Sunday, August 17, 2008

ရှစ်လေးလုံး နှစ် (၂၀) ပြည့် အောက်မေ့ဖွယ် (ဂျာမနီ)

ဂျာမနီနိုင်ငံ ဖရန့်ဖတ် (Frankfurt) မြို့တွင် ၂၀၀၈ ခု သြဂုတ်လ (၁၀) ရက်နေ့တွင် ပြုလုပ်မည့် ဗုဒ္ဓသာသနရံသီ ကျောင်းတော်ဖွင့်ပွဲ အခန်းအနားကို တက်ရောက်ရန် ဒိန်းမတ်နိုင်ငံမှ ဦးထွေးသောင်း၊ ကိုလင်းလင်းထွန်း နှင့် စာရေးသူတို့ ဖရန့်ဖတ်မြို့သို့ သြဂုတ်လ (၉) ရက်နေ့ မနက်တွင် ရောက်ရှိလာ ကြပါသည်။ စာရေးသူတို့ ရောက်သည့်နေ့တွင်ပင် ကိုလုံး (Cologne) မြို့တွင် နေထိုင်သည့် နိုင်ငံရေးအကျဉ်း ဟောင်းနှင့် ဗကသ ကျောင်းသားဟောင်း ကိုအောင်သူမိသားစုမှ ရှစ်လေးလုံးအရေးတော်ပုံ အနှစ်နှစ်ဆယ်ပြည့် အထိမ်းအမှတ် ဆွမ်းကပ်၏။ ကိုအောင်သူ့ နာမည်ကို ကိုဝင်းနိုင်ဦး၏ “လူငယ်တဦး၏ မှတ်တမ်းမဲ့ မှတ်တမ်း” စာအုပ်ဖတ်ပြီး သိနေသော်လည်း လူကိုယ်တိုင်တော့ ခုမှ တွေ့ရခြင်းပါ။
ရှစ်လေးလုံးအတွက် ဆွမ်းကပ်၊ တရားနာ၊ ရေစက်ချအပြီး ဘုန်းကြီးကျောင်းဖွင့်ပွဲအတွက် နိုင်ငံတကာမှ ရောက်ရှိနေသော ဧည့်သည်များကို ဖရန့်ဖတ်မြို့တွင်း လှည့်လည်ကြည့်ရှုရန်အတွက် ကားစီစဉ်ထားသည်။ နေ့လည် ၂ နာရီတွင် ဘုန်းကြီးကျောင်းရှေ့သို့ ကားရောက်လာမည်ဟု ဂေါပက တာဝန်ရှိသူများက ပြောကြား လာသည်။ “ဟာ .. တို့တော့ ပွတာပဲ။ မြို့ကို ကားနဲ့ ပတ်ကြည့်မယ်၊ ဓါတ်ပုံတွေ ဗီဒီယိုတွေ ရိုက်ရမယ်” ဟု တွေးမိပါသည်။
တကယ်တမ်း ဦးဆောင်သူများနှင့် အတူထွက်လာကြတော့ ဘုန်းကြီးကျောင်းမှ အနီးဆုံးမြေအောက်ဘူတာရုံကို လမ်းလျှောက်၊ ရထားစီးပြီး မြို့ထဲရောက်၊ ဟိုဟိုဒီဒီ လိုက်ပြသည်ကို ကြည့်နေရင်း ခြေအတော်ညောင်းလာတော့ ကားနဲ့ လိုက်ပြမည့် ကိစ္စ မြို့ခံ လူငယ်တဦးကို မေးကြည့်တော့ ကားအစီအစဉ်ပျက်သွားသည်ဟု သိရသည်။ သို့နှင့် ထိုနေ့က လူလည်း အတော်ပင်ပန်းသွားသည်။ တခုတော့ ကောင်းသည်။ ဧည့်သည်အချင်းချင်း မိတ်ဆက်ကြရင်း တယောက်နှင့်တယောက် သိကျွမ်းသွားသည်။ ပြီးတော့ နောက်တနေ့ ဘုန်းကြီးကျောင်းဖွင့် ပွဲလာ ပရိသတ်အတွင်း ဘယ်သူက မြို့ခံ၊ ဘယ်သူက ကိုယ့်လို ရပ်ဝေးဧည့်သည် စသည် ကွဲကွဲပြားပြား သိနေပါတော့သည်။
ရပ်ဝေးဧည့်သည်များတွင် အကြမ်းအားဖြင့် နယူးရောက်မှ လာသည့် ကိုထိန်လင်းးနှင့် မချို ဇနီးမောင်နှံ၊ အမ်စတာဒမ်မှ ကိုဆန်နီ နှင့် နယူးရောက်မှ သူ့ချစ်သူ မကျော့ကျော့ (ပြီးခဲ့သည့်မတ်လအတွင်းက စာရေးသူ ရောက်ရှိတည်းခိုခဲ့သည့် အမ်စတာဒမ်မှ ကိုဆန်နီကို ပြန်တွေ့ရခြင်းပါ)၊ နယ်သာလန်မှ မွန်မိသားစု (သူတို့နှင့်အတူ ဒတ်ခ်ျ ကျောင်းသူတဦး ပါလာသည်)၊ စင်္ကာပူမှ ကျောင်းအမတဦး၊ ပီနန်ဆရာတော်ကြီး၏ ကပ္ပိယ ပီနန်ကျွန်းသူ မလေးတရုတ်မတဦး နှင့် မြန်မာနိုင်ငံမှ လာကြသည့် ရွှေမန်းသဘင် ချမ်းသာဇာတ်အဖွဲ့ဝင် တချို့ ဖြစ်ကြသည်။
လိုက်ပို့ရာတွင် အထင်ကရနေရာအချို့အကြောင်းကို ရှင်းပြသူမှာ ကျနော်တို့၏ လမ်းညွှန်ဖြစ်သူ ဖရန့်ဖတ်မြို့သားကြီး Mr.Rusche ဖြစ်သည်။ သူသည် ဗုဒ္ဓသာသနရံသီ ဘုန်းကြီးကျောင်း ဖြစ်မြောက်ရေး အတွက် စွမ်းစွမ်းတမံ ကူညီနေသူတဦး ဖြစ်သည်ဟုလည်း သိရသည်။ သူက ဂျာမန်လိုပြော၊ မြို့ခံ လူငယ်နှစ်ဦးက မြန်မာလို ရှင်းပြ လုပ်နေကြရင်း မြန်မာလို ပြောတာ နားမလည်ပါဟု ဆိုလာသူက ပီနန်ကျွန်းသူ ဘုန်းကြီးကပ္ပိယ အမျိုးသမီး ဖြစ်၏။ ထိုအခါ ဂျာမန်ကြီးက အင်္ဂလိပ်လို ရှင်းပြပေးပါသည်။ သူက အင်္ဂလိပ်လို လည်းကောင်းကောင်းပြောနိုင်သည်။ ဂျာမန်ကြီးအား မြန်မာတွေကို ကူညီနေတယ်ဆိုတော့ မြန်မာပြည်ကို ရောက်ဘူးသလားမေးကြည့်တော့ မြန်မာနိုင်ငံကိုတော့ သူမရောက်ဖူးဘူး။ အိန္ဒိယနှင့် နီပေါလ် နိုင်ငံတွေကို မကြာခဏရောက်တယ်။ အဲဒီနိုင်ငံတွေမှာ ဗုဒ္ဓဘာသာကို လေ့လာခဲ့တယ်ဟု ရှင်းပြပါသည်။
ကျနော်တို့ အဖွဲ့တွင် ဖရန့်ဖတ်မြို့ကို အခြားမြို့မှ ပြောင်းလာတာ မကြာသေးသည့် လူငယ် ၂ ဦးလည်း ပါလာသည်။ သူတို့အား မြန်မာနိုင်ငံမှ ဂျာမနီ ရောက်လာပုံ၊ နေထိုင်ခွင့်အတွက် အင်တာဗျူးဝင်ရပုံ၊ ဖရန့်ဖတ်ရောက် ရွှေတို့၏ မည်သို့ နေထိုင် လုပ်ကိုင်စားသောက်ပုံတို့ကို မေးမြန်းကြည့်မိသည်။ သူတို့ ပြောပြသည်များ၊ ဗုဒ္ဓသာသနရံသီ ကျောင်းတော်ဖွင့်ပွဲ အခန်းအနားကျင်းပခြင်းနှင့် အခန်းအနားအပြီး ရွှေမန်းသဘင် ဖျော်ဖြေသည့် အကြောင်းများကိုတော့ နောက်တင်သည့် ပို့စ်များတွင် အလျှင်းသင့်သလို တင်ပြပေးသွားပါမည် ခင်ဗျား ။ ။

Frankfurt

No comments: