျစ်ကားတစီးကို ကိုယ်တိုင်အပြင်းမောင်းသွားပါသည်။ သူ၏ သက်စောင့် ကိုယ်ရံတပ်များက အခြားကားနှစ်စီးနှင့် ဘာမသိ၊ ညာမသိ လိုက်ကြရသည် ဆိုပါသည်။
ဟိုတယ်သို့ ရောက်သောအခါ ပြေးဝင်သွားပြီး အစိုးရပိုင်တီးဝိုင်းအဖွဲ့မှ ဘင်ကြီးကို ခြေထောက်နှင့် ကန်ကာ ဖောက်ခွဲပါသည်။ ထိုနောက် ကနေကြသော စုံတွဲအများကို ကန်ကျောက်ထိုးနှက်ပါသည်။ အချို့က သူ့ကို ပြန်လည် ထိုးကြပါသေးသည်။ နောက်မှ စစ်ဝတ်စုံဝတ် သက်တော်စောင့်တပ်သားများ ၀င်ရောက်ကာ ဆွဲကြ၊ ထိန်းကြမှ သူမှန်းသိသဖြင့် ရှောင်ပြေးကြရပါသည်။ ပွဲပျက်သွားသည့်တိုင် စိတ်ထင်တိုင်းရိုက်နှက်ပြီးမှ ဆဲဆိုအော်ဟစ်ကာ သူ၏ အိမ်သို့ ပြန်သွားပါသည်။
သူကထိုးသဖြင့် ပါးကွဲသွားသော နိုင်ငံခြားမှ သံတမန်တဦးကို နိုင်ငံတော်အစိုးရ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးက တောင်းပန်ရပါသည်။ နိုင်ငံတွင်းတွင်မူ သူ၏ အမှားကို တောင်းပန်မှုမပြုရုံသာမက ဟိုတယ်နှင့် တီးဝိုင်းကို ပိုင်ဆိုင်သော ကုန်သွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီးစံဝင်းအား ရာထူးမှ ဖယ်ရှားလိုက်ပါသည်။
ထိုသတင်းကို အမေရိကန်တိုင်းမဂ္ဂဇင်းက Nawinian Anger ဟု ရေးသကဲ့သို့ မြန်မာသတင်းစာဆရာများကလည်း သတင်းစာတို့မှ မရေးဝံ့ကြစေကာမူ သူ့အား ဘွဲ့သစ်ပေးကြပါသည်။
အလံနီခေါင်းဆောင် ဦးသာကျော်သည် ငယ်စဉ်က ဇတ်ပွဲတခုတွင် ၀င်ရောက်ဆော့ကစားသောအခါ ဆိုင်းဝိုင်းမှ ဗုံကို ဖောက်ခဲ့သူဖြစ်သဖြင့် “ဗုံပေါက်သာကျော်” ဟု ခေါ်တွင်ပါသည်။ ဗိုလ်နေ၀င်းကိုလည်း “ဘင်ဖောက်နေ၀င်း” ဟု ခေါ်ဆိုကြပါသည်။ “သမ္မတလူကြမ်းအဖွဲ့” ဟုလည်း ခေါ်ကြပါသည်။
မည်သည့်အတွက် ထိုရွေ့ထိုမျှ ထိုဒေါသထွက်ရသည်ကို စုံစမ်းကြရာတွင် အရေးကြီးသော စစ်ရေးအစည်းအဝေး ကျင်းပနေစဉ်တွင် တီးဝိုင်းသံက နှောက်ယှက်သဖြင့် စိတ်ဆိုးရရှာသည်ဟု စစ်စုံထောက်တပ်က ၀ါဒဖြန့်ပါ၏။ အစည်းအဝေးရှိပါက အခြားစစ်ဗိုလ်ကြီးများ သူ၏အပါးတွင် ရှိနေရမည်ဖြစ်သဖြင့် ထိုသတင်းမမှန်နိုင်ပါ။ အိမ်တော်အစည်းအဝေးခန်းတို့မှာ အသံလုံပါသည်။ သတင်းစတခုကမူ သူ၏ သမီးတယောက် ထိုနာတာလူးကပွဲသို့ သွားရောက်ကာ စုံတွဲကကြသဖြင့် စိတ်ဆိုးရသည်ဟု ဆိုပါသည်။ အကြောင်းရင်းမှန်ကို မသိနိုင်စေကာမူ သူ၏ ဒေါသမှာ ကမ္ဘာကျော်သွားပါသည်။
