ပုဂ္ဂလိကသတင်းစာများမှာ အမြတ်ခွန်မဆောင်နိုင်သဖြင့် ပိတ်ရသူက ပိတ်ရပြီး၊ အယ်ဒီတာကို ဖမ်းထား သောကြောင့် ပိတ်ကြရသည်လည်း ရှိသည်။ တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးချုပ်တီကလစ် နုတ်ထွက်သည့် သတင်းအမှန်ကို ရေးသဖြင့် သတင်းပေးသူကို သိလိုသည်ဟုဆိုကာ အယ်ဒီတာ ဦးညိုမြနှင့် ဦးအုန်းခင်အား ရက်ရှည်လများ ဖမ်းဆီးစစ်ဆေးသဖြင့် အိုးဝေနှင့် မိုးကြိုးသတင်းစာ နှစ်စောင် စုတေစိတ်ကျ ရရှာပြန်လေသည်။
မုန်တိုင်းမိနေသည့် သတင်းစာများနှင့် လူထုကြီးအဖို့ ဆောင်းအိမ်မက်ကဲ့သို့ အိမ်မက်ဆန်းတခု မက်လိုက် ကြရပါသေးသည်။
၁၉၆၃ ခု၊ ဧပြီလ (၁) ရက်နေ့က တော်လှန်ရေးကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ပြီး အကျဉ်းသားအားလုံးကို လွှတ်လိုက်လေသည်။ တော်လှန်ရေးကောင်စီ ဥက္ကဌကြီး ဗိုလ်ချုပ်နေ၀င်းကိုယ်တိုင် ရန်ကုန်ထောင်ထဲသွားပြီး ထောင်လွတ်များနှင့် ထောင်မှူးထောင်ကြပ်များကို မိန့်ခွန်းပေးသောအခါ `ဆိုရှယ်လစ်စီးပွားရေးစနစ် ထူထောင်ရာမှာ လူတိုင်းပါဝင်နိုင်အောင် လွှတ်ပေးလိုက်တယ်။ ဆိုရှယ်လစ် ခေတ်သစ်မှာ အကျဉ်းသားတွေ မရှိတော့လျှင် ထောင်မှူးထောင်ကြပ်တွေကို အလုပ်ဖြုတ်မည်မဟုတ်။ သင့်လျော်တဲ့ အလုပ်တွေ အစားပေးမယ်´ ဟု ကတိပေးသည်။
ဗိုလ်ချုပ်ကြီးက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်သည် တကယ်အမှန် အောင်မြင်တော့မည်ဟု ယုံကြည်ဟန် တူသည်။ ဆိုရှယ်လစ်စီးပွားရေးစနစ်၏ အသီးအပွင့်စားရချိန်တွင် စစ်ဗိုလ်များက ပိုမစားဘဲ လူထုနှင့် ညီညီ မျှမျှ ခွဲဝေစားသောက်ကြမည်ဖြစ်သောကြောင့် မကောင်းမှု ကျူးလွန်မည့်သူ မရှိလေမည်မို့ ထောင်ဆိုသည်ကို အရုပ်ရေးကြည့်ကြရမည် ခေတ်သစ်ကို ရောက်တော့မည်ဟု စိတ်ကူးယဉ် ဟန်တူသည်။ ချက်ချင်း မဆိုင်းမတွ ရန်ကုန်ထောင်ကြီးကို ဖျက်လိုက်စေဟု အမိန့်ပေးပြီး ဖြိုချလိုက်ကြလေတော့သည်။
ထိုအခါတွင် သတင်းစာဆရာများတို့က လက်ခုပ်လက်ဝါးတီးကာ ကောင်းချီးသြဘာပေးကြသည်။ ရာဇ၀င်စဉ်ဆက် ခံခဲ့ကြရသည့် ရန်ကုန်ထောင်ကြီး မရှိတော့သောကြောင့် ဆိုရှယ်လစ်လောကနိဗ္ဗာန်၏ တံခါးဝကို ရောက်ကြပြီဟု အိမ်မက်မိကြလေသည်။
