“ဗမာသတင်းစာလောကအဖို့ ထိရောက်ဆန်းကြယ်သော သတင်းခေါင်းစဉ်များကို စတင်တီထွင် သုံးစွဲသူမှာ ဗမာ့ခေတ်အယ်ဒီတာ ဦးအုန်းမြင့် ဖြစ်သည်” ဟု မြန်မာသတင်းစာလောက က သိကြသည်။ ဆန်းပြားလှသော သူ၏ ခေါင်းစဉ်တပ်နည်းကို သတင်းစာအများ အသုံးမပြုကြစေကာမူ သူ၏နည်းသည် တဘာသာ ဖြစ်သည်။ သူတည်းဖြတ်သော ဗမာ့ခေတ်သည် အခြားသတင်းစာများနှင့် မတူ တမူကွဲသည်ဟု လက်ခံကြသည်။ သာမန် သတင်းတပုဒ်ကို သူက ခေါင်းစဉ်တပ်လိုက်သည်နှင့် သတင်းထူး သတင်းဆန်းဖြစ်လာလေ့ရှိသည်။ ခေါင်းစဉ် အတပ်ကောင်းသောကြောင့် သတင်း၏ ဂယက်ပြဿနာအမျိုးမျိုးကို ရင်ဆိုင်ရသည်လည်း ရှိ၏။
ပြည်သူ့လွှတ်တော် တည်ဆောက်စကာလ အစည်းအဝေးတွင် အမတ်မင်းများ၏ လစာနှင့် နေ့တွက် အစည်းအဝေး စရိတ်များကို တင်သွင်းအတည်ပြုစဉ်က အယ်ဒီတာမင်းက များလွန်းသည်ဟု ယူဆလေသဖြင့် သတင်းကို ဖော်ပြသောအခါတွင် ခေါင်းစဉ်၌ “အလိုဘုရား လန့်စရာပါလား” ဟု တပ်လေသည်။ ယင်းသို့ ဝေဖန်ချက်ခေါင်းစဉ်နှင့် သတင်းဖော်ပြထားသည်ကို အစိုးရအမတ်များရော၊ အတိုက်အခံအမတ်များကပါ မကျေမနပ်ဖြစ်ကြပြီး အပြစ်ပေးရန်အတွက် စည်းဝေးကြသည်။ အစည်းအဝေးမှာ ဗမာ့ခေတ်သတင်းထောက် ပြည်သူ့လွှတ်တော်မတက်ရဟု (၆) လတိတိ ပြစ်ဒဏ်ခတ်ရန် လွှတ်တော်က ဆုံးဖြတ်သည်။
နိုင်ငံရေး သတင်းသာမဟုတ်၊ သာမာန်သတင်းများတွင်လည်း ခေါင်းစဉ်ကောင်းပါက အသက်ဝင်လာလေ့ ရှိသည်။ တနေ့သားတွင် ဦးအုန်းမြင့်က သတင်းစာမျက်နှာဖုံးတွင် ဖော်ပြနိုင်သည့် သတင်းကောင်းမရှိသဖြင့် စိတ်ညစ်ကြောင်း ညည်းညူသောကြောင့် တင်မောင်က မိမိထောက်လှမ်းထားသော သတင်းတပုဒ်ကို ဟာသကွက်ဖော်ကာ ရေးသားပြီး တေးတပုဒ်နှင့် ခေါင်းစဉ်တပ်ကာ ပေးလိုက်သည်။
သတင်းမှာ ဆန်းလှသည်မဟုတ်၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ရှိပြီးသော ခြင်္သေ့ကြီးအတွက် နိုင်ငံခြားက မှာယူတင်သွင်းခဲ့သော ခြင်္သေ့မကလေး ရောက်လာကြောင်း သတင်းဖြစ်၏။ ခြင်္သေ့ (၂) ကောင်ကို မိတ်လွှတ် သောအခါတွင်မူ ငယ်ရွယ်သူ အမကလေးက လူပျိုကြီး ကိုခြင်္သေ့ကို အကပ်မခံသောကြောင့် လှောင်အိမ်ခွဲထား ရသည့် သတင်းနှင့် ဓာတ်ပုံသာ ဖြစ်၏။ “လူပျိုစကားပြောတဲ့ ကိုကိုကာလသားချောရယ် … ကလေးစိတ်မို့ ပျိုနားမလည်.. ခင်ဟာ ငယ်သေးတယ်” ဟု ခေါင်းတပ်ပေးလိုက်သည်။ ထိုသီချင်းခေါင်းစဉ်ကို အယ်ဒီတာက တလုံးတပါဒမှ မပြင်ဘဲ အောက်ကမြစ်ကလေး တတို့သာ တို့ပေးလိုက်ရုံနှင့် မျက်နှာဖုံးသတင်း ဖြစ်လာတော့ သည်။ အယ်ဒီတာက “ခင်ဟာငယ်သေးတယ်” ဟူသော စာပိုဒ်တွင် ခင်စာလုံးအောက်တွင် အောက်ကမြစ် တို့လိုက်သဖြင့် “ခင့်ဟာ ငယ်သေးတယ်” ဟု ၀က်ဝက်ကွဲ ပွဲကျသော သတင်းကြီး ဖြစ်သွားခဲ့သည်။
နိုင်ငံရေးသတင်းခေါင်းစဉ်တို့ကိုလည်း အသက်ဝင်အောင် အသက်သွင်းပေးရသည်။ ဆိုရှယ်လစ်ပါတီဝင်များ က စစ်တပ်အားကိုးရှိသောကြောင့် အမြို့မြို့အရွာရွာတွင် လာဘ်စားမှုမှ လုယက်မှုအထိ ကျူးလွန်ကြသည်။ လူထုအား နှိပ်စက်မှုများ တိုးများလာသောအခါတွင် ဗမာ့ခေတ်၌ သူတို့၏ အမှုသတင်းများ ခေါင်းစဉ်တပ်တိုင်း “ပြန်” ဟူသော ကြိယာဝိသေသနကို ဆက်ကာ ရေးလေ့ရှိ၏။ ယခုအမှုတွင်သာ ခိုးသည်မဟုတ်၊ ယခင်က လည်း ခိုးနေကျဖြစ်သည်ဟူ၍ အဓိပ္ပါယ်ပေါက်လေအောင် “လာဘ်စားပြန်ပြီ”၊ “ခိုးပြန်ပြီ” စသည်ဖြင့် ခေါင်းစဉ် တပ်ကာ ဝေဖန်ပြစ်တင်လေ့ရှိသည်။ သတင်းစာများက ရေးဖန်များလာသောအခါတွင် ဆိုရှယ်လစ်များမှာ စစ်တပ်က ထောက်ခံစေကာမူ ရွေးကောက်ပွဲများတွင် လူထုက ကျောခိုင်းကြသဖြင့် အရေးနိမ့်ကြရတော့ သည်။
ထိုအခါ ဆိုရှယ်လစ်ခေါင်းဆောင်များက ဗမာ့ခေတ်တွင် ဖော်ပြသော သတင်းများသည် အခြားသတင်းစာ သတင်းများနှင့် အတူတူ ဖြစ်ပါလျက် သူတို့ ပိုမိုနစ်နာစေရန်အတွက် ခေါင်းစဉ်နှင့် ဆဲရေးသည်ကို မကျေနပ်ကြ ကြောင်း ၀န်ကြီးချုပ်ကို တိုင်ကြလေသည်။
တချီတွင် ဆိုရှယ်လစ်တဦးက သိသာထင်ရှားစွာ ကျူးလွန်သော မတရားညစ်ပတ်မှု သတင်းတခုကို ဖော်ပြရာ တွင် ဗမာ့ခေတ် အယ်ဒီတာက ခေါင်းစဉ်မတပ်ဘဲ အဖြူကွက်လပ်နှင့် ဖော်ပြပြီး “ဗမာ့ခေတ်ခေါင်းစဉ်များကို မကျေနပ်ကြောင်း၊ တိုင်တန်းသောကြောင့် ယခုသတင်းကို ခေါင်းစဉ်မတပ်ဝံ့ပါ။ စာဖတ်ပရိသတ်တို့ပင်ဘာသာ ခေါင်းစဉ်တပ်ကြပါ” ဟု ဖော်ပြသဖြင့် မကောင်းသတင်း ပိုထင်ရှားစေသောကြောင့် ဦးကျော်ငြိမ်းတို့မှာ ဆတ်ဆတ်ခါ နာကြရပြန်သည်။ ဗမာ့ခေတ်နှင့် ဆိုရှယ်လစ်ပါတီတို့ ပဋိပက္ခကြီးထွားလာသောအခါတွင် ၀န်ကြီးချုပ်ဦးနုက ဗမာ့ခေတ်အဖွဲ့သားများနှင့် တွေ့ဆုံဆွေးနွေးလိုသည်ဟု အကြောင်းကြားသဖြင့် ၀န်ကြီးချုပ် အား နေ့လည်စာဖိတ်ကာ ဧည့်ခံရလေသည်။ အယ်ဒီတာတဖွဲ့လုံးကို ဆင်ဆင်ခြင်ခြင်ရေးကြပါဟု သူက မေတ္တာ ရပ်ရာတွင် “ဗမာ့ခေတ်က အစိုးရကို ဖိပြီးဆဲနေသည်” ဟု ဝေဖန်၏။ “ဦးတို့အစိုးရဘက်ကလဲ ပြန်ရေးနိုင်ပါ တယ်” ဟု တင်မောင်က ပြန်ပြောမိသည်။
“မင်းတို့ရေးတဲ့ ဆောင်းပါးတွေနဲ့အတူ ဦးတို့ဘက်က ဆောင်းပါးကိုပါ ယှဉ်ပြိုင်ပုံနှိပ် ပေးမယ်လား” ဟု သူက မေးသောအခါတွင် “ဘာလို့မပေးရမှာလဲ” ဟု တညီတညာဖြေကြသည်။
နောက်တနေ့က စတင်ကာ ဗမာ့ခေတ်သတင်းစာတွင် ဆောင်းပါးရှင်အသစ်တဦးတိုးလာတော့သည်။ ကလောင် အမည်က “သမိန်ဗရမ်း” ဟူ၏။ စာရေးဆရာ ဦးနုက သမိန်ဗရမ်း ကဏ္ဍကို နေ့စဉ်ရေးသည်။ ၀န်ကြီးချုပ်ကိုယ် တိုင် ဆောင်းပါးရှင်အသစ်ဖြစ်သည် ဟူသည်ကို လျှို့ဝှက်ထားရသည်။ ယခုမှ ဖွင့်ပြောနိုင်ပေပြီ။ ဦးနုအလုပ်များ သောအခါတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် သွားရမည့် အတွင်းဝန် ဦးသန့် ရေးသည်။ မြင်းစီးပြီး ဓားထမ်းထားသည့် ရုပ်ပြောင်ခေါင်းစဉ်နှင့် ရေးသားသော သမိန်ဗရမ်းလည်း ဓားစွမ်းမထက်ရှာပေ။
ဆိုရှယ်လစ်များနှင့် သတင်းစာများသည် တနေ့တခြား အစေးမကပ်ဖြစ်လာသည်။ သတင်းစာများကို ဥပဒေနှင့် နှိမ်နင်းရန် ဆိုရှယ်လစ်တို့က ဥပဒေကြီးတခုကို လွှတ်တော်တွင် တင်ပြန်သည်။ အသရေဖျက်မှု ဥပဒေဖြစ်၏။
တစုံတယောက်သည် ဂုဏ်သရေကို ပျက်စေသော စွပ်စွဲချက်များ၊ ဝေဖန်ချက်များကို အစိုးရ၀န်ထမ်းတဦးအား ရည်ရွယ်၍ ရေးသားပါက၊ ဟောပြောပါက ရာဇ၀တ်မှုကို ကျူးလွန်သည် မည်၏။ ယင်းရာဇ၀တ်မှုကို ကျူးလွန် သူအား ၀ရမ်းမပါဘဲ ဖမ်းဆီးအရေးယူရမည်။ အစိုးရ၀န်ထမ်းဆိုသည်မှာ အစိုးရလခစား ၀န်ထမ်းများနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ပါဝင်သည်ဟု ဥပဒေက ဆိုသည်။
ဥပဒေမှာ အလွန်ရှင်းသည်။ ၀န်ကြီးတဦးကို ဝေဖန်ပြစ်တင်မှုသည် အသရေပျက်မှုအရာမြောက်ပါက ချက်ချင်း ဖမ်းဆီး အရေးယူမည်ဖြစ်၏။ အမှန်အားဖြင့် ၀န်ကြီးတို့သည် အစိုးရ၀န်ထမ်းအစစ် မဟုတ်ပေ။ အများပြည်သူ တို့က အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရမှသာ ၀န်ကြီးဖြစ်နိုင်သည်။ သူတို့ကို ဝေဖန်ပြစ်တင် ရေးသား ခွင့် ပိတ်ပင်သည်ဖြစ်သောကြောင့် သတင်းစာများက ပြင်းထန်စွာ ကန့်ကွက်ကြတော့သည်။ ဆောင်းပါးများ၊ ရုပ်ပြောင်များနှင့် ဆန့်ကျင်ကြသည်။ သတင်းစာအားလုံးက အယ်ဒီတာအာဘော်များ မရေးကြဘဲ တပတ်ကြာ ဟင်းလင်းထားကာ ကန့်ကွက်ကြသည်။ ဥပဒေဆိုးကြီးကို အစီအစဉ်အတိုင်း ၁၉၄၉ ခု၊ သြဂုတ်လ (၂၁)ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်သည်။ အတိုက်အခံ အမတ်များက သူတို့အင်အားက နည်းပါးလွန်း သဖြင့် ကန့်ကွက်မဲပေးလျှင်လည်း ရှုံးလေမည် ဖြစ်သဖြင့် အစည်းအဝေးခန်းမမှ ထွက်သွားပြီး ဆန္ဒပြကန့်ကွက် ကြသည်။ ဖဆပလ အမတ်အားလုံး တညီတညွတ် မဲပေးကြသဖြင့် အနိုင်ရကာ ဥပဒေအတည် ဖြစ်မြောက် အောင်မြင်တော့သည်။ မဟုတ် မတရားလွန်းသော ယင်းဥပဒေကို သတင်းစာများက ပိုမိုပြင်းထန်စွာ ကန့်ကွက် ကြပြန်သည်။ နောက်ဆုံးတွင်မှ ၀န်ကြီးချုပ်ဦးနုက ၀င်ရောက်စွက်ဖက် ဖျန်ဖြေ၏။ “ဒီမိုကရေစီဆိုတာ မိမိတို့ အစုမဲ အများရရှိသောကြောင့် အနိုင်ရတိုင်း မူမမှန်သော ကိစ္စကို မလုပ်သင့်ဘူး” ဟု ဆိုရှယ်လစ်များကို ဟောပြောပြီး ဥပဒေကို ပြန်လည်ရုပ်သိမ်း လိုက်၏။
