Saturday, February 23, 2008

ဒိန်းမတ် နိုင်ငံ နှင့် မိုဟာမက် ကာတွန်းပြဿနာ

၂၀၀၅ ခုနှစ်က ဒိန်းမတ်မှာ တမန်တော်မိုဟာမက် ရုပ်ပြောင်ကာတွန်းတွေ သတင်းစာတစောင်မှာဖော်ပြလိုက် လို့ ပြဿနာတွေ ဖြစ်တော့ ကျနော်တို့က ဒိန်းမတ်ရောက်တာ ဘာမှမကြာသေး။ အဲဒီသတင်းစာကို ကြည့်ချင်လို့ ကျနော် အက်စ်ဘီးယားမြို့က စာကြည့်တိုက်မှာ သွားတောင်းကြည့်ဘူးသည်။
ဖြစ်ပုံက သတင်းစာအယ်ဒီတာနဲ့ ကျောင်းသုံးစာအုပ်ထုတ်ဝေရေးဌာနက ပုဂ္ဂိုလ်တို့စကားစပ်မိရာက စတင်ခဲ့တယ်လို့ သိရပါတယ်။ စာသင်ကျောင်းတွေမှာ ခလေးတွေကို ကမ္ဘာပေါ်က ကိုးကွယ်ရာဘာသာ အသီးသီး နဲ့ မိတ်ဆက်ဖို့ ကျောင်းသုံးစာအုပ်စီစဉ်ရာမှာ တမန်တော်မိုဟာမက်ပုံ ဆွဲထားတာကို ရှာလို့မတွေ့တဲ့ အကြောင်း သတင်းစာအယ်ဒီတာက သိသွားပြီး ကာတွန်းဆရာတွေကို တမန်တော်မိုဟာမက်ပုံ ကယ်ရီကေးချား ဆွဲခိုင်းပြီးတော့ သတင်းစာမှာ ဖော်ပြလိုက်တာပါပဲ။
သတင်းစာမှာ ကာတွန်းပုံတွေပါလာတော့ ဒိန်းမတ်နိုင်ငံမှာရှိတဲ့ မွတ်ဆလင်နိုင်ငံက သံအမတ်တွေက အဲဒီကိစ္စ ကို တားမြစ်အရေးယူပေးဖို့ ၀န်ကြီးချုပ်နဲ့ တွေ့ခွင့်တောင်းပါတယ်။ ၀န်ကြီးချုပ်က သူ့အနေနဲ့ သတင်းစာ အယ်ဒီတာကို တားမြစ်လို့ မရတာရယ်၊ တရားဥပဒေအရ အရေးယူမယ်ဆိုရင် သူနဲ့ မဆိုင်တာကြောင့် သံအမတ်တွေရဲ့ တွေ့ခွင့်တောင်းတဲ့ကိစ္စကို ငြင်းပယ်လိုက်ပါတယ်။
ဝန်ကြီးချုပ်က သူနဲ့မဆိုင်သလိုနေလိုက်တာကို မကျေနပ်တဲ့ အစ္စလာမ်ဘာသာရေးဆရာတွေက ကာတွန်းတွေကို ယူပြီး အရှေ့အလယ်ပိုင်းက နိုင်ငံတွေမှာလှည့်လည်ပြီးတော့ ဒိန်းမတ်ကို ဘယ်လို တုန့်ပြန် မလဲဆိုတာ ဆွေးနွေးပါတယ်။ (ဒီနေရာမှာ အငြင်းပွားဖွယ်ရာတွေ့ရှိရတာက သတင်းစာမှာပါတဲ့ ကာတွန်း (၁၂) ပုံအပြင် တခြားဆိုးဆိုးဝါးဝါး ပုံတွေပါ ယူသွားတယ်ဆိုတာပါ။ ဇတ်ပိုနာအောင်များ လုပ်ခဲ့သလားဆိုတာတော့ ဗလီဆရာတွေပဲ သိပါလိမ့်မယ်။)
ပထမဆုံး အာရပ်နိုင်ငံတွေက ဒိန်းမတ်ရဲ့ သွင်းကုန်တွေကို သပိတ်မှောက် ကြတာက စပါတယ်။ ဒိန်းမတ်ကတင်သွင်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို အာရပ်နိုင်ငံတွေရဲ့ စူပါမားကပ်တွေက စတင် ဖယ်ရှားကြပါတော့တယ်။ အဲဒီကိစ္စဟာ တစတစပိုကျယ်ပြန့်သွားပြီးတော့ ကမ္ဘာပေါ်က မူဆလင်နိုင်ငံတွေ က ဒိန်းမတ်ကို ဆန္ဒပြတော့တာပဲ။ ဒိန်းမတ်အလံတွေ မီးရှို့ခံရတယ်၊ တချို့နိုင်ငံတွေမှာ ဒိန်းမတ်သံရုံးပါ ဖျက်ဆီးခံရပါတယ်။ ဒေါသထွက်နေတဲ့ မူဆလင်ဘာသာဝင်တွေကို ဒိန်းမတ်ဝန်ကြီးချုပ်နဲ့ ကာတွန်း တွေဖော်ပြခဲ့တဲ့သတင်းစာက တောင်းပန်ပါတယ်။
တမန်တော်မိုဟာမက်ကာတွန်းပြဿနာဟာ ဒိန်းမတ်နိုင်ငံအတွက်တော့ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အကြီးမားဆုံးနိုင်ငံရေး အကျပ်အတည်းဖြစ်သွားခဲ့ပါတယ်။
အခုတခါ သက္ကရာဇ် ၂၀၀၈ ကို ရောက်ပြန်တော့ ဒီလထဲမှာပဲ ကာတွန်းဆရာ (၁၂) ယောက်ထဲက တယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်တဲ့သူ သုံးယောက်ကို ဒိန်းမတ်ရဲစုံထောက်အဖွဲ့က ဖော်ထုတ်ဖမ်းဆီး လိုက်ပါတယ်။ ကြံစည်သူ သုံးယောက်မှာ တယောက်က ဒိန်းမတ်သူနဲ့လက်ထပ်ထားလို့ နိုင်ငံသားဖြစ်နေသူ၊ ကျန်တဲ့ ၂ ယောက်ကတော့ ဒိန်းမတ်မှာနေထိုင်ခွင့်ရထားတဲ့ တူနီးရှားနိုင်ငံသားတွေလို့ သိရတယ်။ ကာတွန်း ဆရာကို သတ်ဖို့ကြံစည်တဲ့အမှုကို ဝေဖန်ရေးသားကြရင်းနဲ့ သတင်းစာတွေက မိုဟာမက်ကာတွန်းတွေကို ထပ်မံဖော်ပြကြပါတယ်။ အဲဒီတော့ တခါ မူဆလင်ဘာသာဝင်တွေရဲ့ ဒေါသထွက်ဆန္ဒပြတာတွေ ထပ်ဖြစ်လာပြန် တာပေါ့။ ပြည်ပနိုင်ငံတွေမှာ ဆန္ဒပြနေသလို ပြည်တွင်းမှာလည်း မီးတွေ့လိုက်ရှို့နေကြပါတယ်။
အခုစာရေးနေစဉ်မှာပဲ အာရှ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံတွေမှာ ဆန္ဒတွေပြနေကြပါတယ်။
ဒိန်းမတ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ရှစ်ရက်လောက် ဆက်တိုက်နီးပါး ညဖက်တွေမှာ မီးတွေလောင်နေခဲ့ပါတယ်။ အမှိုက်ပုံးတွေ၊ ကားပါကင်မှာ ရပ်ထားတဲ့ကားတွေ၊ စာသင်ကျောင်းတွေ မီးရှို့ခံရပြီးတော့ မီးလိုက်ရှို့နေသူတွေက မူဆလင် ဘာသာဝင် ဆယ်ကျော်သက်တွေလို့သိရပါတယ်။ တချို့ကိုလည်း ရဲက ဖမ်းထားပါတယ်။ ပျက်ဆီးဆုံးရှုံးမှုတွေ က ကာလတန်ဘိုးငွေမနည်းသလို မကျေနပ်မှုတွေကလည်း မပြီးဆုံးသေးပါဘူး။
ဒိန်းမတ်လူမျိုးတွေနဲ့ပတ်သက်ပြီး ကျနော်သိရသလောက်တော့ သူတို့တွေဟာ ခရစ်ယာန်ဘာသာဝင်တွေ ဆိုပေမယ့် သူတို့ကိုးကွယ်တဲ့သာသာအပေါ်မှာလည်း သိပ်အလေးအနက်မရှိကြပါဘူး။ မင်္ဂလာဆောင်နဲ့ အသုဘ ရှိမှသာ ဘုရားကျောင်းကိုသွားကြပါတယ်။ ဒိန်းမတ်လူငယ်တယောက်နဲ့စကားပြောကြည့်တော့ `သမ္မာကျမ်းစာမှာ ပထမတရွက်ဖတ်ပြီးလို့ နောက်တရွက်လှန်တာနဲ့ အမှားတွေ့တော့တာပဲတဲ့´။ ကိုယ်ကိုးကွယ်တဲ့ ဘာသာတောင်မှ အလေးအနက်မရှိလေတော့ တခြားသူတွေရဲ့ ဘာသာရေးအယူအဆအစွဲ အလမ်းတွေကိုလည်း သူတို့ ခံစားနားလည်နိုင်မှုမရှိကြဘူးလို့ပဲ ဆိုရပါလိမ့်မယ်။
စစ်အေးတိုက်ပွဲပြီးလို့ ကမ္ဘာပေါ်မှာ ထပ်မံကြုံတွေ့ရမယ့် ပဋိပက္ခဟာ ယဉ်ကျေးမှုတို့ တိုက်မိခြင်းသာ ဖြစ်မယ် ဆိုရင် တဖက်နဲ့ တဖက် ဆင်ဆင်ခြင်ခြင် ရှိကြရလိမ့်လို့ ယူဆမိကြောင်းပါ.. ။ ။

