ပြည်သူပိုင် သတင်းစာများ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးသည် အတွင်းဝန်ရာထူးအထိ တက်လာပါသည်။ ရာထူးတက်ရန် ကြိုးစားရာတွင် သတင်းစာများ ကျင့်ဝတ်ကိုပင် ထိပါးစပြုလာပါသည်။ ဆိုရှယ်လစ်စီးပွားရေးစနစ် အတွက် အရင်းအနှီးတိုးတက်ရရှိရန် သတင်းစာများက အမြတ်များများ ရှာရမည်ဟု သူက ချမှတ်ပါသည်။ ကြော်ငြာမှ ၀င်ငွေပိုမိုရရှိရေးကို သူက မီးထိုးပေးသောအခါ စီးပွားရေးကြော်ငြာ များများ မရနိုင်သဖြင့် ပြည်သူပိုင် သတင်းစာများသည် နိုင်ငံခြားသံရုံးကြော်ငြာများကို ပိုမိုဖော်ပြရပါသည်။ အထူးသဖြင့် မြောက်ကိုးရီးယားနိုင်ငံ သံရုံးမှ ခေါင်းဆောင်ကြီး ကင်အိဆွန်၏ အတွေးအခေါ်ကြော်ငြာများက ပြည်သူပိုင် သတင်းစာများကို လွှမ်းမိုးလာပါသည်။ ထိုကြော်ငြာများသည် နိုင်ငံရေးသြဇာလွှမ်းခံရသည် ဖြစ်သဖြင့် လျှော့သင့်ကြောင်း အစည်းအဝေးတို့တွင် မကြာခဏ ထောက်ပြရပါသည်။
ရာထူးတက်သူ အတွင်းဝန်ဗိုလ်မှူးကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် သတင်းစာလုပ်သားများက မကျေနပ်ကြသဖြင့် တိုင်စာအများ ပို့ကြသည်ဟု ကြားသိရပါသည်။ ဌာနများ၌ ရာထူးတိုးမြှင့်ရေး ဆုံးဖြတ်ချက်တို့ကို မကျေနပ်သူများ ပါသည်။
အာဏာရှင် ဗိုလ်နေ၀င်းသည် ပစ်စာများကို အထူးဂရုစိုက်ပါသည်။ သူကိုယ်တိုင် ဖတ်ရှုလေ့ရှိပြီး အလွန်ကောင်းသော မှတ်ဉာဏ်နှင့် တေးထားလေ့ရှိပါသည်။ အခြားရရှိသော သတင်းများ၊ စုံစမ်းချက်များနှင့် ညှိကာ လုပ်ဆောင်လေ့ရှိပါသည်။ မည်သူ့စာ၏ ဂယက်မသိ။ အတွင်းဝန်ဗိုလ်မှူးအား ဒု-၀န်ကြီးရာထူးသို့ တိုးမြှင့်တော့မည့်ဆဲဆဲတွင် ရာထူးမှ ဖယ်ရှားလိုက်ပါသည်။
သူ့ကို ဖယ်ရှားသည်မှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်စေကာမူ စိတ်မကောင်း ဖြစ်မိပါသည်။ ဗိုလ်မှူးသည် တင်မောင်အပေါ်တွင် ကောင်းရှာပါသည်။ အဘက်ဘက်မှ ကူညီရှာပါသည်။ တင်မောင်အား ရာထူးခန့်ထားရန် အတွက် ရာထူးဝန်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်တင်ပြစဉ်က ဥက္ကဋ္ဌဦးကာက “ဒီလိုအရည်အသွေး ပြည့်တဲ့သူကို ပေးတဲ့ လစာနှုန်းထားက နည်းလွန်းတယ်။ ရာထူးအဆင့်ရော၊ လစာပါ တိုးတက်ပေးသင့်တယ်” ဟု မှတ်ချက်ချကြောင်း လူအများရှေ့တွင် ၀မ်းသာအားရ ပြန်ပြောရှာပါသည်။ သို့သော် ၀န်ကြီးဟောင်း ဦးထွန်းဖေကမူ “ကျနော်၏သားသည် အမေရိကန်ပြန် ပညာတော်သင်ဖြစ်ပါလျက် ပြန်ကြားရေးဌာနတွင် အလုပ်လျှောက်ထားရာ၌ ပြန်တမ်းဝင်ရာထူးအဆင့်ကို မပေးပါ။ တော်လှန်ရေးအစိုးရကို ဆန့်ကျင်ရေးသားသော ကြောင့် ထောင်ကျပြီးမှ ပြန်လွတ်လာသူကို ချက်ချင်းပြန်တမ်းဝင်အရာရှိ ခန့်သည်မှာ မတရားပါ” ဟု ဗိုလ်ချုပ်ကြီးထံ စာတင်သည်ကိုလည်း အတွင်းဝန်ဗိုလ်မှူးက ပြရှာပါသည်။