တင်မောင်အဖို့ ဤကဲ့သို့ တရားမျှတသော ၀န်ကြီးချုပ်နှင့် ဒီမိုကရေစီ အစိုးရလက်ထက်တွင် သတင်းစာ လွတ်လပ်ခွင့် အရသာကို ခံစားရသော ရသကို မေ့မရနိုင်ပါပေ။ တိုက်ပွဲတပွဲ အောင်ရတိုင်း ဖရဏပီတိ ဂွမ်းဆီ ထိ တစိမ့်စိမ့် အရသာ ခံစားခဲ့ကြရသည်။ ယင်းသို့ တင်မောင်တို့ သတင်းစာများနှင့် ပြည်သူတို့ ခံစားစံစားကြရ သော ဒီမိုကရေစီခေတ် အရသာသည် သက်တမ်းမရှည်ဘဲ ပျက်စီးခဲ့ရသည်။
နိုင်ငံသစ် တည်ဆောက်ချိန်၌ နိုင်ငံရေးလောကတွင် စုန်းပြူးများ ပေါ်ခဲ့သကဲ့သို့ ဖောက်ပြန်သော စာနယ်ဇင်း များ ပေါ်လာခဲ့သည်။ အဓိက အကြောင်းရင်းမှာ အမေရိကန်နှင့် ရုရှတို့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြသော စစ်အေးတိုက်ပွဲကြီး မြန်မာ့စစ်မြေပြင်တွင် လာရောက်တိုက်ကြသဖြင့် ဖြစ်သည်။
၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ကြေညာပြီး ဒီမိုကရေစီ သမ္မတနိုင်ငံသစ် တည်ဆောက်စဉ်က ပထမနှစ်အတွင်း တွင် အင်္ဂလန်၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ပြင်သစ်၊ ယိုးဒယားနှင့် ရုရှနိုင်ငံတို့က အသိအမှတ်ပြုပြီး သံရုံးများ ဖွင့်ကြရာမှ ဗမာ့စာနယ်ဇင်းလောက ပျက်စီးစပြုလာတော့သည်။ သံရုံးများက သူတို့နိုင်ငံအကြောင်း ၀ါဒဖြန့်ရန် ငွေနှင့် ၀ယ်ကြလေသောကြောင့် ဈေးပေါသည့် စာပေလောကသားအချို့ စတင်ပျက်စီးရာမှ စာနယ်ဇင်း လောကကြီး တခုလုံး ယိုင်လဲလာခဲ့သည်။ ။
Sunday, September 7, 2008
Sunday, August 31, 2008
ဗုဒ္ဓသာသနရံသီကျောင်းတော်ဖွင့်ပွဲ (ဂျာမနီ)
ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ ဗုဒ္ဓသာသနရံသီ ဘုန်းကြီးကျောင်းဖွင့်ပွဲ ကျင်းပသည့် သြဂုတ်လ (၁၀) ရက်နေ့ မနက် ကျနော် ရောက်သွားသည့်အချိန်တွင် ကျောင်းအ၀င်ဝ၌ ဖဲကြိုးဖြတ်ဖွင့်လှစ်သည့် အခမ်းအနား စတင်နေပါပြီ။ ကျနော်လည်း မှီသလောက် ဓါတ်ပုံ နှင့် ဗီဒီယို များရိုက်သည်။ ဘုန်းတော်ကြီးများ၊ ဧည့်သည်တော်များ နှင့် မြန်မာပရိသတ် ကျောင်းပေါ်မှာ နေရာယူတော့ ကျနော်က ကျောင်းပေါ်က အခန်းတခုထဲဝင်ကာ တိုက်ပုံ၊ လုံချည်အစရှိသော မြန်မာအ၀တ်အစား လဲဝတ်လိုက်၏။ ပါလာသည့် အိတ်ဆောင်ကွန်ပြူတာကို ဖွင့်ကာ ဘုန်းကြီးကျောင်း မှ အင်တာနက်နှင့် အွန်လိုင်းတက်လိုက်တော့ ဂျီတော့မှာ မိတ်ဆွေအချို့ရောက်နေကြပြီ။ လန်ဒန်မှာ ကိုညီညီစိန်က ကျနော်တင်လိုက်သည့် ဂျီတော့ မက်ဆေ့ခ်ျကို ကြည့်ကာ “ရွှေမန်းချမ်းသာဇာတ်အဖွဲ့ တွေနဲ့ တွေ့ပြီးပလား။ အဲဒီမှာ မင်းသမီး သုံးလက်ပါလာတယ်” ဟု သတင်းပေးသည်။ “နေအုံးဗျ၊ အခမ်းအနား လုပ်နေတာ သွားကြည့်လိုက်အုံးမယ်ဟု သူ့ကို ပြောကာ အခန်းထဲက ထွက်ခဲ့သည်။
အပြင်ခမ်းမကြီးမှာတော့ ဘုန်းကြီးကျောင်းဖွင့်ပွဲ အခမ်းအနားက စတင်နေပါပြီ။ ဘုရားစင်ရှေ့မှာ ပီနန်ဆရာတော်ကြီးဦးဆောင်သော ပင့်သံဃာများနေရာယူထားသည်။ ဖိတ်စာပါ စာရင်းအရ… ပီနန်ဆရာတော် ကြီး၊ ဦးနန္ဒ၀ံသ (တိုင်ဝမ်)၊ ဦးတိလောကသီရိ (စင်္ကာပူ)၊ ဦးနန္ဒသီရိ (ကနေဒါ)၊ ဦးဥတ္တရ (အင်္ဂလန်)၊ ဦးကုမာရ (ပြင်သစ်)၊ ဦးသိလိဌ (အင်္ဂလန်)၊ ဦးသုမင်္ဂလာ (မြန်မာ)၊ ဘန္တေကဿပ (အိန္ဒိယ) နှင့် ဦးကောဏ္ဍည (ဂျာမနီ) တို့ ဖြစ်ကြသည်။
ပီနန်ဆရာတော်ကြီး၏ ရှေ့မှာတော့ ဖိတ်ကြားထားသော ဧည့်သည်များ၊ ထိုဧည့်သည်များတွင် ဂျာမန်လူမျိုးများ လည်း ပါနေသည်။ မြန်မာတွေအဖို့ ဘုန်းကြီးရှေ့ ပုဆစ်တုတ်ထိုင်ရသည်မှာ မပင်ပန်းသော်လည်း အနောက်တိုင်း ပွဲတက်ဝတ်စုံဝတ်ထားသော ဂျာမန်တွေအဖို့တော့ torture လုပ်ထားသလို ဖြစ်နေနိုင်သည်။ ဧည့်ပရိသတ် ထပ်ရောက်လာသည်။ ၀တ်ကောင်းစားလှ ဖြင့် ဂျာမန်အမျိုးသမီးကြီးတဦး ကျနော့်အနားမှာ မတ်တပ်ရပ်ရင်း ဟိုကြည့်ဒီကြည့် ကြည့်နေသည်။ ခမ်းမဆောင်အတွင်းလူပြည့်နေတော့ သူ့အတွက် တနေရာစာ ရှာဖို့ မလွယ်တော့။ မြန်မာပရိသတ် နေရာယူထိုင်နေပုံကလည်း အလယ်မှာ မင်းလမ်းထားကာ ထိုင်တာမဟုတ်တော့ နောက်က လူရှေ့ကို ရောက်ဖို့ မလွယ်သလို ရှေ့ကလူ နောက်ကို ပြန်လာဖို့ လည်း မစဉ်းစားလေနဲ့။
ခဏနေတော့ ဂေါပကအဖွဲ့ဝင် ကိုမောင်ဝင်း ကျောင်းပေါ်တက်လာသည်။ ကျနော်က “ကိုမောင်ဝင်းရေ… အောက်ကပရိသတ်စကားပြောနေကြတာ နဲနဲ ဆူနေသလားလို့ပါ” ဆိုတော့ သူက အောက်မှာ သွားပြောပေး ပါသည်။ နောက်ထပ်ရောက်လာသည့် ရွှေမြန်မာအချင်းချင်း နှုတ်ဆက်ကြ၊ စကားပြောဆိုတော့ အသံတွေက ကျယ်လောင်၍နေပါသည်။
အပေါ်ထပ်ခမ်းမတွင်းမှာတော့ အစီအစဉ်များကို မြန်မာဘာသာတလှည့်၊ ဂျာမန်ဘာသာဖြင့် တလှည့် ပြောဆို နေကြသည်။ ဂျာမန်သီလရှင်တဦးစကားထပြောသည်ကိုလည်း တွေ့ရသည်။ ထိုပွဲတွင် ဂျာမန် ဘာသာသို့ စကားပြန်အဖြစ် ဆောင်ရွက်ပေးသူမှာ ဘွန်းမြို့တွင်နေထိုင်သူ ကိုထူးမင်းဖြစ်သည်။ ကိုထူးမင်းသည် ၁၉၇၀ ကျော်နှစ်များအတွင်းက ဂျာမနီတွင်ရောက်ရှိနေထိုင်ခဲ့သူ။ သူ့လို ၁၅ နှစ် အနှစ် ၂၀ ကျော် ရောက်ရှိ နေထိုင်သူ မြန်မာများက ဘွန်း၊ ဘာလင်နှင့် ဟမ်းဘာ့ဂ် မြို့များတွင် အများအားဖြင့် နေထိုင်ကြပြီး၊ ဖရန့်ဖတ်မှာတော့ အစော ဆုံးရောက်လာသူများမှာ ၇ နှစ် ၈ နှစ် ရှိကြသေးသည်ဟု ပြောကြသည်။ သို့သော် ဂျာမနီရှိ အခြားမြို့ များမှာထက် ဖရန့်ဖတ်မှာရောက်နေသော မြန်မာက ပိုများနေသောကြောင့် ယခုလို မြန်မာဘုန်းတော်ကြီး ကျောင်း တည်ထားကိုးကွယ်နိုင်တာလည်း ဖြစ်မည်။ ဘုန်းကြီးကျောင်းမြေကို မိမိတတ်နိုင်သလောက် ၀ယ်ယူ လှူဒါန်းသူများရှိသလို ပုံမှန်လစဉ်ကြေးထည့်သူ ဦးရေက ၁၆၀ ၀န်းကျင်ခန့် ရှိသည်ဟု ဂေါပက အဖွဲ့ဝင် ကိုမောင်ဝင်းက ပြောပြသည်။ “ဒီအဆောက်အဦးကလည်းဗျာ ကျနော်တို့ မြန်မာတွေ ဘုန်းကြီးကျောင်းလုပ်ဖို့ အတွက်ရည်ရွယ်ပြီး ဆောက်ထားသလားအောက်မေ့ရလောက်အောင် ဘုန်းကြီးကျောင်းနဲ့ တကဲ့ကို တူတာဗျ၊ အပေါ်မှာ ဘုရားခန်း၊ အောက်မှာ ကျွေးမွေးဧည့်ခံဖို့နေရာ၊ ကားရပ်ဖို့နေရာကလည်းအသင့်၊ ခေါင်းရင်းမှာ မြေကွက်လပ်တောင် ပါလိုက်သေးတယ်၊ ကျနော်တို့တော့ ဒီနေရာရလိုက်တာကိုပဲ အားရ၀မ်းသာ ဖြစ်နေတာပါ” ဟု ဘုန်းကြီးကျောင်းလစဉ်ကြေးထည့်ဝင်သူတဦးဖြစ်သူ ကိုမောင်မောင်ချစ်က ကျနော့်ကို ပြောပြသည်။
