အဖြေကို ရှာကြစို့ဟု ဆိုရလျှင် မြန်မာနိုင်ငံပျက်စီးရသည်မှာ အမေရိကန်အုပ်စုနှင့် ရုရှအုပ်စုတို့ တိုက်ခိုက်ကြသော စစ်အေးတိုက်ပွဲကြီးသည် အဓိက အကြောင်းရင်းတရပ် ဖြစ်ပေသည်။ ဖဆပလ အစိုးရက အမေရိကန်အုပ်စုဘက်ကို ယိမ်းလေသဖြင့် စစ်တပ်ကို အမေရိကန်က အားပေးပြီး ရုရှနှင့် တရုတ်က ကွန်မြူနစ်သူပုန်များကို အားပေးသောကြောင့် နှစ်ဘက်စလုံး အပြုတ်မတိုက်နိုင်ဘဲ ပြည်တွင်းစစ်မီးကြီး ကြာရှည်ခဲ့ရကာ တိုင်းပြည်နာပြီး စစ်တပ်က တန်ခိုးကြီးလာ၏။
စစ်အေးတိုက်ပွဲက အရှိန်အဟုန် ပြင်းထန်လာသည့်အခါတွင် နိုင်ငံကြီးများ၏ တပည့်ရှာ၊ တပည့်မွေး လုပ်ငန်းကလည်း ကြီးထွားလာသောကြောင့် “ကျနော်များရဲ့ ရွှေပြည်တော်ကို လာရောက်လေ့လာ ကြည့်ရှုပါ” ဟု ဖိတ်ကြားကြသည့် ဖိတ်စာများသည် ပလူပျံမျှ ပေါများလာတော့သည်။
အင်္ဂလန်နှင့် အမေရိကန်က မြန်မာကျောင်းသားများအတွက် ပညာတော်သင်ဆုများ တိုးချဲ့ပေးသည်။ စာနယ်ဇင်းဆရာများ၊ ပညာရေးလောကမှ ပညာရှင်များ၊ အနုပညာသည်များ၊ အရာရှိများ စသည်တို့ ကိုလည်း လေ့လာရေးခရီးများ ဖိတ်ကြားကြသည်။ စစ်တပ်မှ စစ်ဗိုလ်အများကိုလည်း စစ်ပညာသင်ဆု အများ ပေးလေသောကြောင့် စစ်ဗိုလ်ကြီးအများတို့လည်း လိပ်ကန်တို့၏ ပညာရင်နို့ကို သောက်စို့ခဲ့ ကြ၏။ စစ်ဗိုလ်ကြီးများသည် ညာဏ်သစ်လောင်း ပညာတော်သင်သွားကြသည်ကို ခပ်လျှိုလျှိုထား သဖြင့် လူသိမများစေကာမူ ဗမာ့တပ်မတော်မှာ လိပ်ကန်သြဇာကြီးမားသည်ကို ဖုံးကွယ်၍ မရပါ။ စစ်ဗိုလ်ကြီးများကို နယ်ချဲ့လက်ပါးစေများဟု လက်ဝဲဆရာများက စွပ်စွဲလေတော့သည်။
တဖန် လက်ဝဲဆရာကြီးများကလည်း သူတို့ကိုယ်တိုင် လက်ဝဲနိုင်ငံများသို့ အိမ်ဦးနှင့် ကြမ်းပြင် ကူးသန်းသွားလာနေကြသည်ကို ခပ်လျှိုလျှို သိုသိပ်ထားလေ့ရှိသည်။ သို့သော် သူတို့အဖို့ ဖဆပလ အစိုးရထံ နိုင်ငံကူးလက်မှတ် လျှောက်ရသေးသဖြင့် အခက်တွေ့ရှိတတ်သည်။
တရုတ်ပြည်နှင့် ရုရှတို့သို့ ပညာသင်သွားကြရန်မှာ ဘာသာစကားအခက်အခဲ ရှိသောကြောင့် သွားလိုသူ နည်းပါးသဖြင့် ပညာတော်သင် မြန်မာကျောင်းသားများ များများစားစား မရလေရာ အကြောင်းအမျိုးမျိုးပြပြီး မြန်မာအများကို ဖိတ်ကြရသည်။ ရုရှနှင့် တရုတ်ပြည်တွင် ကျင်းပသော အစည်းအဝေးကြီးများ၊ ညီလာခံများ၊ နှီးနှောဖလှယ်ပွဲကြီးများသို့ မြန်မာကိုယ်စားလှယ်များ ဖိတ်ကြား လေ့ရှိသည်။ မြန်မာကိုယ်စားလှယ် ဆိုရငြားသော်လည်း သူတို့က မြန်မာမှန်သမျှကို မလိုချင်ဘဲ တပည့်ဖြစ်နိုင်သူ လက်ဝဲ၀ါဒီများကိုသာ လိုချင်သည်ဟူသော အချက်ကို တင်မောင်၏ ကိုယ်တွေ့အရ သိရှိရပါသည်။
၁၉၅၀ ခုနှစ်က အရှေ့ဂျာမနီပြည်၊ အရှေ့ဘာလင်တွင် လူငယ်ပွဲတော် ကျင်းပစဉ်က မြန်မာအမျိုးသား ကော်မတီက တင်မောင်နှင့် လူငယ် (၂) ဦးကို ရွေးချယ်သောကြောင့် နိုင်ငံကူးလက်မှတ်လျှောက်ကြ သည်။ အစိုးရက တင်မောင်တဦးတည်းကိုသာ နိုင်ငံကူးလက်မှတ် ထုတ်ပေးပြီး အဖော် (၂) ဦးကို ပယ်ချသည်။ နိုင်ငံခြားရေးဝန်ကြီး စောခွန်ချိုက သတင်းထောက်တဦးအဖြစ် သိသဖြင့် လက်မှတ် ထုတ်ပေးခဲ့၏။ ထို့ပြင် ဖဆပလ ဆိုရှယ်လစ်အစိုးရက ဆိုရှယ်လစ်ပါတီဝင် လူငယ် (၂)ဦးကို နိုင်ငံကူး လက်မှတ်နှင့် စရိတ်ပေးပြီး ပွဲတော်တက်စေသည်။ ဆရာကိုချစ်လှိုင်တို့ပင် ဖြစ်၏။
တင်မောင်ခမျာမှာ နိုင်ငံကူးလက်မှတ် အိတ်ထဲထည့်ပြီး ရုရှသံရုံးသို့ သွားကာ စရိတ်တောင်းသော အခါတွင် ကွန်မြူနစ်အမာခံမဟုတ်ဟု ဆိုပြီး ငြင်းသောကြောင့် မသွားရပါ။ အသက်အစိတ်သာ ရှိသေးသော တင်မောင်ကို ပယ်လိုက်စေကာမူ အသက် (၆၀) ကျော်သူ လက်ဝဲဆရာကြီးတဦးကို ရုရှသံရုံးက ခရီးစရိတ်ပေးပြီး ဘာလင်လူငယ်ပွဲကို တက်စေသည်။
စိတ်ဝင်စားဖွယ် ဇတ်လမ်းမှာ ပွဲတော်အပြီးတွင် ငွေပွဲလာ လူငယ်များအားလုံးတို့ကို ရုရှပြည်သို့ လေ့လာရန် ဖိတ်သောအခါတွင် မြန်မာဆိုရှယ်လစ်ပါတီက စရိတ်စက အလုံအလောက်ပေးပြီး စေလွှတ်သည့် ကိုယ်စားလှယ်အဖွဲ့ကို ရုရှပြည်ဝင်ခွင့် ဗီဇာမပေးဘဲ ငြင်းလိုက်သည်။ ထိုအကြောင်း ကြောင့် မြန်မာဆိုရှယ်လစ်လူငယ်တို့သည် မကျေမနပ်ဖြစ်ပြီး မော်စကိုထက် သာယာသော ပဲရစ် မြို့တော်တွင် သောင်တင်နေလိုက်ကြတော့သည်။ အလံနီလူထွက် စောစောက တပိုင်းနီဖြစ်သူ ဆရာ ကိုချစ်လှိုင်သည် နစ်ဆန့်ကျင်ရေးအထက် အဆင့်ရာထူးသို့ တိုးမြှင့်ခန့်ထားလိုက်သည်။ *ထိုစစ်ဗိုလ် လေးမှာ သတင်းစာပညာဘွဲ့ရှိနေပြီဖြစ်ရာ စစ်ဗိုလ်ဖြစ်သဖြင့် ရာထူးတိုးပေးတာ မဟုတ်ပါ။ အရည် အချင်းအလျောက် ရာထူးတက်ပေးရတာပါဟု စစ်ဗိုလ်ဝန်ကြီးက ဆင်ခြေပေး၏။ သတင်းစာလောက တရပ်လုံးက သိထားသည်မှာ ထိုစစ်ဗိုလ်ကလေးသည် အင်္ဂလိပ်စာနှင့် စကားမတတ်သည့်အပြင် ဂျာမန်ဘာသာစကားကို တွေ့ဖူးကြားဖူးသူ မဟုတ်လေသဖြင့် လေးလလုံးလုံး ကွန်မြူနစ်ဂျာမနီပြည်မှာ ဘယ်လိုများ နေထိုင်ပြီး ဘယ်လိုဘွဲ့ရရှိလာပါလိမ့်ဟု အံ့သြကြရသည်။ မသိသော နိုင်ငံသို့သွားပြီး မတတ်သည့် ဘာသာစကားနှင့် ရရှိလာတဲ့ မဟာဘွဲ့ထူးကြီးပိုင်ရှင် စစ်ဗိုလ်လေးအဖို့ တဆင့်ပြီးတဆင့် ရာထူးတက်ရာက အခုဆို ထိပ်သီးအရာရှိကြီးတပါး ဖြစ်နေလေပြီ။
ပြန်ကြားရေးဌာနမှ ဖော်နည်းကားကို သိကြလေသောအခါ အခြားဝန်ကြီး ဌာနအသီးသီးများတွင် ရောက်နေကြသော စစ်ဗိုလ်များကို ရုရှ၊ ပိုလန်၊ ဂျာမနီ စသည့် တက္ကသိုလ်များသို့ ပို့ပြီး ဘွဲ့များယူကြ စေကာ ရာထူးတို့းပေးကြတော့၏။ ထိုမျှမကသေး အပိုဆုအဖြစ် နိုင်ငံခြားတွင် သုံးလထက်ပိုပြီး ကျောင်းနေသူများကို မော်တော်ကားဝယ်ခွင့်ပေးစေ အမိန့်ကို ထုတ်ပြန်သဖြင့် စစ်ဗိုလ်မှန်သမျှ ကားတ၀ီဝီနှင့် မတန်မရာ ရာထူးကြီးများ ရရှိကုန်ကြသည်။ ထို့အပြင် သူတို့တတွေသည် ကွန်မြူနစ် နိုင်ငံများသို့ သွားကြစေကာမူ အပြန်ခရီးမှာ အရင်းရှင်နိုင်ငံများတွင် ၀င်နားပြီး ပစ္စည်းပစ္စယ ၀ယ်ကြ လေ့ရှိသဖြင့် စစ်ဗိုလ်ငယ်များ သုံးထပ်ကွမ်း အပိုဆုများ ရကြလေတော့၏။
စစ်ဗိုလ်များသာမကပါပေ၊ အရပ်သား အမှုထမ်းရာထမ်းများပါ နိုင်ငံခြားသို့ သွားရောက်ခွင့်သည် များစွာ အဖိုးတန်သော အခွင့်အရေးဖြစ်သည်။ ၁၉၅၀ ခုနှစ်လောက်က စတင်ခဲ့သော အခွင့်အရေး သည် ယနေ့တိုင် မပြောင်းလဲသေးချေ။ မြန်မာအများတို့သည် နိုင်ငံခြားသွားရမည်ဆိုပါက ကွန်မြူနစ် နိုင်ငံများထက် အနောက်အုပ်စု အရင်းရှင်စနစ် နိုင်ငံများသို့ ပိုမိုသွားလိုကြသည်။ အရင်းရှင်နိုင်ငံများ မှာသာ ပစ္စည်းကောင်းများ ရရှိနိုင်သောကြောင့် ဖြစ်၏။ လက်ဝဲဆရာကြီးများ၊ ကွန်မြူနစ်နိုင်ငံများသို့ တိုင်းခန်းလှည့်လည်သောအခါများတွင်လည်း အရင်းရှင်နိုင်ငံများကို ဖြတ်သန်းရပ်နားပြီးမှ သွားကြ လေ့ရှိကြသည်။
တခါတွင် ကြေးမုံအယ်ဒီတာ ဦးခင်မောင်ရီ တယောက် ရုရှပြည်ကို သွားခွင့်ကြုံခဲ့သည်။ မသွားမီတွင် ရုရှပြန် လက်ဝဲဆရာကြီးများက လမ်းညွှန်သြ၀ါဒ အမျိုးမျိုး ပေးကြသည်ကို နာခံမှတ်သားပြီးမှ သွားရှာ သည်။ ရုရှတွင် ရောက်ခိုက် လက်ပတ်နာရီတလုံးဝယ်ခဲ့ရာ၌ ရန်ကုန်ပြန်ရောက်လေသည်နှင့် ပျက်သွား သဖြင့် လူရယ်ခံရရှာသည်။
ရုရှ (၃) ခေါက်ပြန် လက်ဝဲစာရေးဆရာကြီး ဦးဘ၀င်းတယောက်မူ မရယ်နိုင်ဘဲ ကိုခင်မောင်ရီကို “မိုက်လိုက်လေ ခင်မောင်ရီရယ် … ငါမှာတဲ့ စကားကို ဘာလို့နားမထောင်ရတာလဲကွာ” ဟု ၀မ်းနည်း ပက်လက် အထပ်ထပ်ပြောပြီး ဆူပူရှာသည်။ ကရုဏာဒေါသောနှင့် သူရဲ့ ဆူသံပူသံကလေးကို ယခုတိုင် ကြားယောင်မိပါသေးသည်။
“ခင်မောင်ရီ၊ မင်းရုရှကို နောက်ထပ်သွားရဦးမှာ သေချာပါတယ်။ အဲဒီတော့ နောက်တခါ ငါထပ်ပြီး ပြောမယ်။ မသေမချင်း မှတ်ထားကွ။ ရုရှမှာ ဘာပစ္စည်းမှ မ၀ယ်လေနဲ့။ ရုရှမှာ ဘာပစ္စည်းမှ ကောင်းတာ မရှိဘူး။ ကွန်မြူနစ်ဝါဒတခုပဲ ကောင်းတာရှိတယ်။ ကွန်မြူနစ်ဝါဒက လွဲလို့ ဘာမှ ကောင်းတာ မရှိဘူးကွ” တဲ့။ ။
Saturday, October 4, 2008
Saturday, September 27, 2008
ဒိန်းမတ်စာတွေ မသင်ရတော့ဘူး
ကျနော့် ဘလော့ဂ်ရဲ့ စီဘောက်မှာ အသိတယောက် လာနှုတ်ဆက်သွားသည်။ သူက ကာတွန်းဆရာ ကိုမင်းကျော်ခိုင်၊ အရင်က ခေတ်ပြိုင်မှာ ကာတွန်းဆွဲသူမို့ သူ့ကို လူသိအတော်များကြသည်။ လူချင်းလည်း ဘန်ကောက်မှ နှစ်ခါလောက်ဆုံဘူးသည်မို့ ကျနော့်ကို သူမှတ်မိနေပုံရသည်။ ကျနော်သိသလောက်တော့ သူအခု နယူးယောက်မှာ ရောက်နေပြီ။
ဘလော့ဂ်မှာ သူလာနှုတ်ဆက်ချိန် ကျနော်ဒိန်းမတ်စာသင်တန်းတွေ တက်နေတုံး။ အလုပ်တဖက် ကျောင်းစာတဖက်၊ ဘလော့ဂ်တဖက်နှင့်မို့ စိတ်ဖိစီးမှု အတန်အသင့် ရှိနေသည့်အချိန်။ ဘလော့တွေ ကို စိတ်ဝင်တစားဖတ်၊ ကွန်မန့်တွေရေး၊ ကိုယ့်ဘလော့မှာ ဘာရေးရင် ကောင်းမလဲဆိုတာကိုလည်း စဉ်းစားရသည်။ အလုပ်က ပြန်လာလျှင် တပတ်နှစ်ရက် ညနေသင်တန်းကို ပြေးရသည်။ ကျောင်းက ပေးသည့် စာတွေ၊ လုပ်ရမည့် ပရောဂျက်တွေ၊ ဖတ်ရမည့် စာအုပ်တွေနှင့် အလုပ်တွေ ရှုပ်နေရသည်။
သူနှင့် အပြန်အလှန်နှုတ်ဆက်ကြပြီး တရက် ကျနော် အိမ်မက်မက်ပါသည်။ အိမ်မက်ထဲမှာ နယူးယောက်က သူ့အလုပ်ရုံဟု ထင်ရသည့်နေရာလေးမှာ ကျနော်ရောက်နေပြီး သူနဲ့ စကားတွေ ပြောနေကြသည်။ သူက ကျနော့်ကို အမေရိကကို ဘယ်တုန်းက ရောက်လဲ၊ မိသားစုတွေလည်း ပါလာတယ်ပေါ့၊ နေဖို့ အိမ်တွေ ဘာတွေ ငှားပြီးပလား၊ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲ စသည်ဖြင့် သူသိလိုသည်များကို မေးနေသည်။ ကျနော်က သူမေးတာတွေ ဖြေနေရင်း ၀မ်းသာအားရ စကားတခွန်းပြောဖြစ်လိုက်သည်။ “ကျနော် ဒီကိုရောက်လာတာ ၀မ်းသာလိုက်တာဗျာ၊ ဒိန်းမတ်စာတွေ မသင်ရတော့ဘူး” ဟူ၍ ဖြစ်သည်။ သူ့ကို ပြောနေရင်း စိတ်ထဲပေါ့သွားတာကိုလည်း ခံစားလိုက်ရသည်။
အိမ်မက်က နိုးလာတော့ ၀မ်းသာတာလေးတွေ ပျောက်ကုန်သည်။
ထိုအကြောင်းကို မိသားစု ထမင်းဝိုင်းမှာ ကျနော် ပြောပြတော့ သမီးကြီးက “အဖေရယ် … ဒီလောက်တောင်ပဲလား” တဲ့။ သူကတော့ ပြောမှာပေါ့။ လူငယ်တွေဆိုတာက ဘာပဲသင်သင် အတတ် မြန်နေသည့် အချိန်။ ကျနော်တို့နှင့် သူတို့ မှတ်ညာဏ်ကွာခြားပုံမှာ ၀င်းဒိုးပေါ်ကာစ ကွန်ပြူတာ အဟောင်းတလုံးနှင့် နောက်ဆုံးပေါ် ၀င်းဒိုး ဗစ်စတာ သုံးနေသည့် ကွန်ပြူတာအသစ်တလုံးလို ဖြစ်နေသည်။ ကျနော်တို့ လူကြီးတွေမှာ စာတွေ ရှေ့ကသင် နောက်ကမေ့ကုန်လေသည်။
မည်သို့ပင် ရှိစေကာမူ … ကိုယ့်မိသားစုကို လက်ခံထားတာက ယူအက်စ်မဟုတ်၊ အော်စီ မဟုတ်၊ ယူကေ မဟုတ်။ ဒိန်းမတ်က လက်ခံထားတာဆိုတော့ သူတို့စာကို မသင်မနေရ သင်ကြရပါသည်။ ကျနော် အရင်က လေ့လာနေကျ ပိုလန်က ရေးသည့် အင်္ဂလိပ်စာသင်ပေးသည့် ၀က်ဘ်ဆိုဒ်တခု၏ ရေးသားချက်အရ ကမ္ဘာပေါ်က ဘာသာစကားတွေမှာ အင်္ဂလိပ်စာလောက် လေ့လာရ လွယ်တာ မရှိပါတဲ့။ အခုလည်း ကြည့်လေ ဒိန်းမတ်စာမှာ ဆိုရင် Ø, Å, Æ ဆိုတဲ့ စာလုံးသုံးလုံးက ကျနော်တို့အတွက် အသစ်အဆန်းဖြစ်နေသည်။ ပြီးတော့ G ကို ဂီ၊ H ကို ဟုတ်၊ I ကို အီ၊ J ကို ယော်၊ K ကို ခုတ် စသည်ဖြင့် အသံမတူတာတွေ အသစ်ထပ်မှတ်ရသည်။ Y ကလည်း အွီ ဆိုသည့် အသံ နှင့် သရ ဖြစ်လို့ ဖြစ်နေပြန်သည်။ ဒိန်းမတ် အသံထွက်တွေက ကျနော့်တို့ အတွက် ခက်နေရသည်။ Module Test တခုမှာ နှုတ်ဖြေ ဖြေပြီးတော့ စာစစ်သူ ဆရာမက ကျနော့်ကို “နင်ပြောတဲ့ ဒိန်းမတ်စကားက ငါတောင် မနဲ နားထောင်ရတယ်။ ငါ့အဖေဆို နားကိုလည်မှာ မဟုတ်ဘူး” တဲ့။ ဒါကြောင့်လည်း အသက်ကြီးမှ ရောက်လာသူ မြန်မာတချို့ က ဘာပြောလည်းဆိုတော့ “ငါ့ကို သတ်ချင်သတ်လိုက်၊ နင်တို့ ဒိန်းမတ်စာတော့ မသင်ပရစေနဲ့” ဟူ၏။
အဲဒီတော့ ကျနော် အိမ်မက်ထဲမှာ ကိုမင်းကျော်ခိုင်ကို “၀မ်းသာလိုက်တာဗျာ၊ ဒိန်းမတ်စာတွေ မသင်ရတော့ဘူး” လို့ ပြောတာ ကျနော်မမှားပါဘူးနော် …. ။ ။

Saturday, September 20, 2008
(၁၁) စစ်အေးစစ်ပွဲကြီးနှင့် မြန်မာသတင်းစာများ (ကြေးမုံဦးသောင်း)
၁၉၄၈ ခု နှစ်ဆန်း၌ လွတ်လပ်ရေးကြေညာချိန်မှ စတင်ပြီး နိုင်ငံခြားသံရုံးများ လာရောက်လာကြသော အခါတွင် သူတို့နိုင်ငံများ အကြောင်းနှင့် သူတို့နိုင်ငံ၏ မူဝါဒများကို ၀ါဒဖြန့်ကြရန်အတွက် သံရုံးတိုင်းက သတင်း လွှာအမျိုးမျိုး ထုတ်ကြသည်။ မြန်မာသတင်းစာများတွင် ထိုသတင်းများ ဖော်ပြရန်အတွက် သံရုံးများက မြန်မာ သတင်းစာဆရာများကို ပလူးကြရာတွင် ပထမ အရက်သေစာများနှင့် ဆွဲဆောင်မိတ်ဖွဲ့သည်။ နိုင်ငံခြား အရက် အကောင်းစားနှင့် ဧည့်ခံသည့် သံရုံးကြက်မြီး ပါတီများတွင် မြူးတူးပျော်ပါးကြရာမှ ဆရာအတော်များများ သိက္ခာကျကြရရှာသည်။ နောက်ပိုင်းတွင်မူ အခကြေးငွေလက်ခံပြီး သံရုံးဝါဒဖြန့်သတင်းများ ပုံနှိပ်ကြသည်အထိ သိက္ခာပျက်ကုန်ကြသည်။ အယ်ဒီတာတို့က ရောင်းစားသည်လည်း ရှိသည်။ ပိုင်ရှင်ကိုယ်တိုင်က ရောင်းစား သည်လည်း ရှိသည်။
သတင်းလွှာအများ အယ်ဒီတာများ၏ စားပွဲသို့ ဘာသာပြန်ပြီး အသင့်ရောက်လာကြသည်။ အမေရိကန်နှင့် အင်္ဂလိပ်သံရုံးတို့ ထုတ်ပြန်သော သတင်းလွှာများတွင် သတင်းအချက်အလက်အများ ပါရှိလေ့ရှိသောကြောင့် ပုံနှိပ်သူများသည်။ ရုရှသံရုံးက ထုတ်ပေးသော Tass သတင်းလွှာနှင့် ပြန်တမ်းအများတို့တွင်မူ ခေါင်းကြီးစတာ လင်၏ အတွေးအခေါ်များ၊ မိန့်ခွန်းရှည်ကြီးများကို အသားပေးပြီး အတုံးလိုက် အတစ်တိုက် ၀ါဒဖြန့်သဖြင့် သတင်းစာများက အသုံးမပြုနိုင်ကြသောကြောင့် ရုရှသံရုံးက မြန်မာကွန်မြူနစ် အဆက်အနွယ်များကို စည်းရုံးပြီး ၀ါဒဖြန့်တိုက်ပွဲ စတင်ဆင်နွှဲလေသည်။ သတင်းစာလောကတွင် မြန်မာလက်ဝဲဆရာ များများမရှိ သောကြောင့် သတင်းစာကြီးများတွင် မတိုးနိုင်သဖြင့် လက်ဝဲဂျာနယ်၊ လက်ဝဲစာအုပ်များ အများအပြား ထွက်လာခဲ့၏။
တိုးတက်သောသူများဟု မိမိကိုယ်မိမိ သိဒ္ဓိတင်ထားကြသည့် လက်ဝဲဆရာများ၏ ပုံနှိပ်တိုက်အများ ထွန်းကား လာသောအခါ ငွေပင်ငွေရင်း မည်သို့မည်နှယ် ရရှိလာကြသည်ကို စာပေလောက၌ တီးတိုးတီးတိုး သဖန်းပိုး မေးမြန်းကြသည်။ အဖြေကို မသိနိုင်ကြပါပေ။
စာပေတိုက်တွင် ပိုမိုခြေသွက်သူမှာ အမေရိကန်သံရုံးဖြစ်သည်။ ရုရှသံရုံးက လက်ဝဲ၀ါဒီတို့ကိုသာ စိတ်ချ ယုံကြည်ပြီး အလုပ်ပေးသည်။ အမေရိကန်သံရုံးကမူ ငွေလိုချင်သူ စာပေလောကသားတိုင်းကို ကူညီသဖြင့် ဧရာမ လက်ဝဲဆရာကြီးများပါ ကန်သံရုံးနှင့် တိတ်တိတ်ခိုး ဆက်သွယ်ကြပြီး အမေရိကန်ဝါဒဖြန့် ဘာသာပြန် စာအုပ်များ ပြုစုပြီး ငွေယူကြသည်။