လွတ်လပ်ရေးရချိန်ကစပြီး လက်နက်ကိုင် တိုက်ခိုက်နေကြသော သူပုန်သူကန်များကိုလည်း ဆိုရှယ်လစ် နိုင်ငံသစ်ကို ပူးပေါင်းတည်ဆောက်လှည့်ကြပါဟု တော်လှန်ရေးကောင်စီက ဖိတ်ခေါ်သည်။ ၁၉၆၃ ခု၊ ဇွန်လ (၁၁) ရက်နေ့တွင် ဖိတ်ခေါ်ရာ၌ ကွန်မြူနစ်လက်နက်ကိုင် သူပုန်အဖွဲ့ (၂) ဖွဲ့နှင့် လူမျိုးစု (၆) ဖွဲ့တို့ လာရောက် ဆွေးနွေးကြလေသည်။ ဤတွင် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိတော့မည်ဟု အိမ်မက်ကြရပြန်သည်။
အိမ်မက်သည် ဆောင်းအိမ်မက်ပါပေ။ ကြာကြာပင် အရသာ မခံလိုက်ရပါပေ။ ဗိုလ်ချုပ်ကြီးရော ဆောင်းပါးရှင်တို့ သတင်းစာဆရာတွေပါ ဖျတ်ခနဲ လန့်နိုးကြရတော့သည်။ ထောင်ကြီးကို ဖျက်ပြီး (၄) လကြာသောအခါတွင်မှ ဆိုရှယ်လစ်နိုင်ငံ တည်ထောင်သည့်အခါတွင် နိုင်ငံရေးအကျဉ်းသားဟူသည်မှာ မရှိမဖြစ် သတ္တ၀ါများ ဖြစ်လေသည်ကို ဗိုလ်ချုပ်ကြီး သိရှိလာရှာသည်။
၁၉၆၃၊ သြဂုတ်လထဲတွင် ထင်ရှားသော နိုင်ငံရေးခေါင်းဆောင် (၁၀) ဦးကို ထိန်းသိမ်းလိုက်ရာတွင် နေးရှင်းသတင်းစာ အယ်ဒီတာ ဦးလောရုံပါ ပွဲဦးထွက် အဆက်ပါသွားရှာသည်။ တော်လှန်ရေးအစိုးရက ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ သူပုန်သူကန်များနှင့် ဆွေးနွေးတာကို နှောင့်ယှက်ဖျက်ဆီးသူများ အဖြစ် စွပ်စွဲကာ ဖမ်းဆီးသည်။
သူပုန်တို့သည် တောတွင်းက ထွက်လာပြီး ဆွေးနွေးကြစေကာမူ အစိုးရကို အယုံအကြည် မရှိကြသူများ ဖြစ်သည်။ ကရင်အမျိုးသားအဖွဲ့တခုကသာ တော်လှန်ရေးအစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံပြီး ကျန်အဖွဲ့ အားလုံးက တောထဲသို့ ပြန်သွားကြပြီး ဆက်လက်ကာ ထကြွကြလေသည်။ `အတုအလိမ်ဆွေးနွေးပွဲပါ´ ဟု အလံဖြူ သခင်သန်းထွန်းက ကြိုတင်ကာ ဗေဒင်ဟောပြီး ဆွေးနွေးပွဲများကို တက်ပင် မတက်ခဲ့ပေ။
(၁၅) နှစ်တာမျှ တောကြီးမျက်မည်းထဲတွင် သစ်ဥသစ်ဖုများစားပြီး တော်လှန်နေသော အလံနီသခင်စိုး စသော တောပုန်းများ ဆွေးနွေးရန် မြို့တွင်းသို့ ၀င်လာသောအခါတွင် ကွဲကွာနေသည့် ဆွေမျိုးညာတိကာ များထံ သွားရောက်နှုတ်ဆက်ကြသည်။ စေ့စပ်ရေး ပျက်သဖြင့် သူပုန်များ တောထဲပြန်ဝင်သွားသည်နှင့် တပြိုင်နက် သူပုန်များ လာစဉ်က တွေ့ခဲ့မိသည့် ဆွေမျိုးများကို တရကြမ်း ဖမ်းတော့သည်။ အကိုအရင်း ဖြစ်သောကြောင့် အလံနီကိုကျော်ဝင်းကို တွေ့မိသည့် သူ၏ညီကို ဖမ်းပြီး ထောင်ထဲမှာ (၈)နှစ်တာမျှ ထည့်ထားခဲ့သည်။