၇ နှစ် ၈ နှစ်အတွင်း ဖရန့်ဖတ်မှာ မြန်မာတွေ များလာတာကလည်း စိတ်ဝင်စားဖို့ကောင်းသည်။ ဖရန့်ဖတ်မှာ တနှစ်ပတ်လုံးလိုလို ကုန်စည်ပြပွဲတွေရှိသည်။ ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် စတော့ရှယ်ယာဈေးကွက်၊ ဟော်တယ်လုပ်ငန်း နှင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကလည်း ရှိနေတော့ မြို့တော် ဘာလင်ထက်ပင် ဖွံဖြိုး တိုးတက်လို့နေပါသည်။ ဖရန့်ဖတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကတော့ မြန်မာတွေ ခုန်ချသည့် နေရာ။ “ကျနော်တို့ ၀င်လာတော့ လေယာဉ်လက်မှတ်ကို အာဖရိက နိုင်ငံတနိုင်ငံအထိ ၀ယ်ထားတယ်။ ဒါပေမယ့် ဒီလေဆိပ်ကို transit နဲ့ ရောက်လာတဲ့အခါ ခရီးဆုံးကို ဆက်မသွားပဲ ဒီမှာ ဆင်းနေလိုက်တယ်။ အဓိကတော့ ဘန်ကောက်လေဆိပ် check in ၀င်တဲ့ နေရာက ကိုယ့်ကို လေယာဉ်ပေါ်တက်ခွင့်ပြုဖို့ပဲ” ဟု ဖရန်ဖတ် ရောက်တာ ၂ နှစ်ကျော်ပဲ ရှိပါသေးသည်ဟု ဆိုသူ ဂျိုး (ခေါ်) ကိုအောင်သူထက် (မော်လမြိုင်) က ရှင်းပြနေ သည်။ သူက ဆက်၍ “အဲဒီလို ခရီးသည်တွေ ခုန်ချရင် လေကြောင်းလိုင်းက ပြဿနာ တက်တယ်လေ၊ အဲဒါ အခုနောက်ပိုင်း transit တောင် ဂျာမနီဗီဇာပါမှ check in က လက်ခံတယ်ဆိုတော့ မြန်မာတွေ ၀င်ဖို့ ခက်သွားတယ်” ဟု ပြောသည်။ “ဒါဆို ဒီကို လာချင်တဲ့ မြန်မာတွေ အတွက် အကြံပေးပါအုံး” ဟု ကျနော်က သူ့ကို မေးတော့ “အဲဒီ လေကြောင်းလိုင်းတွေက လက်မခံရင်လည်းဗျာ၊ ကိုယ့် MAI လေကြောင်းကိုပဲ စင်းလုံးငှားပြီး ၀င်လာခိုင်းရင် ကောင်းမလား ကျနော်စဉ်းစားနေမိတယ်” ဟု ဆို၏။
ဂျာမနီရောက်လာပြီး ဆက်လက်နေထိုင်ခွင့်ရဖို့ ကြိုးပမ်းကြရာမှာတော့ “ ဒီမှာနေဖို့အတွက် လုပ်စရာ ၂ ခုပဲ ရှိတယ်လေ။ တခုက ဒီနိုင်ငံသားကို လက်ထပ်ရမယ်၊ နောက်တခုကတော့ မြန်မာပြည်ပြန်လို့မရတာ အကြောင်းပြပြီး ခိုလှုံခွင့်တောင်းရမယ်၊ ဒီ ၂ ခုပဲ ရှိပါတယ်” ဟု ကိုလုံးမြို့က ကိုအောင်သူ့ ဇနီး မခင်မာဝင်းက ဆိုပါသည်။ ခိုလှုံခွင့်လျှောက်ထားပြီး စောင့်ဆိုင်းနေဆဲကာလမှာ အလုပ်လုပ်ခွင့်မရှိကြပါ။ ဂျာမနီ အစိုးရ စီစဉ်ပေးသော နေရာတခု (camp ဟုလည်း ခေါ်ကြသည်) တွင် သွားရောက်နေထိုင် စောင့်ဆိုင်းရပါသည်။ စောင့်ဆိုင်းရသည့် ကာလကတော့ တယောက်နှင့် တယောက်မတူကြပါ။ ၆ လ တနှစ် ကြာနိုင်ပါသည်။
တရားဝင် စာရွက်စာတမ်းရပြီးရင်တော့ အလုပ်တွေက ပေါပါသည်ဟု ဆိုကြသည်။
(ကျနော် ဂျာမနီတွင် စုံစမ်းမေးမြန်းသည်များကို ပြန်ရေးလျှင် အတန်ငယ်ရှည်လျားမည်ဖြစ်သောကြောင့် အပိုင်းခွဲ၍ ရေးသားပါမည်ဖြစ်ပါကြောင်း)

![]() |
| Buddha Sasana Ramsi, Frankfurt |
Sunday, August 24, 2008
(၉) ဒီမိုကရေစီအစိုးရနှင့် ရင်ဆိုင်ကြခြင်း (ကြေးမုံဦးသောင်း)
အင်္ဂလိပ်နယ်ချဲ့ကို တိုက်ခဲ့ကြစဉ်က ခေါင်းဆောင်ခဲ့ကြသော သတင်းစာများသည် မြန်မာနိုင်ငံလွတ်လပ်ချိန် တွင်မူ သူတို့၏ ရပ်တည်ချက်နှင့် ရှုထောင့် ပြောင်းကြရလေသည်။ တိုက်ပွဲကာလ နိုင်ငံရေးအင်အားစုနှင့် သတင်းစာများအဖို့ မဟာမိတ်အဖြစ် ညီညွတ်ခဲ့ကြသော်လည်း ကို်ယ့်မင်းကိုယ့်ချင်း ဖြစ်လာသောအခါ၌ မင်းနှင့် ဆရာအဖြစ် လိုက်လျောညီထွေ ဖြစ်မလာကြတော့ချေ။ အာဏာရ နိုင်ငံရေးသမားများအဖို့ မင်းတို့၏ မာနတက် လာကြတော့သည်။ သတင်းစာများကလည်း ရဲဘော်ရဲဘက်များ ဖြစ်ခဲ့သောကြောင့် သင့်တင့်သရွေ့ မရိုသေနိုင် ဘဲ မင်းတို့၏ ခေါင်းကို ခေါက်သော အပြုအမူများ ပြုမိတတ်သည်။ ပွင့်လင်းစွာ ဝေဖန်ရေးသားမိကြသည်။
ပြည်တွင်းစစ်အခြေအနေအရ ပါလီမန်တွင် အတိုက်အခံအင်အားစု ခိုင်ခိုင်မာမာ မရှိလေသောကြောင့် အစိုးရ၏ မူဝါဒနှင့် လုပ်ဆောင်ချက်များကို ဝေဖန်စိစစ်မှု အားပျော့နေခဲ့သည်။ ယင်းတာဝန်ကို သတင်းစာဆရာများက မဟာမိတ်အတိုက်အခံများအဖြစ် ရပ်တည်လုပ်ဆောင်ကြသောအခါတွင် အာဏာရနိုင်ငံရေးသမား အချို့နှင့် ထိပ်တိုက်ရင်ဆိုင်ကြရသည်။ ပဋိပက္ခများ ပေါ်ပေါက်လာလေ့ရှိ၏။ စာရေးဆရာ ၀န်ကြီးချုပ် ဦးနုသည် သတင်းစာတို့ လွတ်လပ်ခွင့်ကို တင်းပြည့်ကျပ်ပြည့်ယုံကြည်သူ ဖြစ်သည်။ သို့သော် သူသည် ပြည်တွင်းစစ်ကြီး ကို တိုက်နေရသူလည်း ဖြစ်သည်။ ထို့ပြင် ဖဆပလအဖွဲ့ကြီးသည် ပါတီအများစု၏ တပ်ပေါင်းစုကြီး ဖြစ်လေ သောကြောင့် သတင်းစာများနှင့် ကတောက်ကဆ မကြာခဏ ဖြစ်လေ့ရှိသည်။ တခုကောင်းသည်မှာ ဖြစ်လေသမျှ အရေးကိစ္စများကို သက်သက်ညှာညှာ ဖြေရှင်းပေးလေ့ရှိသည်။
သို့စေကာမူ ဖဆပလ တပ်ပေါင်းစု၏ အဖွဲ့တဖွဲ့ဖြစ်သော ဆိုရှယ်လစ်ခေါင်းဆောင်များက ခက်ထန်တင်းမာ သည်။ ကာကွယ်ရေးဝန်ကြီးက ဦးဗဆွေဖြစ်ပြီး ဆိုရှယ်လစ်ခေါင်းဆောင်များက စစ်ဗိုလ်ကြီးများနှင့် နီးစပ်ပြီး စစ်တပ်က နောက်ခံရှိသောကြောင့် ပိုမိုဗိုလ်ကျသည်ဟု ယူဆသော သတင်းစာများက ကြည့်မရဖြစ်ခဲ့သည်။
တခါတွင် ဆိုရှယ်လစ်တို့က လူထုသတင်းစာအယ်ဒီတာ ဦးလှကို အပြစ်ရှာပြီး ဖမ်းဆီးသည်။ ထောင်ထဲ၌ ကြာမြင့်စွာ ချုပ်နှောင်ကာ ညှဉ်းသည်။ ဦးလှက တရားလွှတ်တော်ချုပ်မှာ အယူခံဝင်ခဲ့သည်။ လွတ်လပ်သော တရားရုံးတော်က မုချပင် လွှတ်စေအမိန့် အမိန့်ချမည်ကို သိရသဖြင့် သတင်းစာဆရာအသင်း၏ အတွင်းရေးမှူး အဖြစ် တင်မောင်က အမှုရှင်ဖြစ်သူ ၀န်ကြီး ဗိုလ်ခင်မောင်ကလေးနှင့် တွေ့ဆုံကာ ကြိုတင်လွှတ်ပေးပါဟု အရေးဆိုညှိနှိုင်းသည်။ “ဟေ့ .. ဟေ့.. တရားလွှတ်တော်ချုပ်က လွှတ်စေလို့ဆိုလျှင် ငါကိုယ်တိုင်ထောင်ဗူးဝ သွားပြီး လက်ထိပ်နှင့် စောင့်ပြီး ဖမ်းမယ်ကွ” ဟု လက်သီးလက်မောင်းတန်းကာ ကြိမ်းမောင်းတော့သည်။ ထိုစဉ်က သွားရောက်တွေ့ကြသော အဖွဲ့တွင် တင်မောင်နှင့်အတူ ဦးလှဇနီး ဒေါ်အမာလည်း ပါလေရာ ပြောရက်၊ ကြိမ်းမောင်းရက်သော ၀န်ကြီးကို စိတ်မချမ်းမသာနှင့် ကြည့်မိသည်။
ယင်းဆိုရှယ်လစ်ခေါင်းဆောင်ကြီးသည် သူ၏ အလှည့်သို့ရောက်သောအခါ စစ်အစိုးရက ဖမ်းဆီးသည်ကို ခံရသည့်အခါတွင်မူ သက်လုံမကောင်းရှာဘဲ ငိုချင်းချသည်ဟု ကြားရလေသည်။
ထိုကဲ့သို့ သဘောသေးသိမ်သူ ဆိုရှယ်လစ်များကို သတင်းစာတို့က ပိုမိုပြစ်တင်ဝေဖန်ကြတော့သည်။ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းကလည်း ဗမာ့ခေတ်သတင်းစာအများကို ချေမှုန်းရန် အားထုတ်လေတော့ သည်။ ၀န်ကြီးချုပ်ကိုယ်တိုင်က တရားဥပဒေအပြင်ဘက်မှ နှိပ်စက်သည့်မူကို လက်မခံတာကြောင့် တရားဥပဒေ အရ ဗမာ့ခေတ်နှင့် သတင်းစာအများတို့ကို နှုတ်ပိတ်ရန် အမျိုးမျိုး ကြံစည်၏။
ဒီမိုကရေစီဥပဒေအရ သတင်းစာရေးချက်များကို အရေးမယူနိုင်သဖြင့် ဦးကျော်ငြိမ်းက အနိုင်ရနိုင်သည့်နည်း နှင့် အခွင့်အလမ်းကို ရှာပြီး ဗမာ့ခေတ်ကို အလဲထိုးတော့သည်။
အစိုးရပုံနှိပ်တိုက်က သုံးစွဲပိုလျှံသော ပစ္စည်းများကို အခါအားလျှော်စွာ လေလံစနစ်နှင့် အရပ်သားများသို့ ရောင်းချလေ့ရှိသည်။ လွန်ခဲ့သော (၂) နှစ်ခန့်က ပုံနှိပ်စက်ကြီးတလုံးကို ဗမာ့ခေတ်က လေလံဆွဲပြီး ၀ယ်ယူ သုံးစွဲနေသည်။ အစိုးရပုံနှိပ်တိုက်က အရာရှိတဦးကို အမှုတခုနှင့် အရေးယူသောအခါတွင် စောစောက လေလံပစ်ခဲ့သည့် စက်ကြီးက သက်သေခံပစ္စည်း ဖြစ်နေသည်ကို ဦးကျော်ငြိမ်းက တွေ့ရှိလေသည်။ အိန္ဒိယ ရာဇသတ်ကြီးတွင် သက်သေခံပစ္စည်းများကို အမှုစစ်ဆေးသူ တရားသူကြီး၏ ရှေ့မှောက်တွင် တင်ပြရမည်ဟု ပါရှိသောကြောင့် ဗမာ့ခေတ်တွင် အသုံးပြုနေသော ပုံနှိပ်စက်ကြီးကို တရားရုံးတော်သို့ တင်ပြစေဟု အမိန့်ပေး တော့သည်။
အလေးချိန်တတန်ခွဲခန့်ရှိသော စက်ကြီးကို တစစီဖြုတ်ပြီး ယူကြကာ ရုံးတော်ရင်ပြင်တွင် တင်ထားလေသည်။ ဗမာ့ခေတ်အဖို့ စာမျက်နှာလျှော့လိုက်ရတော့သည်။ အမှုမှာ လများစွာကြာသဖြင့် စက်အခက်အခဲကြောင့် များစွာ ကသီလင်တ ဖြစ်ရလေတော့သည်။
တရားဥပဒေနှင့်အညီ ဆောင်ရွက်သည်ဖြစ်သဖြင့် ဗမာ့ခေတ်က အံကိုခဲပြီး ခံရသည်။ “ရယ်တာပေါ့” ဟုပင် ရေးလိုက်သေး၏။ အခွင့်အရေးရှာနေသူ ဦးကျော်ငြိမ်းအဖို့ ထိုထက်ကောင်းသော နည်းကို တွေ့ပြန်လေသည်။ ဤအချီတွင်မူ သတင်းစာများအဖို့ မရယ်နိုင်ကြတော့ပဲ ငိုကြရရှာတော့သည်။
ဦးကျော်ငြိမ်းက သက်သေခံဥပဒေကိုပင် အသေးစိတ်ဖတ်ရှုသည်။ ရာဇ၀တ်မှု တစုံတခု ဖြစ်ပွားလျှင် သက်သေ ခံပစ္စည်းများကို အထူးရှာဖေခွင့် ဥပဒေအရ ရဲတို့က ရှာဖွေသိမ်းဆည်းနိုင်သည့် အခွင့်အရေးကို ၀န်ကြီးက တွေ့သွားပြန်သည်။ ဦးကျော်ငြိမ်းက ယင်းဥပဒေ၏ အခွင့်အရေးကို ဖောဖောသီသီ သုံးစွဲပါတော့သည်။
ရဲတို့အဖို့ အမှုတခုခု ရှာရန်သာ လိုအပ်သည်။ မည်သို့သောအမှုပင်ဖြစ်စေ၊ အမှုတခု တွေ့လျှင် သတင်းစာတိုက် ဥပစာနှင့် အဆောက်အအုံပစ္စည်းအားလုံးကို မွှေနှောက်ရှာဖွေလေတော့သည်။ အထူးသဖြင့် စာစီသော ခဲစာလုံး ကို အကွက်ငယ်လေးများခွဲကာ ထည့်ထားရသော စာခွက်ကြီးများကို ကြမ်းပြင်ပေါ်၊ မြေကြီးပေါ် သို့ မှောက်ချပြီး သေးငယ်သည့် စာလုံးကလေးများတွင် သက်သေခံတွေ့ရနိုး စစ်ဆေးကြည့်ရှုကြတော့သည်။
ခဲစာလုံးများထဲတွင် မည်သည့်အခြားပစ္စည်း မရှိနိုင်သည်ကို သတင်းစာတိုက်က ရှင်းပြရန် မလိုပါ။ ရဲတို့က သိပြီးဖြစ်ပေသည်။ အမှုအတွက် သက်သေခံပစ္စည်း မရနိုင်သည်ကို ရဲတို့ တင်ကြိုသိရှိထားပါလျက် အမှုတခုခုအတွက် သတင်းစာတိုက်တွင်းသို့ ၀င်မိသည်နှင့် ခဲစာလုံးခုံများကို သွန်မှောက်ပြီး ရှာဖွေကြလေ့ရှိ သည်။ ရည်ရွယ်ချက်မှာ သတင်းစာတိုက်ကို ဒုက္ခပေးရန်သာ ဖြစ်၏။ ခဲစာလုံးခွက်ကိုရော မွှေနှောက်လိုက်လျှင် ကကြီးစာလုံး၊ ခကွေးစာလုံး စသည်ဖြင့် ရွေးချယ်ကာ ပြန်လည်အသုံးပြုရန် မဖြစ်နိုင်တော့ပေ။ အသုံးမပြုနိုင် တော့သည့် ခဲစာလုံးများကို အရည်ကျိုရတော့သည်။ စာလုံးစက်မှ ခဲစာလုံးအသစ် ၀ယ်ရသောကြောင့် စာခွက်များ တခါမှောက်လေတိုင်း သတင်းစာကို တလခွဲခန့် ရပ်ကြရသည်။ ငွေကုန်သေးသည်။
ထိုခေတ်က မြန်မာပုံနှိပ်လောကအဖို့ ပုံနှိပ်ရမည့် စာသားများကို စာစီခွက်ထဲတွင် ထည့်ထားသည့် ခဲစာလုံးများ နှင့် စီကြရသည်။ ခဲစာလုံးတစုံ အပြည့်အစုံဆိုလျှင် စာလုံးအမျိုးမျိုး (၂၁၄၀) ရှိသည်။ အနည်းဆုံး ခဲစာလုံး (၂၂၉) လုံးရှိမှသာ သတင်းစာနှင့် ခေတ်ပေါ်စာအုပ်များကို ပုံနှိပ်နိုင်သောကြောင့် ခဲစာလုံးခုံတခုတွင် စာလုံး (၂၂၉) မျိုးအတွက် စာလုံးခွက် (၂၂၉) ခွက်ရှိသည်။ ပါဠိပါဌ်သားပါစီရန် အပိုစာလုံး (၁၉၅) လုံးအတွက် သီးခြားခွက်များ ရှိရသေးသည်။ ထိုအချိန်က ရန်ကုန်မှာ ခဲစာလုံးသွင်းသော စက်ရုံ (၂) ခုသာ ရှိလေသဖြင့် စာခွက်မှောက်ခံရလျှင် သတင်းစာတိုက်များအဖို့ ကျောကော့ကာ ခံကြရရှာ၏။
မည်သို့ပင် ခက်ခဲစေကာမူ စာခွက်မှောက်လေလေ သူတို့ကို ပြစ်တင်ဝေဖန်သူ ပေါလေလေ ဖြစ်လာတော့ သည်။ တဘက်ကလည်း ခေတ်မီစာလုံးစက်များကို သတင်းစာတိုက်များက တည်ထောင်လာကြသဖြင့် လှပပြီး အရွယ်အစားစား စာလုံးသစ်များ ပေါ်လာသည်။ မြန်မာစာလုံးပုံစံများ တိုးတက်များပြားလာသည်မှာ ဦးကျော်ငြိမ်း၏ ကျေးဇူးပါပေ။
တခါတွင် ဆိုရှယ်လစ်ဝန်ကြီးတဦး၏ ဖောက်ပြန်မှု၊ အညှီအဟောက်သတင်းတပုဒ်ကို သတင်းစာသုံးစောင်က ဖော်ပြခဲ့ကြသည်။ ထိုသတင်း မဟုတ်မှန်ဟု ဆိုရှယ်လစ်ခေါင်းဆောင်များက ငြင်းဆိုပြီး လယ်သမားထု အစည်းအဝေးကို ရန်ကုန်၊ ဗန္ဓုလပန်းခြံတွင် ကျင်းပကာ ကန့်ကွက်ဆန္ဒပြကြသည်။ လယ်မြေ ပြည်သူပိုင် စီမံကိန်း လုပ်ဆောင်နေသူ ခေါင်းဆောင်ကြီးကို မြေရှင်ကိုယ်စားလှယ် သတင်းစာများက သိက္ခာချသည်ဟု ဟောပြောကြသည်။ အရက်မူးနေကြပြီး ပေါက်တူးပေါက်ပြားများကို ထမ်းလာကာ အစည်းအဝေးတက်ကြသူ လယ်သမားကြီးများတို့က ဒေါသကို မထိန်းနိုင်ကြပြီဟု အော်ဟစ်၍ ပြည်သူ့ဟစ်တိုင်နှင့် အိုးဝေသတင်းစာတိုက် များမှ ပုံနှိပ်စက်များ၊ စာစီခုံများကို ဖျက်ကြတော့သည်။ ရဲတို့ကို ခေါ်သော်လည်း ရဲတို့က မလာဘဲ ရှောင်နေကြ သည်။
ဆိုရှယ်လစ် ဆန္ဒပြသူများသည် ထိုသတင်းကို ဖော်ပြသော ကွန်မြူနစ်နေ့စဉ် သတင်းစာတိုက်ကိုမူ မသွားဝံ့ကြ ပေ။ ၁၉၄၈ ခု၊ မတ်လ (၂) ရက်နေ့က အခင်းဖြစ်ပွားသည်။ (၁၅) ရက်အကြာတွင် ပြည်တွင်းစစ်ကြီး ကြေညာ ရန်အတွက် ကွန်မြူနစ်တို့တွင် လက်နက်များရှိနေကြသည်ကို ဆိုရှယ်လစ်တို့က သိနေကြသည်။ တင်မောင် တို့ သတင်းထောက်များလည်း သိကြသည်။ တင်မောင်တို့အဖို့ ပွဲကြီးပွဲကောင်း ဓာတ်ပုံကောင်း ရရှိနိုင်ရန်အတွက် သတင်းစာတိုက်ရှေ့ရှိ သစ်ပင်ကြီးပေါ်တက်ကာ ကင်မရာကိုယ်စီနှင့် စောင့်ကြသည်။ ဘေးကင်းမည့် အကာ အကွယ်ကိုလည်း ကြည့်ထားရသေးသည်။
ဆိုရှယ်လစ်တို့သည် လက်နက်များ စုပြီး၊ ဆောင်းပြီးဖြစ်သည့် ကွန်မြူနစ်ပါတီ ဌာနချုပ်ရှိ သတင်းစာတိုက်သို့ မလာဝံ့ကြပေ။ လာခဲ့လျှင် ပြည်တွင်းစစ်သည် (၁၅) ရက်စောကာ ဖြစ်ပွားပေလေမည်။
ဤတချီတွင် ၀န်ကြီးချုပ်ဦးနုက ဆိုရှယ်လစ်တို့ဘက်မှ ရပ်တည်၏။ မဟုတ်မမှန် သတင်းရေးနေသော သတင်း စာတွေကို မဖတ်တော့ပြီဟုပင် ကြေညာသည်။ ပြန်ကြားရေးဌာနရုံးတွင် ဖွင့်ထားသည့် သတင်းစာဆရာများ အသင်းနှင့် သတင်းထောက်များ အသင်းကို နှင်ချသည်။
ဒီမိုကရေစီခေတ် ဖြစ်လေသောကြောင့် သတင်းစာများက ပြင်းထန်စွာ တုံ့ပြန်ရေးသားကြသည်။ ရေးသားသည် သာမက သတင်းစာဆရာအသင်းက ဟောပြောပွဲများ ကျင်းပပြီး ပုဆိန်ဆရာများကို တိုက်ကြလေသည်။
“သတင်းစာတွေမပြောနဲ့ သတင်းစာတွေရဲ့ အဖေတောင် မကြောက်ဘူး” ဟု ကြိမ်းသေးသည်။ ထိုအခါ သတင်းစာဆရာအသင်းက စာပေလောက၊ နိုင်ငံရေးလောကမှ အနားယူနေသူ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကို ပင့်ခေါ်ကာ “သတင်းစာတို့ ဘိုးအေကြီး လာပါပြီ” ဟု ကြေညာပြီး တရားဟောစေသည်။
ဆရာကြီး (၂) ကြိမ်သာ တရားဟောရသည်။ “ခင်ဗျားတို့ အတော်ဆိုးတဲ့ သူတွေပဲဗျာ” ဟု ဦးနုက ဦးအုန်းခင်ထံ ဖုန်းဆက်ပြီး အရှုံးပေးရရှာသည်။ အဖျက်ခံရသည့် သတင်းစာများကို လျော်ကြေးပေးသည်။ သတင်းစာဆရာ အသင်း ရုံးနေရာနှင့်တကွ မူလအခွင့်အရေးတွေ ပြန်ပေးသည်။ နှစ်စဉ် သတင်းစာအသင်း ရုံးနေရာနှင့် တကွ မူလ အခွင့်အရေးတွေ ပြန်ပေးသည်။ နှစ်စဉ် သတင်းစာအသင်း ညီလာခံသို့ ဦးနုက တက်ရောက်ကာ သတင်း စာနှင့် ၀န်ကြီးချုပ်တို့ ချစ်ကြည်ရေး ပြန်ပေါင်းထုတ်ကြသည်။
ဆွတ်ပျံ့ ကြည်နူးဖွယ်ကောင်းသော ဤကဲ့သို့သော နိုင်ငံရေးတိုက်ပွဲ၏ အရသာကို ဒီမိုကရေစီခေတ်၌တွင်သာ ခံစားနိုင်ပါသည်။ သူမတူ တရားဟောကောင်းလှသော ဆရာမှိုင်း၏ ဟောသံကလေးတခု ယခုထက်တိုင် ကြားယောင်မိနေတော့သည်။ ဆရာကြီးက “ငါ့အမြင်ကို ပြောရရင်တော့ ခွေးမသား၊ မင်းတို့ သတင်းစာဆရာ တွေ မှားတယ်ကွ၊ မင်းတို့တတွေ တယ်ပြီး မိုက်ကြပါကလားကွာ။ တို့မောင်နုဆိုတာက ၀န်ကြီးချုပ်ကြီးကွ။ ဧရာမ၀န်ကြီးချုပ်ကြီးတပါးကို မင်းတို့ သတင်းစာဆရာတွေက ခွေးပိန်မကလေးကို ကြိုးနှင့် တိုင်မှာချည်ပြီး ရိုက်ချင်သလို ရိုက်ကြလေတော့ သူက ပြန်ကိုက်မှာပေါ့ကွ” ဟု ဟော၏။