စစ်အေးတိုက်ပွဲကြီး၌ အမေရိကန်တို့ ပထမဆုံး အောင်ပွဲရသော စာအုပ်မှာ “လွတ်လပ်ရေးကို ရွေးတယ်ဟေ့” ဟူသော စာအုပ်ဖြစ်သည်။ ကနေဒါပြည်တွင် ဖွင့်ထားသော ရုရှသံရုံးမှ ရုရှသံအရာရှိတဦးက နိုင်ငံရေးခိုလှုံခွင့် တောင်းပြီး အနောက်အုပ်စုဘက်ဝင်သည့် အကြောင်းကို မြန်မာဘာသာပြန်ဆိုထားသည်။ သံရုံးက ငွေပေးပြီး ပုံနှိပ်သောစာအုပ်ဖြစ်သည်ဟု ယူဆကြစေကာမူ လူကြိုက်များသည်။
ဝန်ကြီးချုပ်ဦးနုကပင် လက်ဝဲညီညွတ်ရေး နိုင်ငံရေးလမ်းစဉ် ချမှတ်နေရသည်အထိ လက်ဝဲမိုးကောင်းနေချိန် တွင် ကွန်မြူနစ်နိုင်ငံတို့သည် လောကနိဗ္ဗာန်ဟု လက်ဝဲဆရာတို့က ယုံကြည်ကြလေသဖြင့် နိဗ္ဗာန်တွင် မပျော်နိုင်သဖြင့် ထွက်လာသည်ဆိုခြင်းမှာ ဆန်းနေသဖြင့် လူထုက ၀ယ်ယူလေ့လာကြသည်။
စာအုပ်သာမက ရုပ်ရှင်ဇာတ်ကားပါ ထွက်လာသောအခါ သြဇာကြီးမားသော ကွန်မြူနစ်များက စာအုပ်ရော ရုပ်ရှင်ကိုပါ ပြစ်တင်ဝေဖန်တိုက်ခိုက်ကြသည်။ စာအုပ်ထုတ်သော ဗမာ့ခေတ်သတင်းစာက ကွန်မြူနစ်ဆန့်ကျင် ရေး ဆောင်းပါးများကိုပါ ဖော်ပြသဖြင့် ဗမာ့ခေတ်သတင်းစာကို မီးရှို့ဆန္ဒပြပွဲ မကြာခဏ ကျင်းပလေ့ရှိကြသည်။ အထူးသဖြင့် “မောင်” ဟူသော ကလောင်အမည်နှင့် ဆရာဦးထွန်းဖေ ရေးသားသော ဆောင်းပါးများကို သူတို့က ကန့်ကွက်ကြသည်။
စာအုပ်တအုပ် စွံသွားသဖြင့် အမေရိကန်သံရုံးက တအားတက်ပြီး စာအုပ်လုပ်ငန်းတွင် ငွေသွန်ကာ တိုက်လေ တော့သည်။ အရှေ့ဆီက လေနီကြမ်းစာအုပ် စသော ကွန်မြူနစ်လောက ငရဲပြည်ဖြစ်ပါသည်ဟု စာအုပ်အများ ကို တရကြမ်းထုတ်တော့သည်။ တဆက်တည်းပင် နိုင်ငံရေးစာအုပ်များသာမက အမေရိကန်ဝတ္ထုများနှင့် ယဉ်ကျေးမှုစာအုပ်များကိုပါ မြန်မာဘာသာပြန်စေပြီး ထုတ်ဝေတော့၏။
အမေရိကန်သံရုံးက သူတို့၏ အမေရိကန်စာအုပ်တအုပ်ကို ဘာသာပြန်ပြီး ပုံနှိပ်ကာ စာအုပ်ဆိုင်များတွင် တင်ကာ ရောင်းချလျှင် ဘာသာပြန်ခနှင့် စက္ကူဖိုး၊ ပုံနှိပ်ခ အားလုံးတို့ကို ပိုပိုမိုမို ပေးလေ့ရှိသည်။ ပုံနှိပ်သူအဖို့ မိမိသည် ယင်းစာအုပ်ကို ပုံနှိပ်ရောင်းချသည်မှာ မှန်ကန်ပါသည်ဟု သက်သေခံအဖြစ် သံရုံးသို့ စာအုပ်ရေ (၃၀၀) သာ အခမဲ့ ပေးရသည်။ စာအုပ်စောင်ရေ (၃၀၀၀) သို့မဟုတ် (၅၀၀၀) ခန့် ပုံနှိပ်ကာ ရောင်းကြရလေ့ ရှိသည်။
စောစောပိုင်းက စာအုပ်ကောင်းများကို ဆရာကောင်းတို့က ဘာသာပြန်ကြသဖြင့် စာအုပ်ကောင်းအများ ထွက်လာသောကြောင့် လူကြိုက်များပြီး ရောင်းကောင်းကြသည်။ ထုတ်ဝေသူအဖို့ သံရုံးစရိတ်နှင့် ပုံနှိပ်ပြီး လူထုကို ရောင်းစားကြရသောကြောင့် အမြတ်အစွန်း နှစ်ဆမက ရကြ၏။
နောက်ပိုင်းတွင် အရေအတွက်က များပြားလာသဖြင့် အရည်အသွေးညံ့ဖျင်းသည့် စာအုပ်အများ ထွက်လာ သောကြောင့် စာအုပ်ဆိုင်များတွင် ၀ယ်သူနည်းပါးလာသည်။
နာမည်ရ စာရေးဆရာကြီးများက ဘာသာပြန်အလုပ်အများကို လက်ခံပြီး လက်သင်ဆရာငယ်ကလေးများကို တဆင့်ခိုင်းကာ ခေါင်းပုံဖြတ်ကြလေသဖြင့် အရည်အသွေးက ပိုမိုကျဆင်းသည်။ ထိုအခါတွင် ထုတ်ဝေသူတို့ အဖို့ ပိုမိုပြီး အမြတ်ကြီးစားကြရပြန်၏။ စာအုပ်ရေ (၅၀၀၀) ပုံနှိပ်ပြီး ရောင်းပါသည်ဟု စာရင်းတင်ကာ စာအုပ် (၃၀၀) တိတိသာ ပုံနှိပ်ကြပြီး သံရုံးသို့ တင်ပြကြကာ ငွေထုတ်ယူကြသည်။ သံအရာရှိများကလည်း စာအုပ် (၃၀၀) ခန့်ကို လက်ခံပြီး အိုကေဆိုကာ အုပ်ရေ (၅၀၀၀) အတွက်ငွေပေးကြသည်။ အမေရိကန်သံအရာရှိ များကလည်း ရွံ့ရုပ်များမဟုတ်လေသဖြင့် လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်ဖြစ်ပွားလာကြသည်။
စာအုပ် (၃၀၀) ပုံနှိပ်သည်နှင့် စာအုပ်ဝယ်သူများနှင့် ဆိုင်များကို ခ ရန် မလိုပါဘဲနှင့် စာအုပ် (၅၀၀၀)အတွက် ငွေရရှိနိုင်သော ပွဲတော်ကြီးကျင်းပနေသဖြင့် စာအုပ်ထုတ်ဝေသူများ မှိုလိုပေါက်ပွားလာတော့၏။ လစာနှင့် အခွင့်အရေးကောင်းကောင်းရသူ သံရုံးဝန်ထမ်း မြန်မာများပါ အလုပ်မှ ထွက်ပြီး ပုံနှိပ်တိုက်ထောင်ကြသည် အထိ ဧရာမပွဲတော်ကြီးပါပေ။ ရလာဒ်မှာ ဘာသာပြန်စာအုပ်လုပ်ငန်း ပျက်စီးသွားလေတော့၏။
ရုရှသံရုံးကလည်း အရှုံးမပေး။ ရုရှသာသာမှ အင်္ဂလိပ်သာသာပြန်ပြီး စာအုပ်များကို မြန်မာဘာသာပြန်စေကာ စာအုပ်အများ ထုတ်ဝေသည်။ လက်ဝဲစာရေးဆရာကြီးများက ရဲဘော်ရဲဘက်များဖြစ်သည့် ရုရှသံရုံးကို မညှာကြ ချေ။ အမေရိကန်သံရုံးတွင် ဖြစ်နေသည့်နည်းတူ စာအုပ်ရေ လိမ်လည်ပြသပြီး ရူဘယ်ငွေများကို ချွေယူကြ လေသည်။
ရုရှ်သံရုံးက အမေရိကန်သံရုံးထက် တမူးသာသည်။ ရုရှပြည်တွင် အင်္ဂလိပ်ဘာသာနှင့် ပုံနှိပ်သည့် စာအုပ်များ ကို မြန်မာစာအုပ်ဈေးတန်း၌ သွန်ချပြီး ရောင်းနိုင်ကြသည်။ ရုရှတွင် စာအုပ်လုပ်ငန်းမှာ ပြည်သူပိုင် ဖြစ်သဖြင့် မာ့က်စ်-လီနင်-စတာလင် ၀ါဒစာအုပ်များကို ဈေးပေါပေါနှင့် အရှုံးခံကာ ရောင်းလေ့ရှိသည်။ စက္ကူကောင်း သားရေဖုံး စာအုပ်ထူကြီးများကို တမူးတပဲဈေးနှင့် ချရောင်းသည်။ စာအုပ်ဖြန့်ချီသူ လက်ဝဲခေါင်းဆောင်ကြီးများ အဖို့ နေ့ချင်းညချင်း သူဌေးကြီးများ ဖြစ်လာကြသည်ကို မြင်ကြရသည်။
တရုတ်နီ သံရုံးဖွင့်သောအခါတွင်လည်း ခေါင်းဆောင်ကြီး မော်စီတုန်း၏ အတွေးအခေါ်စာအုပ်အများ ပလူပျံမျှ ထွက်လာလေသည်။ တရုတ်နီသံရုံးက အမေရိကန်နယ်ချဲ့စနစ်နှင့် ရုရှားသြဇာလွှမ်းဝါဒတို့ကို စစ်ကြေညာသော တရုတ်ပြည်တွင် အင်္ဂလိပ်ဘာသာနှင့် ပုံနှိပ်သည့် တရုတ်ကွန်မြူနစ်စာအုပ်များကို လမ်းဘေးမှာ ချရောင်းသည်။ သားရေဖုံး ရွှေစာလုံးနှင့် စာအုပ်ထူကြီးများကို တမူးတပဲနှင့် ၀ယ်ယူဖတ်ရှုနိုင်ကြသည်။ အမေရိကန်တွင် စာအုပ်ဈေးက ကြီးမားသောကြောင့် အမေရိကန်သံရုံးက ရုရှနှင့် တရုတ်သံရုံးကို မပြိုင်နိုင်ဘဲ အရှုံးပေးရသည်။ သို့သော် အမေရိကန် အင်္ဂလိပ်စာနယ်ဇင်းတွေက လူကြိုက်များပြီးဖြစ်သောကြောင့် စီးပွားရေးစာအုပ်ကုန်သည် များက တင်သွင်းရောင်းချကြသဖြင့် သြဇာမကျပေ။
နောက်ပိုင်းတွင် တရုတ်ကွန်မြူနစ်အစိုးရက နိုင်ငံရေးစာအုပ်များနှင့် တရုတ်ဝတ္တုစာပေများကို တရုတ်ပြည် တွင်းရှိ မြန်မာစာတတ်သူများကို အသုံးပြုကာ မြန်မာဘာသာပြန်ပြီး တရုတ်ပြည်မှာပင် မြန်မာစာလုံးများနှင့် စာစီကာ ပုံနှိပ်သော မြန်မာစာအုပ်များကို တင်သွင်းရောင်းချလာတော့သည်။
ထိုအခါ စာပေ၀ါဒဖြန့် စစ်ပွဲတွင်းသို့ တင်မောင် ၀င်ရောက်တိုက်ခိုက်မိတော့သည်။ တင်မောင်အဖို့ စိုးရိမ် သောကပွားပြီး ရင်လေးမိပါသည်။ မြန်မာစာအုပ်အမျိုးမျိုးတို့ကို တရုတ်ပြည်တွင် ပုံနှိပ်ပြီး တင်သွင်းရောင်းချ နိုင်သောကြောင့် မြန်မာစာအုပ် ထုတ်ဝေမှုလုပ်ငန်း ပျက်ပြားသွားနိုင်သည့် အန္တရာယ်ကို မြင်မိသည်။ ထိုထက် အရေးကြီးသည်မှာ အနာဂတ်မြန်မာစာပေလောကကို တရုတ်သြဇာလွှမ်းမိုးနိုင်သည့် နိမိတ်ကို မြင်မိသည်။
ထို့ကြောင့် တင်မောင်က ကြေးမုံသတင်းစာတွင် စာအုပ်လုပ်ငန်းအခြေအနေကို ဆောင်းပါးရေးသားပြီး “ပြည်ပတွင် မြန်မာဘာသာနှင့် ပုံနှိပ်ထုတ်လုပ်သော မြန်မာစာအုပ်များကို တင်သွင်းခွင့် ပိတ်ပင်ပေးပါ” ဟု အယ်ဒီတာ့အာဘော်မှ တောင်းဆိုလိုက်သည်။ ထိုအချိန်က အိမ်စောင့်အစိုးရခေတ်ဖြစ်ပြီး ဗိုလ်နေ၀င်းက နှစ်ပြည်ထောင် နယ်နိမိတ်စာချုပ်ကို ချုပ်ဆိုကာ တရုတ်နှင့် ချစ်ကြည်ရေး တည်ဆောက်နေချိန်ဖြစ်သည်။ ထို့ပြင် စစ်အစိုးရက ကြေးမုံကို ရန်ရှာနေသော အချိန်ဖြစ်သည်။
သို့စေကာမူ စစ်တပ်က ကွန်မြူနစ်ဝါဒကို စစ်မျက်နှာတိုင်းမှ တိုက်နေချိန်ဖြစ်သည့် အတိုင်း တောင်းဆိုချက် ရေးပြီး တပတ်အတွင်းမှာပင် “ပြည်ပတွင် ထုတ်လုပ်သော မြန်မာဘာသာစာအုပ်များကို တင်သွင်းခွင့် ပိတ်သည်” ဟု အစိုးရက အမိန့်ထုတ်လေသည်။ အမိန့်အရ ခရစ်ယာန်သာသာဝင်များအတွက် နိုင်ငံခြားတွင် ထုတ်လုပ်သည့် သမ္မာကျမ်းစာ စာအုပ်များပါ တင်သွင်းခွင့်ပိတ်သွားသောကြောင့် ဘာသာရေးအဖွဲ့များက ပန်ကြားသဖြင့် ခြွင်းချက်နှင့် သွင်းစေရသည်။
အမေရိကန်ဒေါ်လာ၊ ရုရှရူဘယ်နှင့် တရုတ်ယွမ်ဒင်္ဂါးများ သွန်းလောင်းပြီး မြန်မာစာနယ်ဇင်းလောကကြီးကို ၀င်ရောက်ဝယ်ယူကြရာ၌ အင်အားအကြီးဆုံးမှာ ၀မ်ဒင်္ဂါးဖြစ်သည်။ မြောက်ကိုးရီးယားပြည် သံရုံးက သူတို့ မဟာခေါင်းဆောင်ကြီး ကင်အီဆွန်းကို မြန်မာလူထုကြီးက ကိုးကွယ်ဆည်းကပ်ကြစေရန် ပန်းတိုင်ပြုပြီး ၀မ်ငွေ စက္ကူများကို ရေကဲ့သို့ ဖြုန်း၏။ မြန်မာစာနယ်ဇင်း မှန်သမျှတို့တွင် အခကြေးငွေပေးပြီး ကြော်ငြာအဖြစ် ပုံနှိပ် ပေးနိုင်သမျှ စာမျက်နှာပြင်ကို ၀ယ်ယူပြီး ကင်အီဆွန်း၏ ဘုန်းတော်ဘွဲ့ ကြော်ငြာများကို ပုံနှိပ်စေသည်။
သူတို့ ဦးတည်ချက်အတိုင်း ခေါင်းဆောင်ကြီး ကင်အီဆွန်း၏ ပုံတော်ကို စာနယ်ဇင်းတိုင်းတွင် ဖော်ပြထား ကြလေသဖြင့် လူသိများနိုင်စေကာမူ မြန်မာလူထုအပေါ်မှာ သြဇာတစိတ်တမွှာမှ မလွှမ်းရှာပါ။ ၁၊ ခေါင်းဆောင် ကြီး၏ အတွေးအခေါ်များက များစွာ ထိုင်းမှိုင်းသည်။ ၂၊ မူလက ညံ့ဖျင်းထိုင်းမှိုင်းသည့် စာများကို သံရုံးက ၀ယ်ယူခန့်ထားသူ ကွန်မြူနစ်ဘာသာပြန်ဆရာများက အရည်အသွေးကင်းမဲ့သောကြောင့် သံရုံးမှ ထုတ်သမျှ စာများကို လူထုက နားမလည်ကြချေ။ ၃၊ ထိုအချိန်က ကုန်ထုပ်စက္ကူ လွန်စွာ ရှားသောကြောင့် ကင်အီဆွန်း ၀ါဒ သည် မြန်မာနိုင်ငံအဖို့ အကောင်းဆုံး ကုန်ထုပ်စက္ကူသာ ဖြစ်ခဲ့ပေသည်။
မည်သို့ဆိုစေကာမူ ဖွံ့ဖြိုးစည်ပင်ပြီး အင်အားခိုင်မာသော မြန်မာစာပေကို နိုင်ငံခြားသံရုံးများက ပျက်စီးစေ အောင် ဖျက်စီးခြင်းမပြုနိုင်ခဲ့သော်လည်း စာပေလောကသား အများကိုမူ ပျက်စီးစေပေသည်။ ။

Saturday, September 13, 2008
အမေရိက အိမ်မက်
၁၈၄၀ နှင့် ၁၉၁၄ ခုနှစ်များအတွင်း စကင်ဒီနေးဗီးယားဒေသမှ လူ ၂ သန်းခန့် အမေရိက သို့ ထွက်ခွာ ခဲ့ကြသည်ဟု ဆိုသည်။ ထိုအထဲတွင် တသန်းကျော်မှာ ဆွီဒင်များ၊ နော်ဝေးမှ ၇ သိန်းခွဲနှင့် ဒိန်းမတ် မှ သုံးသိန်း အသီးသီးပါဝင်ကြသည်။ ၁၈၄၀ တွင် ဒိန်းမတ်လူဦးရေမှာ ၁.၃ သန်းခန့်သာ ရှိသေးသဖြင့် နိုင်ငံတွင်းမှ လူသုံးသိန်း ထွက်ခွာသည်ဆိုသည်မှာ လူအစုလိုက်အပြုံလိုက် ပြောင်းရွှေ့မှုဟု ဆိုနိုင်သည်။
အဓိက ထွက်ခွာရခြင်း အကြောင်းရင်းမှာ ဆင်းရဲမွဲတွေမှုကြောင့် ဖြစ်၏။ ထိုခေတ်က တောနေလူတန်း စားနှင့် လက်လုပ်လက်စားများ အများစု အမေရိကသို့ ထွက်ခွာကြပြီး နော်ဝေးနှင့် ဆွီဒင်မှ လူများသည် ဒိန်းမတ်တို့ထက် ပို၍ ဆင်းရဲခဲ့ကြသည်။
တချိန်တည်းမှာ အမေရိကန် အစိုးရ၏ ဖိတ်ခေါ်မှုများကလည်း ခရီးသွားများအတွက် မက်လောက်စရာ။ အမေရိက ရောက်လျှင် အရွယ်ရောက်သူတိုင်း မြေယာအခမဲ့ရရှိမည်။ ထိုအခမဲ့ရမည့် မြေယာသည် ဒိန်းမတ်က လယ်မြေများထက် ကျယ်ဝန်းသည်။ နောက် အမေရိက ရောက်နေသူများထဲမှ မိသားစုဝင်များ သူငယ်ချင်းများက ရေးလာသည့် စာများကလည်း အခြေအနေကောင်းသည်၊ လိုက်လာလျှင် အဆင်ပြေမည် ဆိုတော့လည်း နောက်လူတွေက လိုက်လာကြသည်ပင်။
၁၈၉၇ ခုနှစ်က ဒိန်းမတ်မှ အမေရိကအသွား သဘောင်္ခမှာ ဒိန်းနစ်ရှ် ခရိုနာ ၂၀၀ ခန့် (ယူအက်စ်ဒေါ်လာ ၅၀ ခန့်) ပေါက်ဈေးရှိသည်။ ထိုစဉ်က ငွေ ၂၀၀ သည် အခုခေတ်ငွေ ၂၀၀ နှင့်တော့ အဆပေါင်းများစွာ ကွာခြားနေလိမ့်မည်။
ဒိန်းမတ်တွေ အမေရိက သွားကြသကဲ့သို့ ဆွီဒင်တွေ ဒိန်းမတ်မှာ အလုပ်လာလုပ်ကြသည်လည်း ရှိသည်။ ဟိုတလောက ကျနော် စာကြည့်တိုက်မှ ငှားကြည့်သည့် Pelle Erobreren ဆိုသည့် DVD အခွေသည် ထိုအကြောင်းကို ဇတ်လမ်းဆင် ရိုက်ကူးထားသည့် ရုပ်ရှင်ဖြစ်သည်။
၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့ မနက်ခင်း နှင်းမှုန်တွေကျနေသည့် အချိန် ဒိန်းမတ်နိုင်ငံ ဘွန်ဟောင်းကျွန်း (Bornholm) သို့ ဆွီဒင် နိုင်ငံ Ystad မြို့မှ ထွက်လာသော သဘောင်္တစီး ဆိုက်ရောက် လာသည်။ သဘောင်္ပေါ်တွင် အလုပ်လာရှာကြသည့် ဆွီဒင်လူမျိုး ၂၀၀ ကျော် ပါလာ သည်။ သူတို့ကိုင်ဆောင်လာသည့် အထောက်အထား စာရွက်ပေါ်မှာ ဆိပ်ကမ်းရဲက အ၀င်တုံး ထုပေးနေသည်။ အလုပ်ရှင်တွေတဖွဲဖွဲရောက်လာပြီး သူတို့လိုချင်သည့် အလုပ်သမားကို ရွေးချယ် သည်။
ဇတ်လိုက်သားအဖကတော့ နောက်ဆုံးလာခေါ်သည့် အလုပ်ရှင်နှင့် ပါသွားသည်။ သားဖြစ်သူ Pelle က ကိုးနှစ်အရွယ်၊ အဖေဖြစ်သူက မုဆိုးဖို၊ လူဆင်းရဲတဦး၊ ဇနီးသည်ဆုံးပြီး နောက်ဆုံးကျန်သည့် ငွေစ အနည်းငယ်ဖြင့် သဘောင်္လက်မှတ်ဝယ်စီးကာ သူတို့သားအဖ ဒိန်းမတ်သို့ ထွက်လာ ခဲ့ကြခြင်း ဖြစ်သည်။ သူတို့ သားအဖ နှစ်ယောက် အလုပ်ရှင်၏ ယာတောနှင့် မွေးမြူရေးခြံမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ကြ ရသည်။ အလုပ်ချိန်က ရှည်လျားပြီး အစားအသောက်က ညံ့ဖျင်းသလို လစာကလည်း မကောင်းလှ။ ဘာသာစကားကလည်း အခက်အခဲ ရှိသည်။ ဒိန်းမတ်တွေက ဆွီဒင်မှ အလုပ်လာလုပ်သူတွေကို နိုင်ငံခြားသားတွေဆိုပြီး နှိမ်ကြသည်။ ဒီနေရာမှာတော့ လူမွှေးမပြောင်နိုင်တာကို Pelle ကသိသည်။ သူတို့နှင့်ဘ၀တူ ဆွီဒင် အလုပ်သမားတယောက်က Pelle အား American dream ကို ပြောပြသည်။ ငွေကိုစုထား၊ သင်္ဘော လက်မှတ်ရတာနဲ့ ဒိုးပြီပဲ။ ခက်တာက Pelle ရဲ့ အဖေ။ သူက အသက်ကြီးပြီ။ ဒီကနေ ဘယ်မှ မသွား ချင်တော့။ နောက်ဆုံး သူ့အဖေကို နှုတ်ဆက်ကာ Pelle က အမေရိကန် အိမ်မက် ဆက်မက်ဖို့ ထွက်လာခဲ့တော့သည်။
ထိုရုပ်ရှင်သည် ၁၉၈၈ ခုနှစ်၏ Academy Award for Best Foreign Language Film ဆုကို ရရှိခဲ့ ပါသည်။ ။
နောက်ဆက်တွဲ ။ ။ ပြီးခဲ့သည့် အပတ်က ကြည့်သည့် ရုပ်ရှင်တကားမှာလည်း (အခုတလော ရုပ်ရှင်တွေ ကြည့်ဖြစ်နေသည်) အမေရိက ရောက်သွားသည့် အစ္စရေး လူငယ်တဦး နယူး ရောက်လေဆိပ်မှ မြို့ထဲအလာ တက်စီ ကားမောင်းသူ လူမည်းက သူ့ကို မိတ်ဆက်ရင်း “အမေရိက ကို ပထမအကြိမ်လာတာနဲ့တူတယ်။ ဘာလာလုပ်တာလဲ” လို့ အမေးခံရ၏။ အစ္စရေးလူငယ်က ‘ I have a dream’ ဟု ပြန်ဖြေရာ ကားမောင်းသူက ‘I have a dream too’ ဟု ပြန်ဖြေပါသည်။ ထိုအခါ မင်းအိမ်မက်တွေ ဘယ်လိုတုံး ဟု လူသစ်က မေးတော့ “ဒီလိုပါပဲ၊ လုပ်နေရတုံးပါ” ဟု ဆိုသည်။ တကယ်တော့လည်း တတိယကမ္ဘာနှင့် ဖွံဖြိုးဆဲ နိုင်ငံများမှ လူများအနေဖြင့် အမေရိကပဲ ရောက်ရောက် ဥရောပပဲရောက်ရောက် “နတ်ရေကန်ထဲ ပစ်ချလိုက်သလို” နေ့ချင်းကြီး ကောင်းစား သွားသည် မဟုတ်တာတော့ သေချာသည်။ ကြိုးကြိုးစားစား ရုန်းကန်နိုင်မှသာ အိမ်မက်တွေ အကောင်အထည်ပေါ်လာနိုင်မည် ဆိုသည့်အကြောင်း ရေးသားလိုက်ရပါသည်။ ။

Sunday, September 7, 2008
(၁၀) လှပသော သတင်းခေါင်းစဉ်များ (ကြေးမုံဦးသောင်း)
