Saturday, October 10, 2009

ကျမယောက်ျား “ကုလား” မဖြစ်သေး နှင့်၊ အဖေက “မွတ် (စ်)”

ဥရောပရောက် မြန်မာများ သက်ဆိုင်ရာ နိုင်ငံအလိုက် ဘာသာစကားအသီးသီး သင်ယူကြရသည်။ ဒိန်းမတ်ရောက် မြန်မာတွေ ဒိန်းမတ်စာနှင့် စကားသင်သလို၊ ဂျာမနီရောက် မြန်မာတွေလည်း ဂျာမန်စာနှင့် စကားသင်ကြရပါသည်။
ပြီးတော့ အချင်းချင်းစကားပြောရင် ဒိန်းမတ်စကားများ၊ ဂျာမန်စကားများ ညှပ်ပြောလာကြသည်။ တနိုင်ငံထဲမှာ စာအတူတူ သင်ထားသူချင်း ပြဿနာမဟုတ်သော်လည်း ကိုယ်က တခြားနိုင်ငံသွားလည်သည့်အခါ သူတို့အချင်း ချင်း ဘာပြောနေသလဲဆိုတာ ချက်ချင်းနားလည်ဖို့ မလွယ်တော့။
ကျနော် ဂျာမနီ ကိုလုံးဘူတာကိုရောက်တော့ ကျနော်သွားမည့် ကိုအောင်သူ့ထံ ဘူတာကို ရောက်နေပြီဖြစ်ကြောင်း ဖုန်းဆက်လိုက်သည်။ သူက “ ကျနော့်အိမ်လာဖို့ ‘အူဒရိုင်း’ ကို စီးရမယ်။ အဲဒါကို မရှာတတ်ရင်လည်း အခုခင်ဗျား ရောက်နေတဲ့ ‘ဂလိုင်း(စ်) နွိုင်း’ မှာပဲ စောင့်နေပါ၊ ကျနော်တို့ လာကြိုမယ်” ဟု ဆိုပါသည်။ သူပြောသွားသည့် စကားသည် သူတို့ ဂျာမနီရောက် မြန်မာအချင်းချင်း ပုံမှန်ပြောနေကျ ဖြစ်ပုံရသော်လည်း အခုမှ ဂျာမနီရောက်ဖူးသူ တဦးဆိုလျှင် အဓိပ္ပါယ် နားလည်နိုင်မည်မဟုတ်။ “အူဒရိုင်း” သည် မြေအောက်ရထားနံပါတ် (၃) U 3 ဖြစ်ပြီး “ဂလိုင်း(စ်) နွိုင်း” Gleis 9 သည် ကျနော်စီးလာသည့် ရထားဆိုက်နေသည့် ပလက်ဖောင်းနံပါတ် (၉) ဖြစ်သည်ကိုတော့ ဂျာမနီကို မကြာခဏရောက်ဖူးနေသည့် ကျနော်က နားလည်လိုက်ပါသည်။
ယမန်နှစ် သင်္ကြန်မတိုင်ခင်အချိန် ကျနော် ဟမ်းဘာ့ဂ် ရောက်နေစဉ်ကလည်း မြန်မာ အချင်းချင်း ဂျာမန်စကားတခွန်း ညှပ်ပြောသွားသည်ကို ဤသို့ မှတ်သားလိုက်ရ၏။
သင်္ကြန်ပွဲလေးတခုလုပ်ဖို့အတွက် ကိုထွန်းထွန်း၏ အိမ်တွင် အစည်းအဝေးလေးတခုလုပ်ပြီး တာဝန်တွေ ခွဲယူနေကြ၏။ ကိုထွန်းထွန်း၏ ဇနီးကလည်း မုန့်ဟင်းခါး နှင့် အုန်းနို့ခေါက်ဆွဲချက်ကာ ဧည့်ခံသည်။ တီးဖို့ ဆိုဖို့ ကဖို့ အတွက်အသီးသီး ပြောဆိုကြပြီးသောအခါ အစည်းအဝေးလာသူ မိန်းခလေးတဦးအား အိမ်ရှင်ကိုထွန်းထွန်းက “ဟေ့၊ နင်ရော ဘယ်လိုလဲ။ ဒီနှစ် ကလည်း မက၊ သီချင်းလည်း မဆိုပါလား” ဟု မေးလိုက်၏။
ထိုမိန်းခလေးက “ ကျမ ဒီအဆို၊ အက တွေ ၀ါသနာ မပါပါဘူး” ဟု ဖြေသည်။
“အောင်မယ်၊ မနှစ်တုံးကတော့ နင်တို့ ညီအမတွေ စင်ပေါ်တောင်တက်ပြီး ကကြသေးတယ် မဟုတ်လား” ဟု ကိုထွန်းထွန်း က မေးလိုက်ရာ..
ထိုမိန်းခလေးက “ အို… ဒါကတော့ ရှင်၊ အဖေက ‘မွတ် (စ်)’ ကိုး” ဟု ဖြေလေသည်။
ဂျာမန်စကား ဖြစ်သော muss သည် အင်္ဂလိပ်လို must ဟု အဓိပ္ပါယ်ရပြီး ဖခင်ဖြစ်သူ၏ အမိန့်အရ ကခဲ့ကြရသည်ဟု ဆိုလိုကြောင်း နောက်တော့မှ ကျနော် သဘောပေါက်သွားသည်။
ကျနော်တို့ ဒိန်းမတ်မှာလည်း ဒိန်းမတ်စကားသင်ထားကြသူအချင်းချင်းမို့ “ဟေ့ကောင်၊ မင်း ‘ခွေ့ယားကော့’ kørekort မရှိပဲ ကားတက်မမောင်းနဲ့၊ တော်ကြာ ‘ပူလိတိ’ politi နဲ့ တွေ့လို့ ဒုက္ခရောက်နေမယ်” ပြောလျှင် ယာဉ်မောင်းလိုင်စင်မရှိသေးဘဲ ကားမောင်းရင် ရဲဖမ်းခံရနိုင်ကြောင်း သတိပေးခြင်းဖြစ်သည်ကို နားလည်ကြပါသည်။
ကျနော်နှင့်မဒမ် အတူတကွ ဒိန်းမတ်ဘာသာသင်ကျောင်းတက်စဉ်က စာအတူသင်ဖက် မြန်မာစုံတွဲနှင့် အားလပ်ချိန် နားရင်း စကားလက်ဆုံကျလေ့ရှိပါသည်။ သူတို့က ကျနော်တို့နောက်မှ ဒိန်းမတ်ကို ရောက်သဖြင့် အတန်းချင်းတော့ မတူပါ။ ထိုစုံတွဲမှ လူငယ်သည် ဒိန်းမတ်စာသင်ကျောင်းတက်နေရင်း အလုပ်ရသွားသည်။ ထို့နောက် ယာဉ်မောင်းလိုင်စင်ရရန်အတွက် သင်တန်းတက်နေသည်ဟုလည်း ကြားရသည်။ ဒိန်းမတ်မှာ ယာဉ်မောင်းလိုင်စင်ရဖို့အတွက် ဘာသာစကားအခက်အခဲ ရှိသလို၊ ငွေကုန်ကြေးကျလည်း အလွန်များပါသည်။ ကိုယ့်အလှည့်ကျရင် လွယ်လွယ်ကူကူဖြစ်စေရန်အတွက် ကိုယ့်ရှေ့က လိုင်စင်ရသွားသူတွေဆီက စနည်းနာရသည်။
တရက်မှာ ကျနော့်မဒမ်က အတန်းနားချိန်အတွင်း ထိုလူငယ်၏ ဇနီးအား “ ဟဲ့… ညည်းယောက်ျား လိုင်စင် ဖြေဖို့ နီးပြီလား” ဟု မေးပါသည်။ ထိုမိန်းခလေးက “ ကျမ ယောက်ျား ‘ကုလား’ မဖြစ်သေးလို့ မဖြေရသေးဘူးအမ” ဟု ပြန်ဖြေပါသည်။ “ကုလား” မဖြစ်သေး ဆိုသည်မှာ ဒိန်းမတ်လို Klar အင်္ဂလိပ်လို Ready ၊ မြန်မာလိုတော့ အဆင်သင့် မဖြစ်သေးဟု အဓိပ္ပါယ်ရပါသည်။ ကျနော့်အတွက် ပြုံးစရာ ဖြစ်ခဲ့ရသည်က ထိုစုံတွဲသည် မြန်မာ မူဆလင် များ ဖြစ်နေကြောင့်ပါတည်း ။ ။
ပျော်ရွှင်နိုင်ကြပါစေ…