Sunday, August 17, 2008
ရှစ်လေးလုံး နှစ် (၂၀) ပြည့် အောက်မေ့ဖွယ် (ဂျာမနီ)
ဂျာမနီနိုင်ငံ ဖရန့်ဖတ် (Frankfurt) မြို့တွင် ၂၀၀၈ ခု သြဂုတ်လ (၁၀) ရက်နေ့တွင် ပြုလုပ်မည့် ဗုဒ္ဓသာသနရံသီ ကျောင်းတော်ဖွင့်ပွဲ အခန်းအနားကို တက်ရောက်ရန် ဒိန်းမတ်နိုင်ငံမှ ဦးထွေးသောင်း၊ ကိုလင်းလင်းထွန်း နှင့် စာရေးသူတို့ ဖရန့်ဖတ်မြို့သို့ သြဂုတ်လ (၉) ရက်နေ့ မနက်တွင် ရောက်ရှိလာ ကြပါသည်။ စာရေးသူတို့ ရောက်သည့်နေ့တွင်ပင် ကိုလုံး (Cologne) မြို့တွင် နေထိုင်သည့် နိုင်ငံရေးအကျဉ်း ဟောင်းနှင့် ဗကသ ကျောင်းသားဟောင်း ကိုအောင်သူမိသားစုမှ ရှစ်လေးလုံးအရေးတော်ပုံ အနှစ်နှစ်ဆယ်ပြည့် အထိမ်းအမှတ် ဆွမ်းကပ်၏။ ကိုအောင်သူ့ နာမည်ကို ကိုဝင်းနိုင်ဦး၏ “လူငယ်တဦး၏ မှတ်တမ်းမဲ့ မှတ်တမ်း” စာအုပ်ဖတ်ပြီး သိနေသော်လည်း လူကိုယ်တိုင်တော့ ခုမှ တွေ့ရခြင်းပါ။
ရှစ်လေးလုံးအတွက် ဆွမ်းကပ်၊ တရားနာ၊ ရေစက်ချအပြီး ဘုန်းကြီးကျောင်းဖွင့်ပွဲအတွက် နိုင်ငံတကာမှ ရောက်ရှိနေသော ဧည့်သည်များကို ဖရန့်ဖတ်မြို့တွင်း လှည့်လည်ကြည့်ရှုရန်အတွက် ကားစီစဉ်ထားသည်။ နေ့လည် ၂ နာရီတွင် ဘုန်းကြီးကျောင်းရှေ့သို့ ကားရောက်လာမည်ဟု ဂေါပက တာဝန်ရှိသူများက ပြောကြား လာသည်။ “ဟာ .. တို့တော့ ပွတာပဲ။ မြို့ကို ကားနဲ့ ပတ်ကြည့်မယ်၊ ဓါတ်ပုံတွေ ဗီဒီယိုတွေ ရိုက်ရမယ်” ဟု တွေးမိပါသည်။
တကယ်တမ်း ဦးဆောင်သူများနှင့် အတူထွက်လာကြတော့ ဘုန်းကြီးကျောင်းမှ အနီးဆုံးမြေအောက်ဘူတာရုံကို လမ်းလျှောက်၊ ရထားစီးပြီး မြို့ထဲရောက်၊ ဟိုဟိုဒီဒီ လိုက်ပြသည်ကို ကြည့်နေရင်း ခြေအတော်ညောင်းလာတော့ ကားနဲ့ လိုက်ပြမည့် ကိစ္စ မြို့ခံ လူငယ်တဦးကို မေးကြည့်တော့ ကားအစီအစဉ်ပျက်သွားသည်ဟု သိရသည်။ သို့နှင့် ထိုနေ့က လူလည်း အတော်ပင်ပန်းသွားသည်။ တခုတော့ ကောင်းသည်။ ဧည့်သည်အချင်းချင်း မိတ်ဆက်ကြရင်း တယောက်နှင့်တယောက် သိကျွမ်းသွားသည်။ ပြီးတော့ နောက်တနေ့ ဘုန်းကြီးကျောင်းဖွင့် ပွဲလာ ပရိသတ်အတွင်း ဘယ်သူက မြို့ခံ၊ ဘယ်သူက ကိုယ့်လို ရပ်ဝေးဧည့်သည် စသည် ကွဲကွဲပြားပြား သိနေပါတော့သည်။
ရပ်ဝေးဧည့်သည်များတွင် အကြမ်းအားဖြင့် နယူးရောက်မှ လာသည့် ကိုထိန်လင်းးနှင့် မချို ဇနီးမောင်နှံ၊ အမ်စတာဒမ်မှ ကိုဆန်နီ နှင့် နယူးရောက်မှ သူ့ချစ်သူ မကျော့ကျော့ (ပြီးခဲ့သည့်မတ်လအတွင်းက စာရေးသူ ရောက်ရှိတည်းခိုခဲ့သည့် အမ်စတာဒမ်မှ ကိုဆန်နီကို ပြန်တွေ့ရခြင်းပါ)၊ နယ်သာလန်မှ မွန်မိသားစု (သူတို့နှင့်အတူ ဒတ်ခ်ျ ကျောင်းသူတဦး ပါလာသည်)၊ စင်္ကာပူမှ ကျောင်းအမတဦး၊ ပီနန်ဆရာတော်ကြီး၏ ကပ္ပိယ ပီနန်ကျွန်းသူ မလေးတရုတ်မတဦး နှင့် မြန်မာနိုင်ငံမှ လာကြသည့် ရွှေမန်းသဘင် ချမ်းသာဇာတ်အဖွဲ့ဝင် တချို့ ဖြစ်ကြသည်။
လိုက်ပို့ရာတွင် အထင်ကရနေရာအချို့အကြောင်းကို ရှင်းပြသူမှာ ကျနော်တို့၏ လမ်းညွှန်ဖြစ်သူ ဖရန့်ဖတ်မြို့သားကြီး Mr.Rusche ဖြစ်သည်။ သူသည် ဗုဒ္ဓသာသနရံသီ ဘုန်းကြီးကျောင်း ဖြစ်မြောက်ရေး အတွက် စွမ်းစွမ်းတမံ ကူညီနေသူတဦး ဖြစ်သည်ဟုလည်း သိရသည်။ သူက ဂျာမန်လိုပြော၊ မြို့ခံ လူငယ်နှစ်ဦးက မြန်မာလို ရှင်းပြ လုပ်နေကြရင်း မြန်မာလို ပြောတာ နားမလည်ပါဟု ဆိုလာသူက ပီနန်ကျွန်းသူ ဘုန်းကြီးကပ္ပိယ အမျိုးသမီး ဖြစ်၏။ ထိုအခါ ဂျာမန်ကြီးက အင်္ဂလိပ်လို ရှင်းပြပေးပါသည်။ သူက အင်္ဂလိပ်လို လည်းကောင်းကောင်းပြောနိုင်သည်။ ဂျာမန်ကြီးအား မြန်မာတွေကို ကူညီနေတယ်ဆိုတော့ မြန်မာပြည်ကို ရောက်ဘူးသလားမေးကြည့်တော့ မြန်မာနိုင်ငံကိုတော့ သူမရောက်ဖူးဘူး။ အိန္ဒိယနှင့် နီပေါလ် နိုင်ငံတွေကို မကြာခဏရောက်တယ်။ အဲဒီနိုင်ငံတွေမှာ ဗုဒ္ဓဘာသာကို လေ့လာခဲ့တယ်ဟု ရှင်းပြပါသည်။
ကျနော်တို့ အဖွဲ့တွင် ဖရန့်ဖတ်မြို့ကို အခြားမြို့မှ ပြောင်းလာတာ မကြာသေးသည့် လူငယ် ၂ ဦးလည်း ပါလာသည်။ သူတို့အား မြန်မာနိုင်ငံမှ ဂျာမနီ ရောက်လာပုံ၊ နေထိုင်ခွင့်အတွက် အင်တာဗျူးဝင်ရပုံ၊ ဖရန့်ဖတ်ရောက် ရွှေတို့၏ မည်သို့ နေထိုင် လုပ်ကိုင်စားသောက်ပုံတို့ကို မေးမြန်းကြည့်မိသည်။ သူတို့ ပြောပြသည်များ၊ ဗုဒ္ဓသာသနရံသီ ကျောင်းတော်ဖွင့်ပွဲ အခန်းအနားကျင်းပခြင်းနှင့် အခန်းအနားအပြီး ရွှေမန်းသဘင် ဖျော်ဖြေသည့် အကြောင်းများကိုတော့ နောက်တင်သည့် ပို့စ်များတွင် အလျှင်းသင့်သလို တင်ပြပေးသွားပါမည် ခင်ဗျား ။ ။

| Frankfurt |
Friday, August 8, 2008
(၈) ပြည်တွင်းစစ်နှင့် ရှင်သေမင်း (ကြေးမုံဦးသောင်း)
၁၉၂၇ ခုနှစ်က မြန်မာနိုင်ငံသို့ ကွန်မြူနစ်ဝါဒ မျိုးစေ့ရောက်ရှိခဲ့၏။ စတင်ပျိုးထောင်ခဲ့သူမှာ ဟင်္သာတမှ မြေပိုင်ရှင်တဦး၏သား ကိုကျော်ဦးဆိုသူ ဖြစ်သည်။ အင်္ဂလန်သို့ သွားကာ ဥပဒေပညာသင်ကြားရာမှ ၀တ်လုံ ဦးကျော်ဦးဖြစ် ပြန်လာစဉ်က ဥရောပတွင် ခေတ်စားနေသော ၀ါဒကို ယူဆောင်လာခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီကိုမူ ၁၉၃၉ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့တွင် စတင်တည်ထောင်သည်။ ဗသိန်း၊ သိန်းဖေ၊ လှဖေတို့ ပါဝင်ပြီး အောင်ဆန်းက အတွင်ရေးမှူး၊ ထိုမှ ကြီးထွားလာသော ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၄၆ ခု၊ မတ်လ ညီလာခံတွင် သခင်သန်းထွန်း၊ သခင်သိန်းဖေတို့ တက်လာပြီး အတွင်းရေးမှူး သခင်စိုးနှင့် အုပ်စုအား ပါတီမှ ထုတ်ပယ်လိုက်ရာမှ ကွန်မြူနစ်ပါတီဗမာပြည်ဟု အမည်သစ်နှင့် စတင်တည်ထောင်ခဲ့ကြသည်။ ပါတီ အသစ်က အလံနီပါတီဟု ကြေညာသဖြင့် မူလရှိရင်းစွဲပါတီကို အလံဖြူပါတီဟု ဗမာ့ခေတ်သတင်းစာက ကင်ပွန်းတပ်သောကြောင့် နစ်ဖြူ၊ နစ်နီ စသည်ဖြင့် အမည်တွင်ကြရလေတော့သည်။
ထိုအချိန်က ပါတီနှစ်ခုစလုံးတို့က အင်္ဂလိပ်တို့ကို လက်နက်ကိုင်တိုက်ခိုက်သော တော်လှန်ရေးလမ်းစဉ်နှင့် တိုက်မှသာ ဗမာ့လွတ်လပ်ရေးကို ရရှိနိုင်မည်ဟု ယုံကြည်လုပ်ဆောင်ခဲ့ကြသည်။ သခင်သန်းထွန်း ခေါင်းဆောင်သော အလံဖြူပါတီက အလံနီတို့ထက် များစွာ အင်အားကြီးမားသည်။
ဖဆပလအဖွဲ့ကြီးက ဒီမိုကရေစီနည်းနှင့် လှုပ်ရှားပြီး အင်္ဂလိပ်တို့နှင့် စေ့စပ်ဆွေးနွေး၍ လွတ်လပ်ရေးကို အရယူ နိုင်ခဲ့ကာ လွတ်လပ်သော သမ္မတနိုင်ငံသစ်ကို တရားဝင်ထူထောင်နိုင်ခဲ့ကြသည်ကို သူတို့က လက်မခံ။ လွတ်လပ်ရေး အတုအယောင်သာဖြစ်သည်ဟု ဝေဖန်တိုက်ခိုက်နေကြသည်။
ကံဆိုးသည်ဟု ဆိုရပေမည်။ အမေရိကန်အုပ်စုနှင့် ရုရှအုပ်စုတို့ ပြင်းထန်းစွာ တိုက်ခိုက်ကြသော စစ်အေး တိုက်ပွဲကြီးသည် မြန်မာပြည် စစ်မြေပြင်တွင် ၀င်ရောက်လာကာ တိုက်ကြသည်ကို ခံခဲ့ရပေသည်။