“ဗမာသတင်းစာလောကအဖို့ ထိရောက်ဆန်းကြယ်သော သတင်းခေါင်းစဉ်များကို စတင်တီထွင် သုံးစွဲသူမှာ ဗမာ့ခေတ်အယ်ဒီတာ ဦးအုန်းမြင့် ဖြစ်သည်” ဟု မြန်မာသတင်းစာလောက က သိကြသည်။ ဆန်းပြားလှသော သူ၏ ခေါင်းစဉ်တပ်နည်းကို သတင်းစာအများ အသုံးမပြုကြစေကာမူ သူ၏နည်းသည် တဘာသာ ဖြစ်သည်။ သူတည်းဖြတ်သော ဗမာ့ခေတ်သည် အခြားသတင်းစာများနှင့် မတူ တမူကွဲသည်ဟု လက်ခံကြသည်။ သာမန် သတင်းတပုဒ်ကို သူက ခေါင်းစဉ်တပ်လိုက်သည်နှင့် သတင်းထူး သတင်းဆန်းဖြစ်လာလေ့ရှိသည်။ ခေါင်းစဉ် အတပ်ကောင်းသောကြောင့် သတင်း၏ ဂယက်ပြဿနာအမျိုးမျိုးကို ရင်ဆိုင်ရသည်လည်း ရှိ၏။
ပြည်သူ့လွှတ်တော် တည်ဆောက်စကာလ အစည်းအဝေးတွင် အမတ်မင်းများ၏ လစာနှင့် နေ့တွက် အစည်းအဝေး စရိတ်များကို တင်သွင်းအတည်ပြုစဉ်က အယ်ဒီတာမင်းက များလွန်းသည်ဟု ယူဆလေသဖြင့် သတင်းကို ဖော်ပြသောအခါတွင် ခေါင်းစဉ်၌ “အလိုဘုရား လန့်စရာပါလား” ဟု တပ်လေသည်။ ယင်းသို့ ဝေဖန်ချက်ခေါင်းစဉ်နှင့် သတင်းဖော်ပြထားသည်ကို အစိုးရအမတ်များရော၊ အတိုက်အခံအမတ်များကပါ မကျေမနပ်ဖြစ်ကြပြီး အပြစ်ပေးရန်အတွက် စည်းဝေးကြသည်။ အစည်းအဝေးမှာ ဗမာ့ခေတ်သတင်းထောက် ပြည်သူ့လွှတ်တော်မတက်ရဟု (၆) လတိတိ ပြစ်ဒဏ်ခတ်ရန် လွှတ်တော်က ဆုံးဖြတ်သည်။
နိုင်ငံရေး သတင်းသာမဟုတ်၊ သာမာန်သတင်းများတွင်လည်း ခေါင်းစဉ်ကောင်းပါက အသက်ဝင်လာလေ့ ရှိသည်။ တနေ့သားတွင် ဦးအုန်းမြင့်က သတင်းစာမျက်နှာဖုံးတွင် ဖော်ပြနိုင်သည့် သတင်းကောင်းမရှိသဖြင့် စိတ်ညစ်ကြောင်း ညည်းညူသောကြောင့် တင်မောင်က မိမိထောက်လှမ်းထားသော သတင်းတပုဒ်ကို ဟာသကွက်ဖော်ကာ ရေးသားပြီး တေးတပုဒ်နှင့် ခေါင်းစဉ်တပ်ကာ ပေးလိုက်သည်။
သတင်းမှာ ဆန်းလှသည်မဟုတ်၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ရှိပြီးသော ခြင်္သေ့ကြီးအတွက် နိုင်ငံခြားက မှာယူတင်သွင်းခဲ့သော ခြင်္သေ့မကလေး ရောက်လာကြောင်း သတင်းဖြစ်၏။ ခြင်္သေ့ (၂) ကောင်ကို မိတ်လွှတ် သောအခါတွင်မူ ငယ်ရွယ်သူ အမကလေးက လူပျိုကြီး ကိုခြင်္သေ့ကို အကပ်မခံသောကြောင့် လှောင်အိမ်ခွဲထား ရသည့် သတင်းနှင့် ဓာတ်ပုံသာ ဖြစ်၏။ “လူပျိုစကားပြောတဲ့ ကိုကိုကာလသားချောရယ် … ကလေးစိတ်မို့ ပျိုနားမလည်.. ခင်ဟာ ငယ်သေးတယ်” ဟု ခေါင်းတပ်ပေးလိုက်သည်။ ထိုသီချင်းခေါင်းစဉ်ကို အယ်ဒီတာက တလုံးတပါဒမှ မပြင်ဘဲ အောက်ကမြစ်ကလေး တတို့သာ တို့ပေးလိုက်ရုံနှင့် မျက်နှာဖုံးသတင်း ဖြစ်လာတော့ သည်။ အယ်ဒီတာက “ခင်ဟာငယ်သေးတယ်” ဟူသော စာပိုဒ်တွင် ခင်စာလုံးအောက်တွင် အောက်ကမြစ် တို့လိုက်သဖြင့် “ခင့်ဟာ ငယ်သေးတယ်” ဟု ၀က်ဝက်ကွဲ ပွဲကျသော သတင်းကြီး ဖြစ်သွားခဲ့သည်။
နိုင်ငံရေးသတင်းခေါင်းစဉ်တို့ကိုလည်း အသက်ဝင်အောင် အသက်သွင်းပေးရသည်။ ဆိုရှယ်လစ်ပါတီဝင်များ က စစ်တပ်အားကိုးရှိသောကြောင့် အမြို့မြို့အရွာရွာတွင် လာဘ်စားမှုမှ လုယက်မှုအထိ ကျူးလွန်ကြသည်။ လူထုအား နှိပ်စက်မှုများ တိုးများလာသောအခါတွင် ဗမာ့ခေတ်၌ သူတို့၏ အမှုသတင်းများ ခေါင်းစဉ်တပ်တိုင်း “ပြန်” ဟူသော ကြိယာဝိသေသနကို ဆက်ကာ ရေးလေ့ရှိ၏။ ယခုအမှုတွင်သာ ခိုးသည်မဟုတ်၊ ယခင်က လည်း ခိုးနေကျဖြစ်သည်ဟူ၍ အဓိပ္ပါယ်ပေါက်လေအောင် “လာဘ်စားပြန်ပြီ”၊ “ခိုးပြန်ပြီ” စသည်ဖြင့် ခေါင်းစဉ် တပ်ကာ ဝေဖန်ပြစ်တင်လေ့ရှိသည်။ သတင်းစာများက ရေးဖန်များလာသောအခါတွင် ဆိုရှယ်လစ်များမှာ စစ်တပ်က ထောက်ခံစေကာမူ ရွေးကောက်ပွဲများတွင် လူထုက ကျောခိုင်းကြသဖြင့် အရေးနိမ့်ကြရတော့ သည်။
ထိုအခါ ဆိုရှယ်လစ်ခေါင်းဆောင်များက ဗမာ့ခေတ်တွင် ဖော်ပြသော သတင်းများသည် အခြားသတင်းစာ သတင်းများနှင့် အတူတူ ဖြစ်ပါလျက် သူတို့ ပိုမိုနစ်နာစေရန်အတွက် ခေါင်းစဉ်နှင့် ဆဲရေးသည်ကို မကျေနပ်ကြ ကြောင်း ၀န်ကြီးချုပ်ကို တိုင်ကြလေသည်။
တချီတွင် ဆိုရှယ်လစ်တဦးက သိသာထင်ရှားစွာ ကျူးလွန်သော မတရားညစ်ပတ်မှု သတင်းတခုကို ဖော်ပြရာ တွင် ဗမာ့ခေတ် အယ်ဒီတာက ခေါင်းစဉ်မတပ်ဘဲ အဖြူကွက်လပ်နှင့် ဖော်ပြပြီး “ဗမာ့ခေတ်ခေါင်းစဉ်များကို မကျေနပ်ကြောင်း၊ တိုင်တန်းသောကြောင့် ယခုသတင်းကို ခေါင်းစဉ်မတပ်ဝံ့ပါ။ စာဖတ်ပရိသတ်တို့ပင်ဘာသာ ခေါင်းစဉ်တပ်ကြပါ” ဟု ဖော်ပြသဖြင့် မကောင်းသတင်း ပိုထင်ရှားစေသောကြောင့် ဦးကျော်ငြိမ်းတို့မှာ ဆတ်ဆတ်ခါ နာကြရပြန်သည်။ ဗမာ့ခေတ်နှင့် ဆိုရှယ်လစ်ပါတီတို့ ပဋိပက္ခကြီးထွားလာသောအခါတွင် ၀န်ကြီးချုပ်ဦးနုက ဗမာ့ခေတ်အဖွဲ့သားများနှင့် တွေ့ဆုံဆွေးနွေးလိုသည်ဟု အကြောင်းကြားသဖြင့် ၀န်ကြီးချုပ် အား နေ့လည်စာဖိတ်ကာ ဧည့်ခံရလေသည်။ အယ်ဒီတာတဖွဲ့လုံးကို ဆင်ဆင်ခြင်ခြင်ရေးကြပါဟု သူက မေတ္တာ ရပ်ရာတွင် “ဗမာ့ခေတ်က အစိုးရကို ဖိပြီးဆဲနေသည်” ဟု ဝေဖန်၏။ “ဦးတို့အစိုးရဘက်ကလဲ ပြန်ရေးနိုင်ပါ တယ်” ဟု တင်မောင်က ပြန်ပြောမိသည်။
“မင်းတို့ရေးတဲ့ ဆောင်းပါးတွေနဲ့အတူ ဦးတို့ဘက်က ဆောင်းပါးကိုပါ ယှဉ်ပြိုင်ပုံနှိပ် ပေးမယ်လား” ဟု သူက မေးသောအခါတွင် “ဘာလို့မပေးရမှာလဲ” ဟု တညီတညာဖြေကြသည်။
နောက်တနေ့က စတင်ကာ ဗမာ့ခေတ်သတင်းစာတွင် ဆောင်းပါးရှင်အသစ်တဦးတိုးလာတော့သည်။ ကလောင် အမည်က “သမိန်ဗရမ်း” ဟူ၏။ စာရေးဆရာ ဦးနုက သမိန်ဗရမ်း ကဏ္ဍကို နေ့စဉ်ရေးသည်။ ၀န်ကြီးချုပ်ကိုယ် တိုင် ဆောင်းပါးရှင်အသစ်ဖြစ်သည် ဟူသည်ကို လျှို့ဝှက်ထားရသည်။ ယခုမှ ဖွင့်ပြောနိုင်ပေပြီ။ ဦးနုအလုပ်များ သောအခါတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် သွားရမည့် အတွင်းဝန် ဦးသန့် ရေးသည်။ မြင်းစီးပြီး ဓားထမ်းထားသည့် ရုပ်ပြောင်ခေါင်းစဉ်နှင့် ရေးသားသော သမိန်ဗရမ်းလည်း ဓားစွမ်းမထက်ရှာပေ။
ဆိုရှယ်လစ်များနှင့် သတင်းစာများသည် တနေ့တခြား အစေးမကပ်ဖြစ်လာသည်။ သတင်းစာများကို ဥပဒေနှင့် နှိမ်နင်းရန် ဆိုရှယ်လစ်တို့က ဥပဒေကြီးတခုကို လွှတ်တော်တွင် တင်ပြန်သည်။ အသရေဖျက်မှု ဥပဒေဖြစ်၏။
တစုံတယောက်သည် ဂုဏ်သရေကို ပျက်စေသော စွပ်စွဲချက်များ၊ ဝေဖန်ချက်များကို အစိုးရ၀န်ထမ်းတဦးအား ရည်ရွယ်၍ ရေးသားပါက၊ ဟောပြောပါက ရာဇ၀တ်မှုကို ကျူးလွန်သည် မည်၏။ ယင်းရာဇ၀တ်မှုကို ကျူးလွန် သူအား ၀ရမ်းမပါဘဲ ဖမ်းဆီးအရေးယူရမည်။ အစိုးရ၀န်ထမ်းဆိုသည်မှာ အစိုးရလခစား ၀န်ထမ်းများနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ပါဝင်သည်ဟု ဥပဒေက ဆိုသည်။
ဥပဒေမှာ အလွန်ရှင်းသည်။ ၀န်ကြီးတဦးကို ဝေဖန်ပြစ်တင်မှုသည် အသရေပျက်မှုအရာမြောက်ပါက ချက်ချင်း ဖမ်းဆီး အရေးယူမည်ဖြစ်၏။ အမှန်အားဖြင့် ၀န်ကြီးတို့သည် အစိုးရ၀န်ထမ်းအစစ် မဟုတ်ပေ။ အများပြည်သူ တို့က အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရမှသာ ၀န်ကြီးဖြစ်နိုင်သည်။ သူတို့ကို ဝေဖန်ပြစ်တင် ရေးသား ခွင့် ပိတ်ပင်သည်ဖြစ်သောကြောင့် သတင်းစာများက ပြင်းထန်စွာ ကန့်ကွက်ကြတော့သည်။ ဆောင်းပါးများ၊ ရုပ်ပြောင်များနှင့် ဆန့်ကျင်ကြသည်။ သတင်းစာအားလုံးက အယ်ဒီတာအာဘော်များ မရေးကြဘဲ တပတ်ကြာ ဟင်းလင်းထားကာ ကန့်ကွက်ကြသည်။ ဥပဒေဆိုးကြီးကို အစီအစဉ်အတိုင်း ၁၉၄၉ ခု၊ သြဂုတ်လ (၂၁)ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်သည်။ အတိုက်အခံ အမတ်များက သူတို့အင်အားက နည်းပါးလွန်း သဖြင့် ကန့်ကွက်မဲပေးလျှင်လည်း ရှုံးလေမည် ဖြစ်သဖြင့် အစည်းအဝေးခန်းမမှ ထွက်သွားပြီး ဆန္ဒပြကန့်ကွက် ကြသည်။ ဖဆပလ အမတ်အားလုံး တညီတညွတ် မဲပေးကြသဖြင့် အနိုင်ရကာ ဥပဒေအတည် ဖြစ်မြောက် အောင်မြင်တော့သည်။ မဟုတ် မတရားလွန်းသော ယင်းဥပဒေကို သတင်းစာများက ပိုမိုပြင်းထန်စွာ ကန့်ကွက် ကြပြန်သည်။ နောက်ဆုံးတွင်မှ ၀န်ကြီးချုပ်ဦးနုက ၀င်ရောက်စွက်ဖက် ဖျန်ဖြေ၏။ “ဒီမိုကရေစီဆိုတာ မိမိတို့ အစုမဲ အများရရှိသောကြောင့် အနိုင်ရတိုင်း မူမမှန်သော ကိစ္စကို မလုပ်သင့်ဘူး” ဟု ဆိုရှယ်လစ်များကို ဟောပြောပြီး ဥပဒေကို ပြန်လည်ရုပ်သိမ်း လိုက်၏။