သခင်စိုးက စွန့်ပစ်ထားသည့် ဇနီးတဦးက နောက်အိမ်ထောင်သစ် ထူလေသဖြင့် စိုးကြီးက ဇနီးဟောင်း၏ အိမ်သို့သွားပြီး `သဘောထားကြီးပါတယ်၊ သဘောတူပါတယ်´ ဟု ပြောပြီး လက်စွပ်တကွင်း လက်ဖွဲ့ခဲ့လေ သည်။ မဆီမဆိုင် သူပုန်ကြီး၏ မယားဟောင်းကို လက်ထပ်မိသူခမျာကိုလည်း ဖမ်းလိုက်ပြီး ထောင်ထဲမှာ (၈) နှစ်တာ ထားပြန်သည်။
သူပုန်ဆွေမျိုးတွေသာမက လက်ဝဲဆန်သူ စာရေးဆရာအများကိုပါ ဖမ်းလေရာ အောင်လင်း၊ မြသန်းတင့်၊ ဂျာနယ်ကျော် မမလေး၊ ဒဂုန်တာရာ၊ စိန်ခင်မောင်ရီ စသည့် စာပေ လောကသားတွေပါ အဆက်ပါ သွားရသည်။
သခင်စိုးကြီးကို ကျပ်တထောင်တန်နှင့် ညစာစားပွဲနှင့် ဂုဏ်ပြုပါရစေဟု ကြေညာက ဧည့်ခံပြုစုသူ သတင်းဂျာနယ် အယ်ဒီတာ ကိုလှအောင်တယောက်လည်း (၈) နှစ်တာမျှ ခံရရှာသည်။ များစွာ ဂြိုလ်မွှေသော ငြိမ်းချမ်းရေး လက်ကမ်းပွဲကြီးပါပေ။
ဗိုလ်ချုပ်ကြီးနေ၀င်းအဖို့ သူဖန်တီးမည့် လောကနိဗ္ဗာန်တွင် အကျဉ်းသားရှိတော့မည့် မဟုတ်တော့ပြီဟု ကြေညာပြီး ရန်ကုန်ထောင်ကြီးကို ဖျက်ရန် အမိန့်ပေးခဲ့သည်မှာ မှားပြီဟု နောင်တရမည်မှာ အမှန်ဖြစ်၏။ ၁၉၆၃ ခု၊ နိုဝင်ဘာလက စပြီး လူဖမ်းပွဲများ အကြိမ်ကြိမ်အလီလီ ဆင်နွှဲရသဖြင့် အကျဉ်းသားများ ထားစရာ မရှိသောကြောင့် အင်းစိန်ထောင်ကြီးနှင့် ရေကြည်အိုင်စခန်း စစ်စုံထောက် ထောင်များကို မကြာခဏ ချဲ့ခဲ့ရလေ တော့သည်။
ထိုမည်သော လူဖမ်းပွဲကြီးတွင် တင်မောင်အဖို့ ပြေးနိုင်သဖြင့် လွတ်ခဲ့ရသည်။ တင်မောင်သည် ကျောင်းသားဘ၀က အလံနီဌာနချုပ်တွင် ကျက်စားဖူးလေသဖြင့် ပထမနေ့ သတင်းစာရှင်းပွဲက စတင်ပြီး သခင်စိုးနှင့် နှုတ်ဆက်ပြောဆိုရသည်။ ကြေးမုံတိုက်သို့ လာရောက်လည်ပတ်သဖြင့် တိပ်ရီကော်ဒါလိုသည် ဟု ဆိုသဖြင့် တောထဲ၌ သုံးစွဲရနိုင်သော အကောင်းဆုံးတလုံးကို လှူလိုက်ရသည်။ စိုးကြီးတို့၊ ကိုကျော်ဝင်း တို့နှင့် တွေ့ကြသည့်အခါတိုင်းတွင် စစ်စုံထောက် (၃) ဦးတို့၏ ရှေ့တွင် တွေ့ရသဖြင့် နိုင်ငံရေးစကား တလုံးမှ မပြောခဲ့ပေ။ သို့စေကာမူ လူဖမ်းပွဲ စာရင်းတွင် ထိပ်ဆုံးမှ ပါနေသည်ဟု ဆယ်မိနစ်မျှ တင်ကြိုသိရသည်။