မြန်မာ့လွတ်လပ်ရေးနှင့် ပတ်သက်၍ မြန်မာလူထု၏ တောင်းဆိုချက်များ မပါရှိပေ။ “ဖဆပလအစိုးရက လက်ဝဲအင်အားစုကို ဖယ်ထုတ်ကာ အလုပ်သမားလူတန်းစား ပစ္စည်းမဲ့ များကို ဖမ်းးဆီးနေလေပြီ” စသည်ဖြင့် မော်စကို ရေဒီယိုက စတင်ဝေဖန်စပြုလာသောအခါတွင် နစ်တို့အဖို့ သူတို့ကိုးကွယ်သော ရုရှနိုင်ငံကြီးက သူတို့ကို ထောက်ခံပြီဟု သိရသဖြင့် မိမိတို့ လမ်းစဉ်မှန်ကန်သည်ဟု အားတက်သွားကြသည်။ ဂျပန်ကို တော်လှန်စဉ်က လက်နက်များကို ရရှိထားသည့် လယ်သမားလူတန်းစားက တကယ့်လွတ်လပ်ရေးကို တောင်းဆိုနေလေပြီဟု မော်စကိုက အသံလွှင့်သွေးထိုးသဖြင့် မြန်မာကွန်မြူနစ်များတို့ စိတ်ဓာတ်များ တက်ကြွလာကြသည်။ ဖဆပလခေါင်းဆောင်များကလည်း ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ချမှတ်လုပ်ဆောင် နေပါလျက် အပြစ်တင်သည်ကို မခံမရပ်နိုင်ဖြစ်ကာ လက်ဝဲ၀ါဒကို ဆန့်ကျင်ကြတော့သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တည်ထောင်ပြီး (၈၂) ရက်မြောက်နေ့တွင် စစ်မီးစတင် တောက်လောင် တော့သည်။ ၁၉၄၈ ခု၊ မတ်လ (၂၇) ရက် မြန်မာလူထု၏ တော်လှန်ရေးနေ့ အစည်းအဝေးကို နေရာ (၂) ခုတွင် စင်ပြိုင် ကျင်းပခဲ့ကြသည်။
“ဗားကရာချောက်ကြီးကို ဆိုရှယ်လစ် ဖဆပလတို့ရဲ့ အရိုးတွေနဲ့ ပို့မယ်ဟေ့” ဟု အလံဖြူကွန်မြူနစ် ခေါင်းဆောင် သခင်သန်းထွန်းက ကြေညာသည်။ ဖဆဆိုရှယ်တို့ကလည်း အညံ့မခံ၊ ထိုကဲ့သို့ပင် ပြင်းထန်သော စကားလုံးများနှင့် တိုက်ခဲ့လေသည်။ တင်မောင်တို့ သတင်းထောက်များအဖို့ အစည်းအဝေး (၂) ခုစလုံးကို တက်ရောက်လေရာ ခေါင်းဆောင်များသာမက အစည်းအဝေး (၂) ခုစလုံးတွင် တက်ရောက်သူ ကြီးမားသော လူထုကြီးများက ဒေါသအမျက် တချောင်းချောင်းထွက်နေသည်ကို မြင်တွေ့ကြရသောကြောင့် တုန်လှုပ်ချောက်ချားမိပါ၏။
နောက်တနေ့ မတ်လ (၂၈) ရက်နေ့ နံနက် (၁၀)နာရီတွင် စမ်းချောင်းတွင်ရှိသော ဗမာပြည်ကွန်မြူနစ် ဌာနချုပ် ကို ပုလိပ်တပ်နှင့် ၀ိုင်းပြီး ကွန်မြူနစ်များကို ဖမ်းဆီးလေတော့သည်။ တဦးတယောက်မှ မမိလိုက်ပါချေ။ သတင်း ကို တင်ကြိုရကြပြီး ဖြစ်သဖြင့် ပုလိပ်များ မရောက်မီကပင် တောခိုသွားကြလေပြီ။
မူလက တောထဲရောက်နေနှင့်သော အလံနီတို့ထက် အင်အားများစွာ ကြီးမားသည့် အလံဖြူတို့ တောခိုသွား သော အခါတွင် ဗမာ့တပ်မတော်လည်း ကွဲအက်သွားသည်။ တပ်ရင်း (၄) ခုရှိသည့် အနက် တပ်ရင်း (၂) က တောခိုကြလေသည်။ အချိန်အနည်းငယ်အတွင်းတွင် အင်အား (၁၅၀၀၀) ရှိသော အလံဖြူလက်နက်ကိုင် သူပုန်တပ်ကြီး ဖြစ်လာလေတော့၏။ တဖန် ရဲဘော်ဖြူတို့ကလည်း တောခိုကြပြန်သည်။
နိုင်ငံ၏ အခြေအနေအရ မယ်ရွေးပွဲ၊ ဘောလုံးပွဲ၊ နိုင်ငံရေးစည်းဝေးပွဲ … စသည့် သတင်းများကို ထောက်လှမ်း နေကြရသော တင်မောင်တို့ သတင်းထောက်များအဖို့ စစ်သတင်းထောက်များအဖြစ် ပြောင်းလဲကြရတော့ လေသည်။
ရုတ်တရက် ဘ၀ပြောင်းရသောအခါတွင် တင်မောင်အဖို့ သတင်းစာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် သင့်၏၊ မသင့်၏ သံသယပင် ဖြစ်မိပါတော့သည်။ အဘယ့်ကြောင့်ဟူမူ တင်မောင်လိုက်ရသော သတင်းများတို့မှာ လူသတ်သတင်းများသာ ဖြစ်နေသဖြင့် ဖြစ်၏။ လူဆိုး၊ ဓားပြ ထကြွနေသော ထိုအချိန်က သေဒဏ်ပေးခံရ သော ဓားပြ လူဆိုးများကို အားကစားကွင်းများတွင် ကွပ်မျက်လေသည်။ အရပ်သားလူထုကို ဖိတ်ကြားပြီး လူထုရှေ့ ၌ သတ်ဖြတ်လေသည်။ တရားခံကို ထုတ်လာပြီး မျက်နှာကို ခေါင်းစွပ်ဖုံးကာ ကွင်းလယ်ရှိ တိုင်တွင် ကြိုးနှင့်ချည်ပြီး အထူးစစ်တပ်က ပစ်သတ်သည်ကို သတင်းထောက်များအဖို့ မိမိတို့ ကြိုက်ရာ ရှုထောင့်က ဓာတ်ပုံရိုက်ခွင့် ပြုလေ့ရှိသည်။
တင်မောင်နှင့် သက်တူရွယ်တူ သတင်းထောက်ကလေးများက လက်စွမ်းပြကြရာတွင် တရားခံကိုယ်ခန္ဓာကို ကျည်ဆံထိချိန် အခိုက်အတန့်တွင်မှ ဓာတ်ပုံရိုက်နိုင်ရန် ပြိုင်ကြလေ့ရှိသည်။ “င့ါပုံက ကျည်ဆံဝင်ပြီး လိပ်ပြာ ထွက်သွားတာကိုတောင် မြင်ရတယ်ကွ” ဟု ကြွားဝါသူလည်းရှိသည်။ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် အင်္ဂလိပ်စစ်ဗိုလ်ကြီးတဦးက သေဒဏ်ပေးအံ့ဆဲဆဲ မြန်မာသူပုန်များ၏ မျက်နှာတည့်တည့်တွင် ကင်မရာ ချိန်ထားပြီး ကျည်ဆံလာသောအခါ၊ ကျည်ဆံထိသောအခါတို့၌ မျက်နှာထား ပြောင်းလဲသည့် ခံစားချက်များကို ဓာတ်ပုံရိုက်လေ့ရှိသည်။ ရက်စက်ရိုင်းစိုင်းပေသည်ဟု လန်ဒန်တိုင်းမ်သတင်းစာက ဝေဖန်သောကြောင့် ဗြိတိသျှ ပါလီမန်တွင် ဝေဖန်ဆွေးနွေးကြသည်ကို သတိရမိလေသည်။
တင်မောင်အဖို့ တရားခံကို မျက်နှာဖုံးအိတ်မစွပ်မီ အခိုက်အတန့် သေရအံ့မူးမူး အချိန်ပိုင်းကလေးတွင် လူ့လောက ကြီးအား နောက်ဆုံးကြည့်ရှာသော မျက်လုံးပြောင်ကြီးများက ခြောက်လှန့်နေသောကြောင့် အိပ် မပျော်သော ညများက များပြားလှပါတော့သည်။ သေခြင်းတရားကို အမြဲမြင်နေရပြန်သည်။ ထိုအချိန်တွင် ကရင်အမျိုးသားများ၏ ပြဿနာနှင့် အခွင့်အရေးများကို ဆွေးနွေးနေသော ဆွေးနွေးပွဲများလည်း ပျက်ရပြန် လေသည်။ ၁၉၄၂ ခုနှစ် စစ်အတွင်းက ဗမာ့လွတ်မြောက်ရေး တပ်မတော် ဗိုလ်တဦးက ၀န်ကြီးဟောင်းနှင့် မိသားစု အပါအ၀င် ကရင်ရွာတရွာလုံး သတ်ဖြတ်ခဲ့သည်က စတင်ကာ ကရင်-ဗမာ သွေးကွဲခဲ့ရလေသည်။ အမှန်စင်စစ်မှာ ဂျပန်စစ်ဗိုလ်ကြီးများ၏ အမိန့်အရ သတ်ဖြတ်ခဲ့သည် ဖြစ်၏။
၁၉၄၉ ခု၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် တပ်မတော်သေနာပတိ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းနှင့် ကရင်စစ်ဗိုလ်ကြီး များကို တာဝန်မှ အနားယူစေသည်။ ဗိုလ်ချုပ်နေ၀င်းက တပ်မတော်သေနာပတိ ဖြစ်လာသည်။ ရက်မဆိုင်းဘဲ နောက်တနေ့တွင်ပင် ရန်ကုန် အလုံရပ်ကွက်တွင်ရှိသော ကရင်ရွာသားများကို စစ်တပ်က၀ိုင်းပြီး လက်နက် ရှာဖွေရာမှ သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်။ အိမ်အချို့ မီးလောင်ကြသော်လည်း စစ်တပ်က မီးသတ်ကားများ ၀င်ခွင့်မပြုဟု သိရသည်။
သတင်းထောက်များကို ၀င်ခွင့်ပြုချိန်တွင် အလောင်းများကို မဖယ်ရသေးပေ။ သေကြရရှာသူများမှာ အရပ်သား ကရင်အမျိုးသားများ ဖြစ်ပြီး၊ အရှောင်အတိမ်း မကျင်လည်သော ကလေးများနှင့် အမျိုးသမီးများက ပိုမို များပြားသည်။
တင်မောင်သည် ကရင်ဒုံးယိမ်းကို များစွာ ကြိုက်သူဖြစ်သည်။ သွက်လက်သန်မာသော ကရင်အမျိုးသမီး ကလေးများက ပ၀ါများကို အရှိန်လျင်မြန်စွာ ဝှေ့ယမ်းပြီး ကပြသော အကနှင့် သွက်လက်သော တေးဂီတတို့ကို များစွာ နှစ်သက်သည်။ လူငယ်ပီပီ စိတ်ကူးယဉ်မိသည်လည်း ရှိသည်။ မေးရိုးကားကား၊ ကိုယ်ထည်ဖွံ့ဖွံ့ ကရင် မလေးများ၏ ရုပ်သွင်ကို မြတ်နိုးခဲ့သည်။ အလုံရပ်ကွက်၌ တင်မောင်စိတ်ကူးယဉ်လေ့ရှိသူ ကလေးများ သေကျေနေပုံကို မြင်ရသည်။ ဓာတ်ပုံရိုက်ရသောအခါတွင် မိမိတာဝန် ၀တ္တရားကို ဆောင်ရွက်နိုင်ရန် စိတ်ကို ထိန်းထားရသည်။ သူတပါးတို့ သေကြသည်ကို သတင်းယူရင်း ရှင်သေမင်းက ပုခုံးကို လာပုတ်ပြီး “ဟေ့… မောင်ရင်လည်း လိုက်ခဲ့ပါလား” ဟု ဖိတ်ခေါ်သည်ကိုလည်း လွတ်အောင်ရှောင်ခဲ့ရသေးသည်။
အင်းစိန်စော်ဘွားကြီးကုန်းကို ကရင်တို့လက်မှ အစိုးရတပ်က ပြန်လည်သိမ်းသောနေ့က တင်မောင်တို့ သတင်းထောက်တစုတို့သည် ဗမာ့ခေတ်က ထရပ်ကားနှင့် သွားရောက်ကာ ဓာတ်ပုံရိုက်ကြသည်။ အပြန်တော လမ်းတွင် တင်မောင်တို့ ကားဆီသို့ စိန်ပြောင်းကျည်တလုံး လိုက်လာပြီး ကားနှင့် မလှမ်းမကမ်းတွင် ပေါက်ကွဲ ရာ ကားဆရာက လမ်းဘေးထိုးရပ်လိုက်လေသည်။