တင်မောင်အဖို့ ဤကဲ့သို့ တရားမျှတသော ၀န်ကြီးချုပ်နှင့် ဒီမိုကရေစီ အစိုးရလက်ထက်တွင် သတင်းစာ လွတ်လပ်ခွင့် အရသာကို ခံစားရသော ရသကို မေ့မရနိုင်ပါပေ။ တိုက်ပွဲတပွဲ အောင်ရတိုင်း ဖရဏပီတိ ဂွမ်းဆီ ထိ တစိမ့်စိမ့် အရသာ ခံစားခဲ့ကြရသည်။ ယင်းသို့ တင်မောင်တို့ သတင်းစာများနှင့် ပြည်သူတို့ ခံစားစံစားကြရ သော ဒီမိုကရေစီခေတ် အရသာသည် သက်တမ်းမရှည်ဘဲ ပျက်စီးခဲ့ရသည်။
နိုင်ငံသစ် တည်ဆောက်ချိန်၌ နိုင်ငံရေးလောကတွင် စုန်းပြူးများ ပေါ်ခဲ့သကဲ့သို့ ဖောက်ပြန်သော စာနယ်ဇင်း များ ပေါ်လာခဲ့သည်။ အဓိက အကြောင်းရင်းမှာ အမေရိကန်နှင့် ရုရှတို့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြသော စစ်အေးတိုက်ပွဲကြီး မြန်မာ့စစ်မြေပြင်တွင် လာရောက်တိုက်ကြသဖြင့် ဖြစ်သည်။
၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ကြေညာပြီး ဒီမိုကရေစီ သမ္မတနိုင်ငံသစ် တည်ဆောက်စဉ်က ပထမနှစ်အတွင်း တွင် အင်္ဂလန်၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ပြင်သစ်၊ ယိုးဒယားနှင့် ရုရှနိုင်ငံတို့က အသိအမှတ်ပြုပြီး သံရုံးများ ဖွင့်ကြရာမှ ဗမာ့စာနယ်ဇင်းလောက ပျက်စီးစပြုလာတော့သည်။ သံရုံးများက သူတို့နိုင်ငံအကြောင်း ၀ါဒဖြန့်ရန် ငွေနှင့် ၀ယ်ကြလေသောကြောင့် ဈေးပေါသည့် စာပေလောကသားအချို့ စတင်ပျက်စီးရာမှ စာနယ်ဇင်း လောကကြီး တခုလုံး ယိုင်လဲလာခဲ့သည်။ ။

Sunday, August 31, 2008
ဗုဒ္ဓသာသနရံသီကျောင်းတော်ဖွင့်ပွဲ (ဂျာမနီ)
ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ ဗုဒ္ဓသာသနရံသီ ဘုန်းကြီးကျောင်းဖွင့်ပွဲ ကျင်းပသည့် သြဂုတ်လ (၁၀) ရက်နေ့ မနက် ကျနော် ရောက်သွားသည့်အချိန်တွင် ကျောင်းအ၀င်ဝ၌ ဖဲကြိုးဖြတ်ဖွင့်လှစ်သည့် အခမ်းအနား စတင်နေပါပြီ။ ကျနော်လည်း မှီသလောက် ဓါတ်ပုံ နှင့် ဗီဒီယို များရိုက်သည်။ ဘုန်းတော်ကြီးများ၊ ဧည့်သည်တော်များ နှင့် မြန်မာပရိသတ် ကျောင်းပေါ်မှာ နေရာယူတော့ ကျနော်က ကျောင်းပေါ်က အခန်းတခုထဲဝင်ကာ တိုက်ပုံ၊ လုံချည်အစရှိသော မြန်မာအ၀တ်အစား လဲဝတ်လိုက်၏။ ပါလာသည့် အိတ်ဆောင်ကွန်ပြူတာကို ဖွင့်ကာ ဘုန်းကြီးကျောင်း မှ အင်တာနက်နှင့် အွန်လိုင်းတက်လိုက်တော့ ဂျီတော့မှာ မိတ်ဆွေအချို့ရောက်နေကြပြီ။ လန်ဒန်မှာ ကိုညီညီစိန်က ကျနော်တင်လိုက်သည့် ဂျီတော့ မက်ဆေ့ခ်ျကို ကြည့်ကာ “ရွှေမန်းချမ်းသာဇာတ်အဖွဲ့ တွေနဲ့ တွေ့ပြီးပလား။ အဲဒီမှာ မင်းသမီး သုံးလက်ပါလာတယ်” ဟု သတင်းပေးသည်။ “နေအုံးဗျ၊ အခမ်းအနား လုပ်နေတာ သွားကြည့်လိုက်အုံးမယ်ဟု သူ့ကို ပြောကာ အခန်းထဲက ထွက်ခဲ့သည်။
အပြင်ခမ်းမကြီးမှာတော့ ဘုန်းကြီးကျောင်းဖွင့်ပွဲ အခမ်းအနားက စတင်နေပါပြီ။ ဘုရားစင်ရှေ့မှာ ပီနန်ဆရာတော်ကြီးဦးဆောင်သော ပင့်သံဃာများနေရာယူထားသည်။ ဖိတ်စာပါ စာရင်းအရ… ပီနန်ဆရာတော် ကြီး၊ ဦးနန္ဒ၀ံသ (တိုင်ဝမ်)၊ ဦးတိလောကသီရိ (စင်္ကာပူ)၊ ဦးနန္ဒသီရိ (ကနေဒါ)၊ ဦးဥတ္တရ (အင်္ဂလန်)၊ ဦးကုမာရ (ပြင်သစ်)၊ ဦးသိလိဌ (အင်္ဂလန်)၊ ဦးသုမင်္ဂလာ (မြန်မာ)၊ ဘန္တေကဿပ (အိန္ဒိယ) နှင့် ဦးကောဏ္ဍည (ဂျာမနီ) တို့ ဖြစ်ကြသည်။
ပီနန်ဆရာတော်ကြီး၏ ရှေ့မှာတော့ ဖိတ်ကြားထားသော ဧည့်သည်များ၊ ထိုဧည့်သည်များတွင် ဂျာမန်လူမျိုးများ လည်း ပါနေသည်။ မြန်မာတွေအဖို့ ဘုန်းကြီးရှေ့ ပုဆစ်တုတ်ထိုင်ရသည်မှာ မပင်ပန်းသော်လည်း အနောက်တိုင်း ပွဲတက်ဝတ်စုံဝတ်ထားသော ဂျာမန်တွေအဖို့တော့ torture လုပ်ထားသလို ဖြစ်နေနိုင်သည်။ ဧည့်ပရိသတ် ထပ်ရောက်လာသည်။ ၀တ်ကောင်းစားလှ ဖြင့် ဂျာမန်အမျိုးသမီးကြီးတဦး ကျနော့်အနားမှာ မတ်တပ်ရပ်ရင်း ဟိုကြည့်ဒီကြည့် ကြည့်နေသည်။ ခမ်းမဆောင်အတွင်းလူပြည့်နေတော့ သူ့အတွက် တနေရာစာ ရှာဖို့ မလွယ်တော့။ မြန်မာပရိသတ် နေရာယူထိုင်နေပုံကလည်း အလယ်မှာ မင်းလမ်းထားကာ ထိုင်တာမဟုတ်တော့ နောက်က လူရှေ့ကို ရောက်ဖို့ မလွယ်သလို ရှေ့ကလူ နောက်ကို ပြန်လာဖို့ လည်း မစဉ်းစားလေနဲ့။
ခဏနေတော့ ဂေါပကအဖွဲ့ဝင် ကိုမောင်ဝင်း ကျောင်းပေါ်တက်လာသည်။ ကျနော်က “ကိုမောင်ဝင်းရေ… အောက်ကပရိသတ်စကားပြောနေကြတာ နဲနဲ ဆူနေသလားလို့ပါ” ဆိုတော့ သူက အောက်မှာ သွားပြောပေး ပါသည်။ နောက်ထပ်ရောက်လာသည့် ရွှေမြန်မာအချင်းချင်း နှုတ်ဆက်ကြ၊ စကားပြောဆိုတော့ အသံတွေက ကျယ်လောင်၍နေပါသည်။
အပေါ်ထပ်ခမ်းမတွင်းမှာတော့ အစီအစဉ်များကို မြန်မာဘာသာတလှည့်၊ ဂျာမန်ဘာသာဖြင့် တလှည့် ပြောဆို နေကြသည်။ ဂျာမန်သီလရှင်တဦးစကားထပြောသည်ကိုလည်း တွေ့ရသည်။ ထိုပွဲတွင် ဂျာမန် ဘာသာသို့ စကားပြန်အဖြစ် ဆောင်ရွက်ပေးသူမှာ ဘွန်းမြို့တွင်နေထိုင်သူ ကိုထူးမင်းဖြစ်သည်။ ကိုထူးမင်းသည် ၁၉၇၀ ကျော်နှစ်များအတွင်းက ဂျာမနီတွင်ရောက်ရှိနေထိုင်ခဲ့သူ။ သူ့လို ၁၅ နှစ် အနှစ် ၂၀ ကျော် ရောက်ရှိ နေထိုင်သူ မြန်မာများက ဘွန်း၊ ဘာလင်နှင့် ဟမ်းဘာ့ဂ် မြို့များတွင် အများအားဖြင့် နေထိုင်ကြပြီး၊ ဖရန့်ဖတ်မှာတော့ အစော ဆုံးရောက်လာသူများမှာ ၇ နှစ် ၈ နှစ် ရှိကြသေးသည်ဟု ပြောကြသည်။ သို့သော် ဂျာမနီရှိ အခြားမြို့ များမှာထက် ဖရန့်ဖတ်မှာရောက်နေသော မြန်မာက ပိုများနေသောကြောင့် ယခုလို မြန်မာဘုန်းတော်ကြီး ကျောင်း တည်ထားကိုးကွယ်နိုင်တာလည်း ဖြစ်မည်။ ဘုန်းကြီးကျောင်းမြေကို မိမိတတ်နိုင်သလောက် ၀ယ်ယူ လှူဒါန်းသူများရှိသလို ပုံမှန်လစဉ်ကြေးထည့်သူ ဦးရေက ၁၆၀ ၀န်းကျင်ခန့် ရှိသည်ဟု ဂေါပက အဖွဲ့ဝင် ကိုမောင်ဝင်းက ပြောပြသည်။ “ဒီအဆောက်အဦးကလည်းဗျာ ကျနော်တို့ မြန်မာတွေ ဘုန်းကြီးကျောင်းလုပ်ဖို့ အတွက်ရည်ရွယ်ပြီး ဆောက်ထားသလားအောက်မေ့ရလောက်အောင် ဘုန်းကြီးကျောင်းနဲ့ တကဲ့ကို တူတာဗျ၊ အပေါ်မှာ ဘုရားခန်း၊ အောက်မှာ ကျွေးမွေးဧည့်ခံဖို့နေရာ၊ ကားရပ်ဖို့နေရာကလည်းအသင့်၊ ခေါင်းရင်းမှာ မြေကွက်လပ်တောင် ပါလိုက်သေးတယ်၊ ကျနော်တို့တော့ ဒီနေရာရလိုက်တာကိုပဲ အားရ၀မ်းသာ ဖြစ်နေတာပါ” ဟု ဘုန်းကြီးကျောင်းလစဉ်ကြေးထည့်ဝင်သူတဦးဖြစ်သူ ကိုမောင်မောင်ချစ်က ကျနော့်ကို ပြောပြသည်။
၇ နှစ် ၈ နှစ်အတွင်း ဖရန့်ဖတ်မှာ မြန်မာတွေ များလာတာကလည်း စိတ်ဝင်စားဖို့ကောင်းသည်။ ဖရန့်ဖတ်မှာ တနှစ်ပတ်လုံးလိုလို ကုန်စည်ပြပွဲတွေရှိသည်။ ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် စတော့ရှယ်ယာဈေးကွက်၊ ဟော်တယ်လုပ်ငန်း နှင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကလည်း ရှိနေတော့ မြို့တော် ဘာလင်ထက်ပင် ဖွံဖြိုး တိုးတက်လို့နေပါသည်။ ဖရန့်ဖတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကတော့ မြန်မာတွေ ခုန်ချသည့် နေရာ။ “ကျနော်တို့ ၀င်လာတော့ လေယာဉ်လက်မှတ်ကို အာဖရိက နိုင်ငံတနိုင်ငံအထိ ၀ယ်ထားတယ်။ ဒါပေမယ့် ဒီလေဆိပ်ကို transit နဲ့ ရောက်လာတဲ့အခါ ခရီးဆုံးကို ဆက်မသွားပဲ ဒီမှာ ဆင်းနေလိုက်တယ်။ အဓိကတော့ ဘန်ကောက်လေဆိပ် check in ၀င်တဲ့ နေရာက ကိုယ့်ကို လေယာဉ်ပေါ်တက်ခွင့်ပြုဖို့ပဲ” ဟု ဖရန်ဖတ် ရောက်တာ ၂ နှစ်ကျော်ပဲ ရှိပါသေးသည်ဟု ဆိုသူ ဂျိုး (ခေါ်) ကိုအောင်သူထက် (မော်လမြိုင်) က ရှင်းပြနေ သည်။ သူက ဆက်၍ “အဲဒီလို ခရီးသည်တွေ ခုန်ချရင် လေကြောင်းလိုင်းက ပြဿနာ တက်တယ်လေ၊ အဲဒါ အခုနောက်ပိုင်း transit တောင် ဂျာမနီဗီဇာပါမှ check in က လက်ခံတယ်ဆိုတော့ မြန်မာတွေ ၀င်ဖို့ ခက်သွားတယ်” ဟု ပြောသည်။ “ဒါဆို ဒီကို လာချင်တဲ့ မြန်မာတွေ အတွက် အကြံပေးပါအုံး” ဟု ကျနော်က သူ့ကို မေးတော့ “အဲဒီ လေကြောင်းလိုင်းတွေက လက်မခံရင်လည်းဗျာ၊ ကိုယ့် MAI လေကြောင်းကိုပဲ စင်းလုံးငှားပြီး ၀င်လာခိုင်းရင် ကောင်းမလား ကျနော်စဉ်းစားနေမိတယ်” ဟု ဆို၏။
ဂျာမနီရောက်လာပြီး ဆက်လက်နေထိုင်ခွင့်ရဖို့ ကြိုးပမ်းကြရာမှာတော့ “ ဒီမှာနေဖို့အတွက် လုပ်စရာ ၂ ခုပဲ ရှိတယ်လေ။ တခုက ဒီနိုင်ငံသားကို လက်ထပ်ရမယ်၊ နောက်တခုကတော့ မြန်မာပြည်ပြန်လို့မရတာ အကြောင်းပြပြီး ခိုလှုံခွင့်တောင်းရမယ်၊ ဒီ ၂ ခုပဲ ရှိပါတယ်” ဟု ကိုလုံးမြို့က ကိုအောင်သူ့ ဇနီး မခင်မာဝင်းက ဆိုပါသည်။ ခိုလှုံခွင့်လျှောက်ထားပြီး စောင့်ဆိုင်းနေဆဲကာလမှာ အလုပ်လုပ်ခွင့်မရှိကြပါ။ ဂျာမနီ အစိုးရ စီစဉ်ပေးသော နေရာတခု (camp ဟုလည်း ခေါ်ကြသည်) တွင် သွားရောက်နေထိုင် စောင့်ဆိုင်းရပါသည်။ စောင့်ဆိုင်းရသည့် ကာလကတော့ တယောက်နှင့် တယောက်မတူကြပါ။ ၆ လ တနှစ် ကြာနိုင်ပါသည်။
တရားဝင် စာရွက်စာတမ်းရပြီးရင်တော့ အလုပ်တွေက ပေါပါသည်ဟု ဆိုကြသည်။
(ကျနော် ဂျာမနီတွင် စုံစမ်းမေးမြန်းသည်များကို ပြန်ရေးလျှင် အတန်ငယ်ရှည်လျားမည်ဖြစ်သောကြောင့် အပိုင်းခွဲ၍ ရေးသားပါမည်ဖြစ်ပါကြောင်း)

![]() |
| Buddha Sasana Ramsi, Frankfurt |
Sunday, August 24, 2008
(၉) ဒီမိုကရေစီအစိုးရနှင့် ရင်ဆိုင်ကြခြင်း (ကြေးမုံဦးသောင်း)
အင်္ဂလိပ်နယ်ချဲ့ကို တိုက်ခဲ့ကြစဉ်က ခေါင်းဆောင်ခဲ့ကြသော သတင်းစာများသည် မြန်မာနိုင်ငံလွတ်လပ်ချိန် တွင်မူ သူတို့၏ ရပ်တည်ချက်နှင့် ရှုထောင့် ပြောင်းကြရလေသည်။ တိုက်ပွဲကာလ နိုင်ငံရေးအင်အားစုနှင့် သတင်းစာများအဖို့ မဟာမိတ်အဖြစ် ညီညွတ်ခဲ့ကြသော်လည်း ကို်ယ့်မင်းကိုယ့်ချင်း ဖြစ်လာသောအခါ၌ မင်းနှင့် ဆရာအဖြစ် လိုက်လျောညီထွေ ဖြစ်မလာကြတော့ချေ။ အာဏာရ နိုင်ငံရေးသမားများအဖို့ မင်းတို့၏ မာနတက် လာကြတော့သည်။ သတင်းစာများကလည်း ရဲဘော်ရဲဘက်များ ဖြစ်ခဲ့သောကြောင့် သင့်တင့်သရွေ့ မရိုသေနိုင် ဘဲ မင်းတို့၏ ခေါင်းကို ခေါက်သော အပြုအမူများ ပြုမိတတ်သည်။ ပွင့်လင်းစွာ ဝေဖန်ရေးသားမိကြသည်။
ပြည်တွင်းစစ်အခြေအနေအရ ပါလီမန်တွင် အတိုက်အခံအင်အားစု ခိုင်ခိုင်မာမာ မရှိလေသောကြောင့် အစိုးရ၏ မူဝါဒနှင့် လုပ်ဆောင်ချက်များကို ဝေဖန်စိစစ်မှု အားပျော့နေခဲ့သည်။ ယင်းတာဝန်ကို သတင်းစာဆရာများက မဟာမိတ်အတိုက်အခံများအဖြစ် ရပ်တည်လုပ်ဆောင်ကြသောအခါတွင် အာဏာရနိုင်ငံရေးသမား အချို့နှင့် ထိပ်တိုက်ရင်ဆိုင်ကြရသည်။ ပဋိပက္ခများ ပေါ်ပေါက်လာလေ့ရှိ၏။ စာရေးဆရာ ၀န်ကြီးချုပ် ဦးနုသည် သတင်းစာတို့ လွတ်လပ်ခွင့်ကို တင်းပြည့်ကျပ်ပြည့်ယုံကြည်သူ ဖြစ်သည်။ သို့သော် သူသည် ပြည်တွင်းစစ်ကြီး ကို တိုက်နေရသူလည်း ဖြစ်သည်။ ထို့ပြင် ဖဆပလအဖွဲ့ကြီးသည် ပါတီအများစု၏ တပ်ပေါင်းစုကြီး ဖြစ်လေ သောကြောင့် သတင်းစာများနှင့် ကတောက်ကဆ မကြာခဏ ဖြစ်လေ့ရှိသည်။ တခုကောင်းသည်မှာ ဖြစ်လေသမျှ အရေးကိစ္စများကို သက်သက်ညှာညှာ ဖြေရှင်းပေးလေ့ရှိသည်။
သို့စေကာမူ ဖဆပလ တပ်ပေါင်းစု၏ အဖွဲ့တဖွဲ့ဖြစ်သော ဆိုရှယ်လစ်ခေါင်းဆောင်များက ခက်ထန်တင်းမာ သည်။ ကာကွယ်ရေးဝန်ကြီးက ဦးဗဆွေဖြစ်ပြီး ဆိုရှယ်လစ်ခေါင်းဆောင်များက စစ်ဗိုလ်ကြီးများနှင့် နီးစပ်ပြီး စစ်တပ်က နောက်ခံရှိသောကြောင့် ပိုမိုဗိုလ်ကျသည်ဟု ယူဆသော သတင်းစာများက ကြည့်မရဖြစ်ခဲ့သည်။
တခါတွင် ဆိုရှယ်လစ်တို့က လူထုသတင်းစာအယ်ဒီတာ ဦးလှကို အပြစ်ရှာပြီး ဖမ်းဆီးသည်။ ထောင်ထဲ၌ ကြာမြင့်စွာ ချုပ်နှောင်ကာ ညှဉ်းသည်။ ဦးလှက တရားလွှတ်တော်ချုပ်မှာ အယူခံဝင်ခဲ့သည်။ လွတ်လပ်သော တရားရုံးတော်က မုချပင် လွှတ်စေအမိန့် အမိန့်ချမည်ကို သိရသဖြင့် သတင်းစာဆရာအသင်း၏ အတွင်းရေးမှူး အဖြစ် တင်မောင်က အမှုရှင်ဖြစ်သူ ၀န်ကြီး ဗိုလ်ခင်မောင်ကလေးနှင့် တွေ့ဆုံကာ ကြိုတင်လွှတ်ပေးပါဟု အရေးဆိုညှိနှိုင်းသည်။ “ဟေ့ .. ဟေ့.. တရားလွှတ်တော်ချုပ်က လွှတ်စေလို့ဆိုလျှင် ငါကိုယ်တိုင်ထောင်ဗူးဝ သွားပြီး လက်ထိပ်နှင့် စောင့်ပြီး ဖမ်းမယ်ကွ” ဟု လက်သီးလက်မောင်းတန်းကာ ကြိမ်းမောင်းတော့သည်။ ထိုစဉ်က သွားရောက်တွေ့ကြသော အဖွဲ့တွင် တင်မောင်နှင့်အတူ ဦးလှဇနီး ဒေါ်အမာလည်း ပါလေရာ ပြောရက်၊ ကြိမ်းမောင်းရက်သော ၀န်ကြီးကို စိတ်မချမ်းမသာနှင့် ကြည့်မိသည်။
ယင်းဆိုရှယ်လစ်ခေါင်းဆောင်ကြီးသည် သူ၏ အလှည့်သို့ရောက်သောအခါ စစ်အစိုးရက ဖမ်းဆီးသည်ကို ခံရသည့်အခါတွင်မူ သက်လုံမကောင်းရှာဘဲ ငိုချင်းချသည်ဟု ကြားရလေသည်။
ထိုကဲ့သို့ သဘောသေးသိမ်သူ ဆိုရှယ်လစ်များကို သတင်းစာတို့က ပိုမိုပြစ်တင်ဝေဖန်ကြတော့သည်။ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းကလည်း ဗမာ့ခေတ်သတင်းစာအများကို ချေမှုန်းရန် အားထုတ်လေတော့ သည်။ ၀န်ကြီးချုပ်ကိုယ်တိုင်က တရားဥပဒေအပြင်ဘက်မှ နှိပ်စက်သည့်မူကို လက်မခံတာကြောင့် တရားဥပဒေ အရ ဗမာ့ခေတ်နှင့် သတင်းစာအများတို့ကို နှုတ်ပိတ်ရန် အမျိုးမျိုး ကြံစည်၏။
ဒီမိုကရေစီဥပဒေအရ သတင်းစာရေးချက်များကို အရေးမယူနိုင်သဖြင့် ဦးကျော်ငြိမ်းက အနိုင်ရနိုင်သည့်နည်း နှင့် အခွင့်အလမ်းကို ရှာပြီး ဗမာ့ခေတ်ကို အလဲထိုးတော့သည်။
အစိုးရပုံနှိပ်တိုက်က သုံးစွဲပိုလျှံသော ပစ္စည်းများကို အခါအားလျှော်စွာ လေလံစနစ်နှင့် အရပ်သားများသို့ ရောင်းချလေ့ရှိသည်။ လွန်ခဲ့သော (၂) နှစ်ခန့်က ပုံနှိပ်စက်ကြီးတလုံးကို ဗမာ့ခေတ်က လေလံဆွဲပြီး ၀ယ်ယူ သုံးစွဲနေသည်။ အစိုးရပုံနှိပ်တိုက်က အရာရှိတဦးကို အမှုတခုနှင့် အရေးယူသောအခါတွင် စောစောက လေလံပစ်ခဲ့သည့် စက်ကြီးက သက်သေခံပစ္စည်း ဖြစ်နေသည်ကို ဦးကျော်ငြိမ်းက တွေ့ရှိလေသည်။ အိန္ဒိယ ရာဇသတ်ကြီးတွင် သက်သေခံပစ္စည်းများကို အမှုစစ်ဆေးသူ တရားသူကြီး၏ ရှေ့မှောက်တွင် တင်ပြရမည်ဟု ပါရှိသောကြောင့် ဗမာ့ခေတ်တွင် အသုံးပြုနေသော ပုံနှိပ်စက်ကြီးကို တရားရုံးတော်သို့ တင်ပြစေဟု အမိန့်ပေး တော့သည်။
အလေးချိန်တတန်ခွဲခန့်ရှိသော စက်ကြီးကို တစစီဖြုတ်ပြီး ယူကြကာ ရုံးတော်ရင်ပြင်တွင် တင်ထားလေသည်။ ဗမာ့ခေတ်အဖို့ စာမျက်နှာလျှော့လိုက်ရတော့သည်။ အမှုမှာ လများစွာကြာသဖြင့် စက်အခက်အခဲကြောင့် များစွာ ကသီလင်တ ဖြစ်ရလေတော့သည်။
