Saturday, August 28, 2010

(၅၁) ဗိုလ်နေ၀င်း ဖော်စပ်သော နိုင်ငံတော်မွဲဆေး (ကြေးမုံဦးသောင်း)

ဒီမိုကရေစီအစိုးရခေတ်က ဗိုလ်ချုပ်ကြီးနေ၀င်းအဖြစ် စစ်တပ်ကို ကွပ်ကဲစဉ်က လာဘ်လာဘကို ရှောင်ကြဉ်သူ တဦး ဖြစ်ခဲ့ပါသည်။ မြင်းပွဲများသို့ အမြဲသွားသူ ဖြစ်စေကာမူ အစိုးရပိုင်သော ငွေ၊ တပ်၏ငွေများကို ထိသူမဟုတ်ပါ။ သန့်ရှင်းသူ ဖြစ်ပါသည်။
တခါတွင် ဇနီးဖြစ်သူ ဒေါ်ခင်မေသန်းက အော်တိုကားကုမ္မဏီနှင့် ဆက်သွယ်ကာ Hillman မော်တော်ကားများကို တပ်မတော်မှ အရာရှိများကို လဆိုင်းစနစ်နှင့် ရောင်းချရန် စီစဉ်ပါသည်။ ဒေါ်ခင်မေသန်းက ကော်မရှင်ပွဲခ ရယူမည့် အစီအစဉ်ကို သိသည်နှင့် တပြိုင်နက် ဒေါ်ခင်မေသန်းကို ရိုက်နှက်ဆုံးမကာ စီမံကိန်းကို ဖျက်လိုက်ပါသည်။ ဖြောင့်မတ်သူ ဖြစ်ပါသည်။
၁၉၅၈ ခုနှစ် အာဏာသိမ်းစဉ်ကလည်း ငွေကြေးကိစ္စတွင် သူကိုယ်တိုင် သန့်ရှင်းစွာ ကျင့်သုံးပြီး လက်အောက် ဗိုလ်မှူးကြီးများကို သန့်ရှင်းကြရန် တင်းကျပ်စွာ အမိန့်ပေးခဲ့ပါသည်။ ၁၉၆၁ ခုနှစ်က ထိပ်သီးစစ်ဗိုလ်ကြီး (၁၃) ဦး ဖယ်ရှားစဉ် စစ်ဆင်ရေးရန်ပုံငွေ ဖြတ်တောက်လာဘ်စားမှုမှ စတင်ကာ ငွေကြေးမသမာမှုများကို အရေးယူသည် ဖြစ်ပါသည်။
သို့သော် ၁၉၅၇ ခုနှစ်တွင် အေဒီလမ်း အင်းလျားကန်ထိပ်တွင် စစ်ဦးစီးချုပ်နေထိုင်ရန် အိမ်ဆောက်စဉ်ကမူ ဇနီးဒေါ်ခင်မေသန်း ဟောင်ကောင်သို့သွားကာ အိမ်ဆောက်ပစ္စည်များ၊ ဟိုင်ဖိုင်ဓာတ်ပြား၊ တိတ်ပြား၊ ဓာတ်စက်များ ၀ယ်ယူစေခြင်းတို့ ပြုလုပ်သောအခါ နိုင်ငံရေးရပ်ကွက်က မျက်လုံးပြူးကာ ကြည့်ကြပါသည်။
“မင်း … နေ၀င်းဆောက်တဲ့ အိမ်ကို မြင်ပြီးပြီလား၊ အိမ်မဟုတ်ဘူး၊ နန်းတော်ကွ နန်းတော်” ဟု ဒေါက်တာဘမော်က စာရေးသူအား ပြောပြပါသည်။ “ငါလည်း အာဏာရတုန်းက အနားယူတဲ့အချိန်မှာ နေဖို့ ကိုယ်ပိုင်အိမ်ဆောက်ခဲ့တယ်။ ကျော်ငြိမ်းတို့၊ ချစ်မောင်တို့လည်း ကိုယ်ပိုင်အိမ်ဆောက်ကြတာပဲ။ အတွင်းဝန်တွေ၊ ၀န်ထောက်မြို့အုပ်တွေလည်း ကိုယ်ပိုင်အိမ်ဆောက်ကြတယ်ဆိုတာ တနေ့ရာထူးပြုတ်တဲ့အခါ အနားယူတဲ့အခါ အတွက် အိမ်ဆောက်ကြတာဟာ မဆန်းဘူး။ နေ၀င်းက သူကိုယ်ပိုင်ဆောက်တာမဟုတ်ဘူး၊ တပ်မတော်ဦးစီးချုပ် နေဖို့ အိမ်ကို ဒီလိုအပင်ပန်းခံပြီး ဆောက်တာဟာ ဒီကောင် တသက်လုံး ရာထူးက မဆင်းတော့ဘူးကွ” ဟု သူက ကောက်ချက်ချခဲ့ပါသည်။
သူတသက်လုံး နေထိုင်ရန်အိမ်ကို အခွန်တော်ငွေနှင့် ဆောက်ပြီး နောက်ပိုင်းတွင် ၁၉၆၂ ခုနှစ် အာဏာသိမ်း ပြီးချိန်မှ စတင်ကာ နိုင်ငံ၏ ဓနစွမ်းအားမှန်သမျှ၊ နိုင်ငံပိုင် ပစ္စည်းပစ္စယမှန်သမျှ သူ၏ မိသားစုပိုင်၊ ဘိုးဘွားပိုင် ပစ္စည်းများအဖြစ် ထင်သလို စားသုံးပါတော့သည်။
ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်ကြီး၏ အ၀င်ဝတွင် ကော်ဖီဆိုင်ကလေးတခု ဖွင့်ထားပါသည်။ များသောအားဖြင့် ထိုဆိုင်တွင် လာရောက်စားသောက်သူမရှိပါ။ ဟိုတယ်သို့ တကူးတက လာရောက်သောက်နိုင်သူ ရှားပါးသည်။ တင်မောင်နှင့် သတင်းစဉ်အယ်ဒီတာ သန်းစိန်ထွန်း၊ မောင်မောင်ညိုတို့သည် နိုင်ငံခြားဧည့်သည်များကိစ္စ၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ဧည့်ခံပွဲများ ပြုလုပ်ရေးကိစ္စများအတွက် အင်းလျားကန်ဟိုတယ်သို့ မကြာခဏ သွားရလေ့ရှိပါသည်။ သွားလေတိုင်း ဟိုတယ်ပေါက်ဝတွင် ဖွင့်ထားသော အထူးကော်ဖီဆိုင် Expreeso ကော်ဖီခါး သောက်ကြလေ့ရှိပါ၏။ ရံဖန်ရံခါတွင် သန်းစိန်ထွန်းက မုန့်ပဲသရေစာ ဒါယကာခံရှာပါသည်။ ဈေးကလည်း ကြီးလှသဖြင့် အမြဲကော်ဖီမသောက်နိုင်ဘဲ ထိုင်ရုံသာ ထိုင်ခဲ့သည်လည်း ရှိပါသည်။
ဖြူဖြူချောချော ထောင်ထောင်မောင်းမောင်း ကျောင်းသူတဦးနှင့် ကျောင်းသူအဖွဲ့ကို မကြာခဏ တွေ့ရပါသည်။ ကျောင်းသူတို့ အုပ်စုက ဈေးမမေးဘဲ တန်းဖိုးကြီးသော မုန့်များကို အ၀အပြဲစားနိုင်ကြသည်ကို သတိပြုမိသဖြင့် ငွေရှင်းလျှင် မည်သူက ပေးသနည်းဟု စောင့်ကြည့်မိပါသည်။ ဘယ်လောက်ကျသနည်းဟု မမေးပါ၊ ငွေစာရင်း တောင်းခံလွှာ မတောင်းပါ။ စားသောက်ပြီး တပျော်တပါး ထွက်သွားကြပါသည်။
စားပွဲထိုးကလေးကို မေးကြည့်မိပါသည်။ “ဗိုလ်ချုပ်ကြီးရဲ့သမီး ဆေးကျောင်းသူ စန္ဒာဝင်းနှင့် သူရဲ့သူငယ်ချင်းတွေလေ။ တော်တော်ကြာ တခြားသမီးတွေ လာကြဦးမယ်။ ဒီဆိုင်က သူတို့တတွေ နေ့လည်စာစားဖို့ ဖွင့်ပေးရတာပါ။ သူတို့က ဘယ်တော့မှ ပိုက်ဆံမပေးဘူး” ဟု ဖြေပါ၏။ ဗိုလ်နေ၀င်းက နိုင်ငံပိုင် ပစ္စည်းမှန်သမျှ သူ၏မိသားစုပိုင်အဖြစ် စားသုံးစေသူ ဖြစ်သည်။ သူ၏ သားသမီးများသာမက အပေါင်းဖော်များပါ ထင်သလို စားသုံးကြစေပါသည်။ သားသမီးများမှာ ငယ်စဉ်ကပင် ဒါတို့ပြေ၊ ဒါတို့မြေ၊ ဒါငါတို့မြေဟု နိုင်ငံတခုလုံးကို အပိုင်စားစေဟု စိတ်ဓာတ်သွင်းထားပါသည်။
၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အာဏာသိမ်းပြီးနောက် (၃) လခန့်အကြာ ဇူလိုင်လ (၇) ရက် လူသတ်ပွဲ အပြီးတွင် “ခေါင်းရှုပ်တယ်” ဟု ဆိုကာ လန်ဒန်သို့ ထွက်သွားပါသည်။ ထိုကာလမှ စတင်ကာ တနှစ်လျှင် (၄) ခေါက်မျှ၊ (၄)လမျှ နိုင်ငံခြားသို့ သွားရောက်အပန်းဖြေလေ့ရှိပါသည်။ သူပိုင်စစ်စုံထောက်တပ်က ၀န်ကြီးစစ်ဗိုလ် မှန်သမျှကို အမြဲမှန်ဘီလူးနှင့် ကြည့်နေစေပြီး (၇) ရက်တကြိမ် ဆက်သားတဦး လန်ဒန်သို့ စေလွှတ်ကာ သတင်းများကို အစီရင်ခံရသဖြင့် စစ်ဗိုလ်ဝန်ကြီးများသည် သူရှိနေသော အချိန်များထက် အနေအထိုင် အပြောအဆို ဆင်ခြင်ကြလေ့ရှိပါသည်။
“သူလုပ်နေတာတွေကို ခင်ဗျားမကြိုက်ပါဘူး။ သူမရှိတုန်း သိမ်းလိုက်ပါလား” ဟု အိမ်ရှေ့မင်းတပိုင်း စစ်ဗိုလ်ကြီးကို ပြောမိပါသည်။ စကားလုံးနှင့် အဖြေပင်မပေးရဲပါ။ အဓိပ္ပာယ်ရှိရှိ အပြုံးနှင့်သာ ဖြေ၀ံ့ရှာပါ၏။
ခေါင်းဆောင်ကြီး၏ နိုင်ငံခြားခရီးစားရိတ်မှာလည်း ကြီးမြင့်လှပါသည်။ အခိုင်းအစေ လက်တိုလက်တောင်းများ၊ ဆရာဝန်များ၊ စစ်စုံထောက်များ၊ သားသမီးများ၊ သားသမီးတို့၏ သူငယ်ချင်းများပါ ခေါ်လေ့ရှိပါ၏။ ပြန်လာပါက အစိုးရငွေနှင့် ၀ယ်လာသော နိုင်ငံခြားပစ္စည်းများကို ဒေါ်ခင်မေသန်းက မှောင်ခိုဈေးသို့ ပို့ရောင်းပါသည်။ “တိပ်ရကော်ဒါ အသစ်အဆန်းကလေးဝယ်မလား၊ ဒေါ်ခင်မေသန်း ပါလာတာလေ” ဟု ရောင်းသူပွဲစားများကို တွေ့ဖူးပါသည်။
ခရီးစားရိတ် ဖြုန်းတီးပုံနှင့် ပတ်သက်၍ ဂျာမဏီပြည်၊ ဘွန်းမြို့ မြန်မာသံရုံးမှ သံမှူးတဦးက ပြောပြပါသည်။ “ဗိုလ်ချုပ်ကြီးနဲ့အဖွဲ့အတွက် အငှားကားမဟုတ်တဲ့ အထူးတက္ကစီလေးစီးကို ဟိုတယ်ရှေ့မှာ (၂၄) နာရီ ရပ်စောင့်ရမယ်ဆိုပြီး ငှားထားတယ်။ သူက ရက်(၂၀) နေတော့ အငှာကားစားရိတ်က ကားသစ်ဝယ်လျှင် သုံးစီး ၀ယ်နိုင်တယ်။ ကျနော်တို့ သံရုံးမှာ ကားစုတ်ကားပျက်တစင်းပဲ ရှိတယ်။ ကားသစ်ဝယ်သုံးပြီး သံရုံးထားခဲ့လျှင် ဘယ်လောက်ကောင်းမလဲ၊ မပြောဝံ့ပါဘူးလေ” ဟု ညည်းရှာပါ၏။
ဗိုလ်ချုပ်ကြီးသည် နိုင်ငံခြားဟိုတယ်များတွင် တစ်ပေးကောင်းသူ၊ ဘောက်ဆူးပေးကောင်းသူဟု ကျော်ကြားပါသည်။ ဆေးရုံတက်ကာ ဆေးစစ်ရင်း အနားယူရာတွင် ဆေးရုံကဆင်းသောနေ့တွင် ဆရာဝန်များ၊ သူနာပြုများမှ အမှိုက်လှဲသူများအထိ ၀န်ထမ်းအားလုံးကိုဖက်ကာ လက်ဆောင်ပေးပါသည်။ ငွေဖလားကြီးတခု ထဲတွင် မြန်မာနိုင်ငံမှ သယ်လာသော ကျောက်လက်စွပ်၊ နားကပ်စသော လက်ဝတ်ရတနာအမျိုးမျိုးကို သူက မကြည့်ဘဲ လက်နှင့်နှိုက်ကာ ဆွဲယူ၍ လက်ဆောင်ပေးပါသည်။ အမေရိကန်ဒေါ်လာ တထောင်တန် ရသူများ ရှိကြသည်။
နိုင်ငံပိုင်ငွေ မလေမလွင့်ရန် ချွေတာရှာပါသည်။ လန်ဒန်တွင် လနှင့်ချီကာ အနားယူရာတွင် ဟိုတယ်စားရိတ်က ကြီးမားသည်။ လိုသမျှကို ရန်ကုန်ဘဏ္ဍာရေးဝန်ကြီးထံ တောင်းရသည်။ တချီတွင် မြန်မာအစိုးရတွင် လက်ကျန် နိုင်ငံခြားသုံးငွေမရှိသဖြင့် ဗြိတိသျှလေကြောင်းကုမ္ပဏီမှ ငွေချေးရဖူးသည်။ ထိုကြောင့် နိုင်ငံတော်အဖို့ စားရိတ်သက်သာစေရန် လန်ဒန်တွင် အိမ်ကောင်းအိမ်သန့်တလုံးဝယ်ကာ နေထိုင်ပါသည်။ ဒီမိုကရေစီအစိုးရ ခေတ်က သံရုံးမြေနှင့် အဆောက်အအုံကို အစိုးရအနေနှင့် ၀ယ်ခဲ့သကဲ့သို့ မ၀ယ်ဘဲ သူ၏မိတ်ဆွေ ဘီအိုစီ မန်နေဂျာဟောင်း အင်္ဂလိပ်တဦး၏ အမည်နှင့် ၀ယ်ခဲ့ပါသည်။
ကံကောင်းအကြောင်းမလှသဖြင့် သူ၏မိတ်ဆွေခမျာ သေဆုံးရှာလေရာ ဇနီးဖြစ်သူက ခင်ပွန်းသည်ပိုင်ဆိုင်ပစ္စည်း အဖြစ် သိမ်းယူသောအခါ ဗိုလ်ချုပ်ကြီးမှာ ဘုံပျောက်သွားရှာပါသည်။ မြန်မာနိုင်ငံတွင်းတွင် မည်သည့်အမှုကိုမဆို အနိုင်ယူနိုင်သော်လည်း အင်္ဂလန်တွင် အင်္ဂလိပ်ဥပဒေဖြစ်နေသည်။ အိမ်ကို မူလက မိမိနာမည်နှင့် မ၀ယ်ဘဲ ခိုးကြောင်ခိုးဝှက် ၀ယ်ခဲ့သဖြင့် ဥပဒေအရ ပိုင်ဆိုင်သူ၏ ဇနီးမယားသာ ဆက်ခံပိုင်ဆိုင်ခွင့် ရှိလေရာ ဗိုလ်ချုပ်ကြီးမှာ မည်သို့မှ မတတ်နိုင်ဘဲ သူခိုးလက်မှ သူဝှက်က လုသည်ကို မခံချိမခံသာ ခံရရှာပါသည်။
စိတ်မကျေနိုင်သဖြင့် နောက်ထပ်အိမ်တလုံး ၀ယ်ပြန်ပါသေးသည်။ တခါသေဖူး ပျဉ်ဖိုးနားလည်ပြီဖြစ်သဖြင့် နောက်ဝယ်သောအိမ်မှာ လက်ထဲတွင် မြဲခဲ့ပါသည်။ ဤတချီတွင် မည်သူ့ကိုမှ အညံ့မခံပါ။ တပ်မတော်သား (၆) ဦးကို မြန်မာနိုင်ငံက ခေါ်ယူကာ အိမ်စောင့်တာဝန်ချထားပါသည်။ နှစ်စဉ် တနှစ်တကြိမ် တပ်မတော်သား (၆) ဦးကို လန်ဒန်သို့ လူလဲနှင့် စေလွှတ်ကာ အိမ်တော်စောင့်ရန် ပို့ပေးရပါသည်။
ဒုတိယအစီအစဉ်အရ ဗိုလ်ချုပ်ကြီး၏ ဘိလပ်အိမ်တော် စောင့်ရှောက်ရေးအတွက် တပ်မတော်သားများကို ဘိလပ်သို့ အလှည့်ကျပို့ရပြန်သဖြင့် ဆင်ဖိုးထက် ချွန်းဖိုးက ကြီးရပြန်ပါသည်။
ဗိုလ်ချုပ်ကြီးနေ၀င်း၏ နန်းသက် (၂၄) နှစ် မပြည့်မီ နိုင်ငံတော် လူမွဲနိုင်ငံ ဖြစ်ရလေသည်မှာ မဆန်းပါပေ။ ။

Friday, August 13, 2010

(၅၀) ဒေါသကုမ္မာရကြီး ဗိုလ်နေ၀င်း (ကြေးမုံဦးသောင်း)

ဗိုလ်ချုပ်ကြီးနေ၀င်းသည် ဒေါသပြင်းသူဖြစ်ပါသည်။ အမေရိကန်တိုင်းမဂ္ဂဇင်းက သူ၏ဒေါသသတင်းကို Nawinian Anger ဟု ခေါင်းစဉ်တပ်ခဲ့သဖြင့် ဗိုလ်နေ၀င်း၏ ဒေါသသည် ကမ္ဘာကျော်ရုံမျှမက အင်္ဂလိပ်စာစကားတွင် ဝေါဟာရအသစ်တလုံးတိုးခဲ့သည်အထိ ကြီးမားပြီး အထိန်းအကွပ်မရှိ ဖောက်ခွဲနိုင်ခဲ့သူ ဖြစ်ပါသည်။
တခုသော နာတာလူးပွဲတွင် ရန်ကုန်မြို့၊ အင်းလျားကန် ဟိုတယ်တွင် ကပွဲကြီးတခုကို ကျင်းပနေပါသည်။ သူ၏ အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက အင်းလျားကန်ဟိုတယ်ကြီးကို အုပ်ချုပ်လုပ်ကိုင်ရာတွင် အမြတ်ရှာရမည်ဟု ဗိုလ်နေ၀င်းက အမိန့်ရှိသဖြင့် နာတာလူးပွဲတော်ကပွဲသဘင်ကို တေးတူရိယာတီးဝိုင်းနှင့် ကျင်းပကာ စီးပွားရှာခဲ့ ပါသည်။ ထိုကာလက ပွဲလမ်းရှားပါးသောကြောင့် ခရစ်ယာန်ဘာသာဝင်များ၊ သံတမန်များနှင့် နိုင်ငံခြားခရီးသည် များတို့ စည်ကားစွာ တက်ရောက်အားပေးကြပါသည်။
ဘင်ခရာဆိုင်းတခြိမ့်ခြိမ့်နှင့် စုံတွဲများ၊ တငြိမ့်ငြိမ့်ကနေစဉ်တွင် အင်းလျားကန် တဘက်ခြမ်းတွင် နေထိုင်သော ဗိုလ်နေ၀င်းက တသဲ့သဲ့ကြားရသော တီးဝိုင်းသံကို မကြားလိုဟု ဆိုကာ ဒေါသထွက်ပြီး ဝေးကွာလှမ်းသော ဟိုတယ်ဆီသို့ ဂျစ်ကားတစီးကို ကိုယ်တိုင်အပြင်းမောင်းသွားပါသည်။ သူ၏ သက်စောင့် ကိုယ်ရံတပ်များက အခြားကားနှစ်စီးနှင့် ဘာမသိ၊ ညာမသိ လိုက်ကြရသည် ဆိုပါသည်။
ဟိုတယ်သို့ ရောက်သောအခါ ပြေးဝင်သွားပြီး အစိုးရပိုင်တီးဝိုင်းအဖွဲ့မှ ဘင်ကြီးကို ခြေထောက်နှင့် ကန်ကာ ဖောက်ခွဲပါသည်။ ထိုနောက် ကနေကြသော စုံတွဲအများကို ကန်ကျောက်ထိုးနှက်ပါသည်။ အချို့က သူ့ကို ပြန်လည် ထိုးကြပါသေးသည်။ နောက်မှ စစ်ဝတ်စုံဝတ် သက်တော်စောင့်တပ်သားများ ၀င်ရောက်ကာ ဆွဲကြ၊ ထိန်းကြမှ သူမှန်းသိသဖြင့် ရှောင်ပြေးကြရပါသည်။ ပွဲပျက်သွားသည့်တိုင် စိတ်ထင်တိုင်းရိုက်နှက်ပြီးမှ ဆဲဆိုအော်ဟစ်ကာ သူ၏ အိမ်သို့ ပြန်သွားပါသည်။
သူကထိုးသဖြင့် ပါးကွဲသွားသော နိုင်ငံခြားမှ သံတမန်တဦးကို နိုင်ငံတော်အစိုးရ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးက တောင်းပန်ရပါသည်။ နိုင်ငံတွင်းတွင်မူ သူ၏ အမှားကို တောင်းပန်မှုမပြုရုံသာမက ဟိုတယ်နှင့် တီးဝိုင်းကို ပိုင်ဆိုင်သော ကုန်သွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီးစံဝင်းအား ရာထူးမှ ဖယ်ရှားလိုက်ပါသည်။
ထိုသတင်းကို အမေရိကန်တိုင်းမဂ္ဂဇင်းက Nawinian Anger ဟု ရေးသကဲ့သို့ မြန်မာသတင်းစာဆရာများကလည်း သတင်းစာတို့မှ မရေးဝံ့ကြစေကာမူ သူ့အား ဘွဲ့သစ်ပေးကြပါသည်။
အလံနီခေါင်းဆောင် ဦးသာကျော်သည် ငယ်စဉ်က ဇတ်ပွဲတခုတွင် ၀င်ရောက်ဆော့ကစားသောအခါ ဆိုင်းဝိုင်းမှ ဗုံကို ဖောက်ခဲ့သူဖြစ်သဖြင့် “ဗုံပေါက်သာကျော်” ဟု ခေါ်တွင်ပါသည်။ ဗိုလ်နေ၀င်းကိုလည်း “ဘင်ဖောက်နေ၀င်း” ဟု ခေါ်ဆိုကြပါသည်။ “သမ္မတလူကြမ်းအဖွဲ့” ဟုလည်း ခေါ်ကြပါသည်။
မည်သည့်အတွက် ထိုရွေ့ထိုမျှ ထိုဒေါသထွက်ရသည်ကို စုံစမ်းကြရာတွင် အရေးကြီးသော စစ်ရေးအစည်းအဝေး ကျင်းပနေစဉ်တွင် တီးဝိုင်းသံက နှောက်ယှက်သဖြင့် စိတ်ဆိုးရရှာသည်ဟု စစ်စုံထောက်တပ်က ၀ါဒဖြန့်ပါ၏။ အစည်းအဝေးရှိပါက အခြားစစ်ဗိုလ်ကြီးများ သူ၏အပါးတွင် ရှိနေရမည်ဖြစ်သဖြင့် ထိုသတင်းမမှန်နိုင်ပါ။ အိမ်တော်အစည်းအဝေးခန်းတို့မှာ အသံလုံပါသည်။ သတင်းစတခုကမူ သူ၏ သမီးတယောက် ထိုနာတာလူးကပွဲသို့ သွားရောက်ကာ စုံတွဲကကြသဖြင့် စိတ်ဆိုးရသည်ဟု ဆိုပါသည်။ အကြောင်းရင်းမှန်ကို မသိနိုင်စေကာမူ သူ၏ ဒေါသမှာ ကမ္ဘာကျော်သွားပါသည်။
ဗိုလ်နေ၀င်းသည် သူ၏ မိသားစုအရေးကိစ္စပေါ်ပေါက်တိုင်း ဒေါသကို မထိန်းနိုင်ခဲ့ပါ။ တကြိမ်တွင် မေမြို့ဂေါက်ကွင်းတွင် ဂေါက်သီးရိုက်နေခိုက် သူ၏ဇနီး ဒေါ်ခင်မေသန်းနှင့် ခင်မင်နီးစပ်သူ အရပ်သားကုန်သည်ကြီးတဦးကို မြင်တွေ့ရာမှ ဒေါသထွက်ကာ ဂေါက်တံနှင့် ပြင်းထန်စွာ ရိုက်ခဲ့ပါသည်။ ထိုပုဂ္ဂိုလ်အား ချက်ချင်းရန်ကုန်ပို့ကာ ကုသပြီး နိုင်ငံခြားသို့ လေယာဉ်ပျံပေါ်တင်ပြီး ပြည်မှ နှင်ခဲ့ပါသည်။
တခါတွင် သုတေသနနှီးနှောပွဲအပြီးတွင် သုတေသီတို့အား ဂုဏ်ပြုဧည့်ခံပွဲကို အိမ်တော်တွင် ခမ်းနားစွာ ကျင်းပပါသည်။ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်မှ ဆရာ ဆရာမများ အများကို ဖိတ်ကြားကာ ညစာစားပွဲဖြင့် ပြုစုရာတွင် ဧည့်သည်တစုံတဦးက ဒေါ်ခင်မေသန်းအား တို့ထိသည်ဟု ယူဆကာ အိမ်တော်ဝင်းတံခါးကြီးကို ပိတ်လိုက်ပါသည်။ သူက မသင်္ကာသူကို ရှာဖွေပြီး သူကိုယ်တိုင် ရိုက်နှက်ထိုးကြိတ်ပါတော့သည်။ သူက အိမ်ရှင်အဖြစ် နိုင်ငံတော်၏ အကြီးအကဲအဖြစ် ဖိတ်ကြားသော ဧည့်ခံပွဲကြီးမှာ သွေးထွက်သံယို ၀ရုန်းသုန်းကားနှင့် ပွဲပျက်ရပါသည်။ နောက်ပိုင်းတွင် သူထိုးကြိတ်သူများသည် သူထင်သကဲ့သို့သော အမှုများကို ပြုသူများမဟုတ်သည်ကို စစ်ဆေးသိရှိရသဖြင့် တိုးတိုးတိတ်တိတ်နှင့် တောင်းပန်ရသည်ဟု သိရပါသည်။
ဇနီးဒေါ်နီနီမြင့်နှင့် ပေါင်းသင်းနေစဉ် နိုင်ငံခြားသို့ ခရီးထွက်ရာမှ နိုင်ငံမှလွင့်နေသူ ဒေါ်ရတနာနတ်မယ်ကို ပြန်တွေ့ရာမှ ခေါ်ဆောင်လာခဲ့ပါသည်။ ဒေါ်ရတနာနတ်မယ်မှာ ၁၉၄၇-၄၈ ခုနှစ်က ရန်ကုန်မြို့တွင် ကျော်ကြားသော အလှမယ်တဦးဖြစ်ပါသည်။ ရန်ကုန်မြင်းပွဲမှ စွတ်ဒိုင်ဖွင့်သူ အင်္ဂလိပ်တဦးနှင့် ဇနီး မြန်မာမင်းမျိုး မင်းနွယ် မင်းသမီးတဦးတို့မှ ပေါက်ဖွားသူဖြစ်သဖြင့် မင်းမျိုးဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ဓမ္မသတ်အရ တရားဝင် လက်ထပ်ပွဲကို အိမ်တော်တွင် ကျင်းပခဲ့ပါသည်။ ဥရောပတွင် အနေကြာပြီး မြန်မာ့ထီးသုံးနန်းသုံး ဓလေ့များ ကျွမ်းကျင်သူ ဇနီးသစ်ကို ပွဲတက်မယားအဖြစ် မြှောက်စားခဲ့ပါသည်။ ဗိုလ်နေ၀င်းက ထီးရေးနန်းရာများကို စိတ်ပါဝင်စားစွာ လေ့လာဆွေးနွေးပါသည်။ အခမ်းအနားတို့တွင် တောင်ရှည်ပုဆိုးကို အမြဲဝတ်ဆင်လာပါသည်။ ကုန်းဘောင်မင်းဆက် အသစ်တည်ထောင်ပြန်လေပြီဟု သတင်းစာဆရာများက တီးတိုးပြောပါသည်။ တရုတ်ပြည် သို့ ခရီးထွက်ရာတွင် နိုင်ငံတော် သမ္မတကတော်အဖြစ် လိုက်ပါစေခဲ့ပါသည်။
ဒေါသကဲသော ဦးနေ၀င်းက သူ၏ဇနီးမှန်သမျှကို စိတ်မထင်တိုင်း ရိုက်နှက်လေ့ရှိရာ တချီတွင် နိုင်ငံခြားသံတမန် များရှေ့၌ ဒေါ်ရတနာနတ်မယ်ကို ဆေးလိပ်ပြာခွက်နှင့် ပေါက်သဖြင့် မင်းစိတ်မင်းမာန်ရှိသူ ဒေါ်ရတနာနတ်မယ်က ချက်ချင်းကွာရှင်းခွင့်တောင်းကာ ဥရောပသို့ ပြန်သွားပါသည်။
သူသည် စာများများ ဖတ်သူဖြစ်ပါသည်။ စာပေဗိမာန်မှ အမျိုးသားစာပေဆုပေးကော်မတီတွင် အဖွဲ့ဝင်တဦး လစ်လပ်နေသောကြောင့် ဆရာငွေဥဒေါင်း (ဦးကြီးမောင်) ကို ဖြည့်စွက်ခန့်ထားမည်ဟု တင်ပြရာ ဗိုလ်ချုပ်ကြီး နေ၀င်းက “ငွေဥဒေါင်းဝေဖန်ချက်ကောင်းလို့ စာအုပ်တအုပ် ဖတ်ကြည့်တယ်။ သူဝေဖန်ထားသလို ကောင်းလှချည် မဟုတ်ပါဘူးကွာ” မှတ်ချက်ပေးသဖြင့် အဆိုမှာ ပျက်သွားခဲ့၏။ ထိုအဖွဲ့ဝင် လစ်လပ်သောနေရာကို တင်မောင်အား ဖြည့်စွက်ခန့်ထားခြင်း ခံခဲ့ရပါသည်။ တင်မောင်ကလည်း စာအုပ်ဝေဖန်ချက်များ ရေးလေ့ရှိရာ တင်မောင်၏ ဝေဖန်ချက်များကို သူသဘောတူဟန် တူပါ၏။
သူ၏ စားပွဲတွင် မြန်မာစာအုပ်များ တွေ့ရပါသည်။ မည်သည့်စာအုပ်က မည်နှယ်ဟု ကိုးကားပြောပြသည်ကို ကြားရပါသည်။ သူ၏ အတွင်းလူ ဗိုလ်မှူးကြီးတဦးကို ပြောပြမိသောအခါ “ဗိုလ်ချုပ်ကြီးက ဘယ်စာအုပ်ကိုမှ အစက အဆုံးအထိ ဖတ်တာမဟုတ်ဘူး၊ အစနည်းနည်း၊ အလယ်နည်းနည်း၊ အဆုံးနည်းနည်းသာ ဖတ်တာ။ စာအုပ်အကြောင်း သိရုံ၊ ပြောနိုင်ရုံသာ ဖတ်တာ” ဟု ပြောပါ၏။ သူ့တွင် ထူးခြားသော မှတ်ဉာဏ်ရှိသဖြင့် ဖတ်လေသမျှ မေ့ဟန်မတူပါ။
သေချာသည်မှာ ဗိုလ်ချုပ်နေ၀င်းသည် သတင်းစာဆရာများကို ရွံ့မုန်းသူ ဖြစ်ပါသည်။ သတင်းစာဆရာဟူသော ဝေါဟာရစကားလုံးကို လက်မခံဘဲ “သတင်းစာရောင်းစားတဲ့ကောင်တွေ” ဟု ခေါ်လေ့ရှိပါသည်။ ပြည်တွင်းစစ် အဦးပိုင်းကာလက သတင်းထောက်များနှင့် ရင်းနှီးစွာ ဆက်ဆံပါသည်။ နောက်ပိုင်းတွင် ပုဂ္ဂလိက ခေတ်သတင်းစာ ဆရာများကို လက်တကမ်း ခပ်လှမ်းလှမ်းမှ ဆက်ဆံလေ့ရှိပါသည်။
တော်လှန်ရေးအစိုးရခေတ် သတင်းစာများကို ပြည်သူပိုင်ပြုပြီးချိန်တွင်မူ သတင်းစာဆရာမှန်သမျှ သူ၏ လက်အောက်အလုပ်သမားများသာ ဖြစ်လာကြသောအခါတွင်မူ ရင်းနှီးစွာ ဆက်ဆံလေ့ရှိပါသည်။ ဦးသိန်းဖေမြင့်ကို ရုရှသြဇာလွှမ်းသူ၊ ဦးလှကို တရုတ်သြဇာခံသူဟု သူက ယူဆစေကာမူ လေးစားစွာ ဆက်ဆံပါသည်။ ဆရာဇ၀နကိုမူ ပြည်မြို့နယ်သားချင်းအဖြစ် ရင်းနှီးပါသည်။ ဆရာက အရက်မူးသဖြင့် ရိသည်ကိုပင် သည်းခံပါသည်။
ဒေါက်တာမောင်မောင်အဖို့ အမေရိကသို့ ပညာတော်သင်သွားချိန်မှ စတင်ကာ ဂါးဒီးယန်းသတင်းစာကို ဗိုလ်မှူးကြီး သုံးဦးတို့က စစ်တပ်၏ လျှို့ဝှက်ရန်ပုံငွေနှင့် ၀ယ်ယူကာ စစ်တပ်အာဘော်အဖြစ် ထုတ်ဝေသည်ကို ဗိုလ်နေ၀င်းက မကြိုက်သဖြင့် သတင်းစာကို မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ပါသည်။ ကြေးမုံသိမ်းချိန်တွင် ဂါးဒီးယန်းသတင်းစာ ကိုလည်း ပြည်သူပိုင် ပြုလိုက်ပါသည်။
နိုင်ငံခြားစာနယ်ဇင်းများတွင် သူ့အမည်ကို ကောင်းသတင်းသာ ပါစေလိုပါသည်။ ထိုင်းအစိုးရက ပြန်အပ်သော ဘိန်းဘုရင် လော်စစ်ဟန်ကို ရန်ကုန်တရားရုံးတွင် စစ်ဆေးရသည့် အမှုအကြောင်း သတင်းဆောင်းပါးကို Readers Digest မဂ္ဂဇင်းတွင် ဖော်ပြပါသည်။ ထိုစာမူ၌ သူ၏ အမည်ကို တနေရာတွင် ဖော်ပြရမည်လောဟု ပြင်းထန်စွာ စိတ်ဆိုးသဖြင့် ကုန်သွယ်ရေး (၉) မှ တင်သွင်းရောင်းချနေသော အမေရိကန် စာပဒေသာ မဂ္ဂဇင်းကို မြန်မာပြည်တွင်းသို့ မသွင်းရဟု ပိတ်လိုက်ပါသည်။ ။

Wednesday, August 4, 2010

သံရုံးဆိုတာ ဆန္ဒပြဖို့နေရာ

တကယ်တော့ မြန်မာသံရုံးဆိုတာ ပြည်ပရောက်မြန်မာတွေဆီက ၀င်ငွေခွန် ၁၀ ရာခိုင်နှုန်းကောက်တာက လွဲပြီး ဘာမှ ထိထိရောက်ရောက် ကူညီပေးတာမဟုတ်ပါဘူး။ အဲဒါကြောင့် သံရုံးဆိုတာ အခွန်ဆောင်တဲ့နေရာမဟုတ် ဆန္ဒပြဖို့ နေရာလို့ ကျနော်တော့ ယူဆပါတယ်။
ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ မြန်မာသံရုံးရှိပါတယ်။ အဲဒီမှာ ၂၂ နှစ်မြောက် ရှစ်လေးလုံးနေ့ ဆန္ဒပြမယ့်အကြောင်း ဂျာမနီရောက် မျိုးချစ်မြန်မာတွေက ဖိတ်ကြားထားပါတယ်။ စိတ်ဝင်စားသူများလည်း ပါဝင်ဆင်နွှဲနိုင်ဖို့ ထပ်ဆင့် ဖော်ပြပေးအပ်ပါတယ် ခင်ဗျား။ ။

Thursday, July 22, 2010

(၄၉) ကျေးဇူးတော်ရှင် ဗိုလ်ချုပ်ကြီးနေ၀င်း (ကြေးမုံဦးသောင်း)

ဗိုလ်ချုပ်ကြီးနေ၀င်းသည် တင်မောင်အဖို့ ကယ်တင်သူ ကျေးဇူးတော်ရှင် ဖြစ်ပါသည်။ တင်မောင်ကလည်း ကျေးဇူးဆပ်နိုင်ခဲ့ပါသည်။ ကိုးနှစ်နှင့် ဆယ့်တလတိတိ ပြန်ကြားရေးဝန်ကြီးဌာနတွင် အမှုထမ်းစဉ်က သူသိသင့် သိထိုက်သော သတင်းမှန်များနှင့် ထင်မြင်ဝေဖန်ချက်များကို စာရေးတင်ပြခဲ့ပါသည်။
ဗိုလ်ချုပ်ကြီးနေ၀င်းက သံယောဇဉ်ရှိသူများကို ကူညီလေ့ရှိပါ၏။ မိတ်ဆွေသတင်းစာဆရာကြီးတဦးက ဗိုလ်ချုပ်ဈေးတွင် ဆိုင်ခန်းရရှိရေး၊ နိုင်ငံခြားစေလွှတ်မည့် လေ့လာရေးအဖွဲ့တွင် မိမိပါသင့်ရေး စသည်တို့ကို စာရေး တိုင်တန်းတောင်းဆိုပါသည်။ နိုင်ငံခြားသို့ သွားလုဆဲဆဲတွင် အဖွဲ့ဝင်တဦးကို ဖြုတ်ကာ သူ့ကို ထည့်ပေးရပါသည်။ ဆိုင်ခန်းလည်း ရသွားပါသည်။ တင်မောင်မှာ လိုအပ်ချက်မရှိပါ။ ဦးနေ၀င်းထံ စာရေးတိုင်း၊ တွေ့ဆုံတိုင်း ကိုယ်ရေး ကိုယ်တာ အခွင့်အရေးကို တောင်းဆိုမှု မပြုခဲ့ပါ။ အမေရိကန်သို့ ထွက်ခွာရန် နိုင်ငံကူးလက်မှတ် လျှောက်ထားစဉ် ကပင် ဗိုလ်ချုပ်ကြီးအား အပူမကပ်ခဲ့ပါ။ ဗိုလ်ချုပ်စန်းယုထံ ပန်ကြားရာ၊ နိုင်ငံကူးလက်မှတ် လျှောက်လွှာ တင်ပြီးနောက် (၁၃) ရက်နှင့် ရရှိခဲ့ပါသည်။
သူနှင့် သီးသန့်တွေ့ဆုံရာတွင် တင်မောင်က “ဦးခင်ဗျား၊ မြို့ထဲမှာ ဒီလိုဒီလို ဖြစ်နေပါပြီ” ဟု နိုင်ငံ၏ အရေးကိစ္စ များကို အသေးစိတ်တင်ပြသည်ကို အချိန်ပေးကာ နားထောင်လေ့ရှိပါသည်။ တင်မောင်က ဗိုလ်ချုပ်ကြီးဟု စစ်ရာထူးအရ ခေါ်ဝေါ်ခြင်းမပြုဘဲ “ဦးခင်ဗျား…” ဟု ရင်းနှီးသော အရပ်သားစကားနှင့် ခေါ်လေ့ရှိပါသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တည်ထောင်စဉ်က ပါတီဌာနချုပ်ကို မင်္ဂလာဒုံစစ်တပ်ထဲတွင် ထားရှိခဲ့ရာမှ ရန်ကုန်မြို့တွင်းတွင် ဌာနချုပ်ဖွင့်ရန် နေရာရှာကြပါသည်။
တော်လှန်ရေးအစိုးရ တက်လာချိန်မှ စတင်ကာ အစိုးရရော ပြည်သူတို့ပါ သုံးထပ်တိုက်ပင် မဆောက်နိုင်ခဲ့သဖြင့် နေရာကောင်းမရကြပါ။ ပထမကမ်းနားလမ်းမှ ခြောက်ထပ်ကြီးရုံးကို ရွေးကြပြီးမှ ကျဉ်းသည်ဟု ပယ်ချကာ ရန်ကုန်မြို့ခရိုင်၊ ရာဇ၀တ်တရားသူကြီးရုံးနှင့် တရားရုံးများ တည်ရှိသော ရဲမင်းရုံးအဆောက်အဦကြီးကို ပါတီဌာနချုပ်ဖွင့်မည်ဟု ရွေးချယ်ကြပါသည်။ တရားရုံးများသည်လည်း ကမန်းကတန်းနေရာရှာကြရပါသည်။ တရားရုံးများတို့ကို လူထုက ရိုသေအောင် ဖန်တီးရပါသည်။ တရားရုံးများအဖို့ ရပ်ကွက်များ၊ ဈေးတန်းများသို့ ရောက်သွားပါက အဆောင်အယောင်ကင်းကွာမည်။ တရားရုံးတို့ကို လူမရိုသေပါက တရားဥပဒေစိုးမိုးရေးကို ထိပါး ပါမည်ဟု ဗိုလ်ချုပ်ကြီးကို တွေ့ဆုံကန့်ကွက်ခဲ့ပါသည်။ သူ၏ စိတ်ကို ထိစေရန် “ဦးရယ် ရာဇ၀တ်တရားရုံးဆိုတော့ အောက်ထပ်မှာ အချုပ်ခန်းတွေရှိပါတယ်။ ထောင်ကလေးတခုမို့ နိမိတ်လည်း မကောင်းပါဘူး” ဟု စီကာပတ်ကုံး ပြောပြခဲ့ပါသည်။ တင်ပြသည်ကို အသေးစိတ်နားထောင်နေပေမယ့် “လက်လွန်သွားပြီကွာ” ဟု ဖြေပါသည်။ တင်မောင်ရှုံးခဲ့ပါ၏။
တင်မောင်၏ တင်ပြချက်အများတို့မှာ မအောင်မြင်ပါ။ “ကွာ ငါ့ကောင်တွေကလည်း ခက်တယ်ကွာ” ဟု စကားပိတ် လိုက်လေ့ရှိပါသည်။ အချို့သော ကိစ္စများကို ချက်ချင်း အရေးယူသည်လည်း ရှိပါသည်။
တင်မောင်အား မကြည်နိုင်သော စစ်ဗိုလ်များနှင့် ၀န်ကြီးများလည်း ရှိကြပါသည်။ သူတို့က ဗိုလ်ချုပ်ကြီးနေ၀င်းထံ စာရေးတိုင်တန်းကြသည်ကို သိရပါသည်။
ပါတီဌာနချုပ်မှ စစ်ဗိုလ်ကလေးတဦးက စာရေးသူ၏ ဆောင်းပါးများသည် ပါတီလမ်းစဉ်ကို ဆန့်ကျင်သဖြင့် “ဒင်း၏ မျက်စိမျာကို ဖောက်ပစ်ရမည်” ဟု သတင်းစာမှ ရေးသားပါသည်။ ဘဏ္ဍာရေးဝန်ကြီး ဦးဘညိမ်းက “သူ၏ ဆောင်းပါးများသည် နယ်စပ်မှ သူပုန်ထနေသော ဦးနု၏ လမ်းစဉ်သာ ဖြစ်သည်။ သူ၏ ဆောင်းပါးများကို သတင်းစာများမှ ဆက်လက်ဖော်ပြနေပါက မိမိအလုပ်လုပ်၍ မဖြစ်ပါ” ဟု စာတမ်းရှည်ကြီး တင်ပါသည်။ တင်မောင်အား ထိုဘဏ္ဍာရေးဆိုင်ရာ ဆောင်းပါးများအတွက် အရေးမယူခဲ့ပါ။
တခါတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်သောင်းဒန်က သူ၏ မကျေနပ်ချက်တခုကို ပြောဖူးပါသည်။ မော်စကိုသို့ ခရီးသွားဆောင်းပါးတွင် “မော်စကိုလမ်းပေါ်၌ ရင်ဘတ်တွင် တံဆိပ်အပြည့်ချိတ်ထားသော စစ်ဗိုလ်ချုပ်ကြီးများကို လက်ပြရဲက ငေါက်ငမ်းတားဆီးသည်ကို မြင်ခဲ့ရကြောင်း ရေးသားထားသည်” ကို “ဤအချက်မျိုး မရေးပါနှင့်” ဟု အထူးအရာရှိမှတဆင့် တားဆီးပါသည်။ တင်မောင်၏ ဆောင်းပါးများ မူဝါဒနှင့် ပတ်သက်၍ စစ်ဗိုလ်များ၊ ၀န်ကြီးများက တိုင်တောကြစေကာမူ ဆန့်ကျင်ကြစေကာမူ ဗိုလ်ချုပ်ကြီးက တခွန်းတပါဒမှ မပြောသဖြင့် ပြန်ကြားရေးဝန်ကြီးကလည်း မပြောခဲ့ပါ။
တင်မောင်အား သတင်းထောက်တဦးဟု ဗိုလ်ချုပ်ကြီးက မျက်မှန်းတန်းခဲ့သည်မှာ လွတ်လပ်ရေးရရှိစကာလက နိုင်ငံခြားသံရုံးဧည့်ခံပွဲများတွင် စတင်ခဲ့ပါသည်။ ကရင် - ဗမာပြည်တွင်းစစ် အင်းစိန်တိုက်ပွဲတွင် မကြာခဏ တွေ့ခဲ့ရပါသည်။
သူ့ထံသို့ စာရေးခဲ့သည်မှာ စစ်စုံထောက်များက ရန်ရှာသဖြင့် ဖြစ်ပါ၏။ ၁၉၅၈ ခု၊ အိမ်စောင့်အစိုးရခေတ်တွင် ကြေးမုံသတင်းစာ ပုံနှိပ်ထုတ်ဝေသူကို ထောင်ဒဏ်ပေးကာ သတင်းစာကို သိမ်းရမည်ဟု ရုံးတော်မှ စီရင်ခဲ့ပါသည်။ တင်မောင်ကိုလည်း ကွန်မြူနစ်ဟု ယိုးစွပ်ကာ စစ်စုံထောက်များက လိုက်နေကြသဖြင့် ဂါးဒီးယန်းသတင်းစာ အယ်ဒီတာ ဦးစိန်ဝင်း၏ နေအိမ်တွင် ပုန်းအောင်းနေရစဉ်က “ကျနော်ကွန်မြူနစ်မဟုတ်ပါ” ဟု သူ့ထံ စာတင်ခဲ့သဖြင့် ကိုကိုးကျွန်းသို့ မရောက်ခဲ့ရပါ။
“ကျနော် ကွန်မြူနစ်မဟုတ်ပါ” ဟု စာရေးသည်မှာ မှန်ကန်သော သစ္စာစကားဖြစ်ပါသည်။ ဖက်ဆစ်တော်လှန်ရေး ကာလတွင် ကိုနေ၀င်း၊ ကိုထွန်းစိန်တို့၏ သင်တန်းများ တက်ခဲ့သည်။ စစ်ပြီးခေတ်တွင် ရန်ကုန် (၃၃) လမ်းရှိ အလံနီဌာနချုပ်သို့ ၀င်ထွက်ခဲ့ကာ သခင်စိုး၏ သင်တန်းပင် တက်ခဲ့ဖူးပါသည်။ သို့သော် ပါတီဝင် မဖြစ်ခဲ့ပါ။ အာဏာသစ်သတင်းစာ လှည့်လည်ရောင်းချသူ အဆင့်သာသာ သာရှိပါသည်။
ပါတီက တောခိုသွားသောအခါ တာဝန်များပေးအပ်သည်ကို လက်မခံဘဲ ပါတီအတွက် စာအုပ်ဝယ်ပေးရသော တာဝန်ကိုသာ ဆောင်ရွက်ပေးခဲ့ပါသည်။ သူတို့တတွေ စာများများ ဖတ်စေလိုသော စေတနာနှင့် စာအုပ် အမြောက်အမြားဝယ်ယူကာ တောသို့ပို့ရသော အလုပ်တခုတည်းသာ လုပ်ခဲ့ပါသည်။ သခင်စိုးထံမှ သူဖတ်လိုသော စာအုပ်စာရင်းစာမှတပါး အဆက်မရှိပါ။ ထိုအချိန်က ဗမာ့ခေတ်အတွက် စာအုပ်များကိုလည်း တင်မောင်ပင် ၀ယ်လေရာ ၀န်ကြီးချုပ်ဦးနု ဖတ်သင့်သော၊ ဖတ်စေလိုသော စာအုပ်များကိုလည်း ဗမာ့ခေတ်က ၀ယ်ယူပို့ပေးခဲ့ ရပါသည်။ စိုးနှင့်နု ခေါင်းဆောင်နှစ်ဦးစလုံးတို့အား မိမိက ဖတ်စေလိုသော စာအုပ်များ ၀ယ်ယူပို့ပေးနိုင်ခဲ့သည်ကို နှစ်သိမ့်နေသူ ဖြစ်ခဲ့ပါသည်။
နောက်တကြိမ်တွင်လည်း ကွန်မြူနစ်ဟု ယူဆကာ စစ်စုံထောက်များက လိုက်ပြန်ပါသည်။ ၁၉၆၃ ခု၊ နိုဝင်ဘာလ တောတွင်းသူပုန်များကို ဖိတ်ခေါ်ဆွေးနွေးပွဲ အပျက်တွင် လိုက်ပြန်သဖြင့် ပုန်းအောင်းနေရာမှ သူ့ထံ စာရေးသောကြောင့် အဖမ်းမခံခဲ့ရပါ။ လွတ်ငြိမ်းခွင့်ရခဲ့ပါသည်။ နောက်ဆုံးအကြိမ်တွင်မူ ဖမ်းမည့်ရဲများက အိမ်ကို ၀ိုင်းထားသဖြင့် မပြေးနိုင်တော့ပါ။ “ဦးခင်ဗျား… ကျနော့်ကို ဖမ်းကြပါပြီ” ဟု ကပျာကယာ စာတစောင်ရေးပြီး ဇနီးနှင့် ထားခဲ့သည်ကို “နေလိုက်ဦးကွာ” ဟု အင်းစိန်ထောင်သို့ လှမ်းပြောကာ အခွင့်အရေးများ ပေးခဲ့ရှာပါသည်။
တနေ့တွင် လွှတ်တော်အစည်းအဝေး စားသောက်ဆိုင်တွင် တင်မောင်တို့ သတင်းစာဆရာများ နံနက်စာ စားနေကြစဉ် တဘက်စားပွဲတွင် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဒေါ်နီနီမြင့်တို့ လာရောက်စားသောက်ကြရာ စားပွဲထိုးက ကြက်သားကြော်များ ချပေးပါသည်။ ဗိုလ်ချုပ်ကြီးက ဒေါ်နီနီမြင့်ရှေ့မှ ပန်းကန်က ကြက်ပေါင်ကြော်တခုကို ယူလာကာ တင်မောင်၏ ပန်းကန်ထဲသို့ ထည့်ပါသည်။ “ပေးလိုက်ပါကွာ၊ ဒီကောင်က ကြက်ပေါင်အလွန် ကြိုက်တဲ့ကောင်ကွ” ဟု သူ၏ ဇနီးကို ပြောပြပါသည်။
တင်မောင် တုန်လှုပ်ချောက်ချားသွားပါသည်။ ၁၉၆၁ ခုနှစ်က ဗိုလ်မှူးကြီး (၁၃) ဦးကို ရာထူးချစဉ်က ထိုသတင်းကို တပ်မှူးများ အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးနေ၀င်းက ဗိုလ်မှူးကြီးများကို တဦးပြီးတဦးခေါ်ကာ ရာထူးမှ ချခဲ့ပုံကို အသေးစိတ်ရရှိသဖြင့် ကြေးမုံတစောင်တည်း သတင်းဦးဖော်ပြနိုင်ခဲ့ပါသည်။ ထိုစဉ်က ဗိုလ်မှူးကြီးကြည်ဝင်းက ညောင်ဦးသားချင်း သတင်းပေးသည်ဟု ငြိုးခဲ့ပါသည်။ ထောင်မှထွက်ပြီး တင်မောင်အား ခေါ်ယူတွေ့ဆုံစဉ်က ကျနော်၏ မိဘများရှိရာ တောသို့သွားကာ ကန်တော့မည်ပြောရာ ညောင်ဦးကို ဘာနှင့်သွားမည်လည်းဟု မေးခဲ့ပါသည်။ မှတ်ဉာဏ်ကောင်းပြီး အသေးစိတ်ကစပြီး သိလေ့ရှိသည့် ဗိုလ်ချုပ်ကြီးက ငါ့အကြောင်းတွေ ဘာတွေများ သိထားပါလိမ့်ဟု ကြောက်လန့်မိပါသည်။
ဤတွင်မှ မိမိသည် ဦးနေ၀င်းကို သံယောဇဉ်ရှိစေကာမူ သူ၏ စစ်ဝါဒကို ဆန့်ကျင်သူ ဖြစ်သည်ကို ဆန်းစစ်မိသည်။ တနေ့တွင် ဘေးအန္တရာယ်ကြီးမည်ကို သတိပြုမိကာ ဦးနေ၀င်းနှင့် ဝေးရာသို့ ပြေးနိုင်မှ လွတ်လေမည်ဟု တွေးမိကာ အခွင့်သာသည်နှင့် ပြည်မှ ထွက်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ။

Sunday, July 18, 2010

သူတို့ဓလေ့

ဒိန်းမတ်မှာ နွေရာသီဆို ခြေခင်းလက်ခင်း သာယာတာမို့ လူအတော်များများ ခရီးသွားကြပါတယ်။ ကျောင်းတွေ၊ အလုပ်တွေလည်း ပိတ်လေတော့ တတ်နိုင်ရင်တတ်နိုင်သလို နိုင်ငံခြားကို ခရီးထွက်ကြတယ်။ မတတ်နိုင်ဘူးဆိုလည်း ခရီးထွက်ဖို့အတွက်ကိုပဲ ငွေချေးပေးနေတာတွေ ရှိတယ်။ နောက်မှ ဖြေးဖြေးချင်း ပြန်ဆပ်ပေါ့လေ။ အနည်းဆုံး နိုင်ငံခြား ခရီးစဉ်မထွက်နိုင်ဘူးဆိုရင်တောင် ပြည်တွင်းက Summer house လို နွေရာသီအိမ်မျိုးမှာ သွားနေကြတယ်။ တချို့က နွေရာသီအိမ် ကိုယ်ပိုင်ဝယ်ထားကြပြီး တချို့ကတော့ ငှားနေကြတယ်။ တချို့ကျတော့ Camping ထွက်တဲ့နေရာတွေမှာ အိမ်သဖွယ်ပြုလုပ်ထားတဲ့ကားတွေနဲ့ သွားနေကြတယ်။ မနေ့ကတော့ ကျနော်တို့မိသားစုလည်း Camping ထွက်တဲ့နေရာတခုကို ရောက်သွားခဲ့တယ်။ ဒီမှာလာနေရင် ဘယ်လောက်ပေးရမလဲ ဆိုပြီး ဈေးနှုန်းကိုလည်း စပ်စုခဲ့သေးတယ်။ တညအတွက် တဲတလုံးစာ (သို့မဟုတ်) ကားတစီးစာ နေရာတခုကို ယူရိုငွေတဆယ်ခန့်နဲ့ လူတဦးစာကို တညအတွက် ယူရိုတဆယ်နီးပါး ပေးရတယ်။ မြက်ခင်းပေါ်မှာ ကိုယ့်ဖာသာကိုယ် ယာယီတဲထိုးနေတာပဲ ဆိုပေမယ့် ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတဲ့ နေရာတွေမှာသာ နွေရာသီစခန်းချခွင့်ပြုတာပါ။ Camping စခန်းမှာတော့ ရေချိုးဖို့နေရာ၊ အိမ်သာ၊ မီးဖိုချောင် စသည်ဖြင့် သီးသန့်နေရာတွေ လုပ်ပေးထားပါတယ်။ ကလေးကစားကွင်း၊ ငါးမျှားကန် စတာတွေ ရှိပါတယ်။ ငါးမျှားရင် နာရီနဲ့ ကျသင့်ငွေ ထပ်ပေးရပါတယ်။ ပြီးတော့ လျှပ်စစ်မီးသုံးရင် ဘယ်လောက်၊ အင်တာနက်သုံးရင် ဘယ်ဈေးဆိုပြီး သီးခြားဈေးသတ်မှတ်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။
ကျနော်တို့က ၂ ညအိပ် Camping လုပ်နေသူတွေဆီ ခဏအလည် သွားတာပါ။ တချို့နေရာတွေက အဲဒီလို နေ့ခင်းပိုင်းအလည်လာသူအတွက် ကျသင့်ငွေ သတ်မှတ်ကောက်ခံပြီး တချို့နေရာတွေကတော့ အလကား အလည်သွားလို့ရပါတယ်။ သူတို့နဲ့စကားပြော၊ သူတို့ ဘယ်လိုနေကြသလဲ ဆိုတာကြည့်ပြီး ပြန်လာခဲ့ကြပါတယ်။ ပြီးတော့ ဘလော့မှာတင်ဖို့ ဓာတ်ပုံလေး နဲနဲပါးပါး ရိုက်ခဲ့တယ်ပေါ့။ ။



နွေရာသီဆို သူတို့က ဒီနေရာမျိုးမှာ ပိုက်ဆံပေးပြီး လာနေလေ့ရှိကြတယ်။ မြို့တွေထဲမှာ လူမစည်ပဲ Camping လုပ်တဲ့နေရာတွေ မှာ လူစည်နေတတ်တယ်။ အဲဒါကို အခွင့်ကောင်းယူပြီး အိမ်ဖောက်တဲ့သူတွေက ရှိသေးသမို့ အိမ်ဖောက်ခံရတဲ့အမှု များတဲ့လတွေပေါ့။

Friday, July 2, 2010

(၄၈) စစ်ဗိုလ်ပြုတ်များ၏ အရည်အသွေး (ကြေးမုံဦးသောင်း)

ပြည်သူပိုင် သတင်းစာများ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးသည် အတွင်းဝန်ရာထူးအထိ တက်လာပါသည်။ ရာထူးတက်ရန် ကြိုးစားရာတွင် သတင်းစာများ ကျင့်ဝတ်ကိုပင် ထိပါးစပြုလာပါသည်။ ဆိုရှယ်လစ်စီးပွားရေးစနစ် အတွက် အရင်းအနှီးတိုးတက်ရရှိရန် သတင်းစာများက အမြတ်များများ ရှာရမည်ဟု သူက ချမှတ်ပါသည်။ ကြော်ငြာမှ ၀င်ငွေပိုမိုရရှိရေးကို သူက မီးထိုးပေးသောအခါ စီးပွားရေးကြော်ငြာ များများ မရနိုင်သဖြင့် ပြည်သူပိုင် သတင်းစာများသည် နိုင်ငံခြားသံရုံးကြော်ငြာများကို ပိုမိုဖော်ပြရပါသည်။ အထူးသဖြင့် မြောက်ကိုးရီးယားနိုင်ငံ သံရုံးမှ ခေါင်းဆောင်ကြီး ကင်အိဆွန်၏ အတွေးအခေါ်ကြော်ငြာများက ပြည်သူပိုင် သတင်းစာများကို လွှမ်းမိုးလာပါသည်။ ထိုကြော်ငြာများသည် နိုင်ငံရေးသြဇာလွှမ်းခံရသည် ဖြစ်သဖြင့် လျှော့သင့်ကြောင်း အစည်းအဝေးတို့တွင် မကြာခဏ ထောက်ပြရပါသည်။
ရာထူးတက်သူ အတွင်းဝန်ဗိုလ်မှူးကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် သတင်းစာလုပ်သားများက မကျေနပ်ကြသဖြင့် တိုင်စာအများ ပို့ကြသည်ဟု ကြားသိရပါသည်။ ဌာနများ၌ ရာထူးတိုးမြှင့်ရေး ဆုံးဖြတ်ချက်တို့ကို မကျေနပ်သူများ ပါသည်။
အာဏာရှင် ဗိုလ်နေ၀င်းသည် ပစ်စာများကို အထူးဂရုစိုက်ပါသည်။ သူကိုယ်တိုင် ဖတ်ရှုလေ့ရှိပြီး အလွန်ကောင်းသော မှတ်ဉာဏ်နှင့် တေးထားလေ့ရှိပါသည်။ အခြားရရှိသော သတင်းများ၊ စုံစမ်းချက်များနှင့် ညှိကာ လုပ်ဆောင်လေ့ရှိပါသည်။ မည်သူ့စာ၏ ဂယက်မသိ။ အတွင်းဝန်ဗိုလ်မှူးအား ဒု-၀န်ကြီးရာထူးသို့ တိုးမြှင့်တော့မည့်ဆဲဆဲတွင် ရာထူးမှ ဖယ်ရှားလိုက်ပါသည်။
သူ့ကို ဖယ်ရှားသည်မှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်စေကာမူ စိတ်မကောင်း ဖြစ်မိပါသည်။ ဗိုလ်မှူးသည် တင်မောင်အပေါ်တွင် ကောင်းရှာပါသည်။ အဘက်ဘက်မှ ကူညီရှာပါသည်။ တင်မောင်အား ရာထူးခန့်ထားရန် အတွက် ရာထူးဝန်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်တင်ပြစဉ်က ဥက္ကဋ္ဌဦးကာက “ဒီလိုအရည်အသွေး ပြည့်တဲ့သူကို ပေးတဲ့ လစာနှုန်းထားက နည်းလွန်းတယ်။ ရာထူးအဆင့်ရော၊ လစာပါ တိုးတက်ပေးသင့်တယ်” ဟု မှတ်ချက်ချကြောင်း လူအများရှေ့တွင် ၀မ်းသာအားရ ပြန်ပြောရှာပါသည်။ သို့သော် ၀န်ကြီးဟောင်း ဦးထွန်းဖေကမူ “ကျနော်၏သားသည် အမေရိကန်ပြန် ပညာတော်သင်ဖြစ်ပါလျက် ပြန်ကြားရေးဌာနတွင် အလုပ်လျှောက်ထားရာ၌ ပြန်တမ်းဝင်ရာထူးအဆင့်ကို မပေးပါ။ တော်လှန်ရေးအစိုးရကို ဆန့်ကျင်ရေးသားသော ကြောင့် ထောင်ကျပြီးမှ ပြန်လွတ်လာသူကို ချက်ချင်းပြန်တမ်းဝင်အရာရှိ ခန့်သည်မှာ မတရားပါ” ဟု ဗိုလ်ချုပ်ကြီးထံ စာတင်သည်ကိုလည်း အတွင်းဝန်ဗိုလ်မှူးက ပြရှာပါသည်။
မိတ်ဆွေကောင်းတဦးဖြစ်သောကြောင့် သူ၏ လုပ်ဆောင်ချက်များကို သဘောမညီစေကာမူ ၀မ်းနည်းသဖြင့် အိမ်နိမ့်စံနေရစဉ်တွင် သွားရောက်တွေ့ဆုံ အားပေးမိပါသည်။ ခက်သည်မှာ သူ့အဖို့ ဒု-၀န်ကြီး ဖြစ်လုလု အဆင့်သို့တိုင် ရာထူးမြှင့်ခဲ့သူ ဖြစ်စေကာမူ ပင်ကိုယ်အရည်အချင်း မရှိရှာသောကြောင့် ပြင်ပလောကတွင် အလုပ်ရှာမရပါ။ “ဘာလုပ်စားရမလဲ မသိပါဘူး” ဟု သူက ညည်းရှာပါသည်။
တင်မောင်သည် စစ်ဗိုလ်ကြီးများ အာဏာရနေစဉ်က အနီကပ်ဆက်ဆံလေ့ မရှိစေကာမူ ရာထူးပြုတ်သွားချိန်တွင် သွားရောက်တွေ့ဆုံ အားပေးလေ့ရှိရာတွင် ရာထူးမရှိတော့သည်နှင့် သူတို့တတွေ ကြီးစွာ တုန်လှုပ်တတ်သည်ကို သတိပြုမိပါသည်။ စစ်တပ်တက်လာသဖြင့် ရာထူးပြုတ်ရသော အရပ်သားအစိုးရအရာရှိများသည် အံကိုခဲကာ မိမိပိုင်ဆိုင်သော ပညာနှင့် အသက်မွေးမည်ဟု ရဲဝံ့စွာ ရင်ဆိုင်လေ့ရှိကြသည်ကို မြင်တွေ့ရပါသည်။ စစ်ဗိုလ်ကြီးများ ဘောင်းဘီကျွတ်လျှင် ပုခုံးပေါ်မှ ကြယ်ကြွေသည်နှင့် တပြိုင်နက် သားကောင်လိုက်သော ကျားစင်စစ်အသွင်မှ ကြောင်လိုက်သဖြင့် ပုန်းနေရသည့် ကြွက်ငယ်အသွင်သို့ ပြောင်းလဲသွားသည်ကို မြင်ရလေ့ရှိပါသည်။ ဆင်ပိန်ရင် ကျွဲဟု ဆိုရိုးရှိပါသည်။ သူတို့ကမူ ဆိတ်ပေါက်စကလေးများအရွယ်ပင် မရှိကြတော့ပါ။ ယုန်ကလေး၊ ပူးကလေးများ ကဲ့သို့ ကြောက်လန့်တတ်ကြပါသည်။
ရာထူးရှိစဉ်က စစ်ရုံးတွင် ရုံးတက်သောအခါများတွင် ရုံးမှ ဆင်နားရွက်တံခါးကို မည်သည့်အခါမှ လက်နှင့် မဖွင့်ဘဲ ခြေထောက်နှင့်ကန်ကာ ဖွင့်လေ့ရှိသည်။ မာန်ဟုန်ပြင်းသည်ဟု ကျော်ကြားသော ဗိုလ်မှူးကြီးခင်ညိုမှာ အရပ်သား ဘ၀တွင် ရိုကျိုးသူတဦးဖြစ်နေသည်ကို တွေ့ရပါသည်။
တော်လှန်ရေးအစိုးရခေတ်တွင် မာန်ဟုန်အပြင်းဆုံး စစ်ဗိုလ်ကြီးမှာ ဗိုလ်မှူးတင်ဖေ ဖြစ်ပါသည်။ နေ့စဉ် ရန်ကုန် မြို့တွင်းသို့ ရုံးတက်ရန် ကားနှင့်လာသည့်အခါများတွင် လမ်းဆုံများ၌ မီးနီနှင့်ကြုံတိုင်း ဒေါသမီးပေါက်ကွဲကာ အော်ဟစ်ဆဲဆိုလေ့ရှိပါသည်။ ထို့ကြောင့် ဗိုလ်မှူးချုပ်တင်ဖေ ရုံးတက်ရန် လာသည့်အခါတိုင်းမှာ အထူးစစ်ကားများနှင့် လက်ပြရဲဌာနမှ ရဲကားများက မိနစ်အနည်းငယ် တင်ကြိုမောင်းပြီး မီးတိုင်များမှ မီးများကို စိမ်းပေးရပါသည်။
တနေ့တွင် တင်မောင်သည် ကုန်သွယ်ရေးကော်ပိုရေးရှင်း (၉) ရုံးချုပ်သို့ မဂ္ဂဇင်းသစ်များဝယ်ရန် သွားစဉ်တွင် စက္ကူ၊ ဖောင်တိန်၊ မင် စသည့် ပစ္စည်းဝယ်ယူသူများ တန်းစီသည့် ဧည့်သည်ခန်းတွင် ဗိုလ်မှူးချူပ်ဟောင်းတင်ဖေကို အရပ်ဝတ်အရပ်စားနှင့် တွေ့ရပါသည်။ ဗိုလ်မှူးချုပ်ကြီး၏ မျက်နှာတွင် မာန်မာနမတွေ့ရတော့ပါ။ သာမန်အရပ်သား တဦးအသွင်။ အတူထိုင်နေသော အခြားလျှောက်လွှာတင် အရပ်သားများကဲ့သို့ပင် အခန်းကို အုပ်ချုပ်သော ရုံးလုလင်လေးကို ရိုသေစွာ ဆက်ဆံသည်ကို မြင်ရပါသည်။ သတင်းထောက်တဦး ဖြစ်သဖြင့် မျက်နှာသိ များသောကြောင့် ရင်းနှီးစွာ နှုတ်ဆက်မိပါသည်။ ဗိုလ်မှူးချုပ်ဟောင်းကြီးက ပြန်ပြီး နှုတ်ဆက်ခြင်း မပြုဘဲ မျက်လွှာချထားပါသည်။ ယခင် ဗိုလ်မှူးချုပ်ကြီးနှင့် ယခု ဗိုလ်မှူးချုပ်ဟောင်းတို့သည် လူတယောက်တည်းသာ ဖြစ်သည်ဟု မယုံနိုင်လောက်အောင် ပြောင်းလဲနေပါ၏။ ရုံးစေကလေးကို အခန်းပြင်ဘက်သို့ ခေါ်ပြီး မေးရာ “လက်နှိပ်စက်ဝယ်ယူခွင့် လျှောက်လွှာတင်ဖို့ လာတာ” ဟု ဖြေပါ၏။
တနေ့တွင် တင်မောင်တို့ သတင်းစာဆရာများသည် အင်းလျားကန် ဟိုတယ်တွင် ဧည့်ခံပွဲရှိသဖြင့် ရုံးကားကြီးတစီးနှင့် စုကာ သွားကြပါသည်။ ဟိုတယ်အတွင်းသို့ အ၀င်တွင် နိုင်ငံခြားခရီးသည်တစု ထွက်လာသည်ကို အငှားကားမောင်းသူတစုက သူ၏ကားကို စီးပါ၊ ငါ၏ကားကို စီးပါဟု ဖောက်သည်ခေါ်ကြ၊ လုကြသည်ကို တွေ့မြင်ကြရပါသည်။ “ဟယ်… ဟိုမှာ” ဟု အာမေဋိတ် ထွက်လာပါသည်။ ထိုလူစုတွင် တင်မောင်တို့အဖွဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်မှူးဟောင်းကို တွေ့ရပါသည်။ သူ့ခမျာ တက္ကစီမောင်းနေရရှာပြီကိုးဟု သိရသဖြင့် ရင်ထဲတွင် ထုံကျင်သွားကာ မချိဝမ်းနည်း ဖြစ်မိပါသည်။ သူက နင်းသဖြင့် နာထားသော သတင်းစာဆရာများကမူ “ဘယ်နှယ့်ဗိုလ်မှူးကြီး” ဟု နှုတ်ဆက်ပါသည်။ သူရာထူးရှိစဉ်က ဗိုလ်မှူးသာ ဖြစ်ပါလျက် သူကြိုက်အောင် ဗိုလ်မှူးကြီးခေါ်ခဲ့ရသည်ကို ယခု အငှားကားသမားဘ၀တွင် ပြန်လည် ခေါ်ဝေါ်နှုတ်ဆက်ကြသည် မှာ ဂလဲ့စားချေသည်သာ ဖြစ်သည်ဟု သိလိုက်ပါသည်။ ထိုအခိုက်တွင် စစ်စုံထောက်ချုပ်ကြီး ဗိုလ်မှူးချုပ်တင်ဦး ရောက်လာရာ မျက်နှာပျက်သွားသည်ကို သတိပြုမိပါသည်။
တနည်းအားဖြင့် ကံကောင်းသွားပါသည်။ နောက်တနေ့တွင် ချက်ချင်းလက်ငင်း နိုင်ငံခြားကုမ္ပဏီတခုက ကုန်စည် ကိုယ်စားလှယ်အလုပ် ခန့်လိုက်ပါသည်။ စစ်စုံထောက်ရုံး၏ အစီအစဉ် ဖြစ်ပါသည်။ ကိုယ်စားလှယ်အလုပ် ဆိုသည်မှာ ပညာအရည်အချင်းမလိုပါ။ အလုပ်ပင်လုပ်ရန်မလိုဘဲ အိမ်တွင်အိပ်နေရင်း ၀င်ငွေကောင်းကောင်း ရသော လုပ်ငန်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားကုန်စည်မှန်သမျှတို့ကို အစိုးရကသာ ၀ယ်ယူလေရာ ကုန်စည်များ တင်သွင်းရောင်းချသော နိုင်ငံခြားကုမ္ပဏီတိုင်း မြန်မာတဦးကို ကိုယ်စားလှယ်ခန့်ရပါသည်။ ကိုယ်စားလှယ် မရှိက အစိုးရက မ၀ယ်သဖြင့် ကိုယ်စားလှယ်များ ခန့်ကြရရာတွင် စစ်စုံထောက်ရုံးမှ ထောက်ခံသူကိုသာ ခန့်ထားရပါသည်။ အလုပ်လက်မဲ့ ဗိုလ်လူထွက်များကိုသာ စစ်စုံထောက်ရုံးက ထောက်ခံပါသည်။ ဗိုလ်လူထွက် တို့သည် များသောအားဖြင့် ပညာအရည်အချင်းမရှိကြသဖြင့် ကုန်စည်တင်သွင်းရန် တင်ဒါတင်ခြင်း၊ ဈေးနှုန်း တက်ခြင်းတို့ကို မလုပ်နိုင်ကြပါ။ ထိုကြောင့် နိုင်ငံခြားကုန်သည်ကြီးများက အရပ်သားကျွမ်းကျင်သူများကို လက်ထောက်စာရေးအဖြစ် ပူးတွဲခန့်ထားကြရပြန်ပါသည်။ အလုပ်လုပ်ရန်ရှိသမျှကို အရပ်သားကျွမ်းကျင်သူများက လုပ်ကိုင်စေပြီး တရားဝင်ကိုယ်စားလှယ် ဗိုလ်လူထွက်များက လက်မှတ်ထိုးပေးရုံနှင့် အခကြေး ရယူကြပါသည်။ စစ်ဗိုလ်လူထွက်များအတွက် မိုက်ကြေးခွဲလုပ်ငန်းသာ ဖြစ်ပါသည်။ စာရေးသူ၏ မိတ်ဆွေ အတွင်းဝန်ပြုတ်အဖို့ အတွင်းဝန်လုပ်ရသည်ထက် ဇိမ်ကျနေပါတော့သည်။ အလုပ်မလုပ်ဘဲ ခေါင်းပုံဖြတ်ရသော အလုပ်ထက် ကောင်းသောလုပ်ငန်းမရှိပါ။ အပြစ်ကြောင့် ထုတ်လိုက်သော စစ်ဗိုလ်လူထွက်များအတွက် ဗိုလ်နေ၀င်းက တီထွင်သော စနစ်ဖြစ်ပါသည်။
ဗိုလ်မှူးချုပ်တင်ဖေအား မြို့လယ်မှ အကောင်းဆုံးမြေကွက်နှင့် သစ်ခွဲစက်လုပ်ငန်း၊ မဂ္ဂဇင်းထုတ်ဝေမှုလုပ်ငန်း၊ ဗိုလ်မှူးကြီးစောမြင့်နှင့် ဗိုလ်မှူးသန်းညွန့်ကို မဂ္ဂဇင်းထုတ်ဝေခွင့်လုပ်ငန်းနှင့် အခြားလုပ်ငန်းများကို ပေးထားပါသည်။ ဗိုလ်နေ၀င်းက စစ်ဗိုလ်မှန်သမျှ အရပ်သားများထက် ချမ်းသာစေရမည်ဟူသော မူနှင့် ထောက်ပံ့သည်မှာ တနည်းအားဖြင့် ဗိုလ်နေ၀င်း၏ အပြစ်များကိုသိရှိသူ၊ ရိပ်မိသူရှိပါက ပြန်မပြောလေအောင် နှုတ်ပိတ်ချွေးသိပ် သည်လည်း ဖြစ်ပါသည်။ ။