တင်မောင်တို့တတွေအဖို့ စိတ်က မည်သို့မှ မသိသေးစဉ်တွင် ခန္ဓာကိုယ်က ကားပေါ်မှ ဆင်းပြေးပြီး လမ်းဘေး မြောင်းထဲတွင် ၀ပ်ချပြီးသွားဖြစ်သွားသည်။ များစွာ မြန်ဆန်ကြသည်။ နောက်ထပ်ကျည်ဆံ တလုံးလာသော အခါတွင် ကားကို ထိတော့လေသည်။ အမိုးတွင် တပေအကျယ်ခန့် ပေါက်သွားပြီး တင်မောင်တို့ ထိုင်သော ခုံများကိုပါ ထိမှန်သည်။ အချိန်မည်မျှ ကြာသည်မသိ ၀ပ်နေကြရသည်။ ကျည်ဆံများ ရပ်စဲသွားသော အခါတွင် လည်း တင်မောင်တို့ လူစုက မြောင်းထဲမှာ ရှိနေကာ မည်သူမှ ကားပေါ် ပြန်မတက်ကြသောကြောင့် အနီးအနားတွင် ရှိသော စစ်သားများက သတင်းထောက်သတ္တိခဲကြီးများတို့ကို လှောင်ပြောင်ကြတော့မှ ကားပေါ် ပြန်တက်ခဲ့ကြသည်။ တင်မောင်အဖို့ ပုခုံးတဘက်နာသွား၏။
အကယ်၍သာ ကားပေါ်၌ မိမိရှိနေစဉ်အခိုက်တွင် ကျည်သင့်ခဲ့လျှင်ဟု တွေးတောမိသောအခါတို့တွင် မိမိ၏ ဘ၀နှင့် သတင်းထောက်အလုပ်ကို သံသယဖြစ်ခဲ့မိလေသည်။ ရှင်သေမင်းနှင့် နီးကပ်သည်ဟု ဆိုရစေကာမူ နိုင်ငံရေး၊ လူမှုရေး သတင်းများတွင် မိမိတွေ့သိသည့်အတိုင်း ယုံကြည်ရာကို ရေးခွင့်ရသော အခွင့်အရေးကို တသက်လုံး မစွန့်လွှတ်ခဲ့ပါပေ။ ။

Sunday, August 3, 2008
မိုဘိုင်းဖုန်းဖြင့် ဘလော့ ဖတ်နည်း
ခေါင်းစဉ်ကို ကြည့်ပြီး နိဿရည်းတွေရေးနေတဲ့ နည်းပညာဆရာကြီးလို့ မထင်လိုက်ပါနဲ့။ ကိုယ့်ဟာကိုယ် စမ်းသပ်သုံးစွဲပြီး အဆင်ပြေနေတာလေး လက်ဆင့်ကမ်းလိုက်တာပါ။ ကျနော် အခုအသုံးနေတဲ့ မိုဘိုင်း ဖုန်းမှာ Adobe Reader ပါပါတယ်။ ပီဒီအက်ဖ် ဖိုင်နဲ့ မြန်မာအီးဘွတ်ခ်တွေ ဖွင့်ဖတ်ကြည့်တော့ မြန်မာလို ပေါ်ပေမယ့် ဟန်ဖုန်းရဲ့ Screen က သေးတာမို့ ဖတ်ရတာ အဆင်မပြေပါဘူး။ ကွန်ပြူတာထက်စာရင် ဖုန်းက သွားလေရာ အမြဲပါနေတတ်တာမို့ ဟန်းဖုန်းနဲ့ ဘလော့တွေဖတ်လို့ရရင် အတိုင်းထက်အလွန်ပဲလို့ စဉ်းစားမိပါတယ်။ အဲဒီကတဆင့် ဖုန်းမှာဖတ်လို့ရမယ့် PDB format တခု လုပ်ဖို့ အကြံရပါတယ်။ ပထမဦးစွာ ကိုယ်ဖတ်ချင်တဲ့ ဘလော့က စာတွေကို ကူးယူပြီး MS Word မှာ Paste လုပ်ပါတယ်။ အဲဒီစာတွေကို Select all လုပ်ထားပြီး Page Layout မှာ ကော်လံကို ၃ ခုရအောင် လုပ်လိုက်ပါတယ်။ ပြီးတော့ တဆက်တည်း ဖောင့်ကိုပါ ဇော်ဂျီဝမ်း ပြောင်းထားလိုက်တယ်ပေါ့။ တချို့ပို့စ်တွေက ဓါတ်ပုံတွေ ပါလာတတ်တော့ MS Word ထဲရောက်ရင် ပုံတွေကို Delete လုပ်ရင်လုပ် ဒါမှမဟုတ်လည်း ကော်လံအရွယ်အစားနဲ့ကိုက်ညီအောင် ညှိပေးပါ။
အားလုံးအိုကေပြီးတဲ့နောက် Save as မှာ ပီဒီအက်ဖ် ဖိုင်အနေနဲ့ သိမ်းလိုက်မယ်ဆိုရင် မိုဘိုင်းနဲ့ဖတ်လို့ရမယ့် ဖော်မက် တခု ဖြစ်သွားပါပြီ ဆိုတဲ့ အကြောင်း လက်တို့လိုက်ရပါတယ်ခင်ဗျား။
မှတ်ချက် ။ ။ MS Word ကနေ ပီဒီအက်ဖ်လုပ်တဲ့ software မရှိသေးရင် ကိုညီလင်းဆက် ရဲ့ ဘလော့မှာ သွားယူလို့ရပါတယ်။ အဲဒီမှာ ဘယ်လိုသုံးရသလဲ ဆိုတာပါ ရှင်းပြပေးထားပါတယ်။ လင့်ခ်က ဒီမှာပါ။ http://nyilynnseck.blogspot.com/2008/01/office-2007-pdf.html

Sunday, July 27, 2008
(၇) ပြည်တွင်းစစ်မီးကြီးစတင်တောက်လောင်ခြင်း (ကြေးမုံဦးသောင်း)
မြန်မာနိုင်ငံတွင် ယနေ့အထိ တောက်လောက်နေသော ပြည်တွင်းစစ်မီးကြီးကို စတင်ပြီး မီးရှို့ ခဲ့သူမှာ နိုင်ငံရေး အစွန်းထွက်ပြီး များစွာ အယူသည်းသူ အလံနီကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင်စိုး ဖြစ်သည်။
ကမ္ဘာစစ်ဦးကာလကမူ အင်္ဂလိပ်အစိုးရ၏ အကျဉ်းသားအဖြစ် မြင်းခြံထောင်တွင် ထောင်နန်းစံနေသူ ဖြစ်ပါ လျက် “အခုဖြစ်ပေါ်နေတဲ့ ကမ္ဘာစစ်ကြီးမှာ ဖက်ဆစ်အင်အားစုနှင့် ဒီမိုကရေစီအားအင်တို့ ရင်ဆိုင်တိုက်ကြရ သည်သာ ဖြစ်သောကြောင့် မြန်မာများ ဒီမိုကရေစီ အင်္ဂလိပ်အစိုးရကို ကူညီကြပါစို့” ဟု နိုင်ငံရေး စစ်တမ်း ထုတ်ခဲ့သည်။ ဂျပန်ကို အကူအညီမပေးကြရန် လမ်းစဉ်ချမှတ်ပြီး ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက် ရေး အဖွဲ့ကြီးကို ၁၉၄၁ ခုနှစ်က မျိုးစေ့ချ တည်ထောင်ခဲ့သည်။
ဂျပန်စစ်တပ်နှင့် ပူးပေါင်းပြီး အင်္ဂလိပ်တို့ကို တိုက်ခိုက်နေကြသူတို့လည်း စိုးကြီး၏ ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို လက်ခံအားပေးခဲ့သဖြင့် ဖဆပလအဖွဲ့ချုပ်ကြီး ပေါ်ထွန်းလာခဲ့သည်။ စိုးက နိုင်ငံရေးခေါင်း ဆောင်၊ ဗိုလ်ချုပ်အောင်ဆန်းက စစ်ခေါင်းဆောင်အဖြစ် တာဝန်ယူကာ လှုပ်ရှားခဲ့ကြသည်။
စစ်ကြီးပြီးသွားသောအခါတွင် ဖဆပလအဖွဲ့ကြီးသည် ကြီးမားသော နိုင်ငံရေးတပ်ပေါင်းစုကြီးအဖြစ် လွတ်လပ် ရေးတိုက်ပွဲကို ဆက်လက်တိုက်ခဲ့ကြသည်။ ဒီမိုကရေစီနည်းကို အသုံးပြုပြီး အင်္ဂလိပ်အစိုးရထံ လွတ်လပ်ရေး ဈေးဆစ်ခဲ့ကြသည်။ ခက်သည်မှာ သခင်စိုးက အင်္ဂလိပ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးတောင်းဆိုသော လမ်းစဉ်ကို မယုံကြည်၊ လက်နက်နှင့် တော်လှန်ခြားနားမှသာ စစ်မှန်သည့် လွတ်လပ်ရေးကို ရရှိနိုင်မည်ဟု သူက ယူဆသည်။
ပြင်းထန်တင်းမာသော သူ၏ အယူအဆများ လက်မခံနိုင်ကြသဖြင့် သခင်စိုးကို ကွန်မြူနစ်ပါတီကရော၊ ဖဆပလ အဖွဲ့ချုပ်ကပါ ထုတ်ပယ်ခဲ့ကြသည်။ သူက ငြိမ်ခံသူမဟုတ်၊ အလံနီ ကွန်မြူနစ်ပါတီအမည်နှင့် စင်ပြိုင် ပါတီတရပ် တည်ထောင်ပြီး မြန်မာ့နိုင်ငံရေးလောကတခုလုံး ခလောက်ဆန်အောင် ပြင်းထန်စွာ လှုပ်ရှားခဲ့လေ သည်။
အိုးအိမ်မဲ့များအဖို့ တွေ့ရာ၊ မြင်ရာ မြေကွက်မှာ နေပိုင်ခွင့်ရှိသည်ဟု ဆိုကာ အစိုးရပိုင် မြေကွက်များနှင့် ပိုင်ရှင် ရှိသော အခြားမြေကွက်များတွင် သူကိုယ်တိုင် တူရွင်းတချောင်းနှင့် တွင်းတူး၊ တိုင်စိုက်ပြီး တဲများ ဆောက် ပေးခဲ့သည်။ အလံနီပါတီက ဦးစီးကာ ရန်ကုန်မြို့လယ်တွင် ပစ္စည်းမဲ့တို့၏ ရပ်ကွက်များ တည်ထောင်ပေးခဲ့ သည်။ နယ်ချဲ့အစိုးရနှင့် လက်ပါးစေများသည် ပစ္စည်းမဲ့လူတန်းစားကို မုချအရှုံးပေးစေရမည်ဟု သခင်စိုးက ကြွေးကြော်ပြီး တည်ဆောက်သော ရပ်ကွက်မှာ အလံပြဘုရားလမ်းမှ မင်းမနိုင်ရပ်ကွက်ဖြစ်လေသည်။ ဖဆပလ ရပ်ကွက်၊နောက်အစိုးရက ဆောက်သော ဖဆပလ တိုက်တန်းမှာလည်း သခင်စိုး၏ တူရွင်းဖျားမှ ပေါ်လာ ခဲ့လေသည်။
အိုးမဲ့အိမ်မဲ့ ပြဿနာမှ အလုပ်သမားပြဿနာအထိ ပြဿနာအ၀၀ကို အလံနီကွန်မြူနစ်ပါတီက ၀င်ရောက် ဖြေရှင်းလေ့ရှိသဖြင့် ထိုအချိန်က နေ့စဉ်သတင်းစာတို့တွင် မည်သည့်ရုံး၊ မည်သည့်ဆိုင်ကို အလံနီဝိုင်းခြင်း စသော သတင်းများကို နေ့စဉ် သတင်းစာတို့တွင် အထပ်ထပ် ဖတ်ရှုနေကြရသည်။
တနေ့တွင် ခေါင်းဆောင်ကြီး သခင်စိုးက နောက်မယားယူသဖြင့် မယားကြီးဖြစ်သူ ဒေါ်ခင်စီက (၃၃) လမ်းရှိ အလံနီဌာနချုပ်သို့ သွားကာ ရန်တွေ့လေသည်။ ထိုသတင်းကို ဗမာ့ခေတ်သတင်းစာက ဟာသပြုကာ ခေါင်းစဉ် တပ်သည်မှာ ပွဲကျသွားခဲ့လေသည်။ ဗမာ့ခေတ်၏ သတင်းခေါင်းစဉ်မှာ “အလံနီဌာနချုပ်ကို ဒေါ်ခင်စီ ၀ိုင်းခြင်း” ဟူ၏။
ဖဆပလအဖွဲ့ကြီးက ဆွေးနွေးဈေးဆစ်နေကြချိန်တွင် စိုးကြီးက မင်းမဲ့တိုက်ပွဲများ ဆင်နွှဲနေသောကြောင့် ဖဆပလ အစိုးရပင် ဖြစ်စေကာမူ အင်္ဂလိပ်အစိုးရအဖို့ ပိုမိုအလုပ်များရလေသည်။ ဖဆပလနှင့် အင်္ဂလိပ်အစိုးရ တို့ ဆွေးနွေးမှုတွင်လည်း မြန်မာဘက်မှ အထောက်အကူ ရခဲ့လေသည်။ အလံနီတို့က ရန်ကုန်တမြို့လုံးတွင် တဲဆောက်ပွဲများ ဆန္ဒပြပွဲများ ဆက်တိုက် ကျင်းပလာရာမှ တနေ့တွင် “အင်္ဂလိပ်တို့၏ အုပ်ချုပ်မှု စက်ယန္တရား ကြီးကို အသက်အသေခံပြီး ရပ်ဆိုင်းကြမည်” ဟု ကြွေးကြော်ပြီး အတွင်းဝန်များရုံးကို ၀ိုင်းကြလေတော့သည်။ “သေရဲတာ အလံနီဟေ့” ဟု အော်ဟစ်ပြီး အတွင်းဝန်ရုံးကို ၀ိုင်းပြီး ဆန္ဒပြကြသည်။ အလံနီတို့အား ပုလိပ်များ က မီးသတ်ရေပိုက်များနှင့် လူစုခွဲကြရလေသည်။ ပွဲကြည့်ပရိသတ်က “ရေရွှဲတာ အလံနီဟေ့” ဟု အော်ဟစ် လှောင်ပြောင်ရင်း အားပေးကြ၏။ ဘေးလူများအဖို့ အန္တရာယ်မရှိသောကြောင့် ဒီမိုကရေစီခေတ်က ဆန္ဒပြပွဲ များကို လူထုက ၀ိုင်းကြည့်လေ့ရှိကြသည်။ ရယ်ကြ၊ မောကြ၊ လက်ခုပ်လက်ဝါးတီးကြနှင့် အားပေးလေ့ရှိကြ သည်။ ရန်ကုန်လူထုအဖို့ ပျော်ပွဲရွှင်ပွဲ တမျိုးပင်။
အလံနီများ သောင်းကျန်းလွန်းသဖြင့် ထိုနေ့တွင်ပင် အလံနီပါတီကို အစိုးရက မတရားအသင်း ကြေညာပြီး ခေါင်းဆောင်များကို လိုက်လံဖမ်းဆီးတော့သည်။ စိုးကြီးနှင့် အလံနီများတို့သည် အပြေးကလည်း ကောင်းပေ သည်။ အတွင်းဝန်များရုံးမှ တပ်ခေါက်ပြီး ရွှေတိဂုံကုန်းတော်ပေါ်အရောက် ပြေးနိုင်ကြသည်။
စေတီတော်၏ အရိပ်ကို ခိုမိကြသည်နှင့် တပြိုင်နက် ဘေးမဲ့သတ္တ၀ါများ ဖြစ်သွားကြတော့သည်။ ဒီမိုကရေစီ ခေတ်က အစိုးရတို့သည် သာသနာတော်ကို ရိုသေပြီး လူ့အခွင့်အရေးကို တင်းပြည့်ကျပ်ပြည့် ပေးလေသဖြင့် ကုန်းတော်ပေါ်သို့ တက်ပြီး ဖမ်းလေ့ဆီးလေ့ မရှိစေကာမူ နိုင်ငံတော်အစိုးရက မတရားသင်းကြေညာထားသဖြင့် သခင်စိုးနှင့် နောက်လိုက်များကို ဖမ်းဆီးရန် ကုန်းတော်ပေါ် ခြေတော်ရင်းတွင် ပုလိပ်တပ်များ တပ်စွဲပြီး ၀ိုင်းထား ကြပါလေသည်။ မုခ်ကြီးလေးမုခ်တွင် ပုလိပ်စခန်းဖွင့်ပြီး ဆင်းသူတက်သူများကို စစ်ဆေးနေလေသည်။
ထိုအချိန်က တင်မောင်၏ တာဝန်မှာ မတရားသင်းခေါင်းဆောင်ကြီး ဆင်းလာသဖြင့် ဖမ်းမိလျှင် သတင်းဓာတ်ပုံ ရိုက်ပြီး သတင်းယူရန် ဖြစ်သည်။ စိုးကြီးဆင်းလာမည်ဟု ယူဆသော စောင်းတန်း၌ ပုလိပ်အရာရှိများနှင့်အတူ စခန်းချပြီး ပုလိပ်မင်းရော၊ သတင်းထောက်များပါ မအိပ်မနေ လူလဲနှင့် စောင့်ခဲ့ကြရသည်။ (၅) ရက်တိုင်တိုင် ဆက်တိုက်စောင့်ကြရာတွင် တရုတ်ကဲ့သို့ ၀တ်ဆင်ကာ ဆင်းလာသူ တတိယတန်းခေါင်းဆောင် (၂) ဦးကို ဖမ်းမိသည့် သတင်းသာ ရေးနိုင်ခဲ့သည်။
(၆) ရက်မြောက်သောနေ့ နံနက်တွင်မူ သခင်စိုး လွတ်သွားပြီဟု သတင်းထူးကြီးကို တင်မောင်တို့ ဗမာ့ခေတ် သတင်းစာတွင် ဖော်ပြလိုက်လေသည်။ သခင်စိုးကြီး ခေါင်းတုံးတုံးပြီး စကောတချပ်ကို ရွက်ကာ မယ်သီလရှင် အသွင်နှင့် ၀တ်ဆင်ပြီး ဆင်းခဲ့သည်ကို ပုလိပ်များနှင့်တကွ သတင်းထောက်များပါ မသိလိုက်ကြဟု အသေး စိတ် ဖွဲ့နွဲ့ပြီး ရေးသားထားသည်။ ပုလိပ်များရော၊ သတင်းထောက်များကပါ စိတ်ဓာတ်ကျသွားတော့ကာ အထက်အမိန့်အရ ပုလိပ်တပ်များ ရုပ်သိမ်း သွားတော့သည်။
ထိုသတင်းသည် သတင်းမှန်မဟုတ်။ အယ်ဒီတာချုပ် ဦးအုန်းခင်က စိတ်ကူးနှင့် ဖန်တီးရေးသားသည်ဟု နောက် မှ သိကြရသည်။ သတင်းလိမ်ကြောင့် ပုလိပ်များ ရုပ်သိမ်းသွားတော့မှ စိုးကြီးနှင့် အဖွဲ့တို့သည် ကုန်းတော်ပေါ်က လွယ်ကူစွာ ဆင်းပြေးနိုင်ခဲ့သည်။
ဦးအုန်းခင်နှင့်တကွ ဗမာ့ခေတ်သတင်းစာတို့သည် ကွန်မြူနစ်ဝါဒကို လက်မခံဟု အတိအလင်း ကြေညာပြီး လက်ဝဲဆန့်ကျင်ရေးကို ရေးသားနေသော သတင်းစာဖြစ်သော်လည်း ဦးအုန်းခင်နှင့် သခင်စိုးတို့သည် များစွာ ရင်းနှီးသည့် မိတ်ဆွေများ ဖြစ်ကြသည်က တကြောင်း၊ အလံနီတို့ ဇွဲ၊ သတ္တိကို လေးစားသည်က တကြောင်းတို့ ကြောင့် တတ်နိုင်သမျှ ကူညီလေ့ရှိသည်။ အလံနီခေါင်းဆောင်များသည် အဖမ်းခံရလျှင် အစာငတ်ခံ တိုက်ပွဲ ကို ဆင်နွှဲလေ့ရှိသည်။ သူတို့ထောင်ထဲမှာ သေလေမည်ကို အစိုးရက စိုးရိမ်သောကြောင့် တိုက်ပွဲဝင် အလံနီများ အားအင် အထူးဆုတ်ယုတ်နေချိန်တို့၌ နံနက်စောစောတို့တွင် ထောင်ပြင်ပလက်ဖောင်းများပေါ် စွန့်ပစ်ထားလေ့ ရှိသည်။ အဖမ်းခံရသူ အလံနီများနှင့် ထောင်ဆရာဝန်တွေပါ ပြင်ပလောကနှင့် အချိတ်အဆက်ကောင်းသော ကြောင့် ဗမာ့ခေတ်က အမြဲကြိုတင်သိပြီး ထိုသို့ စွန့်ထားသူ လမ်းဘေးပလက်ဖောင်းပေါ်မှ လူနာများကို ဗမာ့ခေတ်သို့ သယ်ယူပြီး တိုက်အပေါ်ထပ်၌ တင်ကာ ဆေးကုပေးလေ့ရှိသည်။ ပုလိပ်များက သိကြစေကာမူ မျက်စိမှိတ်ထားကြသည်။
ပုလိပ်တို့သည်လည်း လွတ်လပ်ရေးတိုက်ပွဲဝင်များ ဖြစ်ကြသည်။ ဒီမိုကရေစီခေတ်က နိုင်ငံရေးလှုပ်ရှားမှုများ သည် ကြည်နူးဖွယ်၊ ပျော်ဖွယ်၊ ချစ်စဖွယ်ကောင်းလှပေသည်။ ဤတချီတွင် ဦးအုန်းခင်က အကျဉ်းအကျပ်တွေ့ နေသော သူ၏ မိတ်ဆွေကို မဟုတ်သတင်းရေးပြီး ကယ်တင်လိုက်လေရာ ယင်းလုပ်ကြံသတင်းသည် အမေရိ ကန် တိုင်းမ်မဂ္ဂဇင်းက ဖော်ပြရလေသည်အထိ ကမ္ဘာကျော်သွားတော့သည်။
တင်မောင်အဖို့ ဘ၀င်မကျသဖြင့် သတင်းစာကျင့်ဝတ်ကို ချိုးဖောက်သည်ဟု ဦးအုန်းခင်အား စွပ်စွဲကာ ဝေဖန်သောအခါတွင် သူ၏အဖြေမှာ “ငါ့လခွေး၊ တို့က အင်္ဂလိပ်ကို တိုက်နေတာကွ၊ အလံနီတွေ ခလောက်ဆန် တာတွေက အောင်ဆန်းတို့ ဖဆပလကို အထောက်အကူ ဖြစ်စေတယ်ကွ” ဟူ၏။
မည်သို့ပင် သူက ထုချေနိုင်စေကာမူ မဟုတ်မမှန်သတင်းကို ရေးသားမှုသည် သတင်းစာအဖို့ ပါရာဇိက ကံထိုက်သည်။ ထို့ပြင် နောက်ပိုင်းဖြစ်ပျက်လာသော ကွင်းဆက်သတင်းများကိုလည်း ပြန်ပြီး သုံးသပ်သင့်ပေ သည်။
သခင်စိုးနှင့် အလံနီများအဖို့ ဗမာ့ခေတ်သတင်းလိမ်၏ အကူအညီနှင့် ၁၉၄၇ ခု၊ ဇန်န၀ါရီလ (၂၆) ရက်နေ့က ရွှေတိဂုံကုန်းတော်ပေါ်မှ ဆင်းပြီး တိုက်ရိုက်တောခိုကြသည်။ ပြည်တွင်းစစ်မီးကြီး၏ အမွန်အစ မီးပွားများ ဖြစ်လာခဲ့သည်။ သူတို့သည် (၁၅)နှစ်တိုင်တိုင် လက်နက်ကိုင် သူပုန်များအဖြစ် တောတွင်းသို့ ရောက်သွားကြ သည်။ ၁၉၆၂ ခု၊ နိုဝင်ဘာလတွင်မှ ဗိုလ်နေ၀င်း၏ တော်လှန်ရေးအစိုးရက ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်လေမှ ရက်အနည်းငယ်သာ မြို့ပေါ်ပြန်ကာ ရက်အနည်းငယ်မျှ ခြေချနိုင်ခဲ့သည်။ အလံနီ တောခိုပြီးနောက် အလံဖြူများ နှင့် လူမျိုးစုများပါ သူပုန်ထခဲ့ကြသည်။ စစ်တပ်က အပြီးအနိုင် မတိုက်နိုင်သကဲ့သို့ သူပုန်များကလည်း အနိုင် မတိုက်နိုင်ခဲ့သောကြောင့် ပြည်တွင်းစစ်မီးကြီး ကြာရှည်လာပြီး စစ်အာဏာရှင်စနစ် ပေါက်ဖွားလာခဲ့ရသည်။
သခင်စိုးအဖို့ ပထမအင်္ဂလိပ်အစိုးရကို တိုက်သည်ဖြစ်သော်လည်း နောက်ပိုင်းတွင် မြန်မာဒီမိုကရေစီ အစိုးများကို တိုက်ခဲ့သည်။ ပစ္စည်းမဲ့များကို အစစ်အမှန် ချစ်မြတ်နိုးကာ နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုသည် မှာ မှန်ကန်သည်ဆိုစေကာမူ ဆင်စွယ်ရွာအမည်ရှိ ရွာစွန်ကလေးတခုမှ ဆင်းရဲသော လယ်သမားအားလုံး တို့ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်မိသည်လည်း ရှိသည်။
၁၉၇၇ ခုက ဦးအုန်းခင်နှင့်တွေ့စဉ်က သူ၏ သတင်းလိမ်တခု၏ အကျိုးဆက်ကို ဆွေးနွေးမိပြန်သည်။ ဇွဲအင်းဂူ တွင် တရားထိုင်နေပြီဖြစ်သော ဦးအုန်းခင်က ဟေတုပစ္စယော အဘိဓမ္မာကို ရွတ်ဆိုပြပြီး ပြောပြသည်။ “ဒီ အဖြစ်အပျက် အကျိုးဆက်တွေမှာ ငါရေးတဲ့ သတင်းက တစိတ်တမှုန့်သော အကြောင်းတရားတခု အဖြစ် ပါဝင် နိုင်ပါတယ်။ ဒါပေမယ့် အကျိုးတရားမှန်သမျှတို့ဟာ အကြောင်းတရားတခုအပေါ်မှာသာ မတည်ဘူး၊ မြောက်မြား လှတဲ့ အကြောင်းတရားများကို အခြေခံပါတယ်” ဟု ဖြေလေသည်။ ။

Subscribe to:
Posts (Atom)