တရားဥပဒေနှင့်အညီ ဆောင်ရွက်သည်ဖြစ်သဖြင့် ဗမာ့ခေတ်က အံကိုခဲပြီး ခံရသည်။ “ရယ်တာပေါ့” ဟုပင် ရေးလိုက်သေး၏။ အခွင့်အရေးရှာနေသူ ဦးကျော်ငြိမ်းအဖို့ ထိုထက်ကောင်းသော နည်းကို တွေ့ပြန်လေသည်။ ဤအချီတွင်မူ သတင်းစာများအဖို့ မရယ်နိုင်ကြတော့ပဲ ငိုကြရရှာတော့သည်။
ဦးကျော်ငြိမ်းက သက်သေခံဥပဒေကိုပင် အသေးစိတ်ဖတ်ရှုသည်။ ရာဇ၀တ်မှု တစုံတခု ဖြစ်ပွားလျှင် သက်သေ ခံပစ္စည်းများကို အထူးရှာဖေခွင့် ဥပဒေအရ ရဲတို့က ရှာဖွေသိမ်းဆည်းနိုင်သည့် အခွင့်အရေးကို ၀န်ကြီးက တွေ့သွားပြန်သည်။ ဦးကျော်ငြိမ်းက ယင်းဥပဒေ၏ အခွင့်အရေးကို ဖောဖောသီသီ သုံးစွဲပါတော့သည်။
ရဲတို့အဖို့ အမှုတခုခု ရှာရန်သာ လိုအပ်သည်။ မည်သို့သောအမှုပင်ဖြစ်စေ၊ အမှုတခု တွေ့လျှင် သတင်းစာတိုက် ဥပစာနှင့် အဆောက်အအုံပစ္စည်းအားလုံးကို မွှေနှောက်ရှာဖွေလေတော့သည်။ အထူးသဖြင့် စာစီသော ခဲစာလုံး ကို အကွက်ငယ်လေးများခွဲကာ ထည့်ထားရသော စာခွက်ကြီးများကို ကြမ်းပြင်ပေါ်၊ မြေကြီးပေါ် သို့ မှောက်ချပြီး သေးငယ်သည့် စာလုံးကလေးများတွင် သက်သေခံတွေ့ရနိုး စစ်ဆေးကြည့်ရှုကြတော့သည်။
ခဲစာလုံးများထဲတွင် မည်သည့်အခြားပစ္စည်း မရှိနိုင်သည်ကို သတင်းစာတိုက်က ရှင်းပြရန် မလိုပါ။ ရဲတို့က သိပြီးဖြစ်ပေသည်။ အမှုအတွက် သက်သေခံပစ္စည်း မရနိုင်သည်ကို ရဲတို့ တင်ကြိုသိရှိထားပါလျက် အမှုတခုခုအတွက် သတင်းစာတိုက်တွင်းသို့ ၀င်မိသည်နှင့် ခဲစာလုံးခုံများကို သွန်မှောက်ပြီး ရှာဖွေကြလေ့ရှိ သည်။ ရည်ရွယ်ချက်မှာ သတင်းစာတိုက်ကို ဒုက္ခပေးရန်သာ ဖြစ်၏။ ခဲစာလုံးခွက်ကိုရော မွှေနှောက်လိုက်လျှင် ကကြီးစာလုံး၊ ခကွေးစာလုံး စသည်ဖြင့် ရွေးချယ်ကာ ပြန်လည်အသုံးပြုရန် မဖြစ်နိုင်တော့ပေ။ အသုံးမပြုနိုင် တော့သည့် ခဲစာလုံးများကို အရည်ကျိုရတော့သည်။ စာလုံးစက်မှ ခဲစာလုံးအသစ် ၀ယ်ရသောကြောင့် စာခွက်များ တခါမှောက်လေတိုင်း သတင်းစာကို တလခွဲခန့် ရပ်ကြရသည်။ ငွေကုန်သေးသည်။
ထိုခေတ်က မြန်မာပုံနှိပ်လောကအဖို့ ပုံနှိပ်ရမည့် စာသားများကို စာစီခွက်ထဲတွင် ထည့်ထားသည့် ခဲစာလုံးများ နှင့် စီကြရသည်။ ခဲစာလုံးတစုံ အပြည့်အစုံဆိုလျှင် စာလုံးအမျိုးမျိုး (၂၁၄၀) ရှိသည်။ အနည်းဆုံး ခဲစာလုံး (၂၂၉) လုံးရှိမှသာ သတင်းစာနှင့် ခေတ်ပေါ်စာအုပ်များကို ပုံနှိပ်နိုင်သောကြောင့် ခဲစာလုံးခုံတခုတွင် စာလုံး (၂၂၉) မျိုးအတွက် စာလုံးခွက် (၂၂၉) ခွက်ရှိသည်။ ပါဠိပါဌ်သားပါစီရန် အပိုစာလုံး (၁၉၅) လုံးအတွက် သီးခြားခွက်များ ရှိရသေးသည်။ ထိုအချိန်က ရန်ကုန်မှာ ခဲစာလုံးသွင်းသော စက်ရုံ (၂) ခုသာ ရှိလေသဖြင့် စာခွက်မှောက်ခံရလျှင် သတင်းစာတိုက်များအဖို့ ကျောကော့ကာ ခံကြရရှာ၏။
မည်သို့ပင် ခက်ခဲစေကာမူ စာခွက်မှောက်လေလေ သူတို့ကို ပြစ်တင်ဝေဖန်သူ ပေါလေလေ ဖြစ်လာတော့ သည်။ တဘက်ကလည်း ခေတ်မီစာလုံးစက်များကို သတင်းစာတိုက်များက တည်ထောင်လာကြသဖြင့် လှပပြီး အရွယ်အစားစား စာလုံးသစ်များ ပေါ်လာသည်။ မြန်မာစာလုံးပုံစံများ တိုးတက်များပြားလာသည်မှာ ဦးကျော်ငြိမ်း၏ ကျေးဇူးပါပေ။
တခါတွင် ဆိုရှယ်လစ်ဝန်ကြီးတဦး၏ ဖောက်ပြန်မှု၊ အညှီအဟောက်သတင်းတပုဒ်ကို သတင်းစာသုံးစောင်က ဖော်ပြခဲ့ကြသည်။ ထိုသတင်း မဟုတ်မှန်ဟု ဆိုရှယ်လစ်ခေါင်းဆောင်များက ငြင်းဆိုပြီး လယ်သမားထု အစည်းအဝေးကို ရန်ကုန်၊ ဗန္ဓုလပန်းခြံတွင် ကျင်းပကာ ကန့်ကွက်ဆန္ဒပြကြသည်။ လယ်မြေ ပြည်သူပိုင် စီမံကိန်း လုပ်ဆောင်နေသူ ခေါင်းဆောင်ကြီးကို မြေရှင်ကိုယ်စားလှယ် သတင်းစာများက သိက္ခာချသည်ဟု ဟောပြောကြသည်။ အရက်မူးနေကြပြီး ပေါက်တူးပေါက်ပြားများကို ထမ်းလာကာ အစည်းအဝေးတက်ကြသူ လယ်သမားကြီးများတို့က ဒေါသကို မထိန်းနိုင်ကြပြီဟု အော်ဟစ်၍ ပြည်သူ့ဟစ်တိုင်နှင့် အိုးဝေသတင်းစာတိုက် များမှ ပုံနှိပ်စက်များ၊ စာစီခုံများကို ဖျက်ကြတော့သည်။ ရဲတို့ကို ခေါ်သော်လည်း ရဲတို့က မလာဘဲ ရှောင်နေကြ သည်။
ဆိုရှယ်လစ် ဆန္ဒပြသူများသည် ထိုသတင်းကို ဖော်ပြသော ကွန်မြူနစ်နေ့စဉ် သတင်းစာတိုက်ကိုမူ မသွားဝံ့ကြ ပေ။ ၁၉၄၈ ခု၊ မတ်လ (၂) ရက်နေ့က အခင်းဖြစ်ပွားသည်။ (၁၅) ရက်အကြာတွင် ပြည်တွင်းစစ်ကြီး ကြေညာ ရန်အတွက် ကွန်မြူနစ်တို့တွင် လက်နက်များရှိနေကြသည်ကို ဆိုရှယ်လစ်တို့က သိနေကြသည်။ တင်မောင် တို့ သတင်းထောက်များလည်း သိကြသည်။ တင်မောင်တို့အဖို့ ပွဲကြီးပွဲကောင်း ဓာတ်ပုံကောင်း ရရှိနိုင်ရန်အတွက် သတင်းစာတိုက်ရှေ့ရှိ သစ်ပင်ကြီးပေါ်တက်ကာ ကင်မရာကိုယ်စီနှင့် စောင့်ကြသည်။ ဘေးကင်းမည့် အကာ အကွယ်ကိုလည်း ကြည့်ထားရသေးသည်။
ဆိုရှယ်လစ်တို့သည် လက်နက်များ စုပြီး၊ ဆောင်းပြီးဖြစ်သည့် ကွန်မြူနစ်ပါတီ ဌာနချုပ်ရှိ သတင်းစာတိုက်သို့ မလာဝံ့ကြပေ။ လာခဲ့လျှင် ပြည်တွင်းစစ်သည် (၁၅) ရက်စောကာ ဖြစ်ပွားပေလေမည်။
ဤတချီတွင် ၀န်ကြီးချုပ်ဦးနုက ဆိုရှယ်လစ်တို့ဘက်မှ ရပ်တည်၏။ မဟုတ်မမှန် သတင်းရေးနေသော သတင်း စာတွေကို မဖတ်တော့ပြီဟုပင် ကြေညာသည်။ ပြန်ကြားရေးဌာနရုံးတွင် ဖွင့်ထားသည့် သတင်းစာဆရာများ အသင်းနှင့် သတင်းထောက်များ အသင်းကို နှင်ချသည်။
ဒီမိုကရေစီခေတ် ဖြစ်လေသောကြောင့် သတင်းစာများက ပြင်းထန်စွာ တုံ့ပြန်ရေးသားကြသည်။ ရေးသားသည် သာမက သတင်းစာဆရာအသင်းက ဟောပြောပွဲများ ကျင်းပပြီး ပုဆိန်ဆရာများကို တိုက်ကြလေသည်။
“သတင်းစာတွေမပြောနဲ့ သတင်းစာတွေရဲ့ အဖေတောင် မကြောက်ဘူး” ဟု ကြိမ်းသေးသည်။ ထိုအခါ သတင်းစာဆရာအသင်းက စာပေလောက၊ နိုင်ငံရေးလောကမှ အနားယူနေသူ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကို ပင့်ခေါ်ကာ “သတင်းစာတို့ ဘိုးအေကြီး လာပါပြီ” ဟု ကြေညာပြီး တရားဟောစေသည်။
ဆရာကြီး (၂) ကြိမ်သာ တရားဟောရသည်။ “ခင်ဗျားတို့ အတော်ဆိုးတဲ့ သူတွေပဲဗျာ” ဟု ဦးနုက ဦးအုန်းခင်ထံ ဖုန်းဆက်ပြီး အရှုံးပေးရရှာသည်။ အဖျက်ခံရသည့် သတင်းစာများကို လျော်ကြေးပေးသည်။ သတင်းစာဆရာ အသင်း ရုံးနေရာနှင့်တကွ မူလအခွင့်အရေးတွေ ပြန်ပေးသည်။ နှစ်စဉ် သတင်းစာအသင်း ရုံးနေရာနှင့် တကွ မူလ အခွင့်အရေးတွေ ပြန်ပေးသည်။ နှစ်စဉ် သတင်းစာအသင်း ညီလာခံသို့ ဦးနုက တက်ရောက်ကာ သတင်း စာနှင့် ၀န်ကြီးချုပ်တို့ ချစ်ကြည်ရေး ပြန်ပေါင်းထုတ်ကြသည်။
ဆွတ်ပျံ့ ကြည်နူးဖွယ်ကောင်းသော ဤကဲ့သို့သော နိုင်ငံရေးတိုက်ပွဲ၏ အရသာကို ဒီမိုကရေစီခေတ်၌တွင်သာ ခံစားနိုင်ပါသည်။ သူမတူ တရားဟောကောင်းလှသော ဆရာမှိုင်း၏ ဟောသံကလေးတခု ယခုထက်တိုင် ကြားယောင်မိနေတော့သည်။ ဆရာကြီးက “ငါ့အမြင်ကို ပြောရရင်တော့ ခွေးမသား၊ မင်းတို့ သတင်းစာဆရာ တွေ မှားတယ်ကွ၊ မင်းတို့တတွေ တယ်ပြီး မိုက်ကြပါကလားကွာ။ တို့မောင်နုဆိုတာက ၀န်ကြီးချုပ်ကြီးကွ။ ဧရာမ၀န်ကြီးချုပ်ကြီးတပါးကို မင်းတို့ သတင်းစာဆရာတွေက ခွေးပိန်မကလေးကို ကြိုးနှင့် တိုင်မှာချည်ပြီး ရိုက်ချင်သလို ရိုက်ကြလေတော့ သူက ပြန်ကိုက်မှာပေါ့ကွ” ဟု ဟော၏။

Subscribe to:
Posts (Atom)