မိတ်ဆွေကောင်းတဦးဖြစ်သောကြောင့် သူ၏ လုပ်ဆောင်ချက်များကို သဘောမညီစေကာမူ ၀မ်းနည်းသဖြင့် အိမ်နိမ့်စံနေရစဉ်တွင် သွားရောက်တွေ့ဆုံ အားပေးမိပါသည်။ ခက်သည်မှာ သူ့အဖို့ ဒု-၀န်ကြီး ဖြစ်လုလု အဆင့်သို့တိုင် ရာထူးမြှင့်ခဲ့သူ ဖြစ်စေကာမူ ပင်ကိုယ်အရည်အချင်း မရှိရှာသောကြောင့် ပြင်ပလောကတွင် အလုပ်ရှာမရပါ။ “ဘာလုပ်စားရမလဲ မသိပါဘူး” ဟု သူက ညည်းရှာပါသည်။
တင်မောင်သည် စစ်ဗိုလ်ကြီးများ အာဏာရနေစဉ်က အနီကပ်ဆက်ဆံလေ့ မရှိစေကာမူ ရာထူးပြုတ်သွားချိန်တွင် သွားရောက်တွေ့ဆုံ အားပေးလေ့ရှိရာတွင် ရာထူးမရှိတော့သည်နှင့် သူတို့တတွေ ကြီးစွာ တုန်လှုပ်တတ်သည်ကို သတိပြုမိပါသည်။ စစ်တပ်တက်လာသဖြင့် ရာထူးပြုတ်ရသော အရပ်သားအစိုးရအရာရှိများသည် အံကိုခဲကာ မိမိပိုင်ဆိုင်သော ပညာနှင့် အသက်မွေးမည်ဟု ရဲဝံ့စွာ ရင်ဆိုင်လေ့ရှိကြသည်ကို မြင်တွေ့ရပါသည်။ စစ်ဗိုလ်ကြီးများ ဘောင်းဘီကျွတ်လျှင် ပုခုံးပေါ်မှ ကြယ်ကြွေသည်နှင့် တပြိုင်နက် သားကောင်လိုက်သော ကျားစင်စစ်အသွင်မှ ကြောင်လိုက်သဖြင့် ပုန်းနေရသည့် ကြွက်ငယ်အသွင်သို့ ပြောင်းလဲသွားသည်ကို မြင်ရလေ့ရှိပါသည်။ ဆင်ပိန်ရင် ကျွဲဟု ဆိုရိုးရှိပါသည်။ သူတို့ကမူ ဆိတ်ပေါက်စကလေးများအရွယ်ပင် မရှိကြတော့ပါ။ ယုန်ကလေး၊ ပူးကလေးများ ကဲ့သို့ ကြောက်လန့်တတ်ကြပါသည်။
ရာထူးရှိစဉ်က စစ်ရုံးတွင် ရုံးတက်သောအခါများတွင် ရုံးမှ ဆင်နားရွက်တံခါးကို မည်သည့်အခါမှ လက်နှင့် မဖွင့်ဘဲ ခြေထောက်နှင့်ကန်ကာ ဖွင့်လေ့ရှိသည်။ မာန်ဟုန်ပြင်းသည်ဟု ကျော်ကြားသော ဗိုလ်မှူးကြီးခင်ညိုမှာ အရပ်သား ဘ၀တွင် ရိုကျိုးသူတဦးဖြစ်နေသည်ကို တွေ့ရပါသည်။
တော်လှန်ရေးအစိုးရခေတ်တွင် မာန်ဟုန်အပြင်းဆုံး စစ်ဗိုလ်ကြီးမှာ ဗိုလ်မှူးတင်ဖေ ဖြစ်ပါသည်။ နေ့စဉ် ရန်ကုန် မြို့တွင်းသို့ ရုံးတက်ရန် ကားနှင့်လာသည့်အခါများတွင် လမ်းဆုံများ၌ မီးနီနှင့်ကြုံတိုင်း ဒေါသမီးပေါက်ကွဲကာ အော်ဟစ်ဆဲဆိုလေ့ရှိပါသည်။ ထို့ကြောင့် ဗိုလ်မှူးချုပ်တင်ဖေ ရုံးတက်ရန် လာသည့်အခါတိုင်းမှာ အထူးစစ်ကားများနှင့် လက်ပြရဲဌာနမှ ရဲကားများက မိနစ်အနည်းငယ် တင်ကြိုမောင်းပြီး မီးတိုင်များမှ မီးများကို စိမ်းပေးရပါသည်။
တနေ့တွင် တင်မောင်သည် ကုန်သွယ်ရေးကော်ပိုရေးရှင်း (၉) ရုံးချုပ်သို့ မဂ္ဂဇင်းသစ်များဝယ်ရန် သွားစဉ်တွင် စက္ကူ၊ ဖောင်တိန်၊ မင် စသည့် ပစ္စည်းဝယ်ယူသူများ တန်းစီသည့် ဧည့်သည်ခန်းတွင် ဗိုလ်မှူးချူပ်ဟောင်းတင်ဖေကို အရပ်ဝတ်အရပ်စားနှင့် တွေ့ရပါသည်။ ဗိုလ်မှူးချုပ်ကြီး၏ မျက်နှာတွင် မာန်မာနမတွေ့ရတော့ပါ။ သာမန်အရပ်သား တဦးအသွင်။ အတူထိုင်နေသော အခြားလျှောက်လွှာတင် အရပ်သားများကဲ့သို့ပင် အခန်းကို အုပ်ချုပ်သော ရုံးလုလင်လေးကို ရိုသေစွာ ဆက်ဆံသည်ကို မြင်ရပါသည်။ သတင်းထောက်တဦး ဖြစ်သဖြင့် မျက်နှာသိ များသောကြောင့် ရင်းနှီးစွာ နှုတ်ဆက်မိပါသည်။ ဗိုလ်မှူးချုပ်ဟောင်းကြီးက ပြန်ပြီး နှုတ်ဆက်ခြင်း မပြုဘဲ မျက်လွှာချထားပါသည်။ ယခင် ဗိုလ်မှူးချုပ်ကြီးနှင့် ယခု ဗိုလ်မှူးချုပ်ဟောင်းတို့သည် လူတယောက်တည်းသာ ဖြစ်သည်ဟု မယုံနိုင်လောက်အောင် ပြောင်းလဲနေပါ၏။ ရုံးစေကလေးကို အခန်းပြင်ဘက်သို့ ခေါ်ပြီး မေးရာ “လက်နှိပ်စက်ဝယ်ယူခွင့် လျှောက်လွှာတင်ဖို့ လာတာ” ဟု ဖြေပါ၏။
တနေ့တွင် တင်မောင်တို့ သတင်းစာဆရာများသည် အင်းလျားကန် ဟိုတယ်တွင် ဧည့်ခံပွဲရှိသဖြင့် ရုံးကားကြီးတစီးနှင့် စုကာ သွားကြပါသည်။ ဟိုတယ်အတွင်းသို့ အ၀င်တွင် နိုင်ငံခြားခရီးသည်တစု ထွက်လာသည်ကို အငှားကားမောင်းသူတစုက သူ၏ကားကို စီးပါ၊ ငါ၏ကားကို စီးပါဟု ဖောက်သည်ခေါ်ကြ၊ လုကြသည်ကို တွေ့မြင်ကြရပါသည်။ “ဟယ်… ဟိုမှာ” ဟု အာမေဋိတ် ထွက်လာပါသည်။ ထိုလူစုတွင် တင်မောင်တို့အဖွဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်မှူးဟောင်းကို တွေ့ရပါသည်။ သူ့ခမျာ တက္ကစီမောင်းနေရရှာပြီကိုးဟု သိရသဖြင့် ရင်ထဲတွင် ထုံကျင်သွားကာ မချိဝမ်းနည်း ဖြစ်မိပါသည်။ သူက နင်းသဖြင့် နာထားသော သတင်းစာဆရာများကမူ “ဘယ်နှယ့်ဗိုလ်မှူးကြီး” ဟု နှုတ်ဆက်ပါသည်။ သူရာထူးရှိစဉ်က ဗိုလ်မှူးသာ ဖြစ်ပါလျက် သူကြိုက်အောင် ဗိုလ်မှူးကြီးခေါ်ခဲ့ရသည်ကို ယခု အငှားကားသမားဘ၀တွင် ပြန်လည် ခေါ်ဝေါ်နှုတ်ဆက်ကြသည် မှာ ဂလဲ့စားချေသည်သာ ဖြစ်သည်ဟု သိလိုက်ပါသည်။ ထိုအခိုက်တွင် စစ်စုံထောက်ချုပ်ကြီး ဗိုလ်မှူးချုပ်တင်ဦး ရောက်လာရာ မျက်နှာပျက်သွားသည်ကို သတိပြုမိပါသည်။
တနည်းအားဖြင့် ကံကောင်းသွားပါသည်။ နောက်တနေ့တွင် ချက်ချင်းလက်ငင်း နိုင်ငံခြားကုမ္ပဏီတခုက ကုန်စည် ကိုယ်စားလှယ်အလုပ် ခန့်လိုက်ပါသည်။ စစ်စုံထောက်ရုံး၏ အစီအစဉ် ဖြစ်ပါသည်။ ကိုယ်စားလှယ်အလုပ် ဆိုသည်မှာ ပညာအရည်အချင်းမလိုပါ။ အလုပ်ပင်လုပ်ရန်မလိုဘဲ အိမ်တွင်အိပ်နေရင်း ၀င်ငွေကောင်းကောင်း ရသော လုပ်ငန်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားကုန်စည်မှန်သမျှတို့ကို အစိုးရကသာ ၀ယ်ယူလေရာ ကုန်စည်များ တင်သွင်းရောင်းချသော နိုင်ငံခြားကုမ္ပဏီတိုင်း မြန်မာတဦးကို ကိုယ်စားလှယ်ခန့်ရပါသည်။ ကိုယ်စားလှယ် မရှိက အစိုးရက မ၀ယ်သဖြင့် ကိုယ်စားလှယ်များ ခန့်ကြရရာတွင် စစ်စုံထောက်ရုံးမှ ထောက်ခံသူကိုသာ ခန့်ထားရပါသည်။ အလုပ်လက်မဲ့ ဗိုလ်လူထွက်များကိုသာ စစ်စုံထောက်ရုံးက ထောက်ခံပါသည်။ ဗိုလ်လူထွက် တို့သည် များသောအားဖြင့် ပညာအရည်အချင်းမရှိကြသဖြင့် ကုန်စည်တင်သွင်းရန် တင်ဒါတင်ခြင်း၊ ဈေးနှုန်း တက်ခြင်းတို့ကို မလုပ်နိုင်ကြပါ။ ထိုကြောင့် နိုင်ငံခြားကုန်သည်ကြီးများက အရပ်သားကျွမ်းကျင်သူများကို လက်ထောက်စာရေးအဖြစ် ပူးတွဲခန့်ထားကြရပြန်ပါသည်။ အလုပ်လုပ်ရန်ရှိသမျှကို အရပ်သားကျွမ်းကျင်သူများက လုပ်ကိုင်စေပြီး တရားဝင်ကိုယ်စားလှယ် ဗိုလ်လူထွက်များက လက်မှတ်ထိုးပေးရုံနှင့် အခကြေး ရယူကြပါသည်။ စစ်ဗိုလ်လူထွက်များအတွက် မိုက်ကြေးခွဲလုပ်ငန်းသာ ဖြစ်ပါသည်။ စာရေးသူ၏ မိတ်ဆွေ အတွင်းဝန်ပြုတ်အဖို့ အတွင်းဝန်လုပ်ရသည်ထက် ဇိမ်ကျနေပါတော့သည်။ အလုပ်မလုပ်ဘဲ ခေါင်းပုံဖြတ်ရသော အလုပ်ထက် ကောင်းသောလုပ်ငန်းမရှိပါ။ အပြစ်ကြောင့် ထုတ်လိုက်သော စစ်ဗိုလ်လူထွက်များအတွက် ဗိုလ်နေ၀င်းက တီထွင်သော စနစ်ဖြစ်ပါသည်။
ဗိုလ်မှူးချုပ်တင်ဖေအား မြို့လယ်မှ အကောင်းဆုံးမြေကွက်နှင့် သစ်ခွဲစက်လုပ်ငန်း၊ မဂ္ဂဇင်းထုတ်ဝေမှုလုပ်ငန်း၊ ဗိုလ်မှူးကြီးစောမြင့်နှင့် ဗိုလ်မှူးသန်းညွန့်ကို မဂ္ဂဇင်းထုတ်ဝေခွင့်လုပ်ငန်းနှင့် အခြားလုပ်ငန်းများကို ပေးထားပါသည်။ ဗိုလ်နေ၀င်းက စစ်ဗိုလ်မှန်သမျှ အရပ်သားများထက် ချမ်းသာစေရမည်ဟူသော မူနှင့် ထောက်ပံ့သည်မှာ တနည်းအားဖြင့် ဗိုလ်နေ၀င်း၏ အပြစ်များကိုသိရှိသူ၊ ရိပ်မိသူရှိပါက ပြန်မပြောလေအောင် နှုတ်ပိတ်ချွေးသိပ် သည်လည်း ဖြစ်ပါသည်။ ။
No comments:
Post a Comment