Sunday, September 7, 2008

(၁၀) လှပသော သတင်းခေါင်းစဉ်များ (ကြေးမုံဦးသောင်း)

“ဗမာသတင်းစာလောကအဖို့ ထိရောက်ဆန်းကြယ်သော သတင်းခေါင်းစဉ်များကို စတင်တီထွင် သုံးစွဲသူမှာ ဗမာ့ခေတ်အယ်ဒီတာ ဦးအုန်းမြင့် ဖြစ်သည်” ဟု မြန်မာသတင်းစာလောက က သိကြသည်။ ဆန်းပြားလှသော သူ၏ ခေါင်းစဉ်တပ်နည်းကို သတင်းစာအများ အသုံးမပြုကြစေကာမူ သူ၏နည်းသည် တဘာသာ ဖြစ်သည်။ သူတည်းဖြတ်သော ဗမာ့ခေတ်သည် အခြားသတင်းစာများနှင့် မတူ တမူကွဲသည်ဟု လက်ခံကြသည်။ သာမန် သတင်းတပုဒ်ကို သူက ခေါင်းစဉ်တပ်လိုက်သည်နှင့် သတင်းထူး သတင်းဆန်းဖြစ်လာလေ့ရှိသည်။ ခေါင်းစဉ် အတပ်ကောင်းသောကြောင့် သတင်း၏ ဂယက်ပြဿနာအမျိုးမျိုးကို ရင်ဆိုင်ရသည်လည်း ရှိ၏။
ပြည်သူ့လွှတ်တော် တည်ဆောက်စကာလ အစည်းအဝေးတွင် အမတ်မင်းများ၏ လစာနှင့် နေ့တွက် အစည်းအဝေး စရိတ်များကို တင်သွင်းအတည်ပြုစဉ်က အယ်ဒီတာမင်းက များလွန်းသည်ဟု ယူဆလေသဖြင့် သတင်းကို ဖော်ပြသောအခါတွင် ခေါင်းစဉ်၌ “အလိုဘုရား လန့်စရာပါလား” ဟု တပ်လေသည်။ ယင်းသို့ ဝေဖန်ချက်ခေါင်းစဉ်နှင့် သတင်းဖော်ပြထားသည်ကို အစိုးရအမတ်များရော၊ အတိုက်အခံအမတ်များကပါ မကျေမနပ်ဖြစ်ကြပြီး အပြစ်ပေးရန်အတွက် စည်းဝေးကြသည်။ အစည်းအဝေးမှာ ဗမာ့ခေတ်သတင်းထောက် ပြည်သူ့လွှတ်တော်မတက်ရဟု (၆) လတိတိ ပြစ်ဒဏ်ခတ်ရန် လွှတ်တော်က ဆုံးဖြတ်သည်။
နိုင်ငံရေး သတင်းသာမဟုတ်၊ သာမာန်သတင်းများတွင်လည်း ခေါင်းစဉ်ကောင်းပါက အသက်ဝင်လာလေ့ ရှိသည်။ တနေ့သားတွင် ဦးအုန်းမြင့်က သတင်းစာမျက်နှာဖုံးတွင် ဖော်ပြနိုင်သည့် သတင်းကောင်းမရှိသဖြင့် စိတ်ညစ်ကြောင်း ညည်းညူသောကြောင့် တင်မောင်က မိမိထောက်လှမ်းထားသော သတင်းတပုဒ်ကို ဟာသကွက်ဖော်ကာ ရေးသားပြီး တေးတပုဒ်နှင့် ခေါင်းစဉ်တပ်ကာ ပေးလိုက်သည်။
သတင်းမှာ ဆန်းလှသည်မဟုတ်၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ရှိပြီးသော ခြင်္သေ့ကြီးအတွက် နိုင်ငံခြားက မှာယူတင်သွင်းခဲ့သော ခြင်္သေ့မကလေး ရောက်လာကြောင်း သတင်းဖြစ်၏။ ခြင်္သေ့ (၂) ကောင်ကို မိတ်လွှတ် သောအခါတွင်မူ ငယ်ရွယ်သူ အမကလေးက လူပျိုကြီး ကိုခြင်္သေ့ကို အကပ်မခံသောကြောင့် လှောင်အိမ်ခွဲထား ရသည့် သတင်းနှင့် ဓာတ်ပုံသာ ဖြစ်၏။ “လူပျိုစကားပြောတဲ့ ကိုကိုကာလသားချောရယ် … ကလေးစိတ်မို့ ပျိုနားမလည်.. ခင်ဟာ ငယ်သေးတယ်” ဟု ခေါင်းတပ်ပေးလိုက်သည်။ ထိုသီချင်းခေါင်းစဉ်ကို အယ်ဒီတာက တလုံးတပါဒမှ မပြင်ဘဲ အောက်ကမြစ်ကလေး တတို့သာ တို့ပေးလိုက်ရုံနှင့် မျက်နှာဖုံးသတင်း ဖြစ်လာတော့ သည်။ အယ်ဒီတာက “ခင်ဟာငယ်သေးတယ်” ဟူသော စာပိုဒ်တွင် ခင်စာလုံးအောက်တွင် အောက်ကမြစ် တို့လိုက်သဖြင့် “ခင့်ဟာ ငယ်သေးတယ်” ဟု ၀က်ဝက်ကွဲ ပွဲကျသော သတင်းကြီး ဖြစ်သွားခဲ့သည်။
နိုင်ငံရေးသတင်းခေါင်းစဉ်တို့ကိုလည်း အသက်ဝင်အောင် အသက်သွင်းပေးရသည်။ ဆိုရှယ်လစ်ပါတီဝင်များ က စစ်တပ်အားကိုးရှိသောကြောင့် အမြို့မြို့အရွာရွာတွင် လာဘ်စားမှုမှ လုယက်မှုအထိ ကျူးလွန်ကြသည်။ လူထုအား နှိပ်စက်မှုများ တိုးများလာသောအခါတွင် ဗမာ့ခေတ်၌ သူတို့၏ အမှုသတင်းများ ခေါင်းစဉ်တပ်တိုင်း “ပြန်” ဟူသော ကြိယာဝိသေသနကို ဆက်ကာ ရေးလေ့ရှိ၏။ ယခုအမှုတွင်သာ ခိုးသည်မဟုတ်၊ ယခင်က လည်း ခိုးနေကျဖြစ်သည်ဟူ၍ အဓိပ္ပါယ်ပေါက်လေအောင် “လာဘ်စားပြန်ပြီ”၊ “ခိုးပြန်ပြီ” စသည်ဖြင့် ခေါင်းစဉ် တပ်ကာ ဝေဖန်ပြစ်တင်လေ့ရှိသည်။ သတင်းစာများက ရေးဖန်များလာသောအခါတွင် ဆိုရှယ်လစ်များမှာ စစ်တပ်က ထောက်ခံစေကာမူ ရွေးကောက်ပွဲများတွင် လူထုက ကျောခိုင်းကြသဖြင့် အရေးနိမ့်ကြရတော့ သည်။
ထိုအခါ ဆိုရှယ်လစ်ခေါင်းဆောင်များက ဗမာ့ခေတ်တွင် ဖော်ပြသော သတင်းများသည် အခြားသတင်းစာ သတင်းများနှင့် အတူတူ ဖြစ်ပါလျက် သူတို့ ပိုမိုနစ်နာစေရန်အတွက် ခေါင်းစဉ်နှင့် ဆဲရေးသည်ကို မကျေနပ်ကြ ကြောင်း ၀န်ကြီးချုပ်ကို တိုင်ကြလေသည်။
တချီတွင် ဆိုရှယ်လစ်တဦးက သိသာထင်ရှားစွာ ကျူးလွန်သော မတရားညစ်ပတ်မှု သတင်းတခုကို ဖော်ပြရာ တွင် ဗမာ့ခေတ် အယ်ဒီတာက ခေါင်းစဉ်မတပ်ဘဲ အဖြူကွက်လပ်နှင့် ဖော်ပြပြီး “ဗမာ့ခေတ်ခေါင်းစဉ်များကို မကျေနပ်ကြောင်း၊ တိုင်တန်းသောကြောင့် ယခုသတင်းကို ခေါင်းစဉ်မတပ်ဝံ့ပါ။ စာဖတ်ပရိသတ်တို့ပင်ဘာသာ ခေါင်းစဉ်တပ်ကြပါ” ဟု ဖော်ပြသဖြင့် မကောင်းသတင်း ပိုထင်ရှားစေသောကြောင့် ဦးကျော်ငြိမ်းတို့မှာ ဆတ်ဆတ်ခါ နာကြရပြန်သည်။ ဗမာ့ခေတ်နှင့် ဆိုရှယ်လစ်ပါတီတို့ ပဋိပက္ခကြီးထွားလာသောအခါတွင် ၀န်ကြီးချုပ်ဦးနုက ဗမာ့ခေတ်အဖွဲ့သားများနှင့် တွေ့ဆုံဆွေးနွေးလိုသည်ဟု အကြောင်းကြားသဖြင့် ၀န်ကြီးချုပ် အား နေ့လည်စာဖိတ်ကာ ဧည့်ခံရလေသည်။ အယ်ဒီတာတဖွဲ့လုံးကို ဆင်ဆင်ခြင်ခြင်ရေးကြပါဟု သူက မေတ္တာ ရပ်ရာတွင် “ဗမာ့ခေတ်က အစိုးရကို ဖိပြီးဆဲနေသည်” ဟု ဝေဖန်၏။ “ဦးတို့အစိုးရဘက်ကလဲ ပြန်ရေးနိုင်ပါ တယ်” ဟု တင်မောင်က ပြန်ပြောမိသည်။