7 comments:

မမိုး said...

ဟယ်..ကျမသားလဲ ကားလိုင်စင်လုပ်ဖို့ ကုလားမဖြစ်သေးဘူး ဆိုရမယ်။
၄၀၀၀လောက်ကုန်မယ် ဆိုလို့းးD

ရွှေရတုမှတ်တမ်း said...

ကလား ဖြစ်ကြောင်း..ဘယ်လို သက်သေပြရပါ့နော်...
ဒွတ်ခဘဲ.....

မေငြိမ်း said...

:) ချစ်စရာကောင်းတဲ့ post လေး

Anonymous said...

People in Singapore will say " He's not ready lah!" Very nice post!

ဒူကဘာ said...

ကသက်ဦးက ကုလား ဖြစ်နေပြီ မဟုတ်လား? တလောကတောင် ပို့(စ်)တခုမှာ ခွေ့ယားကော့ ရဖို့ တိုယိုတာ ဟိုက်ဘရစ်ကြီး မောင်းနေတာ တွေ့လိုက်သေးတယ်၊ ပူလိတိ တွေ့လည်း မောင်းခွင့် မွတ်(စ်) ဖြစ်ကြောင်း ပြောလိုက်ပေါ့။

Nyi Pu said...

တော်တော် ရယ်ရတယ်။ ကိုသက်ဦးရေ ရသသိပ်ကောင်းလို ဖော်ဝေါ (e-mail forward)လုပ်လိုက်တယ်နော်။

SHWE ZIN U said...

ကိုသက်ဦး

ကိုကြီးကျောက် က ကုလားဖြစ်ပြီတဲ့
သက်သေပြမယ်ပြောနေတယ်


ခင်တဲ့
ရွှေစင်