Saturday, February 16, 2008

ကျနော်သိသော `ဗဒို´တဦး

မဲဆောက်မှာ လုပ်ကြံခံလိုက်ရတဲ့ ဗဒိုမန်းရှာကို လူချင်းမသိပါဘူး။ ဒါပေမယ့် သူပြောတာ ဆိုတာ နားထောင် ကြည့်တော့ အတွေ့အကြုံရှိတဲ့ တော်လှန်ရေး သမားတဦးဆိုတာရယ် ရပ်တည်ချက်မှန်ကန်တဲ့နိုင်ငံရေးသမား တဦးဆိုတာရယ် သိသာထင်ရှားစွာ တွေ့နေရပါတယ်။ အဲလိုလူမျိုး လုပ်ကြံခံလိုက်ရတယ်ဆိုတာ ကရင့်တော် လှန်ရေးအတွက်ရော မြန်မာ့ ဒီမိုကရေစီအရေးအတွက်ပါ ၀မ်းနည်းဖွယ်ရာ ဆုံးရှုံးမှုတခုပါပဲ။
ဗဒိုမန်းရှာကို မဆုံလိုက်ရပေမယ့် ကိုယ်တောခိုတုံးကတော့ ဗဒိုတဦးဖြစ်တဲ့ ဗဒိုသန်းအောင်ကို သိခဲ့ရပါတယ်။ ကိုယ်တို့ရောက်နေတဲ့ ကရင်တပ်မဟာ (၇) တပ်ရင်း (၂၁) ဖြစ်တဲ့ မဲတရေ စခန်းကို ကေအင်ယူ ဒု ဥက္ကဋ္ဌ အဖြစ် ဗဒိုသန်းအောင် ရောက်လာခဲ့တာပါ။ ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်က စပြီး နယ်စပ်ကို တဖွဲဖွဲ ထွက်လာခဲ့ကြတာဆိုတော့ ကိုယ်တို့ မဲတရေ ရောက်တဲ့ အောက်တိုဘာ (၁) ရက်နေ့ မဲတရေစခန်းမှာ ကျောင်းသား (၅၀၀) ကျော်လောက်ရောက်နေကြပါပြီ။ အများစုက ကရင်ပြည်နယ် ဖားအံ၊ လှိုင်းဘွဲ့၊ ရွှေဂွန်းစတဲ့ မြို့နယ်က တက်လာခဲ့တဲ့ ကျောင်းသားသပိတ်က အဖွဲ့တွေ များပါတယ်။ နောက်တခြား ရန်ကုန်နဲ့ ပဲခူးတိုင်းအတွင်းက ထွက်လာခဲ့တဲ့သူတွေ ရှိကြပါတယ်။ လက်နက်နဲ့ စစ်ပညာ ရရင် ပြည်တွင်း ပြန်ဝင်ဖို့ ရည်ရွယ်ချက်နဲ့ ထွက်လာခဲ့ကြပေမယ့် ကေအင်ယူစခန်းမှာ ပိတ်မိသလို ဖြစ်နေပြီး ရှေ့ကို ဘာဆက် လုပ်ရမှန်းမသိ ဖြစ်နေတဲ့ အချိန်ပါ။ တချို့က ထိုင်းကို ကူးမယ်၊ တခြားစခန်းတွေကို ရောက်သွားတဲ့ အသိတွေ နဲ့ အဆက်အသွယ်ရှာမယ်။ နိုင်ငံတကာကို အကူအညီတောင်းမယ် စသဖြင့် စိတ်ကူးကြသူတွေလည်း ရှိကြတယ်။ နယ်စပ်စခန်းတွေကို ပြည်တွင်းက ကျောင်းသားတွေ အလုံးအရင်းနဲ့ ရောက်နေတာကို ကမ္ဘာ့သတင်း ဌာနတွေကလည်း စိတ်ဝင်စားတယ်လေ။ တနေ့ တနေ့ ရောက်လာတဲ့ သတင်းထောက်တွေက လည်း မနဲဘူး။ သတင်းထောက်တွေက မြင်သမျှကို တီဗီရိုက်၊ တွေ့သမျှလူကို အင်တာဗျူးတာ ဆိုတော့ ကိုယ်တောင် သြစတေးလျက သတင်းဌာန တခုဖြစ်တဲ့ အေဘီစီ နဲ့ အမေးအဖြေလုပ်လိုက်သေးတယ်။ ကိုယ်ပြောတဲ့ အင်္ဂလိပ်စကားက တောင်တလုံးမြောက်တလုံးပါ။ အဲဒီမှာ တချို့ အင်္ဂလိပ်လို အတော်လေး ပြောနိုင်သူတွေပါတယ်။ အဲဒီထဲက တယောက်က သတင်းထောက်တယောက်ကို ဘာပြောလိုက်သလဲ ဆိုတော့ ကေအင်ယူက ပိတ်ပင်ထားလို့ သွားချင်တဲ့နေရာ သွားလို့မရဘူးဖြစ်နေတဲ့အကြောင်း ပြောလိုက်တာပါပဲ။
နောက်နေ့ကျတော့ အဲဒီသတင်းက ဘန်ကောက်ပို့စ် မှာပါလာတယ်ဆိုတော့ ကေအင်ယူရဲ့ ဒု ဥက္ကဋ္ဌ ဖြစ်တဲ့ ဗဒိုသန်းအောင် ကိုယ်တိုင် စခန်းကိုရောက်လာပြီး အဲဒီကိစ္စကို ဖြေရှင်းပါတော့တယ်။ မဲတရေစခန်းမှာ ကိုယ်တို့အဖွဲ့တွေ ယာယီစခန်းချနေတာက အလယ်တန်းကျောင်းတခုမှာ၊ အဲဒီကျောင်းရဲ့ နှစ်ထပ်ဆောင် အောက်ထပ်ခန်းမ လူစုပြီးတော့ မြန်မာလိုကောင်းကောင်းမိန့်ခွန်းချွှေပါတော့တယ်။ သူက မြန်မာစကားပြော နိုင်ပေမယ့် တပ်ရင်းမှူးဗိုလ်မှူးလားမူက ကျနော်တို့ကို စကားပြောရင် ကရင်လိုပဲ ပြောပါတယ်။ သူက ကရင်လို ပြော.. တယောက်က မြန်မာလို ဘာသာပြန်တယ်ပေါ့။ အဲဒါကို ညဖက်အဆောင်မှာ အခုသြစီရောက်နေတယ် လို့သိရတဲ့ ကိုပေါ က ဗိုလ်မှူးလားမူ လုပ် နောက်တယောက်က စကားပြန်လုပ်ပြီဆိုရင် ပြဇတ်ထွက်သလို ဖြစ်နေတာမို့ တ၀ါးဝါးနဲ့ ရီနေရပါတယ်။ လူတွေကလည်း ဘာမှ အလုပ်ရှိတာ မဟုတ်၊ အားနေကြတယ် မို့လား။
ဗဒိုသန်းအောင်က ကေအင်ယူရဲ့ရပ်တည်ချက်၊ ဖြတ်သန်းမှုသမိုင်းကြောင်း၊ လမ်းစဉ် နဲ့ လုပ်ငန်းစဉ်တွေကို အကျယ်တ၀င့်ရှင်းပြပါတယ်။ ပြီးတော့ ဘန်ကောက်ပို့စ် သတင်းစာမှာ ပါလာတဲ့ ကိစ္စ အစာမကြေတဲ့အကြောင်း၊ ကျောင်းသားတွေကို ထိုင်းဖက်ကမ်းကူးခွင့်မပြုတာက တဖက်နိုင်ငံရဲ့ လူဝင်မှု ဥပဒေနဲ့ ငြိစွန်းမှာမို့ တားမြစ်ရတာ ဖြစ်ကြောင်း ပြောပါတယ်။ ကျောင်းသားကိုယ်စားလှယ်ကလည်း ကျောင်းသားတွေရဲ့ ဆန္ဒကို ရိုးသားစွာ တင်ပြတော့မှ အားလုံးကိုတော့ သွားခွင့်မပြုနိုင်၊ အားလုံးကိုယ်စား ကျောင်းသား (၇)ယောက်ကို အဆက်အသွယ်ရှာဖို့ မဲဆောက်သွားခွင့်ပြုမယ်လို့ ပြောပြီး ဗဒိုသန်းအောင် ပြန်သွားပြီးနောက်ပိုင်း ကျနော်လည်း တော်လှန်ရေး နယ်မြေမှာ မရှိတော့တာမို့ နောက်ထပ် တွေ့ဆုံခြင်း မရှိတော့ပါ ခင်ဗျား... ။ ။