ဗိုလ်နေ၀င်းသည် သူ၏ မိသားစုအရေးကိစ္စပေါ်ပေါက်တိုင်း ဒေါသကို မထိန်းနိုင်ခဲ့ပါ။ တကြိမ်တွင် မေမြို့ဂေါက်ကွင်းတွင် ဂေါက်သီးရိုက်နေခိုက် သူ၏ဇနီး ဒေါ်ခင်မေသန်းနှင့် ခင်မင်နီးစပ်သူ အရပ်သားကုန်သည်ကြီးတဦးကို မြင်တွေ့ရာမှ ဒေါသထွက်ကာ ဂေါက်တံနှင့် ပြင်းထန်စွာ ရိုက်ခဲ့ပါသည်။ ထိုပုဂ္ဂိုလ်အား ချက်ချင်းရန်ကုန်ပို့ကာ ကုသပြီး နိုင်ငံခြားသို့ လေယာဉ်ပျံပေါ်တင်ပြီး ပြည်မှ နှင်ခဲ့ပါသည်။
တခါတွင် သုတေသနနှီးနှောပွဲအပြီးတွင် သုတေသီတို့အား ဂုဏ်ပြုဧည့်ခံပွဲကို အိမ်တော်တွင် ခမ်းနားစွာ ကျင်းပပါသည်။ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်မှ ဆရာ ဆရာမများ အများကို ဖိတ်ကြားကာ ညစာစားပွဲဖြင့် ပြုစုရာတွင် ဧည့်သည်တစုံတဦးက ဒေါ်ခင်မေသန်းအား တို့ထိသည်ဟု ယူဆကာ အိမ်တော်ဝင်းတံခါးကြီးကို ပိတ်လိုက်ပါသည်။ သူက မသင်္ကာသူကို ရှာဖွေပြီး သူကိုယ်တိုင် ရိုက်နှက်ထိုးကြိတ်ပါတော့သည်။ သူက အိမ်ရှင်အဖြစ် နိုင်ငံတော်၏ အကြီးအကဲအဖြစ် ဖိတ်ကြားသော ဧည့်ခံပွဲကြီးမှာ သွေးထွက်သံယို ၀ရုန်းသုန်းကားနှင့် ပွဲပျက်ရပါသည်။ နောက်ပိုင်းတွင် သူထိုးကြိတ်သူများသည် သူထင်သကဲ့သို့သော အမှုများကို ပြုသူများမဟုတ်သည်ကို စစ်ဆေးသိရှိရသဖြင့် တိုးတိုးတိတ်တိတ်နှင့် တောင်းပန်ရသည်ဟု သိရပါသည်။
ဇနီးဒေါ်နီနီမြင့်နှင့် ပေါင်းသင်းနေစဉ် နိုင်ငံခြားသို့ ခရီးထွက်ရာမှ နိုင်ငံမှလွင့်နေသူ ဒေါ်ရတနာနတ်မယ်ကို ပြန်တွေ့ရာမှ ခေါ်ဆောင်လာခဲ့ပါသည်။ ဒေါ်ရတနာနတ်မယ်မှာ ၁၉၄၇-၄၈ ခုနှစ်က ရန်ကုန်မြို့တွင် ကျော်ကြားသော အလှမယ်တဦးဖြစ်ပါသည်။ ရန်ကုန်မြင်းပွဲမှ စွတ်ဒိုင်ဖွင့်သူ အင်္ဂလိပ်တဦးနှင့် ဇနီး မြန်မာမင်းမျိုး မင်းနွယ် မင်းသမီးတဦးတို့မှ ပေါက်ဖွားသူဖြစ်သဖြင့် မင်းမျိုးဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ဓမ္မသတ်အရ တရားဝင် လက်ထပ်ပွဲကို အိမ်တော်တွင် ကျင်းပခဲ့ပါသည်။ ဥရောပတွင် အနေကြာပြီး မြန်မာ့ထီးသုံးနန်းသုံး ဓလေ့များ ကျွမ်းကျင်သူ ဇနီးသစ်ကို ပွဲတက်မယားအဖြစ် မြှောက်စားခဲ့ပါသည်။ ဗိုလ်နေ၀င်းက ထီးရေးနန်းရာများကို စိတ်ပါဝင်စားစွာ လေ့လာဆွေးနွေးပါသည်။ အခမ်းအနားတို့တွင် တောင်ရှည်ပုဆိုးကို အမြဲဝတ်ဆင်လာပါသည်။ ကုန်းဘောင်မင်းဆက် အသစ်တည်ထောင်ပြန်လေပြီဟု သတင်းစာဆရာများက တီးတိုးပြောပါသည်။ တရုတ်ပြည် သို့ ခရီးထွက်ရာတွင် နိုင်ငံတော် သမ္မတကတော်အဖြစ် လိုက်ပါစေခဲ့ပါသည်။
ဒေါသကဲသော ဦးနေ၀င်းက သူ၏ဇနီးမှန်သမျှကို စိတ်မထင်တိုင်း ရိုက်နှက်လေ့ရှိရာ တချီတွင် နိုင်ငံခြားသံတမန် များရှေ့၌ ဒေါ်ရတနာနတ်မယ်ကို ဆေးလိပ်ပြာခွက်နှင့် ပေါက်သဖြင့် မင်းစိတ်မင်းမာန်ရှိသူ ဒေါ်ရတနာနတ်မယ်က ချက်ချင်းကွာရှင်းခွင့်တောင်းကာ ဥရောပသို့ ပြန်သွားပါသည်။
သူသည် စာများများ ဖတ်သူဖြစ်ပါသည်။ စာပေဗိမာန်မှ အမျိုးသားစာပေဆုပေးကော်မတီတွင် အဖွဲ့ဝင်တဦး လစ်လပ်နေသောကြောင့် ဆရာငွေဥဒေါင်း (ဦးကြီးမောင်) ကို ဖြည့်စွက်ခန့်ထားမည်ဟု တင်ပြရာ ဗိုလ်ချုပ်ကြီး နေ၀င်းက “ငွေဥဒေါင်းဝေဖန်ချက်ကောင်းလို့ စာအုပ်တအုပ် ဖတ်ကြည့်တယ်။ သူဝေဖန်ထားသလို ကောင်းလှချည် မဟုတ်ပါဘူးကွာ” မှတ်ချက်ပေးသဖြင့် အဆိုမှာ ပျက်သွားခဲ့၏။ ထိုအဖွဲ့ဝင် လစ်လပ်သောနေရာကို တင်မောင်အား ဖြည့်စွက်ခန့်ထားခြင်း ခံခဲ့ရပါသည်။ တင်မောင်ကလည်း စာအုပ်ဝေဖန်ချက်များ ရေးလေ့ရှိရာ တင်မောင်၏ ဝေဖန်ချက်များကို သူသဘောတူဟန် တူပါ၏။
သူ၏ စားပွဲတွင် မြန်မာစာအုပ်များ တွေ့ရပါသည်။ မည်သည့်စာအုပ်က မည်နှယ်ဟု ကိုးကားပြောပြသည်ကို ကြားရပါသည်။ သူ၏ အတွင်းလူ ဗိုလ်မှူးကြီးတဦးကို ပြောပြမိသောအခါ “ဗိုလ်ချုပ်ကြီးက ဘယ်စာအုပ်ကိုမှ အစက အဆုံးအထိ ဖတ်တာမဟုတ်ဘူး၊ အစနည်းနည်း၊ အလယ်နည်းနည်း၊ အဆုံးနည်းနည်းသာ ဖတ်တာ။ စာအုပ်အကြောင်း သိရုံ၊ ပြောနိုင်ရုံသာ ဖတ်တာ” ဟု ပြောပါ၏။ သူ့တွင် ထူးခြားသော မှတ်ဉာဏ်ရှိသဖြင့် ဖတ်လေသမျှ မေ့ဟန်မတူပါ။
သေချာသည်မှာ ဗိုလ်ချုပ်နေ၀င်းသည် သတင်းစာဆရာများကို ရွံ့မုန်းသူ ဖြစ်ပါသည်။ သတင်းစာဆရာဟူသော ဝေါဟာရစကားလုံးကို လက်မခံဘဲ “သတင်းစာရောင်းစားတဲ့ကောင်တွေ” ဟု ခေါ်လေ့ရှိပါသည်။ ပြည်တွင်းစစ် အဦးပိုင်းကာလက သတင်းထောက်များနှင့် ရင်းနှီးစွာ ဆက်ဆံပါသည်။ နောက်ပိုင်းတွင် ပုဂ္ဂလိက ခေတ်သတင်းစာ ဆရာများကို လက်တကမ်း ခပ်လှမ်းလှမ်းမှ ဆက်ဆံလေ့ရှိပါသည်။
တော်လှန်ရေးအစိုးရခေတ် သတင်းစာများကို ပြည်သူပိုင်ပြုပြီးချိန်တွင်မူ သတင်းစာဆရာမှန်သမျှ သူ၏ လက်အောက်အလုပ်သမားများသာ ဖြစ်လာကြသောအခါတွင်မူ ရင်းနှီးစွာ ဆက်ဆံလေ့ရှိပါသည်။ ဦးသိန်းဖေမြင့်ကို ရုရှသြဇာလွှမ်းသူ၊ ဦးလှကို တရုတ်သြဇာခံသူဟု သူက ယူဆစေကာမူ လေးစားစွာ ဆက်ဆံပါသည်။ ဆရာဇ၀နကိုမူ ပြည်မြို့နယ်သားချင်းအဖြစ် ရင်းနှီးပါသည်။ ဆရာက အရက်မူးသဖြင့် ရိသည်ကိုပင် သည်းခံပါသည်။
ဒေါက်တာမောင်မောင်အဖို့ အမေရိကသို့ ပညာတော်သင်သွားချိန်မှ စတင်ကာ ဂါးဒီးယန်းသတင်းစာကို ဗိုလ်မှူးကြီး သုံးဦးတို့က စစ်တပ်၏ လျှို့ဝှက်ရန်ပုံငွေနှင့် ၀ယ်ယူကာ စစ်တပ်အာဘော်အဖြစ် ထုတ်ဝေသည်ကို ဗိုလ်နေ၀င်းက မကြိုက်သဖြင့် သတင်းစာကို မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ပါသည်။ ကြေးမုံသိမ်းချိန်တွင် ဂါးဒီးယန်းသတင်းစာ ကိုလည်း ပြည်သူပိုင် ပြုလိုက်ပါသည်။
နိုင်ငံခြားစာနယ်ဇင်းများတွင် သူ့အမည်ကို ကောင်းသတင်းသာ ပါစေလိုပါသည်။ ထိုင်းအစိုးရက ပြန်အပ်သော ဘိန်းဘုရင် လော်စစ်ဟန်ကို ရန်ကုန်တရားရုံးတွင် စစ်ဆေးရသည့် အမှုအကြောင်း သတင်းဆောင်းပါးကို Readers Digest မဂ္ဂဇင်းတွင် ဖော်ပြပါသည်။ ထိုစာမူ၌ သူ၏ အမည်ကို တနေရာတွင် ဖော်ပြရမည်လောဟု ပြင်းထန်စွာ စိတ်ဆိုးသဖြင့် ကုန်သွယ်ရေး (၉) မှ တင်သွင်းရောင်းချနေသော အမေရိကန် စာပဒေသာ မဂ္ဂဇင်းကို မြန်မာပြည်တွင်းသို့ မသွင်းရဟု ပိတ်လိုက်ပါသည်။ ။

Wednesday, August 4, 2010

သံရုံးဆိုတာ ဆန္ဒပြဖို့နေရာ

တကယ်တော့ မြန်မာသံရုံးဆိုတာ ပြည်ပရောက်မြန်မာတွေဆီက ၀င်ငွေခွန် ၁၀ ရာခိုင်နှုန်းကောက်တာက လွဲပြီး ဘာမှ ထိထိရောက်ရောက် ကူညီပေးတာမဟုတ်ပါဘူး။ အဲဒါကြောင့် သံရုံးဆိုတာ အခွန်ဆောင်တဲ့နေရာမဟုတ် ဆန္ဒပြဖို့ နေရာလို့ ကျနော်တော့ ယူဆပါတယ်။
ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ မြန်မာသံရုံးရှိပါတယ်။ အဲဒီမှာ ၂၂ နှစ်မြောက် ရှစ်လေးလုံးနေ့ ဆန္ဒပြမယ့်အကြောင်း ဂျာမနီရောက် မျိုးချစ်မြန်မာတွေက ဖိတ်ကြားထားပါတယ်။ စိတ်ဝင်စားသူများလည်း ပါဝင်ဆင်နွှဲနိုင်ဖို့ ထပ်ဆင့် ဖော်ပြပေးအပ်ပါတယ် ခင်ဗျား။ ။