နေးရှင်းသတင်းစာတိုက်တွင် အယ်ဒီတာ ကိုလှဖေကို ဖမ်းသောအခါတွင် သတင်းထောက်ပီသပြီး မျက်စိရှင်သည့် ကိုလှထွေးက စစ်စုံထောက်လက်ထဲက စာရွက်ကို ဖတ်မိအောင် ဖတ်လိုက်နိုင်သည်။
စာရွက်ကို ဖတ်ပြီးသည်နှင့် ကိုလှထွေးက `အယ်ဒီတာချုပ်ကို ကန်တော့ပါရစေ´ ဟု တောင်းပန်ပြီး အခန်းထဲဝင်ကာ `ကျနော့်ကို ဖမ်းနေပြီ။ ခင်ဗျားဆီ လာလေရဲ့။ ပြေးချင်လျှင် ပြေးပေတော့´ ဟု ဖုန်းဆက်ကာ သတိပေးလေသောကြောင့် တင်မောင်အဖို့ စစ်စုံထောက်တွေ မလာမီ (၅) မိနစ် တင်ကြိုပြီး ကိုယ်ဖျောက်နိုင်ခဲ့သည်။
`ခင်ဗျားကိုလည်း ဖမ်းမှာပဲ´ ဟု ကြေးမုံအယ်ဒီတာ စိန်ခင်မောင်ရီထံ ဖုန်းဆက်ပါသေး၏။ `ကျနော်လည်း ကြားတယ်။ မပြေးတော့ဘူးဗျ။ ထောင်ထဲမှာ အရက်သောက်ရမှာ မဟုတ်ဘူး။ ၀အောင်သောက်ပြီး မအေပေး တွေကို စောင့်နေတယ်လေ´ ဟု သူက ဖြေသည်။ ကိုခင်မောင်ရီ တယောက် ထောင်ထဲဝင်သောအခါတွင် သူ့ခမျာမှာ လမ်းမလျှောက်နိုင်တော့ သောကြောင့် လေးဖက်ထောက်ပြီး ၀င်ရရှာသည်ဟု ကြားရပါသည်။
တင်မောင်သည် ယခင်က ပြေးနေကျအတိုင်း Guardian သတင်းစာ အယ်ဒီတာ ဦးစိန် ၀င်းနှင့် ဆက်သွယ်ပြီး ပြေးခဲ့ရသည်။ ဤတချီတွင် ဦးစိန်ဝင်းကိုယ်တိုင် လူဖမ်းစာရင်းမှာ ပါသည်ဟု ကြားသဖြင့် နှစ်ယောက်သား တရုတ်တန်းဘက်မှ အိမ်တအိမ်တွင် ရှောင်ပုန်းနေကြသည်။ အကြံအဖန်ကောင်းသူ ဦးစိန်ဝင်းက စစ်စုံထောက်များကို ငှားရလေ့ရှိသည့် အငှားကားများ ပိုင်ရှင်ထံမှ ကားတစီးကို ရအောင်ငှားနိုင် သောကြောင့် နှစ်ယောက်သား သွားလိုရာ သွားနိုင်ခဲ့သည်။ စစ်စုံထောက်များက တင်မောင်တို့ စီးသောကားကို မည်သည့်အခါမှ မရှာဘဲ လွှတ်ပေးသည်။ (၄) ရက်မျှ ကြာသောအခါတွင် လူဖမ်းစာရင်း၌ ဦးစိန်ဝင်း မပါဟု သိရသဖြင့် သူက အိမ်သို့ ပြန်သွားနိုင်လေသည်။