(ထိုင်းဖက်ကမ်းကူးရန်ပြင်နေသည့် ကျောင်းသားများ၏ နောက်တွင် သောင်ရင်းမြစ်၊ သောင်ရင်းမြစ်နောက်က မဲတရေ စခန်းဖြစ်သည်)

Saturday, February 9, 2008

မြန်မာတို့အကြိုက် ရမ်ဘို

`ရမ်ဘိုရုပ်ရှင်သည် မြန်မာစစ်အစိုးရအတွက် နိုင်ငံရေး ထိုးနှက်ချက်´ ခေါင်းစဉ်ဖြင့် စင်္ကာပူတွင် မြန်မာ ၆၀၀ ကျော် ရုပ်ရှင်တရုံလုံးအပြတ်ငှားကာ ရမ်ဘိုရုပ်ရှင်အား ကြည့်ရှုအားပေးကြသည့် အကြောင်း ဒိန်းမတ်နိုင်ငံမှ ဖေဖော်ဝါရီ ၅ ရက်နေ့ထုတ် Metro Xpress သတင်းစာတွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။
ရုပ်ရှင်ထဲက ရမ်ဘိုကဲ့သို့ မြန်မာနိုင်ငံကို ကယ်တင်ပေးမည့် သူရဲကောင်းကို မြန်မာတို့ အလိုရှိနေကြောင်း.. စက်တင်ဘာအရေးအခင်းအား ရက်စက်စွာ ဖြိုခွင်းခဲ့သည့် စစ်တပ်အား ပြန်လည် လက်စားချေသည့် ရမ်ဘို၏ ဆောင်ရွက်ချက်တို့ကြောင့် မြန်မာတို့ အားတက်ကြရကြောင်း.. ရုပ်ရှင်ပြသနေစဉ်အတွင်း မြန်မာစစ်သားများကို ရမ်ဘိုက ပြန်လည်သတ်ဖြတ်သည့် အခန်းတွင် တရုံလုံး အော်ဟစ်အားပေးကြကြောင်း စသည်ဖြင့် ရေးသား ထားပါသည်။

Saturday, February 2, 2008

၂၀၀၇ ဒိန်းမတ် သင်္ကြန်

မလေးရှားအိမ်မက်

မလေးရှားအိမ်မက်

မိုး … မိုး … ဒီမိုးက တော်တော်ပြင်းပြင်းထန်ထန် ရွာနေတာပါလား။ လျှပ်စီးက တဖြတ်ဖြတ်၊ မိုးက တချုံးချုံးနဲ့ ကောင်းကင်ပဲ ပြိုကျတော့မလို လျှပ်စီးတချက် လျှက်လိုက်တိုင်း `ဟ… ငါတောင် မိုးကြိုးစက်ကွင်းက လွတ်ပါ့မ လား´။ ကောင်းကင်ကို မော့မကြည့်ရဲတဲ့အဖြစ်၊ ဒီလိုရွာပုံမျိုး ကျနော်တို့ နိုင်ငံတွင် မကြုံဘူးတာအမှန်၊ အေးလေ .. ကျနော်တို့ နိုင်ငံက ရာသီဥတုမျှတတာကိုး၊ ရာသီဥတုရယ်လို့ မရှိတဲ့ ဒီမလေးရှားနိုင်ငံကို ရောက် နေတော့လည်း ဒီမိုးမျိုးနဲ့ ကြုံရတာ မဆန်းလှပါ။
မိုးကောင်းကောင်းနဲ့ တွေးနေတုံး `ဘာဒေ့ … ဘာဒေ့´ ဆိုတဲ့ ငှက်ဆိုးထိုးသံတွေကြောင့် လူစစ်ဖို့ တန်းစီရမယ်လို့ ကျနော်သိလိုက်သည်။ ကျနော် အခုရောက်နေတဲ့နေရာက `ကမ့်´လို့ အများခေါ်နေကြတဲ့ တရားမ၀င် ၀င်ရောက်လာသူနဲ့ အိုဗာစတေးတွေကို ထိန်းသိမ်းထားတဲ့နေရာတခု ဖြစ်သည်။ အားလုံး သူ့နေရာနဲ့သူ နိုင်ငံအလိုက် တန်းစီအပြီးမှာတော့ ပြောက်ကျားဝတ်စုံနဲ့ တုတ်တချောင်းကိုင်ထားတဲ့ အရာရှိ ၀င်လာသည်။ သူနဲ့အတူ ကိုယ်ရံတော် လေးယောက်ခြံရံလာပြီး လူစစ်သည်။ ဒီအချိန်မျိုးမှာ တန်းမစီလို့ကတော့ တုတ်စာကောင်းကောင်းမိလိမ့်မည်။ အခုလို နှစ်ထပ်ဆောင် ဟောခန်းကြီးမှာ နိုင်ငံပေါင်းစုံက လူတွေ စုစုပေါင်း ခွန်နှစ်ရာ ရှစ်ရာလောက်ရှိတာဆိုတော့ တုတ်ကိုင်ပြီး ထိမ်းတာတောင် ညအိပ်ခါနီးရင် နေရာလုရင်း ရန်ဖြစ်ကြ၊ ဆူညံဆူညံနဲ့ စကားတွေများကြ၊ တယောက်နဲ့ တယောက် မတော်တဆ လူချင်းတိုက်မိရင်တောင် `မင်းဘာ ကောင်လဲ.. ငါဘာကောင်လဲ´ နဲ့ ရန်ထောင်ကြ ဆိုတော့ ပြဿနာပေါင်းစုံက အမြဲတမ်း ရှိနေတတ်သည်။ ဒဏ် ပေးခံထိ၊ တုတ်နဲ့ ရိုက်ခံထိတာတွေကလည်း နေ့တိုင်းနီးပါး တွေ့နေရသည်။
ယူနီဖောင်းနဲ့ ပုဂ္ဂိုလ်တွေ လူစစ်ပြီး ပြန်သွားတော့ အချိန်က ည ၁၂ နာရီခွဲပါပြီ။ လေးနာရီခြား တခါ လူစစ်တာဆိုတော့ မနက်လေးနာရီမှာ သူတို့ ပြန်လာကြအုံးမည်။ အပြင်မှာကလည်း မိုးကရွာတုန်းဆိုတော့ မိုးအေးအေးနဲ့ ကျနော့်အတွေးများက အတိတ်ကို ပြန်သွားနေသည်။
`သား … ကျန်းမာရေးကို ဂရုစိုက်နော်´ အမေက အထပ်ထပ်မှာနေသည်။ `မောင်လေး… ဟိုရောက် ရင် ရန်တွေဘာတွေ မဖြစ်နဲ့.. လိမ်လိမ်မာမာနေ´ မမက သတိပေးသည်။ `အေးပါဟာ.. ငါသိပါတယ်´ ကျနော် ပြန်ပြောသည်။ အဖေကတော့ ကြည့်ရုံသာကြည့်နေပြီး ဘာမှ မပြော။ လေယာဉ်ထွက်ဖို့က တနာရီလောက် လိုသေးသည်။ ကျနော့် စိတ်ထဲမှာတော့ `သားရဲ့ ရည်မှန်းချက်တွေပြည့်မှ ပြန်လာမယ်အဖေ´ ဟု အဖေကို အသံတိတ်စကားပြောနေမိသည်။
`မောင်လေး ဟိုရောက်ရင် အလုပ်ကိုကြိုးစား၊ အိမ်ကိုငွေမှန်မှန်ပြန်ပို့အုံး။ အရမ်းတွေ လျှောက်သုံးပစ် မနေနဲ့၊ နင့်ကို နိုင်ငံခြားပို့ဖို့ ဘယ်လိုလုပ်ထားရတယ်ဆိုတာ နင်သိတယ်နော်´ မမ က စိုးရိမ်စိတ်ဖြင့် တိုးတိုး တိုးတိုး မှာနေသည်။ မလေးရှားသွားဖို့ ကုန်ကျငွေအတွက် ကျနော်တို့အိမ်ကို အမျိုးတွေဆီမှာ ပေါင်ထားရတယ် ဆိုတာ ကျနော်သိတာပေါ့။
`သား … ဟိုမှာ သုံးနှစ်လောက် အလုပ်လုပ်ပြီးရင် သားတို့ အဆင်ပြေပါပြီ အမေ၊ သားလည်း ပြန်လာလို့ ရပြီပေါ့´ ငိုမဲ့မဲ့ ဖြစ်နေသည့် အမေ့ကို နှစ်သိမ့်စကားပြောပြီး ကျနော် လေယာဉ်ပျံပေါ် တက်ခဲ့၏။
နှစ်နာရီခွဲခန့် ပျံသန်းခဲ့သည့် လေယာဉ်ကြီး မလေးရှားမြေပေါ်ဆင်းလိုက်တော့ ခေတ်မီလှပတဲ့ လေယာဉ်ကွင်းကို မြင်ရသည်။ `ဒီလိုတိုးတက်နေတဲ့ နိုင်ငံမျိုးမှာ အလုပ်လုပ်လိုက်ရရင် ငါသူဌေးဖြစ်ဖို့ သိပ်မကြာတော့ပါဘူး´ ဟု တွေးရင်း အင်မီဂရေးရှင်းကို ရောက်လာသည်။ ပတ်စ်ပို့နှင့် စာရွက်စာတမ်းများကို စစ်နေသည်မှာ မပြီးနိုင်တော့။ နောက်ဆုံးတော့ လာကြိုမည့် သူဌေး ရောက်မလာ၍ လေယာဉ်ကွင်းမှာ ဖြစ်သလို တညအိပ်လိုက်ရပါသည်။
နောက်တနေ့မှာတော့ လာကြိုသည့် တရုတ်သူဌေးကားဖြင့် အလုပ်ဆင်းရမည့် စက်ရုံသို့ ဟိုင်းဝေး လမ်းမအတိုင်း ရောက်ရှိလာပါသည်။ စက်ရုံက မြို့တော်ဝန်းကျင်မှာ မဟုတ် တောပိုင်းကျသည့် Ipoh ဖက်မှာ ဖြစ်သည်။ စက်ရုံရှေ့ကားဆိုက်တော့ တကိုယ်လုံး ရွှံ့တွေပေနေသည့် မြန်မာအလုပ်သမားသုံးယောက် ထွက်ကြိုသည်။ သူတို့က လူဟောင်းတွေပေါ့။ စက်ရုံက အိုးလုပ်ငန်းလုပ်သည့်အတွက် သူတို့တကိုယ်လုံးမှာ ရွှံ့တွေ ပေနေသည်။ ကျနော်တို့မှာ ဘယ်ရှေးကံလဲမသိ၊ နိုင်ငံခြားမှာ အိုးလာဖုတ်နေရသည်။ ခက်တာက Basic pay မလေးရှားငွေ တနေ့ ၁၈ ကျပ်နှုန်း၊ အချိန်ပိုကလည်း မရှိဆိုတော့ တလလုံးအလုပ်ဆင်းပြီး လစာထုတ်တော့ ပွဲစားကြေး၊ ပါမစ်ကြေးတွေ ဖြတ်လိုက်ပြီး ကိုယ့်လက်ထဲ ၁၅၀ လောက်ပဲ ကျန်သည်။ အဲဒီငွေ နဲ့ တလစာ စားစားရိတ်ရှိသေးသည်။ သံရုံးကိုလည်း အခွန်ဆောင်ရအုံးမည် ဆိုတော့ အိမ်ကို ဘယ်လို ပို့မလဲ။
`တို့ ဘယ်လို လုပ်ကြမလဲ´ ကျနော့်ထက် ခြောက်လစောရောက်နေသော ဇော်မင်းကို မေးကြည့် သည်။ `တို့ ဒီစက်ရုံကနေ ထွက်ပြေးရမယ်၊ ဒီမှာဆိုရင် သုံးနှစ်လောက်လုပ်မှ အရင်းကြေလိမ့်မယ်၊ တခြားနေရာမှာ Basic pay နှစ်ဆယ် အစိတ် အနည်းဆုံးရနိုင်တယ်၊ အိုတီလည်း ရှိမယ်ဆို မဆိုးဘူး။ ကွာလာ လမ်ပူမှာ ငါ့သူငယ်ချင်းတွေ ရှိတယ်၊ အဲဒီကို သွားမယ်၊ ဒါပေမယ့် အဲလိုထွက်ပြေးရင် ပတ်စပို့က စက်ရုံမှာ ကျန်ခဲ့မှာ… ရဲ ပြဿနာ ရှိနိုင်တယ်။ ဒါပေမယ့် သူများတွေလည်း ဒီလိုပဲ ပြေးနေကြတယ်၊ မင်းစဉ်းစားပေါ့` ဟု ဇော်မင်းက အစီအစဉ်တွေ ပြောပြသည်။
နောက်ဆုံးတော့ အချိန်ကုန် လူပင်ပန်းပြီး ထမင်းစား ကျွန်ခံဘ၀ ဖြစ်နေသည်မို့ သီးမခံနိုင်တော့ပဲ ညဖက်မှာ အထုပ်ကိုယ်စီဆွဲ၍ စက်ရုံမှ ထွက်ပြေးလာခဲ့ကြတော့သည်။ ကွာလာလမ်ပူရောက်တော့ ဇော်မင်း သူငယ်ချင်းက ကျနော်တို့ကို ပွဲစားခ တယောက် သုံးရာယူကာ သူ့အလုပ်မှာပဲ ပြောပေးသဖြင့် ကျနော်တို့ အလုပ် ရသွားသည်။ စက်ရုံက စက်ဘီး စက်ရုံ၊ ဂဟေဆော်ထားသည့် စက်ဘီးဖရိမ်တွေကို ကျောက်စက်တိုက် ကော်ပတ်စားရသည်။ တခါတလေ အလုပ်နားချိန် ဂဟေဆော်တတ်အောင် ၀င်လေ့ကျင့်လို့ရသည်။ ဂဟေ ဆော်တတ်သွားလျှင် နောက်တရုံပြောင်းရင် ပိုက်ဆံပိုရနိုင်သည်။ ဒီစက်ရုံမှာလည်း Basic pay က တနေ့ အစိတ်နှင့် အိုတီလည်း ရှိသည်ဆိုတော့ ပွဲစားခသုံးရာ ပေးရတာ တန်ပါသည်။
ခက်တာက လကုန်လျှင် သူဌေးက လစာကို အကုန်မရှင်းပဲ borrow money ခေါ် ချေးငွေ တွေ သာ ထုတ်ပေးနေပါသည်။ စားဖို့သောက်ဖို့ မပူရပေမယ့် အိမ်ကို ငွေမပို့နိုင်သေးပါ။ အလုပ်သမားတွေကလည်း ကျနော်တို့လို တရားမ၀င်ဖြစ်သွားသော နိုင်ငံခြားသားအလုပ်သမားတွေက များတော့ သူဌေး လစာမပေးသည့် ကိစ္စ အစိုးရကို တိုင်ဖို့ဆိုတာကလည်း မဖြစ်နိုင်။ တနေ့ လစာပေးနိုးနိုးဖြင့် စောင့်နေရင်း သုံးလ ကြာသွားသည်။ သူဌေးကလည်း လစာရှင်းပေးမည့် အရိပ်အယောင်မရှိ၊ ကျနော်တို့ကလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ် တရက် စက်ရုံကို အော်ပရာစီ (အော်ပရေးရှင်း) ၀င်ပါတော့သည်။ ကျနော်တို့ အလုပ်သမားတွေရော သူဌေးပါ အဖမ်းခံရသည်။ သူဌေးက အာမခံနှင့် လွတ်သွားသော်လည်း ကျနော်တို့မှာ ရဲအချုပ်တွင် နှစ်ပတ်နေပြီးနောက် မလက္ကာကမ့်သို့ အပို့ခံရခြင်း ဖြစ်ပါသည်။
ရဲစခန်းအချုပ်တွင်နေစဉ်က နေ့ဖက်မှာအိုက်သောကြောင့် ဘောင်းဘီတိုနှင့် သမံတလင်းမှာ အိပ်ခဲ့သည် ဒဏ်၊ အခု ကမ့်ကိုရောက်တော့လည်း နေပူသည့်အခါ အရမ်းပူလိုက်၊ မိုးတွေရွာသည့်အခါ အေးသွားလိုက် ဖြစ်သည့် ဒဏ်နှင့် အိမ်က ကျနော်ပို့သည့်ငွေကို မျှော်နေတော့မှာပဲဟု တွေးကာ စိတ်မကောင်း ဖြစ်ရသည့် ဒဏ်တို့ဖြင့် ကျနော့် ကျန်းမာရေးများ ထိခိုက်လာပါသည်။
အပြင်မှာတော့ မိုးက စဲစပြုနေပြီ။ မနက်လေးနာရီမှာ သူတို့ လူလာစစ်ကြအုံးမည်။ ဒီကမ့်ကနေ ကျနော် ဘယ်တော့ အသွန်ခံရမလဲ၊ နယ်စပ်မှာ အသွန်ခံရပြီးရင် ဘာဆက်လုပ်ရမလဲ၊ သူဌေးဆီမှာ ကျန်ခဲ့တဲ့ လုပ်ခလစာလေးတွေ ဘယ်လို ပြန်တောင်းရမလဲ… မရေရာသော အတွေးများကြောင့် ကျနော့် ရင်မှာ လေးလာပါသည်။ မြန်မာပြည်မှာတုံးက မက်ခဲ့တဲ့ ကြည်နူးဖွယ် မလေးရှား အိမ်မက်လေးတောင် မမက်မိတာ အတော်ကြာသွားပြီကို ကျနော်သတိပြုမိသည်။ လောလောဆယ် ကျနော့် အိမ်မက်ဆိုးထဲမှာတော့ အ၀တ် တထည်ကိုယ်တခုနဲ့ မလက္ကာကမ့်ထဲမှာ ရင်တွေပူပြီး ခြေဖျားလက်ဖျားတွေအေးလို့ အဖျားတက်နေတဲ့ လူငယ်လေးတယောက်သာ ရှိပါတော့သည်။ ။

မလေးရှားရောက် လူငယ်တဦး

Saturday, January 26, 2008

စစ်တပ်နည်းဖြင့် သတင်းစာထုတ်ပုံ (ကြေးမုံဦးသောင်း)

ကြေးမုံဦးသောင်း၏ `ဘီလူးတို့ရွာ´ ဖြစ်ပါသည်။ ဇော်ဂျီဖြင့် ပြန်ရိုက်ထားတာကို အမြည်းသဘောမျိုး ဖတ်လို့ရအောင် တင်ပေးလိုက်ပါသည်။ ကလိုစေးထူး က ကိုဝင်းနိုင်ဦးစာအုပ် တအုပ်လုံး ပြန်ရိုက်တင်ပေးသွား တာမျိုး ကျနော်လည်း လုပ်ပေးချင်လို့ စမ်းကြည့်ထားတာပါ။ အစအဆုံး ပြီးအောင် ရိုက်နိုင်ဖို့က လောလောဆယ် အသေအချာ မပြောနိုင်သေးပါကြောင်း…

စစ်တပ်နည်းနှင့် သတင်းစာထုတ်ပုံ

`ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဗိုလ်မှူးကြီးစိန်လွင်ကို တွေ့လိုက်ပါ။ (၉) နာရီမှာ စောင့်နေလိမ့်မယ်´ ဟု တင်မောင်၏ အထက်အရာရှိဖြစ်သော ပြန်ကြားရေးဝန်ကြီးက ဖုန်းဆက်ပါသည်။ ဗိုလ်မှူးကြီးစိန်လွင်မှာ တင်မောင် မတွေ့ချင်ဆုံးသော ပုဂ္ဂိုလ်ဖြစ်ပါ၏။ သူက ဘာကြောင့် တွေ့ချင်ပါလိမ့်။
တင်မောင်အဖို့ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူး အဖြစ် သတင်းကိစ္စအ၀၀ကို တာဝန်ယူရ သူ ဖြစ်ပါသောကြောင့် ၀န်ကြီးများ၊ ပါတီခေါင်းဆောင်များက ဆင့်ခေါ်ကာ သတင်းပိတ်စေရန် အမိန့်ပေးခြင်း၊ သတင်းကြေညာချက် ပေးခြင်းများ ပြုသည်ကို ဆောင်ရွက်ရစမြဲ ဖြစ်ပါသည်။ သို့သော် ဗိုလ်မှူးကြီးစိန်လွင် က မခေါ်ဖူးပါ။
မိမိ၏ ရာထူးအဆင့်နှင့် တာဝန်အရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင်များနှင့် ဆက်ဆံရသည်။ အစည်းအဝေးများ ဧည့်ခံပွဲများတွင် တွေ့ဆုံရင်းနှီးကြရသည်။ ထိုသို့ ရင်းနှီးသူများတွင် ဗိုလ်မှူး ကြီးစိန်လွင် မပါခဲ့ပေ။ ကျနော်ကိုယ်တိုင်ကပင် သူနှင့် မျက်နှာချင်းမဆိုင်မိစေရန် ရှောင်ရှားခဲ့ပါသည်။ အကြောင်းမှာ သူနှင့် တကြိမ်တွေ့ခဲ့ဖူးသောကြောင့် ဖြစ်သည်။ တခါတွေ့ခဲ့သည်နှင့် တသက်လုံးဖူလုံပေပြီ။ နောက်ထပ် မတွေ့လိုတော့ပေ။
မိုးသည်းထန်လွန်းသဖြင့် မှောင်ကြီးကျနေသော နေ့တနေ့တွင် ဖြစ်ခဲ့ပါသည်။ တိတိကျကျ ၁၉၅၀ ခု၊ သြဂုတ်လ (၁၄)ရက်နေ့ကို မမေ့နိုင်ပါ။ ထိုစဉ်က တင်မောင်မှာ အသက် (၂၄) နှစ်ရှိ သတင်းထောက်တဦးသာ ဖြစ်သည်။ လွန်ခဲ့သော (၂)နှစ်က စတင်တောက်လောင်လာခဲ့သော ပြည်တွင်းစစ်မီးသတင်းကို ထောက်လှမ်းနေသူ ဖြစ်၏။ ထိုနေ့နံနက်က ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထောက်များကို ဖိတ်ခေါ်ပြီး သတင်းထူးတပုဒ်ကို ထုတ်ပြန် လေသည်။ ကရင်အမျိုးသားသမဂ္ဂခေါင်းဆောင်၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့၏ ဗိုလ်ချူပ်ကြီး စောဘဦးကြီးသည် တိုက်ပွဲတခုတွင် ကျဆုံးပြီဟု ကြေညာခဲ့သည်။
ဘိလပ်ပြန် ၀တ်လုံတော်ရ စောဘဦးကြီးသည် ထင်ရှားသော မြန်မာ့နိုင်ငံရေးခေါင်းဆောင်တဦး ဖြစ်သည်။ ဂျပန်ခေတ်ကပင် နိုင်ငံရေးလောကတွင်ရှိနေပြီး ကရင်-မြန်မာ သွေးစည်းရေးကို ဆောင်ရွက်ခဲ့၏။ အင်္ဂလိပ်ပြန်ဝင်လာသောအခါ ဘုရင်ခံ၏ အတိုင်ပင်ခံ အစိုးရအဖွဲ့ ၀န်ကြီးဖြစ်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေး ပေးအံ့ဆဲအခါတွင်မူ ကရင်ပြည်နယ် သီးခြားရရှိရေးအတွက် အင်္ဂလန်သို့သွားကာ အရေးဆိုခဲ့သည်။ အင်္ဂလိပ် တို့က လိုက်လျောခြင်းမပြုသဖြင့် ဦးအောင်ဆန်း၊ ဦးနုတို့နှင့် စေ့စပ်ဆွေးနွေးကာ ကရင်လူမျိုးစုပြည်နယ် ရရှိရေး ကို အားထုတ်ခဲ့သည်။
ကရင်အမျိုးသားအဖွဲ့ချုပ်ကို ဦးဆောင်ကာ ကရင်အမျိုးသားတို့၏ အခွင့်အရေးကို တွေ့ဆုံဆွေးနွေးပြီး အရေးဆိုနေရာက မပြေလည်သောကြောင့် လက်နက်စွဲကိုင် ခြားနားခဲ့သူဖြစ်သည်။ ယခု ရန်ကုန်မှ မိုင် (၇၀) ဝေးသော မော်လမြိုင်မြို့အနီးတွင် အသေမိသည်ဟု ဆို၏။ ကျဆုံးသော သူပုန်ခေါင်းဆောင်ကြီး၏ သတင်းကို ရေးသားကြရန် သတင်းထောက် (၁၀) ဦးစုကာ မော်လမြိုင်သို့ ဖိတ်ခေါ်ရာတွင် သတင်းဓာတ်ပုံရိုက်ကူးရန် တင်မောင်လိုက်ပါခွင့် ရရှိလေသည်။ လေယာဉ်ပေါ်တွင် စစ်ဗိုလ်များက သတင်းကို ဆက်လက်ရှင်းပြောကြ သည်။ ကရင်ခေါင်းဆောင်ကြီးနှင့်အတူ အင်္ဂလိပ်ဗိုလ်မှူးဟောင်းတဦးပါ အသေမိသည်ဟု ပြောပြသည်။
သတင်းထောက်များက စိစစ်မေးမြန်းကြသောအခါတွင် သူပုန်ကြီးနှင့် အဖော်တို့ကို အရှင်မိခဲ့သည်။ သူတို့က လက်နက်ချကြပါလျက် ပစ်ခတ်သတ်ဖြတ်ကြသည်ဟု သိကြရပါသည်။ `အနီးဆုံး စစ်တပ်စခန်းကို ပို့ရန်စီစဉ်တော့ သူတို့က ပြေးကြတာကိုး၊ သူတို့အသက်ကို ကယ်ခွင့်မရတော့ဘူး´ ဟု ပြောသည်။ သတင်း ထောက်များအဖို့ အမှန်ကို ရေးခွင့်မရှိပါ။ အစိုးရထုတ်ပြန်သည့်အတိုင်း `အသေမိသည်´ ဟု ရေးကြရပေမည်။
သတင်းထောက်အဖွဲ့လေဆိပ်ရောက်သောအခါ မော်လမြိုင်ဆေးရုံသို့ ခေါ်သွားသည်။ အလောင်းမှာ ရောက်ခါစရှိသေး၏။ ကျဆုံးသူ ခေါင်းဆောင်ကြီးကို ရင်ခွဲစင်ပေါ်တင်ထားသည်။ သူ၏ အ၀တ်များမှာ သွေးများ၊ ရွံ့များနှင့် ပေရေနေသဖြင့် မူလအရောင်ကိုပင် မသိနိုင်ပါ။ ရေလွှမ်းသောလယ်များမှ ရေပြင်ကျယ်ထဲတွင် ကြိုးနှင့် ဆွဲကာယူလာကြသည်။ ရွာကြီးတရွာရောက်မှသာ လှည်းနှင့် တဆင့်သယ်ခဲ့နိုင်ကြသည်။ ရုပ်ကလာပ် မှာ လွန်ခဲ့သော (၂)ရက်တာက သေလွန်သဖြင့် ဖူးယောင်နေလေပြီ။ ပုပ်ဟောင်နေလေပြီ။ အမင်္ဂလာ ရှုခင်းပင်။
ဘုရင်ခံ၏ အတိုင်ပင်ခံ အစိုးရအဖွဲ့တွင် ၀န်ကြီးတဦးဖြစ်ခဲ့သူ စောဘဦးကြီးသည် ကရင်-ဗမာ ညီညွတ်ရေးဆွေးနွေးပွဲများကို ဇွဲကြီးစွာ လုပ်ဆောင်ခဲ့စဉ်က သတင်းထောက်များနှင့် များစွာရင်းနှီးခဲ့သည်။ အရပ်မြင့်မြင့်၊ မုတ်ဆိတ်ထူထူ၊ နံ့သာရောင် ဥရောပ၀တ်စုံကို သပ်ရပ်စွာ ၀တ်ဆင်လေ့ရှိသော သူ့ကိုယ်ဟန်ကို တင်မောင်ဓာတ်ပုံအများ ရိုက်ခဲ့ဖူးပါသည်။ သူသည် ခန့်ညားသူတဦးဖြစ်သဖြင့် ၀န်ကြီးချုပ်ဦးနုနှင့် တွဲကာ ဓာတ်ပုံရိုက်ရာတွင် ကျက်သရေရှိသည်။ ယခုမူ ယိုယွင်းနေသော စောဘဦးကြီး၏ ခန္ဓာကိုယ်ကို တင်မောင် မရှုရက်ပါ။ ဓာတ်ပုံပင် ကောင်းစွာမရိုက်နိုင်ပါ။
ကျဆုံးလေသူကို ပြပြီးနောက် အောင်နိုင်သူကို ဓာတ်ပုံရိုက်ကြရန် ပွဲထုတ်ခဲ့လေသည်။ ချက်ချင်း ရာထူးတက်လာသူ ဗိုလ်ကြီးစိန်လွင်ကို သူ၏ လက်ထဲတွင် အရက်ဖန်ခွက်တခုနှင့် တွေ့ရသည်။ (အောင်ပွဲတော် ကြီးအတွက် အားလုံးတို့ကို ယမကာချောင်းစီးအောင် ဧည့်ခံထား၏)
သူသည် လူငယ်တဦးသာဖြစ်စေကာမူ ရင့်ရော်စပြုနေလေပြီ။ တင်မောင်ထက် အသက်အနည်းငယ် ကြီးဟန်တူသည်။ (နှစ်နှစ်ကြီးသည်) သူ့ကိုယ်လုံးကိုယ်ထည်ကမူ ပိုမိုမြင့်မားပြီး သန်မာညိုမောင်းသည်။ အောင် နိုင်သူ၏ ၀တ်စုံမှာလည်း ရှုံးနိမ့်သူနှင့် မခြားနားပါ။ ညစ်ပတ်ပေရေနေသည်။ သွေးများ၊ ရွံ့များ ဖုံးနေပါသည်။ သစ်လွင်တောက်ပသော ရွှေကြယ်နှစ်ပွင့်တို့ကသာ ပုခုံးပေါ်တွင် ပြောင်လက်နေကြသည်။ သူ၏ မျက်နှာမှာမူ ညစ်ပေနေသည်။ ခိုင်မာသော မေးရိုး၊ ထူထဲသော မျက်ခုံးတို့က မာန်ဟုန်ပြင်းလှသည်။ သူ၏ မျက်လုံးတို့က ရက်စက်ခြင်း၊ သနားကြင်နာမှု ကင်းမဲ့ခြင်းတို့ကို ထင်ရှားစွာ ပြသနေ၏။
တင်မောင်က Speed Graphic ကင်မရာကြီးကို သုံး၍ ဓာတ်ပုံရိုက်သောအခါ ခွန်အားကြီးမားသော ကင်မရာမှန်ပြောင်းမှတဆင့် သူ၏မျက်နှာကို အနီးကပ်ကြည့်ခွင့်ရရှိသည်။ ကြာမြင့်စွာ ကြည့်မိသည်။ ယင်းသို့ အသေးစိတ်ကြည့်မိသောအခါတွင် တင်မောင်၏ နှလုံးသားက သိလိုက်ပါသည်။ သူသည် သာမန်လူသား မဟုတ်၊ စက်ဆုပ်ရွံ့ရှာကြောက်မက်ဖွယ် သတ္တ၀ါကြီးတဦး ဖြစ်နေသည်ကို ရင်လေးစွာ မြင်သိလိုက်ပါသည်။
ရက်၊ လ၊ နှစ်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ပါသည်။
ကြောက်မက်ဖွယ်ကောင်းသော ဗိုလ်ကြီးစိန်လွင်အဖို့ သူ၏ ပုခုံးပေါ်တွင် ကြယ်ပွင့်များ၊ တပွင့်ပြီး တပွင့် တိုးနေသည်ဟု သတင်းများ ကြားရလေသည်။ တင်မောင်လည်း မြန်မာနိုင်ငံတွင် အကြီးဆုံးသတင်းစာကြီး၏ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ်အဆင့်အထိ တက်နိုင်ခဲ့ပါသည်။ ထိုသောအခါတွင် နေ့တနေ့၌ လူသားမဆန် သော သူ၏ မျက်လုံးများကို ဆိုင်မိပြန်ရပါသေး၏။ တော်သေးသည်။ မျက်တောင်တခတ်သာ ဖျတ်ကနဲ ဆိုင်ကြ ရသဖြင့် တော်ပါသေးသည်။
၁၉၆၂ ခု၊ ဇူလိုင်လ (၇) ရက်နေ့က ဖြစ်ခဲ့ပါသည်။ မိုးရာသီဖြစ်ပါလျက်နှင့် ထူးထူးခြားခြား မိုးမရွာဘဲ တောက်ပနေသော နေမင်းက ထွန်းလင်းနေပါသည်။
ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားများ ဆန္ဒပြသော သတင်းကို ထောက်လှမ်းရန်အတွက် မိတ်ဆွေ သတင်းထောက် (၄) ဦးနှင့်အတူ ကားမောင်းပြီး သွားခဲ့မိသည်။
လွန်ခဲ့သော မတ်လ (၂) ရက်နေ့က အာဏာသိမ်းထားသော တော်လှန်ရေးအစိုးရကို ပထမဆုံး ဖီဆန် ကြသည့် အရေးအခင်းဖြစ်သည်။ ကျောင်းသားသမဂ္ဂက ဦးစီးပြီး ပြည်သူတို့ကို ဒီမိုကရေစီအခွင့်အရေးများ ပေးရမည်ဟု တောင်းဆိုဆန္ဒပြနေခဲ့သည်မှာ (၃) ရက်ရှိခဲ့လေပြီ။
ဒုတိယမြောက်နေ့က ဆန္ဒပြပွဲတွင် ရဲတို့၏ လက်ချက်နှင့် ကျောင်းသားတယောက် သေနတ်ဒဏ်ရာ ရရှိခဲ့၏။ တင်မောင်တို့ ရောက်သွားသောအခါတွင် ကျောင်းသားများက ဆူပူအော်ဟစ်နေပါသည်။ သို့သော် စီတန်းလှည့်လည်မှု မပြုကြပါ။ သူတို့က တက္ကသိုလ်ပရ၀ဏ်ကို ပတ်ဆို့ထားပြီး `ဒီမိုကရေစီခံတပ်ကြီး´ ဟု ဆိုင်းဘုတ်ကြီး တင်ထား၏။ ကျောင်းဝင်းအတွင်း၌သာ စုရုံးနေကြပြီး အုတ်တံတိုင်းမှ သံပန်းများကို ဆုပ်ကိုင် ကာ ကြွေးကြော်သံအမျိုးမျိုး ဟစ်အော်နေကြသည်။
ဓာတ်ပုံသတင်းထောက် (၂)ဦးက ဓာတ်ပုံရိုက်ကြသောအခါ တင်မောင်တို့ သတင်းထောက်တစုကို မဟာမိတ်များအဖြစ် သူတို့က ကောင်းချီးပေးကြသည်။ ကျောင်းဝင်းတခိုတွင် ယမန်နေ့ကမှ စတင်ကာ အစောင့်ချထားသော ရဲတပ်ကို ရုပ်သိမ်းထားသဖြင့် အခမ်းအနားမှာ ဆန္ဒပြပွဲနှင့်မတူဘဲ ပွဲတော်ကြီးတခုကဲ့သို့ ရယ်ကြ၊ မောကြ၊ အော်ဟစ်ကြနှင့် ဆူညံနေ၏။
ထိုအချိန်ကလေးတွင် ဂျစ်ကားလေးစီးက ရှေ့မှနောက်မှ စောင့်လာသော ဖီးယက်ကားနက်ကလေး တစင်း ဖြတ်မောင်းသွားပါသည်။ ကားထဲ၌ ပါသွားသူမှာ ဒု - ဗိုလ်မှူးကြီး စိန်လွင် ဖြစ်သည်။ ကျောင်းသားများက သူ့ကို ကောင်းစွာမှတ်မိကြသည်။ ပညာအရည်အချင်းကိုလည်း သိကြသည်။ `ဗိုလ်မှူးတွေက (၃)ယောက်ပေါင်း မှ (၇)တန်းပဲ အောင်ကြတာဟေ့´ ကျောင်းသားတဦးက အသံချဲ့စက်မှ အော်လိုက်ရာ ၀ုန်းကနဲ ပွဲကျသွားပြီး ရယ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။
မှတ်မှတ်ထင်ထင် ထိုအခိုက်အတန့်မှာပင် တင်မောင်က မှန်ကားကို လှမ်းကြည့်မိလေသဖြင့် သူ၏ မျက်လုံးကြီးများကို မြင်လိုက်ရပြန်ပါသည်။ ကြောက်မက်ဖွယ်ရာ အရောင်များ ပြောင်လက်နေပါသည်။ သူတို့သည် ကားကို အမြန်မောင်းထွက်သွားကြ၏။
တင်မောင်၏ မျက်စိထဲတွင် ၁၉၅၀ ခုနှစ်က စောဘဦးကြီး စတေးပွဲတွင် မြင်ခဲ့ရသော မျက်လုံး အရောင်ကို မြင်ရပြန်ပါသည်။ အခြေအနေမှာ ဟန်ပုံမရပါ။ ဗမာ့တပ်မတော်တွင် အာဏာသိမ်းပွဲမစမီ မကြာသေးမီက ဂျာမနီက ၀ယ်ယူတင်သွင်းလာခဲ့သော ဂျီ (၃) သေနတ်အသစ်များကို ကိုင်ဆောင်ထားသည့် စစ်သားများ ချီလာပါပြီ။ တင်မောင်၏ခေါင်းပူလာပါသည်။ ချွေးပြန်လာပါသည်။ အကင်းပါးရသည့် တင်မောင်တို့ လူစုသည် အလျင်အမြန် ဘေးကင်းရာသို့ မောင်းပြေးနိုင်ကြပါသည်။ ကျောင်းဝင်းတံခါးကြီးကို ပိတ်ထားသဖြင့် ကျောင်းသားများမှာ မပြေးနိုင်ကြရှာပါ။ စစ်သားများက ကျောင်းဝင်းအတွင်းတွင် ရှိနေသော ကျောင်းသားများ ကို ပစ်ကြပါတော့သည်။ ဆက်တိုက်ပစ်ကြပါသည်။ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပစ်ခတ်ကြပါသည်။ အဆောင် ဘေးတွင် ဆူပူနေသူများကိုသာမက အဆောင်များပေါ်မှ ကြည့်နေသော ကျောင်းသားများ၊ ၀ရန်တာတွင် ထိုင် ကာ စာဖတ်နေသော ကျောင်းသားများ၊ မျက်နှာသစ်၊ သွားတိုက်နေသော ကျောင်းသားများပါ အားလုံးတို့ကို စိတ်တိုင်းကျ လက်တည့်စမ်းကြပါသည်။
ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းမည့် စစ်ဆင်ရေးအတွက် နိုင်ငံခြားမှ အထူးဝယ်ယူခဲ့သော ဂျီ (၃) သေနတ်များသည် အစွမ်းထက်လှပါပေသည်။ လေးထပ်အဆောင်ပေါ်မှ သွားတိုက်နေသော ကျောင်းသားပင် သွားပွတ်တံပါးစပ်ကိုက်လျှက် ဇောက်ထိုးကျလာရှာသည်။
အစိုးရက တရားဝင်ကြေညာရာတွင် ကျောင်းသား (၁၅) ဦး သေပြီး၊ (၂၇) ဦး ဒဏ်ရာရသည်ဟု ဆိုသည်။ ကျောင်းသား (၁၀၀) ကျော် သေခဲ့ရသည်ကို တင်မောင်တို့ သိကြပါသည်။
ဤသို့ မေ့မရနိုင်သော ဖြစ်ရပ်များသည် မိမိ၏ ရင်ထဲတွင် မှတ်မှတ်ထင်ထင် ရှိနေသောကြောင့် ဗိုလ်မှူး ကြီးက တွေ့ချင်သည်ဆိုသောအခါတွင် စိတ်စနိုးစနောင့်ဖြစ်မိသည်။ သူသည် လုံခြုံရေးကို တာဝန်ယူနေသော အာဏာစက်ပြင်းထန်သည့် ပြည်ထဲရေး ဖြစ်နေလေပြီ။ တင်မောင်က ပြည်သူပိုင်သတင်းစာ အယ်ဒီတာချုပ်များ ၏ အဖွဲ့အတွင်းရေးမှူးဖြစ်၏။ သတင်းတခုခုကို မေးလိုသောကြောင့် ဆင့်ခေါ်စေသည်လော၊ သို့မဟုတ် ပုံနှိပ်ခဲ့ သည့် သတင်းတခုခုကို မေးလိုသောကြောင့်လော၊ သို့လော၊ သို့လော တွေးတောရပါသည်။
ပြည်သူပိုင်အဖြစ် ထုတ်ဝေနေသော သတင်းစာ (၇)စောင်ရှိပါ၏။ သတင်းမှန်သမျှ ဆောင်းပါးဓါတ်ပုံ များနှင့် ကြော်ငြာများကိုပါ အားလုံးတို့ကို တရက်ကြိုတင်ပြီး စိစစ်ကြရလေ့ရှိသည်။ နေ့စဉ် နံနက်တိုင်း တင်မောင်၏ ရုံးခန်းတွင် အယ်ဒီတာချုပ် (၇)ဦး၊ သတင်းစဉ်ဌာန အယ်ဒီတာ (၂) ဦး လာရောက်ကြပြီး နောက်တနေ့မှာ ထွက်မည့် သတင်းစာများတွင် ဖော်ပြမည့် စာမှန်သမျှတို့ကို စီစစ်အတည်ပြုကြရသည်။ အတွင်းရေးမှူးဖြစ်သူ တင်မောင်က အမြဲမှတ်တမ်းတင်ရသည်။
အမှားမရှိအောင် အမြဲကြိုးစားခဲ့ကြသည်။ သို့စေကာမူ သူနှင့် မတွေ့မီတွင် ပို၍သေချာလေအောင် သတင်းစာတထပ်ကြီးကို အကြိမ်ကြိမ်စစ်ဆေးဖတ်ရှုပြီးမှ သူ့ထံသို့ သွားခဲ့လေသည်။
`ပညာရှိ သတင်းစာဆရာကြီးလာပါပြီ။ ထိုင်ပါ၊ ထိုင်ပါ´ လှောင်ပြောင်သော လေသံနှင့် မဲ့ပြုံးပြုံးပြီး ကြိုဆို၏။ ကုလားထိုင်မှာ ထိုင်ခွင့်ပေးသည်ဆိုတော့ မဆိုးလှပါပေ။
သူက စားပွဲအံဆွဲထဲမှ သတင်းစာ (၃)စောင်ကို ထုတ်ပေးပြီး `ဗမာသတင်းစာဆရာတွေက အလွန် ပညာသားပါပါတယ်။ သစ္စာဖောက်တယောက်ရဲ့ အကြောင်းကို ရေးထားတဲ့ မျက်နှာဖုံးသတင်းကို ဖတ်ကြည့် စမ်းပါဗျာ´ ဟု သူက ပြော၏။
ထိုသတင်းမှာ ကုန်သွယ်ရေးဝန်ကြီး စစ်ဗိုလ်ကို ရာထူးမှဖြုတ်သော သတင်းဖြစ်ပါသည်။ တင်မောင်နား မလည်ပါ။ တင်မောင်တို့ သတင်းစာများက အစိုးရကြေညာချက်ကိုသာ ပုံနှိပ်ခဲ့ပါသည်။ အပြစ်မတွေ့ပါ။ တင်မောင်၏ အမူအရာကို သူက ရိပ်မိဟန်တူသည်။ `ကျေးဇူးပြု၍ ဓာတ်ပုံကို ကြည့်ပါ။ ငနဲက ပြုံးလို့၊ သူက အပြစ်ရတာကို ဂရုမစိုက်ဘူးလို့ စာဖတ်ပရိသတ်တွေက ထင်ကြမှာပေါ့။ စစ်ဝတ်စုံကို ၀တ်ထားတော့ သူက မကြောက်ဘူးဆိုတာ ထင်ရှားပါတယ်။ ဒီဓာတ်ပုံက တပ်မတော်ရဲ့ စိတ်ဓါတ်ကို ကျဆင်းစေပါတယ်။ ပညာရှိ သတင်းစာဆရာတွေက သူ့ကို သူရဲကောင်းဖြစ်အောင် လုပ်ပေးတာပေါ့။´
တင်မောင်မှာ ၀န်ကြီးကို ပြန်ပြောရန် အခွင့်အရေးမရှိပါ။ ရှည်လျားစွာ သူပြောသမျှကို နားဆင်နေရ တော့သည်။ ပြီးမှ မိမိယူလာသော သတင်းများမှ တစောင်ကို သူ့ကို ပြလိုက်သည်။ ထိုသတင်းစာမှာ ခပ်မှိုင်မှိုင် ဓာတ်ပုံရိုက်ထားသော ရာထူးအဖြုတ်ခံရသူ ၀န်ကြီး၏ပုံကို ဖော်ပြထားသည်။ တင်မောင်ကံကောင်းပါသည်။ ထိုဓာတ်ပုံမှာ မျက်ရည်ပေါက်များ ကျလာတော့မလောက် မှိုင်တွေချနေရှာသည်။
`ဒီပုံကလည်း သိပ်မနိပ်ပါဘူး။ စာဖတ်ပရိသတ်က သူ့ကို သနားကြမှာပေါ့။ သူက မျက်ရည်ခံထိုးသလို မို့ လူထုက သူ့ဘက်ပါသွားမှာပေါ့`
တင်မောင် စကားတလုံးမှ မပြောနိုင်ပါ။ ရှည်လျားသော သူပြောလေသမျှ မိန့်ခွန်းများကိုသာ မှတ်သား ရပါသည်။ ခေါင်းငုံ့ကာ ပြန်ခဲ့ရသည်။
မိမိ၏ အဓိက အထက်အရာရှိဖြစ်သော ပြန်ကြားရေးဝန်ကြီးကို ပြန်လည်အစီရင်ခံသောအခါတွင် `သူ့အမိန့်ကို နာခံလိုက်ပါ။ နောက်နောင်မှာ ရာထူးက ဖြုတ်ချခံရသူများရဲ့ ဓာတ်ပုံကို မဖော်ပြပါနှင့်´ ဟု အမိန့်ပေးလေသည်။
တင်မောင်၏ ရုံးသို့ ပြန်ရောက်သောအခါတွင် `အလုပ်ဖြုတ်ခံရသူများ၏ ဓာတ်ပုံများကို ပုံနှိပ်ဖော်ပြ ခြင်းမပြုရ´ ဟူသော အထက်အမိန့်ကို လက်နှိပ်စက်ရိုက်ပြီး အယ်ဒီတာချုပ် (၇)ဦးတို့ထံ ပို့လိုက်ရပါသည်။
မဆိုးလှပါ။ တကယ့်တကယ်ပြောရလျှင် စစ်တပ်နည်းနှင့် သတင်းစာထုတ်ဝေရသည်မှာ များစွာ လွယ်ကူပါသည်။
အမိန့်ပေးသူ ဗိုလ်မှူးကြီးစိန်လွင်၏ အကြောင်းကို စာဖတ်သူတို့သိကြပါသည်။ နောင်တွင် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးအဖြစ် အမြင့်သို့ တက်လာခဲ့ပါသည်။ နိုင်ငံတော်၏ အထွတ်အထိပ် နိုင်ငံတော် သမ္မတကြီးပင် ဖြစ်ခဲ့ပါသည်။ သို့ပင်သို့ငြားသော်လည်း အိမ်မြင့်တွင် (၁၈)ရက်သာ နန်းစံရပါသည်။ ထောင်ပေါင်းများစွာသော လက်နက်မပါ ဒီမိုကရေစီဆန္ဒပြသူများကို သတ်ဖြတ်ခဲ့သောကြောင့် `သားသတ် သမားကြီး´ ဟု လူထုက ခေါ်ဝေါ်ကြပါသည်။ လူထုရန်သူကြီးတဦးအဖြစ် သမိုင်းတင်ရစ်ခဲ့ပါသည်။ ။

သမိုင်းအမှန်ကို သိရန်လို…

၁၉၈၈ သြဂုတ်လအရေးအခင်းဖြစ်တော့ ကျနော့်က အသက် ၂၄ နှစ်၊ သပိတ်စခန်းမှာ ဦးဆောင်သူ တဦးအဖြစ် မဆလ တပါတီကို ဆန့်ကျင်တိုက်ပွဲဝင်နေချိန်လည်း ဖြစ်သည်။ သပိတ်စခန်းမှာ လုပ်သည့် အစည်းအဝေး တခုတွင် ကျနော်တို့ စက်ရုံမှ အင်ဂျင်နီယာတဦးက တိုင်းပြည်ဆင်းရဲသွားတာ ဦးနေ၀င်းမှာတာဝန်ရှိတယ် ဘာညာထပြောမှ ဦးနေ၀င်း အကြောင်းမကောင်းပြောတာ စကြားဘူးသည်။ ထိုစဉ်က စစ်တပ်ကိုလည်း `နေ၀င်း ကြေးစားတပ်´ ဘာညာ စွပ်စွဲတာတွေ ကြားဘူးသော်လည်း မလိုသူတွေက ပြောတဲ့စကားဟုသာ ထင်ခဲ့သည်။ ဦးနေ၀င်း အာဏာသိမ်းပြီး ၂ နှစ်အကြာမှာ လူဖြစ်လာတာမို့ မွေးကတဲက `မဆလ´မှ တပါး အခြား နိုင်ငံရေးပါတီဆိုတာ လည်း မကြားဘူးပါ။ ရှစ်ဆယ့်ရှစ် အရေးအခင်းစတော့ ကျောင်းသားလေးတွေက `လမ်းစဉ်ပါတီ တော်ပါပြီ´ ဆိုတော့ သူတို့၏ ပြောရဲသည့် သတ္တိကို ရင်သပ်ရှုမော အံ့သြခဲ့ရသည်။
သပိတ်တွေ အရှိန်တက်နေတုံးကာလ ဦးနုက အစိုးရဖွဲ့ကြောင်း ကြေညာသည်။ ကျနော်တို့ သပိတ် စခန်းကို ကျနော့်မိတ်ဆွေ မြို့ခံတဦးလည်းဖြစ်၊ ၇၄ ကျောင်းသားဟောင်းတဦးလည်း ဖြစ်သည့် ကိုကျော်မြင့် ရောက်လာပြီး ဦးနုကို ထောက်ခံလိုက်ဖို့အကြောင်း ပြောတော့ ကျနော်တို့ ဘာလုပ်ရမှန်းမသိ တွေဝေနေခဲ့ သည်။ ပြည်သူက ဒီမိုကရေစီနည်းဖြင့် ရွေးကောက်တင်မြှောက်ခဲ့သော ဦးနု၏ အရပ်သားအစိုးရကို ဗိုလ်ချုပ်ကြီး နေ၀င်းက အာဏာသိမ်းခဲ့တာဟာ တိုင်းပြည်ချောက်ထဲကျဖို့ ဇတ်လမ်းစခဲ့တယ်ဆိုတာ အဲဒီတုံးက သေချာ မတွေးတတ်မိခဲ့ပါ။ ကျောင်းမှာ သမိုင်းသင်တုံးကလည်း အမှန်ကို သင်ခဲ့ရတာမဟုတ်။ ကမ္ဘာ့သမိုင်း ဖတ်စာအုပ်က ပုံနှိပ်စာအုပ်အဖြစ်ထုတ်ဝေထားသော်လည်း မြန်မာ့သမိုင်းစာအုပ်က ပုံနှိပ်စာအုပ် ဖြစ်မနေတာ သတိထားခဲ့မိသည်။
တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်ရာတွင် စာပေစီစစ်ရေး ထားရှိ၍ လွတ်လပ်စွာရေးသားခွင့်ကို ပိတ်ပင်လိုက် သည့်အတွက် သမိုင်းအမှန်ဆိုသည်မှာလည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့သည်။ ကျနော် ပြည်ပရောက်တော့ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း၏ `ဘီလူးတို့ရွာ´၊ ဦးနု၏ `တာတေစနေသား´၊ ဦးတင်မောင်ဝင်း၏ `နိုင်ငံရေးသမားနှင့် နိုင်ငံရေး´ စသည့်စာအုပ်များ ဖတ်ရှုခွင့်ရသည့်အတွက် ဒီမိုကရေစီပျောက်ဆုံးခဲ့ရသည့် သမိုင်းအမှန်ကို သိခဲ့ရသည်။ ထို့ကြောင့်လည်း မိမိလို အများဖတ်ရှုနိုင်ရန် ထိုစာအုပ်များကို မိတ္တူပွား၍ နီးစပ် ရာကို ထပ်မံဖြန့်ချီခဲ့ပါသည်။ စင်္ကာပူမှ လမ်းပြကြယ် စာကြည့်တိုက်ကိုလည်း ထိုစာအုပ်များ ရှာဖွေစုဆောင်း ရန် အကြံပြုခဲ့ဘူးပါသည်။
လူငယ်တွေ သမိုင်းအမှန်ကို သိထားဖို့လိုသည့်အတွက် စာကြည့်တိုက်များ၊ စာဖတ်သင်းများ ပိုမို လိုအပ်နေသည်ဟု ကျနော် ထင်မြင်မိပါကြောင်း ရေးသားလိုက်ရပါသည်။