Wednesday, September 26, 2007

ဦးတင်လှ

ကျနော့်ငယ်သူချင်း သက်လွင်၊ ကိုးတန်းစာမေးပွဲတွေအပြီး ကျနော်တို့ ညီအကို ကိုရင်ဝတ်ကြတော့ သူကလည်း သင်္ကန်းစီးချင်သည်။ သူ့မိဘက နွမ်းပါးလေတော့ ကျနော့် မိခင်ကြီးကပဲ ကမကထလုပ်ကာ ကိုရင်ဝတ်ပေးသည်။ နောက် ကျနော်တို့ လူထွက်တော့ သူက လောကီကို ပြန်မလာတော့ပြီ။ ရဟန်းတက်တော့လည်းး ကျနော့် မိခင်ကြီးကပဲ ရဟန်းဒကာ၊ နောက်သူ့ဆွေမျိုးထဲက တတ်နိုင်သူတွေကလည်း သိက္ခာထပ်ပေးကြသည်။ ကိုရင်ဘ၀က ရှင်သုန္ဒရသည် ဦးသုန္ဒရဖြစ်လာသည်။ ရင်းနှီးသူတွေက ဦးသုန်ဟု ခေါ်ကြသည်။ ကျနော်အိမ်နှင့် အဝေးရောက်နေစဉ် ဦးသုန် အငယ်တန်း အောင်သွားပြီ၊ ဦးသုန် အလတ်တန်းဖြေဖို့ စာသင်တိုက်ပြောင်းသွားပြီ၊ ဦးသုန် ပထမကြီး ဖြေတော့မယ်၊ စသည့် သတင်းများ စဉ်ဆက်မပြတ်ကြားနေခဲ့ရသည်။ တခါတလေ ကျနော် မိဘရပ်ထံ ပြန်ရောက်သည့်အခါ ဦးသုန်နှင့် ဆုံသည့်အခါ ငယ်သူငယ်ချင်းမို့ ရင်းရင်းနှီးနှီး စကားပြောဖြစ်ကြသည်။ သူလိုက်နေသည့် စာတွေအကြောင်းပြောပြသည်။ သူတက်နေသည့် အလုံ အောင်မင်္ဂလာ စာသင်တိုက်ကိုလည်း ကျနော်ရောက်ဘူးသည်။ သူ့ရဟန်းမိတ်ဆွေတွေနှင့် ကျနော့်ကို မိတ်ဆက်ပေးသည်။ သူ့ထံမှ တဆင့် ရွာမပရိယတ္တိစာသင်တိုက်နှင့် စာချဆရာတော် ဦးတိလောက အကြောင်း ကြားဘူးသည်။ ရွာမပရိယတ္တိစာသင်တိုက်၏ အောင်မြင်မှုများနှင့် ဦးတိလောက ကို သူကြည်ညိုသည့် အကြောင်းများဖြစ်သည်။ နောက် ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း ဦးသုန်နှင့် တွေ့သည့်အခါ စာချဆရာတော် ဦးတိလောက သံဃာများကံဆောင်သည့် အရေးတွင် လက်မှတ်ထိုးလိုက်သည့်အတွက် နရသိမ်တွင် ၀ါဆိုနေသည့်အကြောင်း၊ တပည့်များ ပစ္စည်းလေးပါး ဒကာများက ထောင်ဝင်စာ သွားတွေ့သည့်အခါ ဦးတိလောက ကို တွေ့လိုသည်ဟု ပြောလျှင်မရ ဦးတင်လှ ဟု ပြောရကြောင်းများ သိရသည်။ နောက် ဆရာတော် ထောင်က လွတ်လာတော့ ဦးတိလောက ပြန်ဖြစ်ကာ စာချ ဆရာတော် အဖြစ် ကျောင်းပြန်ထိုင်သည်။ အဲဒီကျတော့မှ ဒကာအပေါင်းက အတိုးချက သိက္ခာထပ်ပွဲများ ချိမ့်ချိမ့်သဲ ကျင်းပကြသည်ဟု ဦးသုန်ပြောပြ၍ ရွာမပရိယတ္တိဆရာတော် ဦးတိလောက အကြောင်း ကျနော် ကြားဘူးနေသော်လည်း လူကိုယ်တိုင် ဖူးမြှော်ခွင့်တော့ မကြုံခဲ့ဘူးပါ။
လွန်ခဲ့သည့် ၂ ရက်လောက် ခေတ်ပြိုင်ဂျာနယ်အင်တာနက်စာမျက်နှာတွင် ဆောင်းပါးရှင် လွန်းနွေငြိမ်း ၏ `အ၀ီဇိဆိုတာ ကြားဖူးလား´ ဆောင်းပါးသည် ဆရာတော် ဦးတိလောကအကြောင်းကျနော်မသိသေးသည့် အချက်များ ပါသဖြင့် အထူးစိတ်ဝင်စားမိပါသည်။
ထိုနောက် ဦးတိလောကနှင့်အတူ အဖမ်းခံရသည့် ပိဋကတ် ၃ ပုံဆောင် ဦးသုမင်္ဂလ သည် အမရပူရ မဟာဂန္ဓာရုံတိုက်ထွက်ဟု သိရသည်။ အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင် ဇနကာဘိဝံသ ဆိုသည်မှာလည်း သာသနာတော်တွင် ထင်ရှားသူ၊ `တဘ၀ သာသနာ´၊ `တဘ၀ သံသရာ´ စာအုပ်များဖတ်ကာ ကျနော် လေးစားကြည်ညိုရသည့် ဆရာတော်ကြီး ဖြစ်လေသည်။ ထိုသို့သာသနာတော်တွင် ထင်ရှားသည့် ဆရာတော်များ၏ ထောင်တွင်းအတွေ့အကြုံများကို သိလိုသော ကျနော့်ဆန္ဒ တစိတ်တပိုင်းကို ပြည့်ဝစေသည့် ဆရာလွန်းနွေငြိမ်းအား အထူးကျေးဇူးတင်မိခြင်းနှင့်အတူ ဆရာ့ ဆောင်းပါးအားလည်း ကျနော့်ဘလော့ဂ်တွင် ထပ်ဆင့်ဖေါ်ပြလိုက်ပါသည်။ ။

Sunday, September 23, 2007

ဒီ အုပ်ချုပ်ရေးမျိုးနဲ့ တသက်လုံး မသွားနိုင်ဘူး


ဒို့ဗမာပြည်မှာ လက်ရှိ ဒီအုပ်ချုပ်ရေးမျိုးနဲ့ တသက်လုံးမသွားနိုင်ဘူး။ သွားလို့ရမှာ မဟုတ်ဘူး။ ဒီဗမာပြည်ကြီး ဟာ အင်္ဂလိပ်ဗြိတိသျှလက်အောက်နဲ့ ဂျပန်လက်အောက်တွေမှာ ကျွန်ခံခဲ့ရဖူးတယ်။ ဖဆပလ တို့ မဆလ တို့လို အုပ်ချုပ်ရေးတွေလည်း ရင်ဆိုင်ခဲ့ရဖူးတယ်။ အဲဒီ ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေက သူတို့ ခိုင်မြဲမယ် ထင်သလောက် ဒီမိုကရေစီ ပေးခဲ့ကြတယ်။ ဥပမာ ဗြိတိသျှအင်္ဂလိပ်တွေက သူတို့ခိုင်မြဲမယ် ထင်သလောကလ ဒီမိုကရေစီ ၆၀ ကျပ်သား ၇၀ ကျပ်သား ပေးခဲ့ကြတယ်။ အဲဒါကြောင့် ငါတို့က ဒီမိုကရေစီ အရသာကို ဘယ်လောက်ပေးရင် ဘယ်လောက်ခံစားရတယ်ဆိုတာကို သိလာခဲ့တယ်။ သိလာတော့ တိုးရအောင်လည်း ဒီမိုကရေစီလမ်းကြောင်းပေါ်က တိုက်ယူ တတ်ရမှာပေါ့။ အခုလို ဘယ်လောက်သားမှ မပေး တော့ပဲ ဖိနှိပ်တာမျိုးကိုတော့ အကြာကြီး ခံနိုင်ကြမှာ မဟုတ်ဘူး။

ဒို့မှာ ၁၉၈၈ ခုနှစ် အရေးတော်ပုံ အတွေ့အကြုံမျိုးကလည်း ရသင့်သလောက် ရခဲ့ပြီးသား၊ တန်ဖိုးရှိ၊ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်းတွေလည်း ထွက်ပေါ်လာခဲ့ပြီးသား။ အဲဒါကြောင့် ဒီလက်ရှိ အုပ်ချုပ်ရေး မျိုးက အတိုင်းအတာ တခုထိသာ ခံလိမ့်မယ်။ အတိုင်းအတာမရှိ ခံနေလိမ့်မယ်လို့ မထင်နဲ့။ မျက်မှောက်ခေတ် ကမ္ဘာကြီးကလည်း လုံးလုံး ပိတ်ဆို့ထားလို့ ရတော့တာ မဟုတ်ဘူး။ ဆက်သွယ်ရေး သတင်းနည်းပညာခေတ် ကြီးထဲကို ရောက်လို့နေပြီ။ ကမ္ဘာကြီးထဲက နိုင်ငံအသီးသီးမှာ ဒီနိုင်ငံလို ဒီမိုကရေစီ မရှိတဲ့ နိုင်ငံဆိုတာက လက်ချိုးရေလို့ရတယ်။ ကမ္ဘာ့လူသားတွေကလည်း အဲဒီနိုင်ငံမျိုးကို မျက်လုံးဒေါက်ထောက် ကြည့်နေကြမှာ။ ။

လူထုဒေါ်အမာ

အာဟာရစာစောင် အမှတ် (၇၉) မှ ကူးယူ ဖော်ပြအပ်ပါသည်။ ဒီလို အုပ်ချုပ်ရေးမျိုးနဲ့ ဆက်သွားနိုင်၊ မသွားနိုင် အဆုံးအဖြတ်ပေးရန် အချိန် နီးကပ်နေပြီဟု မျှော်လင့်မိပါကြောင်း ....

Sunday, September 16, 2007

စစ်အေးလွန်ခေတ်မှိုင်းမှုန်ဝေညည်းချင်း

ဆရာမြသန်းတင့် ရဲ့ ဘာသာပြန်လက်ရာတပုဒ်ပါ။

စစ်အေးလွန်ခေတ်မှိုင်းမှုန်ဝေညည်းချင်း

ယခုအချိန်သည် အမေရိကန်ပြည်ထောင်စုနှင့် အရေးကြီးသော အနောက်ဥရောပနိုင်ငံများတွင် ရွေးကောက်ပွဲ နတ်ဖမ်းစားနေချိန်ဖြစ်သည်။ ထိုအချိန်တွင် စစ်အေးတိုက်ပွဲပြီးဆုံးခြင်းကြောင့် ရရှိလာသော ပျော်စရာ အခြေအ နေလေးသည် အငွေ့ဖြစ်ကာ ပျောက်ကွယ်သွားလေပြီ။ အတ္တလန္တိတ် သမုဒ္ဒရာကြီး၏ ကမ်းခြေနှစ်ဖက် (ဥရောပ တိုက်နှင့် အမေရိကတိုက်) တို့သည် တပြိုင်နက်တည်းတွင် ပေါင်းလည်းပေါင်းပြီး ကွဲလည်းကွဲနေကြသည်။ သူတို့နှစ်ဦးသည် သူတို့၏ အနာဂါတ်နှင့် ပတ်သက်၍ အဆိုးမြင်နေကြသည်။ သို့ရာတွင် ထိုသို့သော စိတ်မကောင်းစရာ အခြေအနေသည် သူတို့နှစ်ဦး၏ ပဋိပက္ခကို ဖုံးကွယ်ပေးသကဲ့သို့ ရှိနေသည်။

အမေရိကန်ပြည်ထောင်စုဘက်မှ ကြည့်လျှင် ဥရောပတိုက်သည် စိတ်မချမ်းမြေ့ဖွယ်နှင့် စိတ်အနှောက်အယှက် ဖြစ်ဖွယ်အပေါင်းတို့၏ ရေသောက်မြစ်ဖြစ်နေသည်။ အမှန်အားဖြင့် အမေရိကန်ပြည်ထောင်စုသည် တခုနှင့်တခု ပဋိပက္ခဖြစ်နေသော စိုးရိမ်မှုနှစ်ခုကြားတွင် ဗျာများနေသည်။ အမေရိကန်ပြည်ထောင်စုသည် ဥရောပတိုက်တွင် မည်သည့် အရာအား အကြောက်ဆုံးဖြစ်ရမည်ကို မသိဘဲဖြစ်နေသည်။ ဥရောပတိုက်၏ စီးပွားရေးအင်အားနှင့် အရေးပါမှုကို ကြောက်ရမည်လော၊ အဖျက်စွမ်းအားရှိသည့် နိုင်ငံရေးမတည်ငြိမ်မှုနှင့် အားနည်းမှုကို ကြောက်ရ မည်လော။ အမေရိကန်သည် ဥရောပ၏ ညီညွတ်ရေးကို အားပေးမိလျှင် စည်းလုံးညီညွတ်သော ဥရောပသည် ဖရင်ကင်စတိန်းဖုတ်ကောင်ကြီးဖြစ်လာကာ ကိုယ့်ကို ပြန်စားမည်ကို စိုးရိမ်နေရသည်။ တဖက်တွင်လည်း ဖရိုဖရဲဖြစ်ကာ အကွဲကွဲဖြစ်နေသော ဥရောပသည် စွမ်းအားမဲ့သွားသော အဖြစ်သို့ရောက်သွားလျှင် ဥရောပ၏ တာဝန်အားလုံးသည် သူ့အပေါ်တွင် စုပြုံကျလာမည်ကို အမေရိကန်တို့ စိုးရိမ်ကြောက်လန့်နေကြသည်။

ပင်လယ်ကွေ့စစ်ပွဲနှင့် ယခုဖြစ်ပွားနေသော ယူဂိုဆလားဗီးယားပြည်တွင်းစစ်တို့ကို နှိုင်းယှဉ်ကြည့်လျှင် သိနိုင် သည်။ ယူဂိုဆလားဗီးယား ပြည်တွင်းစစ်၌ ဥရောပတိုက်သားများသည် ထိုပြည်တွင်းစစ်ကို ရပ်စဲအောင် မစွမ်းဆောင်နိုင်ဘဲ ဖြစ်နေကြသည်။ ထိုအခါ အမေရိကန်တို့အဖို့ စဉ်းစားစရာ နှစ်ချက်ပေါ်လာသည်။ ပထမ အချက်မှာ အမေရိကန်နိုင်ငံတကာဝါဒသမားတို့၏ အမြင်ဖြစ်သည်။ သူတို့က အမေရိကန်သည် ဥရောပရေးရာ ကိစ္စများတွင် ပါဝင်ဆောင်ရွက်နေဖို့ကောင်းသည်ဟူသော အမြင်ဖြစ်သည်။ နောက်အမြင်တခုမှာ မစွက်ဖက်ရေး ၀ါဒီတို့၏ အမြင်ဖြစ်ပြီး အမေရိကန်သည် ဥရောပရေးရာများတွင် လက်ရှောင်နေဖို့ကောင်းသည်၊ ဥရောပရေးရာ များတွင် ပါဝင်စွက်ဖက်နေခြင်းဖြင့် အကျိုးမထူးနိုင်၊ အမေရိကန်တို့လိုချင်နေသော ဒီမိုကရေစီကို မရနိုင်၊ ဒီမိုကရေစီအစား အကွဲကွဲအပြားပြားဖြစ်နေသော အမျိုးသားရေးဝါဒ၊ လူမျိုးစုဝါဒနှင့် အကြမ်းဖက်မှုတို့ကိုသာ ရနိုင်သည်ဆိုသော အမြင်ဖြစ်သည်။

ဘာလင်တံတိုင်းကြီးပြိုကျသွားစဉ်နှင့် ပင်လယ်ကွေ့စစ်ပွဲ ဖြစ်ပွားစဉ်ကာလတုန်းက အမေရိကန်ပြည်ထောင်စု သည် ယခင်က ပျောက်ဆုံးခဲ့သော သမတ၀ီလဆင်၏လမ်းစဉ်နှင့် ခေါင်းဆောင်မှုကို ပြန်လည်တွေ့ရှိခဲ့ပြီးဟု ထင်စရာရှိသည်။ သို့ရာတွင် ယခုမူ အမေရိကန်သည် အခြားသောကိစ္စများကို ဦးစားပေးနေပြန်လေပြီ။ အမေ ရိကန်ပြည်ထောင်စုသည် ဥရောပတိုက်တွင် လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လူပုဂ္ဂိုလ်တို့၏ လွတ်လပ်ခွင့် ကို ဦးစားပေး ရှေ့နေလိုက်ပေးရမည့်အစား (ယခင် ယူဂိုဆလားဗီးယားနိုင်ငံရှိစဉ်ကကဲ့သို့) ငြိမ်ဝပ်ပိပြားမှု နှင့် ယခင်ကကဲ့သို့ ပိုနေမြဲ ကျားနေမြဲ အခြေအနေမျိုးကို ဆက်လက်ထိန်းသိမ်းရန် စိတ်စောနေသည်။

အမှန်အားဖြင့် အမေရိကန်လိုချင်နေသော အရာမှာ ကိုယ်ကဘာတာဝန်မှ မယူရသော တည်ငြိမ်မှုမျိုး၊ စနစ်ကျမှုမျိုး၊ ငြိမ်ဝပ်မှုမျိုး ဖြစ်ပါသည်။ အချို့သော အမေရိကန်လူမျိုးများက အကန့်အသတ်မရှိသော အမေရိ ကန်၏ အင်အားမျိုးကို စိတ်ကူးယဉ်ကောင်း ယဉ်ကြပါလိမ့်မည်။ သို့ရာတွင် အမေရိကန်ပြည်ထောင်စုတွင် ထိုသို့သော တန်ခိုးအာဏာမျိုးကို ထူထောင်ရန်အင်အား မရှိတော့ပါ။ ထူထောင်ရန် ဆန္ဒလည်း မရှိတော့ပါ။ အမေရိကန်သည် ကမ္ဘာတွင် တခုတည်းသော မဟာမိတ်အင်အားကြီးနိုင်ငံအဖြစ် ကျန်ရှိနေခဲ့ခြင်းမှာ မတော် တဆ ဖြစ်ခြင်းသာ ဖြစ်ပါသည်။ ဆိုဗီယက်ယူနီယံ ပြိုကျသွားခြင်း၊ ဂျပန်က မိမိစီးပွားရေး အင်အားကို နိုင်ငံရေး အင်အားအဖြစ် မပြောင်းလဲနိုင်သေးခြင်း၊ ဥရောပနိုင်ငံများက ကမ္ဘာ့ရေးရာများတွင် စည်းစည်းလုံးလုံး မပါဝင်နိုင် သေးခြင်းတို့ကြောင့်သာ ဖြစ်ပါသည်။

တဖက်တွင် ဥရောပနိုင်ငံများသည် အမေရိကန်ပြည်ထောင်စု၏ စိတ်မရှည်မှုနှင့် ဥရောပတိုက်အား လျစ်လျူရှု ထားမှု တို့ကို သတိပြုမိကြသည်။ သို့ရာတွင် သူတို့လည်း အမေရိကန်ပြည်ထောင်စုအပေါ်တွင် မည်သို့ သဘောထားသင့်သနည်း ဆိုသော ကိစ္စ၌ တဦးနှင့်တဦး မညီညွတ်နိုင်ဘဲ အကွဲကွဲအပြဲပြဲ ဖြစ်နေကြသည်။ သူတို့သည် ဥရောပမှ အမေရိကန်တို့ ထွက်ခွာသွားမည်ကို သိနေကြကာ ထိုကိစ္စနှင့် ပတ်သက်၍ သဘောကွဲ နေကြသည်။ တဖက်တွင် သူတို့သည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသော ဥရောပကာကွယ်ရေးစနစ်တရပ်ကို ထူထောင်ရန် ကန့်ကွက်ဆန့်ကျင်နေသည့် အမေရိကန်ပြည်ထောင်စုကို မကျေမနပ် ဖြစ်နေကြသည်။ အခြားတဖက်တွင်မူ ဥရောပတွင် အမေရိကန်ပြည်ထောင်စု အကူအညီမရှိဘဲ သူတို့ဘာသာ အထီးတည်း ကျန်ရစ်ခဲ့မည်ကို စိုးရိမ်နေကြသည်။ အထူးသဖြင့် ပြင်သစ်ပြည်သည် အမေရိကန်နှင့် ပတ်သက်၍ `တွေးတော မရ ကြံဒွိဟဖြင့်´ ဆိုသကဲ့သို့ ဖြစ်နေသည်။ တဖက်တွင် အင်အားတောင့်တင်းသည့် ဂျာမဏီကို ချိန်ခွင်လျှာ ညှိပေးရသည့်အတွက် ဥရောပတိုက်တွင် အမေရိကန်တို့ ရှိနေစေချင်သည်။ အခြားတဖက်တွင်မူ `နယ်ချဲ့လွှမ်း မိုးလိုသည့် အမေရိကန်´ ကို ချိန်ခွင်လျှာညှိပေးရန် အတွက် တောင့်တင်းသော ဥရောပကို မြင်လိုသည်။

စစ်အေးတိုက်ပွဲ ပြီးဆုံးသွားခြင်း၊ ကွန်မြူနစ်စနစ် ပြိုကွဲသွားခြင်းနှင့် ဥရောပတိုက် ပြန်လည်ပေါင်းစည်းသွားခြင်း တို့ကြောင့် ကောင်းသည့်အချက်တွေရှိသလို ဆိုးသည့်အချက်တွေလည်း ရှိနေသည်။ ထိုဖြစ်ရပ်များကြောင့် ဥရောပနှင့် အမေရိကန်ပြည်ထောင်စု ဆက်ဆံရေးသည် ပို၍နက်ရှိုင်း၊ ပို၍ရှုပ်ထွေး၊ ပို၍သိမ်မွေ့လာခဲ့သည်။ ယခင်က ဥရောပတိုက်တွင် ၀ါဒရေးရာတွေ ကွဲပြားနေခဲ့သဖြင့် အတ္တလန္တိတ်မဟာမိတ်များသည် ခိုင်မာတောင့် တင်းခဲ့သည်။ အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင် တသားတည်းဖြစ်ခဲ့ကြသည်။ ယနေ့တွင်မူ ဥရောပသည် သူ့ ဇာတိသဘောကို ထူထောင်လာခဲ့ကာ အမေရိကန်နှင့် အလှမ်းဝေးလာခဲ့သည်။ ဥရောပသမိုင်း၏ ၀မ်းနည်းကြေ ကွဲဖွယ် အစဉ်အလာသည် ဥရောပတိုက်နိုင်ငံရေးနယ်သို့ ပြန်လာစပြုလေပြီ။ ထိုသို့သော အခြေအနေသည် ဥရောပတိုက်အတွက် ကြီးကျယ်မှုကိုလည်း ဖြစ်စေနိုင်သည်။ စိတ်ညစ်ညူးဖွယ်ကိုလည်း ဖြစ်စေနိုင်သည်။ ကိုယ့်တာဝန်ကိုယ် သိနားလည်ဖို့ ဆော်သြနေခြင်းလည်း ဖြစ်နိုင်သည်။

မကြာမီတွင် နှစ်ဆယ်ရာစုနှစ်ကြီးလည်း ကုန်တော့မည်။ ဥရောပတိုက်သည် ဘယ်လမ်းကို သွားမည်နည်း။ ယခင်က ကဲ့သို့ပင် အင်အားချိန်ခွင်လျာ ညှိရသော ဥရောပတိုက်မျိုးကို ပြန်သွားမည်လော။ သာတူညီမျှ လွတ် လပ်သော ကမ္ဘာကြီး၏ ခေတ်သစ်နိုင်ငံတကာဝါဒ အခြေခံပေါ်တွင် ရပ်တည်နေသော ဥရောပတိုက်မျိုးကို ထူထောင်မည်လော။ လက်တွေ့ကျသော ဥရောပတိုက်သားတို့ကမူ ဂျာမနီကို ဦးချိုးထားသည့်နည်း သို့မဟုတ် အင်အားချိန်ခွင်လျှာကို ညှိထားသည့်နည်းကို သုံးချင်ကြသည်။ သို့ရာတွင် ဥရောပစည်းလုံးညီညွတ်ရေးကို ဆော်သြနေသူတို့ကမူ ထိုနည်းသည် ခေတ်မမီတော့သောနည်း၊ အန္တရာယ်များသောနည်းဟု ယူဆနေကြသည်။

မည်သို့ပင်ဖြစ်စေ မနေ့က ၀ါဒရေးရာတွင် ပေါင်းစည်းညီညွတ်ခဲ့ကြသော အတ္တလန္တိတ်မဟာမိတ်များသည် ပထ၀ီဝင်အရ၊ ယဉ်ကျေးမှုအရ မနက်ဖြန်တွင် ကွဲပြဲနေကြမည်ဆိုလျှင် ဒီမိုကရေစီက အာဏာရှင်စနစ်ကို အနိုင် ရခဲ့သည့် ရလာဒ်သည် ဘာမျှ အဓိပ္ပာယ်မရှိတော့ဘဲ ၀မ်းနည်းစရာပင် ကောင်းနေပေလိမ့်မည်။

သို့ရာတွင် သွေးစည်းမှုအဟောင်း၏ နေရာတွင် သွေးစည်းမှုအသစ်ကို အစားထိုးရပေလိမ့်မည်။ ကွန်မြူနစ်ဝါဒ ပြိုကွဲပြီးသည့်နောက်တွင် ယခင်က အရှေ့အနောက်ထိပ်တိုက်ရင်ဆိုင်မှုသည် ပျောက်ကွယ်သွားကာ ထိုနေရာ တွင် တောင်၊ မြောက် ပဋိပက္ခဖြစ်မည့် အရိပ်နိမိတ်များ မြင်နေရလေပြီ။

အတ္တလန္တိတ် သမုဒ္ဒရာ၏ တဖက်တချက်တွင် ရှိနေကြသည့် မဟာမိတ်များသည် သွေးစည်းညီညွတ်မှု အသစ်ကို ဖန်တီးမည်လော၊ ပဋိပက္ခဟောင်းထဲတွင် ဆက်လက်နေကြမည်လော။ ။

Time, May 18 1992

Diminique Moisi (The Post Cold War Blues)

မူရင်းကို ဒီမှာ ဖတ်ပါ။


Saturday, September 8, 2007

ဆီပုံးတွေ ဆီပုံးတွေ

တကယ်တော့ ဆီပုံးလုပ်ရတာ သိပ်မလွယ်ပါဘူး။ ဆီက အပေါက်ရှာပြီး ယိုတတ်တဲ့သဘောရှိတော့ သူ့ကို ဆီလုံရေလုံ လုပ်ပေးရပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆီပုံးအလုံးလေးဆယ်လုပ်ဖို့ အော်ဒါကျလာပါတယ်။ သောကြာနေ့အထိ တပတ်လုံးလုပ်တာတောင် အလုံးသုံးဆယ် မပြီးတတ်သေးပါဘူး။ ဆီပုံးအလုံးလေးဆယ်စာ ဖြတ်တောက်ပြီးသား သံပြားတွေကို တခုချင်း ကောက်ဆင်၊ ဂဟေတို့၊ တခြားတတ်စရာ ပစ္စည်းတွေတတ် အားလုံးအိုကေပြီးဆိုမှ ဂဟေအပြီးဆော်ပါတယ်။ ပြီးမှ ဆော်ထားတဲ့ ဂဟေသားကို ယိုစိမ့်နိုင်မယ့်နေရာ ရှိမရှိရှာ၊ တွေ့ရင် အဲဒီနေရာကို ဂဟေနဲ့ ထပ်ပိတ်ရပါတယ်။ အားလုံးပြီးပြီဆိုရင် ဆေးမှုတ်ဌာနကို ပို့လို့ရပါပြီ။

ဆီပုံးလုပ်နေရင်း ဘလော့တွေက ဆီပုံးတွေအကြောင်းလည်း စဉ်းစားနေမိပါသေးတယ်။ ဘလော့ဆိုတာ ကလည်း ရပ်ကွက်ကြီးတခု ဖြစ်လေတော့ ထုံးစံအတိုင်း လူကောင်းသူကောင်းတွေ ရှိသလို လူဆိုးလူမိုက် တွေလည်း ရှိမှာပါပဲ။ လူ့သဘာဝကိုက ရှုပ်ထွေးတဲ့သဘောရှိတယ်မို့လား။ ဆီပုံးတွေမှာ ပေါက်ကရ လျှောက်ရေးတာ ခံရရုံနဲ့ ဘလော့လောကကိုတော့ စွန်ခွာသွားစရာ အကြောင်းမရှိဘူးလို့ထင်ပါတယ်။ လူကောင်းတွေကို တမျိုးဆက်ဆံ လူဆိုးတွေကိုတော့ တမျိုး ဆက်ဆံနိုင်ကြမယ်လို့ မျှော်လင့်မိပါကြောင်း ။ ။


ဆီပုံးတွေ လုပ်နေတဲ့ ဘလော့ဂါတဦး၏ လုပ်ငန်းခွင်






Sunday, September 2, 2007

ကိုသောင်းအေးနဲ့ သွားကြမယ်

ထိုင်း နှင့် မလေးရှားနယ်စပ်တွင် Bukit Kayu Hitam ဟု ခေါ်သော နယ်စပ်ဖြတ်သည့် immigration ဂိတ်ကြီး ရှိသည်။ (ပုံတွင် ကြည့်ပါ)

ထိုဂိတ်ကြီးသည် မိုးလင်းမိုးချုပ် လူတို့ ဥဒဟို ၀င်ထွက်ဖြတ်သန်းရာ နေရာဖြစ်သည်။ ထို ဖြတ်သန်းသွားနေ သော လူသားများတွင် မြန်မာပတ်စ်ပို့ ကိုင်ထားသော ကျနော်တို့ ရွှေမြန်မာများ ၀င်ခွင့်မရပါ။ မြန်မာဆိုလျှင် ပွဲစားနှင့်ဝင်ရပါသည်။ ပွဲစားက ကားနှင့် ခေါ်လျှင်လည်း ကားနှင့် ၀င်ရ၍ လမ်းကြောင်းမကောင်း ကားနှင့် ၀င်မရလျှင် ညဖက် နယ်စပ် ခြံစည်းရိုးကို ခွေးတိုးသလို တိုးဝင်ရပါသည်။ ညအခါ လူခြေတိတ်ချိန် ခြံစည်းရိုးကို ဖြတ်ကာ လူအုပ်စုလိုက်ဝင်ကြရပါသည်။ ထိုအချိန်တွင် ဒေသခံလမ်းပြသာ ပါ၍ ပွဲစားပါမလာပါ။ လမ်းမှာ လမ်းပြက ငွေထပ်ညှစ်တာ၊ လမ်းမှာထားခဲ့တာတွေလည်း ရှိပါသည်။

Bukit Kayu Hitam ဂိတ်ကြီးကို အသုံးများကြသော်လည်း အရှေ့ဖက် Kelantan ပြည်နယ်တွင် Rantau Panjang ဂိတ်လည်း ရှိသေးသည်။ (ပုံတွင် ကြည့်ပါ) ဂိတ်ကြီးဖက်မှာ မချောင်လျှင် ပွဲစားများက Rantau Panjang ဂိတ်ဖက် လှည့်သွင်းကြသည်။ ထိုဂိတ်ဖက်မှ ၀င်လျှင် ညအချိန်မှာ ချောင်းကို လှေကလေးနှင့် ခိုးဖြတ်ရသည်။ ချောင်းကျော်လိုက်လျှင် မလေးရှားနယ်ထဲရောက်ပြီ။ မှောင်နှင့်မဲမဲ ခြုံပုတ်တွေကြားထဲမှာ ဘယ်ကို သွားရမလဲ သင်မသိနိုင်သေးပါ။ လမ်းပြခေါ်ရာကို ကုန်းကုန်း ကုန်းကုန်းနဲ့ လိုက်ရမည်။ တချို့လည်း တောထဲမှာ သေနပ်နှင့် လှမ်းပစ်တာ ခံရသည်ဟု သိရသည်။ ကျနော်ကတော့ မလေးရှားကို ကုန်းလမ်း၊ ရေလမ်း နှင့် လေလမ်းကပါ ၀င်ဘူးသည်။ ၁၉၉၅ ခုနှစ် Rantau Panjang ဖက်မှ ၀င်စဉ်က နယ်စပ်မှ ကွာလာလမ်ပူအထိ ခရီးတွင် ဆလွန်းကားလေးတစီးပေါ်မှာ လူရှစ်ယောက်စီတင်၍ ကားသုံးစီးဖြင့် ခရီးနှင်ခဲ့ရဖူးသည်။

မြန်မာတွေ မလေးရှားခိုးဝင်ရသည့် ဇတ်လမ်းတွေ ကိုယ်တွေ့ရော တဆင့်ပြန်ပြောတာကိုပါ ကြုံဘူးပါသည်။ ယခု ပို့စ်တွင် တင်ပေးမည့် ဟာသဇတ်လမ်းတိုမှာ ကျနော့်ကို သူငယ်ချင်းတယောက်က ပြန်ပြောခဲ့တာ ဖြစ်ပါသည်။ ထိုအကြောင်းလေး ရယ်စရာ မဂ္ဂဇင်းမှာ ပါလာသည်ကို ဒီအပတ်အတွက် တင်ပေးလိုက်ရပါသည်။


Sunday, August 26, 2007

ပုရေနိသင်

ပုရေနိသင် ကို စာပေးစာယူ သင်တန်း (မြန်မာစာ) ပထမနှစ် မှာ အနီးကပ် တက်ရတုံးက သင်ရပါတယ်။ သင်ခန်းစာ ပို့ချချက်မှာလည်းပါ၊ ရတုလေးကလည်း ဆိုလို့ကောင်းတော့ ကျနော်မှတ်မိနေပါတယ်။ ကံကောင်း ချင်တော့ စာမေးပွဲမေးခွန်းမှာပါလာပြန်တယ်။ ကျနော် ကောင်းကောင်းဖြေလိုက်နိုင်တယ်ပေါ့။

ရတုရဲ့ ခေါင်းစဉ်က `ပုရေနိသင်´ ဆိုတဲ့ အတိုင်း ပုရေ=ပုဗ္ဗေ (ရှေးရှေးဘ၀) နဲ့ နိသင် = အာနိသင် ကို ပေါင်းထားတာဆိုတော့ ရှေးဘ၀က အာနိသင်၊ ရှေးဘ၀က အကြောင်းကံလို့ ပြောရမယ်လို့ထင်ပါတယ်။

ပုရေနိသင် ကိုတော့ မေဓာဝီ ရဲ့ ပို့စ်မှာ တင်ပေးထားပါတယ်။ သူ့ဆီမှာ နောက်ထပ်လိုချင်တာလေးတွေ ထပ်တောင်းထားပါသေးတယ်။

ကျနော် ဆယ်တန်းရောက်တော့ ရောက်တဲ့နှစ်မှာ ဆယ်တန်းကို မဖြေဖြစ်ခဲ့ပါ။ သင်တန်းတခုကို သုံးနှစ်ကြာ သွားတက်ရပါတယ်။ သင်တန်းပြီးတော့ ကော်ပိုရေးရှင်းတခုမှာ ၀န်ထမ်းဘ၀နဲ့ ဆယ်တန်းပြန်ဖြေပြီး မှ စာပေးစာယူသင်တန်း တက်ရတာပါ။ တကယ်တော့ စာပေးစာယူ သင်တန်းဆိုတာ ပို့ချချက်တွေဖတ်၊ စာစဉ် တွေဖြေ (တချို့လည်း သူများကို ဖြေခိုင်းကြတယ်) ၊ ပြီးတော့ အနီးကပ် တလ သွားတက်ပြီး စာမေးပွဲဖြေရတာ မို့ စာကို ထိထိရောက်ရောက်လေ့လာရတာမျိုးမဟုတ်ပါဘူး။ ဒါကြောင့်လည်း မြန်မာပြည်မှာ ဘွဲ့ရ ပညာတတ်တွေများပြီး အရည်အချင်းကျတော့ နိုင်ငံတကာကို ဘယ်လိုမှ ယှဉ်လို့ မရတော့တာပါ။

ဘာပဲဖြစ်ဖြစ် လူတယောက်ဟာ တက္ကသိုလ်ပညာကိုတော့ သင်ခဲ့ဖူးသင့်တယ်ဆိုတာ ရန်ကုန် တက္ကသိုလ်မှာ အနီးကပ်သွားတက်တော့မှ သဘောပေါက်ခဲ့ရပါတယ်။ တက္ကသိုလ်နယ်မြေဆိုတာ စာဖွဲ့လောက်တဲ့နေရာ၊ ပန်းပေါင်းစုံပွင့်တဲ့နေရာပါ။ ဘယ်သူပြောခဲ့တာလဲတော့ မသိဘူး။ ဆိုရိုးစကားတခု ကြားဖူးတာက ယောက်ျား တယောက်ဟာ တက္ကသိုလ်ပညာသင်ဖူးရမယ်၊ ပင်လယ်ခရီးသွားဖူးရမယ်၊ ထောင်ကျဖူးရမယ် တဲ့။ အဲဒီစကား အတိုင်းဆိုရင်တော့ ကျနော် တက္ကသိုလ်ပညာ သင်ဖူးခဲ့ပါတယ် (ဘွဲ့တော့ မရခဲ့ပါ၊ ကျနော် စတုတ္တနှစ်အရောက် မှာ ၈၈ အရေးအခင်းဖြစ်ခဲ့ရလို့ပါ)။ ပင်လယ်ခရီးတော့ ဟုတ်တိပတ်တိ မသွားဖူးပေမယ့် ထောင်ထဲတော့ ရောက်သွားခဲ့ဘူးပါတယ်။ နောက်ပို့စ်တွေကျမှ အချိန်ရရင် ထောင်ထဲက အတွေ့အကြုံလေးတွေ ရေးပါအုံးမယ်။ ။




ပုရေနိသင်

လယ်တီဆရာတော်ဆုံးမစာပို့စ်ရဲ့ ကွန်မန့်မှာ ကိုသက်ဦးက ရှင်မဟာရဋ္ဌသာရ ရဲ့ “ပုရေနိသင်” အစချီ ရတုကို လိုချင်ကြောင်း ရေးခဲ့တာနဲ့ ကျမလည်း စာအုပ်ဗီရို ဖွင့်ပြီး ပြန်ရှာဖြစ်ခဲ့ပါတယ်။ ကံကောင်းချင်တော့ ဟံသာဝတီတိုက်က ထုတ်တဲ့ “မြန်မာကဗျာရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက်” ဆိုတဲ့စာအုပ်ကလေးက ကျမ ဗီရိုထဲမှာ ရှိနေပါတယ်။ အမှန်တကယ် ကျမရှာတာက ရှင်မဟာရဋ္ဌသာရရဲ့ ရတုပေါင်းချုပ် စာအုပ်ပါ။ ဒါပေမဲ့ ဒီရတုရွေးချယ်ချက် စာအုပ်လေးကို အရင် တွေ့တာနဲ့ ဒီစာအုပ်ထဲမှာ ရှိလိုရှိငြား မာတိကာမှာ ရှာကြည့်တော့ …
“ပုရေနိသင် (သျှင်ရဋ္ဌသာရ) ………….. ၉၂”
ဆိုပြီးတွေ့ပါတယ်။ ဒါနဲ့ပဲ ၀မ်းသာအားရ ကျမဘလော့မှာ တင်ပေးလိုက်ပါတယ်။ ကိုသက်ဦးနှင့်တကွ မြန်မာရတုကဗျာ နှစ်သက်သူများ အားလုံးအတွက်ပါပဲ။ ကြုံကြိုက်တာနဲ့ ရှင်မဟာရဋ္ဌသာရရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ကိုပါ ဖော်ပြလိုက် ပါတယ်။ စာလုံးပေါင်းများကိုတော့ အဲဒီစာအုပ်ထဲကအတိုင်းသာ ရိုက်ထားခြင်း ဖြစ်ပါတယ်။
***
သျှင်မဟာရဋ္ဌသာရ

ပုရေနိသင်-ချီ ကိုယ်ရေးကိုယ်တာဖွဲ့ ရတုရေးသူ သျှင်မဟာရဋ္ဌသာရမှာ ၈၃၀- ပြည့်နှစ် ၀ါဆိုလ အတွင်း အင်းဝနေပြည်တော်တွင် ဖွားမြင်တော်မူ၍ ငယ်မည်မှာ မောင်မောက်ဖြစ်သည်၊ ဗညားအိမ်နှင့် ရှင်စောပု၏ သမီးတော်တို့မှ ဆင်းသက် ဆက်နွယ်လာသော မြေးတော် ဓမ္မပါလသည် မောင်မောက်၏ ဖခင်ဖြစ်၍ မိခင် မှာ သတိုးမင်းဖျား၏ အနွယ်တော်ဖြစ်သည်။

မောင်မောက်သည် ငယ်ရွယ်စဉ်အခါကာလမှစ၍ နန်းတော်တွင်း၌ ကြီးပြင်း လာရသူ ဖြစ်သဖြင့် ဘုရင်မင်းခေါင်ကိုယ်တော်တိုင် တအူတုံဆင်း ညီအရင်း ကဲ့သို့ အရေးပေးခြင်းကို ခံတော်မူရသည်၊ မောင်မောက်သည် နန်းတော်တွင်း ပညာရှိပုဂ္ဂိုလ်များထံမှ၎င်း၊ ကျန်းဂန်တတ် မထေရ်မြတ်များထံမှ၎င်း၊ ဖခင်ဖြစ်သူ ပညာရှိ အမတ်ကြီးထံမှ၎င်း၊ နောင်တော်ရင်း သျှင်ဝရစက္ကပါလ မထေရ်ထံမှ၎င်း၊ လောကီ လောကုတ္တရာ ကဗျာလင်္ကာများကို သင်ကြားတတ်မြောက်သော ကြောင့် ၁၆-နှစ်သား အရွယ်ကပင် ဘူရိဒတ်လင်္ကာကြီးကို စတင် ရေးသားပြုစု လေသည်။ အသက် ၂၀-ပြည့် ရဟန်းဘ၀ရောက်မှ ဘူရိဒတ်လင်္ကာကြီး အပြီး သတ်သည်။

သက္ကရာဇ် ၈၈၇-ခုနှစ်လောက် ကျသောအခါ သျှင်မဟာရဋ္ဌသာရသည် အင်းဝ မငြိမ်မသက်ဖြစ်သောကြောင့်၎င်း၊ သတိုးမင်းစောက ပြည်မြို့သို့ ပင့်သောကြောင့် ၎င်း ပြည်မြို့သို့ရောက်တော်မူသည်။ ရောက်၍ မကြာမီပင် ဇာတ်ပေါင်းခန်းကို ရေးသားတော်မူသည်၊ ဆင်ဖြူရှင် သတိုးမင်းစောလည်း သျှင်မဟာရဋ္ဌသာရအား ပုထိုးကျောင်း, တောင်ခွင်ကျောင်း, မင်းတုန်းကျောင်း ဤကျောင်း ၃-ကျောင်းကို ဆောက်လုပ် လှူဒါန်းတော်မူသည်။

သတိုးမင်းစော နတ်ရွာစံလွန်၍ သားတော် ဘုရင်ထွေး နန်းတက်သောအခါတွင် လည်း ခမည်းတော် လက်ထက်တော်က ကဲ့သို့ပင် ကြည်ညိုရင်းစွဲ ရှိသဖြင့် ပြည်မြို့နှင့် ရွှေတောင်အကြား အခွန်တသောင်းထွက်သည့် ဥယျာဉ်တော် ၅-ရပ် အတွင်း တံတိုင်း မီးတားနှင့်တကွ ဆုတောင်းပြည့်ဘုရား, မင်္ဂလာစေတီတော်, အရံကျောင်းပေါင်းများစွာနှင့် ရွှေဗိမာန်ကျောင်းတော်ကြီးကို ဆောက်လုပ် လှူဒါန်းတော်မူသည်။ သက္ကရာဇ် ၈၉၂-ခုနှစ် သက်တော် ၆၂-နှစ်အရွယ်တွင် ပျံလွန်တော်မူသည်။
***
“ပုရေနိသင် ချီ ကိုယ်ရေးကိုယ်တာဖွဲ့ ရတု”

(ပ) ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ် လက်သင်၊ ထုံးစတွင်နှိုက်၊ သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်၊ ဆရာမိဘ၊ ကွပ်ဆုံးမ လည်း၊ ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊ သန်ကောင်မဟူ၊ အတူယှဉ်နွှဲ၊ သန်လွဲမခန့်၊ အသက်စွန့်၍၊ ဝေးဓွန့်ခရီး၊ ချုံကြီးတောအုံ၊ ၀ါးရုံဝါးထွေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေးစားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊ ကြေးရွှေ ဂဟေ၊ မစပ်လေသို့၊ စာပေတတ်ပွန်၊ ဓမ္မခန်နှင့်၊ ကျန်းဂန်သိမြောက်၊ ပဉ္စင်ရောက်က၊ ထပ်လှောက်ကြင်ဘွယ်၊ ရှေးသောနှယ်ကို၊ အဘယ်ကြိုးရှာ လေတော့မည်။ … ။

(ဒု) လူ့မြေတိတွင်၊ ဘက်မမြင်သား၊ သန့်စင်ငယ်က၊ လက်တော်လှနှင့်၊ ချိန်းချ စေ့ရေ၊ မှာစာခွေကို၊ စသေလိပ်ပြီး၊ ခင်းနှီးကွက်ကျယ်၊ ပြောက်မျိုးခြယ်၍၊ ဆင်စွယ်ဝန်းရှက်၊ မွေးမယ်ရက်သည်၊ အသက်တို့က၊ ဆက်လှာရသား၊ မူလသိက္ခာ၊ ဆုံးမစာနှင့်၊ ငါးဖြာဝိနည်း၊ စောင့်စည်းပညတ်၊ အပ်တိတသွား၊ တဆံဖျားမျှ၊ မမှားအာရုံ၊ ကာမဂုဏ်ကို၊ မမြုံရချေ၊ ဖြတ်ငယ်သေစွ၊ ကမ္ပလွေရင်ပိုက်၊ တကိုက်မချွတ်၊ စာလက်လွတ်၍၊ ဖြစ်တတ်ဘိသည်၊ သံသာရှည်ခဲ့၊ စက်လည်ရဟတ်၊ တပတ်ပတ်လျှင်၊ အနတ်ဒုက္ခ၊ အနိစ္စဟူ၊ နှလုံးမူစွ၊ ပေးလှူစွန့်ကြ၊ ဤဘ၀တွင်၊ နှမလက်လျှော့၊ နေလေတော့ဟု၊ ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံမျှ၊ ရွက်ဟုံကြွေကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မပွင့်၊ ပျံ့လွင့်မေတ္တာ၊ ကရုဏာနှင့်၊ တဏှာလောဘ၊ ဒေါသ မြှေးထူ၊ ရံမက်မြူကို၊ ဘယ်သူနှိုးရှာ လေတော့မည်။ …. ။

(တ) ဆုဝေဘိချင်၊ ငယ်ကျွမ်းဝင်နှင့်၊ သို့ပင်တာရှည်၊ ပျော်ရမည်ဟု၊ ညောင်စည် သများ၊ မြို့ရှေ့ပါးဝယ်၊ ထင်ရှားကျော်ဟိုး၊ ရုက္ခစိုးနှိုက်၊ ပုဆိုးကြာညွန့်၊ ပိတ်လှပ် တွန့်ကို၊ ဖြန့်၍တတည်၊ ရစ်ဖွဲ့ချည်မျှ၊ ငယ်မည်မြွက်ဟ၊ နှုတ်သံမျှနှင့်၊ ခက်မ တထောင်၊ ပညောင်စောင့်တတ်၊ ရှင်နတ်မြတ်ကို၊ တိုင်မှတ်သက်သေ၊ ပြုဘူးပေရှင့်၊ မကွေသစ္စာ၊ ၀ါသနာကြောင့်၊ ရုပ်ဝါပျိုရွယ်၊ သနားဘွယ်တိ၊ ရှေးနှယ် ကျိုးကုပ်၊ ချမင်းတုပ်နှင့်၊ ခွက်မြုပ်ခါညီ၊ နာရီမောင်းချ၊ ဒေသနိမိတ်၊ သက်ကြီး ဆိတ်လည်း၊ မမှိတ်မျက်တောင်၊ သည်းခေါင်ဆူးလည်၊ ရှိလိမ့်မည်ဟု၊ လွမ်းသည် ထပ်ဆင့်၊ ဖူးချိန်သင့်ကို။ မျှော်လင့် ခိုးရှာလေတော့သည်။ … ။
***

မေဓာဝီ
၂၆၊ သြဂုတ်၊ ၂၀၀၇
တနင်္ဂနွေနေ့
နံနက် ၆ နာရီ ၁၅

ကိုးကား။ … ။
မြန်မာကဗျာရွေးချယ်နှင့် ရတုရွေးချယ်ချက် … (ဟံသာဝတီ)
(ဒုတိယအကြိမ်ပုံနှိပ်ခြင်း … ၁၉၇၂၊ ဒီဇင်ဘာလ)

posted by Maydarwii at 12:58 AM

Sunday, August 19, 2007

ခေတ်ကို ကောင်းအောင်လုပ်မည့်သူများ

မြန်မာပြည်က လောင်စာဆီဈေးနှုံးတွေ မြှင့်တင်လိုက်တဲ့သတင်းကို BBC World News မှာ စတွေ့တာပါ။ ပြီးတော့ မေဓါဝီ၊ ဘာညာနဲ့ ကိုမောင်လှ တို့ရဲ့ ဘလော့တွေမှာလည်း လတ်လတ်ဆတ်ဆတ်သတင်းကို အခြေခံပြီး ပို့စ်တင်ထားတာတွေ ဆက်တိုက် ဖတ်ရပါတယ်။ ပြီးတော့ ဘီဘီစီ (မြန်မာပိုင်း)ကို ဖွင့်နားထောင် လိုက်တယ်ပေါ့။ ဒါက တကယ်တိကျ ခိုင်မာတဲ့သတင်းပါ။ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုတွေလည်း ဆက်တိုက်ပေါ်ပေါက်လာနိုင်တာမို့ စိတ်ဝင်တစား စောင့်ကြည့်နေရပါတယ်။

လောင်စာဆီ သတင်းလာပြီး နောက်တနေ့ ဘလော့ဂါ မိတ်ဆွေတဦးက `သန်းရွှေ သေသွားတာ ကြားပြီးပလား´ တဲ့။ ဂျီတော့ကနေ ပြောလာပါတယ်။ ပြီးတော့ သူ့ဆီဝင်လာတဲ့ အီးမေးလ်ကို forward လုပ်လိုက်ပါသေးတယ်။ အီးမေးလ်မှာ ပါလာတဲ့သတင်းက လုံးဝ ရေရာမှုမရှိပါဘူး။ ဒါပေမယ့် အင်တာနက် သုံးသူတွေ ကြားထဲမှာ တောမီးလို ပြန့်နှံ့သွားပါသေးတယ်။ ဒွေးသေတဲ့ သတင်း၊ တာရာမင်းဝေ ဆုံးတဲ့ သတင်းတွေကို လောလောလတ်လတ် ကြားထားရလေတော့ သန်းရွှေသေတယ်ဆိုတော့ ဟုတ်များ ဟုတ်လေမလားလို့ ထင်ကောင်းထင်နိုင်ကြပေမယ့် အခြေအမြစ်မရှိတဲ့ သတင်းမို့ ကောလာဟာလ ဖြစ်သွားခဲ့ ပါတယ်။

ကျနော်တော့ အခုနောက်ပိုင်းအရေးကြီးတဲ့ သတင်းဆိုရင် အရမ်းမယုံသလို၊ အရမ်းလည်း ပြန်မဖြန့်ပါဘူး။ သတင်းလာရာ ခိုင်မာမှု ရှိမရှိ အရင် စုံစမ်းပါတယ်။ ဟုတ်ပြီဆိုမှ အသိပေးသင့်သူကို အသိပေးပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကောလာဟာလ ဆိုတာ တောမီးလို ပြန့်နှံ့တတ်ပြီး အလဟဿအချိန်ကုန်လို့ပါ။

ပြီးတော့ အခုခေတ် ဆက်သွယ်ရေးစနစ်က လွန်ခဲ့တဲ့ ၁၉ နှစ်ကလို မဟုတ်တော့ပါဘူး။ ကိုမင်းကိုနိုင်တို့ လှုပ်ရှားမှုတွေကို တကမ္ဘာလုံးက သိနေမြင်နေရပါတယ်။ အခုအချိန် တော်လှန်ရေးတခုဖြစ်မယ်ဆိုရင် အချိန်အနည်းငယ်အတွင်း သတင်းတွေ ဖြန့်ချီနိုင်မယ့် အင်တာနက်၊ အီးမေးလ်၊ SMS တွေက သိပ်အရေးပါ လာပါပြီ။ တချိန်တည်းမှာ ပြည်တွင်းက ဘလော့ရေးသူတွေရဲ့ အခန်းကဏ္ဍကလည်း အလွန်တန်ဖိုးရှိလာပါ တယ်။ အဲဒါကြောင့် ဖြစ်နိုင်ရင် သိုသိုသိပ်သိပ်နဲ့ သတင်းအချက်အလက်တွေ၊ အကြောင်းအရာတွေကို ပြင်ပ ကမ္ဘာက သိအောင် ရေးပေးကြပါ။ ဒါဟာ ဘယ်သူကမှ ပေးတာမဟုတ်တဲ့ ပြည်တွင်းက ဘလော့ဂါတွေရဲ့ တာဝန်ပါ။

ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်ဟာ ပြည်တွင်းက အခြေအနေတွေကို အားလုံးက စိတ်ဝင်စားစွာစောင့်ကြည့် နေကြတဲ့ အချိန်မို့လို့ပါပဲ။

ဒီနေရာမှာ `သောမတ်စ်ကာလိုင်းစ်´ ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ အဆိုအမိန့်လေးကို ကိုးကားပါရစေ။

`ခေတ်ကြီးက မကောင်းဘူးပဲ ထားပါတော့။ ကောင်းအောင်လုပ်ဖို့ မင်းရှိနေတာပဲ´ တဲ့။

ခေတ်ကြီးကို ကောင်းအောင် လုပ်မည့် ဘလော့ဂါအများအပြား တိုင်းပြည်မှ လိုအပ်နေပါကြောင်း။ ။