Friday, June 25, 2010

ကျနော် ယာဉ်မောင်းလိုင်စင်ဖြေစဉ်က

ကျနော် ဒိန်းမတ်မှာ ယာဉ်မောင်းလိုင်စင်ယူတုံးက ဖြေရတဲ့စာမေးပွဲ အတွေ့အကြုံလေး ပြောပြချင်ပါတယ်။ လိုင်စင်ရဖို့ သင်တန်းတက်ဖြစ်တဲ့အကြောင်းကိုတော့ “တတိယနိုင်ငံရောက် တတိယကမ္ဘာကလူ” ဆိုတဲ့ ပို့စ်မှာ ရေးခဲ့ဘူးပါတယ်။ အခုဟာက စာမေးပွဲအတွေ့အကြုံပါ။
သင်တန်းကာလမှာ တပတ်ကို တရက် စာတွေ့တွေ သင်ပေးသလို လက်တွေ့လည်း မောင်းနေရပါတယ်။ စာတွေ့ကိုတော့ အိမ်မှာလည်း အွန်လိုင်းကနေလေ့ကျင့်ဖို့ စီစဉ်ပေးထားပါတယ်။ စာတွေ့ဖြေတဲ့အခါမှာ မေးခွန်း အပုဒ်ကြီး (၂၅) ပုဒ်မေးမယ်။ အပုဒ်ကြီးတပုဒ်မှာ အပုဒ်သေး ၃ ပုဒ် (သို့) လေးပုဒ် ပါနိုင်ပြီး အပုဒ်သေးအားလုံးမှန်မှ အပုဒ်ကြီး တပုဒ်မှန်ပါတယ်။ မေးခွန်း (၂၅) ပုဒ်မှာတော့ အကုန်မှန်စရာ မလိုပါဘူး။ (၅) ပုဒ်အထိ မှားခွင့်ပေးတာကြောင့် အပုဒ် (၂၀) မှန်ရင် အောင်ပါတယ်။
အွန်လိုင်းမှာ အစမ်းဖြေကြည့်တဲ့အခါ အစပိုင်းမှာ အမှားတွေများပေမယ့် လေ့ကျင့်ရင်းနဲ့ အမှားနဲလာပြီး ၂ ပုဒ်မှား၊ ၃ ပုဒ်မှား၊ ၄ ပုဒ်မှား၊ ၅ ပုဒ်မှားတွေနဲ့ အောင်တာများလာပါတယ်။ အဲဒီလိုဖြစ်လာတော့ ဖြေဖို့ အဆင်သင့်ဖြစ်ပြီလို့ အွန်လိုင်းက မီးစိမ်းပြပေးပါတယ်။
ဒီလိုနဲ့ စာမေးပွဲဖြေရမယ့် နေ့ကို ရောက်လာရော ဆိုပါတော့။ စိတ်ကိုငြိမ်ငြိမ်ထား၊ အသက်ကို မှန်မှန်ရှု၊ မကြောက်နဲ့ ဖြေသာဖြေ - ဒါက ကိုယ့်ဖာသာကိုယ်အားပေးတာပါ။ ခက်တာက စာမေးပွဲမှာ မေးတဲ့ မေးခွန်းပါ ဓာတ်ပုံတွေက အွန်လိုင်းမှာ လေ့ကျင့်ထားတဲ့ ဓါတ်ပုံတွေနဲ့မတူပါဘူး။ စာတွေ အသံတွေက သဘောတရားချင်းအတူတူမို့ ဓါတ်ပုံမတူလည်း ဖြေနိုင်မယ်ဆိုပေမယ့် ဘာသာစကားမှာ အားနဲတဲ့ ကျနော်တို့မှာ ဓါတ်ပုံတွေအားကိုးပြီး မှတ်ထားရတာမို့ စာမေးပွဲခန်းထဲမှာ ချွေးပြန်ခဲ့ရပါတယ်။
အဲဒါကြောင့်ပဲ အောင်စာရင်းထွက်လာတော့ (၆) ပုဒ်မှားပြီး မအောင်ပါဘူး။ အဲဒါနဲ့ နောက်တကြိမ်ထပ်ဖြေဖို့ စာပြန်လုပ်ရပြန်ပါတယ်။ ညနေပိုင်းသင်ပေးတဲ့ စာတွေ့သင်တန်းကိုလည်း ပြန်တက်ရပါတယ်။ ဒီတခါတော့ ဆရာမအသစ်နဲ့ သင်ရပါတယ်။ အဲဒီမှာ ဆရာမက ဘာပြောလဲဆိုတော့ ကျနော်တို့လို ဒိန်းမတ်လူမျိုးမဟုတ်သူ နိုင်ငံခြားသားများဟာ အွန်လိုင်းမှာ လေ့ကျင့်တဲ့အခါ (၂၅) ပုဒ်လုံးအောင်နေအောင် ဖြေထားရပါမယ်တဲ့။ အဲဒီလို ဖြေထားနိုင်မှ တကယ့်စာမေးပွဲမှာ (၅) ပုဒ်မှားနဲ့ အောင်လာမယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိဘာသာစကား မဟုတ်တဲ့အတွက်ကြောင့်ပါတဲ့။
အဲဒါနဲ့ ဒီတခါတော့ ကျနော်လည်း အွန်လိုင်းမှာ လေ့ကျင့်တဲ့အခါ ဖြေလိုက်တိုင်း အကုန်မှန်၊ အပုဒ်တိုင်းမှန်၊ အမှားလုံးဝမရှိအောင် ဆက်တိုက်လေ့ကျင့်ပါတော့တယ်။ နောက်ဆုံးဝက်ဘ်ဆိုဒ်ကတောင် ကျနော့်ကို မသင်္ကာဖြစ်လာပြီး မေးလားမြန်းလားလုပ်ပါတော့တယ်။ အကောင့်တခုနဲ့ လူ (၂) ဦးသုံးနေတယ်လို့ ထင်သွားလား မသိပါဘူးဗျာ။
ဒါပေမယ့်လည်း အွန်လိုင်းမှာ အဲဒီလို လေ့ကျင့်လိုက်တဲ့အတွက်ကြောင့်ပဲ ဒီတခါ ဖြေတော့ (၅) ပုဒ်မှားပြီး ယာဉ်မောင်းလိုင်စင်အတွက် စာတွေ့ကို အောင်လာခဲ့ရပါတယ်။
စာတွေ့အောင်ပြီးလို့ လက်တွေ့ဖြေတဲ့အခါမှာတော့ ကျနော်မောင်းပြတာကို ရဲက တကြိမ်တည်းနဲ့ အအောင်ပေးလိုက်တာကြောင့် ယာဉ်မောင်းလိုင်စင် ရခဲ့ပါတော့တယ်။
အဲဒါကြောင့် ကျနော့် အတွေ့အကြုံအရ ကျနော်တို့တတွေဟာ ကျောင်းတွေ သင်တန်းတွေ တက်တဲ့အခါ ဉာဏ်အလွန်ထက်သူများအတွက် သိပ်ကြိုးစားစရာ မလိုပေမယ့် သာမာန်လောက်သာ ဉာဏ်ကောင်းသူများအဖို့ ၀ီရိယ ပိုစိုက်ဖို့ လိုအပ်ကြောင်း ဖောက်သည်ချလိုက်ရပါတယ်ခင်ဗျား…။