“မင်းတို့ရေးတဲ့ ဆောင်းပါးတွေနဲ့အတူ ဦးတို့ဘက်က ဆောင်းပါးကိုပါ ယှဉ်ပြိုင်ပုံနှိပ် ပေးမယ်လား” ဟု သူက မေးသောအခါတွင် “ဘာလို့မပေးရမှာလဲ” ဟု တညီတညာဖြေကြသည်။
နောက်တနေ့က စတင်ကာ ဗမာ့ခေတ်သတင်းစာတွင် ဆောင်းပါးရှင်အသစ်တဦးတိုးလာတော့သည်။ ကလောင် အမည်က “သမိန်ဗရမ်း” ဟူ၏။ စာရေးဆရာ ဦးနုက သမိန်ဗရမ်း ကဏ္ဍကို နေ့စဉ်ရေးသည်။ ၀န်ကြီးချုပ်ကိုယ် တိုင် ဆောင်းပါးရှင်အသစ်ဖြစ်သည် ဟူသည်ကို လျှို့ဝှက်ထားရသည်။ ယခုမှ ဖွင့်ပြောနိုင်ပေပြီ။ ဦးနုအလုပ်များ သောအခါတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် သွားရမည့် အတွင်းဝန် ဦးသန့် ရေးသည်။ မြင်းစီးပြီး ဓားထမ်းထားသည့် ရုပ်ပြောင်ခေါင်းစဉ်နှင့် ရေးသားသော သမိန်ဗရမ်းလည်း ဓားစွမ်းမထက်ရှာပေ။
ဆိုရှယ်လစ်များနှင့် သတင်းစာများသည် တနေ့တခြား အစေးမကပ်ဖြစ်လာသည်။ သတင်းစာများကို ဥပဒေနှင့် နှိမ်နင်းရန် ဆိုရှယ်လစ်တို့က ဥပဒေကြီးတခုကို လွှတ်တော်တွင် တင်ပြန်သည်။ အသရေဖျက်မှု ဥပဒေဖြစ်၏။
တစုံတယောက်သည် ဂုဏ်သရေကို ပျက်စေသော စွပ်စွဲချက်များ၊ ဝေဖန်ချက်များကို အစိုးရ၀န်ထမ်းတဦးအား ရည်ရွယ်၍ ရေးသားပါက၊ ဟောပြောပါက ရာဇ၀တ်မှုကို ကျူးလွန်သည် မည်၏။ ယင်းရာဇ၀တ်မှုကို ကျူးလွန် သူအား ၀ရမ်းမပါဘဲ ဖမ်းဆီးအရေးယူရမည်။ အစိုးရ၀န်ထမ်းဆိုသည်မှာ အစိုးရလခစား ၀န်ထမ်းများနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ပါဝင်သည်ဟု ဥပဒေက ဆိုသည်။
ဥပဒေမှာ အလွန်ရှင်းသည်။ ၀န်ကြီးတဦးကို ဝေဖန်ပြစ်တင်မှုသည် အသရေပျက်မှုအရာမြောက်ပါက ချက်ချင်း ဖမ်းဆီး အရေးယူမည်ဖြစ်၏။ အမှန်အားဖြင့် ၀န်ကြီးတို့သည် အစိုးရ၀န်ထမ်းအစစ် မဟုတ်ပေ။ အများပြည်သူ တို့က အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရမှသာ ၀န်ကြီးဖြစ်နိုင်သည်။ သူတို့ကို ဝေဖန်ပြစ်တင် ရေးသား ခွင့် ပိတ်ပင်သည်ဖြစ်သောကြောင့် သတင်းစာများက ပြင်းထန်စွာ ကန့်ကွက်ကြတော့သည်။ ဆောင်းပါးများ၊ ရုပ်ပြောင်များနှင့် ဆန့်ကျင်ကြသည်။ သတင်းစာအားလုံးက အယ်ဒီတာအာဘော်များ မရေးကြဘဲ တပတ်ကြာ ဟင်းလင်းထားကာ ကန့်ကွက်ကြသည်။ ဥပဒေဆိုးကြီးကို အစီအစဉ်အတိုင်း ၁၉၄၉ ခု၊ သြဂုတ်လ (၂၁)ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်သည်။ အတိုက်အခံ အမတ်များက သူတို့အင်အားက နည်းပါးလွန်း သဖြင့် ကန့်ကွက်မဲပေးလျှင်လည်း ရှုံးလေမည် ဖြစ်သဖြင့် အစည်းအဝေးခန်းမမှ ထွက်သွားပြီး ဆန္ဒပြကန့်ကွက် ကြသည်။ ဖဆပလ အမတ်အားလုံး တညီတညွတ် မဲပေးကြသဖြင့် အနိုင်ရကာ ဥပဒေအတည် ဖြစ်မြောက် အောင်မြင်တော့သည်။ မဟုတ် မတရားလွန်းသော ယင်းဥပဒေကို သတင်းစာများက ပိုမိုပြင်းထန်စွာ ကန့်ကွက် ကြပြန်သည်။ နောက်ဆုံးတွင်မှ ၀န်ကြီးချုပ်ဦးနုက ၀င်ရောက်စွက်ဖက် ဖျန်ဖြေ၏။ “ဒီမိုကရေစီဆိုတာ မိမိတို့ အစုမဲ အများရရှိသောကြောင့် အနိုင်ရတိုင်း မူမမှန်သော ကိစ္စကို မလုပ်သင့်ဘူး” ဟု ဆိုရှယ်လစ်များကို ဟောပြောပြီး ဥပဒေကို ပြန်လည်ရုပ်သိမ်း လိုက်၏။
တင်မောင်အဖို့ ဤကဲ့သို့ တရားမျှတသော ၀န်ကြီးချုပ်နှင့် ဒီမိုကရေစီ အစိုးရလက်ထက်တွင် သတင်းစာ လွတ်လပ်ခွင့် အရသာကို ခံစားရသော ရသကို မေ့မရနိုင်ပါပေ။ တိုက်ပွဲတပွဲ အောင်ရတိုင်း ဖရဏပီတိ ဂွမ်းဆီ ထိ တစိမ့်စိမ့် အရသာ ခံစားခဲ့ကြရသည်။ ယင်းသို့ တင်မောင်တို့ သတင်းစာများနှင့် ပြည်သူတို့ ခံစားစံစားကြရ သော ဒီမိုကရေစီခေတ် အရသာသည် သက်တမ်းမရှည်ဘဲ ပျက်စီးခဲ့ရသည်။
နိုင်ငံသစ် တည်ဆောက်ချိန်၌ နိုင်ငံရေးလောကတွင် စုန်းပြူးများ ပေါ်ခဲ့သကဲ့သို့ ဖောက်ပြန်သော စာနယ်ဇင်း များ ပေါ်လာခဲ့သည်။ အဓိက အကြောင်းရင်းမှာ အမေရိကန်နှင့် ရုရှတို့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြသော စစ်အေးတိုက်ပွဲကြီး မြန်မာ့စစ်မြေပြင်တွင် လာရောက်တိုက်ကြသဖြင့် ဖြစ်သည်။
၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ကြေညာပြီး ဒီမိုကရေစီ သမ္မတနိုင်ငံသစ် တည်ဆောက်စဉ်က ပထမနှစ်အတွင်း တွင် အင်္ဂလန်၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ပြင်သစ်၊ ယိုးဒယားနှင့် ရုရှနိုင်ငံတို့က အသိအမှတ်ပြုပြီး သံရုံးများ ဖွင့်ကြရာမှ ဗမာ့စာနယ်ဇင်းလောက ပျက်စီးစပြုလာတော့သည်။ သံရုံးများက သူတို့နိုင်ငံအကြောင်း ၀ါဒဖြန့်ရန် ငွေနှင့် ၀ယ်ကြလေသောကြောင့် ဈေးပေါသည့် စာပေလောကသားအချို့ စတင်ပျက်စီးရာမှ စာနယ်ဇင်း လောကကြီး တခုလုံး ယိုင်လဲလာခဲ့သည်။ ။

No comments: