အပြင်ခမ်းမကြီးမှာတော့ ဘုန်းကြီးကျောင်းဖွင့်ပွဲ အခမ်းအနားက စတင်နေပါပြီ။ ဘုရားစင်ရှေ့မှာ ပီနန်ဆရာတော်ကြီးဦးဆောင်သော ပင့်သံဃာများနေရာယူထားသည်။ ဖိတ်စာပါ စာရင်းအရ… ပီနန်ဆရာတော် ကြီး၊ ဦးနန္ဒ၀ံသ (တိုင်ဝမ်)၊ ဦးတိလောကသီရိ (စင်္ကာပူ)၊ ဦးနန္ဒသီရိ (ကနေဒါ)၊ ဦးဥတ္တရ (အင်္ဂလန်)၊ ဦးကုမာရ (ပြင်သစ်)၊ ဦးသိလိဌ (အင်္ဂလန်)၊ ဦးသုမင်္ဂလာ (မြန်မာ)၊ ဘန္တေကဿပ (အိန္ဒိယ) နှင့် ဦးကောဏ္ဍည (ဂျာမနီ) တို့ ဖြစ်ကြသည်။
ပီနန်ဆရာတော်ကြီး၏ ရှေ့မှာတော့ ဖိတ်ကြားထားသော ဧည့်သည်များ၊ ထိုဧည့်သည်များတွင် ဂျာမန်လူမျိုးများ လည်း ပါနေသည်။ မြန်မာတွေအဖို့ ဘုန်းကြီးရှေ့ ပုဆစ်တုတ်ထိုင်ရသည်မှာ မပင်ပန်းသော်လည်း အနောက်တိုင်း ပွဲတက်ဝတ်စုံဝတ်ထားသော ဂျာမန်တွေအဖို့တော့ torture လုပ်ထားသလို ဖြစ်နေနိုင်သည်။ ဧည့်ပရိသတ် ထပ်ရောက်လာသည်။ ၀တ်ကောင်းစားလှ ဖြင့် ဂျာမန်အမျိုးသမီးကြီးတဦး ကျနော့်အနားမှာ မတ်တပ်ရပ်ရင်း ဟိုကြည့်ဒီကြည့် ကြည့်နေသည်။ ခမ်းမဆောင်အတွင်းလူပြည့်နေတော့ သူ့အတွက် တနေရာစာ ရှာဖို့ မလွယ်တော့။ မြန်မာပရိသတ် နေရာယူထိုင်နေပုံကလည်း အလယ်မှာ မင်းလမ်းထားကာ ထိုင်တာမဟုတ်တော့ နောက်က လူရှေ့ကို ရောက်ဖို့ မလွယ်သလို ရှေ့ကလူ နောက်ကို ပြန်လာဖို့ လည်း မစဉ်းစားလေနဲ့။
ခဏနေတော့ ဂေါပကအဖွဲ့ဝင် ကိုမောင်ဝင်း ကျောင်းပေါ်တက်လာသည်။ ကျနော်က “ကိုမောင်ဝင်းရေ… အောက်ကပရိသတ်စကားပြောနေကြတာ နဲနဲ ဆူနေသလားလို့ပါ” ဆိုတော့ သူက အောက်မှာ သွားပြောပေး ပါသည်။ နောက်ထပ်ရောက်လာသည့် ရွှေမြန်မာအချင်းချင်း နှုတ်ဆက်ကြ၊ စကားပြောဆိုတော့ အသံတွေက ကျယ်လောင်၍နေပါသည်။
အပေါ်ထပ်ခမ်းမတွင်းမှာတော့ အစီအစဉ်များကို မြန်မာဘာသာတလှည့်၊ ဂျာမန်ဘာသာဖြင့် တလှည့် ပြောဆို နေကြသည်။ ဂျာမန်သီလရှင်တဦးစကားထပြောသည်ကိုလည်း တွေ့ရသည်။ ထိုပွဲတွင် ဂျာမန် ဘာသာသို့ စကားပြန်အဖြစ် ဆောင်ရွက်ပေးသူမှာ ဘွန်းမြို့တွင်နေထိုင်သူ ကိုထူးမင်းဖြစ်သည်။ ကိုထူးမင်းသည် ၁၉၇၀ ကျော်နှစ်များအတွင်းက ဂျာမနီတွင်ရောက်ရှိနေထိုင်ခဲ့သူ။ သူ့လို ၁၅ နှစ် အနှစ် ၂၀ ကျော် ရောက်ရှိ နေထိုင်သူ မြန်မာများက ဘွန်း၊ ဘာလင်နှင့် ဟမ်းဘာ့ဂ် မြို့များတွင် အများအားဖြင့် နေထိုင်ကြပြီး၊ ဖရန့်ဖတ်မှာတော့ အစော ဆုံးရောက်လာသူများမှာ ၇ နှစ် ၈ နှစ် ရှိကြသေးသည်ဟု ပြောကြသည်။ သို့သော် ဂျာမနီရှိ အခြားမြို့ များမှာထက် ဖရန့်ဖတ်မှာရောက်နေသော မြန်မာက ပိုများနေသောကြောင့် ယခုလို မြန်မာဘုန်းတော်ကြီး ကျောင်း တည်ထားကိုးကွယ်နိုင်တာလည်း ဖြစ်မည်။ ဘုန်းကြီးကျောင်းမြေကို မိမိတတ်နိုင်သလောက် ၀ယ်ယူ လှူဒါန်းသူများရှိသလို ပုံမှန်လစဉ်ကြေးထည့်သူ ဦးရေက ၁၆၀ ၀န်းကျင်ခန့် ရှိသည်ဟု ဂေါပက အဖွဲ့ဝင် ကိုမောင်ဝင်းက ပြောပြသည်။ “ဒီအဆောက်အဦးကလည်းဗျာ ကျနော်တို့ မြန်မာတွေ ဘုန်းကြီးကျောင်းလုပ်ဖို့ အတွက်ရည်ရွယ်ပြီး ဆောက်ထားသလားအောက်မေ့ရလောက်အောင် ဘုန်းကြီးကျောင်းနဲ့ တကဲ့ကို တူတာဗျ၊ အပေါ်မှာ ဘုရားခန်း၊ အောက်မှာ ကျွေးမွေးဧည့်ခံဖို့နေရာ၊ ကားရပ်ဖို့နေရာကလည်းအသင့်၊ ခေါင်းရင်းမှာ မြေကွက်လပ်တောင် ပါလိုက်သေးတယ်၊ ကျနော်တို့တော့ ဒီနေရာရလိုက်တာကိုပဲ အားရ၀မ်းသာ ဖြစ်နေတာပါ” ဟု ဘုန်းကြီးကျောင်းလစဉ်ကြေးထည့်ဝင်သူတဦးဖြစ်သူ ကိုမောင်မောင်ချစ်က ကျနော့်ကို ပြောပြသည်။
၇ နှစ် ၈ နှစ်အတွင်း ဖရန့်ဖတ်မှာ မြန်မာတွေ များလာတာကလည်း စိတ်ဝင်စားဖို့ကောင်းသည်။ ဖရန့်ဖတ်မှာ တနှစ်ပတ်လုံးလိုလို ကုန်စည်ပြပွဲတွေရှိသည်။ ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် စတော့ရှယ်ယာဈေးကွက်၊ ဟော်တယ်လုပ်ငန်း နှင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကလည်း ရှိနေတော့ မြို့တော် ဘာလင်ထက်ပင် ဖွံဖြိုး တိုးတက်လို့နေပါသည်။ ဖရန့်ဖတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကတော့ မြန်မာတွေ ခုန်ချသည့် နေရာ။ “ကျနော်တို့ ၀င်လာတော့ လေယာဉ်လက်မှတ်ကို အာဖရိက နိုင်ငံတနိုင်ငံအထိ ၀ယ်ထားတယ်။ ဒါပေမယ့် ဒီလေဆိပ်ကို transit နဲ့ ရောက်လာတဲ့အခါ ခရီးဆုံးကို ဆက်မသွားပဲ ဒီမှာ ဆင်းနေလိုက်တယ်။ အဓိကတော့ ဘန်ကောက်လေဆိပ် check in ၀င်တဲ့ နေရာက ကိုယ့်ကို လေယာဉ်ပေါ်တက်ခွင့်ပြုဖို့ပဲ” ဟု ဖရန်ဖတ် ရောက်တာ ၂ နှစ်ကျော်ပဲ ရှိပါသေးသည်ဟု ဆိုသူ ဂျိုး (ခေါ်) ကိုအောင်သူထက် (မော်လမြိုင်) က ရှင်းပြနေ သည်။ သူက ဆက်၍ “အဲဒီလို ခရီးသည်တွေ ခုန်ချရင် လေကြောင်းလိုင်းက ပြဿနာ တက်တယ်လေ၊ အဲဒါ အခုနောက်ပိုင်း transit တောင် ဂျာမနီဗီဇာပါမှ check in က လက်ခံတယ်ဆိုတော့ မြန်မာတွေ ၀င်ဖို့ ခက်သွားတယ်” ဟု ပြောသည်။ “ဒါဆို ဒီကို လာချင်တဲ့ မြန်မာတွေ အတွက် အကြံပေးပါအုံး” ဟု ကျနော်က သူ့ကို မေးတော့ “အဲဒီ လေကြောင်းလိုင်းတွေက လက်မခံရင်လည်းဗျာ၊ ကိုယ့် MAI လေကြောင်းကိုပဲ စင်းလုံးငှားပြီး ၀င်လာခိုင်းရင် ကောင်းမလား ကျနော်စဉ်းစားနေမိတယ်” ဟု ဆို၏။
ဂျာမနီရောက်လာပြီး ဆက်လက်နေထိုင်ခွင့်ရဖို့ ကြိုးပမ်းကြရာမှာတော့ “ ဒီမှာနေဖို့အတွက် လုပ်စရာ ၂ ခုပဲ ရှိတယ်လေ။ တခုက ဒီနိုင်ငံသားကို လက်ထပ်ရမယ်၊ နောက်တခုကတော့ မြန်မာပြည်ပြန်လို့မရတာ အကြောင်းပြပြီး ခိုလှုံခွင့်တောင်းရမယ်၊ ဒီ ၂ ခုပဲ ရှိပါတယ်” ဟု ကိုလုံးမြို့က ကိုအောင်သူ့ ဇနီး မခင်မာဝင်းက ဆိုပါသည်။ ခိုလှုံခွင့်လျှောက်ထားပြီး စောင့်ဆိုင်းနေဆဲကာလမှာ အလုပ်လုပ်ခွင့်မရှိကြပါ။ ဂျာမနီ အစိုးရ စီစဉ်ပေးသော နေရာတခု (camp ဟုလည်း ခေါ်ကြသည်) တွင် သွားရောက်နေထိုင် စောင့်ဆိုင်းရပါသည်။ စောင့်ဆိုင်းရသည့် ကာလကတော့ တယောက်နှင့် တယောက်မတူကြပါ။ ၆ လ တနှစ် ကြာနိုင်ပါသည်။
တရားဝင် စာရွက်စာတမ်းရပြီးရင်တော့ အလုပ်တွေက ပေါပါသည်ဟု ဆိုကြသည်။
(ကျနော် ဂျာမနီတွင် စုံစမ်းမေးမြန်းသည်များကို ပြန်ရေးလျှင် အတန်ငယ်ရှည်လျားမည်ဖြစ်သောကြောင့် အပိုင်းခွဲ၍ ရေးသားပါမည်ဖြစ်ပါကြောင်း)
Buddha Sasana Ramsi, Frankfurt |
No comments:
Post a Comment