တယောက်တည်း ပုန်းရမည်ဟု သေချာသောအခါ ရက်ရှည်လများ ခိုရန် စီစဉ်ရသည်။ တောမှာ ဆေးကုလာသူတဦး အဖြစ် ၀င်ဒါမီယာလမ်းတ၀ိုက်မှ အိမ်ငယ်ကလေးတခုကို ငှားပြီး ခပ်တည်တည် နေလိုက်သည်။ စစ်စုံထောက်များကလည်း အမျိုးမျိုး လိုက်လံစုံစမ်းကြသည်။ ခပ်အေးအေး တယောက်တည်း တံခါးပိတ်ပြီး စာရေးစာဖတ်နေသောကြောင့် သူတို့ကို မျက်ခြေဖြတ်နိုင်ခဲ့သည်။ (၅) လ တိုင်တိုင် ပုန်းနေနိုင်သည်။ `ကျနော် အဖမ်းခံထိမှာစိုးလို့ ပုန်းနေပါတယ်။ ကယ်ပါဦးခင်ဗျာ´ ဟု ဗိုလ်ချုပ်ကြီး နေ၀င်းထံ စာရေးလိုက်ခဲ့သည်။
စစ်စုံထောက် ဗိုလ်မှူးကြီးများအဖို့ တင်မောင်အား ဖမ်းမမိလေလေ၊ စစ်စုံထောက်ဌာန၏ အစွမ်းသတ္တိ ညံ့ကြောင်း လူသိလေလေဖြစ်ကာ အရှက်ကွဲလေလေ ဖြစ်ခဲ့သည်။
နောက်ဆုံးတွင်မူ ဗိုလ်ချုပ်ကြီးနေ၀င်းက အရှက်ပြေ-မျက်ဖြေ-လွတ်ငြိမ်းခွင့် ပေးရတော့သည်။ `ခင်ဗျားတို့ အယ်ဒီတာချုပ်က သတင်းစာကို ကြာကြာပစ်ထားတာ မကောင်းပါဘူး။ သတင်းစာကို ဖိဖိစီးစီး လုပ်ပါစေ။ ပုန်းမနေပါနဲ့။ မဖမ်းချင်ပါဘူး။ ပြန်ကြားရေးဌာန အတွင်းဝန်နဲ့ တွေ့ပြီး နားလည်မှု ယူလိုက်ပါ´ ဟု မှာကြား သည်။ နောက်တနေ့တွင် အတွင်းဝန်စစ်ဗိုလ်နှင့် တွေ့ပြီးနောက် `မြို့ပုန်း´ ဘ၀မှ လွတ်မြောက်ရတော့၏။
ထိုညက ဗိုလ်ချုပ်ကြီးနှင့် များစွာ ရင်းနှီးသူ ဒေါက်တာမောင်မောင်လည်း ရှိနေသောကြောင့် မျက်ဖြေလွတ် ငြိမ်းခွင့်ပေးသည်ကို ကြားလိုက်ရသဖြင့် ဗိုလ်ချုပ်ကြီး အတွင်းဘက် ခဏသွားခိုက်တွင် `ကျနော့် ယောက္ခမကြီးလည်း အဖမ်းခံ ထိနေတယ်။ ပြောပေးကြပါဦး´ ဟု ဦးလှနှင့် ဆရာဇ၀နတို့အား တိုးတိုး ပြောရှာသည်။
အတန်ကြာမှ ဗိုလ်ချုပ်ကြီး ပြန်လာသောအခါတွင် ဦးလှက ဆရာမောင်မောင်၏ ကိစ္စကို ပြောသောအခါ ဗိုလ်ချုပ်နေ၀င်းက အံ့သြစွာနှင့် `မောင်မောင်ရယ်၊ ဘာလို့ စောစောက မပြောတာလဲကွယ်´ ဟု ညည်းရှာသည်။ ရီတီတီ မူးနေသူ ဆရာဇ၀နက `ကြောက်တာကိုးဗျ´ ဟု ပြက်လုံးထုတ်လိုက်သဖြင့် ပွဲကျသွားသည်ဟု သိရသည်။
1 comment:
Help US to fight for better Burma.
Expose the truth , raise your moral to respectable ground.
Don't do " lowlife" method.
campaign - http://tr.im/monmyat
blood-dripping http://tr.im/zawgyi
the truth - http://bit.ly/ArHman